Chapter 112
Viewers 18k

💘Chapter 112  

ဝေ့ဟွား၏နှလုံးသားကို လှုပ်ခတ်စေခဲ့သော



ဝေ့ဟွား အခုတလော အနည်းငယ် စိတ်ရှုပ်နေသလိုခံစားရပြီး ဘာကြောင့်ဖြစ်ရသည်ဟုပြောရအောင်လည်း အခြေအမြစ်မရှိပေ။ သူ့အလုပ်က သိပ်ပြီး မချောမွေ့နေပေမဲ့ ယေဘုယျအားဖြင့်တော့ အရှိန်အဟုန်ကောင်း​​နေ​ပေသည်။ ဝေ့ဟွားက အမြဲ အလုပ်ကပြဿနာများကို  စိတ်ထဲမထည့်ခဲ့ပေ။မည်သို့ပင်ဖြစ်စေ ကမ္ဘာပျက်​စရာ ကိစ္စမှမဟုတ်သည်ပင်။ကြိုးစားအားထုတ်နေသရွေ့ အမြဲပြေလည်သွားနိုင်သည်။ဤတို့ကို သူ မဖြေရှင်းနိုင်လျှင်ပင် သူ့အထက်မှာ ဝေ့ကျန်းရှုန်း ရှိသည်၊ဤသည်မှ အလုပ်မဖြစ်သေးလျှင် သူ့မှာဝေ့မိသားစု ရှိ​သေးလေသည်။


ဝေ့ဟွားက အလွန်အကောင်းမြင်တတ်သူဖြစ်သည်။ သူ့ဘဝ၏ အနှစ်နှစ်ဆယ်ကျော်မှာ ဘယ်အရာကမှ သူ့ကို အဆိုးမြင်စိတ်ဖြစ်အောင်၊ စိတ်ညစ်အောင် မလုပ်နိုင်ပေ။


ယခုမူ ဝေ့ဟွားတစ်ယောက် သူ့ကိုယ်သူ နားမလည်နိုင်တော့ပေ။ သူ့ရင်ထဲမှာ စိတ်ရှုပ်မှုက ကလိကလိနှင့် ရက်အတော်ကြာအောင် နှောက်ယှက်နေပေမဲ့ နောက်ကွယ်က အကြောင်းရင်းကို ရှာမတွေ့ပေ။


အိမ်တွင်းလေထုက အနည်းငယ် မွန်း​​​ကြပ်သည်ဟု ခံစားရသဖြင့် ဝေ့ဟွား လမ်းလျှောက်ထွက်ရန် တွေးလိုက်သည်။မသိလိုက်ခင်မှာပဲ သူ့ကားကို ဘလူးစ်​ကော်ဖီဆိုင်အောက်ထပ်မှာ ရပ်ပြီးနေခဲ့ပြီဖြစ်သည်။


ဝေ့ဟွားလည်း ဘလူးစ်ကို သူဘာကြောင့် ရောက်လာမှန်း မသိ​ပေ။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည့်အခါ ကော်ဖီဆိုင်၏ မီးလုံးများက လင်းနေသေးသည်ကို သူ သတိထားမိလိုက်သည်။ သူ့လက်က အလိုလို ကားတံခါးကို  ဖွင့်လိုက်ပြီး ဘလူးစ်ဆီသို့ လျှောက်သွားခဲ့သည်။


ဝင်ပေါက်တွင် လေ​ခေါင်း​လောင်းသံများ မြည်လာသဖြင့် ဘလူးစ်၏ ပိုင်ရှင်က ​မော့ကြည့်လိုက်ရာ သွားအဖြီးသားနှင့် ဝေ့ဟွား၏ ချောမောသော မျက်နှာကို တွေ့လိုက်ရသည်။ကွေးတက်သွားတော့မည့် ပိုင်ရှင်၏ပါးစပ်က ​ချက်ချင်းမဲ့ကျသွားပြီး ​ဝေ့ဟွားတစ်ယောက် ချဉ်​​တင်တင်မျက်​နှာပေးသာရလိုက်​လေသည်။


ဝေ့ဟွားက ပိုင်ရှင်၏ အေးစက်သော ဆက်ဆံမှုကို ကျင့်သားရနေပုံရသည်။ သူက အပြုံးတစ်ပွင့်ဖြင့် လျှောက်လာရင်း ဤရက်ပိုင်း သူ့နှလုံးသားထဲတွင် ရစ်တွယ်နေခဲ့သော စိတ်ရှုပ်မှုက မှော်ဆန်ဆန်ပျောက်ကွယ်သွားခဲ့သည်ကို အံ့ဩစွာပဲ ခံစားမိလိုက်သည်။


"ဆိုင်ပိတ်ပြီ... ကျေးဇူးပြုပြီး ထွက်သွားပါ"

ဝေ့ဟွားကို ဆိုင်ရှင်က တကယ်မကြိုက်ပုံရ၏။ဝေ့ဟွား၏ တင်ပါးနှင့် ထိုင်ခုံ မထိခင်မှာပင် သူကအေးစက်စွာ ပြောလေသည်။


"ဒီလောက်ကြီး အကြင်နာမမဲ့ပါနဲ့ သူဌေးကလဲ...ကျွန်တော် ဒီမှာ သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခုခု ဆွေးနွေးဖို့ ချိန်းထားတ...ကျွန်တော့်ကို အခုနှင်ထုတ်လိုက်လို့ ကျွန်​တော့်သူငယ်ချင်းက ​ပြီးမှ ရောက်လာရင် ရှက်စရာ​ကြီးမဟုတ်ဘူးလား... ဒါ့အပြင် ဆိုင်ကပိတ်တော့မဲ့ပုံလည်းမပေါ်ပါဘူး"

ဝေ့ဟွားက ဆက်နေ၍ရအောင် မုသားတစ်ခုဖန်တီးလိုက်၏။


"ဆိုင်ပိတ်ပြီ...ကျေးဇူးပြုပြီး ထွက်သွားပါ"

ဆိုင်ရှင်က စိတ်မရှည်စွာပဲ ထပ်ပြီး ပြောသည်။


ဝေ့ဟွားက ကုလားထိုင်ပေါ်၌ ထိုင်ချလိုက်ပြီး ထွက်သွားရန် ဇွတ်ငြင်းလိုသည့် သဘောထားကို ပြသလိုက်သည်။


ဆိုင်ရှင်က ဝေ့ဟွားနှင့် ငြင်းခုံရန် စိတ်မပါပေ။သူက ကောင်တာသို့ သွားကာ ကွန်ပြူတာဖွင့်လိုက်ပြီး လက်ချောင်းသွယ်လေးများက ကီးဘုတ်ပေါ်မှာ တ​ဂျောက်​ဂျောက်နှိပ်နေလေသည်။သူဘာရိုက်နေလဲဆိုသည်ကားမသိရပေ။


သူက အခြားသူများ၏ ကိုယ်ရေးကိုယ်တာအား လေးစားသောကြောင့် ဝေ့ဟွား ကွန်​ပြူတာပေါ်က အရာများကို မကြည့်ခဲ့ပေ။ ယင်းအစား သူက လည်ဆန့်ကာ ဆိုင်ရှင်၏လက်ချောင်းများကို ကြည့်​နေလိုက်သည်။ဆိုင်ရှင်၏လက်က ကီးဘုတ်ပေါ်မှ လျင်မြန်စွာ ရွေ့လျား​​နေပြီး ဝေ့ဟွားတစ်ယောက် ထို​လက်ချောင်းများ၏ လှုပ်ရှားမှုပုံရိပ် ဝေ့​ဝေ့ဝါးဝါးများကိုသာ မြင်နေရသည်။


ဝေ့ဟွား အနည်းငယ် အံ့သြသွားသည်။ ဒီလောက် အရှိန်နဲ့ ဆိုင်ရှင်လက်မညောင်းဘူးလား...


ဝေ့ဟွား၏ စိတ်ထဲတွင် ဤအတွေးပေါ်လာသည်နှင့် ပိုင်ရှင်၏ အေးစက်သောအသံကထွက်လာသည်။

"သူငယ်ချင်းကို စောင့်နေတာမဟုတ်ဘူးလား...မင်းသူငယ်ချင်းက မိနစ်အနည်းငယ်အတွင်း မရောက်ရင် ငါတံခါးပိတ်​မယ်"

ဤသို့ပြောလိုက်ချိန်မှာ သူ့လက်ချောင်းများက ကီးဘုတ်ပေါ်မှာပြေးလွှားနေဆဲဖြစ်ပြီး ဝေ့ဟွားကိုစကားပြောနေသည်က သူ့လက်၏အရှိန်ကိုနည်းနည်းမှမသက်ကောက်စေခဲ့ကေ။


"သူမကြာခင် ဒီကိုရောက်မှာပါ"

ဝေ့ဟွားက သူအခုလေးတင်ဖန်တီးထားသော လိမ်ဆင်ကို အမှတ်တမဲ့သတိရပြီး ဘလူးစ်ကိုအမြန်လာရန် ဝေ့ချန်ထံ စာတိုတစ်စောင် အမြန်ပို့လိုက်သည်။


ထုံးစံအတိုင်း ဝေ့ချန်က ငြင်းသည်။


ဝေ့ဟွားက တွေးပင်မတွေးဘဲ နောက်ထပ်မက်ဆေ့ချ်ပို့လိုက်သည်–"မင်းရဲ့မရီးကို ငါပိုးနေတာ... ​​မင်းအစ်ကိုကိုကူညီဖို့ မြန်မြန်လာ!"


သူပို့လိုက်သည့်အရာကို သဘောပေါက်ပြီးနောက် ဝေ့ဟွား အံ့ဩသွားသည်။ ဖုန်းစခရင်ပေါ်ရှိ မက်ဆေ့ချ်ကို သူကြည့်လိုက်သည်။ဒါကို သူပို့ခဲ့တာလား...စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ကို သူသိပေမဲ့ ပေါင်းလိုက်တဲ့အခါ ဘာကို ဆိုလိုတာလဲ...သူလုံးဝနားမလည်ဘူးရော...


ဝေ့ဟွားက သူ့ဖုန်းကို ငေးကြောင်ကြောင် ကြည့်ပြီးနောက် ပိုင်ရှင်၏ ပြီးပြည့်စုံသော မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူ၏စိတ်အ​နှောက်အယှက်​ဖြစ်​နေမှု၏အဖြေကို သူတွေ့ရှိသွားခဲ့သည်။ သူ့တွင် ဘလူးစ်ကဖီးပိုင်ရှင်အတွက် ခံစားချက်များ ဖြစ်ပေါ်​​​နေခဲ့ခြင်းပါပင်။


ဝေ့ဟွား ဆိုင်ရှင်ကို မိန်းမောကာ ကြည့်နေသည်။ဆိုင်ရှင်က သူ၏အကြည့်စူးစူးကိုအာရုံခံမိ၍ဖြစ်မည်၊ လက်ချော်ပြီး အမှားတစ်ခု လုပ်လိုက်မိလေသည်။ဤအမှားအတွက် လျော်ကြေးပေးရန်  ကီးဘုတ်ပေါ်တွင် စာရိုက်နေသည့် မြန်နေပြီးသား သူ၏ လက်အမြန်နှုန်းက ပို၍ တိုးလာသည်။


ဆိုင်ရှင် ကွန်​ပြူတာနှိပ်သည်ကို ကြည့်ရသည်က ပြီးပြည့်စုံသောမြင်ကွင်းအတွေ့အကြုံတစ်ခုလို ဝေ့ဟွားခံစားရသည်။ဆိုင်ရှင်၏ သွယ်လျသောလက်ချောင်းများက ကီးဘုတ်တစ်လျှောက် လျင်မြန်စွာ ပျံသန်း​နေကာ ဝေါ့ဇ်ဂီတကဲ့သို့ စည်းချက်ကျကျ အသံထွက်၍နေပြီး လှပ​သောကာရန်နှင့် ဆွဲဆောင်မှုရှိသော ကကွက်များကို ထုတ်ပေး​လေသည်။


ဝေ့ဟွားတစ်ယောက် ဆိုင်ရှင်၏နာမည်ကိုပင် မသိပေငြါး လုံးလုံးလျားလျား ဆိုင်ရှင်၏ညှို့ယူခြင်းကိုခံလိုက်ရလေပြီ။ဖြစ်နိုင်သည်က၊ ဆိုင်ရှင်က ဘလူးစ်ကဖီး၏ပိုင်ရှင်ဖြစ်သည်ကို သိရုံမှတပါး သူဆိုင်ရှင်၏အကြောင်း အခြားဘာမျှမသိပေ။


သို့သော်လည်း သူ ချစ်မိသွားသည့်အရှိန်က မြန်လွန်း၍ ဝေ့ဟွားမှာဘာပြင်ဆင်ချိန်မှမရလိုက်ပေ။သူ့ကိုယ်သူ ချစ်မိနေမှန်းသိလိုက်ရချိန်မှာ သူရှော့ရသွားခဲ့သည်၊ထိုသို့ဖြစ်လင့်ကစား နောက်ကျလွန်းသွား​​လေပြီ။


သူ၏ဘဝတစ်လျှောက်လုံးတွင်၊ ဝေ့ဟွား သူ့တွင် *masochisticစိတ်ထားရှိကြောင်း ပထမဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်သည်။ သူသည် ဆို​င်ရှင်ကို အကြိမ်ပေါင်းများစွာ တွေ့ဖူးသော်လည်း ဆိုင်ရှင်က သူ့ကို တစ်ခုမှပင် ဖော်ရွေသော မျက်နှာ​မပြခဲ့ပေ။သူက အမြဲ ဝေ့ဟွားကိုအေးစက်စက်မျက်နှာဖြင့်ဆက်ဆံခဲ့သည့်။သို့တိုင် ဝေ့ဟွားက ၎င်းကိုသဘောကျပြီး ဆိုင်ရှင်၏အေးစက်စက်မျက်နှာက အလွန်ချစ်စရာကောင်းသည်ဟုပင်ထင်လေသည်။


​ဝေ့ဟွား ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုကလသည်။ ဆိုင်ရှင်အပေါ်ရှိ သူ့ခံစားချက်ကို ယခု ရှာဖွေတွေ့ရှိသွားပြီဖြစ်လေရာ သူ့အ​နေဖြင့် သဘာဝအတိုင်း ဤမေးခွန်းကို ရှောင်လွှဲ၍ မရပေ။ သို့သော် သူက လူမိုက်မဟုတ်ပေ။ ယခုအချိန် ဆိုင်ရှင်အား မျက်စိစုံမှိတ် ဝန်ခံပါက ဆိုင်ရှင်ကို လန့်အောင်လုပ်မိသွားစေရုံသာမက ကန်ထုတ်ခြင်းခံရမည်မှာလည်း သံသယဖြစ်ဖွယ်မရှိပါချေ။


"သူဌေး  အိမ်ထောင်ရှိလား"

ဝေ့ဟွားက အရင်းမရှိအဖျားမရှိမေးလိုက်သည်။ဆိုင်ရှင်နှင့် သူ့သားကို ဆေးရုံတွင်တွေ့ခဲ့ချိန်ကို သူမှတ်မိသည်။ထိုအချိန်တုန်းက သူတို့အနားတွင် ကလေးအမေဖြစ်သူ မရှိသောကြောင့် ဝေ့ဟွား ဆိုင်ရှင်က လူလွတ်ဖြစ်မည်ဟု မှန်းဆလိုက်၏။ 


ဆိုင်ရှင်က သူ၏ယခုနက အမှားကြောင့် ကွန်​ပြူတာကိုပဲ လုံးဝအာရုံစိုက်​နေပြီး ဝေ့ဟွားကို ဂရုမစိုက်ပေ။ သူ၏ မျက်ခုံးမွှေးများပင် အနည်းငယ်ကြုံ့နေကာ သူ့အမူအရာက အနည်းငယ်လေးနက်နေ၏။ ပြဿနာတစ်ခု ကြုံတွေ့​နေမှန်း သိသာ​လေသည်။


ဆို​င်ရှင်၏ လေးနက်သော အမူအရာကို မြင်သဖြင့် ဝေ့ဟွား သူ့ကို မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။ မေးထောက်ကာ ဆို​င်ရှင်ကို မျက်တောင်မခတ်တမ်းငမ်းရင်း ဆိုင်ရှင်ကအိမ်ထောင်ရှိသူမ​ဖြစ်ပါစေနဲ့ဟု စိတ်ထဲတွင် အကြိမ်ကြိမ် ဆုတောင်းနေမိသည်။


ဆိုင်ရှင်က အိမ်ထောင်ရှိသူ သို့မဟုတ် လူလွတ်မဟုတ်တော့ပါက ဝေ့ဟွားအနေဖြင့် ဆိုင်ရှင်အပေါ် ခံစားချက်ရှိသော်လည်း ဤဆက်ဆံရေးမှ ကျေကျေနပ်နပ် နှုတ်ထွက်မည်ဖြစ်သည်။ စွန့်လွှတ်၍မရသော အခြေခံစည်းများရှိသည်လေ။


ဒါပေမဲ့ ဆိုင်ရှင်က တကယ် လူလွတ်ဆိုရင်... ဝေ့ဟွား ဤဖြစ်နိုင်ခြေကိုတွေးပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ဆိုင်ရှင်မှာ ကလေးတစ်ယောက်ရှိလျှင်ပင် သူတို့နှစ်ယောက်စလုံးက ယောက်ျားလေးများဖြစ်လေရာ သူတို့နှစ်ယောက်က သားသမီးရမှာမဟုတ်ပေ။ ဤကလေးက သူတို့ကြားက ကွက်လပ်ကို ဖြည့်ပေးနိုင်သည်။


ဝေ့ဟွားက ပါးစပ် နားရွက်တက်ချိတ်မတတ်ပြုံံး၍သွားပြီး ဆိုင်ရှင်က ဂေးမဖြစ်နိုင်လောက်သည်နှင့် ဂေးဆိုလျှင်ပင် သူ့ကို သေချာပေါက် စိတ်ဝင်စားမည် မဟုတ်ကြောင်းကိုမူ လုံးဝ လျစ်လျူရှုထားလိုက်သည်။


ဝေ့ချန်နှင့် ချန်လီတို့ လက်ချင်းတွဲ၍ ဝင်လာချိန်တွင် ဝင်ပေါက်မှ လေ​​ခေါင်း​လောင်းသံများ ပဲ့တင်ထပ်လာသည်။သူတို့ Q တက္ကသိုလ်မှ ပြန်လာပြီး ကားကိုပါကင်မထိုးရသေးခင်မှာ ဝေ့ဟွာထံမှ စာတိုကိုလက်ခံရရှိခဲ့​ခြင်း​ဖြစ်သည်။ဝေ့ချန်က အရှေ့တောင်ဘက်ပြည်နယ်သို့ ခရီးထွက်ရန် ကြိုတင်ပြင်ဆင်ရမည့်အရာများစွာရှိသဖြင့် ဝေ့ဟွား၏ကိစ္စများကို အာရုံစိုက်ရန်အချိန်မရှိ​ပေ။ထို့ကြောင့် ဝေ့ဟွားကိုငြင်းဆိုရန် ရည်ရွယ်ထားသည်။


သို့သော် ဝေ့ဟွားက ​​နောက်ထပ်မက်ဆေ့ချ်တစ်ခု ပို့ခဲ့ပြီး သူသွား၏မသွား၏နှင့် ဝေ့ဟွား တစ်စုံတစ်ဦးကို လိုက်ပိုးခြင်းကြား ဆက်နွှယ်မှုကို နားမလည်နိုင်သော်လည်း ဝေ့ဟွား တစ်စုံတစ်ဦးကို စိတ်ဝင်စားနေကြောင်းက ကြားရခဲ​​လေသည်။ထိုသို့ဖြင့် သူလာကြည့်ရန် ဆုံးဖြတ်လိုက်သည်။


သူတို့ဝင်လိုက်သည်နှင့်

ဘလူးစ်၏ဆိုင်ရှင်ကို စိတ်မချမ်းသာစရာအမူအရာဖြင့် ကြည့်နေသော ဝေ့​ဟွားကို တွေ့လိုက်ရသည်။ ဝေ့ဟွားက ဆိုင်ရှင်ကို ချစ်မိသွားတာများလား...


ဝေ့ချန်က ချန်လီ နှင့်အတူ ကော်ဖီဆိုင်ထဲသို့ အေးအေးဆေးဆေးဝင်သွားလိုက်သည်။သူတို့ ဝေ့ဟွား၏အနားကို ​ရောက်သွားပြီးနောက် ဝေ့ဟွားက သူတို့ ရောက်ရှိလာသည်ကို သတိပြုမိလိုက်သည်။ သူက သူ့အကြည့်ကို အမြန်လွှဲလိုက်ပြီး ဝေ့ချန်နှင့်ချန်လီကို အိမ်ရှင်တစ်ယောက်ပုံစံနှင့် ထိုင်ခိုင်းလိုက်သည်။


"သူဌေး ကျွန်တော့် သူငယ်ချင်းတွေ ရောက်လာပြီနော်...ကျွန်တော့်ကို အခုနှင်မထုတ်​တော့ဘူးမလား"

ဝေ့ဟွားက ပြောသည်။


တိုက်ဆိုင်စွာပင်၊ ဆိုင်ရှင်က သူ့အလုပ်ပြီးသွားကာ ကွန်​ပြူတာကိုပိတ်ကာ ကောင်တာမှ မီနူးကို ထုတ်လိုက်သည်။ သူက သူတို့သုံးယောက်ကို ပေးလိုက်ပြီး မေးလေသည်။

"ဘာအလိုရှိပါသလဲ"


ဝေ့ချန်က ကော်ဖီတစ်ခွက်ကို မှာခဲ့ပြီး ချန်လီက ယခင်က အတွေ့အကြုံအရ ကော်ဖီခါးသီးလွန်းသည်ဟုခံစားရသဖြင့် ထိုအစား လတ်လတ်ဆတ်ဆတ်ညစ်ထားသော အသီးဖျော်ရည်တစ်ခွက် မှာရန်ဆုံး​ဖြတ်လိုက်သည်။


"အရင်တစ်ခေါက်ကအတိုင်း သကြားနဲ့ ခရင်မ်နဲ့ ကော်ဖီပဲသောက်မယ်"

ဝေ့ဟွားက ပြောသည်။


ဆိုင်ရှင်က မီနူးကိုယူပြီး ပြန်သွားကာ ကောင်တာမှာ ကော်ဖီစေ့သွားကြိတ်​​လေသည်။


"အားချန် ဘယ်လိုထင်လဲ"

ဝေ့ဟွားက ရှေ့ကို ငုံ့ကာ ဝေ့ချန်ကို အသံတိုးတိုးဖြင့် မေးလိုက်ပြီး သူ့မျက်နှာထက်အပြုံးက တချိန်လုံး မှေးမှိန်သွားခြင်းမရှိခဲ့ပေ။


"ကောင်းပါတယ်"

ဝေ့ချန်က မျက်နှာသေဖြင့် ပြောလိုက်သည်။အရင်တစ်ခေါက်က သူတို့နှစ်ယောက်ကြားက တစ်ခုထူးခြားနေသည်ကို သူသတိထားမိခဲ့ပြီး ဤတစ်ခေါက်မှာလည်း ထိုခံစားချက်က ပြောင်းလဲမသွားပေ။


"ဟုတ်တယ် အရမ်းကောင်းတယ်လို့ ငါလည်း ထင်တယ်"

ဝေ့ဟွား၏လေသံက အတော်လေး ဂုဏ်ဆာ​နေသည်။မည်သို့ပင်ဖြစ်စေ သူချစ်မိသွားသည့်လူဖြစ်သည့်အတွက် ထိုလူက အရာရာတွင် ပြီးပြည့်စုံနေရမည်ဖြစ်သည်။


ဝေ့ချန်က ဆက်ပြီး မတုံ့ပြန်ခဲ့ပေ။ "အလှတရားက ကြည့်ရှုသူ၏မျက်စိ၌တည်ရှိသည်"ဟူသောစကားကို သူနားလည်သည်။


ဝေ့ချန်က ဤအကြောင်းအရာကိုဆက်မပြောချင်ကြောင်း သိသဖြင့် ဝေ့ဟွားက ကုမ္ပဏီတွင် သူကြုံတွေ့ခဲ့ရသော အလုပ်ကိစ္စများအကြောင်း ပြောပြခဲ့သည်။ အဘိုးက သူ နှင့် ​ဝေ့ကျန်းရှုန်း၏ဆက်ဆံရေးကို မကျေနပ်ကြောင်း သူသိသည်။လွန်ခဲ့သည့်ရက်အနည်းငယ်က အဘိုးက သူ့ကိုဖုန်းခေါ်ပြီး နားမလည်သည့်အရာရှိပါက ဝေချန်ကိုမေးရန်ပင် ပြောခဲ့သည်။


အလုပ်ကိစ္စအကြောင်းနှင့်ပတ်သတ်လာလျှင် ဝေ့ချန်က သဘာဝအတိုင်း လေးနက်လာသည်။သူက ဝေ့ဟွား၏မေးခွန်းများကို ဟန့်တားကာ အတန်ကြာစဥ်းစား​နေပြီးမှ ပြောလေသည်။

"မင်းရဲ့ကိုယ်ပိုင်စိတ်ကူးတွေအရ ဝေ့ကော်ပိုရေးရှင်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စဉ်းစားဖူးလား"


ဝေ့ဟွားက အံ့အားသင့်သွားသော်လည်း တိတ်ဆိတ်နေ၏။ဤမေးခွန်းကို သူ မတွေးခဲ့မိပေ။


ဝေ့ဟွား၏ တိတ်ဆိတ်​နေခြင်းကို မြင်လျှင် ဝေ့ချန်က သူ့ကို ကြည့်ကာပြောလိုက်သည်။

"မင်း ငါ့ထက် ပိုသိသင့်တယ်...အဘိုးက မင်းကို ပေးခဲ့တဲ့ လုပ်ငန်းအစီအစဉ်က ငါဖန်တီးထားတာမလို့ ငါ့အတွက်ပဲသင့်တော်တယ်...အရာရာတိုင်းက ငါလုပ်နိုင်တဲ့အရာပေါ်မှာမူတည်ပြီး အခြေခံထားတာ...အစီအစဥ်ကိုတာဝန်ယူတဲ့လူပြောင်းရင် အစီအစဥ်ကိုလည်း သင့်တော်အောင် ပြောင်းလဲမှရမယ်... အပြောင်းအလဲမရှိဘဲ အဲဒီအစီအစဥ်ကိုပဲ ဆက်သုံးမယ်ဆိုရင် ပြဿနာမျိူးစုံ သေချာပေါက်ဖြစ်လာလိမ့်မယ်"

ဝေ့ချန်အတွက် ယခုလိုစကားအရှည်ကြီးကိုတစ်ခါတည်းပြောသည်မှာ ရှားသော်လည်း သူက အရေးကြီးဆုံးစကားလုံးများကိုမပြောခဲ့​ပေ။သူက ဝေ့ဟွားကိုယ်တိုင်စဥ်းစားရန် အချို့ကို ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်။


ဝေ့ဟွားက ဝေ့ကော်ပိုရေးရှင်းကို သိပ်ဂရုမစိုက်သောကြောင့် ပြဿနာမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန် မတွေးတောခဲ့ဖူး​ပေ။ ယင်းအစား၊သူ့အရှိန်အတိုင်း​​မျှောလိုက်၍ ဖြစ်လာပြီးမှပဲ ဘယ်လိုဖြေရှင်းရမလဲစဥ်းစားမှာဖြစ်သည်။


"မင်းဆိုလိုတာကို ငါနားလည်ပါတယ်"

ဝေ့ဟွားက ထိုသို့ပြောပြီး သူ့အပြုံးက အနည်းငယ် မှိန်သွားသည်။ ထိုအချိန်တွင် ဆိုင်ရှင်က သူတို့ မှာယူထားသည့် ​သောက်စရာများနှင့်အတူ ရောက်ရှိလာပြီး သူတို့ သုံးဦးရှေ့တွင် ချ​ပေးကာ ဆိုသည်။

"သုံးဆောင်ပါဗျ"


"သူဌေး တစ်ခုလောက် အကူအညီ​တောင်းလို့ ရမလား"

ဝေ့ချန်က ရုတ်တရက် ဆိုင်ရှင်ကို မော့ကြည့်ကာဆိုလိုက်ပြီး သူ့မျက်လုံးများမှာ ရိုးသားမှုများနှင့်ပြည့်နေ၏။


"ဘာလဲ" 

ဆိုင်ရှင်က ဝေ့ချန်ကို ပြန်ကြည့်လာကာ သူ့မျက်လုံးများက ရိုးသားပွင့်လင်း၍​​နေသည်။


ဝေ့ချန်က မတ်တပ်ထရပ်လိုက်ပြီး သူ့အကြည့်များက ဆိုင်ရှင်ဆီမှာပဲရှိနေသည်။

"ကျွန်​တော် မင်းကို ဖုန်းနံပါတ်တစ်ခုပေးမယ်ဆိုရင် သူတို့ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း ဒါမှမဟုတ် အင်တာနက်လုပ်ဆောင်ချက်တွေကို စစ်ဆေးပေးနိုင်မလား"

ထိုသို့ပြောပြီးနောက် ဝေ့ချန်က ဆိုင်ရှင်၏ဘက်ကိုအနည်းငယ်ကိုင်းကာ ဆိုလိုက်၏။

"တတ်နိုင်ရင် ကူညီပေးပါ"


မေးခွန်းတစ်ခုအနေနှင့် ပြောနေပေမဲ့ ဝေ့ချန်၏လေသံမှာ ငြင်း၍မရနိုင်သော သေချာမှုတစ်ခုရှိနေသည်။


(T/N–*masochist နာကျင်မှု၌သာယာသူ)


<< >>


💘