ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၅၃)
ကောင့်မြို့စားကာဒယ်လ်၏အိမ်တော်သို့ ရောက်ရှိပြီး ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် ထူးဆန်းသော လေထုတစ်ခုက အိုဖီလီယာကို ဆီးကြိုနေသည်။ပုံမှန်အားဖြင့် သူမကို ကြိုဆိုရန် အိမ်တော်ထိန်း သို့မဟုတ် အစေခံတစ်ဦး ထွက်လာလေ့ရှိသည်။သို့သော် ယခုတွင် မည်သူမှ ထွက်မလာပေ။
တစ်ခုခု ဖြစ်ခဲ့တာလား။
အိုဖီလီယာက သူမ၏ခေါင်းကို စောင်းငဲ့လိုက်သည်။
"ကျွန်မကို ယုံကြည်ပါလို့ ပြောခဲ့ပါတယ်၊မှန်ပါရဲ့လား။"
ရထားလုံးပေါ် မှ အရင်ဆုံး ဆင်းသွားသော ဂျက်စမင်က ဆက်ပြောသည်။
"ဒီနေရာမှာ ကြေးစားစစ်သားတွေ ရောက်နေပါတယ်။"
"ကြေးစားစစ်သားတွေလား၊ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ။"
အိုဖီလီယာက မေးသည်။
"ကောင့်မြို့စားရဲ့ ဥရောပအနောက်ပိုင်းမှာ စူးစမ်းလေ့လာမှုအတွက် အလုပ်လာလျှောက်ကြတဲ့ ကြေးစားစစ်သားတွေလို့ ပြောကြပါတယ်။ဒါပေမဲ့ ကောင့်မြို့စားအိမ်တော်အထိ သူတို့ ဘာကြောင့် ရောက်လာသလဲဆိုတာတော့ ကျွန်မ မသိပါဘူး။"
"ငါ သိပြီ"
ကြေးစားစစ်သားများကို စီစဥ်ထိန်းသိမ်းရန် အလုပ်များနေရသဖြင့် တစ်ဦးတစ်ယောက်မှ ထွက်မလာနိုင်ပေ။သို့သော် ဤကိစ္စကြောင့် ကောင့်မြို့စားကတော်ကာဒယ်လ်၏ သဘောကျမှုကို ရနိုင်မည့် အခွင့်အရေးက မည်သို့ဖြစ်လာမည်နည်း။အိုဖီလီယာ ခေါင်းကို စောင်းငဲ့လိုက်သည်။
"ရှင် အထဲဝင်သွားတာနဲ့ သိမှာပါ၊အဲ့ဒီနေရာမှာ ပြဿနာတစ်ခုခု ဖြစ်နေပြီဆိုတာ။"
ဂျက်စမင်က အိုဖီလီယာကို ပြုံးပြလိုက်သည်။
"မဒမ်က ဒီပြဿနာကို ဂရုစိုက်ပေးမှာ မဟုတ်ပါလား။"
"ဟမ့်"
အိုဖီလီယာ ရယ်မောလိုက်သည်။
"ရှင်က ကျွန်မကို ပြဿနာမှန်သမျှ ဖြေရှင်းနိုင်တဲ့သူတစ်ယောက်လို့ ထင်နေပုံရတယ်နော်။"
"ဒါဆို မဒမ် မဖြေရှင်းနိုင်တဲ့ တစ်ခုခုများ ရှိပါသလား။"
ဂျက်စမင်၏ ရဲတင်းသောစကားကြောင့် အိုဖီလီယာ နောက်တစ်ကြိမ် ထပ်ရယ်မိလိုက်သည်။
"မရှိဘူး"
အိုဖီလီယာက နှုတ်ခမ်းကို တွန့်ကွေး၍ ပြောလိုက်သည်။
"ကျွန်မ မဖြေရှင်းနိုင်တာ ဘာမှ မရှိဘူး။"
အိုဖီလီယာက ဂုဏ်ယူဝံ့ကြွားစွာ ပြောပြီးနောက် ရှေ့ကို ဆက်လျှောက်သွားသည်။မကြာမီပင် အစစ်အမှန် ပြဿနာကို သူမ တွေ့လိုက်ရသည်။
*
"ငါတို့ကို ထားပစ်ခဲ့ပြီး မင်းတို့က ဘယ်သွားမလို့လဲ။"
ဒါက ဘာအဓိပ္ပါယ်လဲ။
အိမ်နောက်ဖေးကွက်လပ်သို့ ဝင်လာနေသော အိုဖီလီယာမှာ တုံ့ဆိုင်းသွားပြီး နားထောင်နေလိုက်သည်။
"မင်းတို့ အခု ကောင့်မြို့စားကို ခေါ်လိုက်၊ဒါမှမဟုတ် မင်းတို့ ဒီနေရာမှာပဲ နေ။၂ခုထဲက တစ်ခုရွေး။"
၎င်းမှာ ရင်းနှီးမှုမရှိသော အသံဖြစ်သည်။သို့သော် ထိုအသံပိုင်ရှင်မှာ ကြေးစားစစ်သားတစ်ယောက် ဖြစ်သည်ဟု အိုဖီလီယာ ရိပ်မိသွားခဲ့သည်။
"ကျွန်မတို့က ဒီနေရာမှာ မရှိရင်တောင် ရှင်တို့ကို ဒုက္ခပေးဖို့ လုပ်မှာ မဟုတ်ပါဘူး။"
သူမ ပိုနီးလာသည်နှင့်အမျှ ကောင့်မြို့စားကတော်က ထိုသူများကို တားဆီးနေသည်အား မြင်လိုက်ရသည်။
အမ်း
သူမစိုးရိမ်နေတဲ့ကိစ္စက တကယ်ဖြစ်လာသလိုပဲ။ ဒီလို ဖြစ်သွားရင် ကောင့်မြို့စားကာဒယ်လ်ရဲ့ ဂုဏ်သတင်းက ကျဆင်းသွားမှာပဲ။
ငါ သူမကို ကူညီသင့်လား။
သို့သော် သူမအနေဖြင့် အကြောင်းပြချက်မရှိဘဲ ဝင်ပါချင်စိတ် မရှိပေ။အိုဖီလီယာမှာ ခံစားချက်များ ဟိုဘက် သည်ဘက် လွန်ဆွဲနေပြီး မတင်မကျဖြင့် ဒုက္ခများနေတော့သည်။
ထို့နောက်
"ငါတို့အတွက် မျက်စိအစာကျွေးစရာလေးတွေ ပျောက်သွားမှာ မဟုတ်လား။"
ဘာ
နင်တို့က လေဒီလေးတွေကို ဘယ်လိုသောက်သုံးမကျတာတွေ ပြောနေရတာလဲ။
သူမ ထိုစကားကို ကြားလိုက်ရသည်နှင့် သူမ ဝင်ပါသင့်သည်ဟု ချက်ချင်း တွေးမိသွားသည်။ယခု သူမ ထွက်လာပြီး ကောင့်မြို့စားကတော် ကာဒယ်လ်နှင့် လေဒီလေးများကို ကယ်တင်လိုက်မည်ဆိုပါက
အကျိုးရှိမယ်ဆိုရင်တော့ သေချာပေါက် ကောင်းတာပေါ့။ဒါပေမဲ့ ကူညီလိုက်လဲ ဘာမှ မထိခိုက်သွားလောက်ပါဘူး။
အိုဖီလီယာ ခြေလှမ်းကို အရှိန်တင်လိုက်သည်။
"ဘာတွေ ဖြစ်နေကြတာလဲ။"
ဝူးးး
သူမ အိမ်နောက်ဖေးကွက်လပ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လေတစ်သုတ် တိုက်ခတ်သွားခဲ့သည်။အိုဖီလီယာ၏ အေးစက်သော ငွေဖြူရောင်ဆံပင်များမှာ လေထဲတွင် တဖျတ်ဖျတ် ဝဲလွင့်သွားသည်။
"ငါ နင်တို့ရဲ့ အသံတွေကို အဝေးကနေ ကြားလိုက်ရတယ်။အရမ်း ညစ်ပတ်ရိုင်းစိုင်းတဲ့ စကားတွေပါလား။"
သူမ၏မျက်လုံးများမှာ မီးပွင့်မတတ်ဖြစ်နေသည်။
"နင်တို့ ပါးစပ်တွေ ဘာလို့ မပိတ်ထားတာလဲ။"
ပတ်ဝန်းကျင် လေထုမှာ တစ်ခဏအတွင်း ပြောင်းလဲသွားသည်။ရယ်မောနေကြသော ကြေးစားစစ်သားများက ပါးစပ်ပိတ်သွားကြပြီး ရှက်ရွံ့နေသော လေဒီငယ်များမှာ သူမကို ကြိုဆိုနေသော အသွင်အပြင် ဖြစ်နေကြသည်။
အိုဖီလီယာ ရိုင်ဇန် ! မဖိတ်ပဲ ရောက်လာတဲ့ သူ!
သိုသော် ယနေ့တွင် အိုဖီလီယာ ရိုင်ဇန်ကို တွေ့ရသည်လောက် သူမ တစ်ခါမှ မပျော်ရွှင်ခဲ့ဘူးပေ။ ကောင့်မြို့စားကတော်ကာဒယ်လ်သည် အိုဖီလီယာကို လေးစားမြတ်နိုးစွာဖြင့် ကြည့်လိုက်သည်။
"မ ...မင်းက ဘယ်သူလဲ။"
ကြေးစားစစ်သားခေါင်းဆောင် ဖြစ်ဟန်ရှိသည့် လူက ပြောသည်။အိုဖီလီယာက ခေါင်းကို ထိုသူဘက်သို့ လှည့်လိုက်သည်။
"နင်က ငါ့ကို မသိဘူးလား။"
နောက်တစ်ကြိမ် လေထပ်တိုက်လာပြန်သည်။ယခုအကြိမ်တွင် လေက ပြင်းထန်သဖြင့် လူတိုင်း မျက်မှောင်ကြုတ်လိုက်မိကြ၏။သို့သော် အိုဖီလီယာကမူ ဖြောင့်မတ်စွာ ရပ်နေဆဲပင်။သူမ၏ မျက်နှာအမူအရာမှာ တစ်ချက်ကလေးမျှ ပြောင်းမသွားပဲ သွေးဆာနေသော ကြောက်မက်ဖွယ် မျက်နှာဖြင့် ကြေးစားစစ်သားဆီသို့ စိုက်ကြည့်နေခဲ့သည်။
ဂလု
ကြေးစားစစ်သားမှာ တံတွေးမြိုချလိုက်မိသည်။
"နင် ငါ့ကို မသိရတဲ့ အကြောင်းက နှစ်ခုပဲ ရှိတယ်။"
အိုဖီလီယာက ထိုကြေးစားစစ်သား၏အနားသို့ တစ်လှမ်း ထပ်တိုးလိုက်သည်။
"အင်ပါယာရဲ့ နိုင်ငံသားအဖြစ် မနေရတဲ့ ကလေကချေ မို့လို့။"
"..."
"ဒီလို မဟုတ်ရင်တော့ မြို့စားကြီးရိုင်ဇန် မိသားစုကို အထင်သေးတဲ့ အကောင် ဖြစ်နေလို့။"
မြို့စားကြီး ရိုင်ဇန် မိသားစု !
မြို့စားကြီး ရိုင်ဇန်က ဘယ်သူမို့လို့လဲ။သူက နောက်ဖေးလမ်းကြားတို့ရဲ့ အရှင်သခင်လေ။သွေးနဲ့ မျက်ရည် မပါရင်တောင်မှ ရက်စက်ကြမ်းကြုတ်လို့ နာမည်ကျော်ကြားတဲ့ သူ။
အခု ငါက မြို့စားကြီးရဲ့ ဇနီးနဲ့ ရင်ဆိုင်နေရတာလား။
ကြေးစား၏ မျက်လုံးများမှာ တုန်လှုပ်သွားသည်။
ဒါပေမဲ့
ရင်ဆိုင်နေရသည့်သူက မိန်းမတစ်ယောက် ဖြစ်သည်။အကယ်၍ သူ့ဘက်က နောက်ဆုတ်ချင်သည့် အရိပ်အယောင် ပြမိလျှင် သူ့မှာ အခြားကြေးစားစစ်သားများကို မျက်နှာပြနိုင်တော့မည် မဟုတ်ပေ။
သူက ကြမ်းကြမ်းတမ်းတမ်း ခြိမ်းခြောက်လိုက်ရင် အဲ့ဒီစကားတွေ မြို့စားကြီးမိသားစု နားထဲ မရောက်သွားအောင် ထိန်းထားလို့ ရမယ် မဟုတ်လား။
ကြေးစားစစ်သာက ထိုသို့ တွေးလိုက်ပြီး လက်ပိုက်လိုက်သည်။
"အဲ့ ...အဲ့ဒီတော့ မင်းက ငါ့ကို ဘာလုပ်ချင်လို့လဲ။"
သူက နှာမှုတ်၍ ပြောသည်။
"အစထဲက ငါ မင်းကို ပြောနေတာလဲ မဟုတ်ဘဲနဲ့ ဒေါသထွက်ပြနေတာ ရယ်စရာကောင်းတယ်နော်။မင်းက ဒီမိန်းမတွေရဲ့ ပြောခွင့်ဆိုခွင့်ရပုဂ္ဂိုလ် မို့လို့ ဒီလို လာပြောနေတာလား။"
"နင်"
အိုဖီလီယာက ဖြည်းဖြည်းချင်း မျက်လုံးလှန်ကြည့်လာသည်။သူမ၏ ဂရုမစိုက်လေဟန် ထီမထင် မျက်လုံးများက ကြေးစားကို တည့်တည့်ကြည့်နေခဲ့သည်။
အား
ကြေးစားစစ်သားမှာ သတိမထားမိပါဘဲ လေးပင်စွာ အသက်ရှူလိုက်မိလေသည်။
"နင်က အတော်လေးကို ကြားဖူးနားဝ မရှိတာပဲ။"
အိုဖီလီယာက သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။အမှန်တွင် ကြေးစားစစ်သားတစ်အုပ်ကြီးမှာ သူမထက်ပင် ပိုအင်အားတောင့်၍ ကြောက်ဖို့ကောင်းလှသည်။သို့သော် အိုဖီလီယာ မကြောက်ရခြင်းမှာ အကြောင်းပြချက် တစ်ခုရှိသည်။
မြို့စားကြီး ရိုင်ဇန်၏ နာမည်ကြောင့်လား။
ဒါ မဟုတ်ဘူး။
သူမကိုယ် သူမ ယုံကြည်သည်။
ငါ အခု မှော်နက် ထုတ်သုံးနိုင်တယ် မလား။
ယခုအချိန်တွင် အိုဖီလီယာ၏စိတ်ခံစားချက်မှာ ဒေါသဖြစ်သည်။သူမက ထိုဒေါသကို ပေးဆပ်ပြီး မှော်နက်ကို အသုံးပြုမည်။သူမ ထိုသို့ တွေးထားခဲ့သည်။ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုက်နက် သူမ၏ ခေါင်းထဲတွင် အေးသွားသည်။ဆန့်ကျင်ဖက်အားဖြင့် သူမ၏လက်ချောင်းထိပ်များတွင် ပူလောင်လာသည်။
ထိုခံစားချက်ကို သူမ သိသည်။
ငါ သုံးလို့ရပြီ။
ဖလဲရ်၏ ရှေ့တွင် သူမ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားခဲ့သည်။သို့သော် ယခု ထိုသို့ မဟုတ်ပေ။တစ်ကြိမ် တွေ့ကြုံခံစားပြီး ဖြစ်ရာ သူမ ထိုစွမ်းအားများကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်သည်။
သူမ တတ်နိုင်သမျှ ခံစားချက်များကို ဖိနှိပ်ထားပြီး ခံစားချက်များကို နည်းနည်းချင်းစီသာ ထွက်လာစေရန် စိတ်ကို အာရုံစူးစိုက်ထားသည်။
"ငါ နင့်ကို သတိပေးနေတယ်လေ။"
အနက်ရောင် စွမ်းအင်က အိုဖီလီယာ၏ လက်ချောင်းထိပ်များမှ ထွက်လာသည်။
"အား"
ထွက်လာသော စွမ်းအင်သည် လျှပ်တပြက်အတွင်း၌ ကြေးစားစစ်သည်၏ နောက်ကျောကို ဖမ်းဆုပ်၍ ထိုသူကို လေထဲတွင် မြောက်တက်သွားစေသည်။
"ဘုရားရေ!"
"မဒမ်!"
လူတွေ အော်ဟစ်နေကြသည်။အိုဖီလီယာ၏ စွမ်းအားမှာ ယုတ်လျော့သွားခြင်း မရှိခဲ့ပေ။
"နင်က ငါ့ကို မိန်းမတစ်ယောက်ပါပဲဆိုပြီး လျှော့တွက်ထားတာပဲ ဖြစ်မယ်။ငါ့ တစ်ယောက်တည်းကို မဟုတ်ဘူး။ဒီနေရာက လူတိုင်းကို သူက အထင်သေးပြီး အထက်တန်းလွှာ ဆွေကြီးမျိုးကြီးတွေကို စော်ကားရဲသေးတယ်။"
"အ ...အစ်"
လေထဲတွင် တန်းလန်းဆွဲ ခံထားရသော ကြေးစားစစ်သားမှာ အသက်ပင် ဖြောင့်ဖြောင့် မရှူနိုင်တော့ဘဲ အမြှုပ်တစီစီ ထနေလေသည်။အိုဖီလီယာက ထိုသူကို ဂရုမစိုက်သည့်အတိုင်း ကြည့်နေလိုက်သည်။
"ဘာပဲ ဖြစ်ဖြစ် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ဒီနေရာမှာ သူ့ကို သတ်ပြီးတော့ ဖြေရှင်းလိုက်လဲ အဆင်ပြေတယ်လို့ ငါ တွေးမိတယ်။"
"ဟစ်!"
သူမက ထိုသို့ ဆိုလိုသည်။
ယခုလက်ရှိတွင် အိုဖီလီယာသည် ကြေးစားစစ်သားများကို အပိုင်းအစများဖြစ်အောင် ပြောင်းလဲပစ်လိုက်ရန် တွေးတောနေသည်။သို့သော် သူမ ထိုသို့ မလုပ်နိုင်ပါ။ဤနေရာသည် ကောင့်မြို့စားကာဒယ်လ်၏ အိမ်တော် ဖြစ်သည်။ထို့အပြင် သူမကို ကြောက်လန့်နေပြီးသား သူများ၏ရှေ့တွင် လူတစ်ယောက်ကို ဖမ်းချုပ်၍ ရိုက်နှက်ခြင်းမှာ အကြံဆိုးတစ်ခု ဖြစ်ဟန်ရှိသည်။ထို့ကြောင့် သူမ၏ ညှာတာထောက်ထားမှုကို ထုတ်ပြသင့်သည့် အချိန်ကောင်း ဖြစ်သည်။
"ဒီအိမ်တော်ရဲ့ ပိုင်ရှင်တွေက ဒါမျိုးကို ဖြစ်စေချင်မှာ မဟုတ်ဘူး။ဒါကြောင့် ငါ ဒီလောက်နဲ့ ရပ်လိုက်မယ်။"
"အား... အာ့"
ပြုတ်ကျလာသော ကြေးစားစစ်သားသည် အသက်ကို အငမ်းမရရှူ၍ ကြမ်းပြင်ပေါ်၌ လူးလှိမ့်နေလေသည်။အိုဖီလီယာက ထိုသူကို ငုံ့ကြည့်လိုက်ပြီး လက်မောင်းနေရာကို ကန်ကြောက်ပစ်လိုက်သည်။
"ထွက်သွားစမ်း"
"ကျ ...ကျွန်တော် တောင်းပန်ပါတယ်။"
"ကျွန်တော်တို့ တောင်းပန်ပါတယ်။"
ကြေးစားစစ်သားများမှာ အလျင်အမြန် ထွက်ပြေးသွားကြသည်။အိုဖီလီယာမှာ စိတ်ထဲတွင် ပျော်ရွှင်စွာဖြင့် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
ငါ့ကို တခြားသူတွေက ကြိုဆိုမယ်ဆိုတာ အသေအချာပဲ၊ဟုတ်တယ်မလား။
သူမက ကြေးစားစစ်သားတွေကို နှိမ်နင်းပေးခဲ့သည်။ထိုကြောင့် အိုဖီလီယာက ပြုံးလိုက်ပြီး ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကြည့်လိုက်သည်။
"ကျွန်မ ဒီမှာ ထိုင်လို့ရလား။"
သို့သော်
"အွတ် အွတ်"
တစ်ယောက်က ကြို့ထိုးလာပြီး စတင် ငိုကြွေးလေသည်။
"ဟစ်"
အိုဖီလီယာမှာ အကြောင်းရင်းကို မသိသော အမူအရာဖြင့် လေဒီငယ်လေးကို ကြည့်လိုက်မိသည်။
"ရှင် ဘာလို့ ငိုနေရတာလဲ။"
လေဒီငယ်လေးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပခုံးများကို တွန့်လိုက်သည်။
"ကျွန်မ ...ကြောက်စရာကောင်းလို့ပါ။"
"ကျွန်မ တောင်းပန်ပါတယ်။"
"..."
ဒါက ဘာကို ဆိုလိုတာလဲဟင်။
အိုဖီလီယာမှာ ရှက်ရွံ့သွားပြီး ပါးစပ် ဟလျက်သား ဖြစ်နေတော့သည်။
"မဒမ်"
တိတ်ဆိတ်နေခဲ့သော ဂျက်စမင်က ထိုအချိန်တွင် သူမကို စကားပြောလာသည်။
"ဒါက အရမ်း ပြင်းထန်လွန်းပါတယ်။"
အာ
ငါလဲ နည်းနည်း များသွားတယ်လို့ ထင်မိတယ်။
နာမည်ဂုဏ်သတင်းကို ပြန်လည်မြှင့်တင်ရန် ကျွန်မ၏ ခွန်အားကို ထုတ်ပြခြင်း
ငါက အရမ်းသန်မာလွန်းလို့ ကျရှုံးသွားတာလား။
*
သို့သော် ကံကောင်းထောက်မစွာဖြင့် ကောင့်မြို့စားကတော်ကာဒယ်လ်က အိုဖီလီယာကို ထိုင်ရမည့် နေရာသို့ ခေါ်ဆောင်ပေးခဲ့သည်။လေဒီငယ်လေးက မထိုင်နိုင်သည်အထိ ငိုနေသောကြောင့် လက်ဖက်ရည်စားပွဲတွင် အိုဖီလီယာကို မထိုင်စေခဲ့ပေ။
ထိုအစား ကောင့်မြို့စားကတော်က အိုဖီလီယာကို ပန်းချီခန်းထဲသို့ ခေါ်ဆောင်သွားပေးသည်။
ထိုအပြုအမူ၏ အဓိပ္ပါယ်ကို အိုဖီလီယာက ကောင်းစွာ သိလေသည်။
TK Team
++++++++