Chapter(94)
Viewers 10k

အခန်း(၉၄) လင်ဇိုင်းဇိုင်း၏အဖေရှာပုံတော်။


လင်ခုံးလုနှင့်ကုစစ်တို့၏လက်ထပ်ပွဲမှာအလွန်ခပ်လျိုလျိုကျင်းပခဲ့ပေမဲ့ သူတို့နှစ်ယောက်လုံးကစီးပွားလောကမှာနာမည်ကြီးများဖြစ်ကြသည့်အပြင် လက်ထပ်ပွဲကိုယင်းရှပင်လယ်အော်၏ခရီးသွားအပန်းဖြေစခန်းမှာကျင်းပခဲ့တာမို့ သတင်းတချို့ပေါက်ကြားသွားခဲ့သည်။


အင်တာနက်ပေါ်ကလူအများစုမှာထွက်လာသည့်ဓာတ်ပုံများကိုမယုံကြည်ကြဘဲ အများအားဖြင့်ကောမန့်ပေးကာ အံ့အားသင့်ကြသည်---


[ P၊ ဥက္ကဌကုကလူထုရှေ့မှာတစ်ခါမှပေါ်မလာဖူးတဲ့အပြင် ဓာတ်ပုံထဲမှာဆိုကျောကုန်းပဲပါတယ်။ မှန်လားမှားလားဘယ်သူသိမှာတုန်း? ]


[ ထင်ကြေးပေးကြည့်ရအောင်၊ အခုတလောကုအုပ်စုနဲ့ဖေးလုအုပ်စုကပရောဂျက်တစ်ခုကိုအတူပူးပေါင်းလုပ်ဆောင်နေကြတာ။ ]


[ ဟာ့၊ ငါသိတာကတော့အနုပညာcpနောက်လိုက်နေတာ၊ အခုကျတော့ကုမ္ပဏီနှစ်ခုပါပါကုန်ပြီလား? ]


[ အဲ့ဒါအပြင် ဥက္ကဌနှစ်ယောက်ကကိုယ်ရေးကိုယ်တာအရတိုက်ခိုက်နေကြတာလေ၊ အဆင့်မြင့်စီးပွားရေးတိုက်ပွဲကဒီလောက်တည့်တိုးဆန်ပြီးရိုးရှင်းတာပဲ #ခွေးခေါင်း# ]


နှစ်ကုန်မှာ ကုစစ်ကဘဏ္ဍာရေးပရိုဂရမ်တစ်ခုတွင်အင်တာဗျူးလက်ခံခဲ့သည်။ အင်တာဗျူး၏အဆုံးသတ်မှာ တင်ဆက်သူကလည်းထိုအကြောင်းသိချင်စိတ်ဖြစ်စွာမေးလာခဲ့သည်။


ကုစစ်ကပြုံးလိုက်ပြီးအဖြေမပေးဘဲ ခရုခွံလက်ကောက်နှင့်လက်ထပ်လက်စွပ်ကိုသွယ်ဝိုက်နည်းဖြင့်ကြွားဝါလိုက်သည်။


ပရိုဂရမ်ထုတ်လွှင့်ပြသလာသည်နှင့် အင်တာနက်နှင့်စက်ဝန်းထဲမှာအာရုံများစွာကိုချက်ချင်းဆွဲဆောင်သွားပြီး ဓာတ်ပုံများကအတုအယောင်ဆန်လွန်းသည်ဟုဆဲဆိုခဲ့ကြသည့်အင်တာနက်သုံးစွဲသူများမှာခပ်မြန်မြန်စိတ်ပြောင်းသွားကာ ပြောလာကြသည်--


[ ဓာတ်ပုံထဲကကျောကုန်းကမှုန်ဝါးနေပေမဲ့ တစ်ချက်ကြည့်ရုံနဲ့တင်လူနှစ်ယောက်မှန်းမှတ်မိသွားတာရယ်။ ပါးပါးတို့ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးတယ်နော်၊ ပြီးတော့မေးချင်တာက သားကိုဘယ်တော့လာခေါ်မှာလဲလို့? ]


[ ကောင်းလိုက်တာ၊ ဒါကဥက္ကဌကုရဲ့ပထမဆုံးလူသိရှင်ကြားပေါ်လာတာပဲ၊ သူကသူ့ရဲ့ချစ်ခြင်းမေတ္တာကိုဒီမှာတကယ်ကြီးထုတ်ပြလာတာနော်? ဒါပေမဲ့u1s1ကတအားချောတာပါဟယ်! ]


[ ဥက္ကဌလင်လည်းအရမ်းချောတယ်။ လိုက်ဖက်တဲ့မျက်နှာလေးကြောင့် ငါတကယ်သဘောကျသွားပြီရော်! ]


ကုလူအိုကြီးနှင့်လင်ခုံးလုတို့မှာလည်းအိမ်မှာရှိုးကြည့်နေကြတာဖြစ်သည်။ လက်ကောက်နှင့်လက်စွပ်ထုတ်ပြသွားသည့်အပိုင်းကိုသူတို့မြင်သော် လူအိုကြီးမှာစောဒကမတက်ဘဲမနေနိုင်တော့။

"သူ့ကိုကြည့်လိုက်အုံး။"


လင်ခုံးလုစကားတစ်ခွန်းမဆိုဘဲပြုံးလိုက်ပြီး အပြင်ထွက်ကာကုစစ်ကိုဖုန်းခေါ်ပြီးမေးလိုက်သည်။

"မင်းဘယ်တော့ပြန်လာမှာလဲ။"


ကုစစ်၏အသံမှာအနည်းငယ်တိုးလျလျက် သူကတောင်းတောင်းပန်ပန်ဆိုလာသည်။

"ကိုယ်ဒီနေ့လူမှုရေးတွေ့ဆုံပွဲတစ်ခုရှိလို့ နောက်ကျလောက်မယ်။"


"အော်။" လင်ခုံးလုမျက်နှာထက်စိတ်ပူသောမျက်နှာထားဖြင့်ဖုန်းချကာ တွေးကြည့်လိုက်ပြီးမှပြောလိုက်သည်။

"သူ့ကြည့်ရတာအခုနောက်ပိုင်းအချိုးနည်းနည်းပြောင်းနေသလိုပဲ။"


0687: "...."


ကုစစ်မှာတကယ့်ကိုဒီရက်ပိုင်းလူမှုရေးတွေ့ဆုံပွဲများစွာရှိနေခြင်းပင်။ ဒီလူမှုရေးတွေ့ဆုံပွဲတချို့မှာလိုအပ်ပေမဲ့ တချို့ကတော့မလိုအပ်ပေ။


ဥပမာပြောရရင် သူ၏လက်ထပ်ပွဲသတင်းထွက်ပေါ်သွားကတည်းက သူငယ်ချင်းမိတ်ဆွေနှင့်စီးပွားရေးပါတနာတချို့က သတင်းမှန်မမှန်ရှာဖွေဖော်ထုတ်ရန် သူ့ကိုညစာဖိတ်ကျွေးစပြုလာကြသည်။


အတိတ်မှာဆို ကုစစ်ဒီလိုညစာမျိုးကိုအမြဲငြင်းပယ်လိမ့်မည်ပင်၊ ဒါပေမဲ့ဒီရက်ပိုင်း လူတချို့ကိုမငြင်းပယ်ခဲ့ပေ။ အကြောင်းရင်းမှာ သူ့ချစ်ခြင်းမေတ္တာကိုဖော်ပြပြီး ညစာစားပွဲမှာ "အားနာပါတယ်ဗျာ၊ အိမ်မှာဇနီးလေးရှိတော့ ကျွန်တော်လျှော့သောက်ရမယ်"၊ "ဖုန်းခေါ်ပြီးအသိပေးတာလေ၊ ကျွန်တော်အရင်ပြန်တော့မယ်နော်"ဟူသည့်စကားလုံးအနည်းငယ်ပြောရန်ဖြစ်သည်။ ဒါမှသာ အခုဆိုသူ့မှာဂရုစိုက်တတ်သည့်ဇနီးလေးရှိနေပြီဖြစ်ကြောင်း သူ့ရှေ့မှာချစ်ခြင်းမေတ္တာထုတ်ပြခဲ့ဖူးသည့်ဒီသူငယ်ချင်းမိတ်ဆွေဟောင်းတချို့သိသွားမှာဖြစ်သည်။


လင်ခုံးလုသာဒီလိုတွေ့ဆုံပွဲမျိုးကိုသဘောမကျမဖြစ်ရင် သူလင်ခုံးလုကိုတွေ့ဆုံပွဲတန်းခေါ်သွားလောက်မည်။


ဒါပေမဲ့အချစ်ထုတ်ပြတာလွန်ကဲသွားရင် အနှေးနှင့်အမြန်တစ်ခုခုဖြစ်လာလိမ့်မည်ပင်။


ဥပမာ၊ ဒီည ကုစစ်ပုံမှန်အတိုင်းညစာစားရင်းတစ်ဝက်တစ်ပျက်သာနေပြီး အရက်မသောက်ဘဲစောစောထွက်လာခဲ့ပေမဲ့ သူမြေအောက်ကားပါကင်မှာ ခေါင်းထက်ဆံပင်အစိမ်းရောင်နှင့်လူငယ်လေးတစ်ယောက်ကရုတ်တရက်တဟုန်ထိုးရှေ့ကိုပြေးလာကာ သူ့ကိုပွေ့ဖက်လာခဲ့ပေသည်။


ကုစစ်၏မျက်နှာရုတ်ခြည်းပြောင်းလဲသွားရပြီး သူ့တုံ့ပြန်မှုမှာအလွန်အမင်းလျင်မြန်လျက် သူချက်ချင်းလူငယ်လေးကိုလှမ်းချုပ်လိုက်သည်။


ဒါပေမဲ့ ကောင်လေးကလျင်မြန်စွာတုံ့ပြန်လာပြီး ငါးကလေးပမာအနောက်လှည့်ကာလှစ်ခနဲထွက်ပြေးသွားသည်။ သူမထွက်သွားခင် တမင်သက်သက်ခေါင်းလှည့်ကာ သူ့ကိုမုန်းတီးသောအကြည့်တစ်ချက်ပေးသွားခဲ့လေသည်။


ကုစစ်၏မျက်နှာမှာရေခဲပမာအေးစက်လျက်ရှိပြီး သူကောင်လေးကိုတားရန် လုံခြုံရေးအစောင့်ကိုချက်ချင်းခေါ်လိုက်ပြီး တစ်ချိန်တည်း၌ စောင့်ကြည့်ကင်မရာကိုချိန်ညှိလိုက်သည်။


သို့သော်လည်း ကောင်လေးကိုမဖမ်းမိလိုက်ပေ၊ လုံခြုံရေးအစောင့်များကသူ့ကိုမတားလိုက်နိုင်။ စောင့်ကြည့်ကင်မရာကတော့ဖြင့် သိသိသာသာကိုဖျက်ပစ်ထားပြီး ကောင်လေးဘယ်ကလာပြီးဘယ်ကိုသွားမှန်းပြောရန်မဖြစ်နိုင်ပေ။


ဒီဟာကကုစစ်ကိုထောင်ချောက်ဆင်ထားသည့်ဂိမ်းတစ်ခုမှန်း မျက်စိကောင်းသည့်မည်သူမဆိုမြင်နိုင်သည်။


ကုစစ်မှာလင်ခုံးကိုချက်ချင်းဖုန်းခေါ်လိုက်ပေမဲ့ နောက်ကျလွန်းသွားပြီပင်။


ယင်းရှပင်လယ်အော်ကလင်မိသားစု၏ဗီလာတွင် လင်ခုံးလုမှာသူ့ဖုန်းထဲကဓာတ်ပုံကိုမျက်မှောင်ကြုတ်ကာကြည့်နေမိသည်။


ဓာတ်ပုံမှာသူ့ဖုန်းထဲဝင်ဟက်ခဲ့သည့်ဟက်ကာမှပို့လာခြင်းဖြစ်ပြီး "ဖြောင့်မတ်မှန်ကန်သောသူစိမ်းတစ်ယောက်"ဟုခေါ်လေသည်။ ဓာတ်ပုံ၏အကြောင်းအရာကတော့ဖြင့်.... ကုစစ်နှင့်ခေါင်းစိမ်းကောင်လေး"ပွေ့ဖက်နေသည့်"မြင်ကွင်းဖြစ်သည်။


ထိုခေါင်း...စိမ်းကအရမ်းတောက်လွန်းလို့ လင်ခုံးလု၏မျက်လုံးများကိုကန်းသွားစေလုနီးပါးပင်။


သူ့မျက်နှာထားတစ်ခုခုမှားနေမှန်းမြင်လိုက်ရတော့ ကုလူအိုကြီးမှာဖုန်းမျက်နှာပြင်ကို မျက်လုံးထောင့်မှနေ၍တစ်ချက်ခိုးကြည့်လိုက်မိသည်။ ကြည့်ပြီးနောက် သူ့မျက်နှာထားကသိပ်မကောင်းတော့ဘဲ ဒေါသတကြီးဆိုမိသည်။

"ခွေးသားလေး၊ နေ့ရက်ကောင်းတွေကရက်အနည်းငယ်အတွင်းမှာကုန်ဆုံးသွားပြီပဲ။"


ပြောပြီးနောက် သူလင်ခုံးလုကိုသေချာဂရုတစိုက်ကြည့်ကာပြောလိုက်သည်။

"ဒီ...ရှောင်လု၊ ဒေါသမထွက်နဲ့နော်။ အားစစ်ကအဲ့လိုလူစားမျိုးမှမဟုတ်တာ။ ငါ့အထင် တစ်ယောက်ယောက်ကသူ့ကိုအကွက်ဆင်တာဖြစ်မယ်၊ မင်းဘာလို့ဖုန်းခေါ်ပြီးမမေးကြည့်တာလဲ။"


တစ်ယောက်ယောက်တမင်ရည်ရွယ်ချက်ရှိရှိအကွက်ဆင်တာမှန်းလင်ခုံးလုသိသည်။ ဒါပေမဲ့...ဒီလူ အပေါင်းအသင်းဝင်ဆန့်အောင်ဆိုပြီး အခုတလောအပြင်ခဏခဏထွက်နေလို့ တစ်ယောက်ယောက်ဖမ်းတာခံလိုက်ရတာလား။


လိုအပ်တဲ့တွေ့ဆုံပွဲကဘာမှမဖြစ်ပေမဲ့ သူကတော့မလိုအပ်လည်းသွားနေတာပဲ။


"အာဏာရှင်ကြီး၏နတ်ဘုရားဇနီးလေး"ကိုထုတ်လုပ်ပြီး ကုစစ်ကိုသင်ကြားပေးရန်အချိန်ရောက်ပြီဟု လင်ခုံးလုခံစားလိုက်ရသည်။


ဒီတော့သူ့နှုတ်ခမ်းထောင့်များတွန့်ကာ ကုစစ်၏ဖုန်းကောလ်ကိုတမင်ချပစ်ပြီး ကုလူအိုကြီးကိုပြောလိုက်သည်။

"စိတ်မရှိပါနဲ့၊ အဖိုး၊ ကုမ္ပဏီမှာအလျင်လိုနေလို့။ ကျွန်တော်အချိန်ပိုသွားဆင်းလိုက်အုံးမယ်။"


"အိုး၊ ဒါဆို မင်း...သွားလေ။" ကုလူအိုကြီး၏မျက်လုံးများမှာစိတ်ပူနေလျက် သူ့ဘာသာသူတွေးလိုက်မိသည်၊ လောင်ရှီဇီရဲ့အတန်းကိုထပ်ပေါင်းလိုက်ရင် ငါအဲ့ကောင်လေးကုစစ်ကိုဒေါသထွက်ရမှာပဲ။


လင်ခုံးလုထွက်သွားပြီးနောက် သူကုစစ်ကိုအလျင်စလိုဖုန်းခေါ်ကာ အရင်ဆုံးသူ့ကိုဆူငေါက်လိုက်ပြီးမှပြောလိုက်သည်။

"အခုဆိုရှောင်လုမင်းကိုအရမ်းဒေါသထွက်ပြီးတော့ ကုမ္ပဏီမှာအချိန်ပိုသွားဆင်းတယ်၊ မင်းသွားကြည့်လိုက်တော့။"


ပြောပြီးနောက် သူဖုန်းကိုအကြင်နာတရားကင်းမဲ့စွာချပစ်လိုက်သည်။


ဖုန်းမှမအားသေးပါဟူသည့်လေသံကိုနားထောင်ရင်း ကုစစ်၏မျက်နှာထားမှာနစ်မြုပ်သထက်နစ်မြုပ်သွားရသည်။


သူကားပေါ်အမြန်တက်ကာ လင်ခုံးလု၏ကုမ္ပဏီကိုတင်းမာသောမျက်နှာထားဖြင့်မောင်းသွားလိုက်သည်။


သူအခုမြို့ဆင်ခြေဖုံးဧရိယာမှာရှိနေတာကိုကျေးဇူးတင်ရမည်။ ကုမ္ပဏီကိုသွားရန်ကြားချိန်မှာယင်းရှပင်လယ်အော်မှလင်ခုံးလု၏အသွားကြာချိန်ထက်အတော်လေးပိုတိုတောင်းပေမဲ့ ကုမ္ပဏီကိုရောက်သွားပြီးနောက် သူလင်ခုံးလုကိုအကြာကြီးမစောင့်လိုက်ပေ။


လင်ခုံးလုကဒီအတိုင်းပြောသွားခဲ့ရုံသာဖြစ်သည်။ သူကလက်ဦးမှုရယူပြီးတော့အချိန်ပိုသွားဆင်းမယ်တဲ့လား။


မြို့ဆင်ခြေဖုံးဧရိယာကိုရောက်သွားပြီးနောက် သူဒီကသူ့ဗီလာဆီတန်းမောင်းသွားကာ နောက်တစ်နေရာမှာအိပ်ဖို့ကြံရွယ်ထားပြီး ကုမ္ပဏီကိုလုံးဝမသွားချင်ပါပေ။


ဒါပေမဲ့သူဗီလာဝင်ပေါက်မှာကားပါကင်ထိုးလိုက်ချိန်တွင် ခေါင်းစိမ်းကောင်လေးမှာလမ်းဘေးကသစ်ပင်အရိပ်များထဲမှရုတ်တရက်ထွက်ပေါ်လာပြီး ရှက်တက်တက်အပြုံးလေးဖြင့်ကားဆီလျှောက်လာလေသည်။


လင်ခုံးလုကားတံခါးဖွင့်လိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်ဆုံလိုက်ရပြီးနောက် သူတစ်အောင့်ကြာနှုတ်ဆိတ်သွားရသည်။


"လူကြီးမင်း၊ ဆန်ပိုးကောင်မွေးချင်လားဟင်? လိမ်မာပြီးတော့တွယ်ကပ်တတ်ပြီးမမြူဆွယ်တတ်တဲ့အမျိုးအစားလေ။ အနာဂတ်မှာဒေဝါလီခံသွားရလို့ရှိရင် သူကအမှိုက်ကောက်ပြီး လူကြီးမင်းကိုပျိုးထောင်ပေးလို့ရတာပေါ့။" ကောင်လေးကမျက်တောင်တဖျတ်ဖျတ်ခတ်ကာ မေးလာသည်။


သူကအတော်လေးရင်းနှီးနေလျက် သူ၏လေသံနှင့်မျက်နှာထားမှာအနည်းငယ်ရှက်နေပေမဲ့ သူ့မျက်လုံးများကတော့စိတ်လှုပ်ရှားမှုဖြင့်တောက်ပနေတာမို့ ရှက်ရွံ့မှုနှင့်ရှက်တတ်ဖြစ်မှုမှာဟန်ဆောင်နေရုံသာဖြစ်မှန်း အကြည့်တစ်ချက်တည်းဖြင့်ပြောနိုင်ပေသည်။


လင်ခုံးလုကောင်လေးခေါင်းပေါ်ကဆံပင်အစိမ်းလေးကိုစိုက်ကြည့်လိုက်ပေမဲ့ တိတ်ဆိတ်နေမိဆဲပင်။


"0687၊ ထွက်လာပြီးရှင်းပြစမ်း။" လူငယ်လေးမှာရင်းနှီးကျွမ်းဝင်သောတစ်စွန်းတစရှိနေသည်ဟုသူဖော်ပြမရအောင်ခံစားလိုက်ရသည်။ ထို့အပြင် တစ်ဖက်လူကကူးပြောင်းဝင်ရောက်သူ(သို့)အသစ်လေးဖြစ်သည်ဟု သူ၏အလိုလိုသိစိတ်ကသူ့ကိုပြောနေသည်။


ဒါဆို ခေါင်းစိမ်းလေးက....


"အာ၊ စိတ်မရှိပါနဲ့ Host၊ ငါမင်းကိုအခုပဲပြောဖို့လုပ်နေတာ၊ မင်းလျှောက်ထားတဲ့လျော်ကြေးကိုသုတေသနလုပ်ပြီး အထက်အာဏာပိုင်တွေကဆုံးဖြတ်ပြီးတော့ လုပ်ပေးလိုက်ပြီ။"

0687ကအလျင်စလိုရှင်းပြလာသည်။


လင်ခုံးလု: "....." အလိုလိုကြိုသိစိတ်ကပိုပြင်းထန်လာပြီ။


0687: "ခေါင်းဆောင်ပြောတာက သူမင်းကိုပွိုင့်တစ်သန်းလျော်ကြေးပေးပြီးတော့ လင်ဇိုင်းဇိုင်းကိုဒီကမ္ဘာကိုလာပြီး မင်းနဲ့အချိန်ခဏတာပြန်ပေါင်းစည်းခွင့်ပေးမယ်တဲ့။ အားလပ်ရက်ခရီးစဥ်လို့ယူဆရတာပေါ့။"


လင်ခုံးလု: "...." သေချာတာပေါ့။


သဘာဝကျကျပင်၊ ပျော်ရွှင်မှုအပြင် စိတ်လှုပ်ရှားမှုအများကြီးလည်းရှိတယ်ဆိုပေမဲ့ ပျော်ရွင်မှုနှင့်စိတ်လှုပ်ရှားမှုအပြီးမှာ သူကောင်လေး၏အပြုံးကိုတန်းလျစ်လျုရှုပြီး သူ့အကြည့်ကိုခေါင်းစိမ်းလေးပေါ်ရွှေ့လိုက်မိပြန်သည်။


သူဘာကြောင့်မှန်းမသိ ခေါင်းစိမ်းကိုပိုကြည့်လေလေ ပိုပြီးသဘောမတွေ့ဖြစ်လာလေလေပဲ။ လတ်စသတ်တော့...


ပုန်ကန်တတ်တဲ့ကလေးရှိတဲ့အခြားမိဘများကဲ့သို့ပင်၊ လင်ခုံးလုချက်ချင်းမည်းတူးသွားရကာ ရုတ်တရက်ကားထဲကထွက်ကာ လင်ဇိုင်းဇိုင်း၏နားရွက်များကိုလှမ်းဆွဲပြီး သူ့ကိုဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။

"ဝင်လာခဲ့။"


"အိုး၊ နာတယ်၊ နာတယ်လို့၊ လူကြီးမင်း ငြင်သာပေးလေနော်။"


"နာအောင်လုပ်တာလေ၊ ငါဘယ်သူမှန်းမသိချင်ယောင်ဆောင်နေတုန်းပဲလား။" လင်ခုံးလု၏လက်အားကလုံးဝမလျော့သွားပေ။


ပုံမှန်ဆို သူကလောင်လင်ဆီကနားရွက်ဆွဲခံရတဲ့တစ်ယောက်ဆိုပေမဲ့ အခုဆိုသူ့မှာကလေးရှိလာတော့ တကယ်ခံစားလို့ကောင်းတာပဲ။


ပြီးတော့လည်း ခုနကသူ့ကိုဓာတ်ပုံပို့ပေးခဲ့တဲ့"ဖြောင့်မတ်မှန်ကန်တဲ့သူစိမ်း"ကဒီကလေးပဲနေမှာ၊ သူ့အဖေကိုအကွက်ဆင်ရဲတယ်ပေါ့၊ တယ်သတ္တိရှိသကိုး။


ကလေးကပုန်ကန်ထကြွပြီးပြဿနာရှာရင်ငါဘာလုပ်သင့်လဲ။ ဆော့ပြီးရင်ပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် ငါဒီညဘာမှလုပ်စရာမရှိဘူးပဲ၊ ငါအားတယ်ဆိုအားတယ်ပေါ့။


ဆယ်မိနစ်ကြာသော် လင်ဇိုင်းဇိုင်းမှာဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်လျက် သူ့နားရွက်များကိုခါးသက်စွာပွတ်သပ်ရင်း ဒုက္ခရောက်နေသည့်ကြောင်လေးပမာ လင်ခုံးလုကိုအချိန်နှင့်အမျှခိုးခိုးကြည့်နေလေသည်။


ပြီးတော့လင်ခုံးလုက စိတ်ခံစားချက်မရှိသည့်ကြောင်ကြီးပမာ သူနှင့်ဆန့်ကျင်ဘက်မှာလက်ပိုက်လျက်သားထိုင်နေပေသည်။


"ငါ့ကိုပြော၊ မင်းရဲ့အစိမ်းရောင်ဆံပင်ကဘယ်လိုဖြစ်တာလဲ။" လင်ခုံးလုတည်တင်းသောမျက်နှာဖြင့်မေးလိုက်သည်။


လင်ဇိုင်းဇိုင်းဒါကိုကြားသော် ချက်ချင်းကြွားလိုက်သည်။

"ကျွန်တော်ဒီနေ့ကူးပြောင်းလာခါစတုန်းကဆိုးခဲ့တာလေ၊ မမိုက်ဘူးလား။"


လင်ခုံးလု: "ဒီတော့မင်းကူးပြောင်းလာပြီးနောက်မှာမင်းလုပ်တဲ့ပထမဆုံးအရာကငါ့ကိုရှာတာမဟုတ်ဘဲ ခေါင်းကိုအစိမ်းရောင်သွားဆိုးတာပေါ့?"


လင်ဇိုင်းဇိုင်းကခပ်တိုးတိုးဆိုလာသည်။

"အဟမ်း၊ ဒီတိုင်း...တစ်နာရီပဲကြာတာပါ၊ ဆေးဆိုးပြီးတာနဲ့ကျွန်တော်ဖေငယ့်ကိုလာရှာတာလေ။"


လင်ခုံးလုသက်ပြင်းချကာ စနစ်ကိုမေးလိုက်မိသည်။

"ငါကမ္ဘာပျက်ကပ်ကထွက်လာတုန်းက ကျွန်တော်အရွယ်ရောက်နေပြီ၊ သူငယ်တန်းကျောင်းသားမဟုတ်တော့ဘူးလို့ သူပြောခဲ့တာကိုငါမှတ်မိပါသေးတယ်၊ ဘာလို့အခုကျ...အသက်ကြီးလာလေလေ သူငယ်ပြန်လာလေလေဖြစ်လာတာတုန်း?"


0687: "ဒါ...ငါ0688ဆီကကြားခဲ့တာကတော့ သူဒီကိုမလာခင်ကူးပြောင်းခဲ့တဲ့ဇာတ်ကောင်က ကျောင်းတွင်းဝတ္ထုထဲမှာပုန်ကန်ထကြွတတ်တဲ့ကျောင်းသားဗိုလ်ဆိုပဲ၊ ပြီးတော့သူအရင်ကကူးပြောင်းခဲ့တဲ့တစ်ခုကလည်းကျောင်းလူဆိုးပဲတဲ့၊ သူဇာတ်လမ်းထဲအရမ်းနစ်ဝင်သွားပြီးတော့ ပြန်လှည့်မလာသေးတာနေမယ်။"


လင်ခုံးလု: "...."


0687: "အသစ်လေးတွေကဒီလိုပဲလေ။"


လင်ခုံးလုအကြာကြီးစကားမပြောတာကိုမြင်လိုက်ရတော့ လင်ဇိုင်းဇိုင်းရင်ထဲမှာမနေနိုင်ဘဲစိုးရိမ်ပူပင်သွားရကာ သူ့အစာအိမ်ကိုပွတ်သပ်ပြီး သနားစရာကောင်းချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

"ဖေငယ်၊ ကျွန်တော်တစ်နေကုန်ဘာမှမစားရသေးဘူး။"


လင်ခုံးလုသူ့ကိုကြည့်နေမှန်းမြင်လိုက်ရတော့ သူကောင်းကင်ကိုအလျင်စလိုကျိန်ဆိုပြလိုက်သည်။

"တကယ်ပြောတာ၊ ဒီခန္ဓာကိုယ်ကအရမ်းဆင်းရဲလွန်းလို့ ကျွန်တော်ဆာလို့သေတော့မယ်။ ကျွန်တော်ကူးပြောင်းလာပြီးနောက်မှာ အမှိုက်ကောက်ပြီးပိုက်ဆံရှာရုံပဲတတ်နိုင်တာရယ်။ ဒါပေမဲ့ကျွန်တော်ကံကောင်းပြီး ပိုက်ဆံအိတ်တစ်အိတ်ကောက်ရတော့ ပိုင်ရှင်ကိုပြန်ပေးလိုက်တယ်။ ပိုင်ရှင်ကရွှေကောက်ပေးတဲ့အတွက်ကျွန်တော့်ကိုချီးကျူးပြီး ယွမ်ငါးရာပေးခဲ့တယ်ဗျာ။"


လင်ခုံးလု: "....."


"မင်းမှာပိုက်ဆံရှိရင်စားစရာသွားဝယ်မစားဘဲ အရင်ဆုံးဆံပင်ဆေးသွားဆိုးတယ်ပေါ့လေ?" သူအံကြိတ်ပြောလိုက်ပြီး သူ့လေသံမှာမည်းမှောင်လျက်။


လင်ဇိုင်းဇိုင်းကြောက်လန့်တကြားခေါင်းလေးပုလိုက်မိသည်။ ဒါပေါ့၊ သူ၃ယွမ်တန်ပေါင်မုန့်တစ်လုံးနှင့်၂ယွမ်တန်ရေတစ်ဗူးဝယ်ခဲ့ပေမဲ့ ဒါကသနားစရာကောင်းဟန်ဆောင်နေတာမဟုတ်ပေ။


"ပြီးတော့ ဖေငယ်၊ ကျွန်တော်ဘယ်လောက်ကံဆိုးလဲဆိုတာဖေငယ်မသိပါဘူးဗျာ။ ကျွန်တော်စုစုပေါင်းကမ္ဘာနှစ်ခုပဲကူးပြောင်းရသေးတာ၊ ကမ္ဘာနှစ်ခုလုံးမှာကျွန်တော့်ဇာတ်ကောင်တွေက ဆင်းရဲမွဲတေပြီးတော့ ကောင်းကောင်းမစားနိုင်၊ အဝတ်နွေးနွေးထွေးထွေးမဝတ်နိုင်...."


လင်ခုံးလုရုတ်ခြည်းတိတ်ကျသွားရသည်။ သူသရုပ်ဆောင်နေမှန်းသိပေမဲ့လည်း ကိုယ့်သားအရင်းခေါက်ခေါက်အတွက်ဘယ်လိုလုပ်စိတ်မကောင်းဖြစ်မိဘဲနေနိုင်မှာလဲ။


သူမနေနိုင်ဘဲထရပ်ကာ လင်ဇိုင်းဇိုင်းဘေးမှာဝင်ထိုင်ပြီး ကောင်လေး၏ခေါင်းကိုပွတ်ပေးကာ ပြောလိုက်သည်။

"တော်ပြီ၊ ဟန်ဆောင်မနေနဲ့တော့။ မင်းစားချင်တာပြော၊ ဖေငယ်မင်းကိုဝယ်ကျွေးမယ်။"


အခုဆိုမင်းရဲ့ဖေငယ်ကပိုက်ဆံမပြတ်လပ်တော့ဘူးကွ။


"တကယ်?" ဒါကိုကြားသော် လင်ဇိုင်းဇိုင်း၏မျက်လုံးများချက်ချင်းတောက်ပသွားတော့သည်။


ဒါကိုမြင်သော် သူအများကြီးခံစားခဲ့ရသည်ဟုလင်ခုံးလုတွေးမိကာ မနေနိုင်ဘဲပို၍ပင်စိတ်ဖိစီးသွားရသည်။ သူဖုန်းထုတ်ကာ နီးစပ်ရာကြယ်ငါးပွင့်ဟိုတယ်ကိုခေါ်ပြီး စားစရာစမှာလိုက်သည်။


သေချာတွေးကြည့်ရင် ဒီကလေးကကမ္ဘာပျက်ကပ်မှာမွေးလာခဲ့တော့ သူအရမ်းကောင်းတာဘာမှမစားဖူးတဲ့ပုံပဲ။ ကူးပြောင်းဝင်ရောက်သူဖြစ်လာပြီးနောက်ပိုင်းမှာ သူ့အဆင့်အတန်းကပါဆင်းရဲနေတာကိုကြားလိုက်ရတော့....


လင်ခုံးလုတွေးကြည့်လေလေ သူစိတ်ဖိစီးလာလေလေဖြစ်ကာ သူအလိုလိုမှာမိရင်းတစ်သိန်းကျော်သွားသည်။


ပုံမှန်ဆို အဲ့ကပ်စီးကုပ်လင်လက်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့အခုက...လင်ဇိုင်းဇိုင်းကရှားရှားပါးပါးရောက်လာတာမို့ သူအံကြိတ်ပြီးမှာလိုက်ရသည်။


ဟိုတယ်ကအလွန်နီးသဖြင့် စားစရာလာပို့တာမြန်ပေသည်။ လင်ဇိုင်းဇိုင်းထမင်းစားပွဲမှာထိုင်ကာ စားသောက်ရင်းဖြင့်အာမေဋိတ်သံပြုမိသည်။

"ဖေငယ်၊ ဖေငယ်နေ့တိုင်းဒီလိုစားတာလား။ ဒါကသူဌေးတစ်ယောက်ရဲ့ဘဝလား။ 0688၊ မင်းငါ့ကိုဘယ်တော့မှသူဌေးအဖြစ်ကူးပြောင်းခွင့်ပေးမှာလဲ။"


လင်ခုံးလုသူ့ဘေးမှာထိုင်ကာ သူ့အတွက်စားစရာရွေးထည့်ပေးလိုက်ပြီး ထိုစကားကိုကြားသော်သူအနည်းငယ်ရယ်ချင်လာရကာ စနစ်ကိုယ်စားပြန်ဖြေပေးလိုက်သည်။

"ကမ္ဘာကကျပန်းလေ။"


ပြောပြီးနောက် သူကလေး၏အခြားအဖေတစ်ယောက်ကိုသတိရသွားကာ တူကိုအမြန်အောက်ချကာ မေးလိုက်သည်။

"မင်းဘာလို့ကုစစ်ကိုသွားနှိပ်စက်တာလဲ။"


ဒါကိုကြားသော်လင်ဇိုင်းဇိုင်းစားသောက်ရပ်သွားကာ တစ်အောင့်ကြာမှဗလုံးဗထွေးအသံဖြင့်ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်မှားမှန်းသိပါတယ်။"


လင်ခုံးလုအနည်းငယ်ထူးဆန်းသွားကာမေးမိသည်။

"ဘာလဲ။"


"ဒီကမ္ဘာမှာဖေငယ်ကသူနဲ့အတူရှိနေတယ်ကြားလို့။" လင်ဇိုင်းဇိုင်းအနည်းငယ်စိတ်ဖိစီးသွားရသည်။

"ကျွန်တော်ဒီတိုင်းဖေကြီးကိုတွေးမိသွားတော့ သူ့ကိုကြည့်ရင်း...အင်း၊ နည်းနည်းစိတ်မပျော်မရွှင်ဖြစ်သွားတာရယ်။"


လင်ခုံးလုရုတ်ခြည်းရယ်မောကာပြောမိသည်။

"ငါမင်းဖေကြီးကိုဖောက်ပြန်နေတယ်ထင်နေတာလား။"


လင်ဇိုင်းဇိုင်းခေါင်းခါကာပြောမိသည်။

"ဖေငယ်ကတာဝန်ပြီးအောင်လုပ်နေရုံသက်သက်မှန်းကျွန်တော်သိပါတယ်။ ကျွန်တော်တို့ကူးပြောင်းဝင်ရောက်သူတွေကဇာတ်ကောင်တစ်ခုကိုအရမ်းကြီးတွယ်ကပ်နေလို့မရ...."


လင်ခုံးလုရွေးချယ်စရာမရှိဘဲ သူ့ကိုကြားဖြတ်ပြောလိုက်ရသည်။

"သူကမင်းရဲ့ဖေကြီးပဲ။"


"အာ?" လင်ဇိုင်းဇိုင်းကြက်သေသေသွားရသည်။


0687လည်းအံ့သြသွားရသည်။

"H Host၊ ဘာပြောလိုက်တယ်?"


လင်ခုံးလုကလင်ဇိုင်းဇိုင်း၏ခေါင်းကိုထပ်ပွတ်ကာ နွေးထွေးစွာပြောလိုက်သည်။

"ငါထွက်သွားတုန်းကပြောခဲ့တာကို မင်းမေ့သွားပြီလား။"


လင်ခုံးလုကမ္ဘာပျက်ကပ်ခေတ်ကမထွက်လာခင်တုန်းက သူအခြားကမ္ဘာကိုသွားကာသူ့ဖေကြီးကိုသွားရှာလိုက်အုံးမည်ဟုပြောခဲ့ဖူးသည်။ အဲ့တုန်းက သူအတည်မယူခဲ့ပေ။ လတ်စသတ်တော့...


ဒါကိုတွေးမိရင်း လင်ဇိုင်းဇိုင်းတစ်ခုခုကိုသဘောပေါက်သွားကာ သူ့မျက်လုံးများရုတ်ခြည်းတောက်ပသွားတော့သည်။


လင်ခုံးလုသူ့ခေါင်းကိုပုတ်ကာပြောလိုက်သည်။

"မင်းသိသွားရင်ရပြီ၊ ငါတို့အတွက်စိတ်မပူနဲ့။"


လင်ဇိုင်းဇိုင်းအပြင်းအထန်ခေါင်းငြိမ့်ပြလိုက်မိပြီး သူကူးပြောင်းလာပြီးနောက်ပိုင်းမှာသူ့ဖေကြီးကိုဖက်ခဲ့မှန်းသတိရသွားတော့ အနည်းငယ်ပျော်ရွှင်သွားရကာ ထပ်တွေးကြည့်မိတော့ ကြည့်ရတာသူဖေငယ့်ကိုမဖက်ရသေးတဲ့ပုံပဲ...


ဒီတော့သူမနေနိုင်ဘဲဟိုဘက်လှည့်ကာ လင်ခုံးလုကိုပွေ့ဖက်ပြီး ပြောလိုက်သည်။

"ဖေငယ်၊ ကျွန်တော်ဖေငယ့်ကိုအများကြီးလွမ်းနေခဲ့တာ။"


လင်ခုံးလုပြုံးလိုက်ပြီး သူ့ကျောပြင်ကိုပုတ်ပေးလိုက်မိသည်။


ထိုစဥ် ကုစစ်အလျင်စလိုတံခါးတွန်းဖွင့်ပြီးအထဲဝင်လာကာ ဒီအခန်းထဲကသားအဖေတွေ့ဆုံခန်းကိုဖြိုခွဲပစ်လိုက်သည်။


"ရှောင်လု..." သူလင်ခုံးလုကိုတစ်ခုခုရှင်းပြဖို့ပြင်လိုက်ပေမဲ့ လင်ခုံးလုကခေါင်းစိမ်းလေးကိုဖက်ထားမှန်းမြင်လိုက်ရချိန် သူ့တစ်ကိုယ်လုံးတမဟုတ်ချင်းတောင့်ခဲသွားရကာ သူ့တစ်ကိုယ်လုံးအနည်းငယ်ပိုအေးစက်လာချေသည်။


လင်ခုံးလုအသံကိုသတိပြုမိသွားကာ အလိုလိုခေါင်းလှည့်ကြည့်မိတော့ သူဖြစ်နေမှန်းမြင်လိုက်ရသဖြင့် မနေနိုင်ဘဲမေးမိသည်။

"မင်းကဘာလို့ဒီရောက်နေတာလဲ။"


ပုံမှန်အတိုင်းယင်းရှပင်လယ်အော်ကိုပြန်သင့်တာမဟုတ်ဘူးလား။


ကုစစ်ဒါကိုကြားသော် သူ့မျက်လုံးများနီစွေးသွားရကာ သူလက်သီးတင်းတင်းဆုပ်လိုက်မိသည်။


ဘာရယ်၊ သူမလာခဲ့သင့်ဘူးလား။ ဒါကသူ့အိမ်လေ! ပြီးတော့ ဒီခေါင်းစိမ်းလေးကဘယ်ကရောက်လာတာလဲ။ ရှောင်လုကပုံမှန်ဆိုကပ်စေးနည်းပေမဲ့ အခုကျဒီလိုစျေးကြီးတဲ့ညစာမျိုးကိုခေါင်းစိမ်းလေးအတွက်တကယ်ကြီးမှာပေးခဲ့တယ်ပေါ့လေ။


ထိုစဥ် လင်ဇိုင်းဇိုင်းကလင်ခုံးလုနောက်မှခေါင်းလေးပြူထွက်လာပြီး ရှက်ရွံ့ကာစပ်စုသောမျက်နှာထားဖြင့် နှုတ်ဆက်စကားဆိုလိုက်သည်။

"နိဟောင်၊ ကျွန်တော်ပြောရင်ခင်ဗျားမယုံလောက်ပေမဲ့ ကျွန်တော်ကတကယ်တော့ခင်ဗျားသားပါဗျ။"


"ဟက်!" ကုစစ်လှောင်ပြုံးပြုံးလိုက်သည်၊ သူကဒီလိုပေါက်ကရစကားကိုယုံမယ်တဲ့လား။


လင်ခုံးလုလည်းရုတ်ခြည်းခေါင်းကိုက်လာရသည်၊ ဒီကိစ္စကိုဘယ်လိုရှင်းပြရမလဲ။


လင်ဇိုင်းဇိုင်းကဉာဏ်ထက်ပြီး သာမန်ကာလျှံကာပြောလိုက်သည်။

"တကယ်ပါဆို၊ ကျွန်တော်က၁၈နှစ်အကြာကကူးပြောင်းလာတာ၊ ကျွန်တော်ကခင်ဗျားသားပဲ။"


"အော်?" ကုစစ်နောက်ဆုံးမှာစကားပြောလာပြီး အေးစက်စက်အသံဖြင့်မေးလိုက်သည်။

"မင်းဒီနှစ်မှာအသက်ဘယ်လောက်ရှိပြီလဲ။"


"၁၈နှစ်။" လင်ဇိုင်းဇိုင်းအလိုလိုပြောလိုက်မိသည်၊ ဒါကဒီခန္ဓာကိုယ်ရဲ့အသက်လေ။


လင်ခုံးလုချက်ချင်းနှဖူးပင့်လိုက်မိသည်။


"ဒီတော့..." ကုစစ်ကလင်ခုံးလုကိုကြည့်ကာဆိုသည်။

"ရှောင်လုကအခုကိုယ်ဝန်ဆယ်လရှိသင့်ပြီပေါ့။"


လင်ခုံးလုသူ့မျက်နှာသူအုပ်လိုက်မိပေမဲ့ သူ့မျက်နှာကိုအုပ်ပြီးတစ်ခဏအကြာမှာ တစ်ခုခုမှားနေမှန်းရုတ်ခြည်းခံစားမိလိုက်ပေမဲ့ အမြန်သိမ်းဆည်းကာပြောလိုက်သည်။

"ဘာဖြစ်လို့မင်းမှာကိုယ်ဝန်ဆယ်လမရှိသင့်တာလဲ။"


ကုစစ်သူ့ဘာသာသူတွေးကြည့်မိသည်။ ဘယ်သူမဆိုမဖြစ်နိုင်ဘူး၊ သူတို့မှာဒီလုပ်ဆောင်မှုမရှိဘူးလေ။


ခေါင်းစိမ်းလေးကတော့ ဒီလူလိမ်လေးဘယ်ကရောက်လာမှန်းသူမသိဘူး။ နောက်ကွယ်ကလက်သည်တရားခံကိုသာသူသိရင်....


ဒါကိုတွေးမိရင်း သူလက်ဆန့်ကာလင်ဇိုင်းဇိုင်းကိုလင်ခုံးလုနောက်မှဆွဲထုတ်လိုက်ပြီး သြရှရှအသံဖြင့်ပြောလိုက်သည်။

"ရှောင်လု၊ ဓာတ်ပုံကိစ္စကိုယ်မင်းကိုနောက်မှရှင်းပြမယ်နော်။ ဒီကလေးမှာပြဿနာရှိတယ်၊ ကိုယ်..."


"နေပါအုံး!" လင်ဇိုင်းဇိုင်းအမောတကောရှင်းပြကာ ဗြောင်ကျကျပြောလိုက်သည်။

"ကျွန်တော်ဓာတ်ပုံရိုက်ပြီးတင်ခဲ့တာပါ၊ ကျွန်တော်အမှားလုပ်ခဲ့မိပါတယ်၊ ဖေကြီးရယ်၊ ကျွန်တော့်ကိုမောင်းမထုတ်ပါနဲ့နော်။ မဟုတ်ရင်ကျွန်တော်လမ်းပေါ်မှာအိပ်ပြီးအသက်ရှင်ဖို့အတွက်အမှိုက်ကောက်ရမှာလို့...."


ကုစစ်ထူးဆန်းသယောင်ခံစားလိုက်ရသည်။ ဒီကလေးသနားစရာကောင်းချင်ယောင်ဆောင်လိုက်ချိန်မှာ သူ့မှာတကယ်ကြီးဖော်ပြမရအောင်ရင်းနှီးတဲ့ခံစားချက်တစ်စွန်းတစ်စရှိလာပြီးတော့.....တောင့်မခံနိုင်တာလား။


ထိုစဥ်လင်ခုံးလုသူ့လက်ကိုဘေးဖယ်ကာ ပြောလိုက်သည်။

"အေးပါ၊ အေးပါ၊ ဒါကငါအခုပဲမွေးစားလိုက်တဲ့ကလေးလေ၊ ဒီတော့ဒါပါပဲ။"

ဘာပဲဖြစ်ဖြစ် ဘယ်လိုရှင်းပြရမယ်မှန်းသူမသိဘူးရယ်။


ကုစစ်၏နှုတ်ခမ်းထောင့်များမသိမသာတွန့်သွားရသည်။ ဒီလောက်ကြီးတဲ့"ကလေး"ကိုဘယ်သူကမွေးစားမှာလဲ? တကယ်...သောက်ရမ်းကြီးလွန်းတယ်။


"တကယ်ပြောတာ၊ ဖေကြီး၊ ကျွန်တော်ဖေကြီးကိုမလိမ်ဘူး၊ ဖေကြီးသွေးစစ်ကြည့်လို့ရတယ်။"

လင်ဇိုင်းဇိုင်းခပ်တိုးတိုးဆိုလိုက်သည်။


ဘာပဲဖြစ်ဖြစ် သူ့မှာစနစ်ရှိနေတာမို့ မကိုက်ညီရင်တောင်ကိုက်ညီအောင်လုပ်လို့ရတယ်လေ။


ကုစစ်မှာထုံးစံအတိုင်းမယုံကြည်ပေ၊ သူဟာဓာတ်ပုံကြောင့်လင်ခုံးလုရှေ့မှာမှားယွင်းစွပ်စွဲခံခဲ့ရသည်ပင်။ လင်ခုံးလုကခေါင်းစိမ်းလေးကိုကာကွယ်ပေးနေမှန်းမြင်လိုက်ရတော့ သူ၏စိတ်မပျော်မရွှင်ဖြစ်မှုကိုအရင်ဖိနှိပ်ကာ ခပ်တိုးတိုးအသံဖြင့်ခြိမ်းခြောက်လိုက်ရသည်။

"မင်းလှည့်ကွက်မသုံးရင်ပိုကောင်းမယ်။"


လင်ခုံးလု၏အကာအကွယ်ဖြင့် လင်ဇိုင်းဇိုင်းကဗီလာထဲမှာထိုသို့နေထိုင်လျက်ရှိသည်။


ဒီကလေးကသနားချင်ယောင်ဆောင်ခဲ့ဖူးသည့်အပြင် သူ့ဇစ်မြစ်မှာမသိရဘဲ သူ့ကိုအရင်ကအကွက်ဆင်ခဲ့ကာ လင်ခုံးလုနားတိုးကပ်နေပြီး အခြားရည်ရွယ်ချက်တချို့ရှိတာဖြစ်လောက်မည်ဟုကုစစ်ခံစားခဲ့ရသည်။


ဒါပေမဲ့သူ့ရှောင်လုကတအားဖြူစင်ပြီး ဒီခေါင်းစိမ်းလေးထံမှာအရူးလုပ်ခံနေရသည်။ သူခေါင်းစိမ်းလေး၏အသေးစိတ်အချက်အလက်များကိုရှာဖွေရမည်၊ ဒါမှသာရှောင်လုကဒီကလေး၏မျက်နှာအစစ်အမှန်ကိုသိရှိသွားနိုင်မှာဖြစ်သည်။


သို့သော်လည်း သူဘာဆိုဘာမှရှာမတွေ့ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူနှင့်ဒီကလေးတိုက်ခိုက်(ငြင်းခုံ)နေကြချိန် သူတို့နှစ်ယောက်မှာပိုမိုရင်းနှီးသထက်ရင်းနှီးလာခဲ့သည်။ တဖြည်းဖြည်းချင်းနှင့် တစ်ခါတရံဆို ဒီကလေးကသူ့သားဖြစ်သည်ဟူသည့်ထင်ယောင်ထင်မှားဖြစ်မှုသူ့မှာတကယ်ရှိလာသည်။


သူမတော်တဆပင်.....ဒီကလေးနှင့်သွေးစစ်ကြည့်ခဲ့မိသည်။


ထူးဆန်းလှသည်၊ သူအမှောင်ဖုံးနေခဲ့သည်ဟုသက်ာမကင်းဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာသိပ္ပံနည်းမကျသောအရာတစ်ခုနှစ်ခုထက်ပိုရှိသည်ပင်။ ဥပမာပြောရရင် အရင်ဘဝတုန်းကဆို ရှောင်လုမှာသူ့ကိုစိတ်ဝိညာဥ်အပိုင်းအစပြန်ရယူရန်ကူညီပေးနိုင်သည့်အထူးစွမ်းရည်ရှိနေမှန်းသူလုံးဝမသိခဲ့ပေ။


ကိစ္စများစွာကိုရှင်းပြလို့မရနိုင်။ အထူးသဖြင့် သူသွေးစစ်ချက်ရလာသည့်အခိုက်အတန့်မှာ ကမ္ဘာကြီးကရူးသွပ်သွားပြီဟုကုစစ်ခံစားလိုက်ရသည်။


သူခေါင်းလှည့်ကာ သူ့ဘေးမှာရပ်နေသည့်ခေါင်းစိမ်းလေးကိုကြည့်မိတော့ ရုတ်တရက်ထူးဆန်းစွာရှာတွေ့လိုက်ရတာက ဒီကလေးကိုကြည့်ရတာ....အခုရက်ပိုင်းရုပ်ပြောင်းလာပြီး သူနှင့်လင်ခုံးလုနှင့်နည်းနည်းဆင်တူလာသယောင်။


ထူးဆန်းချက်!


သူမနေနိုင်ဘဲမျက်စိမှိတ်ကာ သူ့မျက်ခုံးနှစ်ဖက်ကြားကနေရာလွတ်ကိုဖျစ်ညှစ်မိလျက် ခေါင်းစိမ်းလေးကိုထပ်ကြည့်မိပြန်သည်။


ကောင်းရော၊ ဒီတစ်ခေါက် ဖေကြီးမှာစိတ်အခြေအနေမကောင်းလေတော့။ သူခေါင်းစိမ်းလေးကြောင့် ဘယ်လောက်ပဲစိတ်အနှောင့်အယှက်ဖြစ်နေပါစေ ၊ သူသြရှရှအသံဖြင့်ပြောလိုက်ရသည်။

"ငါနဲ့လိုက်ခဲ့။"


လင်ဇိုင်းဇိုင်းပဟေဠိဖြစ်သွားရသည်။ ဖေကြီးကတော့လေ၊ ဖေငယ်နဲ့အတူရှိတုန်းကတော့ နွေဦးလိုမျိုးနွေးထွေးနေခဲ့ပေမဲ့ သူနဲ့ကျတော့ ဆောင်းဦးလိုမျိုးအေးစက်သွားတော့တာပဲ။


သူစိတ်ကြိုက်စားနိုင်သောက်နိုင်အိပ်နိုင်တဲ့သူ့ဖေငယ်ရုံးကိုသာသွားချင်မိသည်။၎င်းရိုးရှင်းစွာပင် သူ့စိတ်ကူးအိပ်မက်ထဲကချမ်းသာတဲ့ဒုတိယမျိုးဆက်ရဲ့ဘဝပဲလေ။


သူအရင်ရက်တွေတုန်းကလည်းဒုတိယမျိုးဆက်ဖြစ်နေခဲ့သော်ငြား၊ အရင်ရက်တွေမှာတော်....အစားအသောက်ကဘယ်လောက်ငြီးငွေ့စရာကောင်းလိုက်လဲ၊ အစားအသောက်ကကျောင်းတွင်းဝတ္ထုထဲကကန်တင်းထဲကဟာတွေလောက်မဆိုးဘူး။


ဒါပေမဲ့ရှားရှားပါးပါး ဖေကြီးကသူနှင့်သားအဖဆက်ဆံရေးပြေလည်ဖို့ဆန္ဒရှိတဲ့အပြင် သူကကပ်စေးနည်းတစ်ယောက်မဟုတ်တာမို့ သူအခွင့်အရေးပေးလိုက်ပါမယ်လေ။


သို့ဖြစ်၍ လင်ဇိုင်းဇိုင်းတစ်ယောက်ကုစစ်ထံမှခပ်မြန်မြန်ကားထဲဆွဲသွင်းခံရကာ ဆံပင်နှင့်အလှပြုပြင်ရေးဆိုင်ထဲတန်းခေါ်သွားခံခဲ့ရသည်။ သူပြန်ထွက်လာတော့ သူ့ခေါင်းစိမ်းလေးမှာခေါင်းမည်းလေးအဖြစ်ပြောင်းသွားပြီဖြစ်သည်။


လင်ဇိုင်းဇိုင်းငိုချင်ပေမဲ့မျက်ရည်မထွက်ပေ။ သူ၄၉၅ယွမ်ဖြုန်းပြီးဆိုးထားတဲ့ခပ်မိုက်မိုက်ဆံပင်အရောင်လေးကတော့သွားပါပြီ။


လင်ခုံးလုအလုပ်ကပြန်လာချိန်မှာ သူနောက်ဆုံးတော့ဆံပင်ပြန်ဆိုးလိုက်ပြီမှန်းမြင်လိုက်ရတော့ မချီးကျူးဘဲမနေနိုင်တော့ပေ။

"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်။"


လင်ဇိုင်းဇိုင်းခေါင်းငိုက်စိုက်ကျလျက် ခါးသပ်စွာပြောမိသည်။

"ဖေကြီးကကျွန်တော့်ကိုခေါ်သွားပြီးဆေးဆိုးပေးခဲ့တာ။"


ကုစစ်ကပျော်ရွှင်နေလျက် သူ့လက်ထဲကသတင်းစာကိုလှုပ်ခါကာ နှုတ်ခမ်းထောင့်များမသိမသာပင့်လိုက်သည်။

"မင်းဒီမှာနေချင်ရင် မင်းဆံပင်ကိုအစိမ်းရောင်ဆိုးလို့မရဘူး။ မဟုတ်လို့ကတော့...အမှိုက်ကောက်ဖို့ပစ်ထုတ်ခံရမယ်။"


"မဆိုးဘူး၊ မဆိုးဘူး။"

လင်ခုံးလုကအလွန်သဘောတူဟန် ခေါင်းတငြိမ့်ငြိမ့်လုပ်လျက်။


"အစိမ်းရောင်မရဘူးဆိုတော့ အနီရောင်ရလားဟင်?" လင်ဇိုင်းဇိုင်းမျှော်လင့်ချက်နောက်ဆုံးကြိုးမျှင်လေးဖြင့်မေးလိုက်မိသည်။


"မင်းဆိုးရဲရင် အခုချက်ချင်းအပြင်ထွက်ပြီးငါ့အတွက်အမှိုက်သွားကောက်တော့။" လင်ခုံးလုနှင့်ကုစစ်ကသံပြိုင်ခြိမ်းခြောက်လာကြသည်။


လင်ဇိုင်းဇိုင်း: "....." သေချာတာပေါ့၊ သူ့အဖေတွေပဲ။


သို့သော်လည်း လင်ဇိုင်းဇိုင်းကဒီကမ္ဘာမှာအကြာကြီးမနေခဲ့ပေ။ အဆုံး၌ သူ့မှာလည်းမစ်ရှင်ရှိသည်ပင်။ သုံးနှစ်ကြာပြီးနောက် သူကလင်ခုံးလုကိုမပျော်မရွှင်နှုတ်ဆက်ထွက်သွားတော့သည်။


သူတို့အနာဂတ်မှာပြန်တွေ့မှာမှန်းလင်ခုံးလုသိတာမို့ အရမ်းကြီးဝမ်းနည်းမနေပေမဲ့ သူအနည်းငယ်တွန့်ဆုတ်နေမိကာ သူ့ကိုကူးပြောင်းဝင်ရောက်ရန်အတွက်သတိထားဖွယ်ရာများစွာကိုပြောပြခဲ့သည်။


သူအလုပ်ခရီးမှပြန်မလာခင်အထိလင်ဇိုင်းဇိုင်းမရှိတော့မှန်းကုစစ်မသိလေရာ အံ့သြတကြီးမေးမိသည်။

"ဟိုကလေးကော?"


"သွားပြီ။" လင်ခုံးလုသက်ပြင်းချမိလျက်။


ခန္ဓာကိုယ်(အလောင်း)ကိုတော့မြုပ်နှံပြီးသွားပြီ၊ လူကတော့...


"ငါတို့နောက်ကျထပ်တွေ့မှာပါ။" သူပြောလိုက်သည်။


ကုစစ်တိတ်ကျသွားရသည်။ သုံးနှစ်တာအတူရှိလာပြီးနောက် သူထိုကလေး၏ပေါက်ကရစကားများကိုတကယ်ယုံကြည်သွားခဲ့သည်။


လင်ခုံးလု၏စကားလုံးများကလည်းမှန်သည်ဟုသူတဝိုးတဝါးခံစားလိုက်ရသည်၊ လင်ခုံးလုကသာမန်လူတစ်ယောက်မဟုတ်မှန်းသူအမြဲသိနေခဲ့သလိုမျိုးပေါ့။ အဆုံးတွင် ရှောင်လုကသူ့စိတ်ဝိညာဥ်အပိုင်းအစပျောက်ဆုံးမှုကိုရှာတွေ့နိုင်သည့်အပြင် ယွီမင်ရှို့လိုမျိုးအထူးစွမ်းရည်ရှိသည့်လူတွေကိုကိုင်တွယ်ဖြေရှင်းနိုင်မှတော့ သူကဘယ်လိုလုပ်သာမန်ဖြစ်နိုင်မှာလဲ။


သူဘယ်တုန်းကမှမမေးခဲ့ရုံသာ၊ သူရှာဖွေဖော်ထုတ်ဖို့မကြံရွယ်ထားပေ။ ရှောင်လုကဘယ်သူပဲဖြစ်ဖြစ် ဘယ်သူနေရာကပဲလာလာ ကိစ္စမရှိပေ၊ သူသူ့ကိုသာသဘောကျနှစ်သက်သည်။ ရှောင်လုကလည်းသူ့ကိုသဘောကျပြီး သူ့ဘဝလက်ကျန်တစ်ခုလုံးမှာသူ့ကိုအဖော်ပြုပေးဖို့ဆန္ဒရှိသရွေ့ လုံလောက်ပြီပင်။


ဖော်ပြမရအောင်ပေါ်လာပြီး ထို့နောက်ရုတ်တရက်ဆန်စွာပျောက်သွားခဲ့တဲ့အဲ့လင်ဇိုင်းဇိုင်းကတော့ ၊ ကျွတ် ၊ ဒီကလေးအိမ်မှာရှိနေတာကိုနေသားကျသွားပြီးနောက် အစကဘယ်သူ့ကိုမှမမြင်ရတာတကယ်အဆင်မပြေပေ။


ကုစစ်ဘာမှမဆိုပေမဲ့ နှစ်ရက်တာအေးချမ်းနေပြီးနောက် တစ်ညမှာ သူရုတ်တရက်မနေနိုင်ဘဲလင်ခုံးလုကိုပွေ့ဖက်ကာပြောမိသည်။

"ရှောင်လု၊ ကလေးစောစောမွေးလာအောင် အလုပ်ကြိုးစားကြစို့လေ။"


"?" မျက်နှာမှာဖော်ပြမရအောင်ပင်။


ကုစစ်ကရှင်းပြသည်။

"သူကကိုယ်တို့ရဲ့အနာဂတ်သားလို့ အဲ့ကလေးမပြောသွားခဲ့ဘူးလား။"


လင်ခုံးလု: "....." သောက်ကျိုးနည်းအနာဂတ်၊ အဲ့ကလေးကမွေးလာပြီးတာကြာလှပြီ၊ ဒီတော့မင်းဘာသာမင်းအလုပ်ကြိုးစားလိုက်တော့။


_________________________