Extra
Viewers 29k

[ကျူးပိုင်ရွှယ်က MITမှာ တရုတ်ပြည်ရဲ့ အသက်အငယ်ဆုံးသောပရော်ဖက်ဆာ တစ်ယောက်ဖြစ်လာခဲ့ပြီ...]


(MIT = Massachusetts Institute of Technology )


အသက် ၂၇နှစ်အရွယ် ကျူးပိုင်ရွှယ်မှာ MIT၏သမိုင်းတလျောက်တွင် အသက်အငယ်ဆုံးသော ပရော်ဖက်ဆာတစ်ယောက်ဖြစ်လာခဲ့သည်။ သူမ၏ နာမည်အကြီးဆုံး အလုပ်မှာ မျိုးရိုးဗီဇ ပြုပြင်မွန်းမံခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေသည့် နည်းပညာ crispr-cas 9ဖြစ်သည်။


သူမက USစွန့်ဦးတီထွင်သူတစ်ဦးအဖြစ် ဦးဆောင်နေပြီး နိုဗယ်ဆုအတွက်လျာထားခံရသူများတွင် နာမည်အကြီးဆုံးတစ်ယောက်ဖြစ်နေသည်။


ကျူးပိုင်ရွှယ်၏ ပြန်လည်စတင်ခြင်းမှာ အောက်ပါအတိုင်းပင်ဖြစ်လေသည်။...


....


ထိုနေ့တွင် ပညာရပ်အသိုင်းအဝိုင်းမှ သတင်းအပိုင်းအစတစ်ခုက အင်တာနက်တစ်ခုလုံးကို ပေါက်ကွဲထွက်သွားစေသည်။


သူတို့တစ်ခါမှ မကြားဖူးလေသော ကျူးပိုင်ရွှယ်ဟူသည့် အမျိုးသမီးမှာ သူတို့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။


ထို့အပြင် ပညာရေးအသိုင်းအဝိုင်းမှ သတင်းတစ်ခုက ထိုမျှနာမည်ကြီးသွားရခြင်းမှာ ကျူးပိုင်ရွှယ်၏နာမည်မှာ အလွန်လှပပြီး သူမက အရင်မျိုးဆက်၏ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်နှင့် တူနေ၍ဖြစ်သည်။


[ဝါး... သူက ငါ့နတ်ဘုရားမငယ်ငယ်တုန်းကနဲ့ အရမ်းတူတာပဲ..]


[သူကအရမ်းလှတာပဲဟေ့... *စခရင်ကိုလျက်* ဒါပေမဲ့ ငါလည်း သူက နတ်ဘုရားမရှအန်းနဲ့ အရမ်းတူတယ်လို့ ထင်မိတယ်..]


[ငါသတင်းတစ်ခုပြောပြမလို့ဝေ့.. နတ်ဘုရားမရှအန်းမှာ သားတစ်ယောက်တည်းမဟုတ်ဘူး သမီးပါရှိတယ်တဲ့ဟ...]


[မိုက်လိုက်တာ.. ရှအန်းရဲ့သားက လိမ္မာတယ် သမီးကလည်း အရမ်းတော်လွန်းတယ်... ရှအန်းတော့အရမ်းပျော်နေတော့မှာပဲ... သူကတော့ တကယ့်ကို ဘဝရဲ့အောင်နိုင်သူပဲ...]


[ငါ့နတ်ဘုရားမက တော်တော်ကြီးကိုဖုံးကွယ်ထားခဲ့တာပဲ... သူ့မှာ အရမ်းတော်တဲ့သမီးရှိနေတယ်တဲ့လေ.. ငါတို့ပရိတ်သတ်တွေက အသေအချာဖော်ထုတ်သင့်တယ်...]


....


အင်တာနက်ပေါ်မှလူများက ကျုးပိုင်ရွှယ်ကို မြှောက်ပင့်နေကြသလို တစ်ချိန်တည်းတွင်လည်း သက်ပြင်းတချချဖြင့် ရှအန်း၏ဘဝကို အားကျနေကြသည်။


သူမတွင် ဤမျှတော်လွန်းထက်လွန်းလှသော သားသမီးနှစ်ယောက်ရှိနေသည်။


အင်တာနက်ပေါ်မှလူများက ကျူးပိုင်ရွှယ်နှင့် ရှအန်းကို ချီးကျူးနေကြချိန်တွင် ဖုရှန်းမှာ ဂုဏ်ယူရသလို အထီးကျန်နေရပေသည်။


သူက ကျူးပိုင်ရွှယ်က သူ့သမီးအကြီးဆုံးလေးဖြစ်နေသည်ကို သဘောကျဂုဏ်ယူသော်ငြားလည်း သူ့သမီးအကြီးဆုံးလေးမှာ သူ့ကို ဘယ်သောအခါမှသိမည်မဟုတ်ပေ။


သူကိုယ်တိုင်ကိုယ်ကျ သူမဆီသွားလည်ခဲ့ပြီး သူမတည်ရှိနေကြောင်း လုံးဝမသိခဲ့ကြောင်းရှင်းပြခဲ့သည်။


သို့သော် သူ့သမီးက သူ့ကိုအသိအမှတ်မပြုပေ။


သို့သော် သူ့နှလုံးသားထဲတွင် ကျူးပိုင်ရွှယ်ကို သူ့သမီးလေးအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်သည်။ သူမက သူ၏အရေးအကြီးဆုံးနှင့် အဖိုးတန်ဆုံးသော သမီးလေးဖြစ်ပေသည်။


"ဟူး..."


ဤနှစ်များတွင် ဖုရှန်းက ကျူးပိုင်ရွှယ်နှင့် ရှအန်းတို့၏သတင်းကို ကြားသည်နှင့် ခံစားချက်တို့ ပြည့်နှက်လာဆဲဖြစ်သည်။ သူ့ကိုယ်သူမှားမှန်းလည်း သိပါသည်။


နေ့တိုင်းညတိုင်း သူသာရှကျင်း၏ လှည့်စားခြင်းကိုမခံရလျှင်၊ သူသာ ရှအန်းအပေါ် စိတ်မပြောင်းခဲ့လျှင်၊ သူသာ ရှအန်းနှင့် သူ့ကလေးအပေါ် တာဝန်ယူခဲ့လျှင် သူမည်မျှပျော်နေရမည်ဖြစ်ကြောင်း တွေးမိသည်။


သူအရာရာတိုင်းကို မှားယွင်းခဲ့သည်မှာ နှမျောစရာပင်ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် နောင်တတရားအတွက် ကုရာနတ္ထိဆေးမရှိပေ။


....


"အန်းအန်း... ရှောင်ရွှယ်..."


အခန်းထဲမှထွက်ကာ ရေဆင်းသောက်သော အန်းချီမှာ သူ့အဖေ၏ ရေရွတ်သံကို မတော်တဆကြားလိုက်ရသည်။ သူမမျက်နှာမှ အမူအယာမှာ ချက်ချင်း မဲမှောင်သွားတော့သည်။


ဤနှစ်ပေါင်းများစွာအတွင်း သူမက သူမအမေရှကျင်း၏ အရိပ်အောက်တွင် ရှင်သန်ခဲ့ရသည်။


သူမက ဖုမိသားစုမှ တစ်ဦးတည်းသောမြေးမလေးဖြစ်သော်လည်း သူမအမေကြောင့် သူမ၏အဘိုးအဘွားများက သူမကိုမချစ်ကြတော့ပေ။


သူမ၏သူငယ်ချင်းများကလည်း သူမနားမှ ဖြေးဖြေးချင်းထွက်ခွာသွားကြသည်။


အဆုံးတွင် သူမကအရာအားလုံးကိုလက်ခံခဲ့သည်။ သူမနှင့် မရင်းနှီးသည့်ပတ်ဝန်းကျင်ကို ရွှေ့ပြောင်းကာ သူမကိုမည်သူမှမသိသော သာမန်ကျောင်းတစ်ခုကို ပြောင်းတက်ခဲ့သည်။


သူမ သာမန်လူများလို နေထိုင်ခဲ့သည်။


သူမက လူတိုင်းလက်ဖဝါးထဲထည့်၍ ဖူးဖူးမှုတ်ထားခံခဲ့ရသည့် မင်းသမီးလေးတစ်ပါးမှသည် သာမန်လူတစ်ယောက်ဖြစ်လာခဲ့ရသည်။


သူမ၏အမေမှာ ထောင်ထဲမှထွက်မလာနိုင်၍ ဒေါသထွက်နေခဲ့သည်။ သို့သော်လည်း သူမအမေ၏လွှမ်းမိုးမှုမှာ ပြင်ပကမ္ဘာတွင် ဘယ်သောအခါမှ ပျောက်မသွားခဲ့ပေ။


သူမအခန်းထဲပြန်ဝင်ကာ ကျူးပိုင်ရွှယ်အကြောင်းပြောနေကြသည့် ကောမန့်များကိုဖတ်ပြီး ခါးသီးစွာပြုံးလိုက်မိသည်။


ဤသူက သူမ၏သွေးတစ်ဝက်နှောသည့် အစ်မဖြစ်ကြောင်း သိပေသည်။


ထို့အပြင် သူမက ကောင်းမွန်လှသည့် ဘဝတွင် နေနေရကြောင်းလည်း သိပေသည်။


သူမက သူမ(ကျူးပိုင်ရွှယ်)ကို အလွန်အားကျမိသည်။


တစ်ခါတစ်ရံတွင် ရှအန်းက ကျူးပိုင်ရွှယ်၏အမေမဟုတ်ဘဲ သူမ၏အမေဖြစ်လျှင်ကောင်းမည်ဟု တွေးမိပေသည်။


ညဘက်တွက် ဖုအန်းချီမှာ အိပ်မက်အရှည်ကြီးတစ်ခုကို မက်ခဲ့သည်။ သူမက လုံးဝကွဲပြားခြားနားနေခဲ့သော အိပ်မက်ကိုမက်ခဲ့သည်။


အိပ်မက်ထဲတွင် သူမက ဖုမိသားစု၏မင်းသမီးလေးဖြစ်သော်လည်း ကျူးပိုင်ရွှယ်မှာ လူမသိသူမသိစတားပေါက်စလေးဖြစ်ပေသည်။


ဖုအန်းချီက ထိုအရာများကသာ သူမဖြစ်သင့်သည့် ဘဝဟုခံစားနေရပြီး အိပ်မက်ထဲမှမနိုးထချင်တော့ပေ။


....


"ရှောင်ရှင်း... နင်အရမ်းလွန်နေပြီနော်.. နင့်အမေကလည်း ငါ့အမေပဲလေ.. ဒါကို ဘာကိစ္စနေ့တိုင်း နင်ပဲမောင်ပိုင်စီးနေရတာလဲ..."


ခရီးမှပြန်လာသော ကျူးပိုင်ရွှယ်မှာ သူမအမေက ရှရှင်းချန်နှင့်အတူ ညစာသွားစားကြောင်း တွေ့လိုက်ရသည်။ သူမ ရှရှင်းချန်ကိုဖုန်းခေါ်ကာ မကျေမနပ်ပြေလေတော့သည်။


"အလုပ်ရှုပ်နေတဲ့ မိန်းကလေးရယ်... ကျွန်တော်နဲ့ ကျွန်တော့်အမေအပြင်ထွက်တာတောင် ခွင့်မပြုချင်ဘူးလားဗျာ...."


ကျူးပိုင်ရွှယ်မှာ ထိုစကားကိုကြားသည်နှင့် ပိုမိုစိတ်ဓာတ်ကျသွားရသည်။


သူမရင်ထဲတွင် သူမမေဂျာရွေးစဉ်က ရှရှင်းချန်၏ လှည့်စားခြင်းကိုမခံရခဲ့လျှင် ဤနယ်ပယ်ကိုရွေးချယ်ခဲ့မည်မဟုတ်ကြောင်း ရေရွတ်မိလိုက်သည်။


ရှရှင်းချန်မှာ ဉာဏ်ကောင်းသည့် လူဆိုးကောင်ဖြစ်သည်။ သူက အလွန်ဉာဏ်ကောင်းပြီး ဇီဝဗေဒဆိုင်ရာတွင် သူမထက်ပင် အတော်လေးပါရမီရှိပေသည်။


သို့သော် သူကမေဂျာကို စီးပွားစီမံကိုသာ ရွေးချယ်ခဲ့သည်။ ကောလိပ်ပြီးသည်နှင့် ဘွဲ့ပင်မယူတော့ဘဲ ရှအန်း၏ကုမ္ပဏီကိုလွှဲယူကာ စားသောက်ဆိုင်လုပ်ငန်းကိုလည်း ချဲ့ထွင်ခဲ့သည်။


ကုမ္ပဏီကိုတည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ငွေကိုင်တစ်ယောက်ဖြစ်လာကာ ရှအန်းကိုခေါ်ရင်း ကမ္ဘာပတ်ကာ အစားအသောက်များကို မြည်းစမ်းလေသည်။


ထိုကဲ့သို့သော ဘဝကိုတွေးကြည့်ပြီး ကျူးပိုင်ရွှယ်မှာ မျက်လုံးများပင် နီရဲလာတော့သည်။


သူမက ရှရှင်းချန်တစ်ယောက် သူမတို့၏အမေကို လက်ဝါးကြီးအုပ်လိုသည်ဟု သံသယဖြစ်လာမိ၍သူ မက ဤအသက်မွေးဝမ်းကြောင်းကို လိုက်စားခဲ့ခြင်းဖြစ်သည်။


"ရှောင်ရှင်း.. နင်အမေ့ကိုဘယ်ခေါ်သွားလဲသာ ပြောပြစမ်းပါ... ငါလည်း အမေနောက်လိုက်ခဲ့မယ်..."

ကျူးပိုင်ရွှယ်က ဒေါသတကြီးပြောလေသည်။


သို့သော် သူမပြန်ရလိုက်သည့်အဖြေမှာ..


"ရှောင်ရွှယ်ရယ် နင့်အတွက်ခက်ခဲပါတယ်... အနားသာယူစမ်းပါ... အမေနဲ့ငါက နင်နဲ့ကုရှုမော့ကြားမှာ ကန့်လန့်ဖြစ်နေမယ့် မီးသီးတွေ မဖြစ်ချင်ပါဘူး...တာ့တာ...."


"ဟယ်လို.... ဟယ်လို... ဟယ်လို...."


ရှရှင်းချန်က ဖုန်းချလိုက်ပြီး ကျူးပိုင်ရွှယ်မှာ ဒေါသအိုး ပေါက်ကွဲလုနီးနီးဖြစ်သွားရသည်။


သူမ ဒေါသထွက်နေစဉ်တွင် ကုရှုမော့က သူမရှေ့တွင်ပေါ်လာခဲ့သည်။


"ရှောင်ရွှယ် မင်းဒီတစ်ခေါက်ပြန်လာတာ ကိုယ့်ကို ဘာလို့မပြောတာလဲကွာ... ရှရှင်းချန်သာမပြောခဲ့ရင် ကိုယ်ဖြင့် သိမှာတောင်မဟုတ်ဘူး..."

ကုရှုမော့က ကူကယ်ရာမဲ့စွာပြောလိုက်သည်။


"ပြီးတော့လေ... ကိုယ်နဲ့မင်းနဲ့တွဲနေကြောင်းကို ရှရှင်းချန်ကိုတကယ်မပြောပြခဲ့ပါဘူး.. ဒါပေမဲ့ အဲ့ကောင်က ဉာဏ်ကောင်းလွန်းတဲ့ လူဆိုးကောင်ဆိုတော့လေ ချက်ချင်းခန့်မှန်းမိသွားတာ..."


မူလက ကျူးပိုင်ရွှယ်မှာ ကုရှုမော့က သူတို့နှစ်ယောက်တွဲနေကြောင်း ကြေငြာခဲ့၍ ဒေါသထွက်သွားခဲ့ရသော်လည်း အခုတွင် အနည်းငယ် မဝံ့မရဲဖြစ်နေသည်။


"အမြဲတမ်း ရှရှင်းချန်ဆီက အနိုင်ကျင့်ခံနေရတာချည်းပဲ... အသုံးကိုမကျဘူး..."


"ဟားဟား... ရှောင်ရွှယ်ရယ်.... သူက ကိုယ့်ရဲ့အနာဂတ် ယောက်ဖလောင်းလေးလေ... ပြီးတော့ ကိုယ်ငယ်ငယ်ကလည်း သူ့ကိုအနိုင်ကျင်ခဲ့တာပဲကို...."


ကုရှုမော့က ကျူးပိုင်ရွှယ်ကို သဘာဝကျကျဖက်လိုက်သည်။


"ရှရှင်းချန်က အကျင့်မကောင်းတဲ့ကောင်ဆိုပေမဲ့ အတော်လေးတော့ သိတတ်ပါတယ်ကွာ... သူက ကိုယ်တို့အတွက် ပင်လယ်အပျော်ခရီးထွက်ဖို့တောင် စီစဉ်ပေးပြီးသွားပြီ..."


"ကြိုပြောထားမယ်... လက်မထပ်ရသေးခင် လက်ပဲကိုင်ရမှာနော်... နမ်းလို့မရဘူး..."


"ဒါဆို အခုချက်ချင်းလက်ထပ်ကြရအောင်လေ..."


....


"ရှောင်ရှင်း ဘယ်သူဖုန်းဆက်တာလဲ...."


ရှအန်းမှာ ကမ်းခြေတွင်လှဲလျောင်းနေပြီး ကော့တေးတစ်ခွက်သောက်ကာ ပင်လယ်လေညင်းများက သူမ၏ဆံပင်များကို ပွတ်သပ်ကျီစယ်နေလေသည်။


အသက်အရွယ်ဆိုသည်မှာ ရှအန်းခန္ဓာကိုယ်တွင် အရိပ်အရောင်လေးပင်မကျန်ခဲ့ပေ။


သူမက လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကလို ငယ်ရွယ်နုပျိုကာ လှပနေဆဲဖြစ်သည်။


အင်တာနက်ပေါ်မှလူများမှာ ရှအန်းကို မသေမျိုးနတ်ဘုရားမဟု စနောက်ခေါ်ဝေါ်ကြသည်။ ၎င်းက ကုမ္ပဏီ၏ရောင်းအားအပေါ်တွင်လည်း အကူအညီဖြစ်စေသေးသည်။


"ရှောင်ရွှယ်ဆီကပါ သူက အားလပ်ရပ်မှာ ကုရှုမော့နဲ့အတူ အချိန်ဖြုန်းမလို့တဲ့လေ.."


ရှရှင်းချန်မှာ သူ၏ခြေတံရှည်ကြီးများဖြင့် ရှအန်းဘေးသို့ ခပ်ဖြေးဖြေးလျောက်လာခဲ့သည်။ သူ၏လှုပ်ရှားမှုများမှာ အလွန်ကျွမ်းကျင်နေပြီး ရှအန်း၏ပါးစပ်ထဲသို့ အရသာရှိလှသည့် မုန့်တစ်ခုကို ထည့်ပေးလိုက်သည်။


ရှအန်းက အလွန်ချောမောလာသည့် ရှရှင်းချန်ကိုကြည့်ကာ ခပ်ဖွဖွလေးပြုံးလိုက်သည်။

"ရှုမော့နဲ့ ရှောင်ရွှယ်တို့ အတူတူရှိသွားကြလိမ့်မယ်လို့ မထင်ခဲ့မိဘူး..."


ကုရှုမော့မှာ စာအုပ်ထဲမှ ဇာတ်လိုက်ဖြစ်ပြီး ဖုအန်းချီနှင့် ကံကြမ္မာချင်း ချိတ်ဆက်ထားသူဖြစ်သည်။


သို့သော် အရာရာတိုင်းကပြောင်းလဲသွားခဲ့သည်။ ကုရှုမော့မှာ ဖုအန်းချီ၏အစားထိုးဖြစ်သော ကျူးပိုင်ရွှယ်နှင့် ချစ်ကျွမ်းဝင်ခဲ့လေသည်။


သို့သော် ရှအန်းက ဤအခြေအနေနှင့်ပတ်သတ်ပြီး အများကြီးဂရုမစိုက်ပေ။


အဆုံးတွင် သူမကူးပြောင်းလာပြီးနောက်တွင် ဤကမ္ဘာ၏ဇာတ်လမ်းမှာ လုံးဝပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။


ဇာတ်လိုက်များ၏ စိတ်သဘောထားတို့မှာလည်း ပြောင်းလဲသွားခဲ့သည်။


အတိအကျပြောရလျှင် လူတိုင်း၏စိတ်နေစိတ်ထားတို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။


အကြီးမားဆုံးပြောင်းလဲမှုကြီးမှာ သူမဘေးရှိ စာအုပ်ထဲမှ ဗီလိန်ကြီးဖြစ်သည်။


မည်သူက ဗီလိန်က အစားအသောက်ဖန်တီးရာတွင် ဘုရင်တစ်ပါးဖြစ်လာပြီး စားဖိုမှူးတစ်ယောက်ဖြစ်လာမည်ဟု ထင်မည်နည်း။


ဤစားဖိုမှူးမှာလည်း သူမ၏ကိုယ်ပိုင် စားဖိုမှူးဖြစ်သည်။ မည်သူကမှ သူမ၏ သားလိမ္မာလေးချက်ထားသည်ကို မြည်းစမ်းရန် အခွင့်အရေးမရှိပေ။


"ရှောင်ရှင်း.. သားအခုပျော်နေလား..."

ရှအန်းက ရှရှင်းချန်၏ချောမောခန့်ညားသော မျက်နှာကိုကြည့်ပြီးမေးလိုက်သည်။


"ဒါပေါ့... ပျော်နေတယ်လေ... မာမားကရော..."


"မာမားလည်း အရမ်းပျော်တယ်..."


သူမတွင် ဤလိမ္မာရေးခြားရှိပြီး ထက်မြက်လှသော သားသမီးများရှိ၍ သူမအလွန်ပျော်နေပေသည် ~~~~




ပြီးပါပြီ......


ဘာသာပြန်သူများ -

အမွန်း

Aoi

ယွန်းပန်းချီ

ဆူးရှင်းနွေ

အေမီညို

Yunnie


Story လေးပြီးဆုံးသွားပါပြီရှင် ...


Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...

စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜


အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...


See U AGAIN 😘