ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၄၁)
"မင်း စိတ်လွတ်သွားပြီပဲ။"
သူမ ရထားလုံးပေါ် ရောက်ရောက်ချင်း ဆိုဗက်စ်စတာက ပြောလိုက်သည်။
"မင်း ရူးနေတယ်ဆိုတာ ကိုယ်သိတယ်။ဒါပေမဲ့ မင်း ဒီလိုမျိုးအထိ ရူးမိုက်လိမ့်မယ်လို့ ကိုယ် မသိခဲ့ဘူး။"
ကျွန်မ မြင်ဖူးသမျှထဲတွင် အရူးနှမ်းဆုံး ပုဂ္ဂိုလ်က ထိုစကားကို ပြောလာသည်မှာ ရယ်ချင်စရာ ကောင်းလှသည်။သို့သော်လည်း ကျွန်မ အမှားတစ်စုံတစ်ရာ လုပ်မိခဲ့သောကြောင့် များများစားစား ပြန်မပြောခဲ့ပေ။
ထိုအခါ ဆိုဗက်စ်စတာက နောက်တစ်ဆင့် ထပ်တိုးပြီး ငေါ့တော့တော့ ပြောသည်။
"ဘာကြောင့် မင်း အပြင်ထွက်ပြီး နောက်တစ်ခါ မိုးကြိုးအပစ် မခံလိုက်တာလဲ။အဲ့လို လုပ်လိုက်ရင် အရူးထတာတွေ နည်းသွားမယ် မဟုတ်လား။"
"အား ၊တကယ်ပါပဲ။ ရှင်က ဒီလို ငတုံးမျိုးပဲ။"
"ကိုယ့်ကို ငတုံးဖြစ်အောင် လုပ်တဲ့သူက မင်းလေ။မင်းသာ အစထဲက မှော်နက်မသုံးရင် အထစ်အငေါ့ မရှိဘဲ ဒီအတိုင်း ပြီးသွားမှာပဲ။"
စောစောက လူတွေ ဘယ်လောက်အထိ မျက်ကလူးဆန်ပျာ ဖြစ်သွားသည်ကို ကျွန်မ သတိရသွားသည်။မနက်ဖြန် ရောက်လျှင် သတင်းခေါင်းစဥ်ကြီး တစ်ခုဖြင့် ပါလာနိုင်သည်။'အိုဖီလီယာ ရိုင်ဇန်က နောက်ထပ် မတော်တဆမှုတစ်ခု ပြုလုပ်' ဟူ၍။
ထိုသို့ တွေးမိသဖြင့် ကျွန်မ သက်ပြင်းချလိုက်မိသည်။
"ဒါက ကျွန်မ တမင်တကာ ရည်ရွယ်ထားတာ မဟုတ်ဘူးလို့ ကျွန်မ ရှင့်ကို ပြောပါတယ်။ကျွန်မက ဒေါသထွက်သွားတာပါ။အဲ့ဒီအချိန်မှာ ဒီလို ရုတ်တရက်ကြီး ထဖြစ်လာတော့ ကျွန်မ ဘာလုပ်ရမလဲ။"
ဆိုဗက်စ်စတာ၏ မျက်လုံးများမှာ ပို၍ ကျဥ်းမြောင်းသွားသည်။
"နောက်ဆို မင်း ဘယ်နေရာကို သွားသွား၊ကိုယ်နဲ့ပဲ နေ။ကိုယ်သာ အဲ့ဒီနေရာမှာ ရှိရင် အနည်းဆုံးတော့ ဒါကို ကိုယ် တားဆီးနိုင်လိမ့်မယ်။"
ကျွန်မ ထိုသို့ ကြားလိုက်သည်နှင့် စောစောက ဖြစ်ခဲ့သည့် အခြေအနေကို ကျွန်မ သတိရသွားသည်။ကျွန်မ၏ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပြီး ဖလဲရ်ကို ထိခိုက်အောင် လုပ်ရန် ကြိုးစားနေခဲ့သည်။သို့သော် ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို ကိုင်လိုက်သည်နှင့် ကျွန်မ၏ စဥ်းစားဆင်ခြင်နိုင်စွမ်းကို ပြန်လည် ရရှိလာခဲ့သည်။သူ မည်ကဲ့သို့ လုပ်လိုက်ပါသနည်း။
"ဒါတော့ အမှန်ပဲ။စောနက ရှင် ဘာလုပ်ခဲ့တာလဲ။ရှင် ကျွန်မလက်ကို ကိုင်လိုက်တော့ အဲ့ဒါတွေက ပျောက်ဆုံးသွားတယ်။"
"မင်း ဘာကို ပြောချင်တာလဲ။"
ဆိုဗက်စ်စတာက နှာမှုတ်လိုက်ပြီး ပြောသည်။
"ကိုယ်က နတ်ဆိုးသွေးနှော တစ်ယောက် ဖြစ်တာကြောင့် ဖြစ်မယ်။နတ်ဆိုးသွေး တစ်ဝက်ပဲ ပါတယ် ဆိုရင်တောင်မှ ကိုယ်က မှော်နက်နဲ့ တခြားအရာတွေကို မထိန်းချုပ်နိုင်လောက်ဘူးလို့ မင်း ထင်နေလား။"
ကျွန်မ အကြိမ်များစွာ မျက်တောင်ခတ်လိုက်မိသည်။
"ဒါကြောင့်မို့လို့ ...ကိုယ်က မင်းဘေးမှာ ရှိနေရင် ဒီနေ့လို ပေါက်ကွဲထွက်လာတာမျိုးကို ကိုယ် ကြိုတင်တားဆီးပေးနိုင်လိမ့်မယ်။"
"ဟုတ်ပါပြီ။"
ဆိုဗက်စ်စတာက နည်းအမျိုးမျိုးနှင့် အကူအညီပေးနေသည်။ကျွန်မ နားလည်သဘောပေါက်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ဒါနဲ့လေ ..."
ကျွန်မ နှေးကွေးစွာ ဆက်ပြောလိုက်သည်။
"စောစောက ကျွန်မ တကယ်ကို တစ်မျိုးကြီး ထူးဆန်းနေခဲ့တာ။"
"မင်းက အမြဲလိုလို ထူးဆန်းနေတာပါ။"
"ဟင့်အင်း၊အဲ့လိုမျိုး မဟုတ်ဘူး။အမှန်တကယ် ထူးဆန်းနေတာကို ပြောတာ။ကျွန်မ ဖလဲရ်ကို ထိခိုက်အောင် လုပ်ချင်လွန်းလို့ရုတ်တရက် မရိုးမရွနဲ့ ခံစားခဲ့ရတာလားလို့။"
"မင်းက အမြဲတမ်း အဲ့လိုပဲလေ။"
"ရှင် ဒီလိုတွေပဲ ဆက်ပြောနေဦးမှာလား။"
ကျွန်မ ဆိုဗက်စ်စတာကို စိုက်ကြည့်လိုက်သည်။ဆိုဗက်စ်စတာက ပြုံးပြီး သူ့ခြေထောက်များကို ခြေချိတ်ထိုင်လိုက်သည်။
"မင်း မှော်နက်သုံးရင် မင်းရဲ့ ပင်ကိုယ်ဗီဇအတိုင်း တစ်သဝေမတိမ်း ဖြစ်လာလိမ့်မယ်။မင်းရဲ့ ဆင်ခြင်တုံတရားက ပျောက်သွားမှာပဲ။"
"နောက်တစ်နည်း ပြောရရင် ကျွန်မက ဖလဲရ်ကို ထိခိုက်အောင် လုပ်ချင်တာပေါ့။"
"အမှန်ပဲ။မင်းက အမြဲတမ်း အဲ့လိုမျိုးပဲလေ၊မဟုတ်ဘူးလား။"
"..."
ကျွန်မ ငြင်းခုံလိုက်ချင်သော်လည်း ၎င်းက အမှန်တရား ဖြစ်နေ၍ ကျွန်မ ပြန် မချေပနိုင်ပေ။ကျွန်မ အမှန်တကယ်ပင် ဖလဲရ်ကို ရိုက်ပစ်ချင်ခဲ့သည်။ကျွန်မက ထိုမျှ ရက်စက်ပြီး မုန်းတီးနေမိ၍ပင်။သို့သော် ကျွန်မ ထိန်းထားခဲ့သည်။ကျွန်မက စဥ်းစားဆင်ခြင်နိုင်စွမ်းရှိသည် လူသားတစ်ယောက် ဖြစ်သည်။
သို့သော်လည်း မှော်နက် အသုံးပြုလိုက်ချိန်တွင်
ငါက ငါ မဟုတ်တော့ဘူးလို့ ခံစားရတယ်။
ဆိုဗက်စ်စတာသာ ရောက်မလာခဲ့လျှင် ကျွန်မ ဖလဲရ်ကို ထိခိုက်စေမိလိမ့်မည်။ထိုသို့ ဖြစ်သွားပါက ကြောက်စရာ ကောင်းသော အနဂတ်ကိစ္စများကို ရှောင်လွှဲ၍ ရမည် မဟုတ်တော့ပေ။ကျွန်မ ဆိုဗက်စ်စတာကို ကျေးဇူးတင်သင့်သည်ဟု ခံစားရသည်။ထို့ကြောင့် ကျွန်မစိတ်ရင်းနှင့်ကျေးဇူးတင်ကြောင်း စိတ်ထဲတွင် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ၊ ကိုယ်ပြောခဲ့သလိုပဲ မင်း တတ်နိုင်သလောက် မှော်နက် မသုံးနဲ့။မင်းက မင်းရဲ့ ပင်ကိုယ်ဗီဇအတိုင်း တစ်သဝေမတိမ်း လိုက်လုပ်တတ်တဲ့ သားရဲကောင် မဖြစ်ချင်ရင်ပေါ့။"
ဆိုဗက်စ်စတာ ထိုစကားပြောလိုက်ချိန်တွင် မျက်မှောင်ကြုတ်ထား၏။သူ၏ အသွင်မှာ အစကတည်းက ကြောက်စရာကောင်းနေပြီးသားဖြစ်သည်။မျက်မှောင်ကြုတ်ထားလျှင် ပို၍ ကြောက်စရာကောင်းသွား၏။
တခြားသူတွေက ငါ့ကို မြင်တဲ့အခါ ဒီလိုမျိုး ခံစားရတာပဲလား။
"အိုကေ၊ကျွန်မ ကိုယ် ကျွန်မ ထိန်းချုပ်ဖို့ ကြိုးစားပါမယ်။"
ကျွန်မ ပခုံးတွန့်လိုက်ပြီး ရေရွတ်ညည်းညူလိုက်သည်။ထို့နောက် ကျွန်မ တစ်စုံတစ်ရာကို တွေးမိသွားပြီး ခေါင်းထောင်ကြည့်လိုက်မိသည်။
"ဒါပေမဲ့ ရှင်က ကျွန်မ ရူးသွပ်တော့မလို ဖြစ်သွားတာကို တားလိုက်ရင် ရှင့်အတွက် အကျိုးအမြတ်က ဘာဖြစ်မလဲ။"
ကျွန်မ၏မေးခွန်းကို ကြားလိုက်လျှင် ဆိုဗက်စ်စတာ၏မျက်ခုံးများက မြင့်တက်သွားသည်။
"ရှင် ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ရလိုက်တာလား။"
"ဘာ"
"ကျွန်မ စာအုပ်တစ်အုပ်ထဲမှာ တွေ့ခဲ့တယ်။နတ်ဆိုးတွေက လူသားတွေရဲ့ စိတ်ခံစားချက်တွေကို ယဇ်ပူဇော်မှုအနေနဲ့ လက်ခံကြတယ်တဲ့။ရှင်လဲ အဲ့ဒီလိုပဲလား။"
ဆိုဗက်စ်စတာက တစ်ချက် ညည်းတွားလိုက်ပြီး လက်ပိုက်လိုက်သည်။
"အဲ့လိုဆို မင်းက ဘာလုပ်မလို့လဲ။"
သူက ကျွန်မကို ကြည့်ပြီး ရယ်လေသည်။
"မင်းက ကိုယ့်ကို တစ်ခုခု ပေးမလို့လား။"
"ကျွန်မ အဲ့လို လုပ်သင့်လား။"
ထိုသို့ ကျွန်မ ပြောလိုက်ပြီး ကျွန်မ၏ရင်ဘတ်ပေါ်သို့ လက်များဖြင့် ဖက်တွယ်ထားမိသည်။ဆိုဗက်စ်စတာက ခေါင်းခါလေသည်။
"မလိုပါဘူး။မင်းဆီက ရတာတွေဆို အရသာကောင်းမယ် မထင်ဘူး။အဲ့ဒါကြောင့် ကိုယ်က ဒါတွေကို မုန်းတယ်။"
"ရှင်က ထူးထူးခြားခြားကို စိတ်တိုချင်စရာကောင်းတယ်။"
"မင်း သိထားတဲ့အတိုင်းပဲ ပြောပေါ့။"
ဆိုဗက်စ်စတာက တုံ့ပြန်ပြောဆိုနေဆဲပင်။အနည်းအကျဥ်းလေးပင် ပြောင်းလဲသွားမှု မရှိခဲ့ပေ။ထို့ကြောင့် ရယ်သံက ထွက်ပေါ်လာခဲ့သည်။ကျွန်မ၏ နှလုံးသား တစ်ဖက်ခြမ်းတွင် အထီးကျန်နေသလို ခံစားရမြဲ ဖြစ်နေသည်။ဖြစ်နိုင်သည်က ကျွန်မ တစ်နေကုန် စားသောက်လာရသော ရိုင်းစိုင်းကြမ်းတမ်းသည့် စကားလုံးများကြောင့် ဖြစ်လိမ့်မည်။
မမျှတလိုက်တာနော်။
ကျွန်မ အမှန်တကယ် ဘာတစ်ခုမှ မလုပ်ပဲ အေးဆေးစွာ နေခဲ့သည့်တိုင် အကြောင်းပြချက်မရှိဘဲ ကျွန်မကို ပြစ်တင်ဝေဖန်နေကြသည်။၎င်းက မတရားတာ မဟုတ်မှသာ ပို၍ ထူးဆန်းနေဦးမည်။
ကျွန်မ၏ မတရားခံရမှုကို တစ်နေရာရာသို့ ထုတ်ပြောပစ်ချင်လာသည်။
ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာကို ပြောပြလိုက်သည်။
"ကျွန်မ ဒီနေ့ တကယ်ကို ဘာအမှားမှ မလုပ်ခဲ့ရပါဘူး။"
ပြတင်းပေါက်အပြင်ဘက်သို့ ငေးနေသော ဆိုဗက်စ်စတာက ကျွန်မကို လှည့်ကြည့်လာသည်။
"ကျွန်မလေ ဘာမှကို မလုပ်ရပါဘူး။ခန်းမထဲကို သွားပြီး တစ်ခွက် သောက်လိုက်တာက လွဲရင် ဘာမှ မလုပ်ရပါဘူး။"
"ကိုယ် သိပြီ။"
သူက အရေးမကြီးသည့်နှယ် ပြုမူနေသည်။ကျွန်မ မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်သည်။
"မင်း ဘာမှ မလုပ်ခဲ့ဘူးဆိုတာ ကိုယ်သိပြီ။"
အာ ...ဒါမျိုးကို ငါ မျှော်လင့်ထားတာ မဟုတ်ဘူး။
ကျွန်မ လက်သီးကို တင်းဆင်း ဆုပ်ထားလိုက်မိသည်။
"ရှင် ကျွန်မကို ယုံလား။"
"ကိုယ်ပြောနိုင်တာ ဒီလောက်ပဲ။"
"ဝိုး ..."
ကျွန်မ သတိမထားလိုက်မိဘဲ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားမိသည်။ကျွန်မ ရင်ထဲတွင် ထိရှသွားသောကြောင့် ဖြစ်၏။ကျွန်မကို မည်သူတစ်ဦးတစ်ယောက်ကမှ ယုံကြည်ခြင်း မရှိသည့် အခြေအနေ ဖြစ်နေသည်။ကျွန်မ ဆိုလိုချင်သည်က ဘယ်နေရာမှ ဘယ်သူတွေက ကျွန်မကို ဝေဖန်ပြစ်တင်နေသည်ဖြစ်စေ ၎င်းက ကျွန်မ အမြဲ ကြုံတွေ့နေရမည့် အခြေအနေဖြစ်သည်။
သို့သော် အကြောင်းပြချက်မရှိဘဲ သူ ကျွန်မကို ယုံကြည်လိမ့်မည်ဟု ကျွန်မ မယုံပါ။ကျွန်မ အမှန်တကယ် ခံစားသွားရသည်။တွေးကြည့်လျှင် ဒီနေ့ ကျွန််မ ဆိုဗက်စ်စတာဆီက အကူအညီ အများကြီး ရရှိခဲ့သည်။ထိုအတွက် ကျေးဇူးတင်ရပေမည်။ကျွန်မ မတော်တဆကိစ္စများကို ရှောင်ရှားနိုင်ခဲ့သည်။
ကျွန်မ၏ စိတ်ထဲတွင် 'ကျေးဇူးတင်ပါတယ်' ဟု ပြောမိလိုက်သည်။သို့သော် ကျွန်မ ပါးစပ်က ထိုစကားကို ထုတ်ပြောမိသွားသည်ဟု ခံစားရသည်။
"ကျ...ကျေးဇူး ..."
ဘာကြောင့် ငါ ဒီလို ပြောလို့ မရတာလဲ။
ကျွန်မ တံတွေးမြိုချလိုက်မိသည်။
"ကျ...ကျေး..."
ကျွန်မ ရှင့်ကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။
"ကျွန်မ အသားစားချင်တယ်။"
[အိုဖီလီယာက ကျေးဇူးပါ/ 고맙다(ဂိုမာ့ဗ်သာ)လို့ ပြောဖို့ လုပ်နေတာပါ။ကျေးဇူးပါ/고맙다(ဂိုမာ့ဗ်သာ) နဲ့ အသား/고기(ဂိုဂီ) - နှစ်ခုလုံးက 고 /ဂို ဆိုတဲ့ စကားလုံးနဲ့ စတာကြောင့်မို့လို့ သူမရဲ့ စကားကို ပြောင်းပြောလိုက်တာပါ။]
ကျွန်မ ပြောနိုင်တာ ဒါအကုန်ပဲ။ကျွန်မ ဒါကို တကယ်ကို မုန်းတယ်။
ကျွန်မ ခေါင်းငုံ့ထားလိုက်မိသည်။ထို့နောက် ဆိုဗက်စ်စတာ၏ ရယ်သံက ထွက်ပေါ်လာသည်။
"မင်းက တကယ် ရယ်ရတာပဲ။"
ကျစ်
သူက ကျွန်မ၏ ခေါင်းအနောက်ဖက်ကို လက်ဖြင့် ထိလိုက်သည်။သူ ထိတွေ့လိုက်သည်က ကျွန်မ၏ ဆံပင်ကို ပွတ်သပ်ပေးနေသည်နှင့် တူသည်။
"ဒီတော့ မင်း စိတ်အလိုကျတဲ့အတိုင်း လုပ်ပြီးတော့ နေ။"
ဆိုဗက်စ်စတာသည် ကျွန်မလိုချင်သော စကားလုံးများကို မည်သို့ ရွေးချယ်လိုက်ပါသနည်း။
"ဘေးဘီဝဲယာကို ကြည့်မနေနဲ့။"
ထို့ကြောင့် ၎င်းက အနည်းငယ် အန္တရာယ် ရှိသည်ဟု ကျွန််မ တွေးမိသည်။ကျွန်မ သူ့ကို ချစ်မိသွားလျှင် တစ်နေ့ ကျွန်မ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မည် မဟုတ်ပါလော။
ကျွန်မ အကွာအဝေးတစ်ချို့ ခြားထားရန် လိုအပ်သည်။ယခုမှာတော့ ကျွန်မ သူ ခေါင်းပွတ်ပေးသည်ကို ခံယူနေလိုက်ဦးမည်။
ဆိုဗက်စ်စတာ၏လက်ထဲတွင် ကျွန်မ၏ခေါင်းကို အေးဆေးစွာ အပ်ထားလိုက်မိသည်။
သူက ဆံပင်များကို ဆက်၍ ပွတ်သပ်ပေးနေလေသည်။
ကျွန်မ စိတ်ခံစားချက် ပိုကောင်းလာခဲ့သည်။
*
မနက် မိုးလင်းသည်နှင့် ကျွန်မ ထလိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို ဖြီးသင်လိုက်သည်။ပြီးနောက် ကျွန်မ တွေးမိသည်။
လက်စားချေရမဲ့ နေ့ပဲ။
ဟူး
ကျွန်မ လူခေါ် ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။ထို့နောက် ချက်ချင်းပင် အိုင်ရင်းက ဝင်လာခဲ့သည်။
"မဒမ် ဒီနေ့ အစောကြီး နိုးနေတာပါလား။"
"အင်း၊ငါ ဒီနေ့ လုပ်စရာတစ်ချို့ ရှိတယ်။"
ကျွန်မ ပျင်းကြောဆန့်ပြီး ပြောလိုက်သည်။
"ငါ အိမ်ရှေ့စံမင်းသားရဲ့ နန်းတော်ကို သွားရမယ်။"
"ရှင်!"
အိုင်ရင်း၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
"မဒမ် ၊သတင်း မဖတ်ရသေးဘူးနော်။"
သူမက ကျွန်မ အတွက် ဝမ်းနည်းနေသော ပုံစံဖြင့် ကျွန်မကို ကြည့်လိုက်ပြီး သတင်းစာတစ်စောင်ကို ထုတ်၍ ကျွန်မကို ပေးလာသည်။ကျွန်မ သတင်းစာကို ယူလိုက်ပြီး စာရွက်ကို ဖြန့်၍ ကြည့်လိုက်သည်။ထိုသို့လုပ်လိုက်သည်နှင့် သတင်းစာ ခေါင်းကြီးပိုင်းတွင် ရှိနေသော သတင်းတစ်ခုကို ကျွန်မ သတိထားမိသွား၏။
[အိုဖီလီယာရိုင်ဇန်က နောက်ထပ် ပြဿနာတစ်ခု ထပ်ဖြစ်ခဲ့]
ထိုသို့ ဖြစ်လာမည်ဟု ကျွန်မ သိပြီး ဖြစ်သည်။ကျွန်မ ကျန်သည့်အကြောင်းအရာများကို အလျင်အမြန် ဆက်ပြီး ဖတ်လိုက်မိသည်။
[ဖိတ်ကြားထားခြင်း မရှိသော အမျိုးသမီးတစ်ဦးက မြို့စားမင်းကြီး၏ ကပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့သည်။၎င်းမှာအိုဖီလီယာ ရိုင်ဇန် ဖြစ်ပါ၏။သူမက ကောင့်မြို့စားကတော် ဖလဲရ် ဝီလီယမ်ကို ဆဲဆိုရိုင်းပြခဲ့သည်။သူမက ဒေါသကို မထိန်းနိုင်ဘဲ မှော်နက်ကို အသုံးပြုရန် စတင်ခဲ့သည်။အကယ်၍ မြို့စားကြီးရိုင်ဇန်သာ ရောက်မလာခဲ့လျှင်။ကျွန်ုပ်တို့လည်း မည်သို့ ဖြစ်လာမည်ကို မသိနိုင်ပေ။]
ဟင်း... အကုန်ပေါ်သွားပြီ။
ကျွန်မ ခါးသီးစွာ ပြုံးလိုက်ပြီး သတင်းစာကို ပြန်ခေါက်လိုက်သည်။မဟုတ်ပါ၊ ကျွန်မ သတင်းစာကို ပြန်ခေါက်ရန် လုပ်နေခဲ့သည်။သို့သော် နောက်ဆုံးစာကြောင်းတစ်ကြောင်းက ကျွန်မ၏ မျက်စိကို ဖမ်းစားသွားခဲ့သည်။
[ထို့ကြောင့် ဤသို့ ဆိုးရွားသော တစ်စုံတစ်ရာ ထပ်မဖြစ်လာခင် မှော်နက်အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သော ဥပဒေကို ချက်ချင်းပင် ချမှတ်သင့်ပေသည်။]
"ဘယ်လို အဓိပ္ပါယ်မရှိတာတွေ ပြောနေကြတာလဲ။"
ကျွန်မမှာ ပြောစရာ စကားမရှိ ဖြစ်နေသဖြင့် ရယ်မောလိုက်ရသည်။
"ဒါဆို နင်တို့က အခု မှော်နက်သုံးတာကို တားမြစ်ချင်နေကြတာပေါ့လေ။"
နင်တို့ ဘယ်အချိန်မှာ မှော်နက်ပညာရှင်တွေဆီက အကူအညီတောင်းကြလဲ။
"ဒါက တကယ်ကို စက်ဆုပ်ဖို့ကောင်းလိုက်တာ။"
ဖူး
ကျွန်မ အသက်ရှူထုတ်ပြီး ရှေ့ဆံပင်များကို မှုတ်ထုတ်လိုက်ကာ မျက်မှောင်ကြုတ်ထားလိုက်မိသည်။ကျွန်မ၏ ဘေးတွင် ရပ်နေသော အိုင်ရင်းက တုန်ယင်နေခဲ့သည်။
"မဒမ်၊မဒမ့်ရဲ့အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီလို့ ကျွန််မ ထင်တယ်။"
အာ
ငါက အရမ်းကို အိုဖီလီယာဆန်သွားတာပဲ။
ကျွန်မ သက်ပြင်းချလိုက်ပြီး ဆံပင်ကို နောက်ဖက်သို့ လှန်၍ ဖြီးလိုက်သည်။
"ငါ ဒေါသဖြစ်သွားတာကြောင့်လေ။ရယ်စရာကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခုပဲ။"
"ဒါဆို မဒမ် မှော်နက်သုံးခဲ့တယ်ဆိုတာက လိမ်ပြီး ရေးထားတာ တစ်ခုပေါ့။"
"မဟုတ်ဘူး၊အဲ့ဒါက အမှန်ပဲ။"
အိုင်ရင်းက ပါးစပ်ကို ပိတ်လိုက်သည်။ထို့နောက် သူမက ကျွန်မ၏ အဝေးကို ရောက်သွားသည်။
အခု နင်က ပေါ်ပေါ်တင်တင်ပဲ ငါ့ကို ရှောင်နေတာပေါ့။ ငါ အရမ်း စိတ်ပျက်သွားပြီ။
ကျွန်မ ပခုံးတွန့်လိုက်ပြီး အိပ်ရာထဲမှ ထွက်လာခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ငါ ဒီနေ့ အိမ်ရှေ့စံမင်းသားရဲ့ နန်းတော်ကို သွားရမယ်။ကျေးဇူးပြုပြီး အဆင်သင့်ပြင်ထားပေး။"
"အမ်း"
အိုင်ရင်းသည် ဂရုတစိုက်နှင့် အသံတစ်သံ ပြုလိုက်သည်။
"အရှင့်သားက မငြင်းပယ်လောက်ပါဘူးနော်။"
"ငါ ဘာကြောင့် လာတယ်ဆိုတဲ့ အကြောင်းပြချက်ကို သူသိမယ်ဆိုတာ သေချာတယ်။"
ကျွန်မ ခေါင်းခါလိုက်သည်။
"ပြီးတော့ သူ ငြင်းလို့ မရဘူး။"
အမှန်စင်စစ်ပင် ကယ်လီယန်သည် ကျွန်မကို ဝင်ခွင့်ပြုလိုက်သည်။
TK Team
++++++++