Chapter 110
Viewers 18k

💘Chapter 110 

မပြုံးနိုင်တော့...။



“ဘာလဲ...ငါ့အိမ်ကိုလာဖို့ မစီစဥ်ရသေးဘူးလား...ဒါမှမဟုတ် မင်းရဲ့ခင်ပွန်းလေးကို ငါနဲ့မသိစေချင်တာလား” ‌ဝေ့ချန်ပြန်မဖြေလာသည့်အခါ ရှန့်ကျားချီက အပြုံးလေးနှင့် မေးလိုက်သည်။ 


ဝေ့ချန်ချက်ချင်း ပြန်ပြောလိုက်၏။ 


“လီလီက အခုလောလောဆယ်မှာ အိပ်မက်ဖလားအတွက် ပြင်ဆင်နေတယ်...ပြိုင်ပွဲပြီးသွားရင် ကျွန်တော်သူ့ကိုခေါ်လာခဲ့ပါ့မယ်”


ရှန့်ကျားချီ အံ့ဩသွား၍ ပြောလိုက်သည်။ 


“အိပ်မက်ဖလားလား...ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူးပဲ...မင်းရဲ့ ခင်ပွန်းသေးသေးလေးကို သေချာပြင်ဆင်ခိုင်းရမယ်...အချိန်ရောက်တော့မှ သူနဲ့ ဂုဏ်ပြုအရက်သောက်ကြ‌တာပေါ့” 


ရှန့်ကျားချီက အနုပညာကို ချစ်မြတ်နိုးသည့်သူမဟုတ်သော်လည်း ပန်းချီကားများ စုဆောင်းရသည်ကိုတော့ နှစ်သက်သည်။ နာမည်ကြီးပန်းချီဆရာများ၏ပန်းချီကားများဖြစ်၊မဖြစ်ကို ဂရုမစိုက်ဘဲ သူသဘောကျသည့် ပန်းချီကားများကို တွေ့ပါက ဝယ်ယူရန် ပိုက်ဆံအများကြီးသုံးလိမ့်မည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူက ပန်းချီပြခန်းတစ်ခုမှ ပန်းချီကားတစ်ချပ်ကို ဝယ်ရန် ပိုက်ဆံသန်းပေါင်းချီ၍ သုံးခဲ့သေးသည်။ သို့သော်လည်း  သူ့အနီးနားရှိ ပန်းချီစိတ်ဝင်စားကြသူများက ထိုပန်းချီကားက နာမည်ကြီး ပန်းချီဆရာများ ဆွဲထားခြင်းမဟုတ်ကြောင်း ပြောခဲ့ကြသည်။ ပန်းချီကားကကောင်းသော်လည်း စုဆောင်းရန်အတွက် တန်ဖိုးမရှိချေ။ သို့သော်လည်း ရှန့်ကျားချီဂရုမစိုက်ချေ။ ထိုပန်းချီကားက သူ့မျက်လုံးထဲတွင် နာမည်ကြီးပန်းချီဆရာများ၏ လက်ရာများကိုကျော်လွန်၍ ဆွဲဆောင်မှုရှိနေသည်ဟု ထင်မိသည်။ ထိုပန်းချီကားကို ကြည့်လိုက်ချိန်တွင် ဖုံးအုပ်ထားသည့် ခံစားချက်များကို သေချာ ခံစားနိုင်သည်။ ပထမဆုံးအမြင်မှာတင် သူက ပန်းချီကားကို နှစ်သက်မိကာ စုဆောင်းရန်အတွက် တန်ဖိုးရှိကြောင်း ယုံကြည်သည်။ 


အိပ်မက်ဖလားက သူအာရုံစိုက်ထားသည့် ပန်းချီပြိုင်ပွဲတစ်ခုဖြစ်၏။ ပြိုင်ပွဲ၏ နောက်ဆုံးပြပွဲအတွင်းတွင် အဆင့်များကို ဂရုမစိုက်ဘဲ သူဆွဲဆောင်မှုရှိသည်ဟု ထင်သည့် ပန်းချီကားအနည်းငယ်ကို ရွေးချယ်ပြီး အိမ်သို့ ယူသွားလိမ့်မည်။ သူကြိုက်နေသရွေ့ လုံလောက်သည်။


ဒီတစ်ခေါက်ပြိုင်ပွဲတွင်လည်း သူ၏အကြိုက်ဆုံပန်းချီးကားကိုရှာရန် မျှော်လင့်တစားရှိနေ၏။


“သွားတော့မယ်...ငါမသွားရင် ဒီမှာရှိနေတဲ့ ဝန်ထမ်းတွေအကုန်လုံးလည်း အိမ်ပြန်ကြမှာမဟုတ်ဘူး” ရှန့်ကျားချီက ပြော၍ ဝေ့ချန်၏ ပခုံးကိုပုတ်ပြီးနောက် ထွက်သွားတော့သည်။ 


ရှန့်ကျားချီ ထွက်သွားပြီးနောက် ဝေ့ချန်က စီးပွားရေးမဂ္ဂဇင်းတိုက်မှ ဂျက်ကိုခေါ်လိုက်သည်။ အင်တာဗျူးမည့် အချိန်ကို အတည်ပြုပြီးသွားသည်နှင့် ဝေ့ချန်က စားပွဲခုံသို့ ပြန်လာလိုက်ပြီး ဖိုင်များကိုသိမ်းဆည်းကာ ရုံးခန်းထဲမှ ထွက်လာလိုက်သည်။ 


ဒီနေ့က အိပ်မက်ဖလားအတွက် နောက်ဆုံးကန့်သတ်ရက်ဖြစ်ပြီး ချန်လီက သူ့ပန်းချီကားကို ပြင်ဆင်ကာ ကျူးကောယွီက ထိုပန်းချီကားကို ပြည်တွင်းပြိုင်ပွဲကျင်းပ‌ရာဆီသို့ ပို့ပေးလိုက်ပြီဖြစ်သည်။ 


ကျူးကောယွီ ထွက်သွားသည်နှင့် ဝေ့ချန်က ချန်လီကိုကြိုရန် ရောက်လာသည်။ ဝေ့ချန်ကို တွေ့ပြီးနောက် ချန်လီကချက်ချင်း သူ့ဆီသို့လျှောက်သွား၍ သေချာစိုက်ကြည့်ကာ ချီးကျူးခံရန်စောင့်နေလေသည်။


“ကိုယ့်လီလီက တော်လိုက်တာ...သေချာပေါက် ရလဒ်ကောင်းတွေရမှာပဲ” ဝေ့ချန်က ချန်လီ၏လက်ကိုကိုင်၍ နူးညံ့စွာ ပြောလိုက်သည်။ 


“အင်း...ကျွန်တော်က တော်တယ်” ချန်လီက ရှက်ရွံ့မှု တစ်စုံတစ်ရာမရှိဘဲ သူ့ကိုယ်သူ မြှောက်ပင့်လေသည်။ 


“ကိုယ်သိတာပေါ့” ဝေ့ချန် သဘောတူလိုက်ပြီး ဆုအနေဖြင့် ခေါင်းငုံ့၍ ချန်လီ၏ နှုတ်ခမ်းအပေါ်သို့ အနမ်းအကြီးကြီး ကျဲချလိုက်တော့သည်။ 


ချန်လီက မလုံလောက်ဟုခံစားမိသောကြောင့် ခြေဖျားထောက်၍ ဝေ့ချန်၏ နှုတ်ခမ်းများကို ပြန်နမ်းလိုက်သည်။ အစက တည်ငြိမ်နေခဲ့သည့် ဝေ့ချန်က တက်ကြွလာကာ အနမ်းကို နက်ရှိုင်းစေလိုက်သည်။ သူတို့နှစ်ယောက်က လက်ချင်းတွဲ၍ အိမ်သို့ ပြန်လာခဲ့ကြသည်။ 


လုရှို့ရန်က ပန်းချီစတူဒီယိုအခန်းထဲမှထွက်လာသည့်အခါ လက်ချင်းတွဲထားကြသည့် ပုံရိပ်နှစ်ခုကို မြင်သောအခါ အေးစက်နေသည့် အပြုံးတစ်ခုက သူ့နှုတ်ခမ်းများတွင် ဖြတ်ပြေးသွားသည်။ ပျော်နေကြတယ်ပေါ့...အရှေ့မှာ ဘာတွေစောင့်ကြိုနေလဲဆိုတာ ပျော်ပျော်ကြီးစောင့်နေလိုက်ကြဦး...။


......


ချန်လီကို အိမ်သို့ ခေါ်သွားမည့်အစား ဝေ့ချန်က စားသောက်ဆိုင်သို့ ခေါ်လာခဲ့သည်။ ဒီနေ့က ချန်လီ၏ပြိုင်ပွဲအတွက် အရေးကြီးသည့် နေ့တစ်နေ့ဖြစ်သောကြောင့် သေချာအောင်ပွဲခံရမည်ဖြစ်သည်။ 


တရုတ်စားသောက်ဆိုင်တွင်...။


ချန်လီက အနောက်တိုင်းဟင်းလျာများအား စိတ်မဝင်စားသည်ကို ဝေ့ချန်သတိထားမိသည်။ ထို့ကြောင့် သူက မြို့တော်ထဲတွင် တရုတ်စားသောက်ဆိုင်ကောင်းကောင်းကို ရှာခဲ့သည်။ တစ်ဆိုင်ပြီးတစ်ဆိုင် ရှာခဲ့ပြီးနောက် ဤစားသောက်ဆိုင်၏ အရသာက အွန်လိုင်းတွင် ပြောထားသကဲ့သို့ တကယ်ကောင်းမွန်လေသည်။ ချန်လီ စားသောက်ပြီးသည့်အခါ ဗိုက်တင်းသွားတော့သည်။ 


ဝေ့ချန်က ချန်လီ၏ဗိုက်လေးကိုထိ၍ စနောက်လိုက်သည်။ “ဗိုက်လေးက တော်တော်တောင် ကြီးနေပြီပဲ...မှည့်နေပြီလား”


ချန်လီက လျင်မြန်စွာပဲ ခေါင်းခါ၍ ပြောလာ၏။ 


“မမှည့်သေးဘူး”


သူတို့က အရွယ်ရောက်ပြီးသူများဖြစ်သော်လည်း ထိုကဲ့သို့ ကလေးဆန်သည့်ဟာသများလုပ်ရသည်ကိုလည်း ဝန်ထုပ်ဝန်ပိုးဟု မခံစားရချေ။ 


သို့သော်လည်း ထိုအချိန်တွင် ဒီနေ့ ဝေ့ချန် စနောက်လိုက်သည့် ဟာသက အနာဂတ်တွင် သိသာသည့် သက်ရောက်မှုကြီးတစ်ခုဖြစ်လာမည်ကို သူစိတ်မကူးနိုင်ခဲ့ချေ။ တစ်နေ့တွင် ချန်လီ၏ ဗိုက်လေးက ယခုကထက် ပိုကြီးလာပြီး ရင့်မှည့်လာသည့်အခါ ဝေ့ချန်တစ်ယောက် အံ့ဩသွားရလိမ့်မည်။ 


အခုတော့ လက်ရှိသို့ ပြန်သွားကြရအောင်...။


စားသောက်ပြီး စားသောက်ဆိုင်ထဲမှ ထွက်လာပြီးနောက် နှင်းကျနေသော်လည်း လမ်းမပေါ်တွင် လူအများအပြား ရှိနေပြီး အထူးသဖြင့် သူတို့ စုံတွဲများဖြစ်ကြသည်။ ထို့နောက် ပတ်ဝန်းကျင်များကို လှည့်ပတ်ကြည့်ပြီး‌နောက် ဒီနေ့က ခရစ်စမတ်အကြိုနေ့ဖြစ်ကြောင်း ဝေ့ချန်သတိရသွားသည်။ စတိုးဆိုင်တိုင်းတွင် ခရစ်စမတ်ပစ္စည်းများ ရောင်းနေကြ၏။ ထိုမှသာ ဒီနေ့က ခရစ်စမတ်အကြိုနေ့ဖြစ်ကြောင်း ဝေ့ချန် သတိထားမိတာဖြစ်သည်။ 


“လီလီ...ဒီနေ့က ခရစ်စမတ်အကြိုနေ့ပဲ” ဝေ့ချန် ချန်လီ၏လက်ကို ကိုင်၍ ပြောလိုက်သည်။ 


“ခရစ်စမတ်အကြိုနေ့?” ချန်လီက ထိုအရာနှင့် ပတ်သက်၍ မသိသော်လည်း သူ့ပတ်ဝန်းကျင်မှ အရာအားလုံးကို အသက်ဝင်နေသည်ကိုတော့ ခံစားမိသည်။ 


“အဲ့ဒါက တတိယမြောက်ချစ်သူများနေ့လိုပဲ” ဝေ့ချ်နက အသေးစိတ်ရှင်းမပြလိုက်ပေ။ သို့သော်လည်း သင့်တော်မည့် ရှင်းပြချက်တစ်ခုကိုသာ‌ပေးလိုက်သည်။ 


တကယ်ကို ခရစ်စမတ်အကြိုနေ့က တရုတ်နိုင်ငံတွင် ချစ်သူများနေ့နှင့် ချီရှီးပွဲတော် ပြီးလျှင်လာသည့် တတိယမြောက်ချစ်သူများနေ့ဖြစ်သည်။ 


ဘာကြောင့် တတိယမြောက်ဖြစ်နေလဲ ချန်လီမသိသော်လည်း “ချစ်သူများနေ့” ဆိုသည့်စကားလုံးများကို ကြားသည်နှင့် မျက်လုံးများ တောက်လာခဲ့သည်။ ချစ်သူများနေ့က သူနှင့် အားချန်တို့၏ အားလပ်ရက်ဖြစ်သည်။ 


ချန်လီ၏ အမူအရာများကိုတွေ့သောအခါ သူဘာတွေးနေလဲ ဝေ့ချန်သိလိုက်သည်။ သူက ချန်လီကို ရင်ခွင်ထဲသို့ ထည့်၍ ပြောလိုက်သည်။


 “ဟုတ်တယ်...ဒီနေ့က ကိုယ်တို့ရဲ့ အားလပ်ရက်”


ထိုညတွင် သူတို့က အခြားစုံတွဲများကို အတုယူ၍ သူတို့လုပ်သမျှအရာများကို လုပ်ကြသည်။ တစ်ခါတရံ ပြင်းပြသည့် အနမ်းများ လဲလှယ်ကြ၏။ ရောင်စုံမီးရောင်များနှင့် ခရစ်စမတ်သစ်ပင်များက သူတို့၏ အကောင်းဆုံး အလှပြင်ဆင်ထားမှုများ ဖြစ်လာသည်။ 


၎င်းက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသည့် ညတစ်ညဖြစ်ပြီး အိမ်ပြန်ရောက်သည့်အခါ သန်းခေါင်ယံကိုပင် ကျော်နေလေပြီ...။


အိမ်သို့ရောက်သောအခါ ရေချိုးလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ဖက်၍ အိပ်လိုက်ကြသည်။ 


ချန်လီက အရင်အိပ်ပျော်သွားပြီး ဝေ့ချန်ကသူ့ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားကာ နဖူးလေးကို ညင်သာစွာ နမ်း၍ သူလည်း အိပ်လိုက်သည်။ 


နောက်တစ်နေ့ မနက်ခင်းတွင် ဝေ့ချန်က ချန်လီအတွက် ပန်းသီးတစ်လုံးနှင့် ခရစ်စမတ်လက်ဆောင် ပြင်ဆင်ထား၏။ 


‌ဝေ့ချန်က ပန်းသီးဝယ်ရန် စောစောထွက်သွားခဲ့ပြီး ချန်လီသတိမထားမိချိန်တွင် ခရစ်စမတ်လက်ဆောင်ကို ဝယ်လိုက်သည်။ 


ချန်လီက စားပွဲတွင်ထိုင်၍ မနက်စာ ပန်းသီးစားသောက်ပြီး ချစ်စဖွယ်ကောင်းစွာ ဝါးနေလေသည်။ သူ့ဘေးတွင် ထိုင်နေသည့် ဝေ့ချန်က ချန်လီပန်းသီးစားနေသည်ကို ကြည့်နေလိုက်၏။ သူက တိတ်ဆိတ်စွာနှင့် ချန်လီ၏ တခြားလက်ကိုကိုင်၍ တစ်နေ့က သူဝယ်လာခဲ့သည့် ခရစ်စမတ်လက်ဆောင်ကို ချန်လီ၏လက်သူကြွယ်တွင် ဝတ်ပေးလိုက်သည်။ 


“လီလီ...ပျော်ရွှက်စရာခရစ်စမတ်ပါနော်” ဝေ့ခချန်က ချန်လီ၏လက်ကိုမြှောက်၍ သူ့လက်သူကြွယ်လေးကို နမ်းလိုက်ရင်း ပြောလိုက်သည်။ 


ချန်လီ၏ လက်သူကြွယ်တွင် လက်စွပ်တစ်ကွင်းရှိနေသည်။ ၎င်းက ချဲ့ချဲ့ကားကားအလှဆင်ထားသည်မျိုးမရှိဘဲ ရွှေဖြူကွင်းလေးသာဖြစ်သည်။


“ကိုယ်တောင်းပန်ပါတယ်...မနေ့ကမှ ကိုယ်တို့မှာ လက်ထပ်လက်စွပ်မရှိသေးတာ သတိရသွားတယ်...အဲ့ဒါကြောင့် ကုန်တိုက်မှာ တစ်စုံဝယ်ခဲ့တယ်...အခုတော့ ဒါလေးတွေ ဝတ်ထားကြရအောင်...နောက်ရက်နည်းနည်းကြာရင် ကိုယ်မှာထားတဲ့ အစုံရောက်လာလိမ့်မယ်...ကိုယ်မင်းကို သော့ခတ်ပြီး သိမ်းထားချင်တယ်...” ဝေ့ချန်က ချန်လီ၏မျက်လုံးများကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။ 


“ဒါကြောင့်...လီလီ...ဒီလက်စွပ်ကို ကိုယ့်လက်မှာ ဝတ်ပေးဖို့ ဆန္ဒရှိလား”


ချန်လီက နောက်ဆုံးတွင် စားပွဲပေါ်၌ လက်စွပ်တစ်ကွင်းရှိနေသည်ကို သတိထားမိသွားသည်။ ဝေ့ချန်က သူ့လက်ကို ဆန့်တန်းပေးလာ၏။ တွန့်ဆုတ်မှုမရှိဘဲ ချန်လီက ‌ဝေ့ချန်၏လက်သူကြွယ်တွင် လက်စွပ်စွပ်ပေးလိုက်သည်။ ထို့အပြင် ဝေ့ချန်လုပ်ခဲ့သည့်အတိုင်း သူ၏လက်သူကြွယ်ကို နမ်းလိုက်သေးသည်။ ထို့နောက် ပြောလာ၏။


 “ကျွန်တော်လည်း သိမ်းလိုက်ပြီ”


“အင်း...မင်း ကိုယ့်ကိုသိမ်းလိုက်ပြီ” ဝေ့ချန်က မတ်တပ်ရပ်၍ ချန်လီအား ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း မျက်လုံးများတွင် အပြုံးဝေနေလျက်ပြောလိုက်၏။


အနာဂတ်တွင် ချန်လီ ဤအခိုက်အတန့်ကိုပြန်တွေးတိုင်း ချိုမြိန်သော်လည်း စိတ်ရှုပ်စရာကောာင်းသည့် ခံစားချက်ကို ခံစားရလိမ့်မည်။ ဝေ့ချန်၏ ဖမ်းဆုပ်မှုအပေါ် လွယ်လွယ်ကျရှုံးခဲ့သည့်အတွက် နုံအလွန်းသည့် သူ့ကိုယ်သူသာ အပြစ်တင်မိသည်။ 


သို့သော်လည်း ၎င်းက နောက်ပိုင်းဇာတ်လမ်းအတွက်ဖြစ်၏။


စားသောက်ဆိုင်ထဲတွင် ချစ်စိတ်ထုံလွှမ်းနေကြရင်း ခဏလောက် အချိန်ဖြုန်းလိုက်ပြီးနောက် အလုပ်နှင့် ကျောင်းသွားရန် အချိန်ကျလာကြောင်း သတိရသွားသည်။ 


ဝေ့ချန်က ဒီနေ့တွင် စီးပွားရေးမဂ္ဂဇင်းတိုက်မှ ဂျာနယ်လစ်နှင့် ချိန်းဆိုထားသည်။ ထို့ကြောင့် သူနောက်ကျ၍ မဖြစ်ပေ။ ချန်လီအား Qတက္ကသိုလ်တွင် ထားခဲ့ပြီးနောက် ဝေ့ချန်က ကုမ္ပဏီသို့ တန်းသွားလိုက်သည်။ သူရောက်သွားပြီး သိပ်မကြာခင်မှာပင် စီးပွားရေးမဂ္ဂဇင်းတိုက်မှ ဂျာနယ်လစ်လည်း ရောက်လာခဲ့သည်။ 


ဝေ့ချန်က အင်တာဗျူးကို သူ့ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် စလိုက်သည်။ စီးပွားရေးမဂ္ဂဇင်းတိုက်က နိုင်ငံတွင် အကြီးမားဆုံး မဂ္ဂဇင်းတိုက်ဆိုသည့် ဂုဏ်ပုဒ်နှင့် တကယ်ကို ကိုက်ညီလေသည်။ မေးလာသည့် မေးခွန်းများက စံနှုန်းမြင့်မေးခွန်းများသာဖြစ်သည်။ သူတို့က ကြိုတင်ပြီး မေးခွန်းအကြမ်းဖျင်းလည်း ပေးမထားသော်လည်း အင်တာဗျူးကို တန်းစသည်။ သေချာသာ ပြင်ဆင်မထားပါက စီးပွားရေးမဂ္ဂဇင်းတိုက်၏ စံနှုန်းများကို ကိုက်ညီရန် ရုန်းကန်ရလိမ့်မည်။ 


ကံကောင်းစွာနှင့် ဝေ့ချန်က တည်တည်ငြိမ်ငြိမ်ရှိပြီး သန်မာသည့်စိတ်ဓာတ်လည်းရှိသည်။ ဂျက်မေးလာသည့် မေးခွန်းများက မည်မျှခက်ခဲနေပါစေ၊ ဝေ့ချန်၏ တုံ့ပြန်မှုများက တိကျကာပြီးပြည့်စုံပြီး ဂျက်အပေါ်တွင် ကြီးမားသည့် အထင်အမြင်ကောင်းများ ချန်ထားစေခဲ့သည်။ 


၎င်းက နှစ်ဦးနှစ်ဖက် ကျေနပ်ရသည့် အင်တာဗျူးမျိုးဖြစ်သွား၏။ ဂျက်က စိတ်အားထက်သန်မှုများနှင့် မေးမြန်းပြီး ဝေ့ချန်ကလည်း ပြစ်ချက်မရှိဘဲ ပြန်ဖြေပေးသည်။ အင်တာဗျူးက ပြန်လည်ပြင်ဆင်စရာမရှိဘဲ ယခုအတိုင်း ထုတ်ဝေ၍ရသည်ဟုပင် ဂျက်ခံစားမိသည်။ အင်တာဗျူးပြီးသွားသည့်အခါ ဂျက်က နောက်ထပ် တောင်းဆိုမှုတစ်ခု ထပ်လုပ်လာ၏။


 “ဒါရိုက်တာဝေ့...ဒီတစ်ခေါက် မဂ္ဂဇင်းထုတ်ဝေတာမှာ မျက်နှာဖုံးမှာပါဖို့ ဆုံးဖြတ်ထားပါတယ်...မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ဖို့ အားမလားမသိဘူး” 


မျက်နှာဖုံးအဖြစ် ရွေးချယ်ခဲ့ရသည့်အပေါ်တွင် ဝေ့ချန်အံ့ဩသွားသည်။ သို့သော်လည်း မျက်နှာပေါ်တွင် မပြလိုက်ပေ။ သူပြန်တုံ့ပြန်လိုက်၏။ “မစ္စတာဂျက်...ဘယ်အချိန်အဆင်ပြေလောက်မလဲ”


“ကျွန်တော်တို့ ဒါရိုက်တာဝေ့ရဲ့ အချိန်ဇယားနဲ့ ညှိပေးပါ့မယ်” ဂျက်က အပြုံးလေးနှင့် ပြောလိုက်သည်။ 


“ဒါဆိုရင် ကျွန်တော့် ရုံးခန်းထဲမှာ လုပ်ကြတာပေါ့” ဝေ့ချန် နောက်ထပ်နေရာ မပြောင်းရွှေ့ချင်၍ အကြံပြုလိုက်သည်။ 


“ကျွန်တော်တို့ တွေးထားပြီးသားပါ...ဒါရိုက်တာဝေ့ရဲ့အချိန်တွေ အလဟဿမဖြစ်အောင်လို့ ဒီနေ့ပဲ ကျွန်‌တော် ဓာတ်ပုံဆရာခေါ်လာခဲ့တယ်” ဂျက်က တုံ့ပြန်လိုက်သည်။ 


သူတို့နှစ်ယောက်က သဘောတူညီချက်ရသွားကြပြီး ချက်ချင်းရုံးခန်းထဲတွင် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ရန် ပြင်လိုက်ကြသည်။ သို့‌သော်လည်း သိပ်မကြာခင်တွင် ဓာတ်ပုံဆရာက ပြဿနာတွေ့လာတော့သည်။ ဝေ့ချန်က မည်သို့ ပြုံးရမလဲ မသိချေ။ 


သူတို့၏ မျက်နှာဖုံးရည်ရွယ်ချက်က ဝေ့ချန်၏ အသက်နှစ်ဆယ့်လေးနှစ်သာရှိသေးသည့် ငယ်ရွယ်မှုအထွတ်အထိပ်ချိန်ရောက်နေသည့်အတွက် သူ၏ အားသန်သည့်ဘက်ကို ဖော်ပြရန် ပြင်ဆင်ထားကြသည်။ ရည်ရွယ်ချက်က တည်ငြိမ်မှုနှင့် ခွန်အားနှစ်ခုစလုံးကို ဖော်ပြရန်ဖြစ်သည်။ 


“ဒါရိုက်တာဝေ့...နည်းနည်းလောက်ပြုံးနိုင်မလား” ဓာတ်ပုံဆရာက ဂျက်ထံသို့ အကူအညီတောင်းလိုက်သည်။ ဝေ့ချန်နှင့် အချိန်အတော်ကြာအတူရှိပြီးနောက် ဝေ့ချန်က လုံးဝမပြုံးကြောင်း သတိထားမိသည်။ သူ့တွင် လေးနက်ပြီး မပြုံးမရယ်သည့်မျက်နှာအမူအရာသာ အမြဲထားထားသည်။ 


“ကျွန်တော်တောင်းပန်ပါတယ်” ဝေ့ချန် နောင်တရစွာဖြင့် တောင်းပန်လိုက်သည်။ “အကြောင်းအရင်းတချို့ကြောင့် ကျွန်တော်မပြုံးနိုင်ဘူး” 


ဂျက်ချက်ချင်း တောင်းပန်လိုက်၏။ “ကျွန်တော်တို့ကသာ တောင်းပန်ရမှာပါ...အခြေအနေကို ကြိုပြီး နားမလည်ခဲ့ဘူးလေ”


“သေချာရှင်းမပြတာ ကျွန်တော့်အမှားပါ” ဝေ့ချန်က ပြုံးရန်ကြိုးစား၍ ပြောလိုက်သည်။ သို့သော်လည်း သူ့နှုတ်ခမ်းမှ ကြွက်သားများကို မထိန်းချုပ်နိုင်ချေ။ 


အခြေအနေကို လေ့လာပြီးနောက် ဂျက်နှင့် ဓာတ်ပုံဆရာတို့က နောက်ထပ် အစီအစဥ်တစ်ခု  လျင်မြန်စွာ ချလိုက်ကြသည်။ ဝေ့ချန်က တိတ်တဆိတ်နှင့်ရပ်နေပြီး လေးနက်နေသည့် အမူအရာဖြင့်ရပ်နေလျှင်တောင် သူ၏တည်ရှိမှုက သန်မာလေသည်။ ထို့ကြောင့် သူတို့က ထိုအားပြင်းသည့်အငွေ့အသက်ကိုသာ ရိုက်ယူရန် ကြိုးစားလိုက်ကြသည်။ 


ဓာတ်ပုံဆရာက စီးပွား‌ရေးမဂ္ဂဇင်းတိုက်၏ အရည်အချင်းပြည့်ဝသည့် ဓာတ်ပုံဆရာပီသစွာ ဝေ့ချန်၏ အငွေ့အသက်ကို အပိုအလိုမရှိဘဲ သေချာရိုက်ယူနိုင်လိုက်သည်။ ဓာတ်ပုံကိုကြည့်ရုံနှင့်တင် သူက လေးလေးနက်နက်နှင့် အသက်ရှူရခက်နေကြောင်း ခံစားနိုင်သည်။ 


“ကွက်တိပဲ” ဂျက်မနေနိုင်ဘဲ လက်ခုပ်လက်ဝါးတီးလိုက်မိသည်။




💘