Chapter 109
Viewers 18k

💘Chapter 109 

စီးပွားရေးမဂ္ဂဇင်း




လီချူးက သူမ၏နေ့လည်စားချိန် နှစ်နာရီအား ဝေ့ချန်၏ ရုံးခန်းထဲတွင် ကုန်ဆုံးခဲ့သည်။ ထိုနှစ်နာရီတွင် ဝေ့ချန်၏ ရုံးခန်းတံခါးက လုံးဝပိတ်မသွားခဲ့ပေ။ အစတွင် လီချူး၌ ချိန်းဆိုများသည်များရှိသော်လည်း ဝေ့ချန်နှင့် စကားပြောပြီးနောက် လီချူး၏ ချိန်းဆိုထားမှုများက ပျောက်ကွယ်သွားကာ ကျန်ရှိနေသည့်အချိန်များကို မေးခွန်းမေး၍ အဖြေများကို သေချာနားထောင်ရင်း ကုန်ဆုံးခဲ့သည်။ 


ဝေ့ချန်က လူ့အရင်းအမြစ်ဌာနနှင့် ပတ်သက်၍ ကျွမ်းကျင်မှုမရှိသော်လည်း ဝန်ထမ်းများကို စီမံခန့်ခွဲခြင်းအပေါ် သူ့အမြင်များက ထူးခြားပြီး လီချူးအတွက် အသုံးဝင်သည်။ အဆုံးတွင်တော့ လီချူးက စကားဝိုင်းအား မေ့ပျောက်သွားမည်စိုးသောကြောင့် သူမဖုန်းနှင့် စတင်အသံသွင်းလိုက်သည်။ 


အပြင်ဘက်တွင်ရှိနေသည့် ဝန်ထမ်းများက အစတွင် အခန်းထဲမှ စကားများကို နားထောင်ရန် တွေးထားခဲ့ကြသည်။ သို့သော်လည်း နားထောက်ပြီးသည့်နောက်တွင် စိတ်အားထက်သန်လာကြပြီး ဝေ့ချန်၏ စကားများကို လိုက်မှတ်ကြတော့သည်။ ဝေ့ချန်၏ စကားများက သူတို့တာဝန်ယူရသည့်အပိုင်းများနှင့် မသက်ဆိုင်သည်ကို ဂရုမစိုက်ဘဲ အနာဂတ်တွင် အကျိုးရှိလာမည်ကိုသိသောကြောင့် စိတ်ဝင်တစားဖြင့် လိုက်မှတ်လိုက်ကြသည်။ 


နေ့လည်စာစားချိန် ပြီးသွားသည့်အချိန်မှ လီချူးလည်းထွက်လာတော့သည်။ ထိုအချိန်တွင်တော့ သူမက ဝေ့ချန်ကို လိုက်မည့်စိတ်ကူးကို လက်လျှော့လိုက်တော့သည်။ သူမက သူမ၏ ကိုယ်ကျင့်စရိုက်ကို သေချာသိသည်။ သူမက အရာအားလုံးကို ထိန်းချုပ်ချင်သည့်အကျင့်ရှိသော်လည်း ဒီနေ့ ဝေ့ချန်နှင့် စကားပြောပြီးနောက် သူ့လိုယောက်ျားအား သူမ မထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည်။ 


လီချူးက အမြဲကျိုးကြောင်းဆီလျော်သည့် သူတစ်ယောက်ဖြစ်ခဲ့သည်။ ဝေ့ချန်က ထူးချွန်သည့်ပုံပေါက်ပြီး သူ၏ထူးချွန်မှုက သူမဖမ်းဆုပ်နိုင်သည်ကို ကျော်လွန်နေခဲ့သည်။ သူမ၏ဘဝအား တခြားတစ်ယောက်၏ လက်ထဲသို့ ထည့်လိုက်ခြင်းထက်စာလျှင် သူမဘာသာ တာဝန်ယူခြင်းက ပိုကောင်းသည်။ ဝေ့ချန်ကတော့ သူမ ထိန်းချုပ်နိုင်သည့်သူ မဟုတ်ပေ။ နှမြောစရာပေ။ 


လီချူး အတွေးထဲတွင် သက်ပြင်းချ၏။


လီချူးက ဝေ့ချန်ကို လိုက်၍ သူတို့နှစ်ယောက်စုံတွဲဖြစ်လာမည့်အပေါ် လက်လျှော့လိုက်သော်လည်း  ဝေ့ချန်လိုလူတစ်ယောက်နှင့် မိတ်ဆွေကောင်းများအဖြစ် ရှိနေခြင်းက ကောင်းလိမ့်မည်ဟု သူမတွေးမိသည်။ နောက်ဆုံးတော့လည်း သူက ခြွင်းချက်မရှိအောင် ထူးချွန်သည်လေ။ ထိုသို့တွေးရင်း လီချူး ဖုန်းကိုထုတ်၍ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ 


မကြာခင်တွင် ဖုန်းတစ်ဖက်က ဖြေကြားလာ၏။ လီချူးပြုံး၍ ပြောလိုက်သည်။ 


“ရှင်တို့မဂ္ဂဇင်းမှာ မျက်နှာဖုံးအတွက် အကြောင်းအရာရှာနေတယ်လို့ ကြားမိတယ်...ကျွန်မမှာ ညွှန်းပေးဖို့ လူတစ်ယောက်ရှိတယ်”


ဖုန်းဖြေလာသည့်သူက နာမည်ကြီးပြည်တွင်းစီးပွားရေးမဂ္ဂဇင်းတိုက်၏ အယ်ဒီတာခေါင်းဆောင်ဖြစ်သည်။ နောက်ထုတ်ဝေရေးအတွက် ကန့်သတ်ရက်ကနီးကပ်လာပြီး မျက်နှာဖုံးတွင် တင်ပေးရန်အတွက် အရည်အချင်းပြည့်မီသည့် အင်တာဗျူးရမည့်သူမရှိသေးပေ။ ထို့ကြောင့် လီချူးတွင် လူတစ်ယောက်ရှိသည်ကို ကြားသောအခါ အယ်ဒီတာခေါင်းဆောင် စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတော့လည်း လီချူးက အတွေ့အကြုံရှိသည့် လူ့အရင်းအမြစ်ဌာန မန်နေဂျာတစ်ယောက်ဖြစ်ပြီး လူများစွာကိုလည်း သိလေသည်။ 


“မန်နေဂျာလီ ဘယ်သူ့ကို ညွှန်းပေးချင်လို့ပါလဲ” စိတ်ထဲတွင် စိတ်လှုပ်ရှားမှု ရှိနေသော်လည်း အသံက‌တော့ တည်ငြိမ်ထားကာ အတွင်းဘက်မှ ခံစားချက်များကို အရိပ်အယောင်မပြလိုက်ပေ။ 


“ဝေ့ချန်...ချန်ဖုန်းအုပ်စု၊ ဈေးကွက်မြှင့်တင်ရေးဌာနက ဒါရိုက်တာ” လီချူး ပြုံးရင်း ပြောလိုက်သည်။ 


“ဝေ့ချန်လား” ထိုနာမည်ကိုကြားပြီးနောက် အယ်ဒီတာ ခေါင်းဆောင်က ထိုလူအပေါ်တွင်ရှိသည့် အတွေးအမြင်များကို ပြန်တွေးရန် ကြိုးစားလိုက်သည်။ သိပ်မရှင်းလင်းနေသော်လည်း ထိုလူက Qတက္ကသိုလ်မှ အရည်အချင်းရှိသည့် ဘွဲ့ရခဲ့သူဆိုသည်ကိုသာ မှတ်မိလိုက်သည်။ 


“မန်နေဂျာလီ...ကျွန်တော်တို့ မဂ္ဂဇင်းရဲ့ သဘာဝကို သတိထားသင့်တယ်...ဝေ့ချန်က ချန်ဖုန်းအုပ်စု ဈေးကွက်မြှင့်တင်ရေးဌာနရဲ့ ဒါရိုက်တာဖြစ်ပေမယ့် အဲ့ဒီနေရာကို လနည်းနည်းလေးနဲ့ ရခဲ့တာလို့ ကြားမိတယ်...မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာပါဖို့ကို လက်ခံနိုင်ပေမယ့် မျက်နှာဖုံးမှာပါလာဖို့ကတော့ နည်းနည်း မသင့်တော်ဘူးလို့ မထင်ဘူးလား” အယ်ဒီတာခေါင်းဆောင်က မယဥ်မကျေးနှင့် ပြောလာခဲ့သည်။ နောက်ဆုံးတော့လည်း ၎င်းက သူ၏မဂ္ဂဇင်းဖြစ်ပြီး လီချူး မဆင်မခြင်ပြုမူလာသည်ကို မလိုချင်ပေ။ 


လီချူးက မလှုပ်မယှက်ရှိနေပြီး ပြုံးနေဆဲပင်။ “အယ်ဒီတာခေါင်းဆောင်...ဒီနှစ်ဆိုရင် ဝေ့ချန် အသက်ဘယ်လောက်ရှိပြီလဲ သိလား” 


“သုံးဆယ်ဝန်းကျင်လောက်ပေါ့” အယ်ဒီတာခေါင်းဆောင် ခန့်မှန်းလိုက်၏။ ချန်ဖုန်းအုပ်စုတွင် ဈေးကွက်မြှင့်တင်ရေးဌာန၏ ဒါရိုက်တာရာထူးကို ရနေတာဆိုလျှင် နှစ်ဆယ်စွန်းစွန်းသာ ရှိမနေနိုင်ချေ။ 


“အယ်ဒီတာခေါင်းဆောင် မှားနေပြီ” လီချူး လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်သည်။ “သူက ဒီနှစ်မှာမှ နှစ်ဆယ့်လေးနှစ်ပဲရှိသေးတယ်...ငယ်ရွယ်မှုရဲ့ အကောင်းဆုံး အသက်အရွယ်မှာ ရှိနေတာနော်”


“နှစ်ဆယ့်လေးနှစ်... မဖြစ်နိုင်တာ” အယ်ဒီတာချုပ် မယုံနိုင်ဖြစ်သွား၏။ “လူအများစုက အဲ့အရွယ်ကျမှ တက္ကသိုလ်က‌နေ ဘွဲ့ရကြတာမဟုတ်ဘူးလား”


“အယ်ဒီတာခေါင်း‌ဆောင် ကျွန်မကိုမယုံဘူးဆိုရင် အရင်က မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဖူးခဲ့တဲ့ လူတွေကို မေးကြည့်လို့ရပါတယ်...အထူးသဖြင့် မော်တော်ယာဥ်လုပ်ငန်းမှာရှိတဲ့သူတွေကိုလေ...ဒါမှမဟုတ်လည်း တခြားစက်မှုလုပ်ငန်းတွေမှာရှိတဲ့ သူတွေကိုလည်းမေးကြည့်ပေါ့...ဒီလိုမြို့တော်မှာ ဝေ့ချန်ရဲ့ဂုဏ်သတင်းက မော်တော်ယာဥ်လုပ်ငန်းတစ်ခုတည်းကိုပဲ ကန့်သတ်ပြီး သက်ရောက်နေမှာမဟုတ်လောက်ဘူး” 


ထိုစကားများက လီချူး၏ ခန့်မှန်းချက်များသာဖြစ်သော်လည်း သူတို့က သေချာစွာ ခွဲခြမ်းထားသည်များဖြစ်သည်။ ဝေ့ချန်က လုပ်ဆောင်ချက်တွင် သုံးဆယ်ရာခိုင်နှုန်းတိုး‌အောင် စွမ်း‌ဆောင်ပေးထားပြီး လွှမ်းမိုးနိုင်စွမ်းကြီးသည့် ရာထူးကြီးသူ အများအပြားနှင့်လည်း ဆက်ဆံရေးရှိသည်။ 


လီချူးပြောသည်ကိုကြားပြီးနောက် မဂ္ဂဇင်းတိုက်၏ အယ်ဒီတာခေါင်းဆောင် စိတ်ဝင်စားသွား‌တော့သည်။ လီချူးနှင့် ဖုန်းပြောပြီးနောက် ချက်ချင်း သူနှင့် အဆက်အသွယ်သည့် ရာထူးကြီးသူ အနည်းငယ်ကိုဖုန်းခေါ်၍  စကားပြောလိုက်သည်။ သူက ဝန်ထမ်းအချို့ကိုလည်း ဝေ့ချန်အကြောင်း အချက်အလက်များ စုဆောင်းခိုင်းလိုက်သည်။ 


အယ်ဒီတာခေါင်းဆောင်၏ အံ့အားသင့်သွားရသည်မှာ သူဆက်သွယ်လိုက်သည့် စီးပွားရေးလုပ်ငန်းရှင်များ တစ်ဝက်လောက်က ဝေ့ချန်ကို တကယ်သိနေကြခြင်းပင်။ အထူးသဖြင့် မော်တော်ယာဥ်လုပ်ငန်းမှ သူများက သူ့ကိုသေချာသိကြသည်။ သူက ဝေ့ချန်အကြောင်း မြှောက်ပင့်ပြောကြပြီး သူနှင့် အင်တာဗျူးလုပ်သင့်ကြောင်း စိတ်အားထက်သန်စွာ အကြံပေးလာကြသည်။ အချို့က ဝေ့ချန်၏အင်တာဗျူးသာ မဂ္ဂဇင်းတွင် ပါလာခဲ့လျှင် အပြည့်အဝထောက်ပံ့ပေးမည်ဟုပင် ပြောလာကြသည်။ 


လွှမ်းမိုးနိုင်အားကြီးသည့် ရာထူးကြီးသူများနှင့် ဖုန်းပြောပြီးသွားပြီးနောက် အယ်ဒီတာခေါင်းဆောင်က သူ့ဝန်ထမ်းများထံမှ ဝေ့ချန်၏ အချက်အလက်များကို လက်ခံရရှိလိုက်သည်။ သူ၏သာမန်ပညာရေးနောက်ခံကို လျစ်လျူရှုရင်း လွန်ခဲ့သည့်နှစ်တွင် သူ၏လုပ်ဆောင်ချက်များက အသိအမှတ်ပြုလောက်စရာပင်။ ချန်ဖုန်းအုပ်စုကို ဝင်လာပြီးနောက် သူမည်သို့လုပ်ဆောင်ခဲ့လဲ အယ်ဒီတာခေါင်းဆောင် မသိသော်လည်း သူ့အသက်အရွယ်တွင် ချန်ဖုန်းအုပ်စု၌ ဒါရိုက်တာဖြစ်လာခြင်းက သေချာပေါက် သာမန်ကိုကျော်လွန်နေခြင်းဖြစ်၏။ 


နောက်ဆုံးတွင်တော့ အယ်ဒီတာခေါင်းဆောင်က ဝေ့ချန်၏ အသွင်အပြင်ကို အာရုံစိုက်လိုက်သည်။ တုံ့ဆိုင်းမှုမရှိဘဲ ဒီတစ်ခေါက်ထုတ်ဝေမည့် မဂ္ဂဇင်းတွင် ဝေ့ချန်က မျက်နှာဖုံးစာမျက်နှာဖြစ်လာရမည်ဆိုသည့် ဆုံးဖြတ်ချက်ချလိုက်သည်။ ရုပ်ချောပြီး အရည်အချင်းလည်းရှိတယ်...ဒီလိုမျိုး ဘယ်သူထပ်ရှိနေနိုင်မှာလဲ..။


“မင်းအခုချက်ချင်း ချန်ဖုန်းအုပ်စုကိုသွားပြီး ဒါရိုက်တာဝေ့နဲ့ ဆက်သွယ်လိုက်...လာမယ့်ရက်တွေမှာ ငါတို့ကို အချိန်ပေးနိုင်မလားဆိုတာမေးလာခဲ့...ပြီးတော့ မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ဖို့ အချိန်နည်နည်း ဖယ်ပေးဖို့လည်း တောင်းဆိုလာခဲ့...”အယ်ဒီတာခေါင်းဆောင်ပြောလိုက်သည်။ ပြဿနာတစ်ခုဖြေရှင်းပြီးတော့မည်ဖြစ်သောကြောင့် သူအလွန် စိတ်သက်သာရာရနေသည်။ 


“ဟုတ်ကဲ့” ဝန်ထမ်းက ချက်ချင်း တုံ့ပြန်လိုက်ပြီး ချန်ဖုန်းအုပ်စုသို့ သွားရန်ပြင်လိုက်သည်။


ရုံးခန်းထဲတွင် အယ်ဒီတာခေါင်းဆောင် တစ်ယောက်တည်းကျန်နေခဲ့ချိန်တွင် သူက လက်ချောင်းများဖြင့် ခုံကိုခေါက်နေလိုက်သည်။ ထိန်းချုပ်ထားသည့် အပြုံးလေးက သူ့နှုတ်ခမ်းတွင် ဖြစ်ပေါ်လာသည်။ ဒီတစ်ခေါက် ထုတ်ဝေမည့် မဂ္ဂဇင်းက ပေါက်လိမ့်မည်ဖြစ်ကြောင်း သူခံစားမိနေသည်။ 


မက်ဆေ့ချ်ဝင်လာသည့်အသံက အယ်ဒီတာချုပ်၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ ၎င်းက လီချူးထံမှဖြစ်ပြီး မက်ဆေ့ချ်တွင် စကားလုံးသုံးလုံးသာ ပါဝင်သည်။ “ဘယ်လိုလဲ” 


အယ်ဒီတာခေါင်းဆောင်က တိုက်ရိုက်အဖြေမပေးလိုက်ဘဲ ပြန်ပြောလိုက်သည်။ “ဒီညအားလား...ညစာလိုက်ကျွေးချင်လို့ပါ”


ထိုစာကို တွေ့ပြီးနောက် လီချူး အယ်ဒီတာ၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူမက ဖုန်းကိုသိမ်းလိုက်ရင်း သူမ၏နှုတ်ခမ်းမှာ တွန့်ကွေးသွားသည်။ အယ်ဒီတာခေါင်းဆောင်အား ဝေ့ချန်အကြောင်း သတင်းပေးပြီးနောက် ဝေ့ချန်က ဒီမဂ္ဂဇင်း၏ အာရုံစိုက်ခြင်းကို ခံရလိမ့်မည်မှန်း သူမသေချာသိနေခဲ့သည်။ အကြောင်းအရင်းမရှိချေ။ ဒီအတိုင်းယုံကြည်နေခြင်းသာဖြစ်သည်။ 


......


နေ့လည်ဘက်သို့ရောက်သည့်အခါ နှင်းကျနေခြင်းရပ်သွား၏။ သန့်ရှင်းရေးလုပ်သားများက ကြိုးစား၍ လမ်းရှင်းကြတော့သည်။ နေထွက်လာပြီး ‌ရောင်ခြည်တန်းများ ထုတ်လွှင့်လာသည့်အခါ အဖြူရောင်နှင်းများက နေ‌ရောင်ခြည်ထဲတွင် တောက်ပနေပြီး ကမ္ဘာကြီးတစ်ခုလုံးကို လင်းလက်နေစေတော့သည်။ 


အတွင်းဘက်ဖုန်းလိုင်းတစ်ခု ဝင်လာသည့်အခါ ဝေ့ချန်က စာဖိုင်အချို့နှင့် အလုပ်လုပ်ပြီးသွားတာဖြစ်သည်။ ၎င်းက အရှေ့စားပွဲမှဖြစ်ပြီး စီးပွားရေးမဂ္ဂဇင်းတိုက်မှ ဂျာနယ်လစ်တစ်ယောက်က သူ့ကိုတွေ့ချင်နေကြောင်း အကြောင်းကြားလာသည်။


စီးပွားရေးမဂ္ဂဇင်းတိုက် နိုင်ငံတွင် အကြီးဆုံးစီးပွားရေးမဂ္ဂဇင်းတိုက်ဖြစ်ပြီး People’s Dailyအပိုင်ဖြစ်သည့် ပြည်နယ်ပိုင်လုပ်ငန်းဖြစ်သည်။ သေချာသည်ကတော့ People’s Daily နှင့်ယှဥ်လျှင် စီးပွားရေးမဂ္ဂဇင်းတိုက်က လူသိမများသော်လည်း စီးပွားရေးအသိုင်းအဝိုင်းတွင် သိသာသည့် လွှမ်းမိုးမှုမျိုးရှိသည်။ 


စီးပွား‌ရေးမဂ္ဂဇင်းတိုက်တွင် ပါဝင်ထားသည့်သူများက နိုင်ငံတကာအဖွဲ့အစည်းများတွင် ကြီးသည့်ဂုဏ်ပုဒ်ရှိကြသူများဖြစ်ကြသည်။ စီးပွားရေးမဂ္ဂဇင်းတွင် ပါလာနိုင်သည့်သူများက အသက်မွေးဝမ်းကြောင်း‌အောင်မြင်မှုကိုတိုင်းတာရန်အတွက် စံနှုန်းများဖြစ်ကြောင်းဟုပင် ပြောကြသည်။ 


ထိုဖော်ပြချက်က ချဲ့ကားသည်မျိုးဖြစ်နိုင်သော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးလောကတွင် စီးပွားရေးမဂ္ဂဇင်းတိုက်၏ အဆင့်အတန်းကို အတိုင်းအတာအချို့အထိလည်း ဖော်ပြနေလေသည်။ 


ထို့ကြောင့် စီးပွားရေးမဂ္ဂဇင်းတိုက်မှ ဂျာနယ်လစ်တစ်ယောက်က သူ့ကိုအင်တာဗျူးချင်နေကြောင်း ကြားသောအခါ ဝေ့ချန်အံ့ဩပြီး ရှုပ်ထွေးသွားသည်။ ဝေ့ချန်၏ကိုယ်ပိုင်အတွေးများအရ စီးပွားရေးမဂ္ဂဇင်းတိုက်က သူရောက်ရှိနိုင်သည်ထက် ကျော်လွန်လေသည်။ 


ဝေ့ချန် စိတ်ရှုပ်ထွေးနေချိန်တွင် အတွင်းရေးမှူးက စီးပွားရေးမဂ္ဂဇင်းတိုက်၏ ဂျာနယ်လစ်ကို ရုံးခန်းတံခါးဝသို့ ခေါ်လာခဲ့သည်။ တံခါးခေါက်သံက ဝေ့ချန်ကို အတွေးများမှ နိုးထစေလိုက်သည်။ 


ဝေ့ချန်က နှာရိုးကို နှိပ်ပြီး တက်ကြွအောင်လုပ်၍ ပြောလိုက်သည်။ “ဝင်လာပါ”


တံခါးလက်ကိုင်က လည်သွားပြီး အတွင်းရေးမှူးက စီးပွားရေးမဂ္ဂဇင်းတိုက်မှ ဂျာနယ်လစ်ကို ရုံးခန်းထဲသို့ ခေါ်လာသည်။ 


ဝေ့ချန်မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်သည်။ “ဟယ်လို...ကျွန်တော်က ဝေ့ချန်ပါ” သူက ယုံကြက်ချက်အပြည့်ဖြင့် ပြောလိုက်သည်။


“ဟယ်လို...ဟယ်လို...ကျွန်တော်က စီးပွားရေးမဂ္ဂဇင်းတိုက်က ဂျက်ပါ...ကျွန်တော့်ကို အားကျယ်လို့ ခေါ်လို့ရပါတယ်..ဒါရိုက်တာဝေ့” ဂျက်ကပြန်ပြောလာသည်။ 


မိတ်ဆက်ခြင်းများပြီးနောက် ဂျက်ကချက်ချင်း သူလာလည်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။ “ဒါရိုက်တာဝေ့...ဒီလိုရှိပါတယ်...ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းက ဒါရိုက်တာဝေ့နဲ့ အင်တာဗျူးလုပ်ချင်လို့ပါ... ဘယ်အချိန်အားမလဲသိလို့ရမလား” 


ဝေ့ချန် အံ့ဩမသွားပေ။ အရှေ့စားပွဲမှ သူတို့သူ့ကိုရှာနေကြောင်း သိလိုက်ရချိန်တွင် စီးပွားရေးမဂ္ဂဇင်းတိုက်၏ ရည်ရွယ်ချက်ကို သိပြီးနေပြီဖြစ်သည်။ 


စီးပွားရေးမဂ္ဂဇင်းတိုက်က သူနှင့်အင်တာဗျူးလုပ်ချင်သည့်အပေါ် ဝေ့ချန် ချက်ချင်း သဘောမတူလိုက်‌ချေ။ မဂ္ဂဇင်းတွင် ပါဝင်နိုင်မည့် အခွင့်အရေးအစား ဝေ့ချန်က သူ့အလုပ်အား တိတ်တဆိတ်အာရုံစိုက်ရသည်ကိုသာ ပိုသဘောကျသည်။ 


ဂျက်က ဝေ့ချန်စိတ်ရှုပ်ထွေးနေသည်ကို သတိထားမိသောကြောင့် ပြုံးလိုက်ကာ သူ၏လုပ်ငန်းကတ်ကို ကမ်းပေးလိုက်သည်။ “ဒါရိုက်တာဝေ့...စိတ်ဖိစီးဖို့မလိုပါဘူး...အချိန်ယူစဥ်းစားပြီး ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ကျွန်တော့်ကို ခေါ်လိုက်ပါ...ကျွန်တော် အချိန်စာရင်းလုပ်ပေးပါ့မယ်”


“ကျေးဇူးတင်ပါတယ်” ဝေ့ချန်က လုပ်ငန်းကတ်ကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။ 


“ဒါရိုက်တာဝေ့...အလုပ်ဆက်လုပ်ပါ...ကျွန်တော်မနှောင့်ယှက်တော့ပါဘူး...ဖုန်း‌ခေါ်တာကို စောင့်နေပါ့မယ်” ဂျက်က ရုံးခန်းထဲမှ မထွက်ခင် ပြောလိုက်သည်။ 


ဝေ့ချန်က အတွင်းရေးမှူးအား ဂျက်ကိုပြန်လိုက်ပို့ရန် ညွှန်ကြားလိုက်ပြီး သူ့လက်ထဲရှိ လုပ်ငန်းကတ်ကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက် အကျီအိတ်ထဲသို့ ထည့်ထားလိုက်သည်။ 


၎င်းက ဝေ့ချန်အတွက် အပိုင်းတိုလေးတစ်ခုသာဖြစ်ပြီး သိပ်အာရုံမထားလိုက်ချေ။ 


အလုပ်ဆင်းခါနီးအချိန်တွင် ရှန့်ကျားချီက ဝေ့ချန်၏ ဈေးကွက်မြှင့်တင်ရေးဌာနသို့ ‌ရောက်လာခဲ့သည်။ 


ဌာနမှ ဝန်ထမ်းများက ဘော့စ်ကိုယ်တိုင်ရောက်လာသည်ကိုမြင်သောအခါ အံ့ဩသွားကြပြီး မတ်တပ်ရပ်ကာ တစ်ညီတညာတည်း နှုတ်ဆက်လာကြသည်။ “ကောင်းသောနေ့လည်ခင်းပါ...ဥက္ကဌ” 


ရှန့်ကျားချီပြုံး၍ ပြောလိုက်သည်။ “အလုပ်ဆက်လုပ်ကြပါ...ပြန်ဖို့အချိန်ကျရင် အိမ်ပြန်လို့ရတယ်...ငါ့ကိုစိတ်ထဲမထားနဲ့” ထို့နောက် အပြုံးလေးနှင့်အတူ ဝေ့ချန်၏ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ 


ရှန့်ကျားချီ တံခါးခေါက်လိုက်ပြီး အထဲမှ တုံ့ပြန်မှုရမှသာ တံခါးကိုဖွင့်၍ ဝင်လိုက်၏။


ရှန့်ကျားချီကိုမြင်သောအခါ ဝေ့ချန်မတ်တပ်ရပ်၍ သူ့ကိုနှုတ်ဆက်လိုက်သည်။ 


“စီးပွားရေးမဂ္ဂဇင်းတိုက်က ဂျာနယ်လစ်လာသွားတယ်လို့ကြားတယ်” ရှန့်ကျားချီက ဆိုဖာပေါ်တွင်ထိုင်ရင်း အဓိကအချက်ကိုတန်းပြောလိုက်၏။ 


ဝေ့ချန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်”


“သဘောတူလိုက်လား” ရှန့်ကျားချီ မေးလိုက်၏။


“မတူရသေးပါဘူး” ဝေ့ချန် ပြန်ပြောလိုက်သည်။ 


ရှန့်ကျားချီပြောလာ၏။ “ဘာလို့ သ‌ဘောမတူလိုက်တာလဲ...စီးပွားရေးမဂ္ဂဇင်းတိုက်ရဲ့ ဩဇာကိုသိလား” 


ဝေ့ချန်က အမူအရာမဲ့စွာဖြင့် ပြောလာသည်။ “ကျွန်တော် လူထုကို မျက်နှာထွက်ပြရတာမကြိုက်ဘူး”


ရှန့်ကျားချီရယ်၍ ပြောလိုက်သည်။ “အဲ့ဒါက ကြိုက်တာ၊မကြိုက်တာနဲ့ မဆိုင်ဘူးလေ...ငါတောင် စီးပွားရေးမဂ္ဂဇင်းတိုက်ရဲ့ အဆက်အသွယ်တွေကို အံ့ဩမိတယ်...သူတို့ဘက်က မင်းကိုအရင် ချဥ်းကပ်လာမှတော့ အခွင့်အရေးကို အရယူသင့်တယ်...မြင့်မြင့်တက်ချင်ရင် လူထုအမြင်ထဲကို မဝင်ဘဲ မင်းရဲ့ဆက်သွယ်ရေးကွန်ရက်ကို မချဲ့နိုင်ဘူး” 


သဘာဝကျစွာနှင့် ဝေ့ချန် ထိုသဘာဝကို နားလည်လိုက်သည်။ သို့သော် သူက လူထုအမြင်တွင် ရှိရသည်ကို မကြိုက်ပေ။ ရှန့်ကျားချီက ဝေ့ချန်ဘာတွေးနေသည်ကို သိသောကြောင့် ပြောလိုက်၏။ 


“တကယ်တော့ မင်းအများကြီး တွေးဖို့မလိုပါဘူး...စီးပွားရေးမဂ္ဂဇင်းတိုက်ကို မင်းကိုယ်မင်း ဖော်ပြရမယ့် စတိတ်စင်လို့သာ သဘောထားလိုက်...မင်းမဂ္ဂဇင်းမှာပါလာပြီး တခြားကုမ္ပဏီတွေက မင်းကိုလာလုကြမှာကိုတောင် ငါစိတ်မပူဘူး...မင်းကဘာတွေ စိတ်ပူနေတာလဲ”


ဝေ့ချန်ပြန်ပြောလိုက်၏။ “ဥက္ကဌက နောက်နေပြန်ပါပြီ” ထိုသို့ပြောလိုက်သော်လည်း ဝေ့ချန် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။ သူအင်တာဗျူးလုပ်မည်။ နောက်ဆုံးတော့လည်း သူက ဆွဲဆောင်မှု မရှိသည်မဟုတ်ပေ။ 


“ဒါနဲ စကားမစပ်...ငါမင်းကို မင်းရဲ့ခင်ပွန်းလေးကို ညစာကျွေးချင်လို့ ငါ့အိမ်ကိုခေါ်လာခဲ့ပါလို့ ပြောထားတယ်မလား...ဘာလို့ သူ့ကိုခေါ်မလာသေးတာလဲ” 


ရှန့်ကျားချီက လျင်မြန်စွာနှင့် အကြောင်းအရာကိုပြောင်းလိုက်ရာ ဝေ့ချန်အနည်းငယ် ရှုပ်ထွေးသွားလေသည်။




💘