Chapter 32
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၂)

ဖလဲရ်သည် အသက်ပြင်းပြင်း ရှူလိုက်မိသည်။အိုဖီလီယာက သူမကို ဘယ်အချိန် ထရိုက်မည်ကို သူမ မသိသောကြောင့်ပင်။သူမကို အကြိမ်အနည်းငယ်ခန့် ရိုက်နှက်ဖူးသဖြင့် အိုဖီလီယာ၏ လက်ဆလက်န မည်မျှပြင်းသည်ကို သူမ သိသည်။

သို့တိုင် ဖလဲရ်သည် အိုဖီလီယာက သူမကို ရိုက်လာစေချင်သည်။ထိုမှသာ ကယ်လီယန်က ဒေါသတကြီးနှင့် အိုဖီလီယာကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည်။ဖလဲရ်သည် အိုဖီလီယာကို အလွန်မုန်းတီးသည်။သူမတို့ ပထမဆုံး တွေ့ဆုံချိန်ကတည်းက အိုဖီလီယာကို မုန်းတီးနေခြင်း ဖြစ်သည်။အလွန်မုန်းတီးရသဖြင့် အလွန် ဒေါသထွက်နေရခြင်း ဖြစ်သည်။

ဖလဲရ်သည် ကြွယ်ဝချမ်းသာသော မိသားစုတွင် မွေးဖွားကြီးပြင်းလာရသူ ဖြစ်ရာ သူမ ငယ်စဥ်ကတည်းက ဘယ်နေရာရောက်သည်ဖြစ်စေ အချိန်တိုင်းတွင် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။သူမ၏ လှပသော ရုပ်ရည်နှင့် သဘာဝအလျောက် ကြင်နာတတ်မှုကြောင့် ဖြစ်သည်။လူတွေက သူမကို ချီးမွမ်းကြပြီး နတ်သမီးလေးဟုပင် ခေါ်ဝေါ်ကြသည်။ထို့ကြောင့် သူမ၏ ရှေ့လျှောက် ဘဝခရီးလမ်းတွင် တောက်ပသော အနာဂတ်ရှိနေလိမ့်မည်ဟု ဖလဲရ် ယုံကြည်ထားခဲ့မိသည်။သူမတို့ အိမ်တော် မပျက်စီးရခင် အထိပင်။

ထိုအချိန်တွင် သူမဖခင်၏ ကုန်သင်္ဘောက မြုပ်သွားခဲ့သည်။နောက်ပိုင်းတွင် သူမကလည်း အမှားတစ်ခု ပြီး တစ်ခု လုပ်ခဲ့ပြီး မနက်ဖြန် ဘာစားရမည်ကိုပင် စိုးရိမ်နေရသည်အထိ တဖြည်းဖြည်း ဖြစ်လာတော့သည်။မိခင်ဖြစ်သူက နေ့တိုင်း ငိုယိုနေပြီး ဖခင်ကလည်း အရက်ပုလင်းဖက်၍ ရှင်သန်နေခဲ့သည်။ရလဒ်အနေဖြင့် ဖလဲရ်ကို နတ်သမီးလေးဟု မြှောက်ပင့်ခဲ့သူ အားလုံးမှာ သူမဘေးမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတော့သည်။

သူမမှာ နတ်သမီးလေး ထပ်မဖြစ်နိုင်တော့ပေ။ဆင်းရဲသော သာမန်ပြည်သူတစ်ယောက်၏ သမီး၊၎င်းကသာ သူမ၏ အတင့်အတန်း ဖြစ်ပေ၏။

ဖလဲရ်သည် ရက်ပေါင်းများစွာ စိတ်သောကရောက်နေခဲ့ပြီး နောက်ဆုံးတွင် ထိုသို့ ကြောက်စရာ အခြေအနေမှ ရုန်းထွက်ရန် ကြိုးပမ်းတော့သည်။သူမ၏ မျက်လုံးထဲ ဝင်လာသူက သူမထက် အသက်၁၂နှစ် ပိုကြီးသော ကောင့်မြို့စားဝီလီယမ် ဖြစ်သည်။ ကောင့်မြို့စားက သူမကို မည်မျှ နှစ်သက်သည်ကို ဖလဲရ် သတိရသွားသည်။ထိုကြောင့် သူမသည် ကောင့်မြို့စား၏အိပ်ခန်းအတွင်း ဝင်သွားပြီး သူမကို ကယ်တင်ပေးရန် တောင်းပန်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကောင့်မြို့စား ဝီလီယမ်က ကံမွဲရှာသော ဖလဲရ်ကို လက်ခံပေးခဲ့သည်။သူနှင့် လက်ထပ်မည်ဆိုပါက မိသားစု၏ ကြွေးမှီများကို ကူညီဖြေရှင်းပေးမည်ဟု ကောင့်မြို့စားက ကတိပေးခဲ့သည်။ရလဒ်အနေဖြင့် ဖလဲရ် ကောင့်မြို့စားကို လက်ထပ်ခဲ့သည်။သူမ ဘဝ၏ ဒုတိယအချိုးအကွေ့ကို စတင်ဖြတ်သန်းလာခဲ့သည်။လူများက သူမကို ကောင့်မြို့စားကတော်ဟူ၍ နောက်တစ်ကြိမ် မြှောက်ပင့်ချီးမွမ်းလာကြသည်။

သူမကို နတ်သမီးနှင့်တူသော ကောင့်မြို့စားကတော်ဟူ၍ ချစ်စနိုးနာမည်တစ်ခု ပေးလာကြသည်။

အသက်ကြီးပြီး ရုပ်ဆိုးသော ကောင့်မြို့စားမှာ သူမ၏ခင်ပွန်း ဖြစ်နေသော်လည်း ဖလဲရ်၏ ကောင့်မြို့စားကတော်ဟူသော ဂုဏ်ပုဒ် နှင့် လိုလေသေးမရှိ ကြွယ်ဝချမ်းသာခြင်းက ဖလဲရ်ကို သူမ၏ ဘဝအပေါ် ကျေနပ်နှစ်သိမ့်အောင် လုပ်ပေးခဲ့သည်။

ထို့နောက် သူမ ကယ်လီယန်နှင့် ဆုံစည်းခဲ့သည်။ထိုအချိန်အထိ သူမတွင် တခြားအကြံအစည်ဟူ၍ မရှိသေးပေ။ကယ်လီယန်မှာ စွန့်ပစ်ခံလိုက်ရသော အိမ်ရှေ့စံမင်းသားတစ်ပါး ဖြစ်သည်ဟု သူမ မကြားခင်အထိ ဖြစ်သည်။

ဖလဲရ် စဥ်းစားခဲ့သည်။

ငါက ဧကရီ မဖြစ်နိုင်ဘူးလား။

ငါက ဧကရီ ဖြစ်လာနိုင်တယ်။ငါ ဧကရီ ဖြစ်လာအောင် လုပ်မယ်။အမှန်ပဲ။ငါက ငါ့ဘဝကို ကောင့်မြို့စားကတော် တစ်ယောက်အဖြစ်နဲ့ပဲ ရောင့်ရဲကျေနပ်ပြီး ကုန်ဆုံးသွားမဲ့ မိန်းမ မဟုတ်ဘူး။

ငါက ထူးခြားတယ်။မဟုတ်သေးဘူး ။ထူးခြားတာပဲ မဟုတ်ဘူး။ငါက အရမ်းတောက်ပတယ်။ဒါကြောင့် ငါက အင်ပါယာတစ်ခုလုံးမှ အာဏာအရှိဆုံး ဧကရီ ဖြစ်လာရမယ်။

ဖလဲရ်သည် အိမ်ရှေ့စံမင်းသားကို တုပ်နှောင်ထားသည့် နှောင်ကြိုးကို ဘယ်တော့မှ ဖြည်ပေးမည် မဟုတ်ပေ။ကယ်လီယန်က သူမအပေါ် အမှန်တကယ်ပင် ချစ်မြတ်နိုး၍လည်း ဖြစ်လိမ့်မည်။ဖလဲရ်က ကယ်လီယန်ကို သူမ အပိုင်လူဖြစ်အောင် လုပ်ရန် စတင်ကြိုးစားခဲ့သည်။ ထိုအခါတွင် သူမဘဝ၏ တတိယအချိုးအကွေ့သို့ ရောက်လာခဲ့သည်။

မိန်းမတစ်ယောက် ပေါ်ထွက်လာခဲ့၏။

အိုဖီလီယာ ရိုင်ဇန်

ကြည့်စမ်း၊သူမ ဒီကို ထပ်လာပြန်ပြီ။

ဒီနေ့ သူမ ဒီနေရာမှာ ဘာတွေ ထပ်လုပ်ဦးမှာလဲ။

ဖလဲရ်သည် ရာစုနှစ်၏ အဆိုးရွားဆုံး မိန်းမ၊စုန်းမ ဟူသည့် အတင်းအဖျင်းများကို သိခဲ့သည်။ထို့ကြောင့် သူမ အိုဖီလီယာနှင့် ပတ်သက်ပြီး များများစားစား မတွေးခဲ့ပေ။

အိုဖီလီယာ ရိုင်ဇန်မှာ အလွန်လှပသည်။နှင်းနတ်သမီးလေးတစ်ပါး လူ့လောကသို့ သက်ဆင်းလာသည့်နှယ်။အိုဖီလီယာသည် အံ့အားသင့်ဖွယ် လှပပြီး သူမမှာ အနားပင် ကပ်၍မရသည့် အထက်တန်းလွှာ မင်းမျိုးမင်းနွယ်တစ်ပါးနှင့် တူလှသည်။ထို့အပြင် သူမက ဖလဲရ်ကဲ့သို့ ကူကယ်ရာမဲ့ ဖြစ်မနေပေ။မြိုသိပ်ထိန်းချုပ်နေစရာမလိုပဲ သူမ ပြောချင်သည်ကို ပြောနိုင်သည်၊သူမ လုပ်ချင်ရာကိုလုပ်နိုင်ခဲ့သည်။

သူမသည် စိတ်အလိုရှိသည့်အတိုင်း လုပ်နိုင်သော မိန်းမတစ်ယောက် ဖြစ်သည်။အခြားသူများထက်ပင် ပို၍ လွတ်လပ်ပေါ့ပါးသူ ဖြစ်သည်။၎င်းမှာ အိုဖီလီယာ ရိုင်ဇန် ဖြစ်၏။

ဖလဲရ်သည် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ဖူးသော ရှုံးနိမ့်ခြင်းဟူသည် ခံစားချက်ကြောင့် အရှက်ကြီး ရှက်သွားခဲ့မိသည်။သို့သော် အဆင်ပြေနေသေးသည်က ကယ်လီယန်၏ မျက်လုံးများမှာ အိုဖီလီယာအပေါ်၌ မရှိခြင်း ဖြစ်သည်။သူက ဖလဲရ် တစ်ဦးတည်းကိုသာ မြင်သည်။အိုဖီလီယာက သူမကို အနှောင့်အယှက်ပေးလျှင် ကယ်လီယန်သည် အိုဖီလီယာကို အမြဲတမ်း ဆဲဆိုကြိမ်းမောင်းခြင်းဖြင့် အပြစ်ပေးရန် ကြိုးပမ်းသည်။

မြို့စားကြီးဆိုဗက်စ်စတာ ရိုင်ဇန်၏ အရှိန်အဝါကြောင့် အိုဖီလီယာကို ပြင်းထန်စွာ အပြစ်ပေး၍ မရနိုင်ခဲ့သည်က နှမြောစရာပင်။သို့သော် ထိုသို့ဖြစ်သည့် အကြိမ်တိုင်း ကယ်လီယန်သည် အိုဖီလီယာက သူ့ကို လာသတ်နေသည့်နှယ် ပြုမူတတ်သည်။ထို့ကြောင့် ဖလဲရ်မှာ စိတ်သက်သာရာရခဲ့သည်။

အိုဖီလီယာ ရိုင်ဇန်သည် မည်မျှပင် ချောမောလှပ၍ မင်းမျိုးမင်းနွယ်တစ်ယောက် ဖြစ်နေပါစေဦး။သူမသည် ကယ်လီယန်၏ ချစ်မြတ်နိုးခြင်းကို ဘယ်သောအခါမှ မရရှိနိုင်သည့် သနားစရာ မိန်းမတစ်ယောက်မျှသာ ဖြစ်သည်။

သို့သော်လည်း

ဒါဆို အနာဂတ်မှာ အရှင့်သား သတင်းတစ်ခုခု လိုချင်တိုင်း ကျွန်မကို အခေါ်တော်ရှိပေးပါရှင်။

ကျွန်မက အရှင့်သားကို ကူညီပေးမှာ မို့လို့ပါ။

အိုဖီလီယာ ရိုင်ဇန်က ကယ်လီယန်ကို ကူညီပေးမယ်တဲ့လား။ အဲ့ဒီ စုန်းမကလေ။

ကယ်လီယန်က ချက်ချင်း ငြင်းပယ်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။သို့သော်ငြား

အင်း၊ ငါ အဲ့လို လုပ်မှာပါ။

ကယ်လီယန်သည် သူမ၏ ကမ်းလှမ်းလာမှုကို လက်ခံလိုက်သည်။ထို့ပြင် သူတို့နှစ်ယောက်ကြားရှိ လေထုက အလွန်ငြိမ်သက်သွားသည်။ မယုံနိုင်စရာပင်။အကယ်၍ ကယ်လီယန်ကိုသာ သူမဆီမှ ခေါ်ထုတ်သွားမည် ဆိုပါက

ငါ အရင်အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်။

သူမသည် ကောင့်မြို့စားနှင့် ကွာရှင်းတော့မည်ဖြစ်ရာ ကောင့်မြို့စားကတော် တစ်ယောက်ပင် ပြန်ဖြစ်လာတော့မည် မဟုတ်ပေ။ဆင်းရဲသော သာမန်ပြည်သူတစ်ယောက်သာ ပြန်ဖြစ်ရလိမ့်မည်။

ငါ ဒီလို ဖြစ်လို့မရဘူး။

ထို့ကြောင့် သူမ အိုဖီလီယာကို ကန်ထုတ်ပစ်ရန် လိုလာသည်။သူမထံမှ ကယ်လီယန်ကို လုယူသွားခွင့် မပြုနိုင်ပေ။ဖလဲရ်သည် အံကြိတ်ပြီး အိုဖီလီယာကို ကြည့်လိုက်သည်။အိုဖီလီယာသည် ဘာအမူအရာမှ မရှိသော အေးတိအေးစက်မျက်နှာဖြင့် သူမကို ကြည့်နေမြဲဖြစ်ရာ အလွန်ကြောက်စရာကောင်းနေသည်။

သို့သော်လည်း သူမ ဒီလောက်နှင့် နောက်ဆုတ်၍ မရပေ။

ဖလဲရ် တံတွေးမြိုချလိုက်မိသည်။

"မဒမ်၊ရှင် ကျွန်မတို့ မင်္ဂလာပွဲကို တက်ရောက်မှာ မဟုတ်လား။"

သူမက အိုဖီလီယာကို မနာလိုဖြစ်လာအောင် ဆွပေးနေခဲ့သည်။ပြီးနောက် သူမ၏ မျက်လုံးများကို အတင်းအကြပ် မှိတ်ထားမိသည်။ဒီတစ်ကြိမ်တွင် အိုဖီလီယာက သူမကို အမှန်တကယ် ရိုက်လိမ့်မည်ဟု သူမ တွေးထား၏။

"..."

သို့ရာတွင် မည်သည့်နာကျင်မှုမှ ဖြစ်မလာခဲ့ပေ။ဖလဲရ်သည် မှိတ်ထားသော မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်ကြည့်လိုက်မိသည်။အိုဖီလီယာမှာ ဘာမှ ပြောင်းလဲမှု မရှိဘဲ သူမကို ကြည့်နေဆဲ ဖြစ်လေသည်။

"အိုကေလေ"

အကြာကြီး တိတ်ဆိတ်နေခဲ့သော အိုဖီလီယာက ပြောလာသည်။

"ကျွန်မ လာခဲ့ပါမယ်။ဒီတော့ ရှင်အခု သွားလို့ရပါပြီလား။ကျွန်မ ပြန်သင့်တဲ့အချိန် ရောက်နေပြီ ထင်ပါတယ်။"

ဖလဲရ်မှာ စကားပင် ကောင်းစွာ မပြောလိုက်ရဘဲ ရထားလုံးပေါ်မှ မောင်းချခံလိုက်ရပါ၏။

တစ်လှမ်းပြီး တစ်လှမ်းခြင်း

ရထားလုံးထွက်ခွာသွားသည်ကို ကြည့်နေမိရင်း ဖလဲရ်မှာ မြန်မြန်ဆန်ဆန်ပင် ရှက်ရွံ့သွားရသည်။သူမ ရှုံးနိမ့်သွားခဲ့လေပြီ။သူမမှာ အရူးတစ်ယောက်လို တုန်ယင်နေတော့သည်။အိုဖီလီယာက ဒီအတိုင်း ကျော်ခွသွားခဲ့သည်။၎င်းမှာ နိုင်မည်ဟု ဆုံးဖြတ်ထားပြီးသား ကစားပွဲတစ်ခုကို ရှုံးနိမ့်သွားရသကဲ့သို့ပင်။

ဖလဲရ်မှာ မတော်တဆ သွားတစ်ချောင်း ကျိုးသွားရသကဲ့သို့ ဖြစ်နေခဲ့သည်။

"ဘယ်တော့မှ မရဘူး"

သူမ ဘယ်တော့မှ ဒီလို ဖြစ်ခွင့်မပေးနိုင်ပေ။ဖလဲရ်၏ မျက်လုံးများမှာ ဒေါသတဝင်းဝင်း ဖြစ်နေခဲ့သည်။

*

ဖလဲရ်က အဝေးကြီးတွင် ကျန်နေခဲ့သည်ကို ကြည့်ရင်း အခုမှသာ ကျွန်မ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သက်ပြင်းတစ်ခု ချလိုက်မိရင်း ခေါင်းကို နောက်သို့ မှီထားလိုက်ရသည်။

"အိုး ၊ငါ အရမ်းဒေါသဖြစ်လိုက်တာ။"

ကျွန်မ၏ အစာအိမ်မှာ ပွက်ပွက်ဆူနေ၏။

ကျွန်မ အရှင့်သားကို လက်ထပ်ပါမယ်လို့ သူ့ကို ကတိပေးထားပါတယ်။

ကျွန်မ ဆိုလိုတာက ကျွန်မက အရှင့်သားနဲ့ လက်ထပ်ဖို့အတွက်ကို အခုထဲက ကြိုတင်ပြင်ဆင်နေပါပြီလို့ပါ။

ရှင် ကျွန်မကို တက်ရောက်ဂုဏ်ပြုပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

ဒါက နင် ငါ့ကို ထပ်ပြီး တစ်ပတ်ရိုက်မလို့ လုပ်နေတာပေါ့။အဲ့ဒီစကားတွေက ဒီအတိုင်း အလွယ်ပြောလို့ရတဲ့ စကားမျိုးမှ မဟုတ်တာ။နင် ငါ့ဒေါသကို သိပြီးသားပဲလေ။

ငါက နင့်ကို ရိုက်လာအောင်လို့ နင် ဒီလို ပြောလိုက်တာ မဟုတ်လား။

ဘာလို့လဲ။

ကယ်လီယန်ကို ဆွပေးနိုင်ဖို့လား။

ကယ်လီယန်နှင့် ကျွန်မ ကြားက ဆက်ဆံရေးမှာ အနည်းငယ် ပို၍ ကောင်းမွန်လာဟန်တူသည်။ထို့ကြောင့် သူမက ဤအခြေအနေကို တမင်တကာ ဖျက်ဆီးပစ်ရန် ကြိုးစားခြင်း ဖြစ်မည်။၎င်းက အမှန်တကယ်ပင် ဟုတ်ပါရဲ့လော။မူလဇာတ်ကြောင်းတွင် ဖလဲရ်သည် သဘောကောင်းသူတစ်ယောက်ဖြစ်သည်။သူမလောက် သဘောကောင်းနိုင်သည့် ဇာတ်ကောင် ဟူ၍ မရှိပေ။

ဒါပေမဲ့ အခုကျတော့ရော။

"ဝေးဝေးသွားပါတော့၊တကယ်ပဲ။"

ကျွန်မ သက်ပြင်းချလိုက်ရင်း ခေါင်းကို နောက်ဖက်သို့ လှည့်ကြည့်လိုက်သည်။အကယ်၍ မူလအိုဖီလီယာ ဆိုလျှင် စောစောက အခြေအနေမျိုး၌ ဖလဲရ်ကို ပါးရိုက်သည်ဖြစ်စေ ဆံပင်ဆောင့်ဆွဲသည်ဖြစ်စေ လုပ်မည်ဖြစ်သည်။ထိုသို့ဖြစ်သွားပါက ဖလဲရ်သည် ကယ်လီယန်ဆီသို့ အပြေးအလွှားသွားပြီး အိုဖီလီယာက နှိပ်စက်မှုနေပါသည်ဟု မဟုတ်တမ်းတရားတွေ စွပ်စွဲနေလိမ့်မည်။

သို့သော် ကျွန်မက ထိုသို့မလုပ်ခဲ့ပေ။ဒေါသ ပေါက်ကွဲပစ်ရမည့်အစား ကျွန်မ ထိန်းချုပ်ထားလိုက်သည်။ထိုနည်းဖြင့်သာ သူမ၏အကြံဆိုးကို အနိုင်ရနိုင်မည်ဟု ကျွန်မ ခံစားမိသည်။ထို့ကြောင့် ကျွန်မ၏ဒေါသကို မြိုသိပ်ထားလိုက်သည်။သို့သော် ကျွန်မ၏ အစာအိမ်ကမူ ဒေါသများဖြင့် တပွက်ပွက်ဆူနေပြီး အပြင်ကို လျှံကျလုမတတ်ပင်။ 

နင်က အတိတ်မှာ ငါ့ကို ဒီလိုနည်းနဲ့ ပြန်ဒုက္ခပေးခဲ့တာကိုး။

သူမ၏မျက်နှာက အမှန်ပင် အရှက်မဲ့လွန်းသည်။

"သူမက အိမ်ရှေ့စံမင်းသားကို ထပ်ပြီး လိမ်ပြောရင်ရော။"

အိုဖီလီယာက သူမကို ရိုက်ပါသည် သို့မဟုတ် တစ်ခုခု လုပ်ပါသည်ဟု သူမက လိမ်ပြောနိုင်သည်။

အဲ့ဒီလို အမှန်တကယ် မဖြစ်ခဲ့တာတောင်မှလေ။

ကျွန်မ နှုတ်ခမ်းကို ကိုက်ထားမိသည်။ကျွန်မနှင့် ကယ်လီယန်ကြားက ဆက်ဆံရေးကို အလျင်အမြန် နီးစပ်လာစေရန် ကြိုးပမ်းဖို့ လိုအပ်သည်။သည်ကြားထဲတွင် ဖလဲရ်က ဘာလုပ်မည်ကို ကျွန်မ မသိပေ။အနည်းဆုံးတော့ ကယ်လီယန်က ကျွန်မအပေါ် ယုံကြည်အားထားလာစေချင်သည်။

ကြိုးစားရအောင်။

ကျွန်မ သက်ပြင်းချလိုက်ပြီး ဂါဝန်၏ တွန့်ကြေနေသော အနားစကို ဖွလိုက်မိသည်။ကျွန်မ စံအိမ်တော်ကို ပြန်ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။ပထမဦးဆုံး အခန်းထဲ ဝင်၍ အနားယူရမည်။ကျွန်မ အလွန် ပင်ပန်းနေသည်။ဒီအကြောင်း နောက်မှ ဆက်စဥ်းစားတော့မည်။ထိုသို့ တွေးရင်း ဖွင့်ထားသော ရထားလုံးတံခါးပေါက်မှ ကျွန်မ အပြင်သို့ ခြေချလိုက်သည်။

ထိုအချိန်တွင်

"အိုဖီလီယာ"

ရင်းနှီးနေသော အသံတစ်ခုက ကျွန်မ၏နားကို ယားယံသွားစေသည်။ကျွန်မ အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။တဖြတ်ဖြတ် ခါနေသော အနက်ရောင် ဝတ်ရုံကို ဝတ်ထားသည့် ဆိုဗက်စ်စတာက ကျွန်မဆီသို့ လျှောက်လာလေသည်။နက်ရှိုင်းသော ညကောင်းကင်နှင့် တူညီစွာ မည်းမှောင်ပြီး တောက်ပနေသော ဆံပင်များသည် ပို၍ ထူးကဲစွာပင် လှပနေလေ၏။

ကောင်းမွန်စွာ ဖြီးလိမ်းပြင်ဆင်ထားသော အသွင်အပြင်မှာ ယနေ့မှ ပို၍ပင် ချောမောခန့်ညားနေသယောင်။ကျွန်မ၏မျက်လုံးများက တစ်မျိုး ထူးဆန်းနေသဖြင့် အံ့ဩသွားကာ မျက်လုံးများကို အကြိမ်အနည်းငယ်ခန့် ပွတ်သပ်မိလိုက်သည်။ကျွန်မ ကယ်လီယန်နှင့် စကားပြောပြီးနောက် ဖလဲရ်ကပါ ထပ်ပြီး ဒုက္ခပေးသွားသဖြင့် ကျွန်မ အလွန်ပင်ပန်းလာ၍ ဖြစ်လိမ့်မည်။သို့သော် ဆိုဗက်စ်စတာမှာ ချောမောနေဆဲ ဖြစ်သည်။

အင်း သူက အမြဲတမ်း ချောမောခန့်ညားလွန်းတယ်။

ကျွန်မ မြန်မြန် ခေါင်းငြိမ့်လိုက်ပြီး သူ ကမ်းပေးသောလက်ကို လှမ်းဆွဲလိုက်သည်။

"ရှင် ဒီကို ဘာကြောင့် လာရတာလဲ။"

"အရမ်းနောက်ကျမှ ပြန်လာတာက ဘယ်သူလဲ။"

ဆိုဗက်စ်စတာသည် လက်မှ နာရီကို ထုတ်ကြည့်ရင်း အချိန်ကို စစ်ဆေးလိုက်သည်။

"အပြင် ခဏသွားဦးမယ်လို့ ပြောသွားတဲ့ တစ်ယောက်က အရမ်းကြာနေလို့လေ။"

"အိုင်ရင်းက ရှင့်ကို မပြောပြဘူးလား။ကျွန်မ အိမ်ရှေ့စံမင်းသားနဲ့ သွားတွေ့တာကိုလေ။"

"စဥ်းစားကြည့်ဖို့က အရမ်းနောက်ကျနေပြီ။"

ဆိုဗက်စ်စတာက ပြောသကဲ့သို့ပင် ကောင်းကင်မှာ မှောင်မည်းစ ပြုလာတော့သည်။မှန်ပေသည်။စကားပြောခြင်းက အနည်းငယ် ပိုကြာသွားခဲ့သည်။ကျွန်မ အမှန်ပင် လက်ခံပါ၏။

"နောက်ကျမယ်လို့ မပြောထားဘဲ နောက်ကျသွားခဲ့လို့ ကျွန််မ တောင်းပန်ပါတယ်။ဒါနဲ့လေ ကျွန်မ အခု အထဲဝင်ပြီး အနားယူလို့ရမလား။ကျွန်မ အရမ်း ပင်ပန်းနေပြီ။"

"ပင်ပန်းတယ် ဟုတ်လား။မင်းက အမြဲတမ်း စွမ်းအင်တွေ အပြည့် ဖြစ်နေတာပဲလေ။"

ဆိုဗက်စ်စတာ၏ မျက်လုံးများ မှေးစင်းသွားသည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ။"

ဖလဲရ်က ကျွန်မ ထင်ထားသည်ထက် အများကြီး ပိုဆိုးနေသည်။ကျွန်မ ထိုသို့ ပြောလိုက်ချင်ပါ၏။သို့သော်

ရှင် ကျွန်မကို ယုံကြည်မှာလား။

ကျွန်မ နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။

"ဒါက ..."


TK Team
++++++++