Chapter(95)
Viewers 10k

အခန်း(၉၅) Arc6: ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

လင်ခုံးလုကုစစ်နှင့်အတူတစ်ဘဝလုံးကုန်ဆုံးခဲ့ပြီး သူထွက်လာချိန်မှာ သူ့ချစ်သူကသူ့စွမ်းအား၏တစ်စိတ်တစ်ပိုင်းပေးလာတာကို သူတကယ်ခံစားလိုက်ရသည်။


သူမျက်ခုံးနှစ်ဖက်အလယ်ကိုပွတ်သပ်ကာ မနေနိုင်ဘဲသူ့ချစ်သူ၏နှဖူးကိုခပ်ဖွဖွနမ်းရှိုက်လိုက်မိလေတော့သည်။


ထပ်မံကူးပြောင်းဝင်ရောက်လာပြီးနောက်မှာ လင်ခုံးလုမျက်စိမဖွင့်ရသေးခင် အပြင်းအထန်ပြေးလွှားခဲ့ရသကဲ့သို့နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်၊ အထူးသဖြင့် သူ့ညာခြေနှင့်ဘယ်လက်မောင်းဖြစ်သည်။


သူ့အပေါ်တစ်ခုခုကျလာပြီး ၎င်းမှာအညစ်အကြေးဖြစ်ပုံပင်။ နှာဖျားကလည်း မြေကြီး၏အနံ့အသက်ကိုရနေပြီး ၎င်းမှာမြက်ပင်နှင့်သစ်ရွက်တို့၏ရနံ့တို့ရောယှက်လျက်။


လင်ခုံးလုမျက်လုံးဖွင့်ကြည့်မိတော့ တောရိုင်းတစ်ခုဖြစ်ကြောင်းတွေ့လိုက်ရသည်။


ဒီအချိန်ဟာညသန်းခေါင်မို့ ဧရာမသစ်ပင်မြင့်ကြီးများမှာခေါင်းထက်ရှိကောင်းကင်ယံအများစုကိုအုပ်ကာထားပြီး သစ်ပင်ရိပ်များမှာနက်မှောင်ကာ ခပ်ဖျော့ဖျော့ကြယ်အလင်းရောင်ကိုသစ်ကိုင်းနှင့်သစ်ရွက်တို့ကြားရှိအဟမှတဆင့်မြင်တွေ့နိုင်သည်။


ဧရာမသစ်ပင်ကြီးကသန်မာသောသစ်ကိုင်းများတွဲလွဲကျနေပြီး အမြစ်နှင့်ပတ်ပတ်လည်ရှိကျောက်တုံးကြီးများကရေညှိတို့ဖုံးအုပ်လျက် တခါတရံတောက်ပသောအင်းဆက်များကဖြတ်ပျံသွားတတ်သည်။


ပြီးတော့ လင်ခုံးလု....


သူဟာအေးချမ်းသောမျက်နှာထားဖြင့် သစ်ပင်အမြစ်ဘေးက အသစ်စက်စက်တူးထားသောမြေတွင်းထဲမှာလဲလျောင်းလျက်ရှိနေပြီး သူ့ခန္ဓာကိုယ်အောက်မှာကြီးမားသောသစ်ရွက်များရှိနေသည်။ တွင်းဘေး၌ စုတ်ပြဲနေသောလီနင်အဝတ်နှင့်ပိန်ပါးပါးလူငယ်တစ်ယောက်က တွင်းထဲကိုလက်နှင့်ခြေတို့ဖြင့်မြေဆီလွှာတူးထည့်နေသည်......သူ့ကိုမြေမြှုပ်နေတာလား။


ညလယ်ခေါင်ကြီးတွင် လင်ခုံးလု၏မျက်နှာထားရုတ်ခြည်းကွဲအက်သွားကာ စနစ်ကိုအလျင်စလိုမေးလိုက်မိသည်။

"ဘာအ​​ခြေအနေကြီးတုန်း?"


"မင်း​မြေမြှုပ်ခံနေရတာလား။" 0687တုံ့ဆိုင်းသွားရသည်။


"အဓိပ္ပါယ်မရှိတာ၊ ငါမြေမြှုပ်ခံရတော့မှာကိုငါမမြင်နိုင်လို့လား။ ဒါဘယ်ကမ္ဘာလဲလို့ ငါမေးနေတာဟ။" လင်ခုံးလုဆွံ့အသွားရသည်။


သူတောရိုင်းရှိသည့်ကမ္ဘာကိုခပ်ရေးရေးခန့်မှန်းမိပေမဲ့ စစချင်းမြေမြှုပ်ခံရသည့်ကမ္ဘာကိုတော့သူတကယ်မသိပေ။


သို့သော်လည်း သူမြေတူးနေသည့်ကောင်လေး၏ပုံရိပ်ကိုမြင်လိုက်ရသော် သူ့စိတ်ထဲမှာတဝိုးတဝါးခန့်မှန်းချက်တချို့ရှိလာပြီး တစ်ဖက်လူကသူလှည့်စားခဲ့သည့်ဝံပုလွေပေါက်လေးဖြစ်လောက်မည်ဟုတွေးလိုက်မိသည်---- စဲ့ရှီးအာ။


စဲ့ရှီးအာကားကြယ်စုကမ္ဘာကဇာတ်လိုက်ဖြစ်သည်။ ယခင်ကလန်ဇယ်ကဲ့သို့ပင်၊ သူဟာလည်းအင်ပါယာ၏မင်းသားတစ်ပါးဖြစ်သည်ပင်။


ဒါပေမဲ့စဲ့ရှီးအာကပို၍ပင်ကံဆိုးလှသည်။ သူ့ခမည်းတော်ဟားရစ်ကဧကရီကိုယ်ဝန်ဆောင်နေစဥ်အတောအတွင်းမှာ အမျိုးသမီးကြယ်ပွင့်တစ်​လက်နှင့်ဖောက်ပြားခဲ့သည့်ရိုမန့်တစ်ဆန်သောဧကရာဇ်ဖြစ်ပေသည်။ ဖြစ်ချင်တော့ အမျိုးသမီးကြယ်ပွင့်ကမဟာဆန်သောမိသားစုမှာမွေးဖွားလာခဲ့ပြီး သူမမိသားစုမှာအဆက်အသွယ်မြောက်မြားစွာရှိသဖြင့် သူမကပိုသာချင်သည့်စိတ်ကူးရှိလေရာ ဧကရီအပေါ်တိတ်တခိုးလှည့်ကွက်သုံးခဲ့သည်။


သို့ဖြစ်၍ ဧကရီဟာကြယ်သူခိုးထံမှတိုက်ခိုက်ခံရကာ မထင်မှတ်ထားစွာဖြင့်မွေးရက်ထက်စောမွေးခဲ့လေသည်။ အာကာသတပ်ဖွဲ့ကအချိန်မီကယ်တင်ခဲ့ပြီး ဧကရီကအဆုံးမှာအဆင်ပြေသော်ငြား မွေးကင်းစမင်းသားကတော့ပျောက်သွားခဲ့သည်။


စဲ့ရှီးအာမှာကံမကောင်းသောမင်းသားတစ်ပါးပင်။ သူကြယ်သူခိုးခေါ်တာခံရပြီးနောက်ပိုင်းမှာ သူကြယ်သူခိုး၏ပုန်းခိုရာနေရာထဲမကျရောက်သွားခဲ့ပေ။ ထိုအစား၊ သူကအရိုင်းဂြိုဟ်၏တောရိုင်းထဲမတော်တဆလှည့်လည်သွားလာမိကာ တောအုပ်ထဲကဉာဏ်ပညာရှိဝံပုလွေမထံမှခေါ်ဆောင်သွားခံခဲ့ရသည်။ ထိုစဥ်ကတည်းက ဝံပုလွေများကြားတွင်ကြီးပျင်းလာရင်း သူဟာတကယ့်ဝံပုလွေပေါက်လေးအစစ်ဖြစ်လာသည်။


လင်ခုံးလုကတော့ သူဟာတော်ဝင်မြို့တော်ကချမ်းသာကြွယ်ဝသောမိသားစုသုံးစုအနက်တစ်စုဖြစ်သည့်လင်မိသားစုထဲတွင်မွေးဖွားလာခဲ့သည်။


လင်မိသားစုကားတော်ဝင်မြို့တော်မှာအကြီးမားဆုံးမက်ခါထုတ်လုပ်သူဖြစ်သည်။ နှစ်စဥ်နှစ်တိုင်းစစ်တပ်ဝယ်ယူသွားသည့်မက်ခါတစ်ဝက်နီးပါးမှာလင်မိသားစုထံမှလာခြင်းဖြစ်သည်။ လင်ကတော်၏တစ်ဦးတည်းသားအနေဖြင့် လင်ခုံးလုဟာလင်မိသားစု၏အမွေဆက်ခံသူဖြစ်ခဲ့သင့်သည်ပင်။


ဒါပေမဲ့စဲ့ရှီးအာကဲ့သို့ပင်၊ သူ့မှာလည်းဖောက်လွဲဖောက်ပြန်လုပ်တတ်သည့်အဖေရှိသည်။


ဆန်ကုန်မြေလေးအဖေမှာလင်မိသားစု၏သားတစ်ယောက်ဖြစ်ပေမဲ့ သူ့ချစ်သူဟောင်းကိုဆက်တိုက်ဆိုသလိုဆွဲသွင်းလေ့ရှိသည်။ လင်ကတော်ကိုသတ်ပစ်ပြီးနောက်ပိုင်းမှာ သူကသူ့ချစ်သူကိုအိမ်ထဲခေါ်လာပြီး အမွေဆက်ခံသူရာထူးအတွက်သူနှင့်ယှဥ်ပြိုင်ရန် လင်ခုံးလုနှင့်သွေးတစ်ဝက်တော်စပ်သည့်ညီတစ်ယောက်ကိုခေါ်လာသည်။


သွေးတစ်ဝက်နှောညီလေးလော့်ယွီချန်ဖြစ်ပြီး အလွန်ကောက်ကျစ်သောကြာပန်းဖြူလေးဖြစ်သည်၊ လင်မိသားစုနှင့်အတူနေထိုင်ပြီးနောက်မှာ သူကသူ့ခွန်အားအကုန်သုံးကာ လင်ခုံးလုအပေါ်လှည့်ကွက်သုံးရန်ကြိုးပမ်းလေတော့သည်။


ထိုအချိန်တုန်းက လင်ခုံးလုမှာဇာတ်ညွှန်းကပေးသည့်ဇာတ်ကြောင်းနောက်လိုက်လုပ်နေရသဖြင့် သိပ်များများစားစားပြန်မတိုက်ခိုက်ခဲ့ပေ။ ထုံးစံအတိုင်း သိပ်မကြာခင်မှာ သူသဘော်ပျက်ထဲပိတ်မိကာ ထိုအရိုင်းဂြိုဟ်၏တောရိုင်းထဲသို့ သက်ကယ်အာကာသယာဥ်ငယ်လေးနှင့်အတူမတော်တဆကျရောက်သွားပြီး ဝံပုလွေများနှင့်အတူနေထိုင်သည့်ကောင်လေးတစ်ယောက်နှင့်ဆုံတွေ့ခဲ့သည်။ ဇာတ်လိုက်ငယ်လေး - စဲ့ရှီးအာ။


ထိုအချိန်က စဲ့ရှီးအာမှာဆယ့်ရှစ်နှစ်ပြည့်ခါစဖြစ်ပေမဲ့ သူဟာဝံပုလွေအုပ်၏ခေါင်းဆောင်ဘုရင်ဖြစ်နေပြီပင်။ သူလုပ်စရာမရှိသည့်အချိနိ အုပ်စုထဲကငယ်ရွယ်ပြီးသန်မာသောဝံပုလွေများနှင့်တိုက်ခိုက်လိမ့်မည်ဖြစ်ကာ သူတို့ကိုပင်ဆွဲဆွဲငင်ငင်အူစေသည်။


ဒါကအံ့သြစရာမဟုတ်ပေ။ ဇာ့ဂျ်များကိုတိုက်ခိုက်ရန်အလို့ငှာ ကြယ်စုလူတို့ကလူသားများ၏မျိုးရိုးဗီဇကန့်သတ်ချက်များကိုဖောက်ထွက်ပြီး ဆင့်ကဲဖြစ်စဥ်များစွာကြုံခဲ့ရသဖြင့် သူတို့၏ရုပ်ပိုင်းဆိုင်ရာသန်စွမ်းကြံ့ခိုင်မှုနှင့်ဘဝသက်တမ်းကကြီးမားစွာတိုးတက်လာခဲ့သည်။


ပြီးတော့ စဲ့ရှီးအာကအလွန်ရှားပါးသောSအဆင့်ဆင့်ကဲတိုးတက်လာသူဖြစ်သည်။ သူ့ဆီမှာဘာမှမဖြစ်ခဲ့ရင် သူဟာကြယ်စုကမ္ဘာတစ်ခုလုံး၏အာရုံစိုက်မှုကိုဆွဲဆောင်သွားမည့်တည်ရှိမှုတစ်ခုသေချာပေါက်ဖြစ်လာလိမ့်မည်ပင်။


သူမတော်တဆဖြစ်ပြီး ဝံပုလွေအုပ်ထဲကျသွားရင်တောင် သူဟာဝံပုလွေအုပ်ထဲမှာချစ်ဖို့အကောင်းဆုံးဝံပုလွေပေါက်လေးဖြစ်နေအုံးမည်ပင်။


ဇာတ်ညွှန်းအရဆို ထိုတစ်ယောက်ဟာငယ်စဥ်ကတည်းကအခြားဝံပုလွေပေါက်​လေးများထံမှနို့လုသောက်တတ်ပြီး အချိန်တိုင်းမှာအခြားဝံပုလွေများထဲတိုးဝင်ကာငိုယိုတတ်သည်။ သူငါးနှစ်မပြည့်ခင်တုန်းကအခြားဝံပုလွေလေးများထံမှအနိုင်ကျင့်ခံခဲ့ရပြီး သူငါးနှစ်ပြည့်ပြီးနောက်ပိုင်းမှာသူ့ကိုအနိုင်ကျင့်ခဲ့သည့်ဝံပုလွေကိုရိုက်နှက်ကာအနိုင်ပြန်ကျင့်ခဲ့သည်။ သူခုနစ်နှစ် ရှစ်နှစ်အရွယ်မှာဝံပုလွေအုပ်နှင့်အတူအမဲလိုက်ထွက်ခဲ့သည်။ သူဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ်မှာ သူ၏သန်မာသောခွန်အားနှင့်...အလွန်ရှည်သောဘဝသက်တမ်းကိုအမှီပြုရင်း ဝံပုလွေဘုရင်အိုကြီးကိုအနိုင်တိုက်ကာ ထီးနန်းပလ္လင်ကိုအောင်မြင်စွာတက်လှမ်းခဲ့သည်။


ဝံပုလွေဘုရင်ဖြစ်လာပြီးနောက်ပိုင်းမှာ စဲ့ရှီးအာကအလွန်တက်ကြွနေခဲ့ပြီး သူ့ပိုင်နက်ကိုမကြာခဏထောက်လှမ်းကာ (သို့) ညလယ်ခေါင်မှာလမင်းထံဆွဲဆွဲငင်အူလေ့ရှိသည်။


ဒါပေမဲ့အချိန်အတော်ကြာလာတော့ သူအနည်းငယ်မသက်မသာဖြစ်လာရပြန်ကာ အကြောင်းတချို့ကြောင့် သူအထီးကျန်လာခဲ့သည်။


ဝံပု​လွေအုပ်ထဲကဝံပုလွေများစွာမှာလက်တွဲဖော်များရှိနေကြပြီး သူနို့လုသောက်ခဲ့သည့်ဝံပုလွေတချို့ဆို အခုဆိုအဖိုးဖြစ်နေကြပြီပင်။ ဒါပေမဲ့သူကတော့ သူ၏ထူးခြားသောအသွင်အပြင်ကြောင့် အချိန်အတော်ကြာအောင်လက်တွဲဖော်ရှာမရသဖြင့် ဝံပုလွေပေါက်လေးများမွေးဖွားနိုင်ခြင်းမရှိ။


ဝံပုလွေပေါက်လေးမရှိရင် အနာဂတ်မှာသူ့ရဲ့ကြီးမားတဲ့ပိုင်နက်နဲ့ထီးနန်းကိုဘယ်သူ့ဆီလက်ဆင့်ပေးရမတုန်း?


စဲ့ရှီးအာအလွန်ဝမ်းနည်းသွားမိပေမဲ့ သူဟာသူ့လိုမျိုးကြည့်ကောင်းသည့်ဝံပုလွေတစ်ကောင်ကိုရှာရန်ဆုံးဖြတ်လိုက်သည်။


တောအုပ်ထဲကဝံပုလွေများမှာဆင့်ကဲဖြစ်စဥ်များကြုံခဲ့ရသဖြင့် ၎င်းတို့အများစုမှာဉာဏ်ကောင်းကာစကားပြောနိုင်လေသည်။ သူ့ကိုကောက်သွားခဲ့သည့်မိခင်ဝံပုလွေကြီးကလည်းပြောခဲ့သည်။

"ရှောင်လောင်(ဝံပုလွေ​လေး)၊ မင်းကငါတို့နဲ့မတူဘူး။ မင်းနဲ့တူတဲ့တစ်ယောက်ကိုရှာဖို့လိုတယ်။"


သူနဲ့တူတဲ့ဝံပုလွေကိုသူဘယ်မှာရှာလို့ရမလဲ။


စဲ့ရှီးအာမှာစိတ်ပူရလွန်းလို့ သူ့အမွှေး(ဆံပင်)များကျွတ်တော့မည်ပင်၊ ဝံပုလွေအုပ်ထဲကဝံပုလွေအိုကြီးများမှာသူ့ကြောင့်အကုန်သေကုန်ကြပြီ။ မေးစရာရှေးဖြစ်ဟောသူလည်းမရှိတာကြောင့် သူသက်ပြင်းချပြီး လမင်းထံအူလိုက်မိသည်။


ထိုစဥ် လင်ခုံးလု၏သက်ကယ်အာကာသယာဥ်ငယ်လေးကကောင်းကင်ယံမှကျလာပြီး ဝံပုလွေများနေထိုင်ရာပေါ်ကျသွားသည်။


ဒါကတိုက်ဆိုင်မှုသက်သက်မဟုတ်ပေဘူး၊ ဘုရားသခင်ကသူ့ဇနီးလေးကိုပို့ပေးလိုက်တာပဲ။


သက်ကယ်အာကာသယာဥ်ငယ်လေးဆင်းသက်လာချိန် ၎င်းကတောင်ပေါ်ကျသွားသည်နှင့် ဒုန်းဒုန်းဒိုင်းဒိုင်းခုန်ပေါက်ပြီးနောက် စဲ့ရှီးအာရှေ့ဆိုက်ရောက်လာသည်။


ထိုအချိန် အာကာသယာဥ်ငယ်လေးမှာအများအပြားပျက်စီးသွားပြီး လင်ခုံးလုလည်းဘယ်လက်မောင်းနှင့်ညာ​ခြေကျိုးကာ မေ့မြောနေပြီးဖြစ်လေသည်။


ဒါပေမဲ့ သူကသပ်ရပ်စွာဝတ်ဆင်ထားဆဲဖြစ်သည့်အပြင် သူ့မျက်နှာမှာထူးကဲကာလှပပြီး ဖုန့်မှုန့်များပေကျံမနေဘဲ ရွှေရောင်ဆံပင်သာအနည်းငယ်ရှုပ်ပွနေလျက် သူ့မျက်လုံးများပိတ်ထားသော်ငြား သူ့မျက်ခုံးများကြားကမြင့်မြတ်သောပင်ကိုယ်စရိုက်ကိုမဖုံးကွယ်နိုင်ပေ။


စဲ့ရှီးအာအာကာသယာဥ်ငယ်လေးကိုဖွင့်ကြည့်လိုက်တော့ ဒီမြင်ကွင်းကိုမြင်သော်သူ့မျက်လုံးများစိမ်းသွားတော့သည်။


သူသတိရှိရှိလက်ဖဝါးများဆန့်ကာ လူငယ်​လေး၏ပါးပြင်ကိုတို့ရန်ကြံရွယ်လိုက်ပေမဲ့ သူ့လက်ဖဝါးများကမည်းနက်ကာညစ်ပတ်နေမှန်းတွေ့လိုက်ရပြီး လူငယ်လေး၏အသားအရည်မှာလရောင်အောက်တွင်ပိုမိုလင်းလက်တောက်ပကာကြည်လင်ရှင်းသန့်လာပြီး သူ့အသားအရည်ကဖြူဖွေးလွန်းလို့ တောက်ပြောင်နေသယောင်။


စဲ့ရှီးအာရှက်ရွံ့သွားရကာ သူ့လက်ဖဝါးများကိုခပ်မြန်မြန်ပြန်ရုတ်လိုက်ပေမဲ့ ဒါကသူ့ဝံပု​လွေဘုရင်မဟု ချက်ချင်းဆုံးဖြတ်လိုက်မိလေတော့သည်။


ထိုညလင်ခုံးလုနိုးလာတော့ ဝံပုလွေအုပ်ကြီးကသူ့ကိုဝန်းရံထားပြီး သူတို့မျက်လုံးများကစိမ်းဖန်နေသေးတာကိုသူမြင်လိုက်ရသဖြင့် သူထိတ်လန့်သွားကာထပ်မေ့လဲလုနီးပါးဖြစ်သွားခဲ့သည်။


ကံကောင်းစွာဖြင့် ထိုအချိန်ကသူဇာတ်ကြောင်းကိုသိထားသဖြင့် ခပ်​မြန်မြန်စိတ်ငြိမ်သွားခဲ့သည်။ သေချာတာပေါ့၊ ခဏကြာတော့စဲ့ရှီးအာပြန်ပေါ်လာသည်။


ဒီတစ်ယောက်ကအခုပဲရေချိုးလာပုံရသည်။ ရွံ့နှင့်ဖုန်များကိုဆေးကြောပြီးနောက်မှာ သူ့အသားအရည်ကအတော်လေးပိုဖြူသွားပြီး သူ့ဆံပင်ကိုသူ့ခေါင်းနောက်မှာစိုစွတ်စွာချည်နှောင်ထားကာ သူကသစ်ရွက်အနည်းငယ်ကိုချုပ်ဝတ်ထားလျက် လန်းဆန်းသစ်လွင်နေပေသည်။


လင်ခုံးလုရှေ့လျှောက်လာပြီးနောက် သူကအရင်ဆုံးသွေးချင်းနီရဲနေသည့်တိရစ္ဆာန်အသားတစ်ပိုင်းကိုပေးအပ်လာပြီးမှ သူ့ကြွက်သားများနှင့်ခွန်အားကိုကြွားဝါထုတ်ပြကာ နောက်ဆုံးတွင်မေးလာသည်။

"မင်းကိုယ့်ရဲ့ဝံပုလွေဘုရင်မဖြစ်ပေးနိုင်မလား။"


လင်ခုံးလုနားမလည်ဘဲ တိရစ္ဆာန်အသား၏သွေးနံ့ကြောင့်မူးမေ့တော့မည်ပင်။ ကံကောင်းစွာဖြင့် စနစ်ကစဲ့ရှီးအာဘာအကြောင်းပြောနေလဲဆိုတာသူ့ကိုခပ်​မြန်မြန်ပြောပြလာခဲ့သည်။


ထို့နောက်ချက်ချင်းပင်၊ ဝံပုလွေများကလည်းစတင်အော်ဟစ်လာကြသည်:

"ဘုရင်ကိုကတိပေး၊ ဘုရင်ကိုကတိပေး...."


လင်ခုံးလု၏မျက်နှာမှာသွေးနံ့ကြောင့်ဖြူဖျော့သွားပြီး သူ့မှာစဥ်းစားဖို့အချိန်မရှိလိုက်ဘဲချက်ချင်းခေါင်းငြိမ့်လိုက်မိသည်။


ဝံပုလွေအုပ်ကြီးကချက်ချင်းဆူပွက်သွားကာ ပို၍ပင်ပြင်းထန်စွာအူလာပြီး စဲ့ရှီးအာကလည်းလမင်းထံစိတ်လှုပ်တရှားအူလိုက်သည်။


ကံကောင်းစွာဖြင့် လင်ခုံးလုဟာဇာတ်ညွှန်းထဲတွင်ပေးထားသည့်ဇာတ်ကြောင်းအတိုင်းသဘောတူလက်ခံလိုက်မိတာဖြစ်သည်။ ဇာတ်ကြောင်းထဲတွင် လင်သခင်လေး၏ကတိပေးမှုကကိုယ်ပိုင်ဆန္ဒမပါဘဲ ယာယီဟန့်တားမှုသက်သက်သာဖြစ်သည်။


ဇာတ်ညွှန်းအရဆို သူကတော်ဝင်မြို့တော်ရှိချမ်းသာကြွယ်ဝသောမိသားစုမှာမွေးဖွားလာခဲ့ခြင်းပင်။ သူကလင်မိသားစု၏အမွေဆက်ခံသူအစစ်ဖြစ်ရမှာဆိုပေမဲ့ သူ့သွေးတစ်ဝက်ညီအစ်ကိုထံမှအကွက်ဆင်ခံရပြီးနောက်မှာ ဒီအခြေအနေထိကျရောက်သွားခဲ့သည်။ သူကဒီတောအုပ်ထဲမှာဝံပုလွေတွေနဲ့အတူရှိနေတဲ့"လူရိုင်း"နဲ့အတူနေထိုင်ဖို့ဘယ်လိုလုပ်ဆန္ဒရှိမှာတုန်း?


သူကအန္တရာယ်ရှိသောအ​ခြေအနေမှာရှိနေပြီး သူသာလက်မခံလိုက်ရင် ဝံပုလွေအုပ်ကြီးထံမှတစစီဆွဲဖြဲခံရလောက်မည်ဟုခံစားမိလိုက်ရုံသာ။ ဝံပုလွေများကသူ့ကိုလွှတ်ပေးရင်တောင် သူ့ဘယ်လက်မောင်းနှင့်ညာခြေကကျိုးနေသဖြင့် တောအုပ်ကြီးထဲကအခြားခက်ထန်သောသားရဲကောင်များ၏သတ်ဖြတ်ခြင်းခံရဖို့များသည်။


ဒီတော့သူအရင်ဆုံးစဲ့ရှီးအာနှင့်အဆင်ပြေချင်ယောင်ဆောင်ကာ သူ့ကိုလှည့်စားပြီး သူ့ဒက်ရာကိုကုသရန် သူ့ကိုဆေးပင်စုဆောင်းပေးစေကာ သူဝံပုလွေဘုရင်မဖြစ်လာပြီး ဝံပုလွေပေါက်လေးများမွေးပေးမည်ဟုကတိပေးလိုက်သည်။


ဒါပေမဲ့ကယ်ဆယ်အဖွဲ့ထံမှရှာတွေ့ခံခဲ့ရပြီးနောက်ပိုင်းမှာ သူချက်ချင်းမျက်နှာပြောင်းပြီး ဘယ်သူ့ကိုမှမှတ်မိရန်ငြင်းဆန်ကာ ပြတ်သားစွာဖြင့်ထွက်သွားရန်ရွေးချယ်ခဲ့သည်။


သူတော်ဝင်မြို့တော်ကိုပြန်သွားပြီး လက်စားချေကာ သူနှင့်သူ့အမေပိုင်ဆိုင်ရမည့်အရာရာတိုင်းကိုပြန်ယူရမည်။


သူ့ရှေ့ကဝံပုလွေများနှင့်အတူနေထိုင်နေသည့်ဒီလူထူးဆန်းကတော့ မိုက်မဲကာအသိပညာမရှိသဖြင့် သူကဒီလိုလူမျိုးနှင့်အတူရှိနေမှန်းတော်ဝင်မြို့တော်ကလူတွေသိသွားရင် သူ့မျက်နှာကိုဘယ်မှာသွားထားရမတုန်း?


ဒီတော့တော်ဝင်မြို့တော်ကိုပြန်လာပြီးနောက်ပိုင်းမှာ သူချက်ချင်းတစ်ဖက်လူကိုထားရစ်ခဲ့ကာ ရက်စက်ကြမ်းကြုတ်သောလက်တုံ့ပြန်မည့်အစီအစဥ်ထဲပစ်ဝင်ခဲ့သည်။


သို့သော်လည်း သိပ်မကြာခင် တော်ဝင်မိသားစုမှရုတ်တရက်သတင်းထွက်လာပြီး မွေးကင်းစတုန်းကမထင်မှတ်ထားစွာပျောက်ဆုံးသွားခဲ့သည့်ဧကရာဇ်၏အကြီးဆုံးသားတော်ကိုသိပ်မကြာသေးခင်ကရှာတွေ့ခဲ့သည်ဟုပင်။


တစ်ဖက်လူကရှားပါးသောSအဆင့်ဆင့်ကဲတိုးတက်လာသူဖြစ်လာပြီး အိမ်ရှေ့စံမင်းသားအဖြစ်ခန့်အပ်ခံရဖို့အလွန်များပြားကာ ဇာ့ဂျ်ကိုတိုက်ခိုက်ရာတွင်လူသားတို့၏မျှော်လင့်ချက်ဖြစ်လာလိမ့်မည်ပင်။ စစ်တပ်ဌာန၏အကြီးတန်းအရာရှိများကဒီအကြောင်းသိသွားသည်နှင့် သူတို့ကနန်းတော်သွားကာ ဧကရာဇ်၏အကြီးဆုံးသားတော်ကိုစစ်တပ်ဌာနထဲခန့်အပ်ခဲ့သည်ဟုဆို၏။


ဒီကိစ္စများကလင်ခုံးလုနှင့်သိပ်မဆိုင်ပေမဲ့ သူ့သွေးတစ်ဝက်ညီလေးလော့ယွီချန်ကတစ်မျိုးမျိုးဖြင့်ဧကရာဇ်၏အကြီးဆုံးသားတော်နှင့်ချိတ်မိသွားကာ သူနှင့်စေ့စပ်တော့မည်ဟုကြားလိုက်ရသည်။


ဒီကိစ္စသာအမှန်ဆိုရင် သူ၏လက်တုံ့ပြန်မည့်အစီအစဥ်ကသေချာပေါက်နှောင့်နှေးသွားလိမ့်မည်ပင်။


လင်ခုံးလုဒါကိုသိလိုက်ရပြီးနောက် သူဇာတ်ကြောင်း၏တိုးတက်မှုနောက်လိုက်ကာ အမှန်ဟုတ်မဟုတ်ရှာဖွေဖော်ထုတ်ရန် ဧကရာဇ်၏အကြီးဆုံးသားတော်အတွက်ဧကရီကျင်းပပေးသည့်စားသောက်ပွဲတော်ကိုသွားခဲ့သည်။


စားသောက်ပွဲတော်မှာ သူအလွန်အံ့သြသွားရသည်။ သူ့ကိုကယ်တင်ခဲ့သည့်ဧကရာဇ်၏အကြီးဆုံးသားတော်က....ဝံပုလွေများနှင့်အတူနေထိုင်ခဲ့သည့်လူထူးဆန်းဖြစ်နေမှန်းသိလိုက်ရသောကြောင့်ပင်။


တစ်ဖက်လူကမထူးခြားမခြားနားနှင့်ခန့်ညားချောမောသောမျက်နှာဖြင့် အဆင့်မြင့်တော်ဝင်အဝတ်အစားများကိုဝတ်ဆင်ထားပေမဲ့ သူကခွေးတစ်ကောင်နှင့်တူသည်။ သူ့မှာတောအုပ်ထဲမှာတုန်းကရှိခဲ့သည့်မိုက်မဲမှုနှင့်အရိုင်းဆန်မှုတို့မရှိလေတော့။


ပြီးတော့သူ့မှာနာမည်အသစ်စဲ့ရှီးအာရှိလာပြီ။ လင်ခုံးလုသူ့ကိုခေါ်ခဲ့ဖူးတဲ့"ရှောင်လောင်"မဟုတ်တော့။


ထိုအချိန်ကလင်ခုံးလု၏တုံ့ပြန်မှုမှာဇာတ်ညွှန်း၏လိုအပ်မှုနှင့်တစ်ထပ်တည်းပင်၊ ရှော့ခ်ရမှုနှင့်မိန်းမောမှု။ သူ့သွေးတစ်ဝက်ညီအစ်ကိုကစီဆေးလ်ဘေးမှာရပ်လျက် သူ့ကိုရန်စဟန်ပြုံးပြလာတာကိုသူမြင်လိုက်ရချိနိ သူစားသောက်ပွဲတော်မှမိန်းမောစွာထွက်လာခဲ့မိသည်။


ထို့နောက် သူဇာ့ဂျ်များထံမှမတော်တဆတိုက်ခိုက်ခံရကာ နေ့လည်စာထမင်းဗူးရရှိခဲ့သည်။


နေ့လည်စာထမင်းဗူးမရခင် ရူးနှမ်းနှမ်းဝံပုလွေတစ်ကောင်ကသူ့ဆီတဟုန်ထိုးပြေးလာတာကိုသူတဝိုးတဝမြင်လိုက်ရပေမဲ့ ထွက်ခွာလာပြီးနောက်မှာ ၎င်းကထင်ယောင်ထင်မှားဖြစ်ရမည်ဟုသူတည်ငြိမ်စွာခံစားလိုက်ရသည်။


အဆုံးတွင် သူဟာထိုအချိန်ကနန်းတော်ထဲမှထွက်လာခဲ့ပြီး ရှည်လျားသောလမ်းမှာခရီးဆက်နေပြီဖြစ်လေရာ စဲ့ရှီးအာဒီလောက်မြန်မြန်ပေါ်လာဖို့ကမဖြစ်နိုင်။


အတိတ်ကိုပြန်တွေးကြည့်ပြီးနောက် လင်ခုံးလုသူ့အကြည့်ကိုအာရုံစိုက်ကာ မြေတူးနေသည့်ကောင်လေးကိုထပ်ကြည့်လိုက်မိသည်၊ ဒီတစ်ခေါက်မှာတော့ပိုမိုဂရုတစိုက်ကြည့်မိသည်။


သူ၏အလိုလိုသိစိတ်ကတော့ခေါင်းစိုက်မြေတူးပြီးသူ့ကိုမြှုပ်ရန်စီစဥ်နေသည့်တစ်ယောက်ကစဲ့ရှီးအာဖြစ်မည်ဟုသူ့ကိုတွေးမိစေသည်၊ တောအုပ်ထဲရောက်နေတာမှန်ပေမဲ့ အဖြစ်အပျက်ကတော့နည်းနည်းလွဲနေသည်။


သူတွေးလိုက်ရုံသာရှိသေး မြေတူးနေသည့်ကောင်လေးကသူ့အကြည့်ကိုသတိထားမိသွားပုံရကာ ရုတ်တရက်လှုပ်ရှားမှုရပ်ပြီး သူ့ကိုမော့ကြည့်လာသည်။


လူငယ်​လေး၏အသားအရောင်ကနက်မှောင်ကာ သူ့ဆံပင်မှာရှုပ်ပွနေပေမဲ့ သူ၏မျက်နှာသွင်ပြင်လက္ခဏာကတော့ဖြင့်အလွန်လှပသည်။ အထူးသဖြင့်တောက်ပပြီး ခေါင်းမာမှုနှင့်ခက်ထန်မှုကိုဖော်ပြနေတဲ့သူ့မျက်လုံးများမှာ..... နာကျည်းချက်အရိပ်အယောင်ရှိနေသည့်အလား?


လင်ခုံးလုအသက်အောင့်မိသွားကာ ဒါကစဲ့ရှီးအာမှန်းချက်ချင်းမှတ်မိသွားသည်။


ဒါပေမဲ့စဲ့ရှီးအာတောအုပ်ထဲမှာတုန်းက သူကသိသိသာသာကိုသူ့အပေါ်တွယ်ကပ်လှသည်။ သူကတစ်ခုပြောရင် တစ်ဖက်လူကလုံးဝနှစ်ခုပြောလိမ့်မည်မဟုတ်။ သူကအရှေ့အရပ်ကိုသွားဖို့ပြောရင် တစ်ဖက်လူကအနောက်အရပ်ကိုဘယ်တော့မှသွားမှာမဟုတ်။


သူ့ကိုဝံပုလွေပေါက်လေးမွေးပေးရန် အမြဲတမ်းနားပူနားဆာလုပ်ပြီး ငြင်းပယ်ခံရပြီးနောက်မှာသူ့စကားကိုတခါတရံမကြားချင်ယောင်ဆောင်တတ်သည်မှလွဲ၍ ထိုတစ်ယောက်ကသူ့စကားနားမထောင်မှာမဟုတ်ပေ။ အထူးသဖြင့်သူ့ကိုခေါ်သွားခါစတုန်းကဆို သူ့ကိုပို၍ပင်ဂရုစိုက်ပေသည်။


ထို့အပြင် အရင်ဘဝသူနိုးလာတုန်းက သူကြုံတွေ့ခဲ့ရသည်မှာပိုးပန်းသောမြင်ကွင်းမှန်းရှင်းလင်းနေပါရက်နှင့် ဒီတစ်ခေါက်သူနိုးလာတော့.....လူကိုမြေမြှုပ်နေတဲ့မြင်ကွင်းဖြစ်လာတာပါလား။


___________________________________