Chapter 31
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၁)

ကယ်လီယန်သည် စိတ်ဝင်စားမှု မရှိသကဲ့သို့ ဟန်ဆောင်နေခဲ့သည်။

အကယ်၍ အမှန်တကယ် ကောင်းမွန်သော တစ်စုံတစ်ရာကို သူ့ပါးစပ်နား ရောက်ခါနီးမှ လက်လွှတ်ဆုံးရှုံးလိုက်ရမည် ဆိုပါက မည်သို့ဖြစ်မည်နည်း။အတိတ်တုန်းက သူသည် ထိုသို့ တစ်ကြိမ်မျှ မတွေးဖူးပေ။သို့သော် မကြာသေးမီက အိုဖီလီယာသည် အလွန်ပြောင်းလဲသွားခဲ့သည်။ထို့ကြောင့် ကယ်လီယန်မှာ ထိုအတွေးကို ဒီတိုင်း မေ့ပစ်လိုက်၍ မရပေ။

ထို့ကြောင့် သူ့မှာ မတတ်နိုင်ပါဘဲ ခြေတံရှည်များကို မြှောက်၍ ခြေချိတ်ထိုင်လိုက်သည်။

"ငါ မင်းကို အချိန် ငါးစက္ကန့်ပေးမယ်။ငါးစက္ကန့်အတွင်း ငါ့ကို ပြောရင်ပြော၊မပြောရင် ငါ မင်းကို အပြင် ကန်ထုတ်ပစ်မယ်။"

"မရဘူး။ငါးစက္ကန့်က အရမ်းနည်းလွန်း..."

"ငါး ...လေး..."

"ကျွန်မ သတင်းအချက်အလက်ရနိုင်မဲ့ အဖွဲ့အစည်းတစ်ခု သိထားတယ်။"

အိုဖီလီယာက အလျင်စလိုဖြင့် ပြောလိုက်သည်။ဘီလူးအသား ရောင်းသည့်ဆိုင်ရှိ ကြေးစားစစ်သည်များ သတင်းအချက်အလက် ဖလှယ်ရာ နေရာဖြစ်သည်။မူလစာအုပ်ထဲတွင် ကယ်လီယန်သည် ထိုဆိုင်ကို လူကိုယ်တိုင် သွားရောက်၍ အဆက်အသွယ် တစ်ခုရအောင် ပြုလုပ်ခဲ့သည်။သို့သော် သူမအနေဖြင့် တော်ဝင်မင်းသားတစ်ပါးကို ထိုသို့ အသေးအမွှားကိစ္စကို ကိုယ်တိုင် လုပ်ခိုင်းရပါမည်လော။ထို့ကြောင့် သူမ ဤသို့ တမင်တကာ ပြောလိုက်ခြင်းဖြစ်သည်။သို့တိုင် တခြားသူ လုပ်မည့် ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမှာ မည်သည့်အခါမှ အကြံကောင်းတစ်ခု မဟုတ်ပေ။

အိုဖီလီယာ ပြုံးလိုက်ပြီး ရှေ့ဖက်သို့ အနည်းငယ် ကိုင်းလိုက်သည်။

"ကျွန်မခင်ပွန်းရဲ့ သတင်းအချက်အလက်ဌာနကြီးထက်စာရင် အဲ့ဒါက နည်းနည်း သေးငယ်တယ်ဆိုပေမဲ့ သိပ်အဆိုးအရွားကြီးလည်း မဟုတ်ပါဘူး။မဟုတ်သေးဘူး။ကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။အဲ့ဒီနေရာက ကမ္ဘာတစ်လွှားက ကြေးစားစစ်သည်တွေ သတင်းအချက်အလက် စုဆောင်းဖလှယ်တဲ့ နေရာပါ။"

ကယ်လီယန်သည် အိုဖီလီယာကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

"မင်းက ငါ့ကို ဘာဖြစ်လို့ အဲ့ဒီလို နေရာမျိုးနဲ့ ချိတ်ဆက်ပေးချင်ရတာလဲ။"

"ဘာကြောင့်လဲဆိုတော့ ကျွန်မ အရှင့်သားကို သဘောကျလို့ပါ။"

အိုဖီလီယာက ပြုံး၍ ပေါ့ပါးစွာ ပြောသည်။ထို့ကြောင့် ကယ်လီယန်မှာ ပို၍ မှင်တက်မိနေလေသည်။

မဟုတ်သေးပါဘူး။မင်းက ရှက်သလိုတောင် မခံစားရဘူးလား။

အိုဖီလီယာသည် မကြာသေးမီကစ၍ အရင်ထက် ပိုပြီး မျက်နှာပြောင်တိုက်တတ် လာပုံရသည်။

"အရှင့်သား သိပါတယ်၊ဟုတ်တယ်မလား။"

ကယ်လီယန်၏ အတွေးများကို မသိရှာသော အိုဖီလီယာသည် သူမ မသိသည့်အတိုင်းပင် တုံ့ပြန်လာသည်။

"ဒီလိုမျိုး သတင်းအချက်အလက် မရှိဘဲ အလုပ်လုပ်ရတာက အန္တရာယ်ရှိပါတယ်။"

အမှန်ပင် ဖြစ်၏။

မကြာခင်က ကယ်လီယန်သည် သတင်းအချက်အလက် ရရှိနိုင်မည့် နေရာတစ်ခု လိုအပ်သည်ဟု ခံစားခဲ့ရသည်။ယခုအချိန်တွင် ဆိုဗက်စ်စတာ ရိုင်ဇန်နှင့် ဒုတိယမင်းသားကို တစ်ချိန်တည်း စောင့်ကြည့်နေရသည် ဖြစ်ရာ သူ့အနေဖြင့် အရင်ထက်ပို၍ သတင်း ပိုမိုရရှိရန် လိုနေသည်။သတင်းအချက်အလက်ရှိမှသာ သူတို့အပေါ် တစ်ပတ်ရိုက်၍ ရမည် ဖြစ်၏။

သို့သော်လည်း အင်ပါယာ၏ အကြီးမားဆုံး သတင်းအချက်အလက် ကွန်ရက်ကို ဆိုဗက်စ်စတာက လွှမ်းမိုးချုပ်ကိုင်ထားပြီး ဖြစ်နေသည်။

ကြေးစားစစ်သည်တွေဆီက သတင်းအချက်အလက်

၎င်းက မက်မောလောက်စရာပင်။သို့သော်...

သူအနေဖြင့် အိုဖီလီယာ၏စကားကို မဆိုင်းမတွ ယုံကြည်လိုက်၍ မရပေ။ကယ်လီယန်က သတိကြီးစွာ ထားသော လေသံဖြင့် ပြောလိုက်သည်။

"ငါ မင်းကို ထပ်ပြီး မေးမယ်။မင်းက ငါ့ကို ဘာဖြစ်လို့ အဲ့ဒီလို နေရာမျိုးနဲ့ ချိတ်ဆက်ပေးချင်ရတာလဲ။"

"ကျွန်မလည်း တစ်ခါ ထပ်ပြီး ပြောပါမယ်။ကျွန်မ အရှင့်သားကို သဘောကျလို့ပါ။"

"ငါကတော့ မင်းကို မုန်းတယ်။"

နင် ငါ့ကို မပြောပြလည်းရပါတယ်။အယုတ်တမာကောင်ရဲ့။

ချက်ချင်းပင် အိုဖီလီယာ၏မျက်နှာက တင်းမာသွားသည်။ကယ်လီယန်လည်း ထိုအခိုက်အတန့်ကို လွတ်မသွားခဲ့ပေ။

"ငါ အခု သိပြီ။မင်းက ဒီအတွက် တန်ရာတန်ကြေး လိုချင်တာမလား။"

သူ လန့်ဖျတ်၍ မျက်လုံးပြူးသွားပြီး သူ့ခန္ဓာကိုယ်ကို ခဲတံတစ်ချောင်းထဲတွင် ထုတ်ပိုးထားချင်သည့်နှယ်။

"ငါ မင်းကို ချစ်လာဖို့ ရည်ရွယ်ချက် မရှိဘူး။ငါ ဘယ်တုန်းကမှ မစဥ်းစားဖူးဘူး။ဘယ်တော့မှ၊ဘယ်တော့မှ၊ဘယ်တော့မှ။"

ငါသိပါတယ် ၊ခွေးမသားလေးရယ်၊စိုးရိမ်မနေစမ်းပါနဲ့။

အိုဖီလီယာမှာ အသက်ရှူထုတ်လိုက်ပြီး သူမ၏ တောင့်တင်းနေသော စိတ်သဘောထားကို ပြန်လည်ဖြောင့်မတ်စေလိုက်သည်။

"ကျွန်မက အရှင့်သားရဲ့ နှလုံးသားကို ရဖို့အတွက်နဲ့ သတင်းအချက်အလက် ရမဲ့နေရာကို ပြောပြတာ မဟုတ်ပါဘူး။"

အိုဖီလီယာက ပြုံးလိုက်ပြီး သူမ၏ စိတ်ရှည်သည်းခံမှုကို ဆွဲဆန့်ထားလိုက်သည်။

"ကျွန်မ အရှင့်သားအပေါ် ဒီလောက်အထိ မေတ္တာရှိတယ်ဆိုတာကို သိစေချင်ရုံပါပဲ။ဒါဆို လုံလောက်ပါပြီ။"

ကယ်လီယန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

တကယ်ပဲလား။

သူမက ဘာမှ ပြန်မလိုချင်ဘူးပေါ့။

ဒါက အဓိပ္ပါယ်ရော ရှိလို့လား။

သို့သော်လည်း သူ သံသယဖြစ်နေသည့်အတွက် ဤကမ်းလှမ်းမှုကို လက်ခံရန် ငြင်းပယ်လိုက်ပါက ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မည်။အိမ်ရှေ့စံမင်းသားတွင် စောင့်ကြည့်သင့်သည် ဟူသော အတွေးတစ်ခု ဝင်သွား၏။

"ဒီတစ်ခါ"

သူက အိုဖီလီယာကို ထပ်ကြည့်လိုက်သည်။

"ဒါက မြို့စားကြီးအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်တစ်ခုဆိုတာ မင်း သိလား။"

အိုဖီလီယာ၏ မျက်လုံးများမှာ ထိုစကားကို စောင့်ဆိုင်းနေသည့်အလား တောက်ပသွားသည်။မူလဇာတ်ကြောင်းတွင် အိုဖီလီယာသည် ကယ်လီယန်၏ အမိန့်ကို နာခံပြီး ဆိုဗက်စ်စတာကို သတ်ပစ်သည်အထိ သစ္စာဖောက်ခဲ့သည်၊ထို့နောက် သူမလည်း သေဒဏ်စီရင် ခံခဲ့ရသည်။

သို့သော်ငြား သူမသည် မူလဇာတ်ကြောင်းအတိုင်း လိုက်လုပ်ရန် မရည်ရွယ်ထားပေ။

အိုဖီလီယာသည် သူမ၏ဘဝကို အခြားသူများထက် ပို၍ မြတ်နိုးတန်ဖိုးထား၍ ဖြစ်သည်။သို့သော် သူမက ဆိုဗက်စ်စတာကို အသိမပေးဘဲ ကယ်လီယန်ကို ကူညီရသည့် အကြောင်းပြချက်မှာ ...

အစပိုင်းတွင် သူမက ဆိုဗက်စ်စတာအပေါ် သစ္စာဖောက်တော့မည် ဆိုသည့် အထင်အမြင်တစ်ခု ပေးလိုက်ရန် ဖြစ်၏။

အကယ်၍ သူမသာ ကယ်လီယန် ခင်းသည့်လမ်းအတိုင်း ဆက်လျှောက်နေပါက သေရေးရှင်ရေး အခိုက်အတန့်တွင် သူမကို သူက အသုံးချသွားလိမ့်မည်။

ဒါပေမဲ့ ငါ အခု လုပ်သလိုမျိုး အိမ်ရှေ့စံမင်းသားကို အရင်ဆုံး ချဥ်းကပ်လိုက်ရင်ရော ဘာဖြစ်မလဲ။

ကယ်လီယန်က ငါနဲ့ အပေးအယူတစ်ခု လုပ်ရလိမ့်မယ်။

ဤအခြေအနေတွင် သူမသည် ကယ်လီယန်ကို သတင်းအချက်အလက် အဖွဲ့အစည်း၏ တည်နေရာအတိအကျနှင့် ဆက်သွယ်ရမည့် လူပုဂ္ဂိုလ်အကြောင်း အတိအကျ မပြောထားခဲ့ပေ။ထိုအဖွဲ့အစည်းကို သူမကိုယ်တိုင်မှ တစ်ဆင့် ဆက်သွယ်လာစေရန် ရည်ရွယ်ထားသည်။ထိုသို့ပြုလုပ်မှ ကယ်လီယန်သည် သူမ၏လက်ခုပ်ထဲသို့ ပို၍ ရောက်လာမည် ဖြစ်၏။မှန်ပေသည်။အိုဖီလီယာသည် ကယ်လီယန်ကို အကူအညီပေးရင်းဖြင့် မျက်နှာသာစလာအောင် လုပ်ပြီး သူ့ဆီမှ အခွင့်အရေး ပြန်ယူရန် စဥ်းစားထားသည်။ထို့ကြောင့် နောက်လည်း သူမက ဤသို့ သိမ်ဖျင်းလှသော သစ္စာဖောက်မှုကို ဆက်လုပ်ရန် ရည်ရွယ်ထားသည်။ကယ်လီယန်၏ ယုံကြည်မှု ရလာစေရန် ဖြစ်၏။

ဒါတွေ အားလုံးက ဆိုဗက်စ်စတာ စခဲ့တဲ့ အမှားတွေပဲဆိုတော့ သူ့အပေါ် အားနာသလို ခံစားနေဖို့ မလိုပါဘူး။

သူမသည် ဗီလိန်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်လာသောကြောင့် သူမ ကိုယ်တိုင်ကပါ ဗီလိန်အဖြစ် အမှန်တကယ် ပြောင်းလဲသွားပုံ ပေါ်သည်။သူမတွင် အပြစ်မကင်းသလိုပင် လုံးဝခံစားရခြင်း မရှိပေ။

"ကျွန်မ သိပါတယ်။ကျွန်မရဲ့ ခင်ပွန်းအပေါ် သစ္စာဖောက်နေတယ်ဆိုတာ။"

အိုဖီလီယာ တခစ်ခစ်နှင့် ရယ်လိုက်သည်။

"ဒါပေမဲ့ ကျွန်မ ဘာလုပ်လို့ရမှာလဲ။ကျွန်မ မေတ္တာရှိနေတဲ့လူက အရှင့်သားလေ။အရှင့်သားအတွက် အကျိုးစီးပွားဖြစ်ထွန်းမဲ့ ကိစ္စတွေကို ကျွန်မ လုပ်ရမှာပဲ။"

"မင်းက တကယ်ကို ..."

ကယ်လီယန် ဆက်ပြောသည်။

"ယုတ်မာတာပဲ"

ထိုသို့ ပြောလိုက်သည့်တိုင် ကယ်လီယန်က ပြုံးနေခဲ့သည်။သူက အိုဖီလီယာ၏ လုပ်ဆောင်ပုံကို သဘောကျသည်။

"ဒီစကားက အရှင့်သားရဲ့ ချီးမွမ်းစကားတွေထဲမှာ အကောင်းဆုံးပါပဲ။"

ထို့ကြောင့် သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်စွာဖြင့် သီချင်းဆိုနေရင်း အိုဖီလီယာက ပေါ့ပါးစွာ ဖြေလိုက်သည်။

"ဒါဆို အနာဂတ်မှာ အရှင့်သား သတင်းတစ်ခုခု လိုချင်တိုင်း ကျွန်မကို အခေါ်တော်ရှိပေးပါရှင်။"

သူမက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ထို့နောက် ကယ်လီယန်ကို ငုံ့ကြည့်ရင်း ပြုံးလိုက်၏။

"ကျွန်မက အရှင့်သားကို ကူညီပေးမှာ မို့လို့ပါ။"

"အင်း၊ ငါ အဲ့လို လုပ်မှာပါ။"

ကယ်လီယန်သည် အိုဖီလီယာ၏ တောင်းဆိုမှုကို ပထမဆုံး အကြိမ်အဖြစ် လက်ခံပေးလိုက်သည်နှင့် သူတို့နှစ်ဦးကြားရှိ လေထုမှာ အေးချမ်းတည်ငြိမ်သွားတော့သည်။

ထို့ကြောင့် သူတို့ မသိလိုက်ကြပေ။

တစ်စုံတစ်ယောက်က သူတို့ကို တံခါးကြားမှ စောင့်ကြည့်နေသည်ဆိုသော အကြောင်းအရာကို။

*

"အိုး၊ပင်ပန်းလိုက်တာ။"

ကျွန်မ၏ခေါင်းကို ရထားလုံးထိုင်ခုံတွင် မှီထားရင်း တောင့်တင်းနေသော လည်ပင်းနှင့် ပခုံးများကို အကြောဆန့်လိုက်ရသည်။တစ်နေကုန် ကိစ္စအများအပြား ဖြစ်ပျက်ခဲ့သည်။ဘီလူးအသား ရောင်းသည့်ဆိုင်မှအထွက် ထူးဆန်းသော လေဒီတစ်အုပ်နှင့် ဆုံတွေ့ခဲ့ပြီး နောက်ဆုံးတွင် ကယ်လီယန်နှင့် တွေ့ဆုံသည်အထိ ဖြစ်ပျက်ခဲ့သည်။အခက်ခဲဆုံး အပိုင်းမှာ ကယ်လီယန်နှင့် တွေ့ဆုံရခြင်း ဖြစ်၏။

ကျွန်မအပေါ် မုန်းတီးနေသော တစ်စုံတစ်ယောက်နှင့် ပတ်သက်ဆက်နွယ်နေရသည်လောက် ဘယ်အရာက ရှုပ်ထွေးခက်ခဲနိုင်မည်နည်း။သို့သော်လည်း ထိုသို့သွားလိုက်ခြင်းက ထိုက်တန်ပါသည်။ကယ်လီယန်က ကျွန်မအပေါ် အနည်းငယ် ယုံကြည်လာ၏။

ကယ်လီယန်ကို သတင်းအချက်အလက်ရမည့် အဖွဲ့အစည်းနှင့် ချိတ်ဆက်ပေးခြင်းသည် ဆိုဗက်စ်စတာအတွက် အန္တရာယ်ရှိလာနိုင်သည်ဟုလည်း ကျွန််မ သိပါသည်။

သို့သော် ဆိုဗက်စ်စတာမှာ မည်သူနည်း။

ဇာတ်လမ်းထဲတွင် အဆိုးရွားဆုံး ဗီလိန်။

မည်သူကမှ သူ့ကို ထိနိုင်ခြင်း မရှိ။

သူ၏စွမ်းအင်ရင်းမြစ် ပေါက်ကွဲသွားသည့် ဖြစ်ရပ်မှတပါး ဘယ်အရာကမှ သူ့ကို သေစေလောက်အောင် အန္တရာယ်ဖြစ်နိုင်မည် မဟုတ်။ထို့ကြောင့် သူမ ထိုသို့ လုပ်ခဲ့ခြင်း မရှိသရွေ့ သူ ဆက်လက်ပြီး ရှင်သန်နိုင်မည် ဖြစ်သည်။

သို့သော်...

မူလဇာတ်ကြောင်းတွင် အိုဖီလီယာက ဆိုဗက်စ်စတာ၏ အစွမ်းကို ပေါက်ကွဲထွက်သွားအောင် မည်သို့ လုပ်ခဲ့သနည်း။အိဖီလီယာထံတွင် ကျွန်မ မသိသေးသော အခြားအစွမ်း တစ်စုံတစ်ရာ ရှိနေ၍လော။

ကျွန်မ၏ ညာလက်ကို ဆုပ်လိုက် ဖြန့်လိုက် လုပ်ကြည့်မိသည်။ထင်ထားသည့်အတိုင်း ဘာမှ ဖြစ်မလာခဲ့ပေ။

ဟားဟား

မှော်နက်က ဘာဆိုတာ ကျွန်မ သိဖို့ လိုသည်။ထိုမှသာ ၎င်းကို သုံးသင့်၊မသုံးသင့် ကျွန်မ ဆုံးဖြတ်နိုင်မည်။စံအိမ်တော်ကို ပြန်ရောက်သည်နှင့် တစ်ခုခု ဖတ်ရမည်။

မနက်ဖြန်မှသာ။ဒီနေ့မဟုတ်ပေ။ကျွန်မ ဒီနေ့ ပင်ပန်းနေခဲ့သည်။ထို့ကြောင့် ကျွန်မ အနားယူတော့မည်။ထိုသို့တွေးလိုက်ရင်း ကျွန်မ မြင်းလှည်းမောင်းသူကို ထွက်ခွာရန် အချက်ပြလိုက်သည်။

ထိုအချိန်၌

ဒေါက် ဒေါက်

ရထားလုံးတံခါး ခေါက်သံတစ်ခုကို ကျွန်မ ကြားလိုက်မိသည်။ဘယ်သူပါလိမ့်။ပြတင်းပေါက်ကို ဖုံးအုပ်ထားသည့် လိုက်ကာကို ကျွန်မ ဆွဲတင်လိုက်မိသည်။သို့သော် ထိုသူကို မြင်လျှင် ကျွန်မ အံ့ဩသွားရ၏။

"ဖလဲရ်လား"

၎င်းမှာ ကောင့်မြို့စားကတော်ဖလဲရ် ဖြစ်သည်။

သူမက ငါ့ဆီ ဘာလို့ လာတာလဲ။နင် ငါ့ကို တစ်ပတ်ရိုက်ထားတာ ဘယ်လောက်များ ကြာသေးလို့လဲ။

ကျွန်မမှာ မှင်တက်မိနေသောကြောင့် ဘာမှ မပြောနိုင်ခဲ့ပေ။ထို့နောက် ဖလဲရ်က သူမ၏ နှုတ်ခမ်းများကို အရင် ဖွင့်လာခဲ့သည်။

"ဟယ်လို မြို့စားကြီးကတော်ရှင့်။"

သူမက မေးစေ့ကို အနည်းငယ် ပင့်လိုက်ပြီး တော်ဝင်ဆန်သော အမူအရာဖြင့် ဖော်ရွေသော အပြုံးတစ်ခုကို နှုတ်ခမ်း၌ ချိတ်ဆွဲထားလိုက်သည်။

"အရင်တစ်ခါက ကျွန်မရဲ့ ရိုင်းပြမှုအတွက် ကျွန်မ ရှင့်ကို တောင်းပန်ချင်လို့ပါ။ရှင့်မှာ အချိန်တစ်မိနစ်လောက် ရှိလား မသိဘူး။"

ပြန်ဖြေရမည့်အစား ကျွန်မ ဘေးဘီဝဲယာသို့ ကြည့်လိုက်မိသည်။ကယ်လီယန် သို့မဟုတ် သူ၏ခြေလက်များက ကျွန်မကို စောင့်ကြည့်နေကြသည်လော။သို့သော် ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် ဘယ်သူကမှ ရှိမနေပေ။ဤအခိုက်အတန့်တွင် ကျွန်မ မချိတင်ကဲ ဖြစ်သွားတော့သည်။သူမကို ဒီအတိုင်း ပြန်လွှတ်လိုက်ရမည်လော၊ သူမ၏ကစားပွဲတွင် ဝင်ပါရမည်လော မသိပေ။

"ဝင်ခဲ့ပါ"

ကျွန်မ ဒုတိယနည်းကို ရွေးချယ်လိုက်သည်။

အကယ်၍ သူမကို သည်နေရာမှ ပြန်လွှတ်လိုက်လျှင် ထိုအရာက ဘယ်လောက်အတိုင်းအတာအထိ အထင်လွဲမှားမှုများ ဖြေလာနိုင်မည်ကို ကျွန်မ မသိနိုင်ရာ ပို၍ ဆိုးရွားသည့် ကိစ္စများပင် ဖြစ်လာနိုင်သေးသည်။

ကစားပွဲထဲတွင် ဝင်ပါပြီးမှသာ ဝေဖန်ပြစ်တင်ခံရသည်က ပိုကောင်းသည် မဟုတ်ပါလေ။ကျွန်မ ထိုသို့ တွေးမိလေရာ ဖလဲရ်ကို ရထားလုံးအတွင်းသို့ ဝင်လာစေလိုက်သည်။ရထားလုံးထဲ ရောက်လျှင် ဖလဲရ်သည် ကျွန်မ၏ မျက်နှာချင်းဆိုင်၌ ထိုင်လိုက်သည်။သူမက ဂါဝန်ကို သေသပ်အောင် ပြုပြင်ပြီးနောက် ကျောကိုမတ်၍ ကျွန်မကို တန်းတန်းမတ်မတ် ကြည့်လာခဲ့သည်။

နင်က အကြည့်ချင်း ပြိုင်တဲ့ ပြိုင်ပွဲများ ပြိုင်ချင်နေတာလား။

ကျွန်မလည်း သူမ၏ ပန်းရောင်မျက်လုံးများကို ကြည့်နေလိုက်သည်။၎င်းတို့မှာ ချစ်စရာကောင်းပြီး လင်းလက်တောက်ပနေသာ မျက်လုံးများ ဖြစ်၏။သို့တိုင် သူမ ဘာကို တွေးတောနေသည်ဟု ကျွန်မ မသိနိုင်ပေ။ကျွန်မ အလွန် စိတ်လှုပ်ရှားလာမိသည်။

"ကျွန်မ ပထမဆုံး အံ့ဩမိတာပဲ။ကျွန်မ အရမ်းရိုင်းသွားတယ်လို့ ထင်ပါတယ်။ကျွန်မ ထပ်ပြီး တောင်းပန်ပါရစေ။"

"ရှင် သိတယ်ဆိုလို့ ကျွန်မ ဝမ်းသာပါတယ်။ဒါနဲ့ ရှင်က ကျွန်မဆီ လာတွေ့လို့ မဖြစ်တာကို ဘာကြောင့် လာတွေ့နေရတာလဲ။အရှင့်သားက ရှင်နဲ့ကျွန်မ တွေ့တာကို သိရင် ကျွန်မကို ထပ်ပြီး ပြစ်တင်ကြိမ်းမောင်းနေပါဦးမယ်။"

"ကျွန်မ သူ့ကို ဒီလိုမလုပ်ဖို့ တားထားမှာပါ။"

သူမက ကယ်လီယန်ကို ထိန်းချုပ်နိုင်သည်ဟု သူမက စိတ်ကြီးဝင်စွာပြောလာခဲ့သည်။သို့တိုင် ဖလဲရ်၏ မျက်နှာပေါ်၌ အမှန်တကယ် အပြစ်ကင်းစင်နေသော အသွင်တစ်ခုသာ ရှိလေသည်။

ဝါး ၊သူမက တကယ်ကို ရွံစရာကောင်းတဲ့ ဇာတ်ကောင်ပဲ။

ငါ ဒါကို အရမ်းမုန်းတာပဲ။

"အင်း၊ ရှင့် စိတ်သဘောကျတဲ့အတိုင်း ဘာကြောင့် မလုပ်တာလဲ။ပြီးတော့ အခု ရှင် လုပ်ချင်တာ လုပ်ပြီးပြီလေ၊ ဘာလို့ မပြန်သေးတာလဲ။"

ကျွန်မသည် ဖလဲရ်နှင့် နောက်ထပ် စကားဆက်မပြောချင်ပါ။ထို့ကြောင့် သူမ တောင်းပန်ပြီးသည်နှင့် အမြန် ပြန်လွှတ်ဖို့ ကျွန်မ တွေးထားမိသည်။သို့သော် ဖလဲရ်ကမူ ပြော၍ ပြီးသေးမည့်ပုံ မရပေ။ရထားလုံးပေါ်မှ ဆင်းသွားရမည့်အစား ဖလဲရ်က ကျွန်မကို စိုက်ကြည့်ပြီး ပါးစပ်ဟလိုက်ပြန်သည်။

"မကြာသေးမီက မြို့စားကြီးကတော် အများကြီးပြောင်းလဲသွားပြီလို့ ကျွန်မ ကြားခဲ့ရတယ်။သတင်းစာထဲမှာရော ၊တစ်ခြားသူတွေ ပြောကြတာရော ကျွန်မ ကြားမိတယ်ရှင့်။"

သူမက တောက်ပစွာ ပြုံးလိုက်သေးသည်။

နင်က ငါ့ကို ဘယ်လိုတွေ ပြောချင်နေလို့လဲဟင်။

"ဒါကြောင့် ကျွန်မ ရှင့်ကို ပြောချင်တာလေး တစ်ခု ရှိပါတယ်။"

"ပြောပါ"

သူမက အသက်ပြင်းပြင်းရှူလိုက်သည်။

"ကောင်းပြီ၊ကျွန်မ ကွာရှင်းဖို့ ပြင်ဆင်နေပါပြီ။"

အဲ့ဒီတော့

"ပြီးရင်တော့ ကျွန်မ အရှင့်သားကို လက်ထပ်ပါမယ်လို့ သူ့ကို ကတိပေးထားပါတယ်။"

"..."

"ကျွန်မ ဆိုလိုတာက ကျွန်မက အရှင့်သားနဲ့ လက်ထပ်ဖို့အတွက်ကို အခုထဲက ကြိုတင်ပြင်ဆင်နေပါပြီလို့ပါ။"

အာ

ဒီတော့ ငါက ကယ်လီယန်ကို ကြိုက်နေတာ ဆိုတော့၊နင်က ငါ့ဆီ တမင်လာပြီး လက်ထပ်တော့မဲ့အကြောင်းကို လာပြောပြပေးတာပေါ့လေ။

"ရှင် ကျွန်မကို တက်ရောက်ဂုဏ်ပြုပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။"

နင့်မျက်နှာပေါ်က အပြုံးနဲ့လား။

ကျွန်မ မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီးနောက် အတွေးထဲ နစ်မြောနေမိသည်။

စာရေးဆရာရေ

ဒါက တကယ်ကို ဆိုးရွားတဲ့ ခယ်ဘူးင် ပဲ။

[캐붕/kaeboung - ဇာတ်ကောင်စရိုက် ပြောင်းလဲပျက်စီးသွားခြင်း(캐릭터 붕괴/ခယ်ရစ်ထော ဘူးင်ဂွယ်)ရဲ့ အတိုကောက် ကိုရီးယားစကားလုံး ဖြစ်ပါတယ်။ပြဇာတ်၊ဇာတ်လမ်းစသည်တို့၏ ဇာတ်ကောင်မှာ စာရေးသူ ရေးသားထားသည့် မူလစရိုက်သဘာဝမှ ထူးဆန်းစွာ ပြောင်းလဲသွားခြင်းကို ဖော်ပြရာတွင် သုံးပါတယ်။]

နင် မူလ ဖလဲရ်ကိုပဲ ပြန်ပေးလို့ ရမလား။

ကျေးဇူးပြုပြီး။


TK Team
++++++++