> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး > Ch38
ဘယ်ရွန်မြို့စားခရီးထွက်ရန်ချိန်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ရောက်လာခဲ့သည်။ တင် သွားရန် ပြင်ဆင်နေချိန် မနက်စောစောတွင် လူနာက သူ့ကို တိတ်တဆိတ် ခေါ်ခဲ့သည်။
"ကျေးဇူးပြုပြီး ဒါကိုယူသွားလိုက်ပါ"
"ဒါက စာနဲ့ ရွှေဒင်္ဂါးပြားတွေ မဟုတ်ဘူးလား"
တင် သည် ပါးလွှာသောစာနှင့် လေးလံသော ရွှေဒင်္ဂါးပြားများကို ကြည့်ပြီး စိတ်ရှုပ်သွားသည်။
"ဒါက အရေးပေါ်ရန်ပုံငွေပဲ။ အဝတ်အစား ဒါမှမဟုတ် လက်ဝတ်ရတနာများ။ ရှင်လိုအပ်မယ်ထင်တဲ့ အရာတွေကို ဝယ်ယူဖို့ ဒါကို သုံးလိုက်ပါ။ ကျွန်မ အဖေက အချိန်အတော်ကြာဆင်းရဲတွင်းနက်ခဲ့တော့ အသစ်တွေ ဘယ်လိုဝယ်ရမလဲ သူမသိဘူး။ သူ့ကို တစ်ခုခုကောင်းတာလေး ဝယ်ပေးလိုက်ပါ"
တင် သည် လာမည့်ခရီးအတွက် အဝတ်အထည် အနည်းငယ်သာဝယ်ယူခဲ့ပြီး လူအမျိုးမျိုးနှင့်တွေ့ဆုံမည့် ဘယ်ရွန်အတွက် မလုံလောက်ပေ။
ရွှေဒင်္ဂါးများ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်နှင့် တင်၏မျက်နှာက လေးနက်လာခဲ့သည်။
"ကျွန်တော်နားလည်ပါပြီ။ စိတ်မပူပါနဲ့"
"ဒါက ကျွန်မအဖေအတွက်ပဲ မဟုတ်ဘူး။ ရှင်ရဲ့ အတွင်းရေးမှုးတာဝန်တွေအတွက်လည်း သုံးလိုက်ပါ။ အဝတ်အစားတွေ ဝယ်လို့လည်းရတယ်"
"ကျွန်တော်လား။ မဟုတ်ဘူး၊ ကျွန်တော့်အတွက် အဆင်ပြေပါတယ်"
"ကျွန်မ ဒီငွေတွေ ရှင့်ကိုပေးတယ်ဆိုထဲစ ဒီတိုင်းလွှတ်ဖို့ ကျွန်မအဆင်မပြေလို့ပဲ။ ဒါကို လည်ပတ်ခအဖြစ် စဉ်းစားလိုက်ပါ။ ပုံမှန်ဆို အလုပ်ရှင်ဘက်က ဒီကုန်ကျစရိတ်တွေကို ပေးသင့်တယ်လေ ဟုတ်တယ်မလား"
"…သခင်မလေး လူနာ"
တင် သည် လေးလေးနက်နက်စိတ်လှုပ်ရှားသွားရသော်လည်း စကားလုံးနဲ့ ထုတ်မပြနိုင်ပေ။
"အခုဆောင်းရာသီနီးလာပြီဆိုတော့ ဟင်နရီအတွက်လည်း အဝတ်အစားတွေဝယ်ပေးလိုက်ပါဦး။ နောက်ထပ် လိုအပ်တာရှိရင် ကျွန်မကို အသိပေးနော်။ ကျွန်မက ရှင်ရော ကျွန်မတို့မိသားစုက သူတိုင်းကို အဆင်ပြေပြေ အလုပ်လုပ်စေချင်တယ်"
"…ဟုတ်ကဲ့။ ကျွန်တော်နားလည်ပါတယ်။ ဒါကို အကျိုးရှိရှိအသုံးချပါ့မယ်"
တင်သည် မကန့်ကွက်တော့ဘဲ လူနာ၏ ရည်ရွယ်ချက်ကို သဘောတူလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"ပြီးတော့ စာက သခင်လေးဗင်းဆင့်အတွက်။ ကျွန်မ အဖေကို ဒီကိစ္စ မသိစေနဲ့နော် ဟုတ်ပြီလား"
လူနာ နှင့် အန်းသန့်စ်တို့၏ဇာတ်လမ်းများအကြောင်းကြားပြီးသားဖြစ်တာကြောင့် တင်က အလေးအနက်ထား ခေါင်းညိတ်လိုက်သည်။
သူသည် လူနာက ဒီစာကိုသူမအဖေအား မတွေ့စေချင်သည်မှာ ချိုမြမြအချစ်များအကြောင်း ရေးထားသောစာဖြစ်သောကြောင့်ဟု အထင်လွဲခဲ့သည်။
ဒါပေါ့ ဒီစာက အဲ့လိုမျိုးမဟုတ်ပေမယ့် လူနာဘက်မှ သူ့ကိုပြောဖို့ နည်းလမ်းမရှိပေ။
"ကျွန်တော်နားလည်ပါပြီ။ ဒါကို လျှို့ဝှက်ထားပါ့မယ်"
တင်သည် ကြီးမားသောအလုပ်တစ်ခုကို လွှဲပြောင်း ပေးခံရသလိုမျိုးပြုမူနေသော်လည်း လူနာသည် စကားစမြည်ကိုအဆုံးသတ်ခဲ့လိုက်သည်။
"အဖေရောက်တာနဲ့ စာတစ်စောင်ပို့လိုက်နော်"
" ကောင်းပြီ မကြာခင်ပြန်တွေ့ကြမယ်"
"သခင်၊ သွားရေးလာရေး သတိထားပါ"
အမ်မာ နှင့် လော်ရာတို့က လက်ပြနှုတ်ဆက်လိုက်ကြသည်။ ဘယ်ရွန်မြို့စားသည်လည်း သူ၏ရထား အမြင်ကနေပျောက်ကွယ်သွားသည့်အထိ သူတို့ကို လက်ပြန်ဝှေ့ယမ်းပြခဲ့သည်။
ခဏအကြာတွင် လူနာ၊ အမ်မာ နှင့် လော်ရာ တို့သည် လက်ကိုတွဲကာ အိမ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ အိုဟောင်းကာ သေးသောစံအိမ်ကြီးသည် ယနေ့ကျမှ ပိုကြီးနေသလို ခံစားရခဲ့ကြသည်။
* * *
"ခေါင်းဆောင်! ကျွန်တော်တို့မှာ ဧည့်သည်ရှိတယ်!"
တံခါးခေါက်သံနှင့်အတူ ဧည့်သည်ရောက်လာကြောင်း ကြေညာချက်ကြောင့်အန်းသန့်စ်သည် သူဖတ်နေသည့်စာရွက်စာတမ်းများကို ချက်ချင်းချလိုက်ပြီး ကုတ်အင်္ကျီဝတ်ကာ အပြင်ကို ထွက်လိုက်သည်။
ရထားပေါ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့သည့် ဘယ်ရွန်ပဲလ်မြို့စားသည် သူ့ခြေလက်များ ဆန့်ရန်အတွက် ပထမထပ် ဧည့်ခန်း၌ လမ်းလျှောက်နေခဲ့သည်။
"ဘယ်ရွန်မြို့စား"
"အိုး! သခင်လေး အန်းသန့်စ်!"
အန်းသန့်စ်ကိုတွေ့သောအခါတွင် ဘယ်ရွန်မြို့စားသည် လျင်မြန်စွာချဉ်းကပ်ပြီး သူ့ကို ပေါ့ပေါ့ပါးပါး ပွေ့ဖက်လိုက်သည်။
"ငါတို့နောက်ဆုံးတွေ့ခဲ့တာ တော်တော်ကြာနေပြီလို့ ခံစားရတယ်၊ ဒါက သိပ်ကြာသေးတာတောင်မှကို!"
"ကျွန်တော်လည်းပဲအဲလိုခံစားရတယ်။ နေကောင်းရဲ့လား"
"ကောင်းပါ့ကွာ။ ငါတော်တော် နေကောင်းပါတယ်။ မင်းလည်း ကျန်းမာနေတဲ့ပုံပဲ။စိတ်သက်သာရာရစေတာပဲ"
နှစ်ယောက်သား သူငယ်ချင်းဟောင်းကြီးတွေလို စကားစမြည်ပြောနေကြရင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနေလဲ မေးနေခဲ့ကြသည်။ မြင်ကွင်းက အထူးအဆန်းမဟုတ်သော်လည်း ဒါကိုမြင်သည့် အန်းသန့်စ်၏အလုပ်သမားများက အံ့သြသွားခဲ့ကြသည်။
"... အခု သူတို့ဘာလုပ်နေကြတာလဲ"
"ငါ အိပ်မက်များမက်နေတာလား..."
သူတို့ ဘယ်လိုများ ဒီလောက်ရင်းနှီးနေကြတာလဲ။ခေါင်းဆောင်မှာ ဒီလောက်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိဖူးလို့လား!
သူသည် ကောလဟာလများထွက်ပေါ်နေသည့်အတိုင်း ရူးနေသောသူမဟုတ်သော်လည်း အန်းသန့်စ်သည် အမြဲတမ်းတစ်ယောက်ထဲနေတတ်ပြီး စည်းတားထားတတ်သည်။ လူတိုင်းကိုဒီလိုပဲဆက်ဆံခဲ့သည်။ ဂိုဏ်းချုပ်နဲ့တောင်မှ သူသည် တင်းကြပ်စွာဖြင့် စီးပွားရေးကိစ္စများသာလုပ်တတ်ပြီး - ဘာမှမရှိတော့ပေ။ဒီထက်လည်းမပို ဒီထက်လည်းမလျော့စွာသာဆက်ဆံခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ဦးကို ပွေ့ဖက်ထားသည်ကိုမြင်ရသည်မှာ အံ့ဩစရာအတိပင်ဖြစ်သည်။
"လူနာက သခင်လေး အန်းသန့်စ်ကို အရမ်းလွမ်းနေတဲ့ပုံပဲ"
အန်းသန့်စ်သည် တည်ငြိမ်သော အပြုံးကို ထိန်းသိမ်းရန်ကြိုးစားလိုက်ရင်း လူနာက သူ့ကို လုံးဝမလွမ်းကြောင်း သိသော်လည်း တုံ့ပြန်ခဲ့လိုက်သည်။
"ကျွန်တော်လည်း သူမကို လွမ်းနေတာ"
"မင်းတို့နှစ်ယောက်က ချိန်းတွေ့ပြီးပြီးချင်း ခွဲနေကြရလို့ ဖြစ်နိုင်တယ်။ဒါက အရမ်းကံမကောင်းတာပဲ"
ဘာ..ဘာကြီး! ချိန်းတွေ့တာလား။
နောက်ခံဇာတ်လမ်းအပြည့်အစုံကို မသိကြသော ဂိုဏ်းသားများသည် နားစွင့်နေခဲ့ကြသည်။ ဆက်ဆံရေးကို သတိပြုမိခဲ့သော ကြေးစားသမားများသည် တိတ်ဆိတ်စွာဖြင့် လှည့်ထွက်သွားကြသည်။
"မကြာခင် မြို့တော်ဘက်ကို သွားဖို့ စိတ်ကူးထားတယ်"
"ဟားဟား! မင်းက ငါတို့ လူနာကို အရမ်းလွမ်းနေလို့ပဲဖြစ်ရမယ်"
"ဟုတ်တာပေါ့ဗျာ"
အန်းသန့်စ်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် အတည်ပြုခဲ့သောကြောင့် ကြေးစားအလုပ်သမားများအားလုံး အံ့အားသင့်သွားကြသည်။လူတိုင်း ပရမ်းပတာဖြစ်လာကြသည်။
"ဗင်းဆင့်နယ်မြေမှာ ဘယ်ရွန်မြို့စားအတွက် အိမ်တစ်လုံးကို ကျွန်တော်ပြင်ဆင်ထားပြီးပြီ။ ပဲလ်နယ်မြေကို သွားလာဖို့လည်း အဆင်ပြေတယ်။ ခရီးထွက်လာရတာ ပင်ပန်းနေမှာပဲ ဘာလို့ အရင်အနားမယူလဲ"
"ဒီလိုပဲလုပ်ကြတာပေါ့။ ကျေးဇူးတင်တယ်ကွာ။ ဒါက ငါ့ရဲ့ အခက်အခဲတွေကို အများကြီး သက်သာစေတယ်"
"ပြဿနာမရှိပါဘူး။ ဒါက ကျွန်တော်လုပ်နိုင်တဲ့ထဲက အနည်းဆုံးပဲရှိသေးတာပါ"
မေးခွန်းများနှင့် ထိတ်လန့်စရာများကို ချန်ထားခဲ့ပြီး အန်းသန့်စ် နှင့် ဘယ်ရွန်မြို့စား တို့သည် နေထိုင်မည့်အိမ်သို့ ထွက်သွားခဲ့ကြသည်။ သေးငယ်သော်လည်း၊ ၎င်းသည် ရှားပါးသော အဆင့်မြင့်စံအိမ်ကြီးဖြစ်ပြီး ဘယ်ရွန်မြို့စား ၎င်းကို မချီးမွမ်းပဲမနေနိုင်ပေ။
"ငါက ဒီလောက်ကောင်းတဲ့ အိမ်ကြီးမှာ နေသင့်ရဲ့လားတော့ မသိဘူး"
"ကျွန်တော်က ပိုကောင်းတဲ့နေရာကို ရှာမတွေ့လို့ စိတ်မကောင်းဖြစ်နေတာ။ ဒါက ကောင်းတယ်လို့ ထင်တဲ့အတွက် ကျေးဇူးတင်ပါတယ်"
အန်းသန့်စ်သည် နှိမ့်ချဟန်ကြိုးစားကာ ပြုံးပြီး တုံ့ပြန်လိုက်သည်။
"ကျေးဇူးပြုပြီး ကိုယ့်အိမ်လိုနေပါ။ ကျွန်တော်လည်း အစေခံတွေကို ညွှန်ပြထားပြီးသားပါ"
ပင်မဝင်ပေါက်ကိုဖြတ်သွားသောအခါ မြို့စားကြီး၏အိမ်ကဲ့သို့ များစွာသောအစေခံများရှိနေကြကာ အန်းသန့်စ် နှင့် ဘယ်ရွန်မြို့စား ကိုယဉ်ကျေးစွာနှုတ်ဆက်လာကြသည်။
စံအိမ်အထဲသို့ပြန်ရောက်ချိန်တွင် ဘယ်ရွန်မြို့စားက အန်းသန့်စ်ကိုတိုးတိုးလေးပြောလိုက်သည်။
"ငါ အိမ်ငှားခ ပေးရမှာ ဟုတ်တယ်မလား။ အထူးသဖြင့် ဒီလိုမျိုးအစေခံတွေအများကြီးနဲ့ ဒီမှာ အလကားနေရတာက ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားရတယ်"
"စိတ်မပူပါနဲ့။ ဒီအိမ်ကြီးက ဘယ်သူမှမနေလို့လွတ်နေတာကြာပြီ။ တကယ်တော့တစ်ယောက်ယောက် နေထိုင်တော့ ထိန်းသိမ်းသလိုဖြစ်ပြီး ပိုကောင်းတယ်လေ"
"လူလွတ်နေတဲ့အိမ်ကြီးလား။ ဒါက မင်းရဲ့အိမ်တွေထဲကတစ်ခုလား အန်းသန့်စ်"
"ဟုတ်တယ် ဒါက ကျွန်တော့်အိမ်တွေထဲကတစ်ခုလေ"
အန်းသန့်စ်သည် ၎င်းက ဗင်းဆင့်နယ်မြေရှိ သူပိုင်ဆိုင်သမျှထဲ အကောင်းဆုံးအရာဖြစ်သော်လည်း ၎င်း၏ အရေးပါမှုကို နှိမ့်ချရန် ကြိုးစားရင်း တုံ့ပြန်ခဲ့လိုက်သည်။
"ကျွန်တော် အိမ်ငှားခ ဘယ်လိုလုပ်ယူရမှာလဲ။ ဘယ်ရွန်မြို့စားကို ဒီအိမ်ကြီး လက်ဆောင်ပေးရင်တောင် မလုံလောက်သေးတာကို"
ဒါက သူဒီတိုင်းပြောတာမဟုတ်ပေ။ ယခု ရွှေတွင်းမှ အကျိုးအမြတ်များစွာရနေသောကြောင့် အန်းသန့်စ်သည် ဘယ်ရွန်မြို့စားအတွက် ဘာမဆိုလုပ်ပေးမည်ဖြစ်သည်။
သူတို့၏ စကားဝိုင်းက ရွှင်မြူးစွာနဲ့ ဆက်သွားခဲ့သည်။
"ဒါနဲ့ တရားစွဲတာကို အောင်မြင်ခဲ့တယ်လို့ ကျွန်တော်ကြားတယ်"
"ဟုတ်တယ်! အဲ့တာတွေအားလုံးက မင်း ငါတို့ကို မိတ်ဆက်ပေးခဲ့တဲ့ ရှေ့နေရိုယာရဲ့ ကျေးဇူးကြောင့်ပဲ"
သူသည် မြို့စားကြီး၏မိသားစုအား အမြဲဦးညွှတ်နေခဲ့ရသောကြောင့် အောင်ပွဲအတွက် အလွန်ပီတိဖြစ်ခဲ့ရသည်။
ကြိုတင်ခန့်မှန်းနိုင်သောရလဒ်ဖြစ်သော်လည်း အန်းသန့်စ်သည် ဖာဆန်၏ စိတ်ပျက်အားငယ်နေသောမျက်နှာကို မမြင်နိုင်ခဲ့ရသည့်အတွက် အနည်းငယ်နောင်တရမိသွားသည်။
"ဒါပေါ့ ငါတို့ လူနာလေးကလည်း အများကြီး ကူညီပေးခဲ့တာလေ"
"လေဒီလူနာက ကူညီခဲ့သေးတာလား"
"ဟုတ်တယ်! သူတို့က သက်သေအထောက်အထားလိုတယ်လို့ ပြောတဲ့အတွက် လူနာက သခင်လေး ဖယ်ဆန်ဆီက ဝန်ခံစာတစ်စောင် ရအောင်လုပ်ခဲ့တာ"
ဘယ်ရွန်မြို့စားသည် ကြည်နူးဖွယ်ကောင်းသလိုမျိုး ရယ်မောလိုက်သည်။
ဒါကို ကြားပြီးသည်နှင့် သူသွားကြည့်ခဲ့မိရင် ကောင်းမှာပဲလို့ တွေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှေ့နေကို မိတ်ဆက်ပေးခဲ့တဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်။မယ်။ စံအိမ်အသစ်အတွက်လည်း ငါတို့ဝယ်ဖို့နေရာ ဆုံးဖြတ်ထားပြီးပြီဆိုတော့ အခုဘာမှစိုးရိမ်စရာမရှိတော့ဘူး"
"သံအိမ်ဝယ်ဆောက်ဖို့ ဆုံးဖြတ်ပြီးသွားကြပြီလား"
"ဟုတ်တယ်။ 'နှင်းဆီများစံအိမ်'လို့ ခေါ်တယ်"
"ဘာပြောလိုက်တာလဲ..."
မထင်မှတ်ထားသော နာမည်ကြောင့် အန်းသန့်စ်သည် အံ့အားသင့်စွာ ရပ်တန့်သွားတော့သည်။
"နှင်းဆီများစံအိမ်လား...ဆိုလိုလိုက်တာလား"
"ဟုတ်တယ်။ ဆောင်းရာသီမှာတောင် နှင်းဆီပန်းတွေပွင့်တဲ့ အိမ်ကြီးလို့တော့ ပြောတယ်။ ရိုးရိုးသားသားပြောရရင် အဲ့လို နှင်းဆီပန်းတွေက ရှိလို့လား တွေးမိပေမယ့် လူနာက အဲ့လိုပြောတယ်ဆိုမှတော့ ရှိလို့ဖြစ်မယ်။ အဲ့တာကနာမည်ကြီးစံအိမ်ကြီးလို့ပြောတယ်။သခင်လေးရော အဲ့စံအိမ်အကြောင်းကိုသိတာလား"
ဒါပေါ့ သူသိတာပေါ့။ သူက ဘယ်လိုလုပ်မသိရမှာလဲ။
ထိုစံအိမ်သည် ရို့စ်မယ်ရီမွေးဖွားလာခြင်းအထိမ်းအမှတ်အနေဖြင့် လက်ခံရရှိခဲ့သောလက်ဆောင်တစ်ခုဖြစ်သည်။
အင်ပါယာကြီးတစ်ခုလုံးပတ်ရှာမှ တွေ့ရသော မျိုးပြောင်းနှင်းဆီပန်းများကို ဥယျာဉ်တစ်ခုလုံး တိုးမြှင့်စိုက်ပျိုးထားသည့် စံအိမ်ကြီးဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရန် ငွေများစွာသုံးစွဲခဲ့ရသော စံအိမ်ကြီးဖြစ်သည်။
"ဟုတ်ကဲ့။ ကျွန်တော်သိတာပေါ့။အဲ့တာက လှပတဲ့အိမ်ကြီးပဲ"
အဲ့တာက အရမ်းနှစ်လိုဖွယ်ကောင်းပေမယ့် အခုတော့ရောင်းပြီးနေပြီ။ သူတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ လူနာကို ချဉ်းကပ်ဖို့အတွက်များလား။
ဒါက အန်းသန့်စ်တွေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်ပြီး မျက်ခုံးများပင့်လိုက်သည်။
'သူတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ'
မတွေ့တာ ဆယ်နှစ်လောက်ရှိနေပြီမို့ သူတို့ဘာတွေတွေးနေမှန်း သူမသိနေပေ။
သို့သော် သေချာတာတစ်ခုကတော့ ဒါက ခင်မင်ချင်မှုကြောင့် ချဉ်းကပ်တာမျိုးတော့ မဟုတ်ဘူးဆိုတာပင်။
'ကြည့်ရတာ ငါ မားကွစ်အိမ်တော်ကိုပြန်ဖို့အချိန်တန်ပြီထင်တယ်'
ယခု အိမ်ပြန်ဖို့အချိန်ရောက်လာပုံရသည်။
လူနာကြောင့်ပဲတော့ မဟုတ်ပေ။ ဂိုဏ်းက အရမ်းကြီးလာပြီဖြစ်တာကြောင့် ဌာနချုပ်အား မြို့တော်ကို ရွှေ့ရန် အချိန်တန်ပြီဖြစ်သည်
"လူနာက စံအိမ် ကောင်းကောင်းကိုရွေးချယ်ခဲ့ပုံပဲ။ အခြေအနေတွေ ပြေလည်သွားရင်တော့ ဘယ်လိုအိမ်ကြီးလဲဆိုတာ သွားကြည့်ရမယ်"
"ကျွန်တော့် ဂိုဏ်းနဲ့ ကျွန်တော်က ဘယ်ရွန်မြို့စားကို ကူညီဖို့ အစွမ်းကုန်လုပ်မှာပါ"
"ကျေးဇူးပဲကွာ။ ငါ အိမ်ကြီးကို လှည့်ပတ်ကြည့်လိုက်အုံးမယ်။သခင်လေးက အတူလိုက်လျှောက်ဖို့ မလိုပါဘူး။အနားယူနေလိုက်ပါ"
ဘယ်ရွန်ထွက်သွားသည်နှင့်သူ၏အတွင်းရေးမှူး တင် သည် သူ့နောက်သို့ မလိုက်သွားခင် အန်းသန့်စ်အား စာတစ်စောင် တိုးတိုးတိတ်တိတ်ပေးလာခဲ့သည်။
"သခင်မလေးလူနာ ပေးလိုက်တာပါ"
သို့သော်လည်း သူ့မျက်နှာက ထူးဆန်းနေသည်။ သူ့ကြည့်ရတာ သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ချင်သော်လည်း မလုပ်နိုင်ပေ။
"သူမက ဘယ်ရွန်မြို့စား မသိရဘူးလို့ အခိုင်အမာပြောခဲ့တာ"
တင် က လေးနက်စွာပြောလိုက်ပြီး သူ့မျက်နှာမှာ အချစ်သံတမန်လိုပင်ဖြစ်နေသည်။
သူ့မျက်နှာထားကိုမြင်လိုက်ရချိန်တွင် အန်းသန့်စ်သည် အခြေအနေကို အကြမ်းဖျင်းနားလည်သွားသည်။ တင် က ဒါကိုအချစ်စာလို့ အထဂ်မှားနေခဲ့တာဖြစ်ရမည်။
လူနာ သာဒီမှာရှိနေပါက သူသည် သူမကို အဆုံးမရှိ စနိုင်လိမ့်မည်ဖြစ်သည်။ စိတ်တိုနေသော လူနာထက် ရယ်စရာကောင်းတာမရှိနေပေ။
လူနာ ဒီမှာမရှိသောကြောင့် သူ့အပြုံးကိုထိန်းဖို့ကြိုးစားခဲ့ပေမယ့် သူ့ကိုယ်သူ မကူညီနိုင်ခဲ့ပေ။
အန်းသန့်စ်သည် ဆိုးသွမ်းသော အပြုံးဖြင့် လူနာ၏စာကို သူ့နှုတ်ခမ်းဖြင့် အသာအယာထိပြီး ဖွင့်လိုက်သည်။
"ကျွန်တော်ကတော့ အဆင်ပြေပေမယ့် သူမကတော့ ဒီစာကိုသူများမြင်ရင် အရမ်းရှက်နေမယ်ထင်တယ် ဘယ်တတ်နိုင်မလဲဗျာ"
မည်သူမဆို ထိုကဲ့သို့မြင်ကွင်းကိုကြည့်မိပါက သူသည် အလွန်အချစ်ထဲနစ်ဝင်နေပုံရသည်ဟုမြင်မှာဖြစ်သည်။ တင် ၏မျက်နှာပေါ်သို့ နီရဲသော အရိပ်တစ်ခု ဝင်လာခဲ့သည်။ သူသည် လူနာ နှင့် အန်းသန့်စ် ကြားကဆက်ဆံရေးကို လုံးဝနားလည်မှုလွဲသွားခဲ့သည်။
"ဒါဆို ကောင်းကောင်းနေရစ်ခဲ့ပါ။ ကျွန်တော် ဘယ်ရွန်နောက်ကိုလိုက်သွားပါတော့မယ်"
သူသည် ဘာမှသဲသဲကွဲကွဲ မှတ်ချက်မချဘဲ ဘယ်ရွန်အနောက်သို့ အမြန်လိုက်သွားခဲ့လိုက်သည်။
တင် ၏တုံ့ပြန်မှုကိုကြည့်ရင်း အန်းသန့်စ် သည် လူနာ၏စာကိုဖွင့်ဖတ်လိုက်သည်။
[ရှင် ကျွန်မအဖေဆီက ကြားပြီးသားဖြစ်နိုင်ပေမယ့် ရှင့်ရဲ့ကျေးဇူးကြောင့် အရာအားလုံးပြေလည်သွားခဲ့တယ်။ ကျေးဇူးအရမ်းတင်ပါတယ်။ အနာဂတ်မှာ ရှင့်ကို ကျွန်မ ကျေးဇူးပြန်ဆပ်ပါ့မယ်။ရှင်ဘာကြိုက်လဲ ကျွန်မကို အသိပေးပါ ဘာမဲ့တာမှ ပြင်ဆင်လို့ရအောင်လို့ ကျေးဇူးပြုပြီး ရွှေတွင်းလို့တော့မပြောပါနဲ့ ဟုတ်ပြီလား]
အံ့သြစရာကောင်းစွာပဲ ဒါက ရိုးရှင်းသော ကျေးဇူးတင်လွှာတစ်ခုအနေနှင့် စတင်ခဲ့သည်။ လူနာသည် ဤကိစ္စအပေါ် သူ၏အကူအညီအတွက် အန်းသန့်စ်ကို အမှန်တကယ် ကျေးဇူးတင်နေပုံရသည်။
'ငါတို့က ဒီလိုစာတွေ ဖလှယ်ကြတဲ့ အမျိုးအစားမျိုးလား'
နွေးထွေးသောစာသည် လူနာနှင့်မတူပေ။ သို့တိုင်အောင် သူဆက်ဖက်ရင်း ထူးဆန်းသည်ကို သူတွေ့လိုက်ရသည်။ လေသံက ရယ်စရာကောင်းသော ခြိမ်းခြောက်မှုတစ်ခုလို ပြောင်းသွားခဲ့သည်။
[ကျေးဇူးပြုပြီး အဖေ့ကို ဂရုစိုက်ပေးပါ။ တကယ်လို့ ရှင်က သူ့ကိုဝမ်းနည်းအောင်လုပ်ခဲ့ရင် ရှင့်ဘာသာရှင် မားကွစ်မြို့စားကြီးဖြစ်နေပါစေ ကျွန်မ ရှင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူးနော်။ အဲဒီနေ့အတွက် ကျွန်မ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားမှာ။ ကျွန်မ အရင်ကလည်း ထင်းခုတ်ဖူးတယ်။အခု လေ့ကျင့်မှု မြန်မြန်စထားသင့်တယ်ထင်တယ်]
ဟုတ်ပါသည်။ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့သာ စာရေးတာ မဟုတ်ပေ။ သူ မျှော်လင့်ထားသည့် တုံ့ပြန်မှုထက်ပင် ရယ်စရာကောင်းနေသည်။
"တကယ်ပါပဲကွာ…"
သူ့ကိုစိန်ခေါ်ဖို့အတွက် သူမကိုယ်သူမ လေ့ကျင့်မည်ဟူသော စိတ်ကူးက ရယ်စရာအကောင်းဆုံး အပိုင်းဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို တိုက်ရိုက် စိန်ခေါ်ပြီး ခြိမ်းခြောက်တာ ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည်။
လူနာ သည် ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးလူဖြစ်လောက်သည်။ အန်းသန့်စ်သည် ရယ်မောခြင်းကို ထိန်းကာ ဆက်လက်၍ စာဖတ်လိုက်သည်။
[နောက်ဆုံးတော့ အရာအားလုံး ပြေလည်သွားပြီ။ဒါဆို ကျွန်မတို့ ဖြည်းဖြည်းချင်း လမ်းခွဲသင့်ပြီ မဟုတ်လား။ နည်းနည်းစောသေးပေမယ့် လမ်းခွဲဖို့ အရိပ်အမြွက်ပေးသင့်တယ်လို့ ထင်းတယ်။ ကျွန်မတို့ရုတ်တရက်လမ်းခွဲလိုက်ရင် လူတိုင်း အံ့သြသွားကြလိမ့်မယ်။ နောက်တစ်ကြိမ်ဆုံရင် ဘယ်လိုလုပ်ကြမလဲ။ အစားအသောက်နဲ့လုပ်ကြမလား။ ကျွန်မက ခရမ်းသီးမကြိုက်ဘူး။ ဒါဆို လမ်းခွဲမယ့်နေ့ကို စောင့်မျှော်နေပါ့မယ်]
စာကိုဖတ်ပြီးသောအခါတွင် သူမသည် အဘယ်ကြောင့် ဘယ်ရွန်ကိုမသိစေရန် တောင်းဆိုခဲ့သည်ကို အန်းသန့်စ်နားလည်ခဲ့သည်။ ဘယ်ရွန်မြို့စားသာ တွေ့ရှိသွားပါက တုံ့ပြန်မှုမှာ တုန်လှုပ်ခြင်းမှ မူးလဲခြင်းအထိ အမျိုးမျိုးရှိနိုင်သည်။
အစပိုင်းသာရှိသေးသော်လည်း သူမက လမ်းခွဲရန် အကြံပြုလာခဲ့သည်။ ပျော်စရာ အပိုင်းတောင် မစရသေးပေ။
ဒါက ကြည်နူးစရာကောင်းသော စာတစ်စောင်ဖြစ်သော်လည်း သူသိပ်သဘောမကျသလိုခံစားခဲ့ရသည်။သူ့နှုတ်ခမ်းများက ဖြည်းဖြည်းချင်း အောက်စိုက်လာခဲ့သည်။
မြို့တော်ကို ဘယ်တော့ပြန်လာရမလဲဆိုသော အတွေးများက သူ့စိတ်ထဲ လွှမ်းမိုးသွားတော့သည်။
TK Team