Chapter 31
ယခုမတိုင်ခင်က မဲ့တုန်သည် သူသာ အရက်မူးလာလျှင် ဘယ်လိုဖြစ်လာမလဲ ဆိုသည်ကို မသိခဲ့ပေ။အခုတော့ သူ သိပြီဖြစ်၏။
အန်ပြီးနောက် သူက နလပိန်းတုံးလေးနှင့် ပိုတူလာသည်။သန့်စင်ခန်းနံရံကို မှီနေရင်းဖြင့် အသိစိတ် လွတ်လုနီးပါး ဖြစ်နေခဲ့သည်။သို့သော်စောစောက ပြောခဲ့သော အကြောင်းအရာကိုတော့ သူ မှတ်မိနေဆဲ ဖြစ်သည်။သူက သခင်ဖြစ်သူ၏ စွန့်ပစ်ခြင်း ခံလိုက်ရသော အိမ်မွေးအကောင်ငယ်လေးသဖွယ် အတော်ပင် သနားစရာကောင်းနေပါ၏။
"ဒါပေမဲ့ ကျွန်တော်က ခင်ဗျားရဲ့ သူငယ်ချင်းကောင်း ဖြစ်ချင်တယ်လေ။"
လူအများစုက မဲ့တုန်၏ အတွေးတန်းရှည်ကြီးကို နားလည်မပေးနိုင်ကြပေ။ ကံကောင်းသည်မှာ ယန်ရှုမင်က စိတ်ရှည်တတ်၏။
"မင်းက ကိုယ့်ရဲ့ သူငယ်ချင်းကောင်း ဖြစ်ချင်တာပေါ့။"
မဲ့တုန် သူ့ခေါင်းကို ငြိမ့်ပြလိုက်သည်။
"အမ်း"
ယန်ရှုမင်က ထပ်မေးသည်။
"ကိုယ်က ချစ်သူကောင်လေးပဲ ဖြစ်လို့ မရနိုင်ဘူးလား။"
မဲ့တုန် ထပ်ငိုချင်လာတော့သည်။
"ကျွန်တော် ထင်တာက ချစ်သူကောင်လေး ဖြစ်လာပြီဆိုတာက အတွင်းကျကျရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာပြီလို့ပဲ။အခုတော့ ကျွန်တော် ထင်သလို မဟုတ်မှန်း သိလိုက်ရပြီ။ကျွန်တော့်ထက်စာရင် ခင်ဗျားရဲ့ သူငယ်ချင်းတွေကမှ ခင်ဗျားနဲ့ ပိုပြီး ရင်းနှီးနေသေးတယ်။ခင်ဗျား ဘယ်အချိန်အိပ်တယ်၊ဘယ်နေရာမှာ အလုပ်သင်ဆင်းမယ်၊ဘယ်ဆရာနဲ့ ထမင်းအတူစားတယ်၊ ပြီးတော့ အတန်းထဲမှာ ခင်ဗျားက စာသင်တာကို အာရုံရှိရဲ့လား၊ပေါက်ကရတွေ လုပ်နေလား သူတို့ အကုန်သိတယ်လေ။"
ယန်ရှုမင်က သူ့ဘက်ကို ကိုင်း၍ နှုတ်ခမ်းပေါ်သို့ ညင်သာစွာ အနမ်းပေးလိုက်သည်။
"မင်းလည်း ဒါတွေအကုန် သိလို့ ရပါတယ်။ မင်း သိချင်လား။"
မဲ့တုန်က သူ့ကို စိတ်အားထက်သန်စွာ ကြည့်လာ၏။
"သိချင်တယ်"
ယန်ရှုမင်က သူ့ကို စနောက်သည်။
"ဒါပေမဲ့ ကိုယ်က အရက်မူးလာတဲ့ သူငယ်ချင်းကို အဆောင်ကို ပြန်မပို့ပေးဘူး။သူငယ်ချင်းရဲ့ လက်ကို မကိုင်ဘူး။ပြီးတော့ ကိုယ်က သူငယ်ချင်းကို လုံးဝ မနမ်းဘူး။ဒီလိုဆိုရင်ရော၊ မင်းက ကိုယ့်ရဲ့ ချစ်သူကောင်လေး ဖြစ်ချင်လား၊ဒါမှမဟုတ် ရိုးရိုးသူငယ်ချင်းပဲ ဖြစ်ချင်လား။"
မဲ့တုန် လေးလေးနက်နက်နဲ့ကို ဝိရောဓိဖြစ်နေရသည်။
အတွင်းကျကျရင်းနှီးတယ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲ။တစ်ဖက်မှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက အတော်လေး အတွင်းကျကျ ရင်းနှီးတာပေါ့။နောက်တစ်ဖက်မှာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကလည်း အတွင်းကျကျ ရင်းနှီးမှုတစ်မျိုးပဲလေ။အကယ်၍ သူတစ်ခုကိုသာ ရွေးရမယ်ဆိုရင်တော့ မဲ့တုန်လည်း ဘယ်လိုဆုံးဖြတ်ရမလဲ မသိတော့ပါ။
သူက ဒီမေးခွန်းကြောင့် စိတ်ဒုက္ခရောက်နေပြီး နစ်နာသလို ခံစားရကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေတော့သည်။
နောက်ဆုံးတော့ သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ကျွန်တော် လက်ကိုတော့ ကိုင်ချင်တယ်"
ထို့နောက် သူ စကားနောက်တစ်ကြောင်း ထပ်ထည့်ပြီး ပြော၏။
"ပြီးတော့ ကျွန်တော့်ရဲ့ ဒိုင်ယာရီကို ခင်ဗျား နောက်ထပ် ဖတ်ခွင့် မပေးတော့ဘူး။"
ယန်ရှုမင်က 'အမ်' ဟု ရေရွတ်လိုက်သည်။
"ဘာကြောင့်လဲ"
မဲ့တုန်က ခေါင်းမာပုံ နောက်တစ်မျိုးကို ထုတ်ပြ၏။
"ဘာပဲဖြစ်ဖြစ် ခင်ဗျားကို အဲ့ဒါ ဖတ်ခွင့် မပေးတော့ဘူး။ကျွန်တော် တွေးသမျှတိုင်းကို ခင်ဗျားက ဘာကြောင့် အမြဲတမ်း သိနေရမှာလဲ။"
*
မဲ့တုန်၏ မှတ်ဥာဏ်က အရမ်းပင် နည်းလွန်းပါ၏။
နောက်နေ့ မနက်တွင် ခေါင်းက ကွဲထွက်မတတ် ကိုက်ခဲမှုဖြင့် သူနိုးလာပြီး မနေ့ညက သန့်စင်ခန်း ကမုတ်ခုံပေါ် ခေါင်းစိုက်မတတ် အန်ခဲ့တာ တစ်မျိုးသာ မှတ်မိသည်။ခေါင်းက နာကျင်ကိုက်ခဲမှုကြောင့် တစ်စုံတစ်ယောက်က သူ့ကျောကုန်းအပေါ် စိတ်ရှည်လက်ရှည် ပုတ်ပေးနေသည့် မှတ်ဥာဏ်တစ်ခုကို ထင်ထင်ရှားရှား မှတ်မိလာသည်။
ယခုမတိုင်ခင်က မဲ့တုန်၏ ဘဝတွင် အရက်ကို တစ်ခါမှ မသောက်ဖူးခဲ့ပေ။
သူ နောက်ဆုံးသောက်ဖြစ်ခဲ့သည်က နွှေးထားသည့်ဝိုင် ရောင်းသည့် ဆိုင်လေး ဖွင့်လှစ်ခဲ့သော ခရစ်စမတ်ပွဲတော်တွင် ဖြစ်သည်။သူက ဝိုင်ကို အရင်မြည်းကြည့်ရန် လိုအပ်ခဲ့သည်။ ရောင်းဖို့အတွက် လုံလောက်မှု မရှိမည်ကို စိုးရိမ်သဖြင့် သူ ခွက်တစ်ဝက်ခန့်သာ သောက်ခဲ့သည်။ထို့နောက် ယခုတစ်ခါတွင် သူ များများစားစား မသောက်ဖြစ်ခဲ့၊ဘီယာ ၂ပုလင်း ခန့်သာ ဖြစ်သည်။
သူ ကလေးအရွယ်က သူ့ဖေဖေနဲ့ အတူ ညစာစားပွဲများကို လိုက်သွားတတ်သည်။လူကြီးများက အကြီးအကျယ် သောက်နေကြပြီး၊ သူတို့ အရမ်းများသွားသည့်အခါ သောက်တာ ခဏရပ်ပြီး အနားယူလိုက်ကြ၏။ပြီးနောက် အားမာန်အပြည်နှင့် နောက်တစ်ကျော့ ထပ်သောက်ကြပြန်သည်။
လူတစ်ယောက်က ဘီယာ၂ပုလင်းသောက်ပြီး အရက်မူးသွားသည်ကိုတော့ သူ ဘယ်တုန်းကမှ စိတ်မကူးမိပေ။
နှစ်သစ်ကူးပိတ်ရက်၏ သုံးရက်မြောက်နေ့ကို ရောက်ပြီဖြစ်၍ အဆောင်တွင် အခန်းဖော်အားလုံး ရှိနေကြသည်။
မဲ့တုန်က ၁၁ နာရီမထိုးခင်အထိ အိပ်ပျော်နေခဲ့သည်။သူ့အခန်းဖော်များက နေ့လည်တွင် ဟော့ပေါ့သွားစားရန် တိုင်ပင်နေကြသည်။ဆောင်းရာသီရောက်လာပြီးနောက် သူတို့ အားလုံးအတူတူ တစ်ခါမှ မစားသောက်ရသေးပေ။မဲ့တုန် ထလာသည်ကို ကြားသဖြင့် တုချွမ်က သူ့ကို လှမ်းခေါ်သည်။
"မင်း နိုးလာပြီပေါ့ အာ၊ နေ့လည်စာအတွက် ဟော့ပေါ့ ဆိုရင်ရော။"
မဲ့တုန်က စကားပြောရန် လုပ်လိုက်သည်။ သို့သော် သူ့လည်ချောင်းထဲမှ ထွက်လာသော အက်ကွဲနေသည့် အသံကြောင့် သူ့ဘာသာ အလန့်တကြား ဖြစ်သွားရသည်။သူက လိုက်ကာကို ပြန်ဆွဲလိုက်ပြီး
"အမ် ... အဟွတ် ၊အဟွတ်၊နောက်တစ်ပတ်မှ ဆိုရင်ရော။ ဒါမှမဟုတ် မင်းတို့ ဘာသာ သွားလိုက်ကြတော့။ငါတော့ များများ စားနိုင်မယ်လို့ မထင်ဘူး။"
တုချွမ်က သူ့ဘက်လှည့်၍ စပ်ဖြီးဖြီး လုပ်ပြသည်။
"မင်း မနေ့က ဘယ်လောက်တောင် သောက်လာတာလဲ။ မင်းကောင်လေးက မင်းကို ကျောပိုးလာရတဲ့ အထိလေ။"
အပြစ်မကင်းသော စိတ်ဖြင့် မဲ့တုန် ပြန်ဖြေလိုက်သည်။
"အဲ့လိုမျိုး အဆုံးသတ်သွားမယ်လို့ ငါ မသိထားခဲ့ဘူး။ငါက နှစ်ပုလင်းပဲ သောက်ခဲ့တာကို ..."
သူ့အခန်းဖော်များက သူ့ကို စနောက်ကြသည်။
"မင်းရဲ့ အရက်သောက်နိုင်တဲ့စကေးက လဲကွာ၊ နောက်ထပ် မသောက်သင့်တော့ဘူး။"
သူတို့က ဟော့ပေါ့ စားချင်နေကြသည်။ ဒါကြောင့် သုံးယောက်သား မဲ့တုန်ကို ချန်ထားခဲ့ပြီး ထွက်သွားကြ၏။
စားပွဲခုံပေါ်တွင်တော့ မနေ့ညက ယန်ရှုမင် ဝယ်ပေးခဲ့သည်ဟု သူသိရသော အရက်နာကျသည်ကို သက်သာစေမည့်ဆေးနှင့် လည်ချောင်းနာ သက်သာစေသည့် ငုံဆေးပြားများ ရှိလေသည်။
ခေါင်းကိုက်နေသဖြင့် ခေါင်းကို ဖိရင်း မဲ့တုန် ထိုင်ခုံတွင် ထိုင်လိုက်ပြီး ဆေးနှင့် ငုံဆေးပြားများကို နာခံစွာဖြင့် သောက်လိုက်သည်။မနေ့ညကတည်းက သူ့အစာအိမ်တွင် ဘာမှမကျန်ခဲ့သဖြင့် ဗိုက်ဆာဆာနှင့် နိုးလာခဲ့ပြီး အစာအိမ်က အနည်းငယ်ပင် နာကျင်နေသည်။သူ့ဖုန်းကို ထုတ်၍ အစားအစာ ပါဆယ်ဝယ်ရန် လုပ်နေစဥ်တွင် ယန်ရှုမင်က သူ့ကို ဖုန်းခေါ်လာခဲ့သည်။
သူက ဒီနေ့က အားလပ်ရက် နောက်ဆုံးနေ့ဖြစ်၍ မဲ့တုန်အိပ်ရာနိုးပြီဆိုလျှင် အစီအစဥ် တစ်ခုခု ရှိ၊မရှိ မေးမြန်းနေခဲ့သည်။
ထိုမေးခွန်းများကြောင့် မဲ့တုန်၏ အကြိုက်ဆုံးအစီအစဥ်မှာ ယန်ရှုမင်နှင့် အပြင်ထွက်၍ ချိန်းတွေ့ရန် ဖြစ်သွားလေသည်။ကံဆိုးစွာဖြင့် သူက နေရထိုင်ရ မကောင်းသဖြင့် ဒါကို သူ ဘယ်လို သုံးနှုန်းပြီး ပြောရမလဲ မသိ ဖြစ်နေခဲ့သည်။
"ကျွန်တော် ... ကျွန်တော် ဒီနေ့ အဆောင်မှာပဲ နေမလားလို့။ခင်ဗျား ဒီနေ့ အလုပ်များနေလား။"
ယန်ရှုမင်က မောက်စ်ကို နှိပ်နေသည့် ပုံပင်။သူ၏ ကြည်လင်သောအသံသည် ဖုန်းစပီကာကို ဖြတ်၍ မဲ့တုန်၏ နားထဲသို့ ဝင်လာခဲ့သည်။
"ကိုယ်ရဲ့ အဆောင်မှာ ကစားဖို့ လာမလား။"
ယန်ရှုမင်၏ အဆောင်ခန်းထဲသို့ အခုမှသာ မဲ့တုန် ပထမဆုံးရောက်ဖူးခြင်း ဖြစ်သည်။အခန်းထဲတွင် အခန်းဖော်တစ်ယောက်မှ မရှိကြဟု ယန်ရှုမင်က ပြောခဲ့သော်လည်း မဲ့တုန်ကတော့ အခန်းထဲဝင်ချိန်တွင် မနည်းထိန်းချုပ်ထားရသေးသည်။
ကျောင်းဝင်းအတွင်းရှိ အဆောင်များကို အဆောင်သစ်နှင့် အဆောင်ဟောင်းအဖြစ် ခွဲခြားထားသည်။ ယခုနှစ် ကျောင်းသားသစ်များက ကံကောင်းစွာဖြင့် အဆောင်သစ်တွင် နေရမည်ဖြစ်ပြီး မဲ့တုန်နှင့် ယန်ရှုမင်တို့ကတော့ အဆောင်ဟောင်း အသီးသီး၌ နေကြသည်။
အဆောင် နှစ်ခု၏ အခြေအနေများက အနည်းနှင့်အများတော့ တူကြသည်။ဓါတ်လှေကား မရှိပါ။
ယန်ရှုမင်က အဆောင်၏သုံးလွှာမြောက်တွင် နေသည်။မဲ့တုန်မှာ စိတ်လှုပ်ရှားနေချိန်တွင် လှေကား တော်တော်များများ တက်လိုက်ရ၍လား မသိ၊အခန်းတံခါးရှေ့သို့ ရောက်ချိန်တွင် အနည်းငယ်ခန့် အသက်ရှုမဝ ဖြစ်နေလေသည်။
သူက တံခါးကို ချက်ချင်း တွန်းမဖွင့်ပေးဘဲ၊ ထိုအစား လျှောက်လမ်းတွင် ရပ်၍ မနေ့ညက ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ပြန်မှတ်မိအောင် ကြိုးစားရန် သူ့ဦးနှောက်ကို နှိပ်စက်ပေးလိုက်၏။
သူ မနေ့ညက စည်းလွတ် ကိုယ်လွတ်နဲ့ တစ်ခုခု လုပ်ခဲ့မိလား။ရှက်စရာကောင်းတွေ နည်းနည်း လုပ်ခဲ့လား၊ များများ လုပ်ခဲ့လား။
သူ့စိတ်မှာ ဗလာဟင်းလင်းဖြစ်နေပြီး ဘာတစ်ခုမှ ပြန်စဥ်းစား၍ မရတော့ပေ။ ဒါကြောင့် သူလည်း ဖြစ်လိုရာ ဖြစ်စေတော့ဟု အဆောင်အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
သူတို့အဆောင်ခန်းများ၏ ဖွဲ့စည်းပုံက တစ်ထပ်တည်း တူလုနီးပါးပင်။အိပ်ရာလေးခုနှင့် စားပွဲခုံများ ရှိပြီး အခန်း၏ အဆုံးတွင် ရေချိုးခန်းနှင့် သန့်စင်ခန်းရှိသည်။အပြင်ဘက်တွင် တစ်ခန်းစီ သီးသန့်ပါသော လသာဆောင် အသေးလေးတစ်ခုလည်း ရှိသည်။
ယန်ရှုမင်၏ မျက်လုံးများက ကွန်ပျူတာဖန်သားပြင်မှ မခွာပေ။
"ခေါင်းကိုက်နေသေးလား။"
မဲ့တုန် အလျင်အမြန် ပြန်ဖြေလိုက်သည်။
"နည်းနည်း၊ ကျွန်တော် ဆေးသောက်ထားပါတယ်။မကြာခင် သက်သာသွားမှာပါ။ အမ်း ၊မနေ့ညက အတွက် ကျေးဇူးပါ။"
ယန်ရှုမင်က တစ်ခုခုကို သွယ်ဝိုက်ရည်ညွှန်းချင်၍ မယုတ်မလွန်ဖြင့် "အို့" ဟု အသံပြုလိုက်သည်။
"အရက်မူးပြီးတော့မှ ခပ်တန်းတန်း ဖြစ်နေတယ်ပေါ့။"
မဲ့တုန် ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး။အဲ့လိုမျိုး မဟုတ်ပါဘူး။ကျွန်တော်က ဘာတွေဖြစ်ခဲ့လဲဆိုတာ မမှတ်မိလို့ပါ။အဲ့ဒါက နည်းနည်းတော့ ..."
ယန်ရှုမင်က ရယ်လိုက်သည်။
"အပြစ်ရှိသလို ခံစားရတာလား"
မဲ့တုန်က မှုန်မှိုင်းမှိုင်းဖြင့် တုံ့ပြန်လိုက်သည်။
"အမ်း"
ယန်ရှုမင်က လက်ကို မြှောက်လိုက်ပြီး ဘယ်နေရာကလည်းမသိ အထုပ်တစ်ထုပ်ကို ယူထုတ်လာ၏။
"ဆန်ပြုတ်ပူပူလေး၊ ရောက်လာတာ သိပ်မကြာသေးဘူး။မင်း တစ်ခုခု စားပြီးပြီလား။"
မဲ့တုန် အိတ်ကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား မပြောရသေးခင်ဘဲ ယန်ရှုမင်က သူ့ကို နောက်ထပ်တစ်ခု ကမ်းပေးသည်။
ဒီတစ်ခါတော့ မဲ့တုန် အကြံအိုက်သွားသည်။သူ ချက်ချင်း လှမ်းမယူလိုက်ဘဲ အရင် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
နောက်ဆုံးတော့ ယန်ရှုမင်က ခေါင်းလှည့်ပြီး သူ့ကို ကြည့်လာသည်။
"မင်းဘာသာ မင်း ဒါကို ပြောခဲ့တာ မဟုတ်ဘူးလား။ကိုယ်ကို မင်းရဲ့ ဒိုင်ယာရီ နောက်ထပ် ပေးမဖတ်တော့ဘူး လို့လေ။"
သတိပေးလိုက်သော်လည်း မဲ့တုန်ကတော့ အခုထိ မမှတ်မိပေ။သူ ထိုသို့ ပြောခဲ့စဥ်က ဘယ်လိုအကြောင်းအရာ၊ဘယ်လိုလေသံဖြင့် ပြောခဲ့သည်ကို မသိပေ။သူက ကမန်းကတမ်း ရှင်းပြတော့သည်။
"ကျွန် ...ကျွန်တော် မပြောခဲ့ပါဘူး၊ဟုတ်လား။ကျွန်တော် စည်းကျော်တဲ့စကားတွေ ပြောခဲ့တာလား။ခင်ဗျား စိတ်ဆိုးနေလားဟင်။"
ယန်ရှုမင်က သူ့ကို စိုက်ကြည့်လိုက်သည်။
"ကိုယ် စိတ်ဆိုးနေတယ်လို့ မင်း ထင်လား။"
မဲ့တုန် ခေါင်းငြိမ့်လိုက်၏။
"ဟုတ်နေတာပဲကို"
ယန်ရှုမင်က မေးသည်။
"ဒါဆို ကိုယ်တို့ ဘာလုပ်သင့်လဲ။"
မဲ့တုန် ခေါင်းခါလိုက်မိသည်။
ယန်ရှုမင်၏ နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခု ပေါ်ထွက်လာပြီး အခုလေးကမှ မဲ့တုန်ကို စနောက်နေပါကြောင်း အရိပ်အယောင် ပြချင်သည့်နှယ်။သူက မဲ့တုန်၏ဒိုင်ယာရီကို မဲ့တုန်ဆီသို့ ကမ်းပေးပြီးနောက် စားပွဲခုံပေါ်မှ နောက်ထပ် မှတ်စုစာအုပ် တစ်အုပ်ကို ကောက်ယူလိုက်သည်။
"ကိုယ်က မင်းကို နောက်နေတာပါ။မင်းရဲ့ ဒိုင်ယာရီကို ပြန်ပေးပြီးပြီ၊ ပြီးတော့ မင်းအတွက် အခြားတစ်ခု ရှိသေးတယ်။"
"အဲ့ဒါက ဘာလဲ"
မဲ့တုန် စာရွက်များကို လှန်နေရင်းက သိချင်သဖြင့် မေးလိုက်သည်။
"ဒိုင်ယာရီ"
ယန်ရှုမင်က ပြောသည်။
*
၂၀၂၄ ၊ ဇန်နဝါရီ ၂ရက် ၊နေသာတယ်
ပထမဦးဆုံးအနေနဲ့ ကိုယ် ဒီနေ့ ဘယ်အချိန်မှာ အိပ်ရာထပြီး ဘာစားလဲဆိုတာကို မှတ်သားချင်တယ်။
ကိုယ်က အလုပ်သင်ကိစ္စအတွက် ပြင်ဆင်နေတာကြောင့် မနက်ရှစ်နာရီမှာထဖို့ မနေ့ညက နှိုးစက်ပေးထားခဲ့တယ်။ရာသီဥတုက အရမ်းအေးလို့ ငါးမိနစ်လောက် ထပ်အိပ်လိုက်မိသေးတယ်။ကိုယ်ရဲ့ အိပ်ရာထချိန်အတိအကျကတော့ ၈နာရီ ၆မိနစ်ပဲ။ ကိုယ်က မနက်ခင်းမှာ စားသောက်တန်းသွားရတာကို သဘောမကျဘူး။ အဲ့ဒါကြောင့် စူပါမားကတ်ကနေ အသီးအရွက်ပေါက်စီ ၂လုံးနဲ့ နှံစားပြောင်း ဆန်ပြုတ်တစ်ခွက် ဝယ်ခဲ့တယ်။
မနက်ခင်းတစ်ခုလုံး အိမ်စာလုပ်ဖို့နဲ့ သုတေသနလုပ်ဖို့အတွက် စာကြည့်တိုက်မှာ အချိန်ကုန်ရတာ အတော်လေး ပျင်းစရာကောင်းတယ်။မင်းလည်း စကားရည်လုပြိုင်ပွဲကြောင့် အလုပ်များနေတာကို ကိုယ် သိလို့ မင်းကို ကိုယ် စာမပို့ခဲ့ဘူး။ကိုယ် တကယ်ပဲ နောင်တရမိတယ်၊ ကိုယ်မှားသွားပြီ။
နေ့လည်ရောက်တော့ စာကြည့်တိုက်နဲ့ အနီးဆုံးမှာရှိတဲ့ အရှေ့ဘက် စားသောက်တန်း နံပါတ် (၂)ကို ကိုယ်တစ်ယောက်တည်း သွားခဲ့တယ်။ ကြက်သားစွပ်ပြုတ်သောက်တယ်။ကိုယ် ရောက်သွားတာ နောက်ကျတော့ အဲ့ဒီမှာ ရွေးချယ်စရာ များများ မကျန်တော့ဘူး။အရှေ့ဘက် စားသောက်တန်း နံပါတ် (၂)က ကြက်သားစွပ်ပြုတ်က လုံးဝမကောင်းဘူး။ဒါကို သတိပေးချက်တစ်ခု အဖြစ် မှတ်ထားပါ။သူတို့မှာ ခေါက်ဆွဲကြော်ရောင်းတဲ့ ကောင်တာတစ်ခု ဖွင့်ထားတယ်။အရသာလည်း ကောင်းတယ်လို့ ကိုယ် ကြားတယ်။အခွင့်အရေးရရင် ကိုယ်တို့ အတူတူ သွားစားသင့်တယ်။
အခုတော့ ကိုယ့်ရဲ့ အလုပ်သင်ဆင်းတဲ့ကိစ္စအကြောင်း မင်းကို အသေးစိတ် ရှင်းပြမယ်။
ကိုယ်တို့ မေဂျာက စီနီယာတစ်ယောက်ရဲ့ ဆရာက စတူဒီယိုတစ်ခု ဖွင့်ထားတယ်၊ပြီးတော့ ဒီနယ်ပယ်မှာ ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတစ်ယောက် လိုအပ်နေတယ်။သမားရိုးကျ အလုပ်သင်ဆင်းသလိုမျိုးတော့ မဟုတ်ဘူး။
သူတို့ စတူရီယိုနှင့် လက်တွဲချင်လားလို့ ကိုယ့်ကို မေးလာတယ်။ ကိုယ် သဘောမတူခဲ့ဘူး ၊ဘာလို့လဲဆိုတော့ ဘွဲ့ကြို စာမေးပွဲအတွက် ပြင်ဆင်ရတာက ပိုပြီး အရေးကြီးနေသေးလို့ပဲ။ဒါပေမဲ့ သူတို့က ကိုယ့်အပေါ် အရမ်းစိတ်အားထက်သန်နေပြီး သူတို့နဲ့ လက်တွဲစေချင်တဲ့ပုံပဲ။ ကိုယ်က ရေရှည်လက်တွဲဖို့ သဘောမတူခဲ့ပေမဲ့ အလုပ်သင်ဆင်းတဲ့အနေနဲ့ ကူညီပေးရလိမ့်မယ်။
ညစာကတော့ ဆိုင်းမဆင့် ဘုံမဆင့် ဖြစ်သွားတယ်။ဆရာတစ်ယောက်က တွေ့ဆုံပွဲတစ်ခုကို လက်ခံကျင်းပပြီးတော့ ကိုယ်နဲ့ စီနီယာတစ်ယောက်ကို စကားစမြည်ပြောဖို့ ဖိတ်လာခဲ့တယ်။မင်းမှာ ဒီည ဂုဏ်ပြုညစာစားပွဲကို သွားဖို့ ရှိတာ ကိုယ် သိပါတယ်။ပြီးတော့ အစကတည်းက ကိုယ်လည်း မင်းနဲ့အတူ သွားချင်တာပါ။ဒါပေမဲ့ ကိုယ် အဲ့ဒီဖိတ်ကြားမှုကို ငြင်းလို့ မရဘူး ဖြစ်သွားတယ်။
ကိုယ် စာကြည့်တိုက်မှာ ဖုန်းအားသွင်းကြိုး မေ့ကျန်ခဲ့တယ်။ဖုန်းအားက မမျှော်လင့်ဘဲ ကုန်သွားခဲ့တယ်။ကိုယ် အကြောင်းပြချက်တွေ မပေးလိုပါဘူး။ဒါက ကိုယ့်ရဲ့အမှားပဲ။ ဒါကို နောက်တစ်ကြိမ် ထပ်ပြီး လေးလေးနက်နက် ပြန်တွေးနေမှာပါ။
အစီရင်ခံစာက လုံလောက်အောင် အသေးစိတ် ကျပါပြီလား၊ ကိုယ့်ရည်းစားလေးရေ။
အစီရင်ခံလို့ ပြီးပြီဆိုတော့ ရှင်းပြချင်တဲ့ အကြောင်းအရာဆီကို သွားရအောင်။
အတော်လေး မူးနေခဲ့တဲ့ အတန်းဖော်တစ်ယောက်က ငိုပြီးတော့ ကိုယ့်ချစ်သူကောင်လေး ဖြစ်ရမဲ့အစား သူငယ်ချင်း ဖြစ်ချင်တယ်လို့ မေးလာခဲ့တယ်။ကိုယ့်အတွက် သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးက ပိုအရေးပါတယ်လို့ မင်း ထင်နေတာလား။ဒါကို မင်းသေချာပေါက် ယုံကြည်နေတယ်ဆိုလည်း မှားပြီး ယုံကြည်နေတာကို ပြောင်းလဲအောင် လုပ်ဖို့ကို ကိုယ် စိတ်မရှိပါဘူး။
မဲ့တုန်၊ လူတိုင်းက သူငယ်ချင်း ဖြစ်လို့ရတယ်။ ဒါပေမဲ့ ချစ်သူကောင်လေးကတော့ မင်းတစ်ယောက်ပဲ ဖြစ်လို့ရတယ်။ ခြားနားချက်ကို မင်းသေချာပေါက် နားလည်နိုင်တဲ့အထိ မင်းက ဥာဏ်ကောင်းတာပဲ။ကိုယ် မင်းကို မပြောမိတဲ့ ကိစ္စတွေကို ကိုယ့်သူငယ်ချင်းတွေကို ပြောပြတယ်။ ကိုယ် မင်းကို မပြောပြချင်လို့တော့ မဟုတ်ဘူး။ကိုယ်က မင်းအနားမှာ အမြဲတမ်း ရှိမနေနိုင်သေးလို့ပါ။ကိုယ်သာ မင်းနဲ့ အတူရှိနိုင်ပြီဆိုရင်တော့ ကိုယ် မင်းကို ပြောပြချင်တယ်။
ထပ်ပြီးတော့ ကိုယ် နောက်ဆုံးတစ်ခု ထပ်ထည့်ဖို့လိုတယ်။ သူငယ်ချင်းတွေလုပ်ရတာ မခက်ခဲပါဘူး။သူငယ်ချင်းဆိုတာ ဘဝမှာ မရှိမဖြစ်ပဲလေ။ကိုယ်က ကိုယ့်ရဲ့ သဝန်တိုတဲ့ အကြိမ်ရေနဲ့ အတိုင်းအတာကို ထိန်းသိမ်းထားပါတယ်။မင်းမှာလည်း မင်းအတွက် သူငယ်ချင်းကောင်းတွေ ရှိသင့်တယ်။အထင်လွဲနေတာတွေကို ရှောင်ရှားဖို့၊ ကိုယ်ဆိုလိုချင်တာက မင်းရဲ့အချိန်နဲ့ စွမ်းအင်တွေကို ကိုယ့်အတွက် အမြဲတမ်း သုံးစွဲမနေဘဲနဲ့ မင်းကိုယ်တိုင်ရဲ့ ပိုကောင်း၊ ပိုပြည့်စုံတဲ့ပုံစံ ဖြစ်လာအောင် အသုံးပြုသင့်တယ်လို့ ဆိုလိုချင်တာပါ။ဒါက ကိုယ် မင်းကို ဘယ်လိုမြင်လဲ ဆိုတာပဲ။
ဒိုင်ယာရီထဲမှာ နောက်ထပ် ဘာများ ထပ်ရေးဖို့ လိုနေသေးလဲ။
ကိုးကားကြည့်ဖို့ မင်းရဲ့ ဒိုင်ယာရီထဲကို လှန်လှောကြည့်လိုက်တော့ နောက်ဆုံးအဆုံးသတ် စာတစ်ကြောင်းတွေ့တယ်။
ဒီနေ့ ကိုယ် မင်းကို အရမ်းလွမ်းတယ်။ ပြီးတော့ ထိုနည်းတူပဲ ဒီနေ့လည်း ကိုယ် မင်းကို တကယ်ကြိုက်ပါတယ်။
*
မဲ့တုန် တိတ်ဆိတ်စွာ ထိုင်နေပြီး အစကတော့ ဒါက ဘာလဲဆိုတာ နားမလည်သေးပေ။စာကြောင်းအနည်းငယ် ဖတ်ပြီးမှသာ နားလည်သွားရသည်။စာလုံးရေ တစ်ထောင်ထက် နည်းသော စာလုံးများကို မဲ့တုန်က စကားလုံး တစ်လုံးစီကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာချင်သည့်အတိုင်း ဆယ်မိနစ်ကျော်ကြာသည်အထိ အထပ်ထပ် အခါခါ စေ့စေ့စပ်စပ် တွေးတောနေပြီး၊ တစ်ခါတည်း အပြီးဖတ်လိုက်ရမည်ကို ဝန်လေးနေခဲ့သည်။
မဲ့တုန် တစ်ယောက်တည်း သီးသန့် ဖတ်ဖို့အတွက် ရှင်းရှင်းလင်းလင်း ရည်ရွယ်ပြီး ယန်ရှုမင်က ဒိုင်ယာရီ ရေးခဲ့မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။နောက်ဆုံးစာကြောင်းကို ဖတ်ပြီးနောကိ မဲ့တုန်က စာအုပ်ကို ဂရုတစိုက်ပိတ်၍ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်ပြီး မေးသည်။
"ကျွန်တော် ဒါကို ယူလို့ ရလား။"
ယန်ရှုမင် အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်သွားတော့သည်။
"ရတာပေါ့။ဒါပေမဲ့ ကိုယ်က မင်းကို ဒါပေးလိုက်ရင် အခုကစပြီး ကိုယ် ဘယ်လို ဆက်ရေးလို့ရမှာလဲ။"
မဲ့တုန်က အံ့ဩသွားသည်။
"ခင်ဗျား နောက်လည်း ဒါကို ဆက်ရေးဦးမှာလား။"
ယန်ရှုမင်က မေးသည်။
"မင်း ဒါကို ဖတ်ချင်လား။"
မဲ့တုန် အသည်းအသန် ခေါင်းငြိမ့်လိုက်သည်။
"ဒါပေါ့၊ ကျွန်တော် ဖတ်မှာ။"
ထို့ကြောင့် သူက ဒိုင်ယာရီကို ကမ်းပေးလိုက်သဖြင့် ယန်ရှုမင်က ဆန်ပြုတ်ထုပ်ကို ပြန်ပေးသည်။စရောက်ချိန်တွင် နွေးနေတုန်း ဖြစ်သော်လည်း အခုတော့ သိသိသာသာ အေးနေပြီ ဖြစ်သည်။
သူ တစ်ငုံသောက်လိုက်သည်။ သူ့အိတ်ကပ်ထဲက ဖုန်း၏ နွေးထွေးသော အပူချိန်က ကြက်သီးနွေး အပူချိန်ပမာဏနှင့် ကွက်တိကျလုနီးပါးပင်။၎င်းက ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သော ဆန်ပြုတ်ဖြစ်ပြီး လုံးဝ အချိုမပါပေ။သို့သော် ဆန်ပြုတ်က သူ့ပါးစပ်ထဲတွင်တော့ နှစ်လိုဖွယ်ကောင်းအောင် ချိုမြိန်နေခဲ့ပါသည်။
++++++++