Chapter 34
Viewers 4k

Chapter 34




ရှန်းဟော်ရိပ်သာ၏ အပြင်ဘက်တွင် ကြီးမားသော လဟာပြင် ဥယျာဥ်ကျယ်တစ်ခု ရှိသည်။နွေရာသီဆိုလျှင် ဥယျာဥ်အလယ်ရှိ ရေကန်တွင် မီးရောင်စုံ တဖျတ်ဖျတ် ထိန်လင်းနေသော ရေပန်းတစ်ခု ရှိသည်။ယခုတွင် ရာသီဥတု အေးသဖြင့် ရေများ အေးခဲမှုကို ကာကွယ်ရန်အတွက် ရေပန်းကို ပိတ်ထားသည်။





အမေနှင့်သားက ဥယျာဥ်ထဲရှိ ခုံတန်းတစ်ခုတွင် ထိုင်နေကြသည်။ဆောင်းရာသီတွင် ဥယျာဥ်ကြီးက အထီးကျန်လှသည်။အထဲတွင် အမျိုးသားများက စတင် သောက်စားနေကြပြီး ထိန်းထိန်းသိမ်းသိမ်းမရှိဘဲ ညစာစားပွဲတွင် ဆေးလိပ်များသောက်နေကြကာ၊ဆေးလိပ်မီးခိုးများက တစ်ခန်းလုံး ပြည့်နေသဖြင့် သူမ အပြင်ထွက်လာခဲ့ရသည်ဟု အမေက ပြောခဲ့သည်။





မဲ့တုန် ဟိုဟိုဒီဒီ မကြည့်ရဲဘဲ ရင်ဘတ်ထဲ ခေါင်းစိုက်လုမတတ် ခေါင်းငုံ့ထားမိသည်။သူ ဖုန်းပြောနေတာကို သူ့အမေ ကြားသွာပြီလား ဟူသော အတွေးများက သူ့စိတ်ထဲတွင် ပြည့်နှက်နေ၏။





မမျှော်လင့်ဘဲ သူ့အမေ ပြောလာခဲ့သည်က သူ့အဖိုးအဖွားများ အကြောင်းသာ ဖြစ်လေသည်။ 



"မေမေ သေချာ မှတ်မိနေသေးတယ်။မင်းအဖေနဲ့ မေမေ တွဲခဲ့ကြပြီး နှစ်ဖက်မိဘတွေ ပထမဆုံး တွေ့ဆုံတဲ့နေ့မှာ မေမေက ဆရာဝန်တစ်ယောက်လို့ သိရတော့ မင်းအဖွားက ငိုခဲ့တယ်။မဲ့ဇီ ၊ချွေးမနဲ့ ယောက္ခမနဲ့ ဆက်ဆံရေးက အဆင်ပြေဖို့ ခက်တယ်လို့ လူတွေက ပြောကြတယ်။ဒါပေမဲ့ မေမေကတော့ မင်းအဖွားနဲ့ အရမ်းအဆင်ပြေခဲ့ပါတယ်။အိမ်ရှင်မတစ်ယောက် ဖြစ်လာတော့ ဘယ်လိုခံစားရလဲလို့ မေမေ သူမကို မေးကြည့်တော့၊ သူမက မေမေ့ကို ပထမဆုံးပြောခဲ့တာက 'ပျော်ရွှင်တယ်' တဲ့၊ ပြီးတော့ 'နောင်တရတယ်' တဲ့။" 



မဲ့တုန် နားထောင်နေရင်း ရှုပ်ထွေးသွားသည်။ 



"ပျော်တာနဲ့ နောင်တရတာက အတူတူ ဖြစ်လာနိုင်လို့လား။" 



အမေက ခေါင်းငြိမ့်လိုက်သည်။ 



"ဖြစ်နိုင်တာပေါ့။ဘဝမှာ နောင်တရစရာတွေက အများကြီး ရှိတာပဲလေ။နောင်တရစရာ အကောင်းဆုံးတစ်ခုက ပျော်ရွှင်မှုနဲ့ အဲ့ဒီနောင်တက သွားပြီး ဆက်စပ်နေတာပဲ။မင်း ဘယ်လို ထင်လဲ။" 



မဲ့တုန်မှာ လောကီရေးရာများကို လျစ်လျူရှုထားပြီး ၊လူလူချင်း ဆက်ဆံရေးများတွင် နလပိန်းတုံးလေးသာ ဖြစ်၍၊ သူ့အမေ ဆိုလိုချင်သည်ကို အပြည့်အဝ မသိလိုက်ဘဲ၊ နားလည်တစ်ဝက်၊နားမလည်တစ်ဝက်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 



အမေက မဲ့တုန်၏ ပခုံးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။ 



"တစ်ခါတစ်လေတော့လည်း မေမေက ဒါကို မမျှတဘူးလို့ ထင်မိတယ်။ဘာဖြစ်လို့ မိန်းကလေးတွေကပဲ မိသားစုနဲ့ အလုပ်အကိုင်ကြား၊ စိတ်ခံစားချက်နဲ့ အကြောင်းပြချက်ကြားမှာ ၊နှစ်ခုထဲက တစ်ခုကို သူတို့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုအနေနဲ့ ရွေးချယ်ဖို့ လုပ်နေရတာလဲ။လူတစ်ယောက်အနေနဲ့ အချိန်ကို ပုံသွင်းယူလို့မရသလို၊တစ်နေ့ထဲနဲ့ ဘာမှ ဖြစ်လာမှာလည်း မဟုတ်ဘူး။ဒီလိုခေတ်မျိုးမှာ မေမေတို့ နေထိုင်ရှင်သန်ရပြီ ဆိုတော့၊မေမေတို့ လုပ်နိုင်သမျှအရာအားလုံးက ကိုယ့်နှလုံးသားရဲ့ အလိုဆန္ဒနောက်ကို လိုက်ပြီး ကိုယ့်ကိုကိုယ် ပျော်ရွှင်စေမဲ့ ကိစ္စတွေလုပ်တာပဲ ရှိတယ်။ဒါကြောင့်မို့လို့ မဲ့ဇီ၊အခုတလော မင်းကို ဘယ်အရာက ပျော်ရွှင်အောင် လုပ်ပေးခဲ့လဲ။" 



အဲ့ဒီအချိန်မှ မဲ့တုန်သည် သူ့ကိုယ်သူ ပြန်မေးဖို့ကို အကြီးကြီး လှည့်ပတ်နေခဲ့ရကြောင်း နားလည်သွားသည်။



သူ့အနေဖြင့် သူ့မိသားစုအပေါ် မရိုးသားချင်၍ မဟုတ်ဘဲ၊ပိုပြီး သင့်တော်မည့် အချိန်တစ်ခု ရှိလာလိမ့်မည်ဟု ခံစားမိနေခဲ့ရုံသာ။ဒါက ဘယ်မိသားစုမျိုးတွင် ဖြစ်စေ အသေးအမွှားကိစ္စတစ်ခု မဟုတ်ခဲ့ပေ။သူ ခဏကြာသည်အထိ တိတ်ဆိတ်သွားသည်။ 



"မေမေ၊ ကျွန်တော့်မှာ တွဲနေတဲ့သူ ရှိတယ်။" 



သူ့အမေက လှပစွာ ပြုံးလိုက်သဖြင့် သူမ၏ပါးပြင်ထက်တွင် ပါးချိုင့်လေးများ ဖြစ်ပေါ်လာသည်။ 



"အို့၊ မေမေ မှန်းကြည့်ရအောင်၊ အဲ့ဒါ ယန်ရှုမင် မဟုတ်လား။"





မဲ့တုန် ခေါင်းငြိမ့်လိုက်သည်။ 



"မေမေ သိနေတာပဲ။" 






အိမ်ပြန်ရောက်သည့် ညနေခင်းတွင် မဲ့တုန်သည် သူ့မှာ ပြောစရာစကားတွေ အများအပြားရှိသည်ဟု ခံစားရသဖြင့် စားပွဲပေါ် မှီ၍ ဒိုင်ယာရီ ရေးနေခဲ့သည်။





၂၀၂၄၊ ဇန်နဝါရီ ၁၈ရက်၊ နေသာတယ်





အိမ်ပြန်လမ်းမှာ မေမေက ငါ့ကို ဘာလို့ ဒီလိုစကားတွေ ပြောခဲ့တာလဲလို့ စဥ်းစားနေမိတယ်။အိမ်ပြန်မရောက်ခင်အထိ 'နောင်တရတယ်' ဆိုတဲ့ ကိစ္စကို ငါ နားမလည်ဘူး ဖြစ်နေခဲ့တာ။ 



ငါရော သူရော နှစ်ယောက်လုံးက ယောကျ်ားတွေပဲ။လူ့အသိုင်းအဝိုင်းက ငါတို့ကို လိင်တူချစ်သူတွေဆိုပြီး လက်ခံပေးကြမလား။ငါတို့ အတူတူရှိနေပြီဆိုထဲက ထူးဆန်းတဲ့အကြည့်တွေနဲ့ ကဲ့ရဲ့ပြောဆိုတာတွေ အများကြီး ရှိခဲ့တယ်။အကယ်၍ တစ်နေ့မှာ ဒီလိုကိစ္စတွေကြောင့် ငါတို့ထဲမှာ တစ်ယောက်ယောက်က နောင်တရသွားပြီး လက်လျော့သွားတာမျိုး ဖြစ်လာနိုင်တာပဲ။ဒါပေမဲ့ နောင်တရတဲ့ အကြောင်းအရင်း အဖြစ်နဲ့ အခုအချိန်မှာ ရဲရဲရင့်ရင့်နဲ့ ငါတို့ အတူတူ ရှိနေသင့်တယ်၊ဒါမှ အဲ့ဒီ့နောင်တက ပျော်ရွှင်မှု ဖြစ်လာမှာ။ 



အရင်က ဒီလိုမေးခွန်းမျိုး ငါ တစ်ခါမှ မတွေးဖူးဘူး။ဒါကို အခုတွေးမိမှ ငါက တော်တော်တုံးအတာပဲလို့ သိလိုက်ရတယ်။ငါက နည်းနည်းလည်း မာနကြီးပုံ ရတယ်။အထက်တန်းကျောင်းမှာ သူ့ကို စကြိုက်မိထဲက၊ယောကျ်ားတစ်ယောက်ကို ကြိုက်ရတဲ့အတွက် ငါ့မှာ သိမ်ငယ်စိတ်ရော၊စိတ်ထိခိုက်တာရော တစ်ခါမှ မခံစားခဲ့ရဘူး။ဒါပေမဲ့ မေမေပြောတာ အမှန်ပဲ။အခု ငါ ဒါတွေကို ဂရုမစိုက်ဘူးဆိုရင်တောင် တစ်နေ့နေ့မှာ ဖြစ်လာနိုင်တယ်။ငါ ဒီကိစ္စကို သေချာ ဂရုတစိုက် စဥ်းစားဆင်ခြင်သင့်တယ်။ငါတို့နှစ်ယောက်က ကြံကြံဖန်ဖန် စိတ်ကူးရပြီး လျှောက်လုပ်နေတာမဟုတ်ပဲ ၊တကယ် ချစ်နေကြတာ။ငါတို့ရဲ့ ကျန်နေတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးကို အတူတူ ကုန်ဆုံးဖို့ ပြင်ဆင်နေကြတဲ့ ချစ်သူတွေလေ။





သူရော ဒီလိုမျိုး အတူတူ တွေးနေမလား။





အမ်း၊ကျိန်းသေပေါက်ပေါ့။သူက ငါ့ထက် သတ္တိရှိတယ်။ငါ့မှာတွဲနေတဲ့သူ ရှိပါတယ်လို့ ငါက လူတိုင်းကို မပြောရဲခဲ့ဘူး။ငါ အဲ့ဒီအကြောင်းကို နှစ်ခါတိတိ လိမ်ပြောခဲ့ရတယ်။ဒါပေမဲ့ သူက သူ့မိသားစုကို ငါတို့အကြောင်း ပြောပြီးသွားပြီ။ ဒါပေမဲ့ ငါ အမှား လုပ်လိုက်မိတဲ့ ပုံပဲ။သူ့ဖုန်းကို ငါ ချလိုက်မိပြီး သူ့မိသားစုရဲ့ အမြင်ကို မေးကြည့်ဖို့ မေ့သွားခဲ့တယ်။သူတို့က သူ့ကို ခက်ခဲအောင် လုပ်ကြသေးလား။သူ့ကို ဆူပူကြလား။သူတို့ သူ့ကို ရိုက်ကြလား။ 



မဲ့တုန် ၊မဲ့တုန်၊ မင်းက လူမှုဆက်ဆံရေးနဲ့ ပတ်သက်လာရင် တကယ်ကို ငတုံးပဲ။ 






ဆောင်းရာသီအားလပ်ရက်၏ ပထမဆုံးနေ့တွင် ငတုံးလေး မဲ့တုန်သည် သူ့အဖေနှင့်အတူ ရှေးဟောင်းပစ္စည်းအရောင်းဈေးကွက်သို့ လိုက်သွားခဲ့သည်။





အဖေနှင့်သားက အပေးအယူ လုပ်ထားပြီးသား ဖြစ်သည်။ခရစ်စမတ်အကြိုနေ့တွင် မဲ့တုန်သည် အိမ်မှာ မထိမတွေ့ဘဲထားသည့် ဝိုင်နီပုလင်း တပုံတခေါင်းကြီးကို သူ့အဖေဆီမှ တောင်းခဲ့သည်။လောင်မဲ့ သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်း ရှေးဟောင်းပစ္စည်းလောကတွင် ဟိုစပ်စပ် သည်စပ်စပ် လုပ်နေသူဖြစ်ရာ အတော်လေး လိမ္မာပါးနပ်ပြီးသား ဖြစ်သည်။သူ့သား ဖြစ်နေလျှင်တောင်မှ သူ့အပေါ် အခွင့်အရေးယူခွင့် မပေးနိုင်ချေ။သူက သားဖြစ်သူကို ဝိုင်ပုလင်းများပေးမည်၊ထိုအတွက် အားလပ်ရက်အတွင်း ဆိုင်မှာ လာကူညီပေးရမည်ဟု ပြောခဲ့သည်။ 



မဲ့တုန်၏ ဇာတိမြို့သည် ကျောင်းထက်စာလျှင် မြောက်ပိုင်းဘက် ပိုရောက်သည်။သူ့ကိုယ်သူ အဖြူရောင် လေကာအင်္ကျီ၊လည်စည်းနှင့် ဦးထုပ်တို့ဖြင့် အလုံထုပ်ထားလျက် ရှိရာ၊ဈေးထဲတွင် သူ မတ်တပ်ရပ်နေစဥ် ဒေသခံများနှင့် အတော်လေး ကွဲထွက်နေပါ၏။ 



လောင်မဲ့သည် မဲ့တုန်၏ အချစ်ရေးအကြောင်း မသိပေ။ မဲ့တုန်၏ မိခင်ဖြစ်သူ မဒမ်တုက ကိုယ်ရေးကိုယ်တာကိစ္စများကို သီးသန့် ကန့်သတ်ထားတတ်ပြီး အလွန်နှုတ်လုံသူဖြစ်သည်။တစ်မိသားစုတည်း ဖြစ်နေသော်လည်း မဲ့တုန်က သူ့လျှို့ဝှက်ချက်များကို သူမထံ ကိုယ်ရေးကိုယ်တာ အတွင်းစကားအဖြစ် ပြောခဲ့လျှင်၊သူမက သူမ၏ယောကျ်ားကိုပင် သွားပြန်ပြောပြလိမ့်မည် မဟုတ်ပေ။သူမအနေနဲ့ မဲ့တုန်၏လျှို့ဝှက်ချက်ကို ထုတ်ပြောသူက မဲ့တုန်ကိုယ်တိုင်သာ ဖြစ်သင့်သည်ဟု ယုံကြည်လက်ခံထားသည်။ 



လောင်မဲ့က လမ်းလျှောက်နေရင်း ဘေးချင်းကပ်ဆိုင်မှ အန်ကယ်လီ၏ သမီးအကြောင်းကို ပြောပြနေခဲ့သည်။သူမက မဲ့တုန်ထက် တစ်ပတ်စော၍ အားလပ်ရက်ရပြီး သူ့အဖေဆိုင်တွင် လာကူညီပေးနေသည်။ 



"သူမက မင်းထက် နှစ်နှစ်ကြီးပြီး အရမ်းလှတယ်။ဘယ်လိုလဲ။ ဖေဖေ မင်းကို မိတ်ဆက်ပေးရမလား။မင်းအဖိုးပြောတာမှန်တယ်။မင်းက တသီးတသန့်နေလွန်းတယ်။ကိုယ့်လက်တွဲဖော်ကို ကိုယ့်ဘာသာ ဘယ်အချိန်မှ ရှာမှာလဲ။" 



မဲ့တုန် နှုတ်ခမ်းကို သပ်လိုက်သည်။စီးပွားရေးလုပ်ကိုင်သည် မှလွဲ၍ လောင်တုက အမြဲတမ်း သတိမမူတတ်သော အကျင့်ရှိသည်။မဒမ်တုက မဲ့တုန် ယန်ရှုမင်အား ကြိုက်နေသည်ကို သတိထားမိသည်မှာ ကြာခဲ့ပြီဖြစ်ပြီး၊ မဲ့တုန်တွဲနေသူကလည်း ယန်ရှုမင် ဖြစ်ကြောင်း သူမက ချက်ချင်း ပြောနိုင်ခဲ့သည်။လောင်မဲ့ကတော့ မဲ့တုန်ကို အဖြောင့်ဟု ထင်နေပြီး Blind date လုပ်ဖို့အကြောင်းကို တွေးတောနေဆဲဖြစ်၏။





မဲ့တုန်က အားနည်းစွာ ပြန်ဖြေသည်။ 



"မလိုပါဘူး။ ဖေဖေ၊ ကျွန်တော်က မိန်းကလေးတွေကို မကြိုက်ဘူး။" 



လောင်မဲ့က ဆက်ပြောသည်။ 



"အို့ ၊ ကောင်းပြီ၊ ဒါဆို ဖေဖေ ..." 



လောင်မဲ့သည် ရုတ်တရက် အံ့ဩသွားသဖြင့် စကားပြောရင်း ရပ်သွားကာ မဲ့တုန်ကို ပြန်လှည့်ကြည့်လာသည်။မဲ့တုန်က သူ့အဖေ ဒေါသထွက်သွားသည်ဟု ထင်နေသည့်အချိန်တွင် လောင်မဲ့က ခေါင်းကို အရှေ့သို့ ပြန်လှည့်လိုက်ပြီး ညင်ညင်သာသာ ပြောလာသည်။ 



"အိုင်း၊ မိန်းကလေးတွေကို မကြိုက်ဘူးလား။ ဘယ်အချိန်ထဲကလဲ။"





မဲ့တုန် လည်ချောင်းကို ရှင်းလိုက်သည်။ 



"အထက်တန်းကျောင်းမှာထဲကပါ။" 





လောင်မဲ့က ချက်ချင်း တောင်းပန်ခဲ့သည်။ 



"အိုက်ယား၊ ဒါကို ကြည့်ပါဦး။ မင်းအမေရော သိပြီးပြီလား။"





မဲ့တုန် ပြန်ဖြေလိုက်သည်။ 



"အထက်တန်းကျောင်းတက်ကတည်းက မေမေ သိထားပြီးပြီ။" 





လောင်မဲ့သည် ကသိကအောက်ဖြစ်ဟန်ဖြင့် ပြုံးလိုက်သည်။ 



"ကြည့်စမ်း ၊အာ၊ တောင်းပန်ပါတယ် ငါ့သားလေးရေ။ဖေဖေက မင်းအပေါ် မင်းအမေလောက် ဂရုမစိုက်ခဲ့မိဘူးပဲ။ဒါ ဖေဖေ့အမှားပါ။ မဟုတ်သေးပါဘူး။သူမက သိထားတာဖြင့် ဒီလောက်ကြာပြီကို ငါ့ဆီ ဘာဖြစ်လို့ မပြောပြဘဲ နေနိုင်ရတာလဲ။" 





လောင်မဲ့သည် နေရာမှာပင် ရပ်တန့်သွားပြီးနောက် အပြုသဘောဆောင်သော အကြံပြုချက်တစ်ခု ပေးလာသည်။ 



"ယောကျ်ားလေးတွေကို ကြိုက်တယ်ဆိုရင် ကိုင်တွယ်ရတာ ပိုတောင် လွယ်သွားတယ်။မင်းရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ ပိုပြီးတော့ ကိုက်ညီနိုင်တယ်။ဖေဖေက မိန်းကလေးတွေနဲ့ သိပ်မသိပေမဲ့ ကောင်လေးတွေ အများကြီးနဲ့ သိတယ်။ဖေဖေ မင်းအတွက် တစ်ယောက်လောက် ရှာပေးရမလား အာ။"





မဲ့တုန်၏အသံက ပို၍ တိုးဝင်သွားရပါသည်။ 



"ကျွန်တော်က single လုံးဝ မဟုတ်ဘူး။" 





လောင်မဲ့မှာ ဒီတကြိမ်တွင် အမှန်တကယ် ထိတ်လန့်သွားပါသည်။ 



"မဟုတ်ပါဘူး။မနေ့ညက ညစာစားပွဲမှာ ဖေဖေတို့ ဒီအကြောင်းကို မဆွေးနွေးဖြစ်ဖူးလားလို့။"





မဲ့တုန် အပြစ်ရှိသလို ခံစားလိုက်ရသည်။ 



"မနေ့ညက ... ကျွန်တော် မပြောရဲသေးလို့၊ လိမ်ပြောလိုက်တာ။" 





လောင်မဲ့က မျက်လုံးကို မှေးလိုက်သည်။ 



"ကောင်းတယ် အာ။အခု လိမ်ပြောတတ်လာပြီပဲ ဟမ့်။"





သူတို့စကားပြောနေရင်းဖြင့် ဆိုင်အနားသို့ လျှောက်လာပြီး ဆိုင်တံခါးပိတ်ကို ဆွဲချလိုက်သည်။ချက်ချင်းပဲ ဆိုင်အတွင်းမှ ဖုန်အနံ့များက အပြင်ဘက်သို့ လုံးခနဲ ထွက်လာသဖြင့် မဲ့တုန် ချောင်းဆိုးမိလုနီးပါး ဖြစ်သွားသည်။သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့မျက်နှာရှေ့အထိ လွင့်ပျံလာသော ဖုန်များကို ခါထုတ်ပစ်လိုက်သည်။ 



"ဖေဖေ၊ ကျွန်တော် သန့်ရှင်းရေး လုပ်ဖို့အတွက် ကူညီပေးရမလား။"





လောင်မဲ့သည် ထိတ်လန့်သွားပြီး သူ့သား၏ လက်ကို အမြန် လှမ်းဖိလိုက်သည်။ 



"မလိုဘူး။ မလုပ်နဲ့။မင်း နားမလည်ပါဘူး၊ ဒါက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရဲ့ အနှစ်သာရလေ။" 



လောင်မဲ့က ဆိုင်သော့ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ရေသန့်စက်ကို ခလုတ်ဖွင့်လိုက်ကာ စားပွဲပေါ် တတောက်တောက်နှင့် ခေါက်လိုက်သည်။ 



"မင်းကောင်လေးက ဘယ်မှာလဲ။သူ့ကို ခေါ်လာခဲ့။ဖေဖေ တစ်ချက်လောက် ကြည့်ချင်လို့။"





မဲ့တုန် ထိတ်လန့်သွားသည်။ 



"ဘာဖြစ်...ဘာဖြစ်လို့ ဖေဖေက သူ့ကို ရုတ်တရက်ကြီး ခေါ်လာခဲ့ခိုင်းရတာလဲ။"





လောင်မဲ့က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။ 



"ဒီလို အသေးအမွှားကိစ္စလေးကို မကိုင်တွယ်နိုင်ဘူးပေါ့။ဖေဖေ မင်းအမေကို လိုက်ခဲ့တုန်းက အစပိုင်းမှာ ဘယ်လောက်ခက်ခဲခဲ့လဲ မင်းသိလား။မင်းရဲ့အဖွားက ဖေဖေ့ရဲ အလုပ်အကိုင်ကို လုံးဝသဘောမကျဘူး။ဖေဖေ သူတို့အိမ်ကို လေး၊ငါးကြိမ်လောက် ဆက်တိုက် သွားခဲ့တာ၊ သွားတဲ့အကြိမ်တိုင်း တမင်တကာ လျစ်လျူရှုခံရတယ်။ဖေဖေက နေ့တိုင်း လက်ဆောင်တွေ ယူပြီးသွားတာပါ။ရောက်တိုင်း ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူး။လက်ဆောင်တွေကို တံခါးဝမှာပဲ ထားပစ်ခဲ့ရတယ်။မင်းအဖွားက ဖေဖေ့ကို လက်ခံတွေ့ဆုံတဲ့ အချိန်အထိ တစ်ပတ်တောင် ကြာခဲ့သေးတယ်။" 



မဲ့တုန်ကတော့ မသင့်တော်ဘူးဟု ထင်နေသည်။ 



"ဒါက မတူဘူးလေ။ကျွန်တော်တို့က အခုမှ စပြီး တွဲဖြစ်တာ။ဖေဖေက သူ့ကို ဘာလို့ ခက်ခဲနေအောင် လုပ်မှာလဲ။" 



လောင်မဲ့က သူ့သားပြောသည်ကို သဘောမကျပေ။ 



"မင်းက အခုထဲက သူ့ကို ကာကွယ်ပေးတတ်နေပြီပဲ၊ ဟမ့်။"





မဲ့တုန်က ဖုန်းကို ဖျစ်ညှစ်ထားသည်။သူ ယန်ရှုမင်ကို စာမပို့ချင်သလို ဖုန်းလည်း မဆက်ချင်ပါ။လောင်မဲ့ကတော့ ဆိုင်ရှေ့ကောင်တာရှိ စားပွဲခုံဟောင်းတစ်လုံးတွင် ထိုင်ရင်း ခုံမျက်နှာပြင်ပေါ်သို့ လက်ဖြင့် အဆက်မပြတ် တတောက်တောက် ခေါက်နေခဲ့သည်။





မဲ့တုန် ဒီအဖြစ်ကို လုံးဝ မမျှော်လင့်ထားမိပေ။လောင်မဲ့က သူ ဂေးဖြစ်နေသောကြောင့် ၊သို့မဟုတ် မနေ့ညက ညစာစားပွဲမှာ တွဲနေသူ မရှိဘူးဟု လိမ်ပြောမိခြင်းကြောင့် ဒေါသမဖြစ်ဘဲ၊ယန်ရှုမင်ကို သူ့ထံ ခေါ်မလာပေးသဖြင့် ဒေါသဖြစ်နေမည် ဟု မဲ့တုန် မထင်ထားပေ။





သူ ဝမ်းသာသွားသလို စိုးရိမ်စိတ်လည်း ဖြစ်မိသည်။ 



"နောက်မှ ကျွန်တော်တို့ အချိန်တစ်ခု စီစဥ်လိုက်လို့ ရမလား။ကျွန်တော် သူ့ကို သေချာပြောထားလိုက်မယ်။သူ့အနေနဲ့ စိတ်ကို ကြိုတင်ပြင်ဆင်ထားလို့ ရအောင်လေ။" 



လောင်မဲ့၏ လေသံက တည်ကြည်နေသည်။ 



"သူ့မှာ မသင့်လျော်တာ တစ်စုံတစ်ခု ရှိနေလို့လား။" 





လောင်မဲ့ဆိုသော ထိုသူသည် တစ်ခါတစ်လေတွင် အတော် ခေါင်းမာ၏။သို့မဟုတ်ပါက ထိုသူသည် ရှေးဟောင်းပစ္စည်းလုပ်ငန်းတွင် အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ 



မဒမ်တုကို သူလိုက်ခဲ့တဲ့ အကြောင်းအားလုံးမှာ အမှန်အတိုင်း ဖြစ်သည်။ထိုအကြောင်းက မဲ့တုန်တို့မိသားစုဝင်တိုင်း ကောင်းကောင်း သိထားသော အကြောင်းအရာတစ်ခု ဖြစ်သည်။ထိုအချိန်က အဖွားသည် လောင်မဲ့၏အလုပ်က အတည်တကျမရှိဟု ယူဆသဖြင့် စိတ်တိုင်းကျခြင်း မရှိပေ။လောင်မဲ့က သူ၏ စိတ်ပျက်လက်ပျက်ဖြစ်မှုကို ချုပ်ထိန်း၍ အိမ်တစ်လုံးနှင့် ကားတစ်စီးကို သူ့အရည်အချင်းနှင့် သူရအောင်ဝယ်ပြီးမှ ပြန်လာပြီး လက်ထပ်ခွင့်တောင်းခြင်းဖြစ်သည်။ 





လောင်မဲ့၏ စိတ်သဘောထားကို မဲ့တုန် နားလည်ပါသည်။ယောကျ်ားချင်း ကြိုက်ရသည့်ကိစ္စက မလွယ်ကူခဲ့ပေ။လောင်မဲ့က စကားကို သေချာမပြောတတ်သော်လည်း သူ စိုးရိမ်နေသည့် အကြောင်းအရာက သူ့အမေ စိုးရိမ်နေသည်နှင့် အတူတူ ပင်ဖြစ်သည်။ယန်ရှုမင်သည် လူကောင်း လား၊သူ့သားနှင့် သင့်တော်သည့် လူလား ဆိုသည်ကို သူက သိချင်နေခြင်း ဖြစ်ပါသည်။





နောက်ထပ်တစ်နည်း ပြောရလျှင် မဲ့တုန်က မိသားစု၏ အချစ်ခံလေး ဖြစ်ပါသည်။ယခု အသက် ၂၀ရှိပြီး လူကြီးတစ်ယောက် ဖြစ်လာသည်အထိ အချစ်ခံနေရဆဲ ဖြစ်သည်။သူ့မိဘများ၏ မျက်စိထဲတွင်တော့ သူက ကလေးလေးသာ ရှိသေးသည်။သူ့မိဘများက သူ့ကို ပေးသည့် အချစ်တွေက များပြားပြီးသား ဖြစ်သည်။ယခုတွင် အခြားသူတစ်ယောက်ကလည်း သူ့ကို ချစ်နေလေသည်။ထိုသူ၏ အချစ်က ချစ်ဖို့ ထိုက်တန်ရဲ့လားဆိုသည်ကို လောင်မဲ့က သိချင်နေခဲ့သည်။





မဲ့တုန်လည်း အလျှော့ပေးလိုက်ပြီး ယန်ရှုမင်ကို ဖုန်းခေါ်ရန် အပြင်ထွက်ခဲ့သည်။အခုက မနက်ကိုးနာရီ စွန်းစွန်း ရှိပြီဖြစ်ပြီး ထိုသူ၏ဇီဝနာရီအရဆိုလျှင် ယန်ရှုမင် နိုးနေလောက်ပြီ ဖြစ်သည်။သို့သော် ယန်ရှုမင်က အားလပ်ရက်မှာပင် အိပ်ရရဲ့လားဆိုသည်တော့ သူ မသိပေ။





ဖုန်းခေါ်သံ အနည်းငယ်သာ မြည်လိုက်ရပြီး တစ်ဖက်မှ ဖုန်းကို ကိုင်လာခဲ့သည်။ယန်ရှုမင်၏ အသံက ဖုန်းစပီကာကို ဖြတ်၍ ထွက်လာ၏။ 



"အမ်း ၊ ကောင်းသောမနက်ခင်းပါ။"



မဲ့တုန် ခဏတော့ တုံ့ဆိုင်းနေသေးသည်။ 



"ကောင်းသော မနက်ခင်းပါ၊ ဒါနဲ့ ခင်ဗျား ... ဒီနေ့ အားလား။" 



++++++++