Chapter 42
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၄၂)


ကယ်လီယန်တွင် စိုးရိမ်စိတ် အများအပြားရှိနေခဲ့သည်။မနေ့ညက ဖလဲရ် ရောက်လာပြီး ငိုကြွေးနေခဲ့သည်။



ကျွန်မ တကယ်ကို ကြောက်ပါတယ်၊အရှင့်သား။



သူမပြောပြသည်ကို နားထောင်သည်နှင့်ပင် နားလည်နိုင်သည်။အိုဖီလီယာက မထင်မှတ်ပဲ ရောက်လာပြီး သူမကို စကားဖြင့် စော်ကားပြောဆိုသည့်အပြင် ဖလဲရ်ကို ခြိမ်းခြောက်ရန် မှော်နက်ကိုပင် အသုံးပြုလာခဲ့သည်။ကယ်လီယန်မှာ အိုဖီလီယာကို ဒေါသဖြစ်ရလွန်းသောကြောင့် ဇက်ကြောများပင် တက်နေရသည်။သူက သူမကို သတိပေးခဲ့သည်တိုင် သူမက ထိုသို့ ထပ်တလဲလဲ လုပ်နေမြဲသာ ဖြစ်သည်။



သူမ နည်းနည်းတော့ ပြောင်းလဲသွားပြီလို့ ငါတွေးနေခဲ့တာ။လက်စသတ်တော့ မဟုတ်ဘူးပဲ။



အိုဖီလီယာ အနည်းငယ် ပြောင်းလဲသွားသည်ဟု သူ ထင်မိသည့်အတွက် ကယ်လီယန်မှာ အလွန်အသုံးမကျသလို ခံစားနေရသည်။သည်အကြိမ်တွင် သူမကို သူ့အကြောင်း ပြရမည်။ကယ်လီယန် ထိုသို့ ကတိပေးလိုက်သည်။သို့သော် ယနေ့မနက်တွင် အိုဖီလီယာထံမှ စာတစ်စောင် ရောက်လာခဲ့သည်။



ရေးထားသည်မှာ ရိုးစင်းလှ၏။လာရောက်အခစားဝင်ပါမည် ဆိုသည့် အကြောင်းပင်။



သူမ မနေ့က လုပ်ချင်တာတွေ လုပ်ခဲ့ပြီးမှ ဒီနေ့ကျတော့ သူနဲ့ လာတွေ့ဦးမယ်။သူမ တကယ်ကို စိတ်လွတ်သွားပြီပဲ။



ကယ်လီယန်သည် အိုဖီလီယာကို ချက်ချင်း ငြင်းပယ်ရန် ကြိုးစားလိုက်သည်။ထို့နောက် သူ ရုတ်တရတ် တွေးမိသွားသည်။



သူမက စာ ယူလာခဲ့ရင်ရော။



အရင်တစ်ခါ၌  မြို့စားမင်းကြီးရဲ့ အိမ်တော်တွင် သူ့မယ်တော်၏ စာတစ်စောင် ရှိသည်ဟု သူမက ပြောခဲ့ဖူးသည် မဟုတ်ပါလော။သူမက မြို့စားမင်းကြီး အိမ်တော်ရှိ စာကို ယူလာပေးမည် ဆိုပါလျှင်။



ထို့သို့ ဖြစ်ပါမူ အိုဖီလီယာကို ငြင်းပယ်၍ မရတော့ပေ။မှန်ပေ၏။



အိုဖီလီယာကို လာရောက်ခွင့်ပြုလိုက်ခြင်းက ဖလဲရ်အပေါ် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သွားခဲ့လျှင်တောင်မှ ငြင်းပယ်၍ မရပေ။



သေစမ်း၊ငါ့ကို လာကစားနေကြတယ်လို့ ခံစားရတယ်။



ကယ်လီယန်သည် လည်ပင်းအထိ တပ်ထားသော ကြယ်သီးတစ်စုံကို ဖြုတ်ပစ်လိုက်ပြီး ပထမတစ်ချက် ကြည့်လိုက်လျှင် အဖြူရောင် ပုံစံပေါက်သည့် သူ၏ ရွှေရောင်ဆံပင်များကို ထိုးဖွလိုက်မိသည်။ 



"အရှင့်သား၊ အိုဖီလီယာ ရိုင်ဇန် ရောက်ရှိနေပါပြီ ခင်ဗျ။"



"သူမကို စောင့်နေဖို့ ပြောလိုက်ချေ။"



"ကျွန်တော် နားလည်ပါပြီ။"



ကယ်လီယန်သည် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်လိုက်ပြီး ခေါင်းကို အနောက်ဖက်သို့ မှီထားမီသည်။သူသည်  အိုဖီလီယာ ရိုင်ဇန်ကို တွေ့ပင် မတွေ့ချင်ပေ။သူမ၏ မျက်နှာကို သူ မြင်လျှင် စကားကောင်းကောင်း ထွက်လာမည် မဟုတ်ပေ။



သို့သော် အခုထိ အဆင်ပြေနေသေးသည်။



သူ မည်သို့ ပြောဆိုသည်ဖြစ်စေ အိုဖီလီယာက နာကျင်သွားမည်မဟုတ်။သူ လုပ်ဖို့လိုသည်က စာကို ယူပြီး သူမကို မောင်းထုတ်ပစ်ဖို့ပင်။ကယ်လီယန် ထိုသို့ တွေးလိုက်ပြီး သူ့ပါးစပ်ကို ဖွင့်၍ အစေခံကို ပြောလိုက်သည်။



"ဖလဲရ် အိမ်ပြန်သွားပြီ၊ဟုတ်လား။"



"ဟုတ်ကဲ့၊ မှန်ပါတယ် ခင်ဗျ။ကျွန်တော် မကြာခင်ကပဲ စစ်ဆေးပြီးပါပြီ။"



"အင်း"



အကယ်၍ ကယ်လီယန်က အိုဖီလီယာအား ဝင်ခွင့်ပြုသည်ကို ဖလဲရ် သိသွားခဲ့လျှင် သစ္စာဖောက်ခံရသည်ဟူ၍ သူမ စိတ်ထိခိုက်နေလိမ့်မည်။ထို့ကြောင့် ဖလဲရ်ဆီမှာ ဘယ်တော့မှ မမိသွားရအောင် ကယ်လီယန် အားထုတ်လိုက်မည်။



"အိုဖီလီယာက ဒီနေရာကို လာသွားတယ်ဆိုတာ ဘယ်သူမှ မသိစေနဲ့။မင်း သဘောပေါက်လား။"



"ကျွန်တော် သိပါပြီ။"



ဟူး



ကယ်လီယန် နောက်ထပ် သက်ပြင်းတစ်ခါ ချလိုက်ပြီး ထရပ်လိုက်သည်။သူ မတွေ့ချင်သည့် မိန်းမကို တွေ့ရဦးမည်။သူ သူမကို တွေ့လိုက်သည်နှင့် ကြိမ်းမောင်းပြောဆိုပစ်ရမည်။



သူမ ဖလဲရ်အပေါ် လုပ်ထားသကဲ့သို့။



*


သူ ထိုသို့ တွေးထားခဲ့သည်။ 



"ဘာဖြစ်တာလဲ။"



သူ ပန်းချီခန်းထဲသို့ ရောက်လျှင် အိုဖီလီယာ၏ ငိုကြွေးနေသော မျက်နှာကို မြင်လိုက်ရသည်။



ငိုနေတယ်။အဲ့ဒီ အိုဖီလီယာကလေ။ငါများ မှားမြင်မိတာလား။



ကယ်လီယန်သည် အမှုမဲ့ အမှတ်မဲ့ဖြင့် မျက်လုံးများကို ရွေ့လျားလိုက်သည်။



သူမရဲ့ မျက်လုံးထဲ တစ်ခုခု ဝင်သွားလို့လား။သူမက ဘာလို့ ငိုနေရတာလဲ။



ကယ်လီယန်မှာ မယုံသင်္ကာ မဖြစ်ပဲ မနေပေ။



သို့သော် အိုဖီလီယာမှာ အမှန်တကယ် ငိုကြွေးနေလေသည်။သူ့မှာ မယုံကြည်နိုင်ပေ။



"မင်း ... မင်း စိတ်လွတ်သွားပြီလား။"



အဟမ်း



ကယ်လီယန် လည်ချောင်းကို တစ်ချက်ရှင်းလိုက်သည်။



"မင်း ဘာဖြစ်လို့ ငိုနေရတာလဲ။မင်းက ဘာများ ကောင်းကောင်း လုပ်ခဲ့လို့လဲ။"



အိုဖီလီယာသည် သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။သူမ၏ဝိုင်းစက်သော မျက်ဝန်းများထဲမှ ကြည်လင်သော မျက်ရည်စက်ကလေးများမှာ တလိမ့်လိမ့် ကျဆင်းနေလေသည်။သူမ၏ ငိုနေသော ပုံရိပ်လေးမှာ အလွန် လှပသဖြင့် ကယ်လီယန်မှာ ဘာမှ မတတ်နိုင်ပဲ ကြည့်နေမိသည်။သူသည် အိုဖီလီယာထံမှ အကြည့်မလွှဲနိုင်ခဲ့ပေ။ 



အိုဖီလီယာသည် ကယ်လီယန်၏ မီးခိုးရောင်မျက်ဆန်များကို ကြည့်ရင်း သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည်။



"ကျွန်မ ..."



အိုဖီလီယာက တိုးညှင်းသော အသံလေးဖြင့် ဆက်ပြောသည်။

"ကျွန်မ အမှားအကြီးကြီး လုပ်မိပါတယ်။"



သူမက လေးနက်စွာဖြင့် ဦးညွှတ်လိုက်လေသည်။သူမက ထပ်၍ ငိုနေသည့်နှယ် ပခုံးများက တုန်ယင်နေခဲ့သည်။ကယ်လီယန်လည်း အာရုံထွေပြားနေခဲ့သည်။အိုဖီလီယာတစ်ယောက် ဤမျှ အမူအယာထုတ်ပြလာသည်ကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။



သူ ဒီပုံစံကို မြင်မြင်ချင်း အလျှော့ပေးလိုက်တော့မည်ဟု တွေးလိုက်မိသည်။သို့သော်လည်း ထိုအတွေးက ပြန်ပျောက်ကွယ်သွားခဲ့သည်။အိုဖီလီယာ ပြောပြသည်ကို သူ အရင်ဆုံး နားထောင်သင့်သည်ဟု ကယ်လီယန် စဥ်းစားလိုက်သည်။သူ့ခြေထောက်ကို အမြန် ရွှေ့လိုက်ပြီး အိုဖီလီယာနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။



"ကျွန်မ ဒီလိုဖြစ်သွားဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး။အရှင့်သားလည်း သိမှာပါ။အဲ့ဒီ မှော်နက်စွမ်းအင် တွေက မတော်တဆ ထွက်လာရတာပါ။"



"ဒါပေမဲ့ မင်း အဲ့ဒါကို ထိန်းချုပ်နိုင်တယ်လေ။"



ကယ်လီယန်က ထိုသို့ ပြန်ဖြေရန် စီစဥ်ထားသည်။အိုဖီလီယာက ခေါင်းခါလိုက်၏။



"ကျွန်မ ထိန်းချုပ်လို့ မရခဲ့ဘူး။ကျွန်မ ဝမ်းနည်းမိတယ်။ ကျွန်မ ..."



"ဝမ်းနည်းတယ် ဟုတ်လား။"



"ဟုတ်ကဲ့"



အိုဖီလီယာက ခေါင်း ပြန်မော့လာခဲ့သည်။မျက်ဝန်းများမှာ မျက်ရည်များ အပြည့်နှင့် နီရဲနေလေရာ သနားစရာကောင်းသော အသွင် ဖြစ်နေ၏။



ဟား ၊အိုဖီလီယာက သနားစရာပုံစံ ဖြစ်နေရတယ်လို့ ငါ့မှာ ယုံတောင် မယုံနိုင်ဘူး။



ကယ်လီယန်သည် အသိစိတ် ပြန်ဝင်လာရန် ကြိုးစားနေရသည်။သို့သော်လည်း အိုဖီလီယာ၏ ပါးပြင်တစ်လျှောက် စီးဆင်းနေသော မျက်ရည်များကို သူ မြင်လိုက်လျှင် သူ့ကိုယ်သူ ထိန်းချုပ်၍ မရတော့ပေ။



"ငိုနေတာကို ရပ်လိုက်တော့။"



ကယ်လီယန်သည် အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး အိုဖီလီယာကို ပေးလိုက်သည်။လက်ကိုင်ပဝါ ရလိုက်သောအခါ အိုဖီလီယာသည် လေးလံစွာ အသက်ရှူလိုက်ပြီး မျက်ရည်များကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်လေသည်။



"ကျွန်မ ငိုနေတာကို ရပ်လိုက်ပါပြီ။ကျွန်မ တောင်းပန်ပါတယ်။ဒါပေမဲ့ မနေ့က ဖြစ်ခဲ့တာတွေကို ကျွန်မ သတိရပြီး အရမ်းဝမ်းနည်းမိလို့ပါ။"



အိုဖီလီယာက ဝမ်းနည်းသည်ဟု ဘာကြောင့် ပြောနေသည်ကို ကယ်လီယန်မှာ နားမလည်နိုင်ခဲ့ပေ။အဘယ့်ကြောင့်ဆိုသော် မနေ့က ရူးသွပ်စရာကောင်းသော ကိစ္စများကို လုပ်ခဲ့သူက အိုဖီလီယာသာ ဖြစ်နေသောကြောင့်ပင်။



ထိုဖြစ်ရပ်က သည်အတိုင်း ဖြစ်ပျက်ခဲ့သည်မှာ သူ့အနေဖြင့် သေချာသည်။သို့သော် သူမက ဝမ်းနည်းနေသည်။အဘယ်ကြောင့်နည်း။ကယ်လီယန် ၎င်းကို မေးမြန်းရမည်။



"ဆက်ပြော"



"ကျွန်မ ..."



အိုဖီလီယာသည် မျက်နှာကို မော့လိုက်၏။ထို့နောက် သူမသည် မျက်လွှာချ၍ တွေးနေမိသည်။



သရုပ်ဆောင်တာကို သရုပ်ဆောင်တာနဲ့ပဲ တုံ့ပြန်ရမှာပေါ့။



ငါ နိုင်မှာပါ။ငါက ကိုရီးယားဒရာမာဇာတ်လမ်းတွေထဲက သရုပ်ဆောင်နည်းတွေကို လေ့လာထားတဲ့ ကိုရီးယားမလေးတစ်ယောက် မို့လို့လေ။ဒါကြောင့် ဖလဲရ်ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါ နင်းခြေပစ်နိုင်မှာ။



အိုဖီလီယာက သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။



"ကျွန်မ ဝင်လာကတည်းက ကျွန်မရဲ့ခင်ပွန်းနဲ့ အတူ ရှိနေခဲ့တာပါ။ပြီးတော့ ကျွန်မ မြို့စားမင်းကြီးကို နှုတ်ဆက်ပြီး အိမ်တော်ထဲက စာကြည့်တိုက်ကို သွားခဲ့ပါတယ်။စာကြည့်တိုက်မှာ စာအုပ်တစ်အုပ် ငှားပြီး တစ်ယောက်ထဲ ထိုင်ဖတ်နေခဲ့တာပါ။ဒါပေမဲ့ ရုတ်တရက်ကြီး ကျွန်မက ဖလဲရ်ကို အနိုင်ကျင့်ပါတယ် လို့  မြို့စားမင်းကြီးကတော်က နားလည်မှု လွဲသွားပါတယ်။"



"ဒါက နားလည်မှု လွဲတာလား။"



ကယ်လီယန် မျက်မှောင်ကြုတ်သွားသည်။မဖြစ်နိုင်။၎င်းက နားလည်မှုလွဲခြင်း မဖြစ်နိုင်ပေ။မနေ့ညက ဖလဲရ် ရောက်လာပြီး သူမအပေါ် အိုဖီလီယာက ဘယ်ပုံဘယ်နည်းဖြင့် မည်မျှ ဆဲဆိုကြိမ်းမောင်းခဲ့သည်ဟု အရာအားလုံးကို ဖွင့်ဟလာခဲ့သည်။နားခည်မှုလွဲတယ်ဆိုသည်က သူမ ဘာကိုဆိုလိုခြင်း ဖြစ်သနည်း။



အိုဖီလီယာ ထပ်ပြီး လိမ်ပြောနေသည့် ပုံပင်။ကယ်လီယန်၏ နှုတ်ခမ်းများမှာ တွန့်သွား၏။



"မင်းက ငါ့ရဲ့ရှေ့မှာ လိမ်ပြောရဲတယ်။"



"ကျွန်မ မလိမ်ရပါဘူး။မြို့စားမင်းကြီး အိမ်တော်က စာကြည့်တိုက်မှူးကို အရှင့်သား မေးကြည့်မယ်ဆိုရင် ကျွန်မ စာကြည့်တိုက်ကို ဘး်အချိန်မှာ ရောက်လာပြီး ဘယ်အချိန်မှာ ပြန်ထွက်သွားတယ်ဆိုတာကို အရှင့်သား သိရပါလိမ့်မယ်။ကျွန်မမှာ ဖလဲရ်ကို တွေ့ဖို့တောင် အချိန်မရှိခဲ့ပါဘူး။ဒါက အမှန်တရားပါ။"



"..."



ကယ်လီယန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားရသည်။စဥ်းစားကြည့်ပါက အိုဖီလီယာကို ကာကွယ်ပြောဆိုပေးခဲ့သော ဆိုဗက်စ်စတာကလည်း ထိုသို့ တူညီစွာ ပြောခဲ့သည်။သူက အိုဖီလီယာနှင့် တစ်ချိန်လုံး ရှိနေသည် ဟူ၍။



အကယ်၍  ဆိုဗက်စ်စတာ ပြောသည်က အမှန်၊အိုဖီလီယာ ပြောသည်ကလည်း အမှန် ဆိုပါက လိမ်ပြောနေသူက ဖလဲရ်သာ ဖြစ်သည်။သို့သော် ဖလဲရ်က လိမ်ပြောမည်လော။ဖြစ်နိုင်စရာ အကြောင်း မရှိပေ။



ကယ်လီယန် ခေါင်းခါလိုက်သည်။



"ငါ မင်းကို ချက်ချင်း ယုံကြည်ပေးလိမ့်မယ်လို့ မင်း တွေးမနေနဲ့။" 



"ဟုတ်ကဲ့၊ကျွန်မ သိပါတယ်။"



အိုဖီလီယာက ခါးသက်စွာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။



"ကျွန်မက အပြစ်ကင်းတယ် ဆိုတာကိုသာ ပြောပြချင်တာပါ။"

ထိုသို့ ပြောလာသော အိုဖီလီယာမှာ အမှန်တကယ်ပင် အထီးကျန်ဆန်နေပုံ ရလေသည်။အိုဖီလီယာသည် တစ်ကြိမ်တစ်ခါမှ နာကျင်ဖူးပုံမရသော ကောက်ကျစ်စဥ်းလဲသည့် မိန်းမ မဖြစ်နိုင်ဟူ၍ပင် ကယ်လီယန် တွေးမိသွားလေသည်။



မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။အိုဖီလီယာက ကောက်ကျစ်စဥ်းလဲသည့် မိန်းမပဲ။ဒီလို စိတ်ခံစားချက် အသေးအမွှားလေးကြောင့် သူ မကျရှုံးသင့်ဘူး။



ကယ်လီယန်သည် သန္နိဋ္ဌာန်ချလိုက်ပြီး ဟိုးအရင်က အိုဖီလီယာ၏ ရက်စက်ကြမ်းတမ်းသော အပြုအမူများကို ပြန်တွေးကြည့်နေမိလေသည်။ 



"မှန်ပါတယ်။မှော်နက် သုံးလိုက်မိတာ ကျွန်မရဲ့ အမှားပါ။ကျွန်မ တကယ်ကို တောင်းပန်ချင်ပါတယ်။"



"အင်း"



ကယ်လီယန်က ဆက်ပြောသည်။



"မင်း ဖလဲရ်ကို တောင်းပန်သင့်တာ။ငါ့ကို မဟုတ်ဘူး။"



"ကျွန်မ သိပါတယ်။"



အိုဖီလီယာက ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်သည်။ထို့နောက် သူမက ကယ်လီယန်ဆီကို လာလည်ရသည် အစစ်အမှန် အကြောင်းပြချက်ကို ဆွဲထုတ်လိုက်လေသည်။



"ဒါပေမဲ့ ကျွန်မ သူမကို တွေတဲ့အခါ ထပ် ရူးသွပ်သွားပြီး မထိန်းချုပ်နိုင်တော့ရင်ရော။"



ကယ်လီယန်၏ မျက်လုံးများ တင်းမာသွားသည်။ထိုအခိုက်အတန့်ကို အိုဖီလီယာ မလွတ်လိုက်ပေ။



"ကျွန်မ ဘုရားကျောင်းကို သွားပြီး ဆွေးနွေးတိုင်ပင်မှု လုပ်သင့်တယ်လို့ တွေးမိပါတယ်။"



"ဘာ"



"အဲ့လိုဆို ကျွန်မ မှော်နက်ကို မထိန်းချုပ်တဲ့ ကိစ္စကို ကုသလို့ ရနိုင်မှာပါ။ကျွန်မ အလှူငွေတစ်ချို့တော့ ကုန်ကျမှာပေါ့။"



"မဟုတ်ဘူး။"



ကယ်လီယန် ထရပ်လိုက်မိသည်။



"မင်း စိတ်လွတ်သွားပြီလား။မင်းက ဘုရားကျောင်းကို သွားမယ်။ပြီးတော့ အလှူငွေ ထည့်မယ်။မင်း ရူးနေလား။"



ကယ်လီယန် ထိုသို့ စိတ်မထိန်းနိုင်သည်မှာ သဘာဝကျပါသည်။အင်ပါယာနှင့် ဗာတီကန် နယ်မြေ(ဘရင်ဂျီ အသင်းတော် အုပ်ချုပ်ရေးယန္တရားတည်ရှိရာ ဌာနချုပ်)တို့မှာ သင့်မြတ်ခြင်း မရှိပေ။အကယ်၍ အိုဖီလီယာက ဘုရားကျောင်းမှ အကူအညီရခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။သူမက ဘုန်းတော်ကြီးများနှင့် ဆက်ဆံရေးကောင်းလာလျှင် မည်သို့ ဖြစ်လာမည်နည်း။



မြို့စားကြီး ရိုင်ဇန်၏ ပိုက်ဆံများက ဗာတီကန် နယ်မြေသို့ ရောက်သွားပြီး မြို့စားကြီး ရိုင်ဇန်နှင့် ဗာတီကန် နယ်မြေတို့က ပတ်သက်ဆက်နွယ်မိသွားလိမ့်မည်။



ဗာတီကန်နယ်မြေနှင့် လက်တွဲခဲ့သော ရိုင်ဇန် မြို့စားကြီးကတော်က တော်ဝင်မိသားစုကို ဆန့်ကျင်လာမည်ဆိုသည်က သိသာထင်ရှားသည်။သူတို့က သူမကို ယခုထက်ပင် ပို၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေလိမ့်မည်။သူတို့သည် အစကတည်းက အင်ပါယာ၏ ဩဇာအာဏာကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကြိုးစားနေကြသည်။ဤသို့ ဖြစ်လာ၍ မရပေ။



အိုဖီလီယာသာ ဘုရားကျောင်းကို သွားခဲ့ပါလျှင် ထိုကိစ္စမှာ အစပြုလာလိမ့်မည်။ထို့ကြောင့် သူ့အနေဖြင့် သူမကို တားဆီးရလိမ့်မည်။ဘယ်တော့မှ ဖြစ်လာ၍ မရပေ။



"မလုပ်နဲ့။မင်း သွားဖို့မလိုဘူး။"



အိုဖီလီယာမှာ ပို၍ ခါးသက်သက် ဖြစ်သွားပုံရ၏။



"ဒါပေမဲ့ သတင်းစာထဲမှာ မှော်နက်သုံးစွဲမှုကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေ ထုတ်ပြန်သင့်တယ်ဆိုပြီး ပြောနေကြတာပါ။အဲ့ဒီအခါ ကျွန်မက အပြစ်သားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ဒီလို ဖြစ်လာတာကို ရှောင်ကြဥ်ဖို့ ကျွန်မ ဘုရားကျောင်းကို သွားလိုက်တာ ပိုကောင်းလိမ့်မယ်လို့ တွေးမိပါတယ် အရှင့်သား။"



"ဒီလို ရယ်စရာကောင်းတဲ့ သတင်းအကြောင်းအရာက ရှိသေးတယ်လား။သူတို့က တော်ဝင်နန်းတော်ရဲ့ ခွင့်ပြုချက်မရဘဲ ဒီလိုသတင်းမျိုးကို ရေးရဲရတယ်လို့။"



ကယ်လီယန်သည် ဒေါသတကြီးဖြင့် ခြေထောက်ကို ကန်ကျောက်လိုက်သည်။ထို့နောက် သူက အစေခံကို အော်ခေါ်လိုက်သည်။



"အဲ့ဒီသတင်းကို ထုတ်ဝေခဲ့တဲ့ သတင်းထောက်ကို ချက်ချင်း ထုတ်ပစ်လိုက်။"



အသံကို မြှင့်၍ ပြောလိုက်မိသော ကယ်လီယန်မှာ ထွက်သက်ကို အားမာန်အပြည့်နှင့် ရှူထုတ်လိုက်လေသည်။



"မှော်နက် အသုံးပြုတာကို တားမြစ်ပိတ်ပင်မှာမဟုတ်ဘူး။ဘယ်တော့မှ။"



"အဲ့ဒီလို ဆိုပေမဲ့...။"



အိုဖီလီယာက ဂရုတစိုက်ဖြင့် မျက်လုံးကို ပင့်၍ ကြည့်လိုက်သည်။



"ဒါပေမဲ့ ကျွန်မ ဒါကို ကောင်းကောင်း ထိန်းချုပ်နိုင်သင့်တယ်လို့ ထင်ပါတယ်။ဘုရားကျောင်းက ကူညီပေးနိုင်မလား မသိ..."



"ထိန်းချုပ်မနေနဲ့။ဒီတိုင်း ထားလိုက်။"



"ဒါပေမဲ့ ကောင့်မြို့စားကတော်ကို တောင်းပန်ဖို့ ဆိုတာက..."



"မတောင်းပန်နဲ့။အဆင်ပြေတယ်။"



ကယ်လီယန်သည် ကြောက်လန့်တကြားဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။



"အရာအားလုံး အဆင်ပြေတယ်။ဒါကြောင့် မင်းသာ ဘုရားကျောင်းကို မသွားနဲ့။အိုကေလား။"



အိုဖီလီယာသည် မသိနားမလည်သလို ပုံစံဖြင့် ကယ်လီယန်ကို ကြည့်လိုက်ပြီး ဘာမှ မတတ်နိုင်သလို အမူအယာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။



"ဟုတ်ကဲ့ပါ"



အိုဖီလီယာက ပြေပြစ်စွာ ဖြေလိုက်ပြီး ဖြည်းဖြည်းချင်း ဦးညွှတ်လိုက်လေသည်။



ထို့နောက် သူမ တွေးမိသည်။



အရာအားလုံးက စီစဥ်ထားတဲ့ အတိုင်း ဖြစ်လာပြီ။



ဟိုး ဟိုး ဟိုး



ပီတိဖြစ်စရာကောင်းလိုက်တာနော်။ဒါက အကောင်းဆုံးပဲ။



TK Team
++++++++