Chapter 124
Viewers 49k

💘Chapter 124 

ဝေ့ဟွား၏လျှို့ဝှက်ချက် 



တောင်ကမ္ဘာခြမ်းရှိ ဩစတြေးလျနိုင်ငံတွင် XN City သည် အကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးနှင့် ယဉ်ကျေးမှုဗဟိုချက်အဖြစ် ထင်ရှားသော ခရီးသွားနေရာတစ်ခုဖြစ်သည်။ဝေ့ချန်နှင့်ချန်လီတို့က ဤမြို့ကို သူတို့၏ ခရီးသွားနေရာအဖြစ် ရွေးချယ်ခဲ့ကြသည်။


မြို့တော်က နှင်းများထူထပ်စွာ ဖုံးလွှမ်းနေသေးသော်လည်း၊ ဤဒေသက တောင်ကမ္ဘာခြမ်းတွင် တည်ရှိသဖြင့် တောက်ပသော နေရောင်ခြည်၊ ညတာတိုတိုများနှင့် နေ့အလင်းရောင်တို့ကို ခံစားရလေသည်။


ဝေ့ချန်နှင့်ချန်လီက ပင်လယ်မြင်ကွင်းနှင့် ဟိုတယ်တစ်ခုထဲကိုဝင်၍ စာရင်းသွင်းခဲ့​ကြသည်။ ပြတင်းပေါက်ကိုဖွင့်လိုက်သောအခါတွင် ကြီးမားကျယ်ပြန့်သော ပင်လယ်ပြာကြီးနှင့် အ​လုံးစုံနီးပါး သန့်ရှင်းသန့်ပြန့်နေသော သဲသောင်ပြင်ဖြူဖြူကို မြင်နိုင်သည်။


တစ်ရက်အကြာခရီးအပြီးနောက် ချန်လီက ဟိုတယ်သို့ရောက်ပြီး မကြာမီတွင် အိပ်ပျော်သွားသည်။ ဝေ့ချန်၏ဘေးတွင် ရှိနေခြင်းကြောင့် လုံးဝစိတ်​အေး​သက်သာရှိ​နေခဲ့သည်။ တစ်ဖက်တွင်မူဝေ့ချန်က ညဉ့်နက်မှ အိပ်ရာဝင်ခဲ့သည်။ အိပ်ရာမဝင်ခင်မှာ အိပ်မက်ဖလားကိစ္စနှင့် ပတ်သက်ပြီး အွန်လိုင်းက ထင်မြင်ချက်များကို စစ်ဆေးရန် သူ့ကွန်ပြူတာကို ဖွင့်ခဲ့သည်။ အရာအားလုံးက သူ့မျှော်လင့်ထားသည့်အတိုင်းပါပင်၊ကွတ်ကီး ပို့ပေးသော ဖိုင်ကို သူလက်ခံရရှိပြီးနောက် အိပ်ပျော်သွားခဲ့သည်။


မနက်ခင်းမှာ ပြတင်းပေါက်ကနေဝင်လာသော တောက်ပသော နေရောင်ခြည်က ကုတင်ပေါ်ကိုဖြာကျနေသည်။ချန်လီက  နှစ်နှစ်ခြိုက်ခြိုင်အိပ်ပျော်နေဆဲဖြစ်​​ပြီး နွေးထွေးသော ရွှေဝါရောင်အလင်းတန်းများ၏လွှမ်း​ခြုံမှုအောက်မှာ တစ်ကိုယ်လုံးက ​ရောင်ခြည်တော်များဖြာနေသည့်အတိုင်းပါပင်။


ဝေ့ချန် ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်ပြီးနောက် စောင်ပုံထဲတွင် ပိုးတုံးလုံးလေးနှယ် အိပ်​ပျော်နေသော ချန်လီကို တွေ့လိုက်ရသည်။​ဝေ့ချန် သူ့ကို မနှိုးချင်ဘဲ ဆက်အိပ်ခိုင်းထားလိုက်သည်။သူထိုင်ခုံပေါ်မှာထိုင်ချ​ပြီး ကွန်ပြူတာကိုဖွင့်လိုက်ချိန်မှာ မက်ဆေ့တစ်ခု ချက်ချင်းဝင်လာသည်။


[ကွတ်ကီး:ဒါတွေက ရေတပ်ရဲ့ IP လိပ်စာအသစ်တွေ... မနေ့ညက ချန်လီကို တိုက်ခိုက်ခဲ့ပြီး မတူတာက ဒီနေ့ သူတို့က မင်းကို ပစ်မှတ်ထားနေတာ...သူတို့က Weibo မှာ တက်ကြွနေကြတယ်...အထူးသဖြင့် ချန်ဖုန်းအုပ်စုရဲ့တရားဝင်အကောင့်မှာ ] 

[ပုံ] 

[ပုံ]


ကွတ်ကီးက Weibo မှ မှတ်ချက်များကို ဖမ်းယူထားသည့် စခရင်​ရှော့များစွာကို ပေးပို့ထားခဲ့သည်။ အဆုံးမဲ့ ဆဲ​ရေးစော်ကားမှုများရှိခဲ့ပြီး အများစုမှာ ချန်ဖုန်းအုပ်စုက ဝေ့ချန်ကို အပြစ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။


သူတို့၏အ​မြင်တွင်၊ဝေ့ချန်၏ ခိုးကူးသမားကိုကာကွယ်ရန်  "ခြိမ်းခြောက်မှုများ" နှင့် "ပြန်လည်မွေးဖွားခြင်းကိုတောင့်တခြင်း"၏မူရင်းဖန်တီးရှင်အား ခြိမ်းခြောက်ခြင်းသည် အလွန်စက်ဆုပ်ဖွယ်ကောင်းသည်။ လူ့အဖွဲ့အစည်းကို အပျက်သဘောဆောင်သော စွမ်းအင်များစွာကိုယူဆောင်လာသည်။အာဏာအချို့ကို ချုပ်ကိုင်ထားခြင်းကြောင့် ပေါ့ပေါ့တန်တန် မိုက်တိမိုက်ကန်း ပြုမူနိုင်သည်ဟု တွေးထင်ကာ သူ၏ အာဏာကို ပုဂ္ဂိုလ်ရေးအရ အသုံးချနေသည်ဟု ခံစားခဲ့ရသည်။ တစ်ချို့က ချန်ဖုန်းအုပ်စု၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် ဝေ့ချန်၏ နောက်ခံသမိုင်းကြောင်းကို သေချာစွာ စုံစမ်းစစ်ဆေးရန်ပင် တောင်းဆိုခဲ့သည်။သူက သည်ထက်ပိုကျိုးကြောင်းမဆီလျော်သောအရာတစ်ခုခုလုပ်ထားချင်လုပ်ထားနိုင်သည်ဟူသည့်အကြောင်းပြချက်နှင့်။


တရားဝင်အကောင့်တွင် အရူးသွပ်ဆုံး မှတ်ချက်များက ဝေ့ချန်ကို အပြစ်ပေးပြီး နမူနာတစ်ခုပြရန် ချန်ဖုန်းအုပ်စုကို တောင်းဆို​နေကြသူများဖြစ်သည်။


တစ်ချိန်က ဝေ့ချန်သည် စီးပွားရေးမဂ္ဂဇင်းကြောင့် နာမည်ကြီးလာခဲ့ပြီး မားကတ်တင်းအကောင့်များစွာက မဂ္ဂဇင်း၏မျက်နှာဖုံးကို ပြန်တင်ခဲ့ကြသည်။ "မစ္စတာပြီးပြည့်စုံသော"၊ "ထိပ်တန်းကျောင်းသား"၊ "လွှမ်းမိုးချုပ်ကိုင်နိုင်သော CEO" စသည်တို့သည် အာရုံစိုက်မှုများစွာကို ဆွဲဆောင်ခဲ့သည်။ နာမည်ကြီးမီဒီယာအချို့ကပင် Weibo မှာ ဝေ့ချန်ကို ချီးမွမ်းကြပြီး ဝေ့ချန်ကို တကယ့်အင်တာနက်ဆယ်လီဖြစ်လာစေခဲ့သည်။


သို့သော် ယခုအဖြစ်အပျက် ပေါ်ပေါက်လာသောအခါတွင် မားကတ်တင်းအကောင့်များက ဝေ့ချန်ကို အပုပ်ချရုံသာမကဘဲ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် အခြေအမြစ်မရှိသော စွပ်စွဲမှုများပါထည့်သွင်းရေးသားခဲ့သည်။


ယခင်က ဝေ့ချန်၏ကျော်ကြားမှုကြောင့် သူတို့က ပြန်တင်သောအခါဝေ့ချန်ကိုချီးကျူးခဲ့ကြသည်။သို့ပေမဲ့ ယခုပြန်တင်သည့်အခါတွင် သူတို့က သူ့ကို ကဲ့ရဲ့ရှုံ့ချခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။မည်သို့ပင်ဖြစ်စေ ကောလဟာလများက အလွယ်တကူ ပျံ့နှံ့သွားခဲ့သည်။ ဤခေတ်က ကိုယ်ရိုက်သည့်စာအတွက် ကိုယ်တာဝန်ယူစရာမလိုသော ခေတ်ဖြစ်သည်။ အချို့သောလူများက သူတို့ကိုရေတပ်အဖြစ် နောက်ကွယ်မှ ငှားရမ်းကြပြီး သူတို့က ထိုသို့ပြုလုပ်ခြင်းဖြင့် အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ကြသည်။ယင်းက သူတို့အတွက် win-winအခြေအနေဖြစ်လေသည်။


ဝေ့ချန်၏ နာမည်က အွန်လိုင်းမှာ နာမည်ပျက်ရန် နေ့တစ်ဝက်ပင် မကြာလိုက်ပါ​ချေ။ထိုရေတပ်နှင့် သူများယောင်တိုင်းလိုက်ယောင်သည့် မသိနားမလည်သော အင်တာနက်အသုံးပြုသူများသည် ဝေ့ချန်၏ နာမည်ဆိုးဖြင့်ကျော်ကြားပုံကို အသုံးပြုကာ ချန်ဖုန်းအုပ်စု၏တရားဝင်အကောင့်တွင် မှတ်ချက်များထားခဲ့ကာ သူ့အား အလုပ်ထုတ်ပစ်ရန် တောင်းဆိုခဲ့ကြသည်။ ထိုသို့သောပုဂ္ဂိုလ်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတွင် အရေးပါသောရာထူးကို မည်သို့ရယူနိုင်သွားသနည်းဟုမေးခွန်းထုတ်ကာ ဝေ့ချန်ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးရန် သူတို့က မရမက တောင်းဆို​နေခဲ့ကြသည်။


ကွတ်ကီးက ဝေ့ချန်ကို ဤစခရင်​ရှော့​များကို ပြသသောအခါတွင် ယခုအခါ သူက "နိုက်ကလပ်များ ခဏခဏတက်၊နေ့တိုင်း မော်ဒယ်ပေါင်းစုံကိုထည်လဲတွဲ၊အရက်မူးပြီးတောင်ကားမောင်းကာ လူတိုက်ပြီးထွက်ပြေး"သည့် လူတစ်ယောက်အဖြစ် အမြင်​ခံနေရပြီမှန်း ဝေ့ချန် နောက်ဆုံးမှာ သိလိုက်ရသည်။ သူ အနည်းငယ် ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရသည်။သို့ပေမဲ့ ယခုလိုအခြေအနေမျိုးက သူကြိုတင်မျှော်လင့်ထားပြီးသားဖြစ်၏။


မနက်ခင်းအစည်းအ​ဝေးအတွင်းမှာ ကျိုးထုံဖမ်းက ရှန့်ကျားချီရှေ့တွင် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့်၊ သူသည် ဤအခွင့်အရေးကို အသုံးချကာ ဝေ့ချန်ကို အွန်လိုင်းပေါ်တွင် အပုပ်ချပြီး အများပြည်သူ၏ ထင်မြင်ယူဆချက်များကို ကြိုးကိုင် ခြယ်လှယ်ကာ ချန်ဖုန်းအုပ်စုက ဝေ့ချန်ကို ထုတ်ပယ်အောင် ပြင်ပဖိအားများကို အသုံးပြုခဲ့သည်။


သို့သော် ဝေ့ချန် သူကျိုးထုံဖမ်းကိုပိုတွက်မိသလို ခံစားရသည်။ သူ ကျိုးထုံဖမ်း၏ အကျင့်စရိုက်နှင့် နည်းစနစ်များကို မတန်တဆ တွက်မိခဲ့သည်။ ဤစက်ဆုပ်ဖွယ်နည်းလမ်းများကို ကျိုးထုံဖမ်းတစ်ယောက်သာ စဉ်းစားနိုင်သည်။


[ဝေ့ချန်: ကျေးဇူးတင်ပါတယ်]

ဝေ့ချန်က ကွတ်ကီး၏မက်ဆေ့ချ်ကို လေးလေးနက်နက် စိုက်ကြည့်ရင်း သူ၏ လက်ချောင်းသွယ်သွယ်များက ကီးဘုတ်ပေါ်ကိုနှိပ်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။


[ကွတ်ကီး: ကျေးဇူးတင်စရာ မလိုပါဘူး]


[ဝေ့ချန်: ဝေ့ဟွားက ကြွက်ကြောက်တတ်တယ် ဟုတ်တယ် ဟမ်းစတားတောင်ကြောက်တယ်]


ဤသည်က ဝေ့ချန်၏ ကျေးဇူးတင်လက်ဆောင်လေးဖြစ်၏။ဝေ့ဟွားကြောင့် ကွတ်ကီးက ကူညီပေးလိုစိတ်ရှိ​ခြင်း​ဖြစ်သောကြောင့် သူက ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ဝေ့ဟွား၏လျှို့ဝှက်ချက်အချို့ကို ဖွင့်ထုတ်သင့်သည်ဟု သူခံစားရသည်။ 


သူတို့နှစ်ယောက် ရှေ့ဆက် ဘယ်လိုဆက်တိုးတက်မလဲဆိုသည်ကိုတော့ ဝေ့ချန် သိပ်စိတ်မဝင်စားပေ။ယင်းက ဝေ့ဟွားနှင့် ကွတ်ကီးကြားက ကိစ္စဖြစ်၏။


အဝေးတစ်နေရာက တရုတ်နိုင်ငံ၏မြို့တော်ရှိ ကွတ်ကီးတစ်ယောက် ဝေ့ချန်ဆီကမက်ဆေ့ချ်ကိုမြင်သောအခါ သူသောက်နေ​သောရေကို ထွေးထုတ်လိုက်မိသည်။ကြွက်ကြောက်တယ်လား...ဟမ်းစတားတွေတောင် ကြောက်တယ်တဲ့လား...


ရေကို မျိုချပြီးနောက် ကွတ်ကီး မရယ်ဘဲမနေနိုင်ပေ။


"ဖေဖေ ဖေဖေ"

နူးညံ့ချိုသာသောအသံလေးတစ်ခု ကွတ်ကီးနောက်မှ ထွက်ပေါ်လာ၏။ကွတ်ကီး ချက်ချင်းပင် လှည့်ကြည့်လိုက်ကာ သူ့ဆီသို့ ပြေးလာနေသော ဘီစကစ်လေးကို ပွေ့ဖက်လိုက်သည်။


"ဘီစကစ် ဘာလို့ထလာတာလဲ...စော​သေးတယ်လေ"

အချိန်ဇုန်ကွာခြားမှုကြောင့် မြို့တော်ရှိအချိန်က XN City ထက် နှစ်နာရီနောက်ကျသည်။ ထို့အပြင်၊ ဆောင်းတွင်းနက်ချိန်ဖြစ်သဖြင့် မနက် ၆နာရီကျော်နေပြီဖြစ်သော်လည်း အပြင်ဘက်တွင် ​မှောင်နေသေးသည်။


"မျက်လုံးဖွင့်လိုက်တာနဲ့ ဖေဖေ့ကို မတွေ့လိုက်ရလို့ လန့်နိုးသွားတာ"

ဘီစကစ်က ကွတ်ကီး၏ လည်ပင်းကို ဖက်ကာ ပြုံးပြသည်။


"ဖေဖေနဲ့ အိပ်ရတာ ဒီလောက် ကြိုက်တာလား"

ကွတ်ကီးက ဘီစကစ်၏နဖူးကို နမ်းလိုက်သည်။ဘီစကစ်ကြောင့်နှင့် သူသိလိုက်ရသော လျှို့ဝှက်ချက်လေးကြောင့် ကွတ်ကီးစိတ်ကောင်းဝင်နေခဲ့သည်။


"ဖေဖေ ဒီနေ့ အရမ်းပျော်နေတာလားဟင်"

ဘီစကစ်က ကွတ်ကီးကို ကောင်းကောင်းနားလည်သည်။


ကွတ်ကီးက ခေါင်းညိတ်ပြီးဆိုသည်။

"သားအရင်က အိမ်မွေးတိရစ္ဆာန်မွေးချင်တယ်လို့ ပြောဖူးတယ်မလား... ဖေဖေ ဒီနေ့ သဘောတူလိုက်မယ်"


ဘီစကစ်၏ မျက်လုံးများ ချက်ချင်းပင် တောက်ပလာသည်။

"တကယ်လား...ဖေဖေက အရမ်း​​​ကောင်းတာပဲ"

ထိုသို့ပြောကာ သူက ကွတ်ကီး၏ မျက်နှာကို မွခနဲနမ်းလိုက်၏။ထို့နောက် သူက စိုးရိမ်နေဟန်လေးဖြင့် မျက်မှောင်ကြုတ်ကာဆိုလေသည်။

"ဒါပေမဲ့ ဖေဖေ သားတို့ အိမ်မွေးတိရစ္ဆာန်အနေနဲ့ ဘာမွေးရမလဲ... ဘီစကစ်က အကုန်လုံးကို ​​မွေးချင်ပေမဲ့ ဘီစကစ် အရမ်း လောဘကြီးလို့ မရဘူးလေ"


"ဟမ်းစတားလေးမွေးရင်ရော"

ကွတ်ကီးက အကြံပြုလိုက်သည်။


"ကောင်းလိုက်တာ...ဖေဖေ့စကား နားထောင်မယ်...ဟမ်းစတားတွေကလည်း ချစ်စရာကောင်းတယ်"

ဘီစကစ်က ချက်ချင်း သဘောတူလိုက်သည်။


ကွတ်ကီးနှင့် ဘီစကစ်တို့ကအတူရယ်မောလိုက်ကြသည်။၎င်းတို့၏ မျက်ခုံးမျက်လုံးများကြားတွင် ဉာဏ်နီဉာဏ်နက်များသောအရိပ်အယောင်လေးများရှိနေသည်။ 


 "ဖေဖေ သားတို့မှာ ဟမ်းစတား​လေးရှိလာရင် ဦးဦးဝေ့ကို လာကြည့်ခိုင်းလို့ရမလား"

ဘီစကစ်က ကွတ်ကီးကိုကြည့်ကာ မေးသည်။


"ရတာပေါ့"

ဤသည်က ဝေ့ဟွားနှင့် ပတ်သက်သည့် မေးခွန်းမျိုးစုံတွင် ကွတ်ကီး မဆိုင်းမတွဖြေသော တစ်ခုတည်းသော ​မေးခွန်းဖြစ်သည်။


ကွတ်ကီးဆီကခွင့်ပြုချက်ရဖြင့် ဘီစကစ်က ဝမ်းသာသွားပြီး ဟမ်းစတားလေးကို အိမ်ပြန်​ခေါ်ပြီး ဦးဦးဝေ့ကို ပြရန် မစောင့်နိုင်တော့ပေ။


"ဘီစကစ်က ဦးဦးဝေ့ကို အရမ်းသဘောကျတာလား"

ကွတ်ကီးက ဘီစကစ်၏ ခံစားချက်ကို ခံစားမိပြီး မေးလိုက်သည်။


"အွန်း"

ဘီစကစ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး "သ​ဘောကျတယ်"ဟု အသံချိုချို​လေးဖြင့် ပြန်ပြောသည်။


ဝေ့ဟွားနှင့်အလွန်တူလှသော ဘီစကစ်၏ မျက်ခုံးနှင့် မျက်လုံးများကို ကြည့်ပြီး ကွတ်ကီး ဘာမှ မပြောတော့ပေ။သူ့အကြည့်များက အနည်းငယ် ရှောင်ဖယ်၍နေသည်။


*


ကုတင်ပေါ်က လူတစ်ယောက်ကလှိမ့်လိုက်ပြီးနောက် မျက်လုံးဖွင့်လိုက်သော်လည်း နေရောင်ထိုးနေသဖြင့် မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။သူကလက်ကို မြှောက်ပြီး နေရောင်ကိုကာပြီးနောက် မျက်လုံးကို ပြန်ဖွင့်လိုက်သည်။


အသံကိုကြား၍ လျှောက်လာသော ဝေ့ချန်က ချန်လီ၏မျက်နှာပေါ်ကျရောက်နေသော နေရောင်ကိုကွယ်ရပ်လိုက်သည်။သူက အိပ်မှုန်စုံမွှားမျက်လုံးများဖြင့်ရှိနေဆဲဖြစ်သည့် ကုတင်ပေါ်ကလူကိုကြည့်ကာ ပြုံး၍ဆိုလိုက်သည်။


"မောနင်း လီလီ"


အမှန်တွင် မောနင်းမဟုတ်တော့ပေ။XN City၏အချိန်က 10 နာရီနီးပါးရှိနေပြီဖြစ်သည်။


ချန်လီက ခဏလောက်ကြောင်အနေပြီးမှ ဝေ့ချန် နှင့်အတူ ခရီးထွက်လာသည်ကို မှတ်မိသွားသည်။သူက XNဟုခေါ်သော နေရာတစ်ခုတွင် ရှိနေသည်။ဤ​နေရာမှာ နွေရာသီဖြစ်ပြီး ရာသီဥတုက ပူပြင်းပြီး နေသာ၏။


"မောနင်း အားချန်"

ချန်လီက သူ့မျက်လုံးများကို ပွတ်သပ်ပြီး အိပ်ရာကနေ ထလိုက်သည်။ ကုတင်ဘေးတွင် ဝေ့ချန်က ချန်လီအတွက် ဖိနပ်တစ်ရံကို ပြင်ဆင်ထားပြီး​ပြီဖြစ်သည်။ ဖိနပ်၏ အနေအထားက အသေအချာ တွက်ချက်ထားပုံရသည်။ အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေသေးသည့်ချန်လီက ကုတင်ပေါ်မှ ခြေချလိုက်သည့်အခါ ဖိနပ်ပေါ်မှာ အတိအကျ ဆင်းမိလိုက်​လေသည်။


ချန်လီက ဖိနပ်စီးပြီး ရေချိုးခန်းထဲဝင်တော့မည်​ပြုသော်လည်း အခန်းက သိပ်မရင်းနှီးသောကြောင့် အနည်းငယ် စိတ်ရှုပ်​ထွေးသွားသည်။နေရာမှာတင် တစ်ပတ်လည်ပြီးနောက် ဝေ့ချန်၏လမ်းညွှန်မှုဖြင့် နောက်ဆုံးတွင် ရေချိုးခန်းကို ရှာတွေ့သွားခဲ့သည်။


ချန်လီ မျက်နှာသစ်ပြီး ထွက်လာပြီးနောက် ဝေ့ချန်က သူဝတ်မည့်အဝတ်အစားများနှင့် မနက်စာကိုပြင်ဆင်ထားပြီးဖြစ်သည်။ ဟိုတယ်က မနက်စာ ကျွေးပေမဲ့ ဝေ့ချန်က ချန်လွအတွက် ပြင်ဆင်ပေးရသည်ကိုကျင့်သားရနေပြီဖြစ်သည်။ယခု ချန်လီက အဝတ်အစားဝတ်ပြီးသည်နှင့် မနက်စာအဆင်သင့်စားရုံဖြစ်၏။


ဂျုံ​ပေါင်မုန့်၊ နို့နှင့် ကြက်ဥမကျက်တကျက်ကြော်—ချန်လီ နှစ်သက်သော ရိုးရှင်းသော မနက်စာ။


ဝေ့ချန်က ချန်လီ၏ ခေါင်းကို ပွတ်ကာ ပန်းကန်များကို မီးဖိုချောင်ထဲယူပြီး ဆေးကြောလိုက်သည်။အခြားအရာအချို့ကို ပြင်ဆင်ပြီးနောက် ချန်လီ၏လက်ကိုဆွဲကာ အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


သူတို့ သည်ကို အလည်အပတ်ခရီးထွက်လာခြင်းဖြစ်၍ ဟိုတယ်မှာ တစ်ချိန်လုံးနေစရာအကြောင်းမရှိပါချေ။


XN Cityကိုလာစဥ်က ဝေ့ချန်မှာ မည်သည့်ခရီးသွားအစီအစဥ်မှမရှိပေ။ဆန္ဒရှိသလို သွားချင်ရာကိုသွားလိုက်ရုံသာဖြစ်သည်။


ဝေ့ချန်က ကားငှားရန် အစီအစဉ်မရှိပေ။ ထိုအစား သူက ချန်လီနှင့် ပေါ့ပေါ့ပါးပါး ဘတ်စ်ကားစီးခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်တစ်ခု​ပေါ်တွင် သူ့အကြည့်များကရောက်သွားကာ ဆွဲဆောင်မှုရှိသောနာမည်နှင့်မှတ်တိုင်တစ်ခုကို ရွေးချယ်လိုက်သည်။


XN Cityက ဩစတေးလျ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဗဟိုချက်​ဖြစ်ရုံသာမကဘဲ ခရီးသွားလုပ်ငန်း အင်မတန် ဖွံ့ဖြိုးသော မြို့လည်းဖြစ်သည်။ သူတို့ဘယ်ကိုသွားနေပါစေ၊ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုရှိနေမှာဖြစ်၍ ဝေ့ချန် ဤနည်းလမ်းက ခရီးကို အလဟဿဖြစ်သွားမှာကို မစိုးရိမ်ပါချေ။


မှန်ပေသည်၊ သူတို့ အလဟဿဖြစ်ရသည်နှင့် အဆုံးသတ်သွားလျှင်ပင် ကိစ္စမရှိပါ​ချေ။အဆိုးဆုံးမှ တူညီသည့်အရာကိုထပ်လုပ်ရရုံပင်။


ချန်လီ သူ့အနားမှာ ရှိနေသရွေ့ သူတို့ ဘယ်သွားသွား အရေးမကြီးပါချေ။


ထိုနေ့တွင် ဝေ့ချန် နှင့် ချန်လီတို့သည် ဤနည်းကိုသုံးကာ ပေါ့ပေါ့ပါးပါးဖြင့် XN City ၏လမ်းများပေါ်တွင် ​​လျှောက်ပတ်သွားလာခဲ့ပြီး တရုတ်နိုင်ငံရှိ ပိုမိုပြင်းထန်လာသော အခြေအနေများကို လုံးဝဥဿုံ ဥပေက္ခာပြုထားခဲ့သည်။သူတို့နှစ်ဦး အမှန်တကယ် လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာရှိ​နေခဲ့ကြသည်။


<< >>


💘