Chapter 30
Viewers 4k

Chapter 30




၂၀၂၃ မှ ၂၀၂၄ သို့ ချက်ချင်း ခုန်ကူးသွားသည့် နှစ်သစ်ကူးနေ့က ရောက်ရှိလာခဲ့သည်။အချိန်ကုန်လွန်ခြင်းက အလွန်မြန်သဖြင့် အချိန်ကို အသည်းအသန် ဖမ်းဆုပ်ထားရလုနီးပါးပင်။မနက်ဖြန်သည် နိုင်ငံတကာ စကားရည်လုပြိုင်ပွဲအခမ်းအနား ကျင်းပမည့်နေ့ ဖြစ်ပြီး ဒီနေ့ကတော့ နှစ်သစ်ကူးအားလပ်ရက်၏ ပထမဆုံးနေ့ ဖြစ်သည်။လူတိုင်း၏ အချက်အလက်များကို တစုတစည်းတည်းဖြစ်အောင် နောက်ဆုံးတစ်ကြိမ် ကူညီပေးရန် မဲ့တုန်သည်လည်း နားနေခန်းသို့ အခေါ်ခံလိုက်ရလေသည်။ 



စကားရည်လုပြိုင်ပွဲအသင်းသားများက သူ့တို့၏အကြောင်းအရာများကို စိတ်လှုပ်ရှားစွာဖြင့် အစမ်းလေ့ကျင့်နေကြစဥ်၊မဲ့တုန်က အချိန်ဖြုန်းနေပြီး သူ့ဒိုင်ယာရီကို စားပွဲခုံပေါ်တင်၍ ဖွင့်လိုက်သည်။ဒိုင်ယာရီ၏ မွမွအိအိ အထိအတွေ့က သက်တောင့်သက်သာ ဖြစ်စေပြီး ဆောင်းရာသီအတွင်း၌ ဖြစ်သော်လည်း ဟိုဒီ လှန်လှောသည့်အခါ စာရွက်များက ရေခဲတမျှ အေးစက်မနေပါ။





၂၀၂၄၊ ဇန်နဝါရီ ၁ ရက်၊ ကြည်လင်တယ် 



လွန်ခဲ့တဲ့ရက်တွေက နှင်းတွေ အရမ်းကျနေတော့ ရာသီဥတုက အရမ်းအေးတယ်။ဒါမျိုးက တောင်ပိုင်းမှာ ဖြစ်လေ့ဖြစ်ထ နည်းသလိုပဲ။ ဒါပေမဲ့ မနေ့ကတော့ နွေးထွေးနေသေးတာ၊ တောင်ပိုင်းရဲ့ ဆောင်းရာသီက ခန့်မှန်းလို့ကို မရတာပဲ။ 



ဒီနေ့ရဲ့ရက်စွဲကို ချရေးတော့ ကြောင်တောင်တောင် ဖြစ်သွားရသေးတယ်။၂၀၂၃ လို့ တစ်နှစ်လုံး ရေးလာခဲ့ရာကနေ ၂၀၂၄ လို့ ချက်ချင်းကြီး ပြောင်းရေးရတာ သိပ်အကျွမ်းတဝင် မရှိသလိုပဲ။မနေ့ကဘဲ သူနဲ့ နှစ်သစ်ကူးဆုတောင်းတွေ ဖလှယ်ခဲ့ကြတာဆိုတော့ ဒီနေ့က နှစ်သစ်ရဲ့နေ့တစ်နေ့လို ငါ သတိထားမိပေမဲ့၊ ၂၀၂၄ ရောက်နေပါပြီလို့ အပြည့်အဝ သဘောပေါက်ဖို့ကို အချိန်ယူရမယ်။ 



ဒီနှစ် တစ်နှစ်လုံး အဆင်ပြေပြေ ဖြစ်မယ်ဘို့ ခိုင်မာတဲ့ ခံစားချက်တစ်ခု ရှိတယ်။ငါ့ဘဝက အဆင်ပြေပြေ ဆက်သွားနေလား၊မသွားဘူးလားလို့ ငါ တွေးကြည့်တာ နည်းပါတယ်၊ ဒါပေမဲ့ ဒီနှစ်က မတူတော့ဘူး။ 



ကောင်းပြီ၊အတွေးတွေ အများကြီးနဲ့ ရှုပ်ထွေးနေတာပဲ။ ဒါပေမဲ့ ငါ သိချင်တာထဲမှာ အရေးအကြီးဆုံးတစ်ခုက အခု သူ ဘာလုပ်နေလဲ ဆိုတာပဲ။ ဒီရက်ထဲမှာ သူက အရမ်းအလုပ်များနေခဲ့တာ။ငါလည်း သူ့ကို စာပို့ဖို့ မကြာခဏ တုံ့ဆိုင်းနေမိတယ်။သူက ငါ့ထက် အလုပ်ရှုပ်တယ်လေ။ကျောင်းသားသမဂ္ဂ တာဝန်တွေနဲ့၊ သူရဲ့ စာသင်ယူတာကိုလည်း စီမံရ၊အခြား အသေးအမွှားကိစ္စ တော်တော်များများမှာလည်း ပါဝင်ပတ်သက်ရ နဲ့။ 



ငါအရင်က ချစ်သူ မထားဖူးလို့ တစ်စုံတစ်ယောက်ရဲ့ဘဝမှာ ချစ်သူကောင်လေးရဲ့ ဖြစ်တည်မှုက ဘယ်လောက်များများ ရှိနေတာလဲဆိုတာ မသိခဲ့ဘူး။အဲ့ဒီတော့ သင့်တင့်တဲ့ ပမာဏအချိုးအစားက ဘယ်လောက်ဖြစ်မလဲ။ သူ အခု ဘာတွေလုပ်နေတာလဲ ငါ တကယ် သိချင်လိုက်တာ။သူ ဒီည ညစာကို ဘာစားမှာလဲ ငါ သိချင်တယ်။ ဒါပေမဲ့ အဲ့ဒီမေးခွန်းတွေကို မေးတာက အရမ်း ပျင်းစရာကောင်းတယ် မလား။အရာရာတိုင်းမှာ အတွေးလွန်တာ မကောင်းဘူးလို့ ငါ ခံစားမိတုန်းပဲ။လွန်ခဲ့တဲ့ ရက်နည်းနည်းကပဲ ငါတို့ ပိုနီးစပ်လာလို့ ပျော်နေခဲ့တာ၊ အခုတော့ ငါ စိတ်မကျေနပ်သလို ဖြစ်နေတယ်။





စိတ်မကျေနပ်မှုတွေမှာ အကြီးမားဆုံးရန်သူ ဖြစ်လေသည်။ 



ဒီနေ့ မဲ့တုန်၏ ဒိုင်ယာရီက ဟိုရောက် ဒီရောက်နှင့် ၊အဆက်အစပ် မရှိသော စာကြောင်းများက ပြန့်ကြဲလျက် ရှိနေ၏။အဓိက အကြောင်းအရာကတော့ သူ့အနေနှင့် ယန်ရှုမင်ကို အမှန်တကယ် လွမ်းဆွတ်နေခြင်း ဖြစ်ပါသည်။ 



နှစ်သစ်၏ နေ့ရက်များက ရောက်လာပြီ ဖြစ်ရာ ဆောင်းရာသီပိတ်ရက်ရောက်ရန် သိပ်မလိုတော့ဟု ဆိုလိုသည်။ ဆောင်းရာသီပိတ်ရက်ပြီးလျှင် ယန်ရှုမင် အလုပ်သင် စဆင်းရမည့် တတိယနှစ်၏ စာသင်နှစ်ဝက်ကို ရောက်ရှိမည်ဖြစ်သည်။ 



မကြာသေးမီက အလုပ်သင်ဆင်းရန် အခွင့်အရေးကောင်းတစ်ခု ရှိလာသဖြင့် ယန်ရှုမင်က လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်နေခဲ့သည်။ 



မဲ့တုန် ဒိုင်ယာရီ ရေးနေစဥ် စကားရည်လုပြိုင်ပွဲအသင်း ခေါင်းဆောင်က မဲ့တုန်ကို ပြိုင်ပွဲဖိတ်စာတစ်စောင် လှမ်းပေးလာသည်။ 



ယခု စကားရည်လုပြိုင်ပွဲတွင် မဲ့တုန်က ယှဥ်ပြိုင်သူအနေဖြင့် ပါဝင်ခြင်း မဟုတ်ခဲ့ပေ။ဘာသာပြန်အကူ တစ်ယောက်အနေနှင့် ဖြစ်ပါသည်။သဘာဝကျစွာပဲ သူက ယန်ရှုမင်ကို အတူသွားရန် ဖိတ်ကြားလိုသော ရည်ရွယ်ချက်ဖြင့် လက်မှတ်နှစ်စောင်တောင်းဖို့ အစပြုလိုက်သည်။ 



နောက်ဆုံးတွင် ယန်ရှုမင်ထံ စာပို့ဖို့ အကြောင်းပြချက်ရလာသဖြင့် မဲ့တုန်က စာပို့လိုက်ပြီး ဖိတ်စာရလာခဲ့သည်ဟု ပြောပြလိုက်၏။ သို့သော် ယန်ရှုမင်က ဖိတ်ကြားမှုကို ငြင်းပယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 



မဲ့တုန် တစ်ယောက်တည်း ပြိုင်ပွဲကို သွားကြည့်ခဲ့ရသည်။ပြိုင်ပွဲက အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသွားသည်။ 



မဲ့တုန်ကတော့ စိတ်နှင့်လူ မကပ်သကဲ့သို့ ဖုန်းကိုသာ ခဏခဏ ကြည့်နေမိသည်။ပြိုင်ပွဲ ပြီးဆုံးသွားသောအခါ ထုံးစံအတိုင်း ဂုဏ်ပြုညစာစားပွဲ ပြုလုပ်သည်။လီရှန့်နန်က မဲ့တုန်နဲ့ အထူးတလည် ပိုရင်းနှီးလေရာ မဲ့တုန်အနေနဲ့ သူ့ချစ်သူကောင်လေးကို အတူခေါ်လာချင်သလားဟု မေးမြန်းလာခဲ့သည်။ 



အစကတော့ မဲ့တုန်တွင် ယန်ရှုမင်ကို ဖိတ်ကြားဖို့ အစီအစဥ် မရှိပေ။ယန်ရှုမင် တကယ်ပဲ အလုပ်ရှုပ်နေသည်ကို သိသည်။ဖုန်းကိုကိုင်ရင်းဖြင့် သူ တွန့်ဆုတ်နေမိသည်။ထို့နောက် သူ့ကိုယ်သူ တင်းမထားနိုင်တော့၍ ယခုညနေ စကားရည်လုပြိုင်ပွဲအသင်း၏ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ချင်သလားဟု မေးရန် စာပို့လိုက်တော့သည်။ 



စာပို့ပြီးနောက် ဆယ်မိနစ်ခန့် သူ စောင့်နေခဲ့သော်လည်း ဘာတုံ့ပြန်ချက်မှ ပြန်မရခဲ့ပေ။ 



သူ၏ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေမှုကို ဖုံးကွယ်မထားနိုင်တော့ပဲ မဲ့တုန် လီရှန့်နန်ကို ပြောလိုက်သည်။ 



"ထားလိုက်ပါတော့။ငါ့ဘာသာ သွားလဲ အဆင်ပြေပါတယ်။" 



ဒီအချိန်တွင် မဲ့တုန်က ဟီးရိုးတစ်ယောက်အဖြစ် ဂုဏ်ပြုခြင်းခံခဲ့ရသော်လည်း ဟီးရိုးဟု မြှောက်ပင့် ခေါ်ဆိုကြသည့်အပေါ် သူ သံသယတစ်ခု ဖြစ်မိသည်။အစတည်းက မဲ့တုန်သည် စကားရည်လုပြိုင်ပွဲအသင်းအတွက် အပြင်လူတစ်ယောက်သာ ဖြစ်သည်။အပြင်လူ တစ်ယောက်အနေနဲ့ သူတို့အပေါ် ဒီလောက်များများ ကူညီပေးခဲ့သည့်အတွက် သူ့ကို ချီးမွမ်းပေးရသည်ဆိုလျှင်တော့ သင့်တင့်လျောက်ပတ်ပါသည်။ 



ညစာစားပွဲတွင် ယန်ရှုမင်၏ နာမည်က မကြာမကြာ ပေါ်လာခဲ့၏။သူက စကားနည်းသည့် လူတစ်ယောက်ဖြစ်ပြီး သူ့မှာရှိသည့် တစ်ခုတည်းသော ပြောစရာကိစ္စကလည်း ယန်ရှုမင်အကြောင်းသာ ဖြစ်ရာ မဲ့တုန် အလွယ်တကူ နားလည်နိုင်ပါသည်။ မဲ့တုန်က ဒီကိစ္စအပေါ် လုံးဝ စိတ်မရှိ၊ ဆန့်ကျင်ဘက်အားဖြင့် သူ့အနေနဲ့ ပျော်ပင် ပျော်နေသင့်သည်။ 



အခုတော့ သူ့မှာ ပျော်ပျော်နေဖို့ပင် ခက်ခဲနေပြီး၊သူ၏ စိတ်သဘောထားသေးသိမ်မှုကို သူ့ကိုယ်သူ ပြန်အံ့ဩနေရသည်။ယန်ရှုမင်က သူ့ကို ညခြောက်နာရီ၌ စာပြန်လာခဲ့ပါ၏။သူ စီစဥ်မထားသော်လည်း မမျှော်လင့်ဘဲ သူ့ဆရာနှင့် ညစာ အတူစားဖို့ ဖြစ်လာရသည်၊ ထို့အပြင် သူ့ဖုန်းအားက ရုတ်တရက် ကုန်သွားခဲ့သည်။သူ့မှာ ဖုန်းအားသွင်းရန် power bank ငှားလိုက်ရကြောင်း ပြောထားခဲ့သည်။ 



ထိုသို့ အရေးမပါသော အသေးအဖွဲ့ကိစ္စပင် ဖြစ်သော်ငြား မဲ့တုန်ကတော့ သူ့ကိုယ်သူ မပျော်ရွှင်မှန်း သိလိုက်တော့သည်။ 



လီရှန့်နန်က ဘီယာတစ်ပုလင်းကို သူ့ဆီ ကမ်းပေးလာပြီး မျက်စိတစ်ဖက် မှိတ်ကာ ဂျာမန်လို တီးတိုးပြောသည်။ 



"မဲ့ ၊ ဘီယာကမ္ဘာကြီးမှာ စိုးရိမ်သောကတွေ မရှိဘူးတဲ့" 



လီရှန့်နန် ကိုယ်တိုင်က အတော်များများ သောက်ထားခဲ့ပြီး ဖြစ်မည်။သူမ၏ မျက်နှာက နီရဲနေပြီး စိတ်လှုပ်ရှားနေပုံရသဖြင့် စကားပြောသည်က အရင်ကထက် ပိုမြန်၏။ 



"မင်းသိလား။ ငါက ငါ့မိဘတွေကို မုန်းတယ်။သူတို့က တစ်ယောက်နဲ့ တစ်ယောက်အပေါ် အချစ်ကို ထုတ်ဖော်မပြတတ်ဘူး။ ဂျာမန်အများစုက အဲ့လိုတွေပဲ ဖြစ်မယ်။တစ်ခါတစ်လေ ငါ့ရဲ့မျိုးရိုးကို ငါ သံသယဖြစ်မိတယ်။ ငါက ပြင်သစ်လို နေရာမှာ မွေးလာခဲ့သင့်တာလေ။" 



သူမက မျက်ခုံးတစ်ဖက်ကို ပင့်ရင်း ရယ်မောလိုက်သည်။ 



"သူတို့ပါးစပ်တွေကို ပိတ်ထားတာက သူ့တို့အတွက် ပျော်ရွှင်မှုရစေတယ်ဆိုလည်း ထားပါလေ။ဒါပေမဲ့ ငါ ယုံကြည်တာကတော့ လူတိုင်းက သစ္စာရှိရှိနဲ့ အချစ်ကို အခိုင်အမာ ဖော်ပြဖို့ လိုအပ်တယ် ဆိုတာပဲ။ မင်းရော ဘယ်လိုထင်လဲ။" 



မဲ့တုန်ကတော့ သူမ မှန်သည်ဟု ထင်သည်။စိတ်နေစိတ်ထားနဲ့ တခြားအရာတွေကို ထည့်မတွက်လျှင်တောင်မှ လူတိုင်းက သစ္စာရှိရှိနဲ့ ချစ်ကြောင်း ဖော်ပြတတ်ဖို့ လိုအပ်သည်။ 



သူက ဘီယာ ပုလင်းတစ်ဝက်ကို တစ်ကျိုက်တည်း တဂွက်ဂွက်မြည်အောင် မော့သောက်လိုက်သည်။သူ့မျက်နှာက ချက်ချင်းဆိုသလို နီမြန်းလာပြီး သူ့ဦးနှောက်ကိုလည်း ကြီးမားလေးလံသော လက်တစ်ခုက ဖျစ်ညှစ်ထားသလို ဖြစ်လာသည်။ထိုတစ်ကျိုက်က မဲ့တုန်ကို စိတ်ကျေနပ်သွားစေခဲ့သည်။စိတ်လှုပ်ရှားမှုများ အလျင်အမြန် ထိုးတက်လာပြီးနောက် အချိန်အကြာကြီး မူးဝေသွားခဲ့သည်။သူက တိတ်တိတ်လေး ဆက်သောက်နေရင်း အလျင်အမြန်နှင့် သူ့ဘာသာ ရီဝေလာတော့သည်။ 



သူ ဘီယာသောက်ထားသော်လည်း ထူးထူးခြားခြား ဟန်မပျက်ဟု ခံစားရသည်။ 



သူ့ရှေ့ရှိ လီရှန့်နန်၏ အညိုရောင်မျက်ခုံးနှင့် အစိမ်းရောင် မျက်လုံးများကိုပင် မြင်နေနိုင်သေးသည်။နိုင်ငံခြားသားများ၏ အသွင်အပြင်က တရုတ်လူမျိုးများနှင့် အတော်ကွာခြားသည်ဖြစ်ရာ သူမကို သူစိုက်ကြည့်နေမိသည်မှာ မျက်စိများပင် ပြာလာသည် အထိဖြစ်သည်။သူက လီရှန့်နန်ကို လက်ဟန်ခြေဟန်ဖြင့် ဘေးကို ဖယ်ပေးရန် ပြောပြီးနောက် စားပွဲခုံပေါ် မှီ၍ ယန်ရှုမင် အကြောင်းကို တွေးနေမိသည်။ 



အမ်း ၊ ယန်ရှုမင်ရဲ့ မျက်နှာအစိတ်အပိုင်းတွေက ပိုပြီး ဆွဲဆောင်မှုရှိတာပေါ့။ နှာတံက ဖြောင့်စင်းလို့ ၊နှုတ်ခမ်းလေးက ပါးပါးလေး၊မျက်တောင်လေးတွေက အရှည်ကြီးပဲ။ 



အရက်မူးနေသော ရွှယ်ပါ့တွင် စာပေဆိုင်ရာ လေးနက်သော အသိပညာများ ပျောက်ဆုံးသွားပြီး မူလတန်းကျောင်းတွင် စာရေးသားသကဲ့သို့ စာသားများက သူ့စိတ်ထဲတွင် တစ်ချိန်လုံး ဖြတ်ပြေးနေကြသည်။ ရုတ်တရက် သူ နှာခေါင်းရှုတ်လိုက်သည်။ 



မျက်ရည်များ စီးကျလာသော်ငြား မဲ့တုန်မှာ သူဘာကြောင့် ငိုနေမိသလဲ မသိပေ။ 



ဒါပေမဲ့ ယန်ရှုမင်က သူ့ရဲ့ချစ်သူကောင်လေး ဖြစ်လာခဲ့သည်။ ဒါကို မဲ့တုန် သိသည်။ယန်ရှုမင်က သူ့ရဲချစ်သူကောင်လေး ဖြစ်လာပြီးနောက် သူတို့ကို မည်သည့်နေရာတွင် အတူတွဲ၍ တွေ့ရသည်ဖြစ်စေ လူတွေက သူတို့ကို စနောက်ကြသည်။ 



သူတို့က တွဲနေကြသည့် ဆက်ဆံရေး ဖြစ်သည်ကို မဲ့တုန် သိသလို တစ်ကျောင်းလုံးလည်း သိကြသည်။ အခုထိ မဲ့တုန်မှာ ယန်ရှုမင်၏ဘဝနှင့် ဝေးကွာနေသလို ခံစားရမြဲ ဖြစ်သည်။ 



သို့သော် သူ ဒါကို နားမလည်နိုင်ပါ။သူတို့ စတွဲကြသော အစပိုင်း နေ့ရက်လေးတွေမှာ သူက ယန်ရှုမင်၏ ဘဝနှင့် အတော်များများ နီးကပ်လာခဲ့ပြီဟု သူ ခံစားခဲ့ရ၏။ 



မှန်ပါသည်။ မဲ့တုန်က ဒါကို စိတ်ထိခိုက်သလို ခံစားနေရခြင်း ဖြစ်သည်။ 



အတိတ်မှာ ကျောင်းသားသမဂ္ဂတွင် ပါဝင်ဖို့ သူ မဝံ့မရဲ နှင့် သတ္တိကြောင်ခဲ့သည်ကိုနောင်တရသည်။အထက်တန်းကျောင်းအားကစားပွဲတော်နောက်ပိုင်း၌ ယန်ရှုမင်ကို မတွေ့ရဲဘဲ စိုးရိမ်စိတ်တွေ အများအပြား ဖြစ်နေခဲ့သည့်အတွက် နောင်တရသည်။သို့မဟုတ်လျှင် အရာအားလုံးက အခုနှင့် တူညီနေမှာမဟုတ်ပေ။ သူ ဘယ်လို လုပ်သင့်ပါသလဲ။ 



မဲ့တုန်၏ နှလုံးသားတွင်တော့ လူနှစ်ယောက်က သူငယ်ချင်းတွေ အရင်ဖြစ်ကြပြီး နောက်မှ ချစ်သူတွေ ဖြစ်သင့်သည် ဟူ၍။ 



သို့သော် မဲ့တုန်နှင့် ယန်ရှုမင်က သူငယ်ချင်းအဆင့်ကို ကျော်ခွပြီး သူစိမ်းတွေ အဖြစ်ကနေ ချစ်သူစုံတွဲတွေ ဖြစ်လာကြသည်။မည်သို့ပင် ချိုမြိန်ဖွယ်ရာ အခိုက်အတန့်တွေ ရှိခဲ့ပါစေ၊ ရင်းနှီးကျွမ်းဝင်မှု မရှိသေးတဲ့ အခိုက်အတန့်တွေက ပိုများနေသည်။ထို့အပြင် ယန်ရှုမင်က သူ့ဒိုင်ယာရီကို အကုန်အစင် ဖတ်ထားပြီးဖြစ်ရာ လုံးဝကို မျှမျှတတ ဖြစ်မနေပေ။ 



ယန်ရှုမင်အနေဖြင့် သူ ဘာတွေ တွေးနေသည်၊ ဘာတွေ တွေးလေ့ရှိသည်၊ နောက် သူ ဘာတွေ ဆက်တွေးမည် ဆိုတာအထိ အတိအကျ သိနေသော်ငြား သူ့ထံတွင် ယန်ရှုမင်၏ အတွေးများနှင့် ပတ်သက်သည့် အရိပ်အယောင် အစအနလေးပင် မရှိခဲ့ပေ။ 



ဟုတ်ပါသည်။ ယန်ရှုမင်က သူ့ကို ကြိုက်သည် ဆိုတာ သူယုံကြည်ပါ၏။ 



မဲ့တုန် နားမလည်သည်က လူတစ်ယောက်ကို ကြိုက်နှစ်သက်ရခြင်း ကိုပင်။လူတစ်ယောက်ကို ကြိုက်နှစ်သက်တဲ့ ကိစ္စမှာ သက်တမ်းကုန်ဆုံးဖို့အတွက် အချိန်ဘယ်လောက်ကြာမြင့်မည်ကို သူ မသိပါ။ 



မဲ့တုန်မှာ သူ အခုထိ ရှင်းရှင်းလင်းလင်း တွေးနေနိုင်သည်ဟု ခံစားမိခဲ့သည်။စကားရည်လုပြိုင်ပွဲအသင်းခေါင်းဆောင်က ယန်ရှုမင်၏နာမည်ကို ခေါ်လိုက်သည်ကို သူကြားမိလိုက်သည်။သူ ရှင်းရှင်းလင်းလင်း တွေးနေနိုင်သည်ကို သက်သေပြသည့်အလား မဲ့တုန်က ဆတ်ခနဲ မတ်တပ်ထရပ်လိုက်ပြီး သူ့လက်များကို ကြက်ခြေခတ်ပုံစံလုပ်၍ အော်လိုက်သည်။ 



"ခင်ဗျား ၊ ခင်ဗျား သူ့ကို ခေါ်ခွင့်မပေးနိုင်ဘူး။သူ အလုပ်များနေတယ်။ငါ့စာတွေကိုတောင် စာမပြန်နိုင်ဘူး။ ခင်ဗျား သူ့ကို မနှောင့်ယှက်နဲ့။" 



မဲ့တုန်မှာ အတင်းလှုပ်နှိုးခြင်း ခံလိုက်ရသည်။သူ အစကတည်းက အတော်မူးနေပြီဖြစ်ရာ ပစ်လဲကျသွားတော့ မတတ်ပင်။ထို့နောက် သူက ခနော်နီခနော်နဲ့ လှေငယ်လေးတစ်စင်းပေါ်မှာ ထိုင်ရင်း၊လှိုင်းများက ပုတ်ခတ်နေသဖြင့် လှေနှင့်အတူ လူကပါ အရှေ့အနောက် ယိမ်းထိုးလှုပ်ရှားနေသကဲ့သို့ ဖြစ်နေ၏။သူ အန်ချင်လာစိတ်ကို တိုက်ထုတ်ပစ်နေရင်းမှ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူက တစ်စုံတစ်ယောက်၏ နောက်ကျောပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရ၏။ 



ဝင်သက် ထွက်သက်တိုင်းမှာ အယ်လ်ကိုဟော အငွေ့အသက်များက ထောင်းထောင်းထလျက်။သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး စကားကို ပီပီသသ ပြောနိုင်အောင် မနည်းကြိုးစားလိုက်ရ၏။ 


"ယန်ရှုမင်" 


သူ့ကို သယ်ဆောင်ထားသော လှေက ပြန်ဖြေလာသည်။ 


"အမ်း ၊ကိုယ်ပါ" 


မဲ့တုန် အနည်းငယ် စိတ်ထိခိုက်သွားရသည်။ 


"ခင်ဗျား အပြင်မှာ ညစာသွားစားတာ မဟုတ်ဘူးလား။" 


လှေက ပြန်ဖြေသည်။ 


"ကိုယ့်မိသားစုက မဲ့တုန်တစ်ယောက် အများကြီးသောက်ထားလို့ လာခေါ်ပေးနိုင်မလားဆိုပြီး ကိုယ့်ဆီကို ဖုန်းဝင်လာလို့လေ။" 


မဲ့တုန် ဒါကို မယုံပါ။ 


"ဒါဆို ခင်ဗျားက ဒါကြောင့် လာခဲ့ရတာပေါ့။" 


မဲ့တုန်၏မျက်စိရှေ့တွင် ပုံရိပ်အများကြီးက တဝဲလည်လည် ဖြစ်နေခဲ့သည်။သူ ကြည့်လိုက်တော့ လမ်းမီးရောင်က ဖြာကျနေသဖြင့် အရိပ်များက တစ်ခုနှင့်တစ်ခု ထပ်နေပြီး ညှို့ယူဖမ်းစားဖွယ် မြင်ကွင်းကို ဖန်တီးပေးနေခဲ့သည်။ သို့သော် ဒါကို ကြာကြာ ကြည့်နေခြင်းက သူ့ကို ပိုပြီး မူးဝေလာစေခဲ့သည်။ 


အိုက်ယား 


သူ မသက်မသာဖြစ်နေခဲ့သည်။ခန္ဓာကိုယ်က မသက်မသာဖြစ်နေသည်နှင့် စိတ်ညစ်နေခြင်းတို့ ပေါင်းစပ်သွားသဖြင့် ယန်ရှုမင် ပြန်ဖြေသည်ကို စောင့်နေရင်း မဲ့တုန်မှာ ထိုလူ၏ လည်ပင်းထက်သို့ ခေါင်းအပ် ထားမိတော့သည်။


"အဲ့လို မဟုတ်ရင်ရော။ ကိုယ်ကလွဲပြီး မင်းကို တခြားဘယ်သူက လာကြိုပေးမှာလဲ။"


"ကျွန်တော့်ဘာသာ လမ်းလျှောက်ပြန်မယ်"


"မင်းက အဲလို လုပ်နိုင်တယ်ပေါ့။"


"ဒါပေါ့၊ ကျွန်တော်က စွမ်းအားရှိပြီး သန်မာတဲ့ မဲ့တုန်ပဲလေ။"


"အမ်း ၊ မင်းက စွမ်းအားရှိပြီး သန်မာတဲ့ မဲ့တုန် ပါ။"


"ယန်ရှုမင်၊ ကျွန်တော် အများကြီး မပျော်ဘူး။"


"အမ်း ၊ကိုယ့်ကို ပြောပြလေ။"


"ကျွန်တော် ခင်ဗျားနဲ့ အစောကြီးထဲက ရင်းနှီးခဲ့ရင် ကောင်းမှာပဲ။ ကျွန်တော်က ခင်ဗျားရဲ့ သူငယ်ချင်းကောင်း ဖြစ်ချင်တယ်၊ပြီးတော့ ကျွန်တော်က ခင်ဗျားကို စားသောက်တန်းမှာ မြင်ရင် လာပြီး စနောက်လို့ ရတဲ့ သူငယ်ချင်းမျိုးလည်း ဖြစ်ချင်တယ်။ခင်ဗျားနဲ့ သူတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်တယ်။"


"... မင်း တစ်ခုခုကို သဝန်တိုနေတာလား။" 


"မဟုတ်ဘူး ၊ ကျွန်တော် ... အေ့ ... အာ၊ ကျွန်တော် သဝန်မတိုပါဘူး။" 


"မဲ့တုန်၊ မင်း ကိုယ့်အပေါ်မှာတော့ အန်မချလိုက်နဲ့နော်၊ ရလား။"


"အာ ... ခင်ဗျား ကျွန်တော့်ကို အောက်ချပေးတော့။ကျွန်တော် ခံစားရ ... ကျွန်တော် အန်မိတော့မယ်။"


"ထားလိုက်တော့။ကိုယ် အောက်ချပေးတော့ရော မင်းက မတ်တပ်ရပ်နိုင်လို့လား။ ပြီးတော့ မင်း အန်ချင်ရင် ကိုယ့်လည်ပင်း တည့်တည့်တော့ မအန်နဲ့။ ဘေးဘက်ကို မှီပြီး အန်ချလိုက်။"


"မဟုတ်ဘူး ။ကျွန်တော် ခင်ဗျားပေါ်ကို အန်ချမိမှာ။"


"မင်းက ချမ်းသာတဲ့ ဒုတိယမျိုးဆက် မဟုတ်လား။ ကိုယ့်ကို အဝတ်အစား အသစ်တစ်စုံ ဝယ်ပေးဖို့ ခက်နေလို့လား။"


"ကျွန်တော့်ရဲ့ ပိုက်ဆံတွေကြောင့် ခင်ဗျားက ကျွန်တော်နဲ့ တွဲတာလား။" 


"... အမ်၊အဲ့လို ဆိုရင်ရော။မင်းက ကိုယ့်ကို ပစ်ထားခဲ့မှာလား။"


"မဟုတ်ဘူး၊ အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မိသားစုမှာ ပိုက်ဆံအများကြီး ရှိတာပဲ။"



ယန်ရှုမင်မှာ ဒါကို နားထောင်ရင်းဖြင့် ခေါင်းကိုက်လာတော့သည်။မဲ့တုန်က သူပြောသည့်အတိုင်း တကယ်ပဲ ဆိုလိုချင်နေသည်လား၊ ဒါမှမဟုတ် အရက်မူးနေလို့ တွေ့ကရာတွေ လျှောက်ပြောနေသည်လား သူ မသိပေ။ 



နောက်ဆုံးမှာတော့ သူ မဲ့တုန်ကို အဆောင်တံခါးဝအထိ သယ်လာနိုင်ခဲ့သည်။အဆောင်တွင် ဓါတ်လှေကား မရှိသဖြင့် ရိုးရိုးလှေကားအတိုင်း သယ်သွားပါက ထိုသူ တစ်လမ်းလုံး အန်နေနိုင်ကြောင်း သူ နားလည်သွားသည်။ထို့ကြောင့် သူက မဲ့တုန်ကို မြေညီထပ်ရှိ သန့်စင်ခန်းသို့ တည့်တည့် ခေါ်သွားပေးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ 



မဲ့တုန်မှာ တစ်လမ်းလုံး မနည်းသည်းခံလာရသည် ဖြစ်ရာ သန့်စင်ခန်း ကမုတ်ခုံရှိရာတွင် ဒူးထောက်ထိုင်ချလိုက်ပြီး ဆယ်မိနစ်ကျော်သည်အထိ အပြင်းအထန် အန်နေခဲ့သည်။ 



ယန်ရှုမင်က အပြင်ဘက်ရှိ အကြွေစေ့ထည့်ရသည့် အရောင်းစက်မှ ရေဘူးနှင့် တစ်ရှူးဝယ်ပြီး ပြန်လာခဲ့သည်။ထိုသူက အန်နေဆဲ ဖြစ်သည်။ 



သူက တစ်ချိန်တည်းမှာ အန်နေရင်းနှင့် ငိုကြွေးနေသည့်အလား မျက်ရည်များက သူ့ပါးပြင်တစ်လျှောက် တလိမ့်လိမ့် စီးကျလာကြသည်။သူ့ကို ဒီပုံစံနှင့် မြင်ရသဖြင့် ယန်ရှုမင်မှာ စိတ်မကောင်းဖြစ်လာမိသည်။ 



သူက မဲ့တုန်၏ ကျောကို ညင်သာစွာ ပုတ်ပေးရင်း ကလေးများကိုချော့မြူသည့် စကားလုံးများကို ထုတ်သုံးလိုက်သည်။ 



"ဟုတ်ပြီ၊ဟုတ်ပြီ၊ အေးဆေးပေါ့၊ဘာတွေ ဖြစ်နေလို့လဲ၊မင်းကိုယ်မင်း နေမကောင်းဖြစ်အောင် လုပ်ရတဲ့အထိ ဘာလို့ ဒီလောက် ဝမ်းနည်းနေရတာလဲကွာ။အဆင်ပြေပါတယ်၊ ဖြည်းဖြည်းချင်းလုပ်၊အေးဆေးပေါ့ကွာ။" 



++++++++