Ch27.1 - မှားယွင်းမှုများ
ကောင်းချန်က သူ့ကိုယ်သူ ထိန်းညှိလိုက်ကာ လက်ထဲတွင် စောင်တစ်ထည်ဖြင့် သူ့ကိုယ်သူ ဘောလုံးတစ်လုံးကဲ့သို့ ခြုံထွေးထားလိုက်သည်။ ထို့နောက် သူကမေးလိုက်သည်...
“ဘာတွေပြောနေတာလဲ”
"မင်း အမှားတစ်ခုခု ကျူးလွန်ဖူးလား.."
ဖန်ချန်းက တီဗီစင်အစွန်းတွင် ပေါ့ပေါ့ပါးပါး မှီထားကာ မေးလိုက်သည်။ လျှပ်စီးကတဖျပ်ဖျပ်လက်လာပြီး သူ့မျက်နှာတစ်ဝက်ကို ခေတ္တမျှတောက်ပစေပြီး ညှပ်ရိုးဖြူဖြူပေါ်အရိပ်ထင်ဟပ်စေခဲ့သည်။
ကောင်းချန်က သက်ပြင်းချလာရင်းတွေးတောပြောဆိုလာခဲ့သည်...
"ကောင်းပြီ.. ငယ်ရွယ်တဲ့အချိန်မှာ အမှားတွေမလုပ်မိတဲ့သူဘယ်သူရှိမှာလဲ...."
ကောင်းချန်သည် အမှန်တကယ်ပင် ငယ်ရွယ်နုပျိုသေးပြီး ဖြူစင်သောအသွင်အပြင်ဖြင့် တက်ကြွနေခဲ့သူဖြစ်သည်။
ကောင်းချန်က စကားပြောဆိုရာမှာ သတိထားတတ်သူဖြစ်ရုံသာမက နွေးထွေးသော စိတ်နှလုံးလည်းရှိပြီး အိမ်နီးနားချင်းများကို မကြာခဏကူညီပေးတတ်သူလည်းဖြစ်သည်။ သူက အနေတည်သည့် အိမ်နီးချင်းတွေကိုတောင်မှ လှိုက်လှိုက်လှဲလှဲ အပြုံးနဲ့ နှုတ်ဆက်တတ်သူပင်ဖြစ်သည်။ သူ့မှာ မကျေနပ်ချက်ရှိရင်တောင် သူတို့နောက်ကွယ်မှာသာ ငြီးတွားတတ်လေသည်။
ကောင်းချန်က ဟာသလုပ်ပြီးပြောလာခဲ့သည်...
"မိန်းကလေးအချို့နဲ့ ဆက်ဆံဖူးတာကိုရော ထည့်တွက်တာလား... ကြွားလုံးထုတ်တာတော့မဟုတ်ပေမယ့်...ငါ ကိုယ်အလေးချိန်ဒီလောက်မပြည့်လာခင်တုန်းက အတော်လေးကို ကြည့်ကောင်းခဲ့တာလေ၊ ဟိုအရင်တုန်းကတော့ မိန်းကလေး တော်တော်များများက ငါ့ကိုလိုက်ပိုးခဲ့ကြတာ...ငါလည်း အခြေအနေကိုပျော်နေခဲ့ပေမယ့် နောက်ကြတော့ စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားလို့ လမ်းခွဲခဲ့လိုက်တယ်"
ဖန်ချန်းက သူ့အပေါ် ကိုမလှုပ်မယှက် စိုက်ကြည့်နေသေးတာကို မြင်လိုက်ရတော့ သူက တခစ်ခစ်ရယ်လာပြီးပြောလိုက်သည်...
"ငါ့ကို လူယုတ်မာကောင်လို့မြင်နေတာမလား"
သူ၏ ဝန်ခံချက်ထဲတွင် ဂုဏ်ယူမှု အရိပ်အယောင်များတောင် ရှိနေခဲ့သည်....
ဖန်ချန်းသည် လက်များပိုက်ပြီး တီဗီစင်ကို မှီထားကာ သူ့ကိုယ်အလေးချိန်ကို ထောက်ပံ့ပေးထားသည့် ခြေထောက်များက ထုံကျင်လာကြောင်းသိလိုက်ရသည်။ ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို ခပ်ဖွဖွသပ်လိုက်ရင်းပြောလိုက်သည်..
"ငါမသိဘူး..."
ကောင်းချန်က သူ့ကို သံသယမျက်လုံးတွေနဲ့ ကြည့်လာခဲ့ပြီး "မင်း ဘယ်တုန်းကမှ ရည်းစားမထားဘူးသေးဘူးလို့တော့ မပြောနဲ့နော်"
ဖန်ချန်း၏ မျက်ခုံးများက အလိုလို ပင့်တက်သွားကာ ပြန်ချေပလိုလိုက်သော်လည်း စကားလုံးများက လျှာဖျားတင်တစ်ဆို့သွားခဲ့ကြောင်း သူ့ကိုယ်သူ သိလိုက်ရသည် ။
သူမှတ်မိနိုင်သည့် အမှတ်တရများက အရမ်းနည်းလှသည်။
အစပိုင်းတွင် လဲလျောင်းနေခဲ့သည့် ကောင်းချန်က ဖန်ချန်း၏ တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သလိုမျိုး နိုးနေခဲ့သည်။ ဒါပေမယ့် မကြာခင်မှာပဲ သူ့မျက်လုံးများကမှိတ်သွားပြီး ခါတိုင်းလို ဟောက်သံမထွက်လာဘဲ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။
အပြင်ဘက်၌ မိုးက တဖြေးဖြေးပိုရွာလာခဲ့ပြီး အအေးဓာတ်သည် ပြတင်းပေါက်မှ စိမ့်ဝင်လာကာ မမြင်နိုင်သော တစ်ခုခုကသူ့လည်ကုပ်ကို ညင်သာစွာ ဆုပ်ကိုင်ပြီးပွတ်သပ်လာသလိုခံစားလိုက်ရသည်။ ဖန်ချန်း၏စိတ်သည် မသက်မသာ ခံစားချက်များဖြင့် နစ်မြုပ်သွားပြီး တုန်တက်သွားရသည်။ ကောင်းချန်ကို တစ်ချက်စစ်ကြည့်ဖို့ သူ့အနားလျှောက်သွားခါနီးမှာပဲ တံခါးခေါက်သံတစ်ခု ထွက်လာခဲ့တော့သည်။
ဖန်ချန်းက သူ့ခြေလှမ်းများကို နောက်ပြန်ဆုတ်လိုက်ပြီး တံခါးနားကို ချဉ်းကပ်သွားလိုက်ကာ တံခါးချပ်နားနီးကပ်စွာကပ်လိုက်ရင်းမေးလိုက်သည် "ဘယ်သူလဲ?"
နျဲ့ရှီဟု သူထင်ခဲ့လိုက်သည်။
ဒါပေမယ့် ဘယ်သူကမှ ပြန်မဖြေလာခဲ့ပေ...
ဒေါက်၊ ဒေါက်၊ ဒေါက်...ဂျစ်...
တံခါးကို ခေါက်လာသည့်အသံများနှင့်အတူ ခြစ်သံတစ်ခု ထွက်လာခဲ့သည်။
ခဏလောက်အကြာမှာတော့ တံခါးခေါက်သံက ရပ်သွားခဲ့ပြီး နောက်မှ လိုက်လာသော အသံသည် တံခါးနှင့်မနီးမဝေးမှ တိုးဖွဖွ ထွက်လာခဲ့သည်။
"ဖန်ချန်းကော?"
ဖန်ချန်း၏အမူအရာများက တင်းမာလာခဲ့သည်။
"ကောမလား?" လူငယ်လေးက တံခါးအကြား ဖိလာခဲ့ပြီး နှုတ်ခမ်းကတဖြည်းဖြည်း ကွေးညွှတ်သွားကာ ပြုံးလိုက်ရင်း သူ့စကားသံထဲတွင် ရွှင်လန်းမှုများ ပြည့်နှက်နေခဲ့သည်။
ဖန်ချန်းက အသက်ရှုသံကိုထိန်းချုပ်လိုက်ပြီး တံခါးဘောင်ကို ဖိထားသော သူ၏လက်ချောင်းများသည် သိသိသညသည ဖြူစုတ်လာခဲ့သည်။
ချောင်ယန်က လက်ညိုးဖြင့် တံခါးကို စည်းချက်ညီစွာ ပုတ်လာခဲ့ပြီး သူ့အသံကတစ်ချက်ချင်းစီအလိုက် နောက်မှာကပ်ပါလာခဲ့သည်။
"ဒေါက်၊ ဒေါက်၊ ဒေါက်...အထဲမှာရှိနေတယ်မလား.."
ဖန်ချန်းသည် မလှုပ်ဝံ့..အသံမထွက်ဝံ့ဘဲ တိတ်ဆိတ်နေကာ မျက်လုံးများက အထိတ်တလန့် လှည့်ပတ်နေလေသည်။
တံခါးအပြင်ဘက်က အသံတွေ ခဏရပ်သွားခဲ့သည်... ဖန်ချန်းသည် တစ်ဖက်လူထွက်သွားပြီလို့ ထင်လိုက်ပြီး လှုပ်ရှားသံများကို နားထောင်ဖို့ တံခါးနားပိုနီးကပ်စွာမတ်တတ်ရပ်ဖို့ ဆုံးဖြတ်လိုက်သည်။
"အထဲမှာရှိနေတာ ကျွန်တော်သိတယ်နော်.."
သူ့နားထဲကို တိုးတိုးလေး ကပ်ပြောလိုက်သလို လေထဲမှာ ပျံ့လွင့်လာခဲ့သည်... သူ့အသက်ရှုသံများက သူ့ကိုခြိမ်းခြောက်နေသလိုမျိုး စားသုံးနေကာ နောက်တစ်စက္ကန့်အတွင်းမှာတင် အသွေးအသားကလွဲပြီး ဘာမှမကျန်တော့သလိုခံစားလိုက်ရသည်..
"ဘာလို့ ကျွန်တော့်ကို ပြန်မဖြေတာလဲ.." တခစ်ခစ်ရယ်မောသံနှင့်အတူ ချောင်ယန်က တံခါးကို ဆောင့်ဆွဲလာခဲ့သည်။ဖန်ချန်း၏အမူအရာများက အမျိုးမျိုး မငြိမ်မသက်ဖြစ်လာကာ ထိုဗလုံးပထွေးစကားသံများက သူ့စိတ်ကိုမသက်မသာဖြစ်စေလာခဲ့သည်။
ဖန်ချန်းသည် အစမှ အဆုံးထိ စကားတစ်ခွန်းမှမပြောခဲ့ဘဲ အပြင်ဘက်မှ တိတ်ဆိတ်သွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ သူက ကောင်းချန်ကို တစ်ချက်ကြည့်လိုက်ရာ သူ့နောက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။ သူက အခန်းထဲဘက် ပြန်မလှည့်တော့ဘဲ တံခါးလက်ကိုင်ကိုလှည့်လိုက်ကာ ပြတ်ပြတ်သားသားတွန်းဖွင့်လိုက်တော့သည်။
စင်္ကြံလမ်းသည် အမှောင်ထုဖုံးလွှမ်းနေပြီး ဗလာကျင်းမှုမှတဆင့် အေးစိမ့်စိမ့် လေများကတိုက်ခတ်နေကာ စိုစွတ်ပြီး အေးစက်စက်ဖြစ်နေသည်။ ဖန်ချန်းက တံခါးလက်ကိုင်ကို ဆုပ်ကိုင်ပြီး တံခါးပြန်ပိတ်လိုက်၍ ရှေ့ကိုပြန်လှည့်ကြည့်လိုက်သည်... ခဏအကြာမှာတော့ သူနှင့် အရှေ့တည့်တည့်ကစိတ်နတ်ဆိုးတို့ မျက်လုံးချင်းဆုံမိသွားကြသည်။
ဖန်ချန်း : "......" ကျိန်ဆဲသည့်စကားအများအပြားက သူ့စိတ်ထဲပေါ်လာခဲ့တော့သည်။
စိတ်နတ်ဆိုး- "အား အား"
စိတ်နတ်ဆိုး၏ လက်မောင်းသည် ကြမ်းပြင်ပေါ်တွင် ဆန့်တန်းလျက် ရှိနေသည်။ ၎င်း၏ဘယ်ဘက်ခြေထောက်သည် ကျိုးနေခဲ့ပြီး ညာဘက်ခြေထောက်ကိုအသုံးပြုကာ ရှေ့ကို တွားလာခဲ့သည်။
ဖန်ချန်းက နောက်ပြန်ဆုတ်မိသွားပြီး တံခါးနဲ့ကျောကပ်မိသွားသည်။ ချောင်ယန်က ထိုမကောင်းဆိုးဝါးကို သူ့တံခါးရှေ့မှာ အပြောင်အပျက်အနေနှင့် ချန်ထားခဲ့သည်ဟု သံသယရှိမိသွားသည်။မဟုတ်ပါက ဘာကြောင့် ဒီမကောင်းဆိုးဝါးက ခြေတစ်ဖက်ကျိုးနေပြီးအသက်ရှင်နေသေးရမှာလဲ... ထို့အပြင်စောစောက တံခါးခေါက်သည်က ဒီကောင်လုပ်တာ ဖြစ်နိုင်သည်လို့လည်း သူ မှန်းဆလိုက်သည်။
စိတ်နတ်ဆိုးသည် ပုံပျက်နေသောပုံစံဖြင့် သူ့ဆီကို တွားလာတာကြောင့် ဖန်ချန်း၏စိတ်ထဲတွင် ပင့်ကူနှင့်တူသည်ဟုပင်တွေးလိုက်မိသည် ...
တစ်ဖန် ထပ်လှမ်းကြည့်လိုက်ရာ ထိုအကောင်သည် ခရု၏ အရှိန်ဖြင့် ရွေ့လျားနေကာ ခြေထောက်တစ်ချောင်းတည်းဖြင့် ကြိုးစားပမ်းစားတွန့်လိမ် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
ဖန်ချန်းက သူ့ခါးတွင် ချိတ်ထားသည့် ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။သူ့ နှလုံးမှာ ပြင်းထန်စွာခုန်နေသော်လည်း သူ့လက်ကမူ တည်ငြိမ်နေသည်။
စိတ်နတ်ဆိုးသည် မဲနက်နေသောမျက်လုံးများဖြင့် သူ့ကို မော့ကြည့်လာပြီး အပြုံးနှင့်ဆင်တူသည့် မျဉ်းကွေးပုံစံဖြင့် ပါးစပ်အား ကျယ်ကျယ်ဖွင့်ထားသည်။ ပါးစပ်ပေါက်က အထပ်ထပ်အခါခါ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ အထဲကသွားများကို ပြတ်ပြတ်သားသားမြင်နေရပြီ--လူကို ကိုက်စားလိုစိတ်ပြင်းပြနေတာထင်ရှားကြောင်းကို မည်သူမဆိုသိနိုင်လေ၏။
ထိုအခိုက်အတန့်တွင် စိတ်ထဲ ထုံထိုင်းခြင်း နှင့် နားမလည်နိုင်သော ရဲရင့်မှုတို့က ဖုံးအုပ်သွားကာ ဖန်ချန်းသည် သူ့အရှေ့မှ ဝပ်တွားနေသော စိတ်နတ်ဆိုး၏ ပခုံးကို ဖမ်းကိုင်ကာ လှန်ပစ်လိုက်သည်။
စိတ်နတ်ဆိုးသည် မထင်မှတ်ဘဲသူမျှော်မှန်းထားသည်ထက်တောင်မှ ပေါ့ပါးနေကာ ဖော့ပြားကိုတောင် သတိရမိသွားစေသည်။၎င်း၏အနေအထားမှာကြောက်စရာကောင်းသော်လည်း ပျော့တိပျော့ရွဲအရေခွံနှင့် ကျိုးလွယ်သော အရိုးများဖြင့်ဖွဲ့စည်းထားသော အခွံလွတ်သက်သက်မျှသာဖြစ်သည်။ ဖန်ချန်း၏ ဆန့်ကာကိုင်ထားသည့်လက်ကို သွားဖြင့်ကိုက်ရန် ၎င်း၏လည်ပင်းကို လိမ်ထားကာကြိုးပမ်းနေသော်လည်း မအောင်မြင်သောကြောင့်စိတ်တိုသွားပြီး မွေးကင်းစကလေးနှင့်တူသော ညည်းသံများအော်လာသည်။
ဖန်ချန်းသည် စိတ်နတ်ဆိုးကို အနီးကပ်ကြည့်ရှုလေ့လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်း၏နှလုံးတည်ရှိရာနေရာသည် မှင်အလုံးအခဲနှင့်တူကာ ပျော့အိနေပြီး ညစ်ညမ်းသောအနံ့အသက်များက ခန္ဓာကိုယ်အတွင်း စိမ့်ထွက်နေသေးသည်။
ဖန်ချန်းက စိတ်နတ်ဆိုးကို အာရုံစိုက်နေချိန်တွင် သူနှင့်မဝေးထောင့်တစ်နေရာရှိ လရောင်ဖျော့ဖျော့လေးအောက်၌ လူငယ်လေးတစ်ယောက်သည် သူ့ခေါင်းကို နံရံမှာမှီထားကာ မတ်မတ်ရပ်နေပြီး ဖန်ချန်းကိုစိုက်ကြည့်ေနလေသည်။ ချောင်ယန်က ညာခြေကို နံရံပေါ်သို့ ဆန့်တင်လိုက်ပြီး လက်ချောင်းလေးများကို နံရံပေါ်တွင်စည်းချက်တီးခတ်နေလေသည်။
ချောင်ယန်သည် သူ့ခေါင်းကို စောင်းလိုက်ပြီး ဖန်ချန်းက ဓားမြှောင်ကို စိတ်နတ်ဆိုးထဲ ထိုးသွင်းလိုက်တာကို ကြည့်နေခဲ့သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ သူ့နှုတ်ခမ်းထောင့်တွင်အပြုံးတစ်ခုကိုဖန်တီးလိုက်ရင်း သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်သည်။
ဖန်ချန်းသည် မည်းမှောင်နေသော စင်္ကြပေါ်ရှိ လွင့်ပျံနေသော စိတ်နတ်ဆိုးဧ။်အနက်ရောင်ပြာမှုန်များကြားတွင် ဖြည်းညှင်းစွာဒူးထောက်ထိုင်ချလိုက်သည်။
မိုးရေစိုစိုစွတ်စွတ်ဖြင့်ညသည် ခါတိုင်းလိုပင် အေးစိမ့်နေပြီး သူ့လက်များအေးခဲလာသလို ခံစားလိုက်ရသည်။ ဓားမြှောင်ထိပ်ဖျားကနေ တစ်စက်စက်ကျနေသော အမဲရောင်အပျစ်ချွဲများကိုကြည့်ပြီး သူ့ကိုယ်သူစိတ်ရှုပ်ထွေးသွားမိသည်။- သူဘာလို့ ဓားမြှောင်နဲ့ အဲ့ဒီကောင်ကိုယ်ထဲကို ရုတ်တရက် ထိုးချလိုက်တာလဲဆိုတာ သူမသိပေ။ ထိုအချိန်တွင် ဖန်းချန်းက ခေါင်းမော့လိုက်ရာ ချောင်ယန်နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
"မင်္ဂလာညနေခင်းပါ" ချောင်ယန်က စိတ်နတ်ဆိုး၏အကျွင်းအကျန်များပေါ်တက်နင်းလိုက်ပြီး ဖန်ချန်း၏ရှေ့မှာ ရပ်လိုက်ရင်း နှုတ်ဆက်လာခဲ့သည်...ထို့နောက် သူ့လက်ထဲက ဓားမြှောင်ကို စိုက်ကြည့်လာရင်း သူ့မျက်နှာမှာ အပြုံးတစ်ခုကရစ်ဝဲနေကာပြောလာခဲ့သည်... "ရှာတွေ့ပြီ"
အခန်းအတွင်းရှိ ကောင်းချန်သည် မလှုပ်မယှက် လှဲနေခဲ့သည်။ မျက်စိများမှိတ်ထားပြီး ခေါင်းကို တစ်ဖက်စောင်းကာ အိပ်ပျော်နေဆဲပင်.. ဖန်ချန်းက တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် ဒူးထောက်နေရာမှ မတ်တပ်ပြန်ရပ်ရန် သူ့ကိုယ်သူတွန်းအားပေးလိုက်သည်။
"လုပ်စမ်းပါ.. တိတ်မနေစမ်းပါနဲ့...ဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ.. မေးချင်တာတွေဘာမှ မရှိဘူးလား.." ချောင်ယန်၏ မျက်လုံးများက တလက်လက်တောက်ပနေပြီးဆက်ပြောလိုက်သည်.."ကျွန်တော်က ခင်ဗျားကို ဘာမဆို ပြောပြတယ်နိုင်ဆိုတာ သိရဲ့လား..."
ဖန်ချန်း၏မျက်လုံးများရှေ့၌ပင် ချောင်ယန်က ပုပ်စပြုလာခဲ့သည်။ တစ်ချိန်က မျက်စိပသာဒဖြစ်စရာကောင်းသော နုပျိုချောမောသောမျက်နှာလေးသည် ယခုအခါတွင် ချောမွေ့သောအသားအရည်က မရှိတော့ဘဲမျက်နှာအဆီဓာတ်များလည်းပျောက်သွားကာ ပျော့အိတွဲကျနေပြီး ပုပ်ပွနေသည့်အသားအလွှာများသာရှိတာ့သည်။
"... ရှဲ့ယင်းက ဘယ်လိုသေသွားတာလဲ"
နျဲ့ရှီအပေါ် ဖြစ်ပေါ်လာသည့် အကြောက်တရားများကို သူကျော်လွှားနိုင်ခဲ့ပြီဆိုသော်ငြားလည်း ချောင်ယန်ကိုပါ ကျင့်သားရပြီး အတူတူခံစားရသည်ဟုမဆိုလိုပေ။ ကြမ်းပြင်ပေါ်ကို အသားပုပ်များ ပြုတ်ကျနေသည့်အသံက သူ့စိတ်ထဲတွင် ပြည့်နှက်နေပြီး သူ၏ ပြင်းထန်သောစိတ်ကူးများသည် သူ့အားသေခြင်းအစွန်းဆီသို့ တွန်းပို့နေလုနီးပါးဖြစ်နေသည်။
ချောင်ယန်ကသည် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားတာကြာင့် ဖန်ချန်းသည် သူမမေးသင့်တာတစ်ခုခုမေးလိုက်မိသည်လားဟုပင် တွေးထင်မိသွားခဲ့သည်...
"ကျွန်တော်က သူမကို တွန်းချခဲ့တဲ့သူလို့ ထင်နေလို့တော့ မပြောနဲ့နော်"
ချောင်ယန်က သူ့နှာခေါင်းကို ရှုံ့လိုက်ပြီးသူ့မျက်နှာပေါ်တွင် စိတ်မရှည်ခြင်းနှင့်စိတ်အနှောင့်အယှက်ဖြစ်နေသည့်အမူအရာက ဖြတ်ပြေးသွားသည်။
"သူမက သူမသဘောအတိုင်း ခုန်ချသွားတာ"
လေတဖျပ်ဖျပ်လွင့်နေသော အနီရောင်စွန်းနေသည့်ဝတ်စုံ၏ ပုံရိပ်များ... အထက်သို့ လွှင့်မျောကာကခုန်နေသော သူမဧ။် ဆံပင်များနှင့်...သွေးများဖုံးလွှမ်းကာပြန့်ကျဲနေသော မြေပြင်သည် ဖန်ချန်း၏ မျက်လုံးများထဲကွက်ကွက်ကွင်းကွင်း တစ်ခုချင်း နှေးကွေးစွာပေါ်လာခဲ့သည်။ ရှဲ့ယင်း၏ မျက်နှာသည် မြေပြင်နှင့် ရိုက်ခတ်မှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို သတိရသွားပြီး သူ့မှတ်ဉာဏ်များတွင် သွေးများဖုံးလွှမ်းလာတော့သည်။
သူ့နောက်တွင် သေးငယ်သော ခြေသံများက ထွက်ပေါ်လာပြီး သူ၏ အမှတ်ရနေမှုများကို အနှောင့်အယှက်ပေးလာခဲ့သည်။ ဖန်ချန်းလှည့်ကြည့်လိုက်ရာ စိတ်နတ်ဆိုးတစ်ကောင်ကိုမြင်တွေ့လိုက်ရသည်...သူ့အမူအရာက လိမ်တွန့်နေကာ နက်မှောင်သည့် မျက်လုံးများဖြင့် သူ့ကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။ ဖန်ချန်း၏ လှုပ်ရှားမှုအသေးအမွှားနောက်တိုင်းကို သူ့အကြည့်များက တဆက်တည်း လိုက်ပါနေခဲ့သည်။
"ဘယ်လိုစိတ်အနှောင့်အယှက်ပေးတဲ့ကောင်တွေလဲကွာ...အားလုံး ဘယ်ကနေပေါ်ပေါ်လာကြတာလဲ" ချောင်ယန်ကညီးညူလိုက်ပြီးဖန်ချန်းဘေးကနေဖြတ်လျှောက်သွားခဲ့သည်။
စိတ်နတ်ဆိုးသည် သူ့ပါးစပ်ကို မဖွင့်ရသေးမီမှာပဲ လက်သီးချက်တစ်ခုနှင့် နှုတ်ဆက်လိုက်ရသည်။သူ့ဧ။်ခေါင်းတစ်ဝက်လောက်က လွင့်ပျံထွက်သွားပြီး အဝါရောင်အပျစ်အချွဲအရည်တွေဖြန်းခနဲထွက်လာခဲ့ပြီး ဖန်ချန်းသည် သူအရင်ကသောက်ဖူးသည့် ပျားရည်ကိုတောင်ဖြတ်ခနဲသတိရမိသွားသည်။ လျင်မြန်သောလှုပ်ရှားမှုနှင့်အတူ ချောင်ယန်၏လက်သည် စိတ်နတ်ဆိုး၏ ရင်ဘတ်ထဲကို ထိုးကျသွားပြီး ဖန်ချန်းက သူ့ပါးစပ်သူ ဖုံးအုပ်ထားလိုက်မိသည်။
ချောင်ယန်၏ စိတ်နတ်ဆိုးကို သတ်သည့်နည်းလမ်းသည် ရိုးရိုးလေးနှင့် ရက်စက်ကြမ်းကြုတ်ပြီး သူ၏ကိုယ်ရည်ကိုယ်သွေးကရိုးရှင်းစွာထင်ဟပ်နေလေသည်။
"ငါတို့ကို သေခြင်းတရားဆီ ခေါ်သွားမှာဆိုပြီးလည်း ပြောသေးတယ်..ဘာလို့ ဒီစိတ်နတ်ဆိုးတွေ ဆက်ပြီးသတ်ပေးနေသေးတာလဲ... ငါတို့သေအောင် အဲ့ကောင်တွေကို တိုက်ရိုက်သတ်ခွင့်ပေးလိုက်တာက ပိုမလွယ်ဘူးလား"
ဖန်ချန်း၏ အာရုံကြောများက တဖြည်းဖြည်း ပြေလျော့လာပြီး ဓားမြှောင်ကို ကိုင်ထားသည့်လက်ကလည်း ပြေလျော့လာသည်။
ဖန်ချန်းသည် ချောင်ယန်ကလည်း နျဲ့ရှီလိုမျိုးဟုခံစားလိုက်ရသည်။ နျဲ့ရှီက သူ့ကိုသတ်ရန် ဆန္ဒမရှိခဲ့ပေ.. ဒါမှမဟုတ် မသတ်နိုင်တာလဲဖြစ်ကောင်းဖြစ်နိုင်သည်။
ဖန်ချန်းကို နောက်ကျောပေးထားပြီး ချောင်ယန်၏အကြည့်များသည် ခဏတာမျှ ပျံ့လွင့်သွားကာ မည်းမှောင်ပျစ်ချွဲနေသည့် စိတ်နတ်ဆိုး၏အကြွင်းအကျန်အရည်များကို လက်ချောင်းများဖြင့်ကစားနေလိုက်သည်.....
"အခုလည်း ခေါ်သွားနေသေးတာပဲလေ ခင်ဗျားတို့အားလုံးကို သေခြင်းဆီခေါ်သွားဖို့ဝီရိယစိုက်ထုတ်နေတာလေ"
ဖန်ချန်းက သူ့အကြည့်များနောက်ကို လိုက်ကြည့်လိုက်သည်။ စင်္ကြံရှေ့က ပြတင်းပေါက်တွေက ကျယ်ကျယ်ပွင့်နေပြီး မိုးများရွာနေတာကြောင့် လရောင်က ဧရိယာသေးသေးလေးပဲ ကျနေခဲ့သည်။
အဲဒီမှာ.... ဘာမှမရှိနေပေ..
"မင်းတို့ ငါတို့ကို တိုက်ရိုက်သတ်လို့မရဘူးမလား..."
ဖန်ချန်း၏မျက်လုံးများသည် စူးရှသော လရောင်ကြောင့် သိမ်မွေ့သော အညိုရောင်ကပေါ်လွင်နေလေသည်။
"ဒါကြောင့် ဒီစိတ်နတ်ဆိုးတွေက ငါတို့ကို မသတ်နိုင်အောင် လိုက်တားနေပေးတာပဲ..."
ချောင်ယန်က ခဏမျှရပ်တန့်သွားပြီးနောက် ပြန်လှည့်လာကာ သူ့စိတ်ဝင်စားမှုများက တိုးလာခဲ့သည်...
"အိုးဆက်ပြောပါဦး"
" ရှဲ့ယင်းမသေခင်တုန်းက ငါတို့အားလုံး ကိုယ့်အပြစ်အတွက် အသေခံကြရမှာပဲလို့ ပြောခဲ့တယ်.. အဲ့ဒါကြောင့် အဲဒီအချိန်ရောက်တဲ့အထိ..... မင်းတို့တွေက ငါတို့ ဘေးကင်းနေတာ သေချာအောင်လို့လိုက်ကူညီပေးမယ်... ဒီလိုမျိုး စိတ်နတ်ဆိုးတွေက ငါတို့ကို အန္တရာယ်မပေးဘူးဆိုတာ သေချာအောင်လို့...."
ဖန်ချန်းက သူ့ကိုယ်သူ ယုံကြည်မှုပိုရှိသည့်ပုံပေါ်အောင်ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာပဲ ချောင်ယန်၏မျက်လုံးထဲက သံသယတွေက သူ့ကို ပျောက်ကွယ်သွားစေခဲ့သည်။
ချောင်ယန်သည် သူ့အပေါ်နှုတ်ခမ်းကိုသူ လျှာဖြင့်သပ်လိုက်သည်.. သူ့နှုတ်ခမ်းနှစ်လွှာသည် ကြက်သွေးရောင်လေးသန်းနေကာ ဖြူစုတ်စုတ် မျက်နှာနှင့်ခြားနားပေသည်။
"ဘာရှိသေးလဲ..."
ဖန်ချန်း၏ နှုတ်ခမ်းနှစ်လွှာက ဟသွားပြီး သူ့လျှာဖျားရှိ မေးချင်နေသည့် မေးခွန်းတစ်ခုကိုထုတ်မေးလိုက်သည်..
"နျဲ့ရှီ... သူကဘယ်လိုသေခဲ့တာလဲ"
"သူ ဘယ်လိုသေခဲ့တာလဲ..." ချောင်က နောက်ကနေလိုက်ရွတ်လာသည်။ သူ့ မျက်လုံးများက ကျယ်လာကာ ခေါင်းကို စောင်းထားပြီးပြောလာခဲ့သည်...
"ခင်ဗျားက အသိဆုံးသူ မဟုတ်ဘူးလား"
ဖန်ချန်း၏ စိတ်များ တုန်လှုပ်သွားကာ သူ့အသံ အပါအဝင် အနီးနားက မြေပြင် တစ်ခုလုံး နစ်မြုပ်သွားခဲ့သည်...
"ဘာပြောချင်တာလဲ.."
"ရှူး" ချောင်ယန်ကပြုံးလိုက်သည်..
"သူက သေချာပေါက် ခင်ဗျားကိုသတိရစေချင်မှာမဟုတ်ဘူး"
"ဘာကိုဆိုလိုတာလဲ.."
ဖန်ချန်သည် ချောင်ယန်နှင့် မျက်လုံးချင်းစုံနေပြီး ထိုအချိန်တွင် သူအမြဲသတိရှိနေခဲ့သည့် ကြောက်ရွံ့မှုကိုပင် ခဏတာမျှ မေ့သွားခဲ့သည်။
ချောင်ယန်ကခေါင်းငုံ့လိုက်ရင်း စိတ်ထဲ တစ်ခုခုရှိနေသလို မပီမသရေရွတ်လိုက်သည်..
"အာ....ဒါကမဟုတ်သေးပါဘူး...အကုန်လုံး ပြီးခါနီးပြီကို ဒါတောင် ခင်ဗျားကအခုထိမမှတ်မိသေးဘူး"
"ငါက ဘာမေ့နေလို့လဲ.."