Chapter 58
Viewers 5k

🌌Chapter 58



အခန်းထဲကို သူတို့ရောက်သွားသည်နှင့် သူတို့ ဆက်စောင့်ကြည့်နေခံရမည် မဟုတ်ချေ။


"ဘမ်း" ခနဲ မြည်သံနှင့်အတူ တတိယက သူ့အစ်ကိုနှစ်ယောက်၏ တွန်းထုတ်ခြင်းခံလိုက်ရပြီး သူ့နောက်ကျောက နံရံနှင့် ထိသွား၏။


"မင်းဘာလုပ်ခဲ့လဲ ကြည့်စမ်း..."


အစ်ကိုကြီးက အမြဲတမ်း လေးလေးနက်နက် ချုပ်တည်းထားလေ့ရှိပြီး သူ့ ထိုသို့ ဒေါသထွက်နေခြင်းကို တွေ့ရခဲ၏။


တတိယက မတ်မတ်ရပ်ကာ အစ်ကိုကြီးကို တိတ်တိတ်လေး ကြည့်လိုက်၏။

"ကျွန်တော် ဒါကို လုပ်ကိုလုပ်ရမှာ..."


"မင်း..."

အစ်ကိုကြီးက သူ့ခေါင်းမာမှုကို ကြည့်ပြီး ဒေါသတကြီး ပါးရိုက်ရန် လက်ကို ပြင်းပြင်းထန်ထန် မြှောက်လိုက်၏။


ထိုရိုက်ချက်ဖြင့်သာ ထိမိပါက ဒဏ်ရာ ပြင်းထန်မည်မှာ အသေအချာပင်။ သို့သော် အခြားလက်တစ်ဖက်က လေထဲမှ ဖမ်းဆုပ်လိုက်၏။ ဒုတိယအစ်ကိုဖြစ်သူက သက်ပြင်းချရင်း မေး၏။

"တတိယညီလေး...မင်းဘာလို့ ဒီလိုလုပ်တာလဲ..."


တတိယက မျက်လုံးကိုမှိတ်ပြီး ပြောလိုက်၏။

"ဘာလို့လဲဆိုတော့ ကျွန်တော် ဒီအမျိုးသားဇာ့ဂ်ကို လိုချင်လို့ပါ...အကယ်လို့ အစ်က်ိုတို့ပါလာရင် ကျွန်တော့် အစီအစဉ်ကို အဟန့်အတား ဖြစ်စေလိမ့်မယ်...ကျွန်တော် အစ်ကိုတို့ကို အမူးတိုက်ပြီး ကြယ်သင်္ဘောပေါ် ပို့ပေးခဲ့တာ...ပိုက်ဆံတစ်ပြားမှတောင် မယူခဲ့ဘူး..."


သူက ခေါင်းမာသော နွားတစ်ကောင်လို သူ့အစ်ကိုကြီး၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်၏။

"ကျွန်တော် လိပ်ပြာသန့်တယ်..."


"..."


ဖြောင်းခနဲမြည်သံဖြင့် အစ်ကိုကြီးက အခြားလက်တစ်ဖက်က သူ့ကို နောက်ဆုံးတွင် ရိုက်ချလိုက်သည်။ သူ(အစ်ကိုကြီး)က အံကြိတ်ကာ ပြောလိုက်၏။

"မင်း လိမ်နေတာ..."


တတိယ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသော်လည်း သူဆက်ပြောနေဆဲပင်။

"ကျွန်တော် မလိမ်ပါဘူး...လုမော့ကို ကြယ်ကွန်ရက်ကနေ ပထမဆုံး မြင်လိုက်ရတည်းက ကျွန်တော် သူ့ကို ချစ်မိသွားတာ..."


"အလိမ်တွေ..."


"မဟုတ်ဘူး..."


"မင်း လိမ်ခဲ့တာပဲ..."


အစ်ကိုကြီးက အသံကို မြှင့်ပြောလိုက်၏။

"မင်းဘာလုပ်ချင်လဲ ငါတို့မသိဘူးလို့ ထင်နေတာလား...မင်း ဒီမှာ သေဖို့ရောက်လာတာ..."


တတိယ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

 "ကျွန်တော်..."


လက်တွေ့တွင် လုမော့၏ အကြောင်းအရာက တစ်မြို့လုံးမှာ ပျံ့နှံ့နေပြီဖြစ်သည်။ သူ၏ တင့်တယ်သောမျက်နှာအောက်တွင် ရက်စက်ပြီး သွေးဆာနေသော နှလုံးသားတစ်ခုရှိ၏။ ပြောကြသည်မှာ သူ့အိမ်က အမျိုးသမီးဇာ့ဂ်များချည်းသာဖြစ်ပြီး အားလုံးက သူ့လက်ထဲတွင် သေဆုံးသွားသည့်အတွက် သူ့အိမ်က လွတ်နေခြင်းဖြစ်၏။ 


ဒဏ်ရာရအမျိုးသမီးကို ထိုနေရာမှ ကယ်တင်ခံခဲ့ရပြီးနောက် သူမက မျိုးရိုးမြင့်နောက်ခံရှိသူဟု သူတို့ကြားသိခဲ့ရ၏။ 

ဒါပေမယ့် သူ့ကို ကယ်တင်ခဲ့မယ်ဆိုရင်တောင် သူက သက်သေမရှိဘဲ ပျောက်ဆုံးသွားတယ်လေ ...ခန့်မှန်းတာကတော့ သူက...


ထိုကောလဟာလများကို ကြားလိုက်သည်နှင့် ဤအိမ်ကြီးထဲသို့ ဝင်ရောက်ခြင်းက သေခြင်းတရားကို ပို့ဆောင်ခြင်းဖြစ်သည်ကို သဘောပေါက်လိမ့်မည်။


"ကျွန်တော့်မှာ တခြားရွေးစရာမရှိဘူး…"

တတိယ၏ တည်ငြိမ်နေသောမျက်နှာက နောက်ဆုံးတွင် ရှုံ့တွသွား၏။ သူ့ဆံပင်များကို နာနာကျင်ကျင်ဆွဲယူကာ ဖြည်းညှင်းစွာ ငုတ်တုတ်ထိုင်ချလိုက်၏။

"ကျွန်တော် အစ်ကိုတို့ကို မသေစေချင်ဘူး...ဒါပေမယ့် ကျွန်တော်တို့ ပိုက်ဆံလိုတယ်လေ..."


သူတို့အမျိုးသမီးအဖေ၏ စိတ်စွမ်းအင်ပင်လယ်က ကုန်ဆုံးသွားပြီဖြစ်၍ သက်တမ်းက အဆက်မပြတ် ကျုံ့သွားပြီဖြစ်သည်။။ အင်ပါယာကြယ်တွင်သာ သူတို့ငွေအလုံအလောက် ရနိုင်မည်။


သို့သော် သူတို့က အင်ပါယာကြယ်တွင် တရားဝင်နေထိုင်ခွင့် မရှိပေ။ သူတို့က တရားမဝင်နေထိုင်သူများဖြစ်၍ အလုပ်ကောင်းကောင်းလည်း ရှာနိုင်မည်မဟုတ်ဘဲ သူတို့အမျိုးသမီးအဖေကို ကယ်တင်နိုင်မည်မဟုတ်ချေ။


သူတို့အားလုံးက ထိုအကြောင်းကို ကောင်းစွာသိသော်လည်း စိတ်ပျက်အားငယ်လာသည့်အခါတွင် သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်ကို အံ့ဩဖွယ်ရာ‌အပေါ် စုံပုံထားလိုက်ကြသည်။


သူငယ်ချင်းများက သူတို့အား အကြံဉာဏ်ပေးကြ၏။

"ဒါက ကြီးကြီးမားမားမဟုတ်ပါဘူး...အမျိုးသမီးဇာ့ဂ်တွေ အားလုံးက ဒီလိုပါပဲ...မင်းအမျိုးသားအဖေလို အသက်အရွယ်က အသက်ရှင်နေတာနဲ့တင် အံ့ဩစရာကောင်းနေပြီ... "


သို့သော် သူတို့က အဖေဖြစ်သူကို အသက်ရှင်စေချင်သေး၏။


ထိုအချိန်တွင် လုမော့က မျှော်လင့်ချက်နှင့် စိတ်ပျက်အားငယ်မှုကို ယူဆောင်လာ၏။ 


တတိယက သူ့အစ်ကိုနှစ်ယောက်ကို မသေစေချင်သော်လည်း ဖခင်ကိုကယ်တင်ရန် တစ်ခုတည်းသော အခွင့်အရေးကို လုံးဝလက်လွှတ်မခံနိုင်ပေ။


"တောင်းပန်ပါတယ်..."

သူက နာကျင်စွာဖြင့် မျက်နှာကိုအုပ်ပြီး နောက်စေ့ကို နံရံနှင့် ဆောင့်လိုက်၏။

"ကျွန်တော့်မှာ တခြားရွေးစရာမရှိလို့ပါ...ဒီနည်းကလွဲပြီး တခြားမရှိတော့လို့ပါ..."


"..."


ဒုတိယအစ်ကိုက တတိယပခုံးပေါ် လက်တင်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ရပါတယ်...သခင်လုမော့က ကောလဟာလတွေလောက် ကြောက်ဖို့မကောင်းတာလည်း ဖြစ်နိုင်တယ်..."


သို့သော် ထိုစကားများက ကိုယ့်ကိုကိုယ် နှစ်သိမ့်ခြင်းဖြစ်သည်ကို သူတို့အားလုံးသိ၏။


သူတို့အဝတ်လဲပြီးသည်နှင့် အမျိုးသားဇာ့ဂ်ထံ တိတ်တိတ်ဆိတ်ဆိတ် ချဉ်းကပ်သွား၏။


အမျိုးသားဇာ့ဂ်က ခေါင်းငုံ့ကာ အလင်းဦးနှောက်ပေါ်တွင် အလုပ်များနေပြီး လက်ပတ်ပေါ်ရှိ ကျောက်မျက်များက တောက်ပနေ၏။ သူ့ကို မည်သူမျှ မနှောင့်ယှက်ဝံ့ပေ။


ဆယ်မိနစ်ခန့်စောင့်ပြီးမှ အမျိုးသားဇာ့ဂ်က နောက်ဆုံးခေါင်းမော့လာပြီး သူတို့ သုံးယောက်၏ အမူအရာများကို ကြည့်လာ၏။ သူ မျက်မှောင်ကြုံ့လိုက်ပြီး မေးလာ၏။

"မင်းတို့ရဲ့ ချမ်းသာမှုနဲ့ ဘဝအတွက် ငါ့ကို ပူးပေါင်းလုပ်ကြံဖို့များ ရောက်လာတာလား..."


ညီအစ်ကို သုံးယောက်က လုမော့ပြောစကားကို လုံးဝမမျှော်လင့်ထားပေ။ သူတို့ ခဏခန့် အေးခဲသွားပြီး မျက်နှာများ ဖြူဖျော့သွား၏။

"မဟုတ် မဟုတ်ဘူး… မဟုတ်ပါဘူး..."


လုမော့ အသံပြုလိုက်၏။

"အိုး ငါက နောက်နေတာပါ..."


"..."


သူက စားပွဲနောက်မှ ထလိုက်ပြီး အလင်းဦးနှောက်ကို ပိတ်လိုက်၏။

"ငါနဲ့ လိုက်ခဲ့ကြ..."


ညီအစ်ကိုသုံးယောက်က လုမော့နောက်မှ စိတ်ရှုပ်ထွေးစွာ လိုက်သွားကြ၏။  သူတို့က နိမ့်ကျပြီး ရာထူးမမြင့်ကြသလို အရပ်အမောင်းလည်း ပုကြသည်။ လုမော့ကဲ့သို့ အမျိုးသားဇာ့ဂ်ကပင် သူတို့ထက် အရပ်ရှည်၏။


ပန်းခင်းကို ဖြတ်ကျော်သွားချိန်တွင် သူတို့က ပန်းခင်းထဲမှ မြေသြဇာလို ခံစားရ၏။


သူတို့ အခန်းများကို ဖြတ်လျှောက်လာစဉ် နံရံပေါ်မှ သွေးများ စီးကျနေသည်ကို မြင်ယောင်မိ၏။


ကားရှေ့ကိုရောက်လာချိန်တွင် သူတို့စိတ်ထဲ၌ သူတို့ကိုယ်သူတို့ ဥယျာဉ်ထဲ အတင်းအဓမ္မ ပစ်ချခံရသည့် မြင်ကွင်းကို တွေးနေမိသည်။


သို့သော်လည်း ပန်းခင်းများကို သန့်ရှင်းရေးလုပ်ပြီးနောက် အခန်းများကို ရှင်းလင်းကာ လုမော့၏ ကားကိုမောင်းပြီး တစ်ပတ်ပတ်ကြည့်သည့်တိုင် လုမော့က ထူးထူးခြားခြား ဘာမှ မလုပ်ခဲ့ပေ။


ဆန့်ကျင်ဘက်အနေနှင့် အရာအားလုံးကိုစစ်ဆေးပြီးနောက် သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ...ငါ မင်းတို့ကို အရမ်းကျေနပ်တယ်..."


ထို့နောက် စာချုပ်ကို ထုတ်ကာ စားပွဲပေါ်တင်လိုက်၏။

 "လက်မှတ်ထိုးလိုက်..."


ဟမ်...


ညီအစ်ကို သုံးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် တစ်ဦးချင်း၏ မျက်လုံးထဲတွင် တူညီသောအတွေးကို တွေးလိုက်မိ၏။


ဖြစ်နိုင်တာက...


ကြည့်ရတာ တကယ်ကို နားလည်မှုလွဲနေပုံရတယ်...


သူတို့က စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်းများနှင့်အတူ စာချုပ်ကို ဂရုတစိုက်ဖတ်လိုက်ကြသည်။ ငွေပမာဏကို မြင်ပြီးနောက် မျက်လုံးများ တောက်ပလာခဲ့၏။


သူတို့အမျိုးသားအဖေကို ကယ်တင်နိုင်ပြီ...


အမျိုးသားဇာ့ဂ်အတွက် ဤအရာက သေးငယ်သောအရာမျှသာဖြစ်ပြီး သူ့ဘဝအတွက် မည်သည့်ပြဿနာကိုမျှ မဖြစ်စေနိုင်ပေ။ သို့သော် အထူးသဖြင့် အဆင့်နိမ့်သော အမျိုးသမီးဇာ့ဂ် များအတွက် ၎င်းက အံ့ဖွယ်အရာများထက် ပို၍ အဖိုးတန်သောအရာများပင်။


သူတို့က ဇာ့ဂ်မျိုးနွယ်တွင် အနှိမ့်ချဆုံးနှင့် ပေါ်လွင်မှုမရှိဆုံးဖြစ်ပြီး အဆုံးမရှိသော အခက်အခဲများနှင့် ဒုက္ခများ အမြဲရှိနေ၏။ သူတို့ ထိုအရာများကို ကျင့်သားရအောင်လုပ်ပြီး နာခံကြရ၏။ 


သို့သော်ငြားလည်း ကံကြမ္မာလှည်းဘီးတွင် အပြင်းအထန် ရုန်းကန်နေရသော အမျိုးသမီးဇာ့ဂ်များက အသက်မသေရုံမျှသာ။


ဤအခိုက်အတန့်တွင် "ကံကြမ္မာလှည်းဘီး"က နောက်ဆုံးတွင် ကောင်းကင်မှ အံ့ဖွယ်နည်းဖြင့် ဆင်းသက်လာပြီး သူတို့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်၏။


…………


နေမင်းကြီးက ကောင်းကင်တစ်ခုလုံးကို လှည့်ပတ်ကာ နောက်ဆုံးတွင် နေဝင်သွားပြီး ညက တဖြည်းဖြည်းနှင့် ကမ္ဘာကြီးကို ဖုံးလွှမ်းသွားခဲ့သည်။


လုမော့က ကုတင်ပေါ်တွင် ထိုင်နေစဉ် ပြတင်းပေါက်မှ ရုတ်တရက် "ကလစ်"ခနဲ မြည်သံကို ကြားလိုက်ရ၏။  


ဘာလဲဟ...


လုမော့: "..."


သူ့လက်ထဲက စာအုပ်ကို သေသေချာချာ ချလိုက်ပြီး ပြတင်းပေါက်နားကို ချဉ်းကပ်ကာ ကန့်လန့်ကာကို လှမ်းကိုင်လိုက်သည်။


ထို့နောက် ၎င်းကို ရုတ်တရက် ဆွဲဖွင့်လိုက်၏။


"ဟိုင်း..."


ထိုသူက သူ တစ်နေ့လုံး မမြင်ခဲ့ရသော အမျိုးသမီးသခင်မဖြစ်ပြီး ဖွင့်ထားသော ပြတင်းပေါက်အနားတွင် ခြေတစ်ဖက် ဆန့်တန်းလျက် လုမော့ကို မျက်လုံးများ မှေးသည်အထိ ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။


လုမော့က သူ့ကို မျက်နှာသေဖြင့် ကြည့်လိုက်၏။

"မင်း သူခိုးလုပ်ဖို့ ကြံစည်နေတာလား..."


"ဟုတ်...အာ့…"


လင်းက လုမော့၏ ပခုံးကို ဆွဲလိုက်ရာ နောက်ပြန်လဲကျသွားပြီး လုမော့သည်လည်း ပြတင်းပေါက်အပြင်ရောက်သွား၏။ နှစ်ယောက်သား ပြတင်းပေါက်မှ အောက်သို့ တည့်တည့်ပြုတ်ကျသွားသည်။


လုမော့၏ မျက်လုံးများ ပြူးကျယ်သွားကာ အမှောင်ထုထဲတွင် မြေပြင်ကို မမြင်နိုင်သော်လည်း သူ့နှလုံးသားက သူ့ပါးစပ်ထဲမှ ထွက်လာတော့မလို ခံစားလိုက်ရသည်။


မြေပြင်ပေါ်မပြုတ်ကျမီလေးမှာပင် လင်းက ရုတ်တရက် သူ့တောင်ပံများကို ဖြန့်လိုက်ကာ လုမော့ကို အပေါ်သို့ ဆွဲတင်လိုက်၏။ သူတို့နှစ်ယောက် လေထဲ ပျံတက်သွားခဲ့သည်။


လုမော့က ငုံ့မကြည့်ဝံ့ဘဲ လင်း၏နားထဲကို ဒေါသတကြီးပြော၏။

"အမြင့်ပျံသန်းတာကို မြို့ထဲမှာ တားမြစ်ထားတယ်လေ..."


လင်းက ကျယ်လောင်စွာ ရယ်လိုက်၏။

"ဒီနေ့ ကိစ္စမရှိပါဘူး...ဒီတစ်ပတ်တော့ အဆင်ပြေတယ်...မိခင်ဇာ့ဂ်ရဲ့ ကျေးဇူးတော်ပေး အခမ်းအနား စတော့မှာမို့လို့ ငါတို့ကို အမြင့်မှာ ပျံသန်းခွင့်ပေးထားတာ..."


အံ့သြစရာမရှိချေ။


ဤသည်က လုမော့၏ ထင်ယောင်ထင်မှားမဟုတ်ပေ။ မြို့တော်က အမှန်တကယ် ပိုမိုအသက်ဝင်လာ၏။


ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပါက သူတို့အမျိုးသားဇာ့ဂ်များနှင့်အတူ ဖြည်းညှင်းစွာ ပျံသန်းနေသည့် အမျိုးသမီးဇာ့ဂ်များစွာပင်။


သူတို့ ကောင်းကင်ရှိ လကို ဖြတ်ကျော်ခဲ့ကြပြီး အောက်ဘက်လေထဲတွင် မီးရှုးမီးပန်းများဖြင့် တောက်ပနေသော မြို့ကြီးတစ်မြို့ရှိ၏။


အဝေးတွင် တီးမှုတ်သီဆိုသံများ ရှိနေပြီး မြင့်မြတ်သော ဘုရားကျောင်းက မိခင်ဇာ့ဂ်၏ကျေးဇူးတော်ကို ချီးမွမ်းနေကြ၏။


လင်းက လုမော့ကို မြင့်မြင့်ချွန်ချွန် ဘုရားကျောင်းမျှော်စင်ပေါ်သို့ ခေါ်ဆောင်လာခဲ့၏။ သူတို့ကြွေပြားများပေါ် တက်လိုက်သောအခါ အနည်းငယ်ကွဲအက်သံမြည်လာ၏။


သူတို့က မျှော်စင်၏ ထိပ်တွင်ထိုင်ပြီး မိုးကုတ်စက်ဝိုင်းပေါ်မှ မြေပြင်ပေါ်သို့ ချိတ်ဆက်ထားသော ကြယ်များနှင့် မြေပြင်ပေါ်ရှိ တလက်လက်မီးရောင်များကို တွေ့လိုက်ရ၏။


အိပ်မက်တစ်ခုလိုပင်။


[အို...ငါနောက်ဆုံးတော့တွေ့ပြီ...]

ထိုအချိန်တွင် စနစ်က ပြန်ပေါ်လာ၏။


လုမော့က စနစ်အကြောင်းကို မေ့သွားတော့မလိုဖြစ်ပြီး မသိလိုက်မသိဘာသာဖြင့် ပြောခဲ့၏။

"မင်း ဘာတွေ့ခဲ့လဲ..."


[ဟိုဇာတ်လမ်းရဲ့ ဒုတိယဗားရှင်း...]


စနစ်က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ပြော၏။

[ညီအငယ်ဆုံးက အစ်ကိုတွေ အရက်မူးနေတုန်း ဓားနဲ့ ဒိုင်းတွေကိုကိုင်ပြီး နဂါးရဲ့ဂူထဲကို တစ်ယောက်တည်း သွားခဲ့တယ်...]


လုမော့နှင့် လင်း၏ အဝတ်အစားများက ညလေညှင်းနှင့်အတူ လွင့်ပျံသွားကာ ကောင်းကင်ရှိ လနှစ်စင်းနှင့် ထိလုနီးပါး။


စနစ်၏ အသံက ပေါ့ပါးပြီး တည်ငြိမ်နေ၏။


[ ညီအငယ်ဆုံးလေးက ညီအစ်ကိုသုံးယောက်တွင် ဉာဏ်အမြော်အမြင်အရှိဆုံးဖြစ်၏။ နယ်ပယ်တစ်ခွင်ကို ခရီးထွက်ခဲ့သော စုန်းမကြီးက ထိုနဂါးမှာ အစွမ်းထက်လွန်း၍ ညီအစ်ကို သုံးယောက် ပေါင်းလျှင်ပင် နဂါးက သူတို့ကို မြိုချလိမ့်မည်ဟု ပြောခဲ့၏။


ညီငယ်က အစ်ကိုနှစ်ယောက်၏ ဆုံးဖြတ်ချက်ကို သိပြီး မည်သို့မှ ဆွဲဆောင်နိုင်မည်မဟုတ်ကြောင်းကို နားလည်ထား၏။ ထို့ကြောင့် သူ့အစ်ကိုများအသက်ကို အချည်းနှီး မဖြစ်စေရန်အတွက် တစ်ယောက်တည်း သွားရန် ဆုံးဖြတ်လိုက်သည်ကို သူ့အစ်ကိုတို့က နားမလည်နိုင်အောင် ဖြစ်နေသည်။


အသေအချာပင် ဂူထဲသို့ ဝင်သွားသောအခါ သူက နဂါး၏ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ နဂါးက သူ့ချပ်ဝတ်တန်ဆာကို ချွန်ထက်သော လက်သည်းများဖြင့် ဆုတ်ဖြဲကာ သူ့ဓားနှင့် သံချပ်ကာကို ချောက်ထဲသို့ ပစ်ချလိုက်၏။


ညီငယ်က သူသေမည်ဟု တွေးလိုက်သော်လည်း နဂါးဆိုးကြီးက သူ့ကို မြေကြီးပေါ်တွင် ညင်သာစွာ ချထားလိုက်၏။


"အခန်းကို သန့်ရှင်းရေးလုပ်ဖို့ မင်းက ဒီမှာလာနေတာလား..."

နဂါးကြီးက မေး၏။

"ကောင်းလိုက်တာ...ငါက အရမ်းကြီးတော့ အဲ့ဒီ‌ထောင့်တွေကို အမြဲတမ်း သန့်ရှင်းရေး မလုပ်နိုင်ဘူးလေ…"


ညီငယ်က အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွား၏။

 "ဟင်..."


"မင်း မလုပ်ချင်ဘူးလား..." 

နဂါးကြီး၏အသံက အနည်းငယ်စိတ်ဆိုးသွားသလိုပင်။ 

"အင်းလေ လူတွေက ငါ့ကို အမြဲမုန်းကြတယ်...ငါ့ကိုမြင်ရင် ထွက်ပြေးကြတယ်..."


" သူတို့ မင်းကို မုန်းတာမဟုတ်လောက်ဘူး… ကြောက်ကြတာနေမယ်…"

ညီငယ်က တွေးတွေးဆဆဖြင့် ပြောလိုက်၏။

 

နဂါးဆိုးကြီးက ကြားလိုက်ရသည်ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးလိုက်၏။

"ဒါပေမယ့် ငါက ကိုယ့်ကိုကိုယ်စောင့်ထိန်းတဲ့ နဂါးတစ်ကောင်ပဲ...ငါ့မီးတောက်တွေကို ကိတ်မုန့်လုပ်ဖို့ပဲ သုံးတာ..."


သူ့မျက်လုံးများ တောက်ပလာပြီး သူ့နောက်ကျောမှ ကိတ်မုန့်ကြီးတစ်လုံးကို ထုတ်ယူကာ ညီငယ်၏ရှေ့တွင် ချထားလိုက်၏။

" ငါ မင်းကို ကိတ်မုန့်ပေးရင် မင်း ငါ့ကို ကူပြီး အခန်းသန့်ရှင်းရေးလုပ်ပေးမှာလား..."


မစ္စတာနဂါးနက်ကြီးနှင့် သူ့ရှေ့တွင် သူချထားသော ကိတ်မုန့်ကြီးကို ကြည့်လိုက်သောအခါ သူ တစ်ခုနားလည်သွား၏။


မစ္စတာနဂါးကြီးက အိမ်သန့်သန့်လေး တစ်လုံး လိုချင်ရုံသာ… ]


...


လုမော့က ထိုအကြောင်းကြားပြီး ကူရာမဲ့စွာ ပြောလိုက်၏။

မင်း ဒါတွေနဲ့ ဘာလုပ်နေတာလဲ…


[လုမော့ မင်းအရမ်းမေးနေတယ် မထင်ဘူးလား... ]

စနစ်က မကျေမနပ် ရေရွတ်ပြောဆိုလိုက်၏။

[ငါ မင်းကို စိတ်မကောင်း မဖြစ်စေချင်လို့...ဒါကြောင့် စာအုပ်တွေ အများကြီးထဲ ရှာခဲ့တာ...ဒါက ဒုတိယဗားရှင်းပဲ... ]


လုမော့က ပခုံးတွန့်လိုက်၏။

ကျေးဇူးအများကြီးတင်ပါတယ် ချစ်ရတဲ့စနစ်လေးရေ... 


[ကြည့်ပါဦး...သရုပ်ဖော်ပုံတွေလည်း ရှိသေးတယ်...]


လုမော့၏ စိတ်ထဲတွင် ရောင်စုံပန်းချီကားတစ်ချပ်ကို ဖွင့်ထားသည်။


ဆံပင်မီးခိုးရောင်လူသားက အခန်းကို သန့်ရှင်းရေးလုပ်ပြီး နဂါးနက်ကြီးက ပြတင်းပေါက်မှ ပျော်ရွှင်စွာ ပျံထွက်သွား၏။ သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်က လေထဲ ပျံတက်သွားပြီး အမှန်တကယ်ကို လိုက်လျောညီထွေဖြစ်နေ၏။


ပြတင်းပေါက်မှာ ရပ်နေသည့်လူက အဝေးကို လှမ်းကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းမှ နောက်ထပ် ငွေရောင်နဂါးတစ်ကောင် ပျံသန်းလာသည်ကို တွေ့ရပြီး အံ့သြသွား၏။


နဂါးနှစ်ကောင်က လေထဲတွင် ပျံဝဲနေကာ ၎င်းတို့၏ အမြီးများကို တရင်းတနှီး ချိတ်တွဲထားပြီး ပြတ်ပြတ်သားသား ဟစ်ကြွေးလိုက်ကြ၏။


နဂါးနက်က သူ့ကို အော်ပြော၏။

"ဟေ့ လူသား...ဒါ ငါ့မိန်းမ...သူက ကမ္ဘာပေါ်မှာ အလှဆုံး နဂါးပဲ...ဒါကြောင့် မင်းရဲ့ မင်းသမီးကို ငါ သိမ်းသွားမှာကို အမြဲတမ်း စိတ်ပူမနေနဲ့..."


မစ္စတာနဂါးနက်က ဇနီးမယားရှိသည့် နဂါးကောင်းတစ်ကောင်သာ ဖြစ်၏။


လုမော့က သူ့ဘေးရှိ လင်းကို စိုက်ကြည့်နေ၏။


"ဒီနေ့ မင်းဘာတွေလုပ်ခဲ့သလဲ...ဘာလို့ ဒီလောက်နောက်ကျမှ ပြန်လာဝာာလဲ..." 

သူ မေးလိုက်၏။


လင်းက သူ့ခေါင်းကို လှည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"ငါ ဝမ်ကောကို သွားတွေ့ခဲ့တယ်..."


"အိုး...ဘာလို့လဲ..."

လုမော့က ခေါင်းညိတ်ပြီး လင်းကို ရုတ်တရက် စိုက်ကြည့်လိုက်၏။


လင်းက သူ့လက်ကိုဆန့်၍ လည်ပင်းရှိ လည်ဆွဲကို ထိလိုက်ကာ နေရာလွတ်ခလုတ်ကို နှိပ်လိုက်ပြီး ၎င်းမှ စာအုပ်အထူကြီးတစ်အုပ်ကို သူထုတ်ယူလိုက်သည်။ စာအုပ်က အလွန်အိုဟောင်းပြီး ဆယ်စုနှစ်ကြာအောင် သမိုင်းကြောင်းရှိ၏။ နှစ်ပေါင်းများစွာ အသုံးပြုပြီးနောက် စာအုပ်၏ စာမျက်နှာများက စုတ်ပြဲလုနီးပါးပင်။


လင်းက စာအုပ်ကို သတိကြီးကြီးဖွင့်လိုက်ပြီး သူတို့နှစ်ယောက်ပေါင်ပေါ် တင်လိုက်သည်။


"ဒါကို ဝမ်ကောက ငါ့ကို ပေးခဲ့တာပါ...မစ္စတာလိုက်ယင် ချန်ထားခဲ့တဲ့ပစ္စည်းပဲ..." 

သူ့လက်ချောင်းထိပ်များက စာအုပ်၏ စာမျက်နှာများကို လွမ်းဆွတ်စွာ ထိတွေ့နေ၏။

 "ဝမ်ကောရဲ့ စိတ်စွမ်းအင်ပင်လယ်က ကျိုးပျက်သွားလို့ အနာဂတ်မှာ စစ်မြေပြင်ကို သွားနိုင်တော့မှာ မဟုတ်ဘူး...သူ တခြားဂြိုဟ်တွေကို သွားကြည့်ချင်တယ်လို့ ပြောတယ်..."


"သူက ဒီစာအုပ်ကို အမှတ်တရအဖြစ် သိမ်းထားဖို့ ပေးခဲ့တာ..."


"ဟမ့်...သူ ငါ့ကို အကြွေးတင်နေသေးတယ်..." 

လုမော့က နှာမှုတ်လိုက်၏။


လင်းက ခဏမျှ တိတ်တိတ်လေး ရယ်မောလိုက်၏။


လုမော့က ဖွင့်ထားသည့် စာအုပ်ကို ကြည့်ပြီး အပေါ်က ကောက်နေသော စာကြောင်းကို ညွှန်ပြပြီး မေး၏။

"ဒါက ဘာကို ဆိုလိုတာလဲ..."


ထိုစကားလုံး၏ အဓိပ္ပါယ်ကို နားမလည်လျှင်ပင် လင်း၏ လက်ရေးနှင့် ယှဉ်နိုင်သည့် စကားလုံးများက ဘယ်လိုပုံပျက်နေသည်ကို သူပြောနိုင်၏။

ဒါဆို လင်းရဲ့လက်ရေးက မစ္စတာလိုက်ယင်ဆီက သင်ထားတာများဖြစ်နိုင်လား...


"ဒါက ဇာ့ဂ်ရဲ့ ရှေးကျတဲ့ စာလုံးတွေပါ...မစ္စတာလိုက်ယင်က စစ်တပ်ထဲမ၀င်ခင် သမိုင်းကို လေ့လာခဲ့ပါတယ်..."

လင်းက ခဏမျှ ပြန်စဉ်းစားလိုက်၏။

"ဒီစာကြောင်းရဲ့ အဓိပ္ပါယ်က..."


လုမော့: "ဟင်..."


လင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဆိုလိုတာက ဘယ်သောက်ကောင်က ငါ့ကို သမိုင်းလေ့လာဖို့ ဆွဲဆောင်ခဲ့တာလဲ... ကောင်းကင်မှာ ပစ်နေတဲ့ သောက်မိုးကြိုးလိုပဲ တဲ့..."


ထို့အပြင် မစ္စတာလိုက်ယင်က ဘွဲ့ရပြီး အလုပ်မရှာနိုင်၍ သမိုင်းကို လေ့လာခဲ့ခြင်းဖြစ်၏။ သူက ဆင်းရဲလွန်း၍  အခြားရွေးစရာမရှိချေ။ 


လုမော့နှင့် လင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။

 "..."


လင်းက နောက်ထပ်စာမျက်နှာအနည်းငယ်ကို လှန်ကာ မစ္စတာလိုက်ယင်၏ တွန့်လိမ်နေသော လက်ရေးစာကို မြင်ပြီး မျက်လုံးထဲတွင် အပြုံးအနည်းငယ်ပေါ်လာ၏။


[ဇာ့ဂ်မျိုးနွယ်များအားလုံးက မိခင်ဇာ့ဂ်ရဲ့ အကာအကွယ်အောက်မှာ စိတ်စွမ်းအားဖြင့် မွေးဖွားလာကြတယ်...ဒါကြောင့် ငါတို့အားလုံး အထီးမကျန်ကြဘူး...


ဒါပေမယ့် လင်းကတော့ ငါ့ဘဝမှာ မြင်ဖူးသမျှထဲမှာ အထီးကျန်ဆုံးကလေးပါ...


သူ့ကို အရမ်း စိတ်ပူတယ်...]


သူ နောက်ထပ် အထီးမကျန်တော့ပေ။


လင်း စာအုပ်ကို ပိတ်လိုက်ပြီး လုမော့၏ မျက်နှာကို စိုက်ကြည့်လာသည်။


ထူးဆန်းစွာပြောရလျှင် လင်းက သူ့ကိုယ်သူ လိမ္မာရေးခြားရှိသောအမျိုးသမီးဇာ့ဂ်မဟုတ်ဟု တွေးခဲ့သည်။ သူ့အာရုံခံစားမှုက အခြားဇာဂ့်မျိုးနွယ်များနှင့်မတူဘဲ လုမော့ရုပ်သွင်က အမှန်တကယ်ကြည့်ကောင်းနေသည်ဟု သူခံစားမိနေသည်။


"မင်း ငါ့ကို ဘာကြည့်နေတာလဲ..."

လုမော့က ကို့ယိုးကားရား ပြောလိုက်၏။

"ကောင်းပြီ...ငါ ဝမ်ကော ထွက်ပြေးသွားတာကို မစုံစမ်းဘဲ လိုက်လျောပေးပါ့မယ်..."


လင်းက သူ့နားကို ချဉ်းကပ်ပြီး နားထဲ တိုးတိုးလေးပြောလိုက်၏။

“သခင်...မိခင်ဇာ့ဂ်ရဲ့ ကျေးဇူးတော်ပေးပွဲ အခမ်းအနားမှာ ကျွန်တော်လည်း ပါဝင်ပါ့မယ်...”


"အို...ဒါဆို ပါဝင်လိုက်ပေါ့…" 

သူသည်လည်း ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ရခြင်းကို ကြိုက်နှစ်သက်၏။


သို့သော် ကြည့်ရသည်မှာ သူတစ်ခုခုကို မေ့သွားပုံပင်။


လုမော့ မျက်မှောင်ကြုတ်လိုက်သည်။

ငါ ဒီကျေးဇူးတော်ပေးပွဲအခမ်းအနားရဲ့ ရည်ရွယ်ချက်ကို ယောင်ဝါးဝါးမှတ်မိနေသလိုလိုပဲ...


ပြန်တွေးမရတော့ဘူး…


အိုး ထားလိုက်ပါတော့...


လုမော့က ခေါင်းမော့ပြီး ညကောင်းကင်ယံဆီ လက်ဆန့်တန်းလိုက်၏။


ထို့နောက် ကြယ်များကို သူ့လက်ထဲ ဆုပ်ကိုင်လိုက်၏။



🌌🌌🌌