Chapter 30
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၀)

"စောစောတုန်းက မဒမ် အရမ်းအံ့ဩဖို့ ကောင်းတာပဲ။"

ရထားလုံးပေါ် ရောက်ချိန်တွင် အိုင်ရင်းက ပြောခဲ့သည်။

"မဒမ်က ဘယ်သူ့ကိုမှ မရိုက်ခဲ့ဘူး၊ပြီးတော့ တောင်းပန်တာလည်း ခံရတယ်။ကျွန်မ ဒီလိုမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ဒါက အရမ်းကောင်းတယ်။"

သူမက လက်မထောင်လိုက်ပြီးနောက် "အကောင်းဆုံးပဲ" ဟု အော်လိုက်လေသည်။ကျွန်မလည်း ထိုသို့ ပြုမူနေသော အိုင်ရင်းကို ကြောင်အစွာဖြင့် ကြည့်နေမိသည်။ 

"တစ်ခါတစ်လေ နင်က  ဆိုဗက်စ်စတာနဲ့ တူတယ်။"

"ဟုတ်လား။ကျွန်မက သခင်နဲ့ တူတာလား။"

"အမှန်ပဲ။ငါ့ကိုဆို ကပေါက်တိ ကပေါက်ချာတွေ လျှောက်ပြောတတ်လွန်းလို့။နင် ဒီလို မရည်ရွယ်တာ ငါ သိပါတယ်။ဒါပေမဲ့ နင်တို့နှစ်ယောက်က တကယ်တူတယ်။ကျေးဇူးပြုပြီး နင့်ပါးစပ်ကို ပိတ်ထားပေးပါလား။ငါ ခေါင်းကိုက်လာပြီ။"

"ဟွန့်"

အိုင်ရင်းမှာ ပါးစပ်ပိတ်လိုက်ရသည်။သူမက ခွေးပေါက်စလေးသဖွယ် ချစ်စရာကောင်းနေသည်။သို့သော် ကျွန်မ အတော် မောပန်းနေသဖြင့် ဒီအကြောင်း စိတ်ပူနေဖို့ရာ မတတ်နိုင်တော့ပေ။

ဟူး

ကျွန်မ သက်ပြင်းချလိုက်ပြီး ခေါင်းကို အနောက်ဖက်သို့ မှီထားမိသည်။ကျွန်မ အပြင်ထွက်လိုက်သည်နှင့် တခြားလူတွေဆီမှ ထင်မြင်ချက် တစ်ခုမဟုတ် တစ်ခု ရလာတတ်သည်။ အရင်တစ်ကြိမ်တွင် ကောင့်မြို့စားကတော်ကာဒယ်လ် ဖြစ်ပြီး ယခုတွင် လေဒီငယ်လေး တစ်ယောက်၏ အလှည့်ဖြစ်သည်။ယနေ့ ဖြစ်ရပ်မှာ အကြိမ်တစ်ရာ အလျှော့ပေးပြီးမှ တစ်ကြိမ် အနိုင်ရလာခဲ့သည်ဟု ယူဆနိုင်သည်။

သို့သော် ရေရှည်လုပ်ရမည့် ကိစ္စဖြစ်နေရာ ၎င်းက ကောင်းသောကိစ္စတစ်ခု ဖြစ်ခဲ့လေသည်။မည်သို့ပင်ဖြစ်စေ ကျွန်မ၏ နာမည်ဂုဏ်သတင်းကို ပြောင်းလဲပစ်ရမည်။လက်ရှိ၌ ကျွန်မကို  ဗီလိန်တစ်ယောက်၊စုန်းမတစ်ယောက်အဖြစ် သိနေကြခြင်းက ကျွန်မအတွက် ကောင်းသည် မဟုတ်ပေ။ကျွန်မ၏ အနာဂတ်နှင့် ကယ်လီယန်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရာတွင် ၎င်းက အားနည်းချက်တစ်ခု ဖြစ်လာလိမ့်မည်။ထို့ကြောင့် ကျွန်မ လူတိုင်းအပေါ် ကြင်ကြင်နာနာ ဆက်ဆံဖို့ ကြိုးစားရလိမ့်မည်။

သူတို့က ငါ့ကို ကြင်နာတတ်တယ်လို့ ဘယ်တုန်းကမှ မြင်ကြတာ မဟုတ်ဘူး။

၎င်းက ကြီးမားသော ပြဿနာ ဖြစ်သည်။ကျွန်မက ကြင်နာတတ်သောသူဟု မည်သူကမှ မထင်ပေ။

"ငါ့မျက်နှာကြောင့်လား မသိဘူး။"

ကျွန်မ ညည်းညူလိုက်သည်။ကျွန်မ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အိုင်ရင်းက အံ့ဩစွာဖြင့် လက်ကို ယမ်းခါလိုက်သည်။

"မဒမ်၊ မဒမ့်ရဲ့ မျက်နှာမှာ ပြဿနာတစ်ခုခု ရှိလို့လား။မဒမ် ဘယ်ကို သွားမလို့လဲ။ကမ္ဘာကြီးပေါ်က ဘယ်နေရာကို သွားမှာလဲ။မဒမ် မသိဘူးလား။"

"ဆူညံနေတာပဲ။အိုး ၊ဟုတ်ပြီ။နင်သာဆိုရင် ဒါကို ဖြေပေးနိုင်မှာပဲ။"

ကျွန်မ သည်းမခံနိုင်တော့သဖြင့် မျက်လုံးဖွင့်ပြီး အိုင်ရင်းကို ကြည့်လိုက်သည်။

"ဟုတ်ကဲ့။မဒမ် ဘာမေးမေး ကျွန်မ ရိုးရိုးသားသား ဖြေပါ့မယ်။"

"အင်း၊ကောင်းပြီ"

ကျွန်မ၏မျက်နှာကို တည်ကြည်လေးနက်အောင်လုပ်ပြီး အိုင်ရင်း၏ မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။

"ငါ့ပုံစံက ကြောက်စရာကောင်းလား။"

အိုင်ရင်းသည် ကျွန်မကို တည့်တည့်ကြည့်ပြီးနောက် အကြည့်လွှဲသွားပြီး အသံသေးသေးလေးဖြင့် ပြန်ဖြေသည်။

"ဟုတ်ကဲ့၊ကြောက်စရာ မကောင်းပါဘူး။"

"..."

နင်က ငါ့ကို ကြောက်စရာကောင်းတယ်လို့ ဆိုလိုတာပေါ့။အာ၊ ငါက စပြီး မေးတဲ့သူဆိုတော့ ဒေါသထွက်လို့လည်း မရဘူး။

ကျွန်မ၏ ခေါင်းကို နောက်သို့ ပြန်မှီလိုက်ပြီး ကိုက်ခဲနေသော နဖူးကို အနားပေးလိုက်သည်။အမှန်တော့ ကျွန်မ၏ မျက်နှာမှာ မျက်နှာကြောတင်းသည်ဟု ကျွန်မ တွေးမိသည်။သို့သော် အခြားသူများ၏ အမြင်တွင် ထိုသို့ မဟုတ်ပေ။မျက်နှာထား ပြင်လိုက်သည်နှင့် လူတွေအပေါ် ခြိမ်းခြောက်မိသလို ဖြစ်သွားသည့် အချက်နှင့်ပင် သိသာလှပါသည်။

ကောင်းပြီလေ၊ ဖလဲရ်လို မျက်နှာမျိုးကမှ နတ်သမီးလိုလှတဲ့ မျက်နှာမျိုးပဲ။

ထို့ကြောင့် ဖလဲရ်ကို ကမ္ဘာပေါ်တွင် အလှဆုံးအမျိုးသမီးဟု တင်စားကြခြင်း ဖြစ်သည်။သူမက အလွန်ကြည့်ကောင်းသောကြောင့်ပင်။

ငါကရော

ဒါကို ဘယ်လိုပြောရမလဲ။

လူတွေက ငါ ပြောသမျှ၊လုပ်သမျှကို မကောင်းတဲ့အရာတွေပဲလို့ မြင်နေကြတယ်။ငါက ဘယ်လောက်ပဲ ကောင်းပေးနေရင်တောင်မှလေ။

ငိုနေတာကို ရပ်လိုက်ပါတော့။

မတိုင်ခင်က လေဒီများ အသည်းအသန် ငိုနေကြသဖြင့် သူမတို့ကို လက်ကိုင်ပဝါများ ပေးရင်း ထိုသို့ ပြောခဲ့မိသည်။ကျွန်မ နောင်တရသဖြင့် ပြောလိုက်မိခြင်း ဖြစ်ပါသည်။၎င်းက သည်လောက် ငိုကြွေးစရာကိစ္စမဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော်လည်း ...

ကျွန်မတို့ ဆက်ငိုနေရင် ရှင်က ကျွန်မတို့ကို ရိုက်မှာလား။အိုး၊ကျွန်မတို့ သိပါပြီ။ ဆက်မငိုတော့ပါဘူး။

ကျွန်မ ရှင်တို့ကို မရိုက်ဘူး။

ကျွန်မ ရှင်တို့ကို မရိုက်ပါဘူး။

အိုး ၊တကယ်လားရှင်။

ကျွန်မသည် အတိတ်က အိုဖီလီယာကို စိတ်ထဲတွင် ဆဲရေးလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်မိသည်။ကျွန်မက ဆိုးရွားသည့်ကိစ္စများလုပ်ခဲ့သဖြင့် လူတိုင်းက ကျွန်မအပေါ် အလွန် မုန်းတီးနေကြသည်။ကျွန်မသာ ဘာတစ်ခုမှ မလုပ်ခဲ့လျှင် ကျွန်မကို နားလည်မှုလွဲကြမည် မဟုတ်ပေ။

ကျွန်မ ရူးသွားတော့မည်။

ကျွန်မ၏ ခေါင်းကို နောက်သို့ မှီထားလိုက်ပြီး နဖူးကြောကို လျှော့ထားလိုက်သည်။

ဟူးးး ဟူးးး

ကျွန်မ၏ ဒေါသကို တည်ငြိမ်စေဖို့ အသက်ပြင်းပြင်း ရှူလိုက်ရသည်၊နှလုံးခုန်သံက တဖြည်းဖြည်း ပြန်နှေးလာပြီး ဒေါသများ လျော့ကျသွားချိန်တွင် ငိုကြွေးနေကြသော လေဒီများ၏ မျက်နှာများက စိတ်ထဲတွင် ပေါ်လာခဲ့သည်။

အိုး ၊တော်တော် ကြည့်လို့ကောင်းတာပဲ။

စဥ်းစားကြည့်လျှင် ကောင့်မြို့စားကတော်ကာဒယ်လ်နှင့် ဖြစ်ခဲ့သော ကိစ္စတွင် ကျွန်မ အကျိုးအမြတ်ရရှိခဲ့သည်။ယခုတစ်ကြိမ်တွင်လည်း ထို့အတူပင်။ကျွန်မသာ ဘာမှ မလုပ်ခဲ့လျှင် ကျွန်မကို တောင်းပန်ကြလိမ့်မည် မဟုတ်ပေ။၎င်းက ဆိုးရွားသော ကိစ္စတစ်ခုနှင့် မတူပေ။

သို့တိုင် အလွန်ထူးဆန်းသည်။အကောင်းနှင့် အဆိုး နှစ်မျိုးလုံး ရှိသည်။ထို့ကြောင့် ယခု ဒီကိစ္စကို ဆက်မတွေးတော့ဟု ကျွန်မ လက်လျှော့လိုက်သည်။ထိုကိစ္စထက် အလွန်အရေးကြီးသော ကိစ္စတစ်ခု ရှိသည်။

"ဟူး ..."

ကျွန်မ သက်ပြင်းမောကြီး တစ်ခု ချလိုက်မိသည်။

"မဒမ်၊ ကြည့်ရတာ မဒမ် အရမ်း ပင်ပန်းနေသလိုပဲ။ဒီနေ့ ဘာဖြစ်လို့ အိမ်တော်ကို တစ်ခါတည်း တန်းမပြန်တာလဲ။"

အိုင်ရင်းက ပြောသည်။

ကျွန်မ မျက်လုံး မှိတ်လျက်သားဖြင့် ခေါင်းခါလိုက်သည်။

"ဟင့်အင်း၊ငါ အိမ်ရှေ့စံမင်းသားရဲ့ နန်းတော်ကို သွားဖို့ လိုတယ်။"

အမှန်ပင်။ယခု ကျွန်မသည် အိမ်ရှေ့စံမင်းသား၏ နန်းတော်ကို သွားရာလမ်း၌ ဖြစ်လေသည်။ဘီလူးအသားကို သွားရောက်ဆက်သကာ ကျွန်မအပေါ် ထားသည့် စိတ်သဘောထားကို ပြောင်းလဲသွားစေဖို့ ဖြစ်သည်။သို့သော် အခြားအကြောင်းပြချက်များလည်း ရှိသေးသည်။

ဒီတစ်ခါလည်း ကယ်လီယန်က ငြင်းနေဦးမှာလား။

*

"ကျစ်"

ကယ်လီယန်သည် အလွန် စိတ်မသာမယာ ဖြစ်နေမိပါ၏။သူ မုန်းတီးရသော အိုဖီလီယာ ရိုင်ဇန်က အိမ်ရှေ့စံမင်းသား၏နန်းတော်သို့ လာရောက်ပါမည်ဟု စာပို့လာခဲ့သောကြောင့်တည်း။သူမကို မလာဖို့ သူ ပြောချင်ခဲ့သည်။သို့သော် ....

[ကျွန်မ ကောင်းတဲ့ တစ်စုံတစ်ခု ယူလာခဲ့မယ်။]

ထိုစကားကြောင့် သူ မငြင်းဆိုနိုင်ခဲ့ပေ။၎င်းက သူ့အမေ၏စာ ဖြစ်နိုင်သည်။

အကယ်၍ အဲ့ဒါက ငါ့မယ်တော်ရဲ့ စာ မဟုတ်ရင်တော့ ငါ မင်းကို ခက်ခဲသွားအောင် လုပ်ရမှာပဲ။

ကယ်လီယန်သည် သူ၏ အဖိုးတန်အချိန်များကို နှောင့်ယှက်ရမည်လောဟု အိုဖီလီယာကို ဆူပူကြိမ်းမောင်းရမည်ဟု တွေးနေခဲ့သည်။ထိုအချိန်တွင် အစေခံက ဝင်လာပြီး အိုဖီလီယာ ရိုင်ဇန်က ပန်းချီခန်းထဲ ရောက်ရှိနေပါပြီဟု လျှောက်တင်လာခဲ့သည်။ကယ်လီယန်လည်း ဖြည်းဖြည်းချင်း မှန်ရှေ့၌ ရပ်လိုက်ပြီး အဝတ်အစားများကို သေသပ်အောင် ပြုပြင်နေလိုက်သည်။ထို့နောက် သူ ပျင်းရိလာ၏။

အိုဖီလီယာကို တမင်တကာ စောင့်နေရအောင် လုပ်လိုက်သည်။ထိုသို့ ပြုလုပ်ချင်းက ရိုင်းသည် ဖြစ်သော်ငြား သူ့အတွက်တော့ အဆင်ပြေသည်။ယနေ့တွင် သူမသည် သူမစိတ်အလိုရှိသည့်အတိုင်း သူ့ဆီ လာမည်ဟု အကြောင်းကြားလာသော မိန်းမဖြစ်သည်။ကယ်လီယန်သည် ခဏကြာသည်အထိ သုန်မှုန်နေပြီးမှ လေချွန်လိုက်ရင်း အခန်းထဲမှ အေးအေးဆေးဆေး ထွက်လာခဲ့သည်။

"အဟမ်း"

ပန်းချီခန်း အရှေ့သို့ ရောက်လျှင် သူ ချောင်းတစ်ချက် ဆိုးလိုက်ပြီး တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ထို့နောက် သူ တံခါးကို ဖွင့်လိုက်၏။ဆိုဖာပေါ်တွင် ထိုင်နေသော အိုဖီလီယာကို သူ ချက်ချင်း မြင်လိုက်ရသည်။ယနေ့တွင် အိုဖီလီယာသည် သူမ၏ဆံပင်ကို မြင့်မြင့်မြှောက်၍ စည်းထားခဲ့သည်။ထိုသို့ ဆံပင်စည်းထားသဖြင့် သူမ၏ လည်တိုင်အလှက ပိုပြီး ထင်ရှားနေခဲ့သည်။သူမ၏ ဝတ်စုံမှာ ကျော့ရှင်းသော လည်တိုင်နှင့် ပခုံးတစ်လျှောက်ကို အနည်းငယ် ဖော်ပြထားသည့် ပခုံးပေါ် ဒီဇိုင်းဖြစ်သည်။

အရောင်မှာ တောက်ပသော အနီရောင် ဖြစ်၏။

၎င်းမှာ လွန်စွာ မျက်စိစူးသဖြင့် သူ ဘယ်နေရာကို ကြည့်ရမည်ပင် မသိတော့ပေ။သို့သော် ထိုဝတ်စုံထက် ပို၍ ထူးကဲသည်က သူမ၏ တဖျတ်ဖျတ်လက်နေသော မျက်ဝန်းများ ဖြစ်သည်။သူမ၏ မြစိမ်းရောင်ဖျော့ဖျော့ မျက်ဝန်းများသည် ကမ္ဘာမြေကြီး၏ အသက်သွေးကြောကို ဆုပ်ကိုင်ပွေ့ဖက်ထားသကဲ့သို့ သက်ဝင်တက်ကြွနေသည်။သို့သော် ထိုမျက်ဝန်းများမှ လွဲ၍ သူမ၏ ကျန်မျက်နှာအစိတ်အပိုင်းများမှာ နှင်းတောင်တန်းများအလား အေးစက်လှသည်။

ထို့ကြောင့် သူမ၏ မျက်ဝန်းများက ပို၍ သိသာပေါ်လွင်နေခြင်း ဖြစ်မည်ဟု ကယ်လီယန် တွေးမိသည်။

မည်သို့ပင် ဖြစ်စေ သူ ဒါကို ဝန်ခံပါသည်။အိုဖီလီယာ ရိုင်ဇန်မှာ အလွန်တရာ ချောမောလွန်းသည်က အမှန်ပင်။သို့သော် သူ ဒါကို ထုတ်မပြောနိုင်ပေ။သူမသည် ကြမ်းတမ်းရက်စက်သော မိန်းမ၊ကောက်ကျစ်ယုတ်မာသော စုန်းမတစ်ယောက် ဖြစ်သည်။ကယ်လီယန်သည် ချောင်းတစ်ခါ ထပ်ဆိုးပြီးနောက် ကျောကို မတ်မတ်ထားလိုက်၏။

"ဒီတော့ ဒီနေ့လာတာ ဘာအတွက်လဲ။"

"ကျွန်မ ယူလာတာက ..."

"ယူလာတာ စာ မဟုတ်ရင်တော့ ငါ မင်းနဲ့ စကားမပြောချင်ဘူး။ထွက်သွားလို့ ရပြီ။"

အိုဖီလီယာမှာ အသက်ပြင်းပြင်း ရှူမိလိုက်သည်။

ဒီလူယုတ်မာကတော့

သူမမှာ ရုတ်တရက်ပင် အိမ်မှာရှိနေသော ဆိုဗက်စ်စတာကို သတိရသွားသည်။ကယ်လီယန်ထက်စာလျှင် ဆိုဗက်စ်စတာက အနည်းနှင့်အများ အထက်တန်းလွှာ လူကြီးလူကောင်းနှင့် ပိုတူသည်။သူမ သူ့ကို ဆဲဆိုလိုက်ချင်သော်လည်း သူမ လုပ်၍မရပေ။အိုဖီလီယာသည် သူမ၏နှုတ်ခမ်းကို ညင်သာစွာ ဖွင့်လိုက်ပြီး ရင်ကို ဖြည်းညှင်းစွာ သပ်လိုက်သည်။

"အရှင့်သား၊ စာ ထက်ပိုပြီး အရှင့်သား သဘောကျမဲ့ တစ်စုံတစ်ခုကို ကျွန်မ ဆက်သပေးမှာပါ။"

"ဟမ့်"

ကယ်လီယန် နှာမှုတ်လိုက်သည်။

"ဒီအတွက် မင်းတာဝန်ယူရမှာနော်။ငါ့အကြိုက်တွေက မင်းထင်ထားတာထက် ပိုပြီး မြင့်တယ်။"

"အာ၊ ချီးလိုပဲ။"

"ဘာ"

"ဘာမှမဟုတ်ပါဘူး။"

အိုဖီလီယာသည် သူမ၏ ခေါင်းကို အလျင်အမြန် ခါလိုက်ပြီး သူမ လမ်းတစ်လျှောက်လုံး တမမ လုပ်လာရသည့် သေတ္တာကို စားပွဲပေါ်သို့ တင်လိုက်သည်။

"အဲဒါက ဘာလဲ။"

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် တစ်ခုခု ထူးဆန်းနေသည့် သေတ္တာဖြစ်သည်။ကြီးမားပြီး သေတ္တာ၏ အနားစွန်းများမှ သွေးများ တစက်စက် ကျနေခဲ့သည်။

နေပါဦး ၊သွေးတွေ လား။

ကယ်လီယန် မျက်ကလူးဆန်ပြာ ဖြစ်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

"မင်းက တကယ်ကို ရူးနေတာပဲ။မင်း ဘယ်ချိန်အထိ ဆက်ရူးမိုက်နေဦးမလဲလို့ ငါ သိချင်နေခဲ့တာ။အင်း၊ဒါက အခုပဲ။မင်း စိတ်လွတ်သွားပြီလား။တော်ဝင်မိသားစုဆီကို အလောင်းတစ်ခု ယူလာဖို့ ဘယ်လိုတောင် စိတ်ကူးရသွားတာလဲ။"

"..."

အိုဖီလီယာမှာ သူမ၏နှုတ်ခမ်းကို မနည်းကြိုးစား ကွေးညွှတ်၍ ပြုံးပြလိုက်ရသည်။

"ဒါက ဘီလူးအသားပါ။"

ထိုအခိုက်အတန့်တွင် ကယ်လီယန် အသက်ရှူရပ်တန့်သွားသည်။

ဘီလူးအသား

သူ ကြေးစားစစ်သည် ဖြစ်ခဲ့စဥ်က ဤအသားကို စားမိပြီးနောက် စွဲလန်းသွားရာ တစ်ပတ်လျှင် တစ်ခါခန့် ချက်စားဖြစ်ခဲ့သည်။သို့သော်လည်း သူ့ကို ဖလဲရ်က ကယ်တင်ပေးခဲ့ပြီး တော်ဝင်နန်းတော်ထဲ ရောက်လာချိန်မှ စ၍ သူ ထိုအသားကို မစားရတော့ပေ။နှစ်နှစ်ခန့် ကြာခဲ့ပြီဖြစ်သည်။ဤ နှစ်နှစ်အတွင်း၌ ကယ်လီယန်မှာ ဘီလူးအသားဟင်း စားရသည်ဟု အိပ်မက်များ မက်သည်အထိ စားချင်နေခဲ့သည်။

သို့သော် ယခုတွင် သူက အိမ်ရှေ့စံမင်းသားတစ်ပါး ဖြစ်သည်။ထိုသို့ အဆင့်နိမ့်သော စားစရာများကို ဘယ်တော့မှ မစားသင့်သည့် အဆင့်အတန်းတစ်ခုတွင် ရောက်ရှိနေပြီ ဖြစ်၏။အကယ်၍ ဧကရာဇ်သာ သည်ကိစ္စကို သိခဲ့ပါလျှင် သူ့ကို အပြင်းအထန် ဆူပူကြိမ်းမောင်းလိမ့်မည်။ထို့ကြောင့် ကယ်လီယန်က ထိုအသား စားခြင်းကို ဖြတ်တောက်လိုက်ရသည်။သို့သော်လည်း...

"ဘီလူးအသားလား"

ကယ်လီယန်၏လက်များ တုန်ယင်နေခဲ့သည်။သူသည် ထိုအသားကို ချက်ချင်းပင် ဝါးစားချင်သည့် ဆန္ဒကို ထိန်းချုပ်ချိုးနှိမ်ထားနိုင်ခဲ့သည်။သို့သော် သူ မနည်း ထိန်းထားရ၏။လက်ဖဝါးထဲတွင် လက်သည်းများ စိုက်ဝင်မတတ် သူ့လက်သီးကို တင်းကြပ်စွာ ဆုပ်ထားဖို့ ကြိုးစားရသည်။

"ဟုတ်ကဲ့၊ကျွန်မ ဒီအသား ရလာပါတယ်။ကျွန်မ အရှင့်သားကို သတိရသွားလို့ ဒီဟာကို ဆက်သရတာပါ။"

"ဒါပေမဲ့ ဘီလူးအသား ရောင်းချတာက တရားမဝင်ဘူးလေ။"

"ကျွန်မက ဒါကို ဂရုစိုက်နေမဲ့ မိန်းမလို့ အရှင့်သား ထင်ပါသလား။" 

မှန်ပေသည်။အကယ်၍ သူ ဘီလူးအသား ချက်စားတာကို လူမိသွားလျှင် သူ မသိ၍ စားမိသည်ဟု ပြောပြီး အိုဖီလီယာကို အပြစ်တင်လို့ ရနိုင်သည်။ထို့ကြောင့် ဤအသားကို ...

ငါ ဒါကို စားလို့ ရတယ်။

ကယ်လီယန်၏မျက်လုံးများမှာ တောက်ပသွား၏။သူက တံခါးဝတွင် စောင့်ကြပ်နေသော အစေခံကို အမြန် လှမ်းခေါ်လိုက်သည်။

"ဒီဟာကို ချက်ချင်း ယူထုတ်သွားစမ်း။မီးဖိုခန်းထဲကို ယူသွား။"

မီးဖိုခန်းထဲကို ဟုတ်လား။

အစေခံမှာ အံ့ဩသွားသော်လည်း ချက်ချင်းပင် သေတ္တာကို မပြီး အပြင်ထွက်ဖို့ ပြင်လိုက်သည်။ကယ်လီယန်က အစေခံကို နောက်တစ်ကြိမ် လှမ်းအော်ပြန်သည်။

"မလွှင့်ပစ်နဲ့"

ဂျလောက်

အခန်းတံခါး ပိတ်သွားသည်။ပန်းချီခန်းထဲတွင် သူတို့ နှစ်ယောက်သာ ကျန်နေခဲ့သည်။အိုဖီလီယာသည် ပြုံးပြီး ကယ်လီယန်ကို ကြည့်လိုက်သည်။

"အရှင့်သား ပျော်နေတာပဲ။"

"ငါ မပျော်ပါဘူး"

"အရှင့်သား ပျော်နေတာကို လူတိုင်း ပြောနိုင်ပါတယ်"

"ငါ မပျော်ပါဘူးလို့ ပြောနေတယ်။"

"အိုင်း..."

"အိုဖီလီယာ!"

ကယ်လီယန်၏ မျက်နှာမှာ ပေါက်ထွက်မတတ် နီရဲနေသည်။ကယ်လီယန်ကို ထိုသို့ ပုံစံဖြင့် ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်၍ အိုဖီလီယာက လှောင်ပြုံးလေး ပြုံးလိုက်သည်။ထိုအပြုအမူက ကယ်လီယန်၏ မာနကို ထပ်ပြီး ထိခိုက်သွားစေသည်။

"အခု မင်းကိစ္စ ပြီးပြီ မဟုတ်လား။ဒီနေရာက ထွက်သွားတော့၊အခုပဲ။"

သူ အသိစိတ်ဝင်လာပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"အရှင့်သားအတွက် လက်ဆောင်ယူလာပေးတဲ့ သူကို ဒီလိုမျိုး ဆက်ဆံလို့ အဆင်ပြေပါသလား။"

"မင်းကိုတော့ ငါ ဒီလို ဆက်ဆံလို့ရတယ်။"

အိုဖီလီယာ ကျစ်ခနဲ စုတ်သပ်လိုက်သည်။ထို့နောက် သူမက သူမ၏ခန္ဓာကိုယ်ကို ရှေ့ဖက်သို့ ကိုင်းညွှတ်လိုက်သည်။ကယ်လီယန်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။

"ကျွန်မရဲ့ကိစ္စက အခုထိ မပြီးသေးပါဘူးရှင်။"

ကယ်လီယန်သည် သံသယအပြည့် ရှိနေသော မျက်လုံးများဖြင့် အိုဖီလီယာကို ကြည့်လိုက်သည်။

"အရှင့်သား သဘောကျမဲ့ နောက်ထပ်တစ်ခု ရှိပါသေးတယ်။"

အိုဖီလီယာ ပြုံးလိုက်လေသည်။

"အရှင့်သား မသိချင်ဘူးလား။"


TK Team
++++++++