ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၅၂)
ဤအခန်းကို အခုထိ မရင်းနှီးသေးပေ။
ကျယ်ဝန်းလှသော အခန်းကို လှည့်ပတ်ကြည့်ရှုရင်း ကျွန်မ ညည်းညူနေမိသည်။မနေ့ညက ကျွန်မ ဆိုဗက်စ်စတာနှင့် အတူအိပ်ရမည်ဟု ထင်ခဲ့သော်လည်း ထိုသို့ မဟုတ်ခဲ့ပေ။သူက မနက်အထိ နောက်ကျအောင် အလုပ်လုပ်နေခဲ့သဖြင့် ကျွန်မနှင့် အတူ မအိပ်ခဲ့ပေ။မဟုတ်သေး၊အတူအိပ်ခဲ့လျှင်ပင် ကျွန်မ မမှတ်မိပေ။
မည်သို့ပင်ဖြစ်စေ ကျွန်မ အလွန် သက်တောင့်သက်သာရှိစွာဖြင့် အိပ်စက်ခဲ့ရသည်။
ကျွန်မ နိုးလာချိန်တွင် ကျွန်မကို ဆိုဗက်စ်စတာက လာနှုတ်ဆက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။သို့သော် မျှော်လင့်ထားသလို ဆိုဗက်စ်စတာက အခန်းထဲတွင် ရှိမနေပေ။သူက အလုပ်လုပ်ရန် ရုံးသွားပုံရ၏။
"သူက တကယ်ကို အလုပ်များတာပဲ။"
ကျွန်မ ညည်းညူလိုက်ရင်း ရုတ်တရက် ခံစားချက် မကောင်းတော့ပေ။ဆိုဗက်စ်စတာက ကျွန်မကို နှုတ်ဆက်လာစေချင်သည့် ဆန္ဒဖြစ်နေဆဲပင်။
"ငါ ရူးနေပြီ၊တကယ်ပါပဲ။"
ငါ ဘာလို့ ဒီလိုမျိုး ခံစားနေရတာလဲ။ငါ ဘာကြောင့် ဒီလို လုပ်နေမိလဲ တကယ်ကို မသိတော့ဘူး။
မဟုတ်မှ လွဲရော ...
ဆိုဗက်စ်စတာက တစ်ခုခု ထူးခြားနေတယ်လို့ ငါ မတွေးတော့ဘူး၊ဟုတ်ပြီလား။
ဟူးးး
ကျွန်မ၏ သွေးများ စီးဆင်းထွက်ကျသွားသလို ခံစားမိသည်။ဤကိစ္စမှာ အမှန်တကယ် မဖြစ်ပျက်လာသင့်သော ကိစ္စဖြစ်၏။ကျွန်မက ဆိုဗက်စ်စတာနှင့် ကွာရှင်းရမည် ဖြစ်သောကြောင့်တည်း။ထိုနည်းဖြင့်သာ ကျွန်မ၏လည်ပင်းကို တည်မြဲနေအောင် ထိန်းထားနိုင်ပြီး ရှုပ်ထွေးလာမည့် ကိစ္စများတွင် ကျွန်မ နောက်ထပ် ဝင်မပါမိဘဲ ဖြစ်လိမ့်မည်။
ဒါပေမဲ့ ဆိုဗက်စ်စတာ ထူးထူးခြားခြား ဖြစ်နေအောင် ဘာက လုပ်လိုက်တာလဲ။
"အဖြေ မရှိဘူး"
အမှန်တကယ် အဖြေရှာမရသည့် အခြေအနေတစ်ခုပင်။
"မဟုတ်ဘူး၊မဟုတ်သေးဘူး။"
ကျွန်မ ဂရုတစိုက် ရှိရန် လိုအပ်သည်။သည်နေရာတွင် ကျွန်မ၏ နှလုံးသား ကြီးထွားမလာခင် အထိ။ကျွန်မ လူသူမရှိသော အိပ်ရာကို ကြည့်လိုက်သည်။
အနွေးဓါတ် တစ်ခုမှ မကျန်ခဲ့တဲ့ အိပ်ရာ
ကျွန်မ၏ စိတ်အခြေအနေက ကောင်းမလာပေ။သို့သော် ကျွန်မ မသိချင်ယောင်ဆောင်နေလိုက်သည်။
*
မနက်စောစောကတည်းက ဂျက်စမင်မှာ မြို့စားကြီး ရိုင်ဇန်အိမ်တော်ကို ရောက်ရှိနေခဲ့သည်။
မနေ့က သူမ ရောက်လာပြီးနောက် အိမ်တော်သို့ ထပ်မံလာရောက်မှုမှာ အံ့ဩစရာ မဟုတ်တော့ပေ။သို့သော်လည်း အံ့ဩစရာကောင်းသည်က ဂျက်စမင်၏စကားဖြစ်သည်။
"ရှင်က ကောင့်မြို့စားကာဒယ်လ်ရဲ့ အိမ်ကို သွားချင်တာလား။"
အိုဖီလီယာက မယုံနိုင်စွာဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်ကဲ့"
ဂျက်စမင်က တက်ကြွစွာ ဖြေလေသည်။
"ဒီနေ့ နေ့လည်မှာ လက်ဖက်ရည်ပါတီပွဲတစ်ပွဲ ကျင်းပဖို့ ရှိပါတယ်။ကျွန်မလဲ ဖိတ်ကြားစာတစ်စောင် ရထားပါတယ်။မြို့စားကြီးကတော်နဲ့ အတူ သွားရမယ်ဆိုရင် ကောင်းမယ်လို့ ကျွန်မ တွေးမိတယ်။"
သူမက ထိုသို့ပြောရင်း သူမ၏ လက်မောင်းကြားတွင် ညှပ်ထားသော ကောင့်မြို့စားကတော်ကာဒယ်လ်ထံမှ ဖိတ်ကြားစာကို ထုတ်ယူလိုက်သည်။
အိုဖီလီယာက ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့ပြီး ဂျက်စမင်ကို ကြည့်သည်။
"ကျွန်မကတော့ အကြံကောင်းတစ်ခုလို့ မထင်မိဘူး။"
အိုဖီလီယာ အလွန်သဘောမကျ ဖြစ်နေမိသည်။
"ကျွန်မ အရင်တစ်ခါက ကောင့်မြို့စားကာဒယ်လ်ရဲ့ ပန်းချီကားကို ယူလာဖူးတယ်။"
"ရှင် ခိုးလာတာပါ။"
"ပြီးတော့ ကောင့်မြို့စားကတော်ကာဒယ်လ်ဆီကနေ မြို့စားမင်းကြီးကတော်တို့ ကပွဲ ဖိတ်ကြားလွှာကို ကျွန်မ ယူလိုက်မိသေးတယ်။"
"ဒါကိုလဲ ရှင် ခိုးလာတာပါ။"
"ရှင်က တစ်ခုပြီး တစ်ခု အမှားထောက်ပြနေဦးမှာလား။"
အိုဖီလီယာက နှုတ်ခမ်းဆူလိုက်လျှင် ဂျက်စမင်မှာ ရယ်မောမိသွားသည်။သူမ တွေ့ရသလောက် မြို့စားကြီးကတော် အိုဖီလီယာမှာ ချစ်စရာကောင်းသော အမျိုးသမီးလေး ဖြစ်သည်။
အိုဖီလီယာက သူမကို စိုက်ကြည့်လာသည် ဖြစ်စေ၊မျက်မှောင်ကြုတ်လိုက်သည်ဖြစ်စေ သူမ၏ လည်ချောင်းထဲတွင် ထုံထိုင်းသွားသည်အထိ သူမ ကြောက်နေမိဆဲ ဖြစ်သည်။သို့သော်လည်း အတိုင်းအတာတစ်ခုအထိ ကျင့်သားရသွားသည့်နှယ် သူမ အခုထိ အဆင်ပြေနေသေးသည်။
သူမက တခြားသူများကို ထိုသို့ ပြောပြပါက လူတိုင်း အံ့ဩသွားကြလိမ့်မည်။
သို့သော် ၎င်းမှာ အမှန်ပင် ဖြစ်၏။
ဂျက်စမင်က ပြုံးရယ်လိုက်သည်။
"ကောင့်မြို့စားကတော်ကာဒယ်လ်က အတော်လေး ရိုးရှင်းတဲ့ မိန်းမတစ်ယောက်ပါ။"
သူမ၏မျက်လုံးများက တောက်ပနေသည်။
"ရှင်က လက်ဆောင်ကောင်းတစ်ခု ယူသွားရင် သူမက မဒမ့်အပေါ် အမြင်ပြောင်းသွားမှာ သေချာပေါက်ပါပဲ။"
"ဘယ်လို လက်ဆောင်မျိုးလဲ။"
"ဒါမျိုးပါ"
ဂျက်စမင်က သူမ၏အိတ်ထဲမှ တစ်စုံတစ်ခု ထုတ်ယူလိုက်ပြီး အိုဖီလီယာကို ပြလိုက်သည်။ထိုအရာမှာ ရင်ထိုးတစ်ခုဖြစ်သည်။အိုဖီလီယာ ထိုရင်ထိုးကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
"မနေ့က မဒမ်ဂျိုနာရဲ့ဆိုင်ကို ကျွန်မတို့ သွားတုန်းက ရှင် နောက်ဆုံးဝယ်ခဲ့တဲ့ ရင်ထိုး မဟုတ်လား။"
"ဟုတ်ကဲ့၊ မှန်ပါတယ်ရှင့်"
ဂျက်စမင် ခေါင်းငြိမ့်လိုက်သည်။
"မဒမ်ဂျိုနာကတောင် ပြောခဲ့သေးတယ်။ရင်ထိုးက ဒီတစ်ခုပဲ ကျန်တော့တာ ဆိုပြီးလေ။"
"ကျွန်မမှတ်မိပြီ။ဒီဟာက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ရင်ထိုးဆိုလား သူမ ပြောခဲ့တယ်။ဒါကြောင့် ကျွန်မ ဒီဟာကို ရှင့်ဆီ လက်ဆောင်ပေးခဲ့တာပေါ့။ရှင် ဒါကို မကြိုက်ဘူးလား။"
"မဖြစ်နိုင်တာရှင်"
ဂျက်စမင်က စိတ်ဆိုးနေဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် ကျွန််မလဲ ဒီရင်ထိုးကို လိုချင်ပါတယ်။ရင်ထိုးကို ကြည့်ရင်း ကျွန်မ တစ်ခု တွေးမိသွားလို့ပါ။ဒီဟာကို ပိုပြီး အသုံးဝင်မဲ့နေရာမှာ သုံးသင့်တယ်လို့ တွေးမိသွားတယ်လေ။"
အိုဖီလီယာ ခေါင်းငြိမ့်ပြလိုက်လျှင် သူမက ဆက်ပြောသည်။
ဘာလို့ မဒမ်ရဲ့ အပြုအမူတိုင်းမှာ ဣန္ဒြေသိက္ခာတွေ လျှံထွက်နေရတာလဲ။
ဂျက်စမင်မှာ အိုဖီလီယာကို ထပ်၍ ကြွေမိတော့မည့် ပုံပင်။
မဟုတ်ဘူး၊မဟုတ်သေးဘူး၊ ဒီအချိန်မှာ မရဘူး။
ဂျက်စမင် ခေါင်းခါလိုက်ပြီး စကားကို ဆက်သည်။
"ကောင့်မြို့စားကတော်ကာဒယ်လ်က အကန့်အသတ်နဲ့ထုတ်ထားတဲ့ ပစ္စည်းတွေကို စုဆောင်းတဲ့နေရာမှာ ဝါသနာကြီးပါတယ်။'အကန့်အသတ်နဲ့ ထုတ်တယ်' ဆိုတဲ့ စကားကို သူမ ကြားတာနဲ့ ချက်ချင်း လှည့်ကြည့်ပြီး ဝယ်လေ့ရှိပါတယ်။ဒါပေမဲ့ ဒီတစ်ခါမှာ ကောင့်မြို့စားကတော် မဝယ်လိုက်ရတဲ့ တစ်စုံတစ်ခု ရှိပါတယ်။"
ဒန့် တန့်
ဂျက်စမင်က ရင်ထိုးကို ညွှန်ပြလိုက်သည်။
"အဲ့ဒီအရာက ဒီရင်ထိုး ပေါ့။"
နောက်ဆုံးတွင် အိုဖီလီယာက ပြုံး၍ ပြောလိုက်သည်။ဂျက်စမင်ကလည်း အားရပါးရ ပြုံး၍ ခေါင်းငြိမ့်သည်။
"ဟုတ်ကဲ့၊ ကျွန်မ ကံကောင်းသွားပါတယ်။"
အိုဖီလီယာ၏ အပြုံးကြောင့် ဂျက်စမင်မှာ ယုံကြည်မှု ပိုတိုးသွားတော့သည်။
"ဒါကို လက်ဆောင်အဖြစ် ပေးလိုက်ရင် ကောင့်မြို့စားကတော်က ကျိန်းသေပေါက် စိတ်ပျော့သွားမှာပါ။"
"ဒါပေမဲ့ ..."
အိုဖီလီယာက အနည်းငယ် စိုးရိမ်နေဟန်ဖြင့် ကျွတ်ခနဲ စုတ်တစ်ချက် သပ်ပြီး ပြောသည်။
"ဒါက ဒီလို ဖြစ်တယ်ပဲ ထားဦး၊ချက်ချင်းကြီး ဆက်ဆံရေး ကောင်းလာဖို့က ဖြစ်ပါ့မလား။"
"မဒမ်"
ဂျက်စမင်က မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်ပြီး အိုဖီလီယာကို ကြည့်သည်။
"မဒမ် အရင်က လုပ်ခဲ့တာတွေကို ပြန်မြင်ယောင်ကြည့်ပါ။"
"ပြန်မြင်ယောင်ကြည့်ရမှာလား။"
"မဒမ်က ကောင့်မြို့စားကာဒယ်လ်ရဲ့ ဆံပင်ကို မီးနဲ့ရှို့တယ်၊သူမရဲ့ပါးကို ရိုက်တယ်၊သူမကို ကန်ကြောက်တာတောင် လုပ်ခဲ့သေးတယ်။ရှင် မမှတ်မိဘူးလား၊ ဘုရားသခင်!"
အင်း ငါ မမှတ်မိဘူး။
ငါမှ မလုပ်ခဲ့တာကို။
အိုဖီလီယာ နှုတ်ခမ်းဆူလိုက်ပြန်သည်။ထိုအခါ ဂျက်စမင်က နောက်တစ်ခါ ရယ်မောမိသည်။အိုဖီလီယာ၏ ထိုအမူအရာလေးက သူမကို ပျော်ရွှင်စေပုံရသည်။
"ဒါပေမဲ့ ရှင်က တစ်ခါမှ မတောင်းပန်ခဲ့ဘူးလေ။ဒါပေမဲ့ ဒီတစ်ခါတော့ မတူတော့ဘူး။ရှင်က ဒါကို လက်ဆောင်ပေးပြီးတေ့ စိတ်ရင်းနဲ့ တောင်းပန်စကားပြောပြီး ခင်မင်ရင်းနှီးလာဖို့ ပြောခဲ့ရင် ..."
ဂျက်စမင်က ပြောရင်းဖြင့် ရင်ထိုးကို အိုဖီလီယာဆီသို့ အတင်းထိုးပေးသည်။
"ကောင့်မြို့စားကတော်က သူမရဲ့စရိုက်အတိုင်း သေချာပေါက် လက်ခံပေးပါလိမ့်မယ်။"
သူမက ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
အိုဖီလီယာ၏နားရွက်များက အနည်းငယ် လှုပ်ခတ်သွားသည်။မဟုတ်သေး၊အများကြီး လှုပ်ခတ်သွားသည်။
ချောမော့ပြောဆိုတတ်တဲ့ အမှုထမ်းတစ်ယောက် ရှိနေတာက ဘုရင်မကြီးလို ခံစားရတာပါလား။သူမရဲ့ခံစားချက် ပိုကောင်းသွားအောင် ကောင်းတာလေးတွေ ပြောလိုက်ရုံနဲ့ လုပ်ပေးနိုင်တယ်။
သို့သော် သူမ၏စိတ်ထဲတွင် တစ်စုံတစ်ရာက အခုထိ ရှိနေသေးသည်။
"ကျွန်မက သူမအပေါ် အများကြီး လွန်ခဲ့တာ မဟုတ်လား။ဒါက အလုပ်ဖြစ်မယ်လို့ ကျွန်မ မတွေးမိဘူး။"
"မစိုးရိမ်ပါနဲ့ မဒမ်"
ဂျက်စမင်က အောင်မြင်မှု ရရှိထားသော ပုံစံဖြင့် ပြောလေသည်။
"ကျွန်မ စုံစမ်းထားမိတာ တစ်ခုရှိပါတယ်။"
ဂျက်စမင်ဘက်မှ ဤမျှ ပြောနေသည်ဖြစ်ရာ သူမအနေဖြင့် ဆက်ငြင်း၍ မရတော့ပေ။ထို့ကြောင့် ဂျက်စမင်၏အကြံကို လက်ခံရန် အိုဖီလီယာ စဥ်းစားလိုက်ရသည်။ကောင့်မြို့စားကတော်ကာဒယ်လ်က ငြင်းပယ်ခဲ့လျှင်ပင် အိုဖီလီယာဘက်မှ သူမကို အရင် ရင်းနှီးချင်ခဲ့သည့်ကိစ္စက အလွန်ကောင်းသည်။
ထို့ကြောင် အိုဖီလီယာက ရင်ထိုးကို ယူသွားဖို့ အိုင်ရင်းကို ခိုင်းလိုက်သည်။
"ဒါဆို ကျွန်မတို့ မြန်မြန်လေး ထပြီး အဆင်သင့် ပြင်ဆင်ကြရအောင်။"
အိုဖီလီယာ ထရပ်လိုက်သည်။
ဂျက်စမင်က ခေါင်းငြိမ့်ရင်း အိုဖီလီယာကို ကြည့်နေခဲ့သည်။သူမက တော့ မထတော့ဘဲ အိုဖီလီယာ ပြင်ဆင်ပြီးသည်ကို စောင့်နေမည်ဟု တွေးထားသည်။
သို့သော် အိုဖီလီယာက သူမကို တစ်ယောက်ထဲ ထားခဲ့ရန် စိတ်မကူးပေ။
"ရှင်လဲ ထလေ"
အိုဖီလီယာက ဂျက်စမင်ကို ပြောလိုက်သည်။
"ရှင်က အဝတ်အစားတွေကိုပဲ ကြိုက်နေရင် ဘယ်လိုလုပ်မလဲ။ရှင့်ရဲ့ လက်ဝတ်လက်စားတွေက ဈေးသက်သာလွန်းတယ်။ကျွန်မရဲ့ ရတနာအချို့ကို လာကြည့်ချေ။"
"ဟု ...ဟုတ်ကဲ့"
"ရှင်က ကျွန်မရဲ့လူ ဖြစ်သွားပြီ ဆိုတာကို ကျွန်မက ထုတ်ပြလို့ မရလို့လား။"
အိုဖီလီယာက နှုတ်ခမ်းလေး ကွေးညွှတ်၍ ပြုံးနေသည်ကို ကြည့်ပြီး ဂျက်စမင်မှာ မသိလိုက်ဘဲ သူမ၏လက်များကို အချင်းချင်း ဆုပ်ကိုင်ထားမိသည်။
ပြီးနောက် သူမ ကတိထပ်ပေးလိုက်သည်။
အိုဖီလီယာကို သစ္စာရှိရန်
သစ္စာစောင့်သိရမယ်၊သစ္စာစောင့်သိရမယ်။
*
ကောင့်မြို့စားကတော်ကာဒယ်လ်မှာ စိုးရိမ်စိတ်များလျက် ရှိသည်။လက်ဖက်ရည်အချိန်ကြောင့် မဟုတ်ပေ။
လက်ဖက်ရည်အချိန်မှာ ချောမွေ့စွာ ဖြစ်မြောက်သည်။လေဒီငယ်လေး ၃ယောက်မှ ၅ယောက်အထိ စုဝေး၍ စကားစမြည် ပြောနေကြသည်။သို့သော် သူမတို့၏ အနောက်တွင် လူအုပ်ကြီး ရှိနေသည်။
ကြေးစားစစ်သားများ ဖြစ်ကြ၏။
"ဟား ..."
ကောင့်မြို့စားကတော်ကာဒယ်လ်မှာ အချိန်အတော်ကြာသည်အထိ သက်ပြင်း ချနေမိသည်။သူမ၏ ခင်ပွန်း ကောင့်မြို့စားသည် ဥရောပအနောက်ပိုင်းကို စူးစမ်းလေ့လာမှု စတင်နေခဲ့သည်။ထို့ကြောင့် အလုပ်လုပ်လိုသော ကြေးစားစစ်သားများ စတင် စုဝေးလာကြပြီး ကောလာဟာလများကို ကြားသိသော ကြေးစားစစ်သားများကပါ တစ်ပါတည်း အိမ်တော်သို့ ရောက်ရှိလာကြသည်။
အစပိုင်းတွင် သူတို့သည် အလုပ်အကိုင် မိတ်ဆက်ပေးသည့် ဌာန၌ စုဝေးရန် ဆုံးဖြတ်ထားကြသည်။သို့သော် ထိုသို့ ဂရုမစိုက်တတ်သော ကြေးစားစစ်သားများက ထုတ်ပြန်စာကို တွေ့လျှင် အလျင်စလိုဖြင့် အိမ်တော်အထိ ရောက်ရှိလာတော့သည်။
ယခု သူမ၏ခင်ပွန်းသာ ရှိနေလျှင် အနည်းငယ် စနစ်တကျ စုဝေးနေကြလိမ့်မည်။သို့သော် ကံဆိုးသည်က ခင်ပွန်းဖြစ်သူက အပြင်ထွက်သွားပြီး အိမ်တော်ပြန်မရောက်သေးပေ။အိမ်တော်ထိန်းက ကြေးစားစစ်သားများများကို ဦးဆောင်ထိန်းသိမ်းပေးသော်လည်း ကောင်းစွာ အလုပ်မဖြစ်ပေ။
ကြေးစားစစ်သားများမှာ တရားဥပဒေ စိုးမိုးမှု အားနည်းသော ဥပဒေမဲ့ဒေသများတွင် ကျက်စားနေကျ ဖြစ်သည်။အထက်တန်းလွှာ ဆွေကြီးမျိုးကြီးများ၏ ယဥ်ကျေးမှုနှင့် ကျင့်ဝတ်ထုံးတမ်းများမှာ သူတို့အတွက် အလုပ်မဖြစ်ပေ။သူတို့ကို အာဏာဖြင့်သာ ထိန်းချုပ်၍ ရ၏။
ထိုလူအုပ်ကြားတွင် အိမ်တော်ထိန်း၏စကားများက အဘယ်မှာအလုပ်ဖြစ်မည်နည်း။ကြေးစားစစ်သားများမှာ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေကြပြီး အိမ်တော်ထဲတွင် ဟိုသည် လျှောက်သွားနေကြသည်။
ထို့အပြင် အဆိုးဆုံးမှာ
"ငါတို့ ဘယ်အချိန်အထိ စောင့်နေမှာလဲ။"
"မဟုတ်ဘူး၊ငါတို့ကိုလဲ စားစရာ တစ်ခုခု ပေးပါ။"
"အမှန်ပဲ။ဟိုမှာ သူမတို့ကျတော့ အရသာရှိတဲ့ အစားအစာတွေ စားနေကြတယ်။သူမတို့ ဘာလက်ဖက်ရည်အကြောင်း ပြောနေကြလဲ ငါတို့ သွားကြည့်ရအောင်။"
ထိုသို့ဖြင့် အထွန့်တက်သံများက ပွက်လောရိုက်နေခဲ့သည်။လက်ဖက်ရည် သောက်နေကြသော လေဒီလေးများမှာ မတတ်သာပါဘဲ ထိုစကားများကို ကြားနေရလေသည်။လေဒီငယ်လေးများမှာ တွန့်ဆုတ်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း စကားပြော၍ အလုပ်များနေကြသည်။
ဘယ်လောက်တောင် အရှက်ရစရာကောင်းလိုက်သလဲ။
သူမမှာ ဖြစ်နိုင်လျှင် ကြေးစားစစ်သားများကို အခုချက်ချင်း ပါးစပ်ပိတ်ပြီး ထွက်သွားရန် ပြောလိုက်ချင်သည်။သို့သော်လည်း ကောင့်မြို့စားကတော်ကာဒယ်လ်မှာ ထိုမျှ သတ္တိရှိသော မိန်းမတစ်ယောက် မဟုတ်ပေ။ထို့ကြောင့် သူမမှာ မတတ်သာပါပဲ မကြားချင်ယောင်ဆောင်နေရပြီး လေဒီငယ်လေးနှင့် စကားစမြည် ပြောနေလိုက်သည်။
ယခုကဲ့သို့
"ဒီနေ့ ရာသီဥတုက သာယာတယ်နော်၊ဟုတ်တယ်မလား။"
"အိုး၊ဟုတ်ကဲ့၊ မှန်တာပေါ့ရှင်။ရာသီဥတုက အရမ်းသာယာပါတယ်။"
လေဒီငယ်များက ကောင့်မြို့စားကတော်၏စကားကို အမြန်အဆန် တုံ့ပြန်လိုက်ကြသည်။လေဒီငယ်လေးတစ်ယောက်ကမူ ဟုတ်ကဲ့ဟု ပြောပြီး စကားတစ်ခွန်းကို မြန်မြန် ထပ်ထည့်ပြောလိုက်လေသည်။
"ဒီလိုနေ့မျိုးမှာ ပျော်ပွဲစားထွက်မယ်ဆို အရမ်းကောင်းမယ်နော်။ရှင်တို့ရော ဘယ်လိုထင်လဲ။အပြင်သွားကြမယ်ဆို ဘယ်လိုလဲ။"
ကောင့်မြို့စားကတော်ကာဒယ်လ်သည်လည်း အတူတကွ အပြင်ထွက်ဖို့ တွေးနေလေသည်။ကြေးစားစစ်သားများ စောင့်ကြည့်နေသော နေရာတွင် လက်ဖက်ရည်သောက်ရသည်ထက် ပို၍ ကောင်းသည်။
"ဘုရားရေ၊ပျော်ပွဲစားလား၊ကျွန်မတော့ သဘောကျတယ်။"
"ကျွန်မလဲ သဘောကျတယ်။"
"အနီးနားက ကန်တစ်ခုကို သွားမယ်ဆိုရင် ပြီးပြည့်စုံပြီလို့ ကျွန်မတော့ ထင်တယ်။"
ကံကောင်းထောက်မစွာဖြင့် လေဒီငယ်များ သဘောကျကြလေသည်။သို့သော် ...
"မင်းတို့ ဘယ်သွားကြမလို့လဲ။"
ခေါင်းဆောင်ဖြစ်ဟန်တူသော ကြေးစားစစ်သားတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ကြမ်းတမ်းစွာ ပြောသည်။
"ငါတို့ကို ထားပစ်ခဲ့ပြီး မင်းတို့က ဘယ်သွားမလို့လဲ။"
"ဘ...ဘာ"
ကောင့်မြို့စားကတော်ကာဒယ်လ်မှာ အရှက်ကြီး ရှက်သွားပြီး မေးသည်။ကြေးစားစစ်သားက သုန်မှုန်သည့် မျက်နှာထားဖြင့်လက်ပိုက်ထားသည်။
"မင်းတို့ အခု ကောင့်မြို့စားကို ခေါ်လိုက်၊ဒါမှမဟုတ် မင်းတို့ ဒီနေရာမှာပဲ နေ။၂ခုထဲက တစ်ခုရွေး။"
ကောင့်မြို့စားကတော်ကာဒယ်လ်မှာ သူမ၏ ခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်စေရန် ကြိုးစားလိုက်ပြီး ပြန်မေးလိုက်သည်။
"ကျွန်မတို့က ဒီနေရာမှာ မရှိရင်တောင် ရှင်တို့ကို ဒုက္ခပေးဖို့ လုပ်မှာ မဟုတ်ပါဘူး။"
"မဟုတ်ဘူး၊အဲ့လို မရဘူး။"
ကြေးစားစစ်သားသည် ကောင့်မြို့စားကတော်ကာဒယ်လ်၏ အနီးအနားရှိ ချစ်စရာလေဒီလေးများကို ကြည့်ပြီး ပြောလေသည်။
"ငါတို့အတွက် မျက်စိအစာကျွေးစရာလေးတွေ ပျောက်သွားမှာ မဟုတ်လား။"
(ရယ်သံများ)
ကြေးစားစစ်သားက ရွံစရာကောင်းအောင် ရယ်နေပြီး အခြားသူများကလည်း ထိုသူနှင့်အတူ ရယ်မောနေကြသည်။လေဒီငယ်များ၏ မျက်နှာများမှာ ခက်ထန်မာကျောလာပြီး ကောင့်မြို့စားကတော်ကာဒယ်လ်သည်လည်း ထို့အတူပင် ဖြစ်သည်။
၎င်းမှာ အမှန်တကယ် ရိုင်းပြပြီး မသင့်တော်သော စကားဖြစ်သည်။
သို့သော် သူမက အစောင့်ရဲမက်များကို ခေါ်လျှင်ပင် သူတို့ကို လွယ်ကူစွာ ဆွဲထုတ်သွား၍ မရလောက်ပေ။အိမ်တော်ထိန်းက သူတို့ကို စံအိမ်အတွင်းသို့ ခေါ်ဆောင်လာခြင်းဖြစ်ရာ ပိုင်နက်ကျူးလွန်သော ပြစ်မှုဖြင့် တိုင်တန်း၍ မရပေ။
ထိုသို့ ကိစ္စများကို ဆောင်ရွက်ပေးရန် ကောင့်မြို့စား သို့မဟုတ် သူ့လိုတစ်စုံတစ်ယောက် လိုအပ်သည်ဟု သူမ တွေးမိသည်။
"ဒါကြောင့် မင်းတို့ ဘယ်နေရာမှ သွားဖို့ မစဥ်းစားနဲ့။ငါတို့က မင်းတို့ကို မျက်စိဒေါက်ထောက် ကြည့်နေမှာ။"
သူမက ထိုသူကို ပါးစပ်ပိတ်ထားရန် ပြောလိုက်ချင်သည်။
သို့သော် ထိုသို့ လုပ်ရန် သူမ သတ္တိမရှိပေ။အကယ်၍ သူမကို ကူညီပေးနိုင်မည့် တစ်စုံတစ်ယောက်သာ ရှိခဲ့လျှင် ...
"ဘာတွေ ဖြစ်နေကြတာလဲ။"
ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရသည်။ထိုအသံ ထွက်လာသည့်နေရာသို့ ကောင့်မြို့စားကတော်ကာဒယ်လ်၊လေဒီငယ်များနှင့် ကြေးစားစစ်သားများပါမကျန် လှည့်ကြည့်လိုက်ကြသည်။
ဘာ!
"ငါ နင်တို့ရဲ့ အသံတွေကို အဝေးကနေ ကြားလိုက်ရတယ်။အရမ်း ညစ်ပတ်ရိုင်းစိုင်းတဲ့ စကားတွေပါလား။"
အိုဖီလီယာ ရိုင်ဇန်
ထိုသူမှာ မြို့စားကြီးကတော် ဖြစ်သည်။
သို့သော် ကောင့်မြို့စားကတော်ကာဒယ်လ်အတွက်မူ မတူပေ။
"နင်တို့ ပါးစပ်တွေ ဘာလို့ မပိတ်ထားတာလဲ။"
သူမတို့ကို ကယ်တင်ပေးမည့် ကယ်တင်ရှင် ဟူ၍။
TK Team
++++++++