>ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ပါဘူး > Ch 35
"ခဏလေးနေပါအုံး။ဘာလို့ဒီလောက် အစောကြီးရောက်လာကြတာလဲ"
ကြိုတင်ပြင်ဆင်မှုမပြီးသေးသော ရိုစ့်မယ်ရီသည် မျှော်လင့်ထားသည်ထက်စောစွာရောက်လာသော ဗိုင်းကောင့် နှင့် လူနာကိုတွေ့လိုက်ရသောကြောင့် ရှက်ရွံ့စွာဖြင့် သူမပါးသူမကိုင်ကာပြောလိုက်သည်။
သူမသည် ဗိုင်းကောင့်နှင့် သူ့အဖွဲ့ မရောက်လာမီတွင် ဥယျာဉ်တွင် လက်ဖက်ရည်သောက်ရန် ဟန်ဆောင်ပြီး သူတို့ကို သဘာဝအတိုင်း ဖိတ်ခေါ်ဖို့ စီစဉ်ထားခဲ့သည်။
ဒါပေမယ့် တစ်ယောက်ထဲ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့နေနေသာသာ သူမလက်ဖက်ရည်သောက်ရန်ဟန်ဆောင်ဖို့တောင် မပြင်ဆင်ရသေးခင် သူတို့ရောက်လာခဲ့ကြသည်။
ဒါက ပြဿနာတစ်ခုပင်။ သူမသည် စိုးရိမ်တကြီးဖြစ်သွားမိသည်။ ရို့စ်မယ်ရီက စိတ်ပျက်လက်ပျက်ဖြင့် အိမ်တော်ထိန်းဘက်သို့ လှည့်လိုက်သည်။
"ငါတို့ ဘာလုပ်ကြမလဲ!"
"ဒါက အဆင်ပြေပါတယ်။သူတို့ စံအိမ်ကြီးတဝိုက်ကို ကြည့်ပြီးတာနဲ့ သူတို့ကို လက်ဖက်ရည်သောက်ဖို့ဖိတ် ပြီးတော့ သူတို့မှာ မေးစရာရှိမရှိ မေးလို့ရတယ်"ဟု အိမ်တော်ထိန်းက တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။
အိမ်တော်ထိန်း၏ တည်ငြိမ်သောအသံကိုကြားလိုက်ရပြီးနောက် ရို့စ်မယ်ရီ၏ စိုးရိမ်စိတ်များက အနည်းငယ်ပြေလျော့သွားတော့သည်။ ဒါက ရိုးရှင်းသောဖြေရှင်းချက်တစ်ခုဖြစ်သော်လည်း အန်းသန့်စ်၏ရည်းစားသည် လှည့်စားတတ်သူဖြစ်ကြောင်း သူမကြားမိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည် မလိုအပ်ဘဲ စိုးရိမ်ပူပန်မှုကြီးထွားလာခဲ့ပြန်သည်။
ဒါက နည်းနည်းတော့ ကြောက်စရာကောင်းတယ်။
"ပြီးတော့ ကျွန်တော် ကိုယ်ရံတော် အယောက်နှစ်ဆယ်ကို ချထားတာမို့ သိပ်စိတ်မပူပါနဲ့"
အိမ်တော်ထိန်း၏ နှစ်သိမ့်ပေးလာမှုကြောင့် ရို့စ်မယ်ရီသည် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ပြတင်းပေါက်မှမြင်ရသော ရထားကို အာရုံစိုက်လိုက်သည်။
" သူတို့ပြောခဲ့တဲ့အတိုင်း မကြာသေးမီကမှ ရွှေတွင်း ရှာတွေ့ခဲ့ပေမယ့် ရထားကတော်တော်လေးကောင်းတာပဲ"
ထိုသို့သော အသေးအဖွဲ အတွေးများအပေါ် အာရုံပြောင်းသွားပြီး ခဏအကြာတွင် ရထားတံခါးပွင့်လာပြီး သူမစောင့်မျှော်နေခဲ့သော ဧည့်သည်က ထွက်ပေါ်လာခဲ့သည်။
'… အိုး… အန်းသန့်စ် က ဆွဲဆောင်မှုရှိတဲ့ လက်တွဲဖော်ကို ဘယ်လိုရွေးရမလဲဆိုတာ သိတာပဲ'
ရို့စ်မယ်ရီသည် အန်းသန့်စ်ကို တိုက်ခိုက်တာကလွဲ ဘာမှသဲသဲကွဲကွဲမသိဘူးဟု ထင်ခဲ့ပေမယ့် အန်းသန့်စ်၏ချစ်သူမှာ သူမမျှော်လင့်ထားသည်ထက် ပိုမိုလှပပြီး ပြေပြစ်ပေသည်။ အန်းသန့်စ်လိုနာမည်ဂုဏ်သတင်းရှိသူက ဒီလိုမျိုးမိန်းမလှလေးကို ချိန်းတွေ့နိုင်တာက အံ့သြစရာပင်။
သို့တိုင်အောင် သူနှင့်ချိန်းတွေ့မည့် အမျိုးသမီးတိုင်းသည် သွေးနှင့်မျက်ရည် ကင်းမဲ့နေသောသူဖြစ်မှာ သေချာလောက်တယ်ဟု သူမတွေးမိလိုက်သည်။
မဟုတ်ရင် စိတ်ကျန်းမာတဲ့လူက အန်းသန့်စ်လိုလူနဲ့ ဘာလို့ ချိန်းတွေ့ရမှာလဲ။
မည်သို့ပင်ဖြစ်စေ သူမသည် နာမည်ဆိုးဖြင့်ကျော်ကြားသော သခင်ငယ်လေး ရိုဒရီယန်ကို အနိုင်ယူနိုင်ခဲ့သည်။
'ကြည့်ရတာ ဗိုင်းကောင့်က သူမရဲ့ ဒေါသကို မခံနိုင်တော့လို့ ငါ့စံအိမ်ဆီ ချက်ချင်း ခေါ်လာတာများလား'
ဒီလိုမှမဟုတ်ရင် သူတို့ဒီလောက်မြန်မြန်ရောက်နိုင်မည့် အကြောင်းမရှိပေ။
ရို့စ်မယ်ရီသည် အန်းသန့်စ်နှင့် ချိန်းတွေ့နိုင်လောက်မည့် လူအမျိုးအစားမျိုူကို တွေးကြည့်ကာ အနည်းငယ်ဖွင့်ထားသော ပြတင်းပေါက်ဆီမှ နည်းနည်း ခိုးကြည့်လိုက်သည်။
ခဏအကြာမှာတော့ မှိန်ဖျော့သောစကားဝိုင်းတစ်ခု ကြားလိုက်ရသည်။
"ပန်းခြံက ရှင်ပြောခဲ့သလို လှသားပဲ။ မလာခဲ့မိရင် နောင်တရမိမှာ"
"လေဒီ သဘောကျလို့ ကျွန်တော်အရမ်းဝမ်းသာပါတယ်"
"ဒါပေမယ့် ဒီလိုရာသီဥတုမှာ နှင်းဆီပန်းတွေကို ဘယ်လိုစီမံခဲ့တာလဲ"
"အအေးဒဏ်ကိုခံနိုင်တဲ့ အရည်အသွေးမြင့် နှင်းဆီမျိုးကွဲတွေကိုပဲ သေချာရွေးချယ်ထားတာပါ"
"ဒီစံအိမ်ကြီးအတွက် အများကြီး အားထုတ်ထားတဲ့ပုံပဲ။ရှင်ဘာကြောင့် ဒီလောက်ပြချင်တာလဲဆိုတာ ကျွန်မအခုမှနားလည်သွားတော့တယ်။ ဒါက တကယ် အံ့သြစရာကောင်းပြီး စွဲမက်စရာကောင်းတယ်"
"ဟား ဟား! ကျွန်တော် နည်းနည်းချဲ့ကားပြီးပြောခဲ့မိလို့ ရှက်မိခဲ့မယ့် လေဒီရဲ့ကြင်နာတတ်တဲ့စကားတွေကိုကျေးဇူးတင်ပါတယ်"
…ခဏလေးနေပါဦး! သူမ ကြည့်ရတာ ဘာလို့ဒီလောက် ပုံမှန်ဆန်နေရတာလဲ။
ရို့စ်မယ်ရီသည် သူမက စံအိမ်ကြီးနှင့် ဘာကြောင့်ချီးကျူးနေပြီး ဗိုင်းကောင့်ကလည်းဘာလို့ဒီလောက်သာမန်လိုဖြစ်နေမှန်းနားမလည်နိုင်ပေ။
'ငါပဲ မှားကြားမိတာလား'
သူမ နားကြားမှားသည်ဟု သံသယဝင်ကာ သူမနားကို ပိုအာရုံစိုက်နားထောင်လိုက်သည်။
"နှင်းဆီပင်တွေက ဘယ်လောက်ပဲခံနိုင်ရည်ရှိရှိ အနည်းဆုံး ဒါကိုကောင်းကောင်းထိန်းသိမ်းထားဖို့ ကျွမ်းကျင်တဲ့ ဥယျာဉ်မှူးတစ်ယောက်တော့ လိုအပ်မှာ မလား"
"ဟုတ်တယ်၊ အဲ့တာ မှန်တယ်"
"ကျွန်မ ဒီအိမ်ကြီးကိုဝယ်လိုက်ရင် ရှင် ကျွန်မကို ဒီလို ကောင်းကောင်းထိန်းသိမ်းနိုင်တဲ့ ဥယျာဉ်မှူးနဲ့ မိတ်ဆက်ပေးမလား။ ကျွန်မအစေခံတွေက ဥယျာဉ်ထိန်းသိမ်းတာ မကျွမ်းကျင်ကြဘူး"
"လေဒီ့ရဲ့တောင်းဆိုမှုကို ပိုင်ရှင်ဆီ ကျွန်တော်တင်ပြလိုက်ပါမယ်"
သူမသည် ပိုင်ရှင်ထံမဟုတ်ဘဲ ဗိုင်းကောင့်ကိုသာမေးရန် ရည်ရွယ်ခဲ့သည်။သူမ၏ ပုံရိပ်သည် အပြင်ဘက်တွင်ရှုပ်ထွေးစွာပျံ့နှံ့နေသောကြောင့် အခြားသူများနှင့်တွေ့ဆုံရန် ဝန်လေးနေခဲ့သည်။ အကယ်၍ အမှုစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး ကောလာဟလများ ပျံ့နှံ့သွားပါက အဆင်ပြေနိုင်သော်လည်း ယခုတွင်မူဘယ်သူမှ မသိကြပုံရသည်။
မြို့စားကြီးမိသားစု သတင်းများကိုဖိနှိပ်နေတာ သို့မဟုတ် လူများကမြို့စားကြီးမိသားစုနှင့်သွားမရှုပ်ချင်တာဖြစ်ကောင်းဖြစ်နိုင်သည်။
လူနာက မတုံ့ပြန်လာသောကြောင့် စိတ်အားထက်သန်နေသော ဗိုင်းကောင့်က လျင်မြန်စွာထပ်ဖြည့်ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ လေဒီက အရမ်းကောင်းတဲ့သူဆိုတော့ သူတို့ကသဘောကျမှာ သေချာပါတယ်"
"ကြားရတာ စိတ်သက်သာရာရပေမယ့်...ကျွန်မ မျက်နှာသာရအောင်လို့ လက်ဆောင်တစ်ခုလောက် ပေးရကောင်းမလားမသိဘူး"
"ကျွန်တော် အလယ်မှာ ညှိနှိုင်းပေးဖို့ ကြိုးစားပါ့မယ်"
...မျက်နှာသာရအောင်။ လက်ဆောင်လား။ မညှာမတာ ရန်စတာ ဒါမှမဟုတ် ခြိမ်းခြောက်တာမလုပ်ဖူးလား!
ရို့စ်မယ်ရီသည် သာမန်လိုစကားများနှင့် ကြင်နာ ငဲ့ညှာသော စကားမှကလွဲပြီး ဘာပုံမှန်မဟုတ်သော စကားကိုမျှမကြားရပေ။
မြို့စားအနွယ်ဝင်များသည် များသောအားဖြင့် မာနကြီးတတ်ကြသည်။ တစ်ယောက်ယောက်ကို မိတ်ဆက်ပေးဖို့ တောင်းဆိုမယ့်အစား တန်းတူရည်တူ ကျွမ်းကျင်သည့် ဥယျာဉ်မှူးများ ရှိသည်ဟုသာ ကြွားချင်ကြသည်။ မကောင်းကြောင်းကို ထုတ်ဖော်တာက ရှက်စရာဟု ထင်မြင်ကြသည်။
"သူမက ထူးဆန်းပုံပေမယ့်… ပုံမှန်လိုပါပဲ"
ရို့စ်မယ်ရီ နှင့်အတူ လူနာကို လျှို့ဝှက်စွာ အကဲခတ်ကြည့်နေသော အိမ်တော်ထိန်း က ပြောလိုက်သည်။
"အမှန်ပဲ! ဒီလို စိတ်ကျန်းမာတဲ့လူက ငါ့အကိုလိုလူမျိုးနဲ့ ဘယ်လို ပတ်သက်နိုင်မှာလဲ!"
ရွန်ဟုခေါ်သော အစေခံတစ်ယောက်က ဒါကို မျက်မြင်တွေ့ခဲ့သည်ဆိုသော်လည်း ယုံရခက်နေဆဲဖြစ်သည်။
"အစကတော့ ကျွန်တော်လည်း ဒီလိုပဲထင်ခဲ့တယ်။ဒါပေမယ့် ဗိုင်းကောင့်ကို ဆက်သွယ်တုန်းက သူက တကယ်ပဲ လေဒီပဲလ်က သခင်လေးအန်းသန့်စ်သူ့ကို မိတ်ဆက်ပေးခဲ့တဲ့ သူလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်"
မဟုတ်ဘူး!မိတ်ဆက်ပေးတယ်ဆိုတိုင်း သူတို့က တကယ်ချိန်းတွေ့နေတယ်လို့ မဆိုလိုဘူးမလား!
ဘယ်လိုပဲဖြစ်ဖြစ် ကောလဟာလတွေ၊ အခြေအနေတွေက လွဲချော်နေရင်တောင်မှ သူ၏ရှေ့နေရော ဗိုင်းကောင့်ကိုပါ သူမနှင့်မိတ်ဆက်ပေးခဲ့သည့်အချက်ကြောင့် သူမအပေါ်တွင် အတိုင်းအတာတစ်ခုအထိတော့ ခံစားချက်ရှိနေသည့် ပုံပင်။
"မဟုတ်သေးဘူး ငါတို့နည်းနည်းကြာအောင် ဆက်ကြည့်ရအောင်။ဘယ်ပြောနိုင်မလဲ သူမရဲ့ တကယ့်အစစ်အမှန်ပုံစံတွေ ပေါ်ရင်ပေါ်လာမှာပေါ့"
ရို့စ်မယ်ရီက အသေအချာပြောလိုက်သည်။ အိမ်တော်ထိန်းကလည်း ခေါင်းညိတ် သဘောတူလိုက်သည်။
ထိုအချိန်တွင် ဗိုင်းကာင့်နှင့် လူနာတို့၏ အသံများကို ဖွင့်ထားသော ပြတင်းပေါက်မှ ကြားလိုက်ရသည်။
"ဥယျာဉ်က လှတယ်ဆိုပေမယ့် စံအိမ်ကြီးရဲ့ ပင်မအဆောက်အဦးကလည်း တကယ့်ကိုခမ်းနားတယ်။ အပြင်ပိုင်း၊ အတွင်းပိုင်းနဲ့ ကြမ်းခင်းတွေအားကို ပြည်ပကနေတင်သွင်းတဲ့ အရည်အသွေးမြင့် ကျောက်တွေ့ လုပ်ထားတာလေ။ အဲ့တာက လှပသပ်ရပ်ရုံတင်မကဘူး တာရှည်လည်းခံတယ်။ စံအိမ်ကြီးထဲက အသုံးပြုတဲ့ ပစ္စည်းတွေအားလုံးကလည်း မှတ်တမ်းတင်ထားတယ်။ ဒါက ကျွန်တော်တို့ ယုံကြည်ချက်အတွက် သက်သေပဲပေါ့ဗျာ"
"တကယ်လား။ဒါဆို ကျွန်မ လှည့်ပတ်ကြည့်လို့ရမလား"
"ဒါပေါ့ ဒါပေါ့"
စံအိမ်ကြီးကို လှည့်ပတ်ကြည့်ချင်မှန်း ကြားလိုက်တာကြောင့် ရို့စ်မယ်ရီ၏ မျက်လုံးများတောက်ပသွားပြီး အိမ်တော်ထိန်းကို စေ့စေ့ကြည့်လိုက်သည်။
"သူတို့နောက်ကို လိုက်ကြရအောင်"
"ဟုတ်ကဲ့ ကျေးဇူးပြုပြီးသွားပါ"
"အတူတူသွားမှာလေ။နင် ဘာတွေပြောနေတာလဲ"
"...အာ တစ်ယောက်တည်းသွားမှာမလား"
"ဒါဆို ငါက တစ်ယောက်တည်းလိုက်ချောင်းရမှာလား"
"ဟုတ်ကဲ့။ ကျွန်တော်တို့မိသားစုအတွက် တောင်းဆိုပါတယ်"
"ဝီလီယမ်ကလည်း ငါတို့မိသားစုက ပဲမဟုတ်ဘူးလား"
"ကျွန်တော်က ဖန်း မိသားစုကပါ"
"မဟုတ်ဘူး၊ ငါသိတယ်လေ ဒါပေမယ့်…"
"ဒါပေါ့ ကျွန်တော်က မားကွစ် မိသားစုအတွက် မြှုပ်နှံထားဖို့ ရည်ရွယ်ထားပေမယ့် ဖန်းမိသားစုက ဆင်းသက်လာတာပါ"
"မဟုတ်ဘူးလေ နင်ပြောတာမှန်ပေမယ့်…"
"မိသားစုအကျိုးအတွက် သခင်မလေးကိုတောင်းဆိုနေတာပါ လေဒီရို့စ်မယ်ရီ"
ဘယ်ကဆင်းသက်လာလဲဆိုပြီး အငြင်းပွားလာမှုကြောင့် ထပ်တုံ့ပြန်စရာမရှိတော့သောကြောင့် ရို့စ်မယ်ရီ ငြီးတွားလိုက်သော်လည်း စကားဝိုင်းကိုအနိုင်ရခဲ့သော အိမ်တော်ထိန်းသည် ဗလာအမူအရာဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။
သူ့ကို အားကိုးဖို့ ဘယ်လိုမှမရတာကြောင့် ရို့စ်မယ်ရီသည် အိမ်တော်ထိန်းကို အလျင်အမြန် စွန့်လွှတ်လိုက်ပြီး လူနာနောက်ကိုလိုက်ဖို့ အလျင်အမြန် ထွက်သွားလိုက်သည်။သူမဒုက္ခရောက်လာရင်တော့ အဘက်ဘက်က ကိုယ်ရံတော်တွေက တစ်နည်းနည်းနဲ့ ကူညီမယ်လို့တော့ မျှော်လင့်ရသည်
* * *
လူနာသည် ဗိုင်းကောင့် နှင့်အတူ အိမ်ကြီးကို အေးအေးဆေးဆေး လှည့်ပတ်ခဲ့သည်။ သူမအဲဒီမှာနေဖို့ ရည်ရွယ်ထားတာကြောင့်၊ ပြတင်းပေါက်ဘောင်တွေကိုတောင်မှ သူမလက်များဖြင့် စေ့စေ့စပ်စပ် ထိကာစစ်ဆေးခဲ့သည်။
"ဒီအိမ်ကြီးရဲ့ သန့်ရှင်းရေးကို ထိန်းသိမ်းဖို့ဆို အစေခံဘယ်နှစ်ယောက်လောက်လိုလဲ"
"များသောအားဖြင့်၊ ကျွန်တော်သိသလောက်တော့ အိမ်တော်ထိန်းတစ်ဦးနဲ့ အစေခံဆယ့်ငါးယောက်က အိမ်ကြီးကို စီမံခန့်ခွဲပါတယ်"
"ဒါဆို ဒီမှာနေမယ်ဆိုရင် အလုပ်သမားအရေအတွက်က တိုးရမှာမလား"
"ဟုတ်ပါတယ်။ အထိရောက်ဆုံး ဝန်ထမ်းအရေအတွက်ကို ပိုင်ရှင်ဆီ မေးတာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်"
"ဒီလိုအသေးစိတ်အချက်တွေကိုပါ မေးလို့အဆင်ပြေပါ့မလား"
"ပြေလောက်ပါတယ်။ ပိုင်ရှင်က တောက်ပပြီး ရွှင်လန်းတဲ့လူဖြစ်လို့ လေဒီ့ကို ကူညီပေးမှာ သေချာတယ်"
စံအိမ်ကြီးကို လှည့်ပတ်နေစဉ် ဗိုင်းကောင့်သည် တစ်စုံတစ်ရာကို အရိပ်အမြွက်ပြနေပုံရသည်။
ရို့စ်မယ်ရီက လက်ဖက်ရည်တစ်ခွက်သောက်ဟန်ဆောင်ပြီး 'အိုး ! တိုက်ဆိုင်လိုက်တာ ငါလည်းဒီကိုရောက်နေတာ' ဟုသူတို့ကို ပြောလာရန်မျှော်လင့်ထားသည်။
"သူနဲ့ အသေးစိတ်ဆွေးနွေးပြီး ကျွန်တော်သတိမထားမိတဲ့ဟာတွေတောင် သင်ယူတာက လေဒီ့အတွက်ကောင်းနိုင်တယ်"
"ဟင်း.. အဲဒါက အနှောင့်အယှက်ပေးသလိုမဖြစ်နေဘူးလား"
ထို့အပြင် မြို့စားအနွယ်ဝင်အများစုသည် လူနာ နှင့်မပေါင်းသင်းတတ်ကြပေ။ သူမသိသော မြို့စားအနွယ်ဝင်များမှာ ဖယ်ဆန်၊ဆိုင်ယာ သို့မဟုတ် သူမ၏ သူငယ်ချင်းများကဲ့သို့ ထူးဆန်းသူများသာဖြစ်ကြပါသည်။
"သူက လူတွေနဲ့ စကားပြောရတာကို နှစ်သက်တဲ့အတွက် အနှောင့်အယှက်မဖြစ်ပါဘူး။သူက စံအိမ်ကြီး ဝယ်တဲ့သူကို ကိုယ်တိုင်ကိုယ်ကျတောင် ရှင်းပြချင်တယ်လို့ ပြောသေးတယ်"
တကယ်ဆိုပါက ဒီထက်ပိုကောင်းတာ ဘာမှမရှိပေ။ လော်ရာ၊ ဘယ်ရွန်မြို့စားနှင့် အမ်မာတို့သည် ဤမျှကြီးကျယ်ခမ်းနားလှသော အိမ်ကြီးကို မသိနားမလည်သောသောကြောင့် သူမ အကူအညီပိုတောင်းသင့်ပေသည်။
"ဒါကအဆက်အသွယ်တွေ တည်ဆောက်ဖို့ အချိန်ကောင်း ဖြစ်နိုင်တယ်"
"ကျွန်မတော့ အဲဒါက ကျွန်မကို ရောင်းသူဘက်က ကြိုက်လား မကြိုက်လား အပေါ် မူတည်မယ်ထင်တယ်။ အကြံဉာဏ်ရောအဆက်အသွယ်အတွက်ရော"
သူမသည် အမှုစီရင်ချက်ကို နဖူးပေါ်တင််ပြီး လမ်းပေါ်မှာ လျှောက်သွားသင့်လားလို့တောင်တွေးလိုက်မိသည်။သူမ၏ မကောင်းသတင်းကောလဟာလများက ဒီလောက်ထိပျံ့နှံ့မယ်လို့ စိတ်ကူးမယဉ်ဖူးခဲ့ပေ။
ဖယ်ဆန်နှင့် ဆိုင်ယာတို့ကြားတွင် သူမက ကွဲအောင်လုပ်နေသည်ဟူသော ကောလဟာလများ ရှိနေသေးသည်။ ရောင်းသူဘက်က သူမအပေါ်အပြုသဘောဆောင်သောအမြင်ရှိနိုင်လောက်ပါ့မလားဟု သူမတွေးမိသည်။
လူနာ၏ စိတ်ပျက်နေသောအပြုံးကို ကြည့်ပြီး ဗိုင်းကောင့်သည် လူနာ၏ အရည်အချင်းကောင်းများကို စိတ်အားထက်သန်စွာ စာရင်းလုပ်ခဲ့မိသည်။
"ဒါပေါ့ ရောင်းသူဘက်က လေဒီ့ကို ကြိုက်ကြလိမ့်မှာသေချာတယ်။ လေဒီက ပညာရှိတယ်၊ လှပတယ်၊စိတ်ထားကောင်းတယ်၊ သိက္ခာရှိတယ်၊ ကြင်နာတယ်၊ သဘောထားကြီးတယ်၊ လူကောင်းတစ်ယောက်ပဲလေ။ ပိုင်ရှင်ကလည်း ကြင်နာတတ်တဲ့သူမို့ လေဒီ့ကို သဘောကျမှာ သေချာပါတယ်…"
ဗိုင်းကောင့်သည် စိတ်အားထက်သန်စွာဖြင့် ချဲ့ကားချီးမွှန်းလိုက်သည်။
သူတို့ စကားပြောခဲ့တာဖြင့် ဘယ်လောက်ရှိသေးလို့လဲ...
ချဲ့ကားပြောဆိုမှုများသည် အလယ်အလတ်ဆိုရင်သာ အမြဲတမ်းအကောင်းဆုံးဖြစ်သည်။ သကာလောင်းသကဲ့သို့ ပြောဆိုတတ်တာက ကောင်းပေမယ့် ကန့်သတ်ချက်ရှိတာကပိုကောင်းသည်။
လူနာသည် ရှက်ရွံ့စွာဖြင့် လှည့်ပတ်ကြည့်လိုက်ရာ စင်္ကြံထောင့်နားမှ အမြန်ပျောက်ကွယ်သွားသော ဂါဝန်အမြီးပိုင်းကို တွေ့လိုက်ရသည်။
'ပန်းရောင်ဂါဝန်လား'
ဒါက ချမ်းသာသော မြို့စားအနွယ်ဝင်များ ဝတ်တတ်သည့် တန်ဖိုးကြီး ဝတ်စုံတစ်ခုပင်ဖြစ်သည်။
လူနာသည် မျက်တောင်ခတ်ပြီး လွတ်နေသော စင်္ကြံကို စိုက်ကြည့်ကာ ဗိုင်းကောင့်ကို မေးလိုက်သည် ။
"ကျွန်မအပြင် စံအိမ်ကြီးကို လာလည်တဲ့တခြားသူရှိသေးလား"
"မဟုတ်ဘူး၊ အိမ်ကြီးက မနေ့ကမှရောင်းတာ လေဒီကပထမဆုံးပဲ"
"အဲ့လိုလား"
သူသည် လူနာမေးခွန်းအပေါ် လွဲမှားနားလည်ပြီး သူမသည်သာစံအိမ်ကြီးကို ပထမဆုံးမြင်ရသည့်သူဖြစ်ကြောင်းပြောလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လုံလောက်သောအဖြေဖြစ်ခဲ့သည်။
ဒါဆို စောနကလှပတဲ့ ဂါဝန်အမြှီးက ဘာကြီးလဲ။ အိမ်အကူတွေ ဝတ်မယ့်ဟာလည်းမဖြစ်နိုင်ဘူး။
လူနာ နောက်တစ်ခေါက် ထပ်ပြန်ကြည့်လိုက်သော်လည်း ဘယ်သူမှရှိမနေပေ။
သရဲတစ္ဆေမဟုတ်တာ သေချာရဲ့လား။ မဟုတ်သေးဘူး။ သရဲသာဆို နေ့ခင်းကြောင်တောင် ထွက်လာမှာမဟုတ်ဘူး။
သူမက စံအိမ်ကြီးကို လှည့်ပတ်သွားရင်းနဲ့ အမြင်တွေမှားတာဖြစ်နိုင်လောက်သည်။ သိပ်အရေးမကြီးသောကြောင့် လူနာသည် သူမလမ်းကိုသာသူမ ဆက်လျှောက်လိုက်သည်။
TK Team