Chapter 33
မဲ့တုန်က သူရောက်မည့်အချိန်ကို သူ့မိသားစုထံ သတင်းပို့ထားခဲ့သည်။သို့သော် သူ့အမေက လမ်းတစ်လျှောက်လုံး ဘေးကင်းအောင် ဂရုတစိုက်နေဖို့သာ မှာကြားခဲ့ပြီး သူ့ကို လာကြိုမည် ဟူ၍ လုံးဝမပြောခဲ့ပေ။ယခုတော့ ဘူတာရုံ ထွက်ပေါက်တွင် ရပ်နေရင်း မဲ့တုန်မှာ အံ့အားသင့်သွားတော့သည်။
ယန်ရှုမင်လည်း ခဏမျှ ကြောင်အသွားရပြီး သူ့ကောင်လေးက အိုင်ဒီကတ်ကို စကင်မ်ဖတ်၍ ဘူတာရုံထဲမှ လှစ်ခနဲ ပြေးထွက်သွားပြီး အဝေးမှ လာသော အမျိုးသမီးတစ်ဦးအား ပွေ့ဖက်လိုက်သည်ကို ကြည့်နေမိသည်။သူက အခြေအနေကို သဘောပေါက်သဖြင့် ဘာတစ်ခုမှ မလှုပ်ရှားခဲ့ပေ။မဲ့တုန်က သူ့ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခြင်း မလုပ်ခိုင်းခဲ့သော်လည်း၊သူ့ကိုလည်း တွေ့သွားခဲ့ပြီးဖြစ်ရာ နှုတ်ဆက်ခြင်းမပြုက မယဥ်ကျေးရာကျနိုင်သည်။
"မင်္ဂလာပါ အန်တီ"
ဘူတာရုံ၏ ပျားပန်းခတ်အောင် ရှုပ်ထွေးဆူညံမှုများကြောင့် မဲ့တုန်၏အမေက ယန်ရှုမင်ကို သတိမထားမိသေးပေ။အမေနှင့်သား ပြန်လည်တွေ့ဆုံခြင်း အခိုက်အတန့်လေးသည် ရုတ်တရတ် လာရောက်နှုတ်ဆက်မှုတစ်ခု၏ အနှောင့်အယှက်ပေးခြင်းကို ခံလိုက်ရပါ၏။ခဏအကြာတွင် သူမက ယန်ရှုမင်ကို မှတ်မိသွားပုံရသည်။ ပြုံးပြရင်း ခေါင်းငြိမ့်လိုက်၏။
"မင်္ဂလာပါ၊ မင်းက မဲ့တုန်ရဲ့ အတန်းဖော်လား။ မင်းတို့နှစ်ယောက် အတူတူ ပြန်လာခဲ့တာလား။"
ယန်ရှုမင်က အတည်ပြုပေးလိုက်ပါသည်။
"ဟုတ်ကဲ့။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။မဲ့တုန်နဲ့ ကျွန်တော်တို့ နှစ်ယောက်လုံးက နန်ကျင်းတက္ကသိုလ်မှာ ပညာသင်ကြားနေကြတယ်လေ။ဒါကြောင့် ကျွန်တော်တို့ အတူပြန်လာဖြစ်ကြတာပါ။ကျွန်တော် ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။အန်တီ ၊ကျွန်တော် အရင်သွားနှင့်ပါပြီ။"
မဲ့တုန်၏အမေက သူ့ကို လှမ်းပြီး တားလိုက်သည်။
"အိုင်း ၊ မင်းမိသားစုက တစ်ယောက်ယောက်များ မင်းကို လာကြိုပေးလား။အန်တီ မင်းကို အိမ်လိုက်ပို့ပေးရမလား။လူတွေအရမ်းများတော့ taxi ငှားဖို့ မလွယ်လောက်ဘူး။အပြင်မှာ လူတချို့ taxiငှားဖို့ တန်းစီနေကြတာ အန်တီတွေ့ခဲ့တယ်။"
ထို့နောက် သူမက မဲ့တုန်ကို တီးတိုးပြောသည်။
"မင်းရဲ့ အတန်းဖော်နဲ့ အတူပြန်လာတာကို ဘာလို့ မပြောခဲ့တာလဲ။"
မဲ့တုန်လည်း ဘာကိုမှ ရှင်းမပြရဲပေ။
ယန်ရှုမင်က လက်ကို ယမ်းလိုက်ပြီး လိမ်ပြောလိုက်သည်။
"ကျွန်တော်ကို ကျွန်တော့်မိသားစုက လာကြိုပေးပါတယ်။သူတို့ အပြင်မှာ ဖြစ်မယ်။ကျွန်တော် သွားနှင့်ပါပြီ၊အန်တီ။"
ထို့နောက် မဲ့တုန်၏အမေက ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ"
သူတို့နှစ်ယောက် ကားထဲအရောက်တွင် မဲ့တုန်၏အမေက သူ့ကို မေးခွန်းများ ဆက်မေးပါတော့သည်။
"ဒါ မင်းရဲ့အထက်တန်းကျောင်းထဲက အတန်းဖော်လား။မင်းရဲ့ အထက်တန်းကျောင်း အတန်းဖော်တွေက မင်းလိုပဲ နန်ကျင်းတက္ကသိုလ် တက်နေတယ်လို့ မင်းပြောတာ မေမေ တစ်ခါမှ မကြားမိသလိုပဲ။"
မဲ့တုန်သည် စိတ်လုံခြုံမှုတစ်ခု ရလိုရငြားဖြင့် ကျောပိုးအိတ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိသည်။သူက ဝိုးတိုးဝါးတားဖြင့် ဖြေလိုက်သည်။
"အမ်း၊ သူက အထက်တန်းကျောင်းတုန်းက စီနီယာပါ။ကျွန်တော်နဲ့ တစ်နှစ်ထဲ မဟုတ်ပါဘူး။"
သူ့အမေက နားလည်သလိုနှင့် ခေါင်းငြိမ့်သည်။
"ထင်သားပဲ။ မင်းရဲ့အတန်းဖော်တွေထဲက တစ်ယောက်ယောက် နန်ကျင်းတက္ကသိုလ်ကို တက်တယ်လို့ မေမေ သတိမရပါဘူး။အိုင်း၊ ဒါနဲ့ အဲ့ဒီကောင်လေးကို တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ။ သူ့နာမည်က ဘာတဲ့လဲ။"
မဲ့တုန်က အပြစ်မကင်း ဖြစ်နေသဖြင့် လည်ချောင်းကို ရှင်းလိုက်သည်။နာမည်ကို ဒီတိုင်း ရိုးရိုးရှင်းရှင်း ပြောလိုက်ရုံဖြင့် သူ့ကို အလကားပေးပစ်လိုက်မည် ဟူ၍ ထူးဆန်းသော ခံစားချက်တစ်ခုက သူ့မှာ ရှိနေသည်။နှုတ်ခမ်းကို သပ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"အပူပေးထားတာ အရမ်းမမြင့်ဘူးလား။ နည်းနည်း ပူနေတယ်။"
ထိုမေးခွန်းကို ရှောင်ပြေးဖို့ ကတုန်ကယင်နဲ့ သူ ကြိုးစားနေသည်ကို အမေဖြစ်သူက သတိမထားမိပေ။သူမက ကားတွင်း အပူပေးသည့်ခလုတ်ကို လှမ်း၍ ချိန်ညှိပေးလိုက်သည်။
"မင်း ရထားစီးပြီး ပြန်လာတော့ အအေးမိမှာကို မေမေက စိတ်ပူလို့ပါ။ဒါကြောင့် မြှင့်ထားလိုက်တာ။"
မဲ့တုန် ခေါင်းငြိမ့်လိုက်၏။
"ကျေးဇူးပါ မေမေ။ အမြန်ရထားထဲမှာလည်း လုံလောက်အောင် နွေးပါတယ်။"
သူအမေကတော့ စောစောက အကြောင်းအရာဆီသို့ ပြန်ရောက်သွားပါသည်။
"မင်းအတန်းဖော်ရဲ့ နာမည်က ဘာလဲ။"
...
မဲ့တုန်သည် သူ့ကံကြမ္မာကို ကြိတ်မှိတ်လက်ခံ လိုက်ရသည်။
"ယန်ရှုမင် ပါ"
သူ့အမေက အကြာကြီး တိတ်ဆိတ်သွားသည်။
"အို့ ၊ဒီနာမည်က တော်တော်ရင်းနှီးနေတာ။သူက မင်းတို့ ရှေ့နှစ်က ထိပ်ဆုံးကျောင်းသား မဟုတ်လား။မြို့တော်တစ်ခုလုံးရဲ့ ထိပ်ဆုံးအဆင့် ချိတ်ဖို့ကို အမှတ်နည်းနည်းလေးနဲ့ ကပ်လွဲသွားတာလို့ မေမေ ကြားဖူးတယ်။တစ်မှတ်ထဲနဲ့ မဟုတ်လား။"
မဲ့တုန်က အမြန်ပဲ အမှားပြင်ပေးလိုက်သည်။
"လေးမှတ်နဲ့"
သူအမေက အော်ရယ်တော့သည်။
"မင်းနဲ့ သူရဲ့ ဆက်ဆံရေးက ဘာလဲ။"
မဲ့တုန်သည် သူ့မျက်နှာကို ကားပြတင်းပေါက်ဘက်သို့ လှည့်ထားလိုက်သည်။ သူ့မျက်နှာက နီမြန်းနေပြီး စကားပြောဖို့ကို ငြင်းဆန်နေမိသည်။
ကံစီမံရာအတိုင်း သူတို့ မီးနီသွားတာနှင့် တိုးခဲ့ပြီး ကားက မီးပွိုင့်တွင် ရပ်တန့်လိုက်ရသည်။မဲ့တုန်၏အမေမှာ နောက်ဆုံးတွင် မဲ့တုန်ကို ကြည့်ဖို့ အချိန်နည်းနည်း ရသွားသဖြင့် စနောက်လေသည်။
"မင်းမျက်နှာက ဘာဖြစ်လို့ အရမ်းနီရဲနေတာလဲ။"
မဲ့တုန်က စက္ကန့်အနည်းငယ်အတွင်း၌ အကြောင်းပြချက်အနည်းငယ် ရှာဖွေရန် ကြိုးပမ်းလိုက်ရသည်။
"ကားထဲမှာ အရမ်းပူနေတယ်၊ပြီးတော့ မီးပွိုင့်မီး အနီရောင်က ကျွန်တော့်မျက်နှာပေါ် ထိုးနေတာကို။နီရဲနေတာ ပုံမှန်ပါပဲ။"
အမေ : "အို့ တကယ်လား"
မဲ့တုန် : "တကယ်ပေါ့"
မဲ့တုန် အိမ်ပြန်မလာဖြစ်သည်မှာ ခြောက်လ ကြာခဲ့ပြီဖြစ်သည်။မူလက အမျိုးသားနေ့အားလပ်ရက်အတွင်း အိမ်ပြန်ဖို့ သူ စီစဥ်ထားခဲ့သည်။သို့သော်လည်း သူ အိမ်ပြန်ချင်သည့် စိတ်ဆုံးဖြတ်မှုက လုံလောက်အောင် အားကောင်းခြင်း မရှိခဲ့ပေ။ထိုပိတ်ရက်က ကျောင်းစဖွင့်သည့် စက်တင်ဘာလမှဆိုလျှင် တစ်လမျှသာ ရှိသေးသည်။ထို့အပြင် ယန်ရှုမင်က အမျိုးသားနေ့ပိတ်ရက်တွင် ကျောင်း၌ ဆက်နေသည်ကို သူ သိထားသဖြင့် အိမ်ပြန်ဖို့ တုံ့ဆိုင်းနေခဲ့သည်။အဆိုပါ တုံ့ဆိုင်းနေမှုများကြောင့် အမျိုးသားနေ့အားလပ်ရက်တွင် အိမ်အပြန် လက်မှတ်ဝယ်ရန် သူ ကျရှုံးသွားခဲ့သည်။
ထို့နောက် နှစ်သစ်ကူးကာလအတွင်း သူ အိမ်ပြန်ဖို့ စီစဥ်လိုက်ပြန်၏။သို့သော်လည်း မထင်မှတ်ဘဲ ယန်ရှုမင်နှင့် လူသိရှင်ကြား တွဲလိုက်ခြင်း၊စကားရည်လုပြိုင်ပွဲတွေ ဘာသာပြန်သူအဖြစ် ဆောင်ရွက်ခြင်း တို့နှင့်သာ အဆုံးသတ်သွားရသည်။အိမ်ပြန်ဖို့ကိစ္စကို သူ့စိတ်က ထပ်လုံးလုံးလျားလျား မစဥ်းစားမိတော့ပေ။သူ့အမေသည် သူ ကျောင်းစတက်ချိန်မှ စ၍ အိမ်ကို သတိရနေပုံ မရသည့်အတွက် အပြစ်တင်ခဲ့ပြီး၊မိသားစုရှိ လူကြီးများက သူ့ကို လွမ်းနေကြပေမဲ့၊ ဘာကြောင့် သူက အိမ်ကို မကြာခဏပြန်မလာသည်ကို သူမက နားမလည်နိုင်ခဲ့ပေ။
လွန်ခဲ့သော ခြောက်လအတွင်း၌ သူ အိမ်အကြောင်း အမှန်ပင် သိပ်မတွေးဖြစ်ခဲ့သောကြောင့် ပထမဆုံးအကြိမ်အနေနှင့် မဲ့တုန် အပြစ်ရှိသလို ခံစားရသည်။သူက ကျောင်းတွင် အရမ်းပျော်ရွှင်နေခဲ့သဖြင့် အိမ်အကြောင်း စဥ်းစားဖို့အတွက် ခေါင်းထဲတွေ နေရာမပေးနိုင်ခဲ့ပေ။အပြစ်ရှိသည်ဟု ခံစားနေရသဖြင့် ညစာစားချိန်တွင် သူ လောဘတကြီး စားသောက်လေသည်။
သူ့မိဘများက အချင်းချင်း တီးတိုးစကားပြောနေပြီး သူ့အဖိုးက ဝိုင်ခွက်လေးကို ကိုင်၍ မြေးဖြစ်သူ၏ အချစ်ရေးအကြောင်းကို စိတ်ဝင်တစားဖြင့် မေးမြန်းလာတော့သည်။
"ဒီလောက် ကြာသွားတာတောင် ငါတို့ရဲ့ မဲ့ဇီဆီက ဘာသတင်းမှ မထူးပါလား အာ။တက္ကသိုလ်အချစ်ဇာတ်လမ်းတွေက အံ့ဩစရာကောင်းပါတယ်။မင်းလဲ ဒုတိယနှစ် ရောက်နေပြီပဲ၊ မင်းရဲ့အချိန်တိုင်းကို စာလေ့လာမှု တစ်ခုကိုပဲ အာရုံစိုက်မနေသင့်ဘူးလေ အာ။ချိန်းတွေ့မယ်ဆိုရင် ဘယ်လိုလဲ။"
မဲ့တုန်မှာ စားလက်စ ဘဲသားကင် ကော်ပြန့်လိပ်ကြောင့် နင်လုမတတ် ဖြစ်သွားရသည်။သူက အမြန်မြိုချလိုက်ပြီး ပြန်ဖြေသည်။
"မဟုတ် ၊ မဟုတ်ဘူး အာ။ ကျွန်တော် ချိန်းတွေ့မနေပါဘူး။"
သူ့အဖိုးက မျက်စိကို မှေးပြီး သူ့ကို ကြည့်သည်။
"မင်းက ဘာဖြစ်လို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ။အချစ်အကြောင်း ပြောလိုက်တာနဲ့ပဲ မင်း ရှက်သွားပြီ။မင်းက အဖိုးဖြစ်သူနဲ့ လုံးဝ မတူဘူးပဲ။ အဲ့ဒီတုန်းက မင်းအဖွားကို အဖိုးက ဘယ်လို လိုက်ခဲ့ရလဲ မင်းသိလား။"
[အခု စကားပြောနေတဲ့ အဖိုးနဲ့ သူ့ဇနီးအဖွားက မဲ့တုန်ရဲ့ အဖေဘက်က ဘိုးဘွားတွေ ဖြစ်ပြီးတော့၊သံတမန်ဖြစ်သူ အဖွားက အမေဘက်ကပါ။]
မဲ့တုန်သည် သူ့အဖိုးက အဖွားကို ဘယ်လိုပိုးပမ်းခဲ့ပါသည် ဟူသည့် ဇာတ်ကြောင်းကို မရေမတွက်နိုင်အောင် ကြားဖူးပြီးသား ဖြစ်သည်။အဖိုးက ထိုအကြောင်းကို ပျော်ရွှင်ကြည်နူးမှုအပြည့်ဖြင့် အမြဲ ပြောပြလေ့ရှိသည်။သူ သိရသလောက်မှာ အထက်တန်းကျောင်းတွင် သူ့အဖွားက စာတော်သော ကျောင်းသူဖြစ်ပြီး အဖိုးကတော့ ကလေကချေ ကျောင်းသားဖြစ်လေသည်။အစပိုင်းတွင် အဖွားက အဖိုးကို အထင်သေးခဲ့သော်ငြား အဖိုးက လမ်းဘေးမှ ခူးလာသော ပန်းရိုင်းများကို စည်းထားသည့် ပန်းစည်းကို သူမထံသို့ လူသိရှင်ကြား လက်ဆောင်ပေးခဲ့သည် ဟူသတတ်။
ထိုဇာတ်လမ်းက မှန်သည်၊ မှားသည်ကို မည်သူမဆို ခန့်မှန်းကြည့်ကြရုံသာ ရှိသည်။မဲ့တုန်၏အဖွားက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဆုံးပါးသွားခဲ့သည် ဖြစ်ပြီး သူမနှင့် အမှတ်တရတစ်ခုပင် သူ့မှာ မရှိခဲ့ပေ။
ကျောင်းအုပ်ကြီးက အရမ်းစိတ်ဆိုးသွားပြီးနောက် သူ့ကို ရက်အနည်းငယ်ခန့် ကျောင်းနားစေပြီး ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ခိုင်းသည့် အကြောင်းကို အဖိုးက ပြောပြနေချိန်တွင် မဲ့တုန်၏ ဖုန်းက မသိမသာ တုန်ခါသွားသည်။သူ ဖုန်းကို ထုတ်လိုက်သည်နှင့် ယန်ရှုမင်၏စာကို တွေ့လိုက်ရသည်။
ယန်ရှုမင် : "ညစာ စားနေတာလား။"
မဲ့ဇီ : "အမ်း"
ယန်ရှုမင် : "အိမ်မှာလား၊ စားသောက်ဆိုင်မှာလား။"
မဲ့ဇီ : "ရှန်းဟော် ရိပ်သာမှာ၊ ကျွန်တော့အဖေနဲ့ ပိုင်ရှင်က သူငယ်ချင်းတွေလေ။"
ယန်ရှုမင် : "ဟုတ်ပါပြီ၊ ချမ်းသာတဲ့ ဒုတိယမျိုးဆက်လေးရေ။"
မဲ့ဇီ : "ခင်ဗျားကရော"
ယန်ရှုမင် : "အပြင်မှာ ဟော့ပေါ့စားတယ်။"
မဲ့ဇီ : "ကျွန်တော့အဖိုးက အဖွားကို ဘယ်လိုလိုက်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြနေတယ်။"
ယန်ရှုမင် : "ကိုယ် နားထောင်လို့ ရလား။"
မဲ့ဇီ : "ဟမ့် ၊ ခင်ဗျား ဘယ်လိုနားထောင်မှာလဲ။"
ယန်ရှုမင်ထံမှ ဖုန်းဝင်လာသောအခါတွင် မဲ့တုန်သည် ဘာလုပ်လို့ လုပ်ရမည်ကို မသိသေးပေ။သူ ကမန်းကတမ်း ဖုန်းကိုင်၍ ခိုးကြောင်ခိုးဝှက်နှင့် ဖုန်းကို စားပွဲခုံပေါ်တွင် တင်ထားလိုက်ပြီး သူ့အဖိုး၏ စိတ်အားထက်သန်နေသည့် အသံကို ဖုန်းစပီကာမှတဆင့် ဖမ်းယူခွင့် ပြုလိုက်သည်။
"ဒီနေ့ခေတ် မင်းတို့ကောင်လေးတွေ ကြားမှာ 'ဖူရှင့်နန်' ဆိုတဲ့ အခေါ်အဝေါ် တစ်ခု ရှိတာကို အဖိုး သိတယ်၊ဟုတ်ရဲ့လား။အဖိုး မင်းကို ပြောပြမယ်။အဖိုးတို့ခေတ်တုန်းကတော့ ဒီလိုအသုံးအနှုန်း မရှိခဲ့ဘူး။အရိုးသားဆုံး ပြောရရင် မင်းတို့အဖွားက အခု အဖိုးနဲ့အတူ မရှိနိုင်တော့ဘူး၊အဖိုးလည်း တစ်ခါတစ်လေ ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်တယ်။အချိန်တွေက ပြောင်းလဲသွားပြီ။ဒီနေ့ခေတ် မိန်းကလေးတွေက အရင်ခေတ်နဲ့ မတူတော့ဘူး။အဖိုးသာ ဒီနေ့ခေတ်မှာ မွေးတာဆိုရင် ဖူရှင့်နန် တစ်ယောက်လို့ ယူဆလို့ရတယ်။အဖိုးကို တစ်စုံတစ်ယောက်က မကြိုက်ရင်တောင် အဖိုးကတော့ လူသိရှင်ကြားနဲ့ ပန်းတွေ ဆက်ပို့ပေးနေမှာပဲ။ဒီနေ့ခေတ်မှာ အဖိုးက ဒီလိုအပြုအမူမျိုးလုပ်နေရင် အွန်လိုင်းမှာ ဝေဖန်ခံရဖို့ အသေအချာပဲ။ဒါပေမဲ့ အဲ့ဒီအချိန်ကတော့ အချစ်ရေးကိစ္စတွေက အဲ့လိုမျိုးတွေပဲ၊သူမက အဖိုးကို လက်မခံမချင်း ဆက်ကြိုးစားဖို့ အားပေးကြသေးတာ။"
[Puxin man/ဖူရှင့်နန်/ဖူရှင့်အမျိုးသား - ဘယ်ကိစ္စတွင်မဆို ကိုယ့်ကိုကိုယ် အလွန်အမင်း ယုံကြည်မှု လွန်ကဲတတ်သော ယောကျ်ား။သူတို့၏ လုပ်ရည်ကိုင်ရည်၊ ဆွဲဆောင်မှုအပေါ် အလွန်အမင်း ယုံကြည်မှုရှိသူ အမျိုးသားများကို ရည်ညွှန်းသည်။အမျိုးသားက အမျိုးသမီး၏ ဖော်ရွေမှုကို ချိန်းတွေ့ဖို့ ဖိတ်ခေါ်သည်ဟု အထင်အမြင်လွဲပြီး ချိန်းတွေ့ဖို့ သွားမေးသည့်အခါ၊အမျိုးသမီး၏ ရှုထောင့်မှကြည့်လျှင် အဓိပ္ပါယ်မရှိဘဲ ရယ်စရာ ဖြစ်နေသည့် အဖြစ်အပျက်များတွင်လည်း ရည်ညွှန်းသုံးစွဲသည်။]
"အဲ့ဒါကြောင့် အဖိုး မကြာမကြာ တွေးနေမိတာ။အဲ့ဒီ့အချိန်တုန်းက သူမက အဖိုးကို အမှန်တကယ် မကြိုက်ဘဲနဲ့ လက်ထပ်ဖို့ တွန်းအားပေးခံလိုက်ရတာလားပေါ့။အခုတော့ သူမလည်း စိတ်သက်သာရာရ သွားလောက်ပါပြီ။နောက်ဆုံးတော့ သူမလည်း ဒီလို လူပေလူတေကြီးနဲ့ စည်းတစ်ခု ခြားထားနိုင်ခဲ့ပြီလေ။"
"မင်း သိတဲ့အတိုင်းပဲ မင်းအဖွားက စိတ်ဓါတ်ခိုင်မာတဲ့သူ တစ်ယောက်ဆိုတော့ ဒီလိုခေတ်ကာလအထိ သူမသာ နေနိုင်ခဲ့ရင် သူမအနေနဲ့ ထူးခြားတဲ့ကိစ္စတွေအထိ အောင်မြင်အောင် လုပ်နိုင်မှာ သေချာပေါက်ပဲ။အဖိုးက သူမ လောက် မတော်ပါဘူး။သူမဘဝမှာ အဖိုးရဲ့မိန်းမ ဖြစ်ခဲ့ရတာကလွဲပြီး ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘဲ ဆုံးပါးသွားရတာ တကယ် နှမြောစရာပဲ။"
ဒီနေ့ သူ့အဖိုးက ဤကိစ္စများ ပြောလာမည်ဟု မထင်ထားသဖြင့် မဲ့တုန်သည် အလွန်အံ့ဩနေလျက်နှင့် နားထောင်ခဲ့ရသည်။
အဖိုးက အဖွားကို ဘယ်လိုပိုးပန်းခဲ့သလဲ ဆိုသည့်အကြောင်းကို အမြဲကြွားတတ်ပြီး၊ သူ ဘယ်လိုမျိုး ဆွဲဆောင်နိုင်ခဲ့ကြောင်း အသားပေး ပြောလေ့ရှိသည်။ယန်ရှုမင် နားထောင်နေသောအခါ၌ မမျှော်လင့်ဘဲ အဖိုးက သူ့ကိုယ်သူ ပြန်လည်သုံးသပ်သည့် အကြောင်းများကို စပြီး ပြောလာခဲ့သည်။အဖိုးနှင့် အဖွားက အလွန်သံယောဇဥ်ကြီးကြသည်ဟု သူ့အဖေပြောဖူးသည်ကို မဲ့တုန် မှတ်မိသော်လည်း၊သူ့အဖိုးက ဤသို့ပြောသည်ကို သူ့အနေဖြင့် မကြားဖူးပေ။သူ့အဖွား၏ မင်္ဂလာပွဲ ဗီဒီယိုကို မဲ့တုန် ကြည့်ဖူးပါသည်။သူမ၏ မျက်လုံးများတွင် အပျော်များ ပြည့်နေခဲ့၏။
သို့သော်လည်း သူ့အဖိုး၏စကားများက မှန်ကန်ပါသည်။အချိန်၏ တိုက်စားမှုကို ဖြတ်သန်းနိုင်ခဲ့သည့် အမျိုးသမီးများက အမျိုးသားများနှင့် တန်းတူ စွမ်းဆောင်နိုင်ကြသည်။ကံမကောင်းလှစွာဖြင့် သူမတို့တွင် တောက်ပဖို့ နေရာမရှိခဲ့၊ယနေ့အထိတိုင် ဖြစ်၏။
အချစ်က အမြဲတမ်း တစ်စုံတစ်ရာကို လက်လွှတ်ဆုံးရှုံးရသည့်အတိုင်းပင်။ အဖိုးက အသက်တဖြည်းဖြည်း ပိုကြီးလာသော်လည်း ဆုံးပါးသွားသော ချစ်ရသူကို အမြဲတစေ လွမ်းဆွတ်နေခဲ့သည်။
မဲ့တုန်က ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အခန်းထဲမှ တိတ်တိတ်လေး ထွက်သွားဖို့ အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။သူက ဧည့်ခန်း၏ထောင့်တစ်နေရာတွင် ပုန်းလိုက်ပြီး ယန်ရှုမင်ကို တီးတိုးပြောလိုက်သည်။
ဖုန်းပြောနေသည့် သူ့အသံက ခပ်အုပ်အုပ်ပင်။
"ဟယ်လို၊ခင်ဗျား အခုထိ နားထောင်နေတုန်းလား။"
ဖုန်း၏ အခြားတစ်ဖက်က အလျင်အမြန် တုံ့ပြန်လာသည်။
"အမ်း၊သူက ဒါမျိုးကိုလည်း ပြောလေ့ရှိတာလား။သူတို့အချစ်နဲ့ပတ်သက်ပြီး ကြွားတာဆိုပြီး ကိုယ် ထင်မိလို့ အဖိုးဆီက တစ်ခု၊နှစ်ခုလောက် သင်ယူချင်ခဲ့တာ။သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို နားထောင်မိမယ်လို့ ကိုယ် မမျှော်လင့်ထားဘူး။"
မဲ့တုန်က ခေါင်းခါလိုက်သည်။ပြီးမှ ယန်ရှုမင် သူ့ကို မမြင်နိုင်ကြောင်း သတိရသွားပြီး မြန်မြန် ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး၊အရင်တုန်းက ဒီလိုမျိုး မဟုတ်ဘူး။ဒီနေ့ သူ ဒီလိုအကြောင်းအရာတွေ ပြောမယ်လို့ ကျွန်တော်လည်း မထင်ထားမိဘူး။"
ယန်ရှုမင်က မေးသည်။
"အဖွားက ဘယ်လိုလူစားမျိုးလဲ။"
မဲ့တုန် များများစားစား မမှတ်မိပါ။သူ့အသက် တစ်နှစ်၊နှစ်နှစ် ဝန်းကျင်တွင် သူ့အဖွားက ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။
သူ့မိဘများ သူ့ကို ပြောပြသလောက်ဆိုလျှင် သူ့အဖိုးက အရင်ကနှင့် အတော်ကွာခြားသည်။အဖိုးတို့ ခေတ်တွင် အနုပညာအလုပ်နှင့် ပတ်သက်သော မိသားစုများက သိပ်မရှိခဲ့ပေ။အဖိုး၏ အကျင့်စရိုက်တွင် အလွန်ဂုဏ်မောက်ခြင်းကဲ့သို့ မကောင်းသည့်အချက်များရှိပြီး လက်တွေ့အသုံးချနိုင်သော အရည်အချင်းလည်း မရှိခဲ့ပေ။သူ့ကိုယ်သူ ကြီးမြတ်လှသည့် အနုပညာရှင်ဟု ထင်မှတ်ထားပြီး လက်တွေ့ဘဝနှင့် နီးစပ်သော အလုပ်မှန်သမျှကို ငြင်းပယ်ခဲ့သည်။အဖွား ကွယ်လွန်သွားပြီးနောက်တွင် အဖိုးက ပြောင်းလဲသွားခဲ့သည်။သူ့ကိုယ်သူ စတူရီယိုထဲတွင် နေ့တိုင်း ပိတ်လှောင်ထားပြီး၊ လူတွေနဲ့ ထိတွေ့ဆက်ဆံရမည်ကို ရှောင်ရှားကာ၊ ကျောက်တုံးများ၊ ပလာစတာအင်္ဂတေတုံးများကိုသာ ဆောက်သွားနှင့် မမောနိုင် မပန်းနိုင်သည့်အတိုင်း ထွင်းထုနေခဲ့သည်။
မဲ့တုန်သည် သူ့အဖွားအကြောင်း ပြောဖို့ရာ ဘာကိုမှ မတွေးတောနိုင်ခဲ့ပေ။သူ့ဘက်က အတော်ကြာသည်အထိ တိတ်ဆိတ်နေသောကြောင့် ယန်ရှုမင်က စကားလမ်းကြောင်း လွှဲလိုက်သည်။သူ ပြောလိုက်၏။
"ကောင်းပြီ၊ အဲ့ဒီအကြောင်း ထပ်မဆွေးနွေးတော့ဘူး။ညစာစားရတာ ပျော်နေလား။"
မဲ့တုန် ခေါင်းငြိမ့်လိုက်ပြန်သည်။
"အမ်း၊ကျွန်တော့်မိသားစုက လူတိုင်း ဒီနေရာမှာ ရှိနေတယ်လေ။"
ယန်ရှုမင် ခဏတော့ ရပ်သွားပြီး နောက်မှ ဆက်၍ပြောသည်။
"ကိုယ့်မိသားစုက လူတိုင်းလည်း ဒီမှာရှိတယ်။ကိုယ့်ဦးလေးက ကိုယ့်ကို စာလေ့လာတာ တစ်ခုထဲ လုပ်မနေသင့်ပဲ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ဖို့ ပြောနေတာ။အခုချိန်က တက္ကသိုလ် အချစ်ဇာတ်လမ်းလေး ရှာဖို့ အချိန်ရောက်နေပြီ တဲ့"
မဲ့တုန်လည်း အံ့ဩသွားသည်။ သူတို့ရဲ့ မိသားစုနှစ်စုလုံးက အတိအကျတူသည့် အကြောင်းအရာတွေ ပြောကြမည်ဟု မထင်ထားပေ။သူ စိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်အပြည့်ဖြင့်
"အဲ့ဒီတော့ ခင်ဗျား ဘာပြောလိုက်လဲ။"
ယန်ရှုမင် ခပ်ဟဟ ရယ်လိုက်သည်။
"အမှန်အတိုင်းပဲ ပြောလိုက်တာပေါ့။လိမ်ပြောဖို့ လိုအပ်လို့လား။"
မဲ့တုန် ချက်ချင်းပင် အပြစ်မကင်းဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။
"အာ ... မလိုပါဘူး"
ယန်ရှုမင် သဘောပေါက်သွားသည်။
"မင်းကတော့ လိမ်ပြောလိုက်တဲ့ ပုံပဲ။"
မဲ့တုန် ရှင်းပြမည်အလုပ် တစ်စုံတစ်ယောက်က သူ့ပခုံးကို ရုတ်တရက် တို့လိုက်သည်။
သူ ထိတ်လန့်သွားသဖြင့် အလိုအလျောက် ဖုန်းကို ဖွက်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သောအခါ သူ့အမေက အပြုံးတစ်ပွင့်နှင့် ရပ်နေသည်ကို တွေ့လိုက်သည်။သူ ယန်ရှုမင်နှင့် စကား ဆက်မပြောရဲသဖြင့် ဖုန်းကို အမြန်ချလိုက်ပြီး ထစ်အ ထစ်အဖြင့် ပြောလိုက်သည်။
"အမ် ၊ မေမေ၊ ဘာဖြစ်လို့ အပြင်ထွက်လာတာလဲ။"
++++++++