💘Chapter 111
လက်ရာများ၏ တူညီမှု
ဂျက် ဓာတ်ပုံကိုကြည့်လေလေ ပိုပိုပြီး သဘောကျလေလေဖြစ်သည်။ဝေ့ချန်မှာ နဂိုကတည်း မြင့်မားသောရုပ်ရည်အသွင်အပြင်ရှိပြီး ယခုအခါတွင် သူ၏အရှိန်အဝါကို အပြည့်အဝထုတ်လွတ်ပြသထားသည်။ ပြုပြင်မှုတချို့လုပ်ပြီး မဂ္ဂဇင်းထဲတွင်ထည့်၍ ထုတ်ဝေပြီးပါက ရောင်းအားကောင်းမည်မှာ သေချာပေသည်။
သူတို့က စီးပွားရေးမဂ္ဂဇင်းများဖြစ်ပေမဲ့ "စီးပွားရေး"ဆိုသော စကားလုံးကနေ မလွတ်မြောက်နိုင်ကြပေ။ သူတို့ကလည်း စီးပွားရေးလုပ်နေခြင်းပင်ဖြစ်ပြီး မဂ္ဂဇင်းက ရောင်းအားကောင်းသည့်အခါ သူတို့သူဌေးက အမြဲတမ်း ပျော်ရွှင်နေတတ်သည်။
ဂျက်က ဝေ့ချန်ကို နောက်ထပ်မေးခွန်းအနည်းငယ်မေးခဲ့ပြီး နောက်ဆုံးတွင် သူနှင့်လက်ဆွဲနှုတ်ဆက်ကာဆို၏။
"ဒါရိုက်တာဝေ့ ပျော်ရွှင်စရာပူးပေါင်းဆောင်ရွက်မှုပါ"
"ပျော်ရွှင်စရာပူးပေါင်းဆောင်ရွက်မှုပါ"
ဝေ့ချန်က ပြန်ပြောလိုက်သည်။သူ့ပုံစံက အမူအရာမဲ့နေဆဲဖြစ်သော်လည်းသူ့မျက်ခုံးများနှင့် မျက်လုံးများက ပြေလျော့နေကာ ချဉ်းကပ်ရလွယ်ကူဟန်ရှိစေလေသည်။
အင်တာဗျူးပြီးသွားသည်နှင့် ဂျက်က ကင်မရာမင်းနှင့်အတူ ဝေ့ချန်၏ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ဝေ့ချန်က အင်တာဗျူးကို စိတ်ထဲကထုတ်ပြီး သူ့စားပွဲတွင် အလုပ်ဆက်လက်လုပ်ခဲ့သည်။ တစ်နေကုန်၍ အလုပ်ဆင်းရန် အချိန်တန်မှသာ အချိန်မှန်ပြန်ခဲ့လေသည်။
ဝေ့ချန် ယနေ့ကံကောင်းခဲ့ပြီး ရုံးဆင်းချိန်ယာဥ်ကြောပိတ်ဆို့မှုကို ရှောင်နိုင်ခဲ့သည်။ သူက Qတက္ကသိုလ်က ကျူးကောယွီ၏ စတူဒီယိုကို အလျင်အမြန်ပဲ ရောက်သွားသည်။
စတူဒီယိုထဲကို ဝင်လိုက်သည်နှင့် တစ်ခုခုလွဲချော်နေသလို ဝေ့ချန် ခံစားရသည်။ ကျူးကောယွီက ဒေါသအပြည့်ဖြင့် မျက်မှောင်ကြုတ်ကာ ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။
ချန်လီက စာအုပ်တစ်အုပ်ကို ဖတ်နေပြီး ဘာဖြစ်ခဲ့သည်ကို သိပုံမရပေ။ကျူးကောယွီက ချန်လီကို ဘာမှ မပြောခဲ့သလို ချန်လီကလည်း စူးစမ်းချင်စိတ်မရှိမှန်းသိသာသည်။
ကျူးကောယွီက ဝေ့ချန်ဝင်လာသည်ကိုမြင်သောအခါ လျင်မြန်စွာထကာ ဆို၏။
"ရှောင်လီ ငါ ဝေ့ချန်နဲ့ တစ်ခုခုပြောစရာရှိလို့... ဆက်ဖတ်နေလိုက်နော်"
ချန်လီက အဖြစ်အပျက်ကို မသိသော်လည်း နာခံစွာ ခေါင်းညိတ်ကာ ဘာစူးစမ်းချင်စိတ်မှ မပြခဲ့ပေ။
ကျူးကောယွီ၏ပုံစံကို မြင်လိုက်ရာတွင် ဝေ့ချန် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ခဲ့မှန်း သိလိုက်သည်။ ကျူးကောယွီနောက်ကနေ လိုက်ပြီးအပြင်ထွက်ကာ စကားပြောရန် နေရာရှာခဲ့သည်။ဝေ့ချန်က မေးလိုက်သည်။
"ပါမောက္ခကျူးကော ဘာဖြစ်တာလဲ"
ကျူးကောယွီ၏အမူအရာက လေးနက်နေပြီး ဆိုလေ၏။
"ငါတို့ဌာနခွဲကလက်ရာနဲ့ ကာတွန်းဌာနခွဲကလက်ရာတစ်ခုကြားမှာ သိသာထင်ရှားတဲ့ဆင်တူမှုရှိနေတယ်... တူညီမှုအတိုင်းအတာက 80% ရှိတယ်"
ကျူးကောယွီ၏အမူအရာအရ ဆင်တူနေသောလက်ရာများထဲမှတစ်ခုက ချန်လီ၏လက်ရာဖြစ်ကြောင်း သူ ချက်ချင်းပင် မှန်းဆမိခဲ့သည်။
"ဟုတ်တယ် သူများနဲ့ ဆင်တူနေတာ ချန်လီရဲ့ လက်ရာပဲ"
ကျူးကောယွီက လေးနက်သော အမူအရာနှင့် ပြောလေ၏။
"အိပ်မက်ဖလားစစ်ဆေးရေးအဖွဲ့မှာ ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်...လက်ရာတွေကို ပြန်လည်သုံးသပ်ချိန်မှာ သူတွေ့ခဲ့တာ"
မြို့တော်ဌာနခွဲနှင့် အရှေ့တောင်ဌာနခွဲသည် မိုင်ထောင်ချီဝေးကွာသော်လည်း လက်ရာနှစ်ခုစလုံးသည် အယူအဆနှင့် အကြောင်းအရာနှစ်ခုလုံးတွင် တိုက်ဆိုင်မှုနှုန်း 80% ရှိနေသည်။ ဤသည်မှာ သေချာပေါက် တိုက်ဆိုင်မှုမဟုတ်ပေ။ တစ်ဖက်ဖက်က တစ်ဖက်ကို ကူးချခဲ့သည်က သေချာ၏။
စစ်ဆေးရေး အဖွဲ့က လက်ရာနှစ်ခုစလုံးကို စစ်ဆေးခဲ့ပြီး ၎င်းတို့၏ အရည်အသွေးကို တစ်ချက်ကြည့်ရုံနှင့် အလွယ်တကူ ခွဲခြားနိုင်ခဲ့သည်။မြို့တော်ဌာနခွဲမှ လက်ရာက လူများကို စွဲဆောင်နိုင်စွမ်းရှိသော စိတ်ဝိညာဉ်တစ်ခု ရှိသည်။တစ်ဖက်တွင်မူ အရှေ့တောင်ဌာနခွဲမှ လက်ရာက အနှစ်သာရမဲ့ပြီး အခြေခံကျွမ်းကျင်မှုပင် မရှိခဲ့ပေ။သို့သော်လည်း ယင်းကိုအအခြေပြုရုံနှင့် အရှေ့တောင်ဌာနခွဲက မြို့တော်ဌာနခွဲမှ လက်ရာကို ကူးချထားသည်ဟု မဆိုနိုင်ပေ။ထို့အပြင်၊ အခက်ခဲဆုံးအပိုင်းမှာ အရှေ့တောင်ဌာနခွဲမှ လက်ရာကို တစ်ရက်စောပြီး တင်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အချိန်ကာလအရ အရှေ့တောင်ဌာနခွဲမှ လက်ရာက စောစီးစွာပြီးစီးခဲ့သည်။
မှန်ပါသည်၊ ပန်းချီကားတစ်ချပ်ပြီးမြောက်ရန် အချိန်အတော်လေးကြာကြာ လိုအပ်ပြီး လက်ရာ၏မူရင်းဖန်တီးသူအစစ်အမှန်ကို ဆုံးဖြတ်ရန် တင်ပြသည့်အချိန်ကို အသုံးမပြုနိုင်ပေ
သို့ရာတွင် အခြားအထောက်အထားများမရှိပါက တင်ပြသည့်အချိန်ကိုပဲ သက်သေအဖြစ် ယာယီ အသုံးပြုနိုင်သည်။
ကျူးကောယွီ၏စကားကို နားထောင်ပြီးနောက် ဝေ့ချန်၏အကြည့်က လေးနက်လာသည်။ သူနှင့် ကျူးကောယွီ နှစ်ဦးစလုံးသည် ချန်လီက ဤလက်ရာ၏ မူလဖန်တီးသူဖြစ်ကြောင်း သေချာလေသည်။ကျူးကောယွီကဆိုလျှင် ချန်လီ၏ ဖန်တီးမှုလုပ်ငန်းစဉ်ကို ကိုယ်တိုင်ကိုယ်ကျပင် တွေ့မြင်ခဲ့ပြီး၊ သူ့မှာ ကြည့်လေလေ တုန်လှုပ်အံ့ဩမိလေလေဖြစ်ခဲ့ရသည်။
သို့သော်၊ ကျူးကောယွီ သက်သေခံပေး၍မရသလို ဝေ့ချန်လည်းသက်သေခံပေး၍မရပေ။အကြောင်းမှာ သူတို့နှစ်ယောက်စလုံးက ချန်လီနှင့် အလွန်ရင်းနီးသောကြောင့်ဖြစ်၏။ပြီးလျှင် သူတို့မှာ ဤလက်ရာကချန်လီ၏အပိုင်ကြောင်း သက်သေပြရန် တခြားအထောက်အထားများ မရှိပေ။ထိုသည်က ခက်ခြင်းပင်။
"ဒါဆို လီလီက ပြိုင်ပွဲကနေထုတ်ပယ်ခံလိုက်ရပြီလား"
ဝေ့ချန်က အေးစက်စက် အသံဖြင့် မေးသည်။
"ဌာနခွဲမှာ ပြပွဲလုပ်ဖို့ နှစ်ရက်ကျန်သေးတယ်...ရှောင်လီက ဒီပန်းချီကားရဲ့ မူရင်းဖန်တီးရှင်ဖြစ်ကြောင်း ခိုင်လုံတဲ့အထောက်အထားမတွေ့ဘူးဆိုရင် တကယ်ကို ပြိုင်ပွဲကနေထုတ််ပယ်ခံရမှာ"
ကျူးကောယွီက ဖြေ၏။ ကျန်ရှိနေသည့်နှစ်ရက်က နောက်ဆုံးအခွင့်အရေးဖြစ်သည်။ကျူးကောယွီသည်လည်း အမှန်တရားနှင့် ပတ်သက်၍ သံသယများ ခပ်ရေးရေး ရှိနေသည်။
ချန်းလီ ပန်းချီဆွဲနေချိန်မှာ သူ့စတူဒီယိုနားကို ကပ်နိုင်သူ အနည်းငယ်ပဲရှိသည်။ မဖြစ်နိုင်သည်ကိုဖယ်လိုက်လျှင် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ လုရှို့ရန် ဖြစ်သည်။
သို့သော်လည်း သူ့စတူဒီယိုတွင် CCTV တပ်ဆင်ထားခြင်းမရှိပေ။လုရှို့ရန်ကို သွားရှာပါလျှင်လည်း လုရှို့ရန်က ဘယ်တော့မှဝန်ခံမှာမဟုတ်ပေ။အတင်းအကြပ်ဖိအားပေးဝန်ခံခိုင်းလျှင်လည်း ကျူးကောယွီ ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သည်။
ကျူးကောယွီက သူ၏ဂုဏ်သိက္ခာ ဖျက်ဆီးခံရမည်ကို မကြောက်ဘဲ ချန်လီအပေါ် ပိုမိုဆိုးရွားသော ထင်မြင်ချက်များ ကျရောက်လာမည်ကိုပဲ ကြောက်လေသည်။
ချန်လီက ခိုးကူးမှုကို ကျူးလွန်ခဲ့ပြီး သူ၏ဆရာဖြစ်သည့် ကျူးကောယွီက ဒေါသတကြီးနှင့် အပြစ်မဲ့သူတစ်ဦးကို အပြစ်လွှဲချရန် သွားရှာခဲ့သည်— လုရှို့ရန်ကို သူသွားရှာလိုက်သည်နှင့် ဤထင်ကြေးများပျံ့နှံ့သွားမည်ဖြစ်ပြီး ချန်လီ၏ခိုးကူးမှုသတင်းက သူတို့အသိုင်းအဝိုင်းတွင်ပျံ့နှံ့လာမည်ဟုကျူးကောယွီ ယုံကြည်သည်။
ထိုအချိန်တွင်၊ချန်လီမည်မျှပင်အရည်အချင်းရှိပါစေ သူ့တွင် ခိုးကူးမှုရာဇဝင်ရှိလျှင် လုပ်ငန်းနယ်ပယ်တွင် သူ၏အနာဂတ်က လုံးဝပျက်စီးသွားမည်ဖြစ်သည်။
လုရှို့ရန်၏အကွက်ရွှေ့မှုက တကယ်ရက်စက်လွန်းလှသည်။
သို့သော်လည်း ကျူးကောယွီ မည်မျှပင် တွေးနေပါစေ လုရှို့ရန်က ချန်လီကို အဘယ်ကြောင့် ဤကဲ့သို့ ပြုမူသည်ကို နားမလည်နိုင်ပေ။လုရှို့ရန်အတွက် ဘာအကျိုးကျေးဇူးတွေ ရမှာမလို့လဲ...
ကျူးကောယွီ တွေးနိုင်သောအရာကို ဝေ့ချန်က သဘာဝအတိုင်းပင် တွေးနိုင်လေသည်။ ဤအသိုင်းအဝိုင်း ပန်းချီအနုပညာအသိုင်းအဝိုင်းဖြစ်၍ အခြားအသိုင်းအဝိုင်းများထက် များစွာသန့်ရှင်းမည်ဟု သူအမြဲတမ်းယုံကြည်ခဲ့သည်။ ဤနေရာ၌ပင် ဤမျှထိတ်လန့်ဖွယ်ညစ်ပတ်သည့်အရာများ ဖြစ်လာနိုင်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
"ဝေ့ချန် စိတ်မပူပါနဲ့...အရှေ့တောင်ဌာနခွဲက ပြိုင်ပွဲဝင်ကို ဆက်သွယ်ပြီးပြီ... သူ့ဆီကနေတဆင့် အထောက်အထား ရှာတွေ့ဖို့ မျှော်လင့်တယ်"
ကျူးကောယွီက ဆိုသည်။
"တခြားနည်းလမ်းမရှိရင် ပန်းချီကားနှစ်ချပ်စလုံးရဲ့ အခြောက်ခံချိန်ကို စစ်ဆေးပြီး သက်သေအဖြစ် အသုံးပြုနိုင်တယ်...ဒါပေမဲ့ အဲဒီလိုပြုလုပ်တာက ချန်လီရဲ့ပန်းချီကားကို မလွဲမသွေ ပျက်စီးစေမှာပဲ...မလိုအပ်ရင် ဒီနည်းလမ်းကို ငါရွေးချယ်မှာ မဟုတ်ဘူး"
"နားလည်ပါတယ်"
ဝေ့ချန်က ပြန်ဖြေသည်။
ဖန်တီးသူက စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုမည်မျှကို ပန်းချီကားတစ်ချပ်ထဲသို့ လောင်းထည့်ခဲ့သလဲဆိုသည်နှင့် ပတ်သတ်၍ ဝေ့ချန် ချန်လီ ဤပန်းချီကားကိုရေးဆွဲခဲ့သည်ကို သူ့မျက်စိဖြင့် အစအဆုံး မြင်ခဲ့သည်။ ဤပန်းချီကားတွင်ပါရှိသော ခံစားချက်များကို ချန်လီ၏နှလုံးသားထဲမှ တစ်ခုချင်းတူးထုတ်ထားခြင်းဖြစ်သည်။မလိုအပ်ပါက ဝေချန်သည် ဤပန်းချီကားကို အနည်းငယ်မျှ ထိခိုက်နစ်နာစေမည့်အရာများကိုပင် ခွင့်ပြုမည်မဟုတ်ပေ။
"အရှေ့တောင်ဌာနခွဲက ပြိုင်ပွဲဝင်ရဲ့ ဆက်သွယ်ဖို့အချက်အလက်ကို ပေးပါ"
ဝေ့ချန်က ပြောသည်။ဤကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်မည်။
ကမ္ဘာပေါ်တွင် အမှောင်ထုမျိုးစုံရှိနေဆဲဖြစ်သော်လည်း ဝေ့ချန်က အမြဲ ချန်လီ၏မမြင်အောင် ကာပေးထားမှာဖြစ်သည်။
"ကောင်းပြီ"
ကျူးကောယွီက အရှေ့တောင်ဌာနခွဲပြိုင်ပွဲကျင်းပရေးကော်မတီက သူ့သူငယ်ချင်းကို ချက်ချင်းဖုန်းဆက်ပြီး ဝေ့ချန်ကို ထိုဌာနခွဲမှ ပြိုင်ပွဲဝင်၏ အဆက်အသွယ်အချက်အလက်များကို ပေးရန် တောင်းဆိုခဲ့သည်။
ဝေ့ချန် ဤကိစ္စကို ကိုင်တွယ်သည်က သူကိုယ်တိုင် ကိုင်တွယ်သည်ထက် တကယ်ကို ပိုကောင်း၏။
ဝေ့ချန်နှင့် ကျူးကောယွီတို့ စကားပြောပြီး စတူဒီယိုသို့ ပြန်ရောက်သောအခါ ချန်လီက စာအုပ်တစ်အုပ်ကို ဖတ်ပြီးသွားခါစဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး၏မျက်နှာပေါ်တွင် လေးနက်မှုများရှိမနေတော့ပေ။သူတို့က ဤကိစ္စကို ချန်လီထံမှ ကောင်းစွာဖုံးကွယ်ထားကာ သူ့ကိုလုံးဝမစိုးရိမ်စေလိုခဲ့ပေ။
"လီလီ ကိုယ်တို့တို့အိမ်ပြန်ကြမယ်"
ဝေ့ချန်က ချန်လီဆီသို့ လျှောက်လာပြီး ခေါင်းလေးကို ညင်သာစွာပွတ်သပ်ကာ တိုးတိုးလေးပြောလိုက်သည်။
ချန်လီက တစ်ခုခုမှားနေမှန်း ခံစားမိသော်လည်း ဝေ့ချန်က ၎င်းကို သူ့ဆီကနေ ဖုံးကွယ်ထားရန် ရွေးချယ်ခဲ့ခြင်းကြောင့် သူမမေးဘဲသာနေလိုက်သည်။ဝေ့ချန် ၎င်းကို ကိုင်တွယ်နိုင်မည်ဟု သူယုံကြည်သည်။
ကျူးကောယွီကို နှုတ်ဆက်ပြီးနောက် နှစ်ယောက်သား လက်ချင်းတွဲကာ ထွက်သွားကြသည်။ကျူးကောယွီ သူတို့၏ အသံများကို ကြားနေရဆဲဖြစ်လေသည်။
ဝေ့ချန်: "လီလီ ကိုယ် မနက်ဖြန် အရှေ့တောင်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်...မကြာခင် ပြန်လာခဲ့မယ်... မနက်ဖြန် ပါမောက္ခကျူးကောနဲ့နေလိုက်နော်"
ချန်လီ : "သွားတာဘယ်လောက်ကြာမှာလဲ"
ကျူးကောယွီ ချန်လီ၏အသံထဲမှ မလိုလားမှုကို ခပ်ရေးရေး ကြားလိုက်ရသည်။
ဝေ့ချန် :"တစ်ရက် နှစ်ရက်လောက်ပါပဲ... တစ်ရက် နှစ်ရက်နေရင် ပြန်လာခဲ့မယ်"
ချန်လီ: "ကောင်းပြီ ငါ အားချန်ကိုစောင့်နေမယ်"
ထို့နောက်မှာတော့ ကျူးကောယွီ သူတို့၏စကားသံများကို မကြားရတော့ပေ။သူ မျက်လုံးမှိတ်ပြီး မနေနိုင်ဘဲ လုရှို့ရန်ဆီကို ဖုန်းလှမ်းဆက်လိုက်သည်။
ယခုအချိန်တွင် လုရှို့ရန်က မြို့တော်ဌာနခွဲရှိ "အိပ်မက်ဖလား"အတွက် စေတနာ့ဝန်ထမ်းတစ်ယောက်အနေဖြင့် လာမည့်နှစ်ရက်ရှိ ပြပွဲအတွက် စီစဥ်မှုတွင် ကူညီပေးနေသည်။ သူ့ဖုန်းမြည်သံကိုကြားသောအခါတွင် လှုပ်ရှားမှုကိုရပ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်ရာ ကျူးကောယွီခေါ်နေမှန်း သိလိုက်ရသည်။သူ တုံ့ဆိုင်းနေသော်လည်း ပြန်ဖြေဆဲဖြစ်သည်။
"ပါမောက္ခကျူးကော ကိစ္စတစ်ခုခုရှိလား"
လုရှို့ရန်က သူ့အသံကို အနိမ့်အမြင့် အတက်အကျရှိဘဲ ပုံမှန်အတိုင်း
ဖြစ်အောင် ကြိုးစားပြီးပြောခဲ့သည်။
ဖုန်း၏တစ်ဖက်တွင် အကြာကြီးတိတ်ဆိတ်နေပြီးမှ ကျူးကောယွီ၏အသံထွက်လာသည်။
"လုရှို့ရန် ခြေတစ်လှမ်းမှားသွားရင် နောက်ခြေလှမ်းတွေပါမှားသွားတတ်တယ်... ပြန်စဉ်းစားနိုင်မယ်လို့ ငါမျှော်လင့်တယ်"
"ပါမောက္ခကျူးကော ခင်ဗျားဘာတွေပြောနေမှန်း ကျွန်တော် မသိဘူး"
လုရှို့ရန်က သူ့နှလုံးသားထဲမှာ ယောင်ဝါးဝါးမှန်းဆမိနေပြီးသားဖြစ်ပေမဲ့ သူ့စကားများက ဘာကိုမှမသိနားမလည်သလိုမျိုးရှိနေသည်။
ကျူးကောယွီက ရှင်းမပြဘဲ အေးစက်စက်ပဲပြော၏။
"ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းစိတ်ထဲမှာ သိပါတယ်...မင်းက ငယ်သေးတယ်... အနာဂတ်မှာ အဆုံးမဲ့တဲ့အလားလာတွေရှိတယ်... မှားယွင်းတဲ့ အတွေးတစ်ခုက တစ်ခါတစ်ရံမှာ မင်းသည်းမခံနိုင်လောက်တဲ့ အကျိုးဆက်တွေဆီကို ဦးတည်သွားတတ်တယ်"
"ပါမောက္ခကျူးကောက ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား"
လုရှို့ရန်က ဖုန်းကို ကိုင်ပြီး အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
ကျူးကောယွီက နှာမှုတ်လိုက်၏။
"ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး...အတွေ့အကြုံပိုရှိတဲ့သူတစ်ယောက်အနေနဲ့ အကြံဉာဏ်ပေးတာ"
လုရှို့ရန်၏အကြည့်က အေးစက်သွားသော်လည်း သူ့နှုတ်ခမ်းတွင် တောက်ပသောအပြုံးတစ်ခု ရှိနေသည်။
"ပါမောက္ခကျူးကောရဲ့ စေတနာကို ကျွန်တော် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မကြိုးစားကြည့်ရင် အလုပ်ဖြစ်မဖြစ် မသိနိုင်တဲ့အရာတွေ ရှိတယ်မဟုတ်လား...ဘာပဲဖြစ်ဖြစ် ကျွန်တော်က ငယ်သေးတယ်လေ"
ကျူးကောယွီက လုရှို့ရန်က ဤသို့တုန့်ပြန်လာမည်မှန်း မျှော်လင့်ထားပြီးသားဖြစ်သည်။ သူ့ကို နားချရန် ဤမျှလွယ်ကူပါက လုရှို့ရန်က ယခုလိုမျိုးလုပ်ရန်ပင် သတ္တိရှိမှာမဟုတ်ပေ။
ကျူးကောယွီက ဒေါသထွက်ထွက်နှင့် ဖုန်းချလိုက်သည်။
အခုခေတ်မှာ လူငယ်ပန်းချီပညာရှင်တွေ ဘာကြောင့် နည်းပါးလာတာလဲ... ဘာကြောင့်လဲဆိုတော့ အဲဒီလူငယ်တွေက ပိုပိုပြီး ဂနာမငြိမ်ဖြစ်လာ၊ ပိုပိုပြီး အတင့်ရဲ့လာကြလို့လေ...
ချန်လီကို သူတန်ဖိုးထားရခြင်း၏ အကြောင်းရင်းမှာ ချန်လီ၏ ပန်းချီစွမ်းရည်ကြောင့်သာမက ချန်လီ၏ အေးဆေးတည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုတို့ကြောင့် ဖြစ်သည်။ယင်းတို့က ယနေ့ခတ် လူငယ်များမှာ မရှိသလောက်ပါပင်။
လုရှို့ရန်က ကျူးကောယွီနှင့် ဖုန်းပြောပြီးနောက် သူ၏အဆက်အသွယ်စာရင်းကို ပွတ်ဆွဲကာ အရှေ့တောင်ပြည်နယ်မှ နံပါတ်တစ်ခုကို ရှာပြီး ၎င်းကိုခေါ်ဆိုခဲ့သည်။ ဖုန်းပြန်ဖြေရန် အချိန်သိပ်မကြာလိုက်ပါချေ။
"ကိစ္စတွေက စီစဉ်ထားတဲ့အတိုင်း ဆက်သွားနေတယ်...မနက်ဖြန်မှာ တစ်ယောက်ယောက်က မင်းကိုလာရှာရင် သူတို့နဲ့ စကားပြောတာကို မှတ်တမ်းတင်ထားလိုက်...ပြီးရင် အဲဒါကိုကိုယ်တိုင်တည်းဖြတ်ပြီး ဒွိဟဖြစ်စေတဲ့စကားလုံးတချို့ကိုချန်ထားလိုက်...ပြဿနာဖြစ်လာရင် အွန်လိုင်းမှာ တင်ပေး"
"ဒါပေါ့ ပြီးသွားရင်တော့ ငါမင်းကို ကတိပေးထားတာကို နည်းနည်းမှမလျော့စေရဘူး...လုပ်သာလုပ်လိုက်"
"ရှင်းရှင်းလင်းလင်းလုပ်ဖို့ မမေ့နဲ့...အချိန်ကျလာရင် မင်းအစား ငါရှင်းမပေးချင်ဘူး"
လုရှို့ရန်က ဖုန်းချလိုက်ပြီး သူ့အကြည့်များက ဖယ်ရှား၍မရနိုင်သော ပြင်းထန်သည့် ရင်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နေခဲ့လေသည်။
<< >>
💘