ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၅၅)
နောက်တစ်နေ့
ကျွန်မ မပွင့်သေးသော မျက်လုံးများကို အတင်းကြိုးစား ဖွင့်လိုက်ရသည်။ 'မနေ့က လုပ်ခဲ့တာတွေကို လူထုကြီး သိသွားစေမည်'ဟု ကောင့်မြို့စားကတော်ကာဒယ်လ် ပြောခဲ့သည်ကို ကျွန်မ အလွန် သိချင်နေသောကြောင့်တည်း။
ကျွန်မ အိုင်ရင်းကို လှမ်းခေါ်ပြီး သတင်းစာတစ်စောင် ယူလာခိုင်းသင့်သည်။ထို့ကြောင့် ကျိန်းစပ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကျွန်မ အိပ်ရာထဲမှ ထလိုက်သည်။
ထိုအခါ
"စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ရှိတယ်။"
ဆိုဗက်စ်စတာ၏ အသံကို ကြားလိုက်ရသည်။ထိုအသံက ကျွန်မ၏ ဘေးဘက်မှ ထွက်လာသည်။
နောက်လှည့်ကြည့်လိုက်လျှင် ရှပ်အင်္ကျီကို ကပိုကရို ဝတ်ဆင်ထားသည့် ဆိုဗက်စ်စတာက အိပ်ရာအစွန်းတွင် ထိုင်နေသည်ကို မြင်ရသည်။မနက်ခင်း နေရောင်ခြည်က သူ၏မျက်နှာပေါ်သို့ ဖြာကျသက်ဆင်းနေသည်။သူ၏မည်းနက်သောဆံပင်နှင့် ဆန့်ကျင်စွာ ဖြူဖွေးသော အသားအရည်က တောက်ပနေလေသည်။
ဤရက်များတွင် အပြာရောင်မျက်ဝန်းများက ပို၍ ထင်သာမြင်သာ ရှိနေပြီး မြင့်မားသော နှာတံနှင့် ပန်းပုထုထားသကဲ့သို့ ခိုင်မာသော မေးရိုးတို့က အလင်းရောင်အောက်တွင် သူတို့၏ ဖြစ်တည်မှုကို ထုတ်ပြနေသည့်နှယ်။
ဘာလဲဟ။
မနက် မိုးလင်းကတည်းက သူ အရမ်း ချောမောနေတာပဲ။
ကျွန်မသည် ဆိုဗက်စ်စတာကို ငေးကြောင်၍ ကြည့်နေမိလျှင် ဆိုဗက်စ်စတာက ကျွန်မကို ပြုံးပြလေသည်။
"အပေါက်ကြီး ဖြစ်တော့မယ်ကွာ၊ကိုယ့်ကို ဒီလို ကြည့်မနေနဲ့တော့။ကိုယ် ချောတာ ကိုယ် သိသားပဲ။"
"ဒီလို ယုံကြည်မှုမျိုးနဲ့ နေ့တိုင်း နေထိုင်ရတာ ဘယ်လိုခံစားရလဲဟင်။"
"ကိုယ် မင်းကို ပြောဖူးပါတယ်။အကောင်းဆုံးပါပဲလို့။ဒီထက် ပိုကောင်းတာ မရှိတော့ဘူး။"
ဆိုဗက်စ်စတာက မျက်ခုံးပင့်ရင်း သတင်းစာကို ဖွင့်လိုက်သည်။
"အိုဖီလီယာ ရိုင်ဇန်၊ယခု သူမက သူရဲကောင်းတစ်ယောက် ဖြစ်လာပြီ။"
"ဘာ"
"သတင်းက အကြမ်းဖျင်းတော့ အဲ့လိုမျိုးပဲ၊ဒါပေမဲ့ တစ်ချက်လောက် ကြည့်လိုက်။"
ကျွန်မ ဆိုဗက်စ်စတာ ပေးသော သတင်းစာကို ဆွဲယူလိုက်သည်။
[ယမန်နေ့က ကောင့်မြို့စားကာဒယ်လ်၏အိမ်တော်တွင် ဒုက္ခအကြီးအကျယ် ရောက်ခဲ့၏။ကြေးစားစစ်သားများက အိမ်တော်ဝန်းကျင်တွင် စုရုံးကာ ဆန္ဒပြခဲ့ကြသည်။]
သတင်းအကြောင်းအရာမှာ ထူးထူးဆန်းဆန်း ကွဲထွက်နေသည်။
ကောင့်မြို့စား၏အိမ်တော်ထဲသို့ ကြေးစားစစ်သားများ ဝင်ရောက်လာသည်ဟု ရေးသားရန်မှာ မကောင်းသောကြောင့် ထိုအပိုင်းကို ဖြတ်ထုတ်ပြီး ရေးသားထားပုံရ၏။
မျှော်လင့်ထားသည့်အတိုင်း ပါးနပ်ပါပေသည်။
ကျွန်မ နှစ်ခြိုက်စွာဖြင့် ကျန်သည့် အကြောင်းအရာများကို ဆက်လက်ဖတ်ရှုခဲ့သည်။
[လာရောက်ဆန္ဒပြကြသော ကြေးစားစစ်သားများသည် လေဒီငယ်များအပေါ် ကျီစယ်နောက်ပြောင်ခဲ့ကြသည်။ထိုအချိန်တွင် ကောင့်မြို့စားကို ကယ်တင်ပေးမည် သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ထိုသူမှာ မြို့စားကြီးကတော်အိုဖီလီယာ ရိုင်ဇန် ဖြစ်သည်။သူမက ကြေးစားစစ်သားခေါင်းဆောင်ကို သူမ၏ အံ့ဩဖွယ် စကားစွမ်းရည်နှင့် မှော်နက်အစွမ်းကို အသုံးပြု၍ ထိန်းချုပ်ခဲ့ပြီး ထိုသူများကို တောင်းပန်စေခဲ့သည်။ ... (ကျော်ဖတ်လိုက်သည်) ...
ဤသည်ကို ကြည့်ခြင်းဖြင့် မြို့စားကြီးကတော် ပြောင်းလဲသွားပြီ ဟူသော ကောလာဟာလများက အမှန်ဖြစ်ပုံရသည်။ထို့ကြောင့် သူမ၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို ချီးကျူးဂုဏ်ပြုသင့်ပေသည်။]
"..."
ဘုရားသခင်
ကျွန်မသည် ထိုမျှ ကောင်းမွန်သော စကားလုံးများဖြင့် သတင်းအကြောင်းအရာကို တစ်ကြိမ်မှ မမြင်ဖူးပေ။ကျွန်မ နှစ်သက်စွာဖြင့် ပါးစပ်ကို ပိတ်ထားမိသည်။
"ရှင် ဒါကို ဖတ်ပြီးပြီလား။"
"ဘာလဲ"
"ရှင် ကျွန်မကို ချီးကျူးပေးဖို့ လိုတယ်!။"
ကျွန်မ ခုန်ထပြီး အော်လိုက်သည်။
"ဒါက ကောင့်မြို့စားကတော်ကာဒယ်လ် ပြောခဲ့တဲ့အတိုင်းပဲ။သူမက သတင်းထောက်ဆီ သွားတွေ့မယ်လို့ ပြောခဲ့တယ်။ဒါပေမဲ့ ဒီလိုမျိုး သတင်းကောင်းက ထွက်လာတယ်ပေါ့။"
ကျွန်မ၏ခံစားချက်က အလွန်ကောင်းနေတော့သည်။
ချီးကျူးမြှောက်ပင့်ပေးပါက ဝေလငါးများပင် ကသည်ဟု ဆိုကြပြီး ထိုစကားက မှန်လေသည်။သူမလည်း အလိုအလျောက် ကနေမိလေသည်။
"ဒါက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ်နော်၊ဟုတ်တယ်မလား။"
ကျွန်မ အခန်းထဲတွင် ပတ်၍ သွားနေမိပြီး တောက်ပစွာ ပြုံးရယ်လိုက်သည်။ဆိုဗက်စ်စတာက ကျွန်မကို ကြည့်ရင်း စိတ်ပျက်နေသည့် ပုံစံဖြင့် ရယ်လေသည်။ထို့နောက် သူက ကျွန််မကို လက်ယပ်ခေါ်လိုက်သည်။
"ကိုယ့်မှာ မေးစရာရှိတယ်။ဒီနားကို လာခဲ့။"
"ကျွန်မ အခု စိတ်လှုပ်ရှားနေတယ်၊နောက်မှ မေးတော့။"
"ဒါက အရေးကြီးတဲ့ ကိစ္စနော်။"
သူ၏စကားပြောနေသော မျက်နှာမှာ အနည်းငယ် လေးနက်မှု ရှိနေ၏။
"ဖူး ၊ရှင်က ဒီလိုမျိုး ဖယောင်းတိုင် ထွန်းလိုက်တာလား။"
ထို့ကြောင့် ကျွန်မ သူ့အနား တိုးကပ်သွားလိုက်သည်။
ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို ကိုင်လိုက်သည်။
"အခု မတိုင်ခင်အထိ မင်းက ကျိန်စာတိုက်ဖို့ကိုပဲ သိတဲ့ ရူးကြောင်ကြောင် အနက်ရောင်စုန်းမ ဖြစ်နေခဲ့တာလေ။ဒါပေမဲ့ မင်းက ရုတ်တရက်ကြီး အရမ်းသန်မာလာခဲ့တယ်။ကြေးစားစစ်သားတစ်ယောက်ကို လက်တစ်ဖက်ထဲနဲ့ ထိန်းချုပ်နိုင်လောက်တဲ့ အထိလေ။"
"ဒါပေမဲ့ ကြေးစားစစ်သားက ပြဿနာကြီး တစ်ခုမှ မဟုတ်တာ။"
"အဲ့ဒီလူက အော်ဂျန်စစ်ပွဲမှာ အသက်ရှင်ခဲ့တဲ့လူလေ။ဒါက သူ ဘယ်လောက်အထိ သန်မာတယ် ဆိုတာပဲ။မင်းက သူ့ကို လက်တစ်ဖက်ထဲနဲ့ ထိန်းနိုင်ခဲ့တယ်။"
အော်ဂျန်စစ်ပွဲသည် ထိခိုက်သေဆုံးမှု အမြောက်အမြား ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုဖြစ်သည်။ထိုသူက ဤသို့နေရာမျိုးမှ ပြန်လာပြီး ရှင်သန်နိုင်ခဲ့ပေ၏။
အဲ့ဒီလူက ဒီလောက် သန်မာပုံမရပါဘူး။
ထိုသူက ဤမျှ သန်မာနေပါက ကျွန်မ သူ့ကို တိုက်ခိုက်မည်ပင် မဟုတ်ပေ။
ကျွန်မ အနည်းငယ် ကသိကအောက် ဖြစ်သွားပြီး ပါးစပ်ပိတ်ထားမိသည်။ဆိုဗက်စ်စတာက ကျွန်မကို မျက်လုံးပင့်၍ ကြည့်သည်။
"ဒါကြောင့် ကိုယ် မေးရလိမ့်မယ်။"
"ဘာကိုလဲ။"
"မင်း ..."
ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို အနည်းငယ် အားသုံး၍ ဆုပ်ကိုင်လိုက်သည်။
"မင်း နတ်ဆိုးတွေနဲ့ စာချုပ်ချုပ်ထားတာလား။"
ကျွန်မမှာ အေးစက်လာသည်ဟု ခံစားရ၏။
ရှင် ဘာလို့ ဒီလို တလွဲဖြစ်နေရတာလဲ။
ကျွန်မ ခေါင်းခါပြလိုက်သည်။
"မချုပ်ထားဘူး"
"မလိမ်နဲ့"
"တကယ် မဟုတ်ပါဘူးဆို။တကယ်ပါ၊ကျွန်မ ကျိန်ပြမယ်။"
"မင်းက ရုတ်တရက် ဘာလို့ အရမ်း သန်မာလာရတာလဲ။"
"ဒါက ..."
ကျွန်မ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်မိသည်။
"အရင်တစ်ခါကလဲ ဒီလိုပဲ မဟုတ်ဘူးလား။"
မှန်ပေ၏။
ကျွန်မ ဖလဲရ်ကို ဒေါသဖြစ်နေချိန်တွင် မြောက်မြားသော စွမ်းအင်များကို အသုံးပြုနိုင်ခဲ့သည်။ထို့ကြောင့် ၎င်းက လိမ်ပြောခြင်းမဟုတ်ဟု ကျွန်မ ထင်သည်။
ဆိုဗက်စ်စတာက ကျွန်မကို စစ်ဆေးချင်သလို ကြည့်လာသည်။ပြီးနောက် သူက သက်ပြင်းချလိုက်ပြီး လက်ကို လွှတ်ပေးလိုက်သည်။
"မင်းရဲ့ စွမ်းအင်တွေ ကုန်ဆုံး မသွားဘူးလား။"
"ကျွန်မ အဆင်ပြေပါတယ်။"
"မင်း အခု အဆင်ပြေနေလား။"
"ဟုတ်ကဲ့"
ကျွန်မ၏ နာခံကျိုးနွံသော အဖြေကြောင့် ဆိုဗက်စ်စတာက အနည်းငယ် စိတ်အေးသွားပုံ ရသည်။သူက နဖူးကို ပွတ်လိုက်ပြီး ထရပ်လိုက်သည်။
"နောက်ပိုင်းမှာ မင်းကို စောင့်ကြည့်နေတဲ့သူ ပိုများလာလိမ့်မယ်။တောင်းဆိုမှုတွေ ရလာရင် အဲ့ဒါတွေကို သင့်တော်သလို လွှဲပြောင်းပေးလိုက်။ကောင်းတာ တစ်ခုခုဆိုရင် ကိုယ်နဲ့ ဆွေးနွေးချေ။"
အမ်း
ဒါက အများကြီး ကျော်ခွ တွေးနေတာ မဟုတ်လား။
ငါက မှော်နက်လေး နည်းနည်း သုံးပြလိုက်တာနဲ့ လူတွေက ငါ့ဆီ အပြေးလာမယ်ဆိုတာကတော့ နည်းနည်းများသွားပြီ။
"ဟေး၊ဒါက သတင်းစာထဲက သတင်း တစ်မျက်နှာပါပဲ။ရှင် များများစားစား လျှောက်တွေးမနေပါနဲ့။"
"သတင်းစာထဲက သတင်း တစ်မျက်နှာပဲ ဟုတ်လား။"
ရှပ်အင်္ကျီ ကြယ်သီးတပ်နေသော ဆိုဗက်စ်စတာက ကျွန်မကို ကြည့်သည်။
"ကောင်းပြီလေ၊ မင်း ဟိုက စာတွေအကုန်လုံးကို မြင်ရလား။"
သူက စားပွဲခုံပေါ်သို့ ညွှန်ပြလေသည်။ထိုနေရာတွင် စာတစ်ထပ်ကြီး ရှိနေ၏။
မဖြစ်နိုင်တာ
"အကုန်လုံးက မင်းနဲ့ ပတ်သက်တာတွေချည်းပဲ။မင်းအကြောင်းကို တစ်နည်းမဟုတ် တစ်နည်းနဲ့ သိရဖို့ ကြိုးစားနေကြတာ။"
"ဘုရားသခင်"
ကျွန်မ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်ထားမိသည်။
"ကျွန်မ ပျော်နေသင့်လား၊စိတ်ရှုပ်နေသင့်လားဟင်။"
"ပျော်ပေမဲ့ စိတ်ရှုပ်နေတဲ့ အမူအရာ လုပ်ကြည့်။"
"ဒါက ခက်ခဲတဲ့ အမိန့်တစ်ခုပဲ။"
ဆိုဗက်စ်စတာက ရယ်မောလိုက်လေသည်။သူက ကျွန်မ၏ ခေါင်းပေါ်သို့ လက်တင်လိုက်ပြီး ကျွန်မ၏ဆံပင်များကို ရှုပ်ထွေးသည်အထိ ဖွပစ်လိုက်သည်။
"မင်း စိတ်ရှုပ်နေသင့်တာတော့ အမှန်ပဲ။အခု လူတွေက မင်းရဲ့ စွမ်းရည်တွေကြောင့် မင်းအနားကို ချဥ်းကပ်လာတော့မှာ။"
"တကယ်လားဟင်"
"အင်း၊ချဥ်းကပ်မခံရတာက ပိုတောင် ကောင်းနေမလားဘဲ။"
"ကျွန်မ မသိဘူး ၊အခုထိတော့။"
ဆိုဗက်စ်စတာက ကျွန်မကို ကြည့်သည်။သူက ကျွန်မ၏ခံစားချက်ကို ခန့်မှန်းကြည့်ရန် ကြိုးစားနေသလိုပင်။သူက ကျွန်မ၏ပါးပြင်ကို ထိလိုက်သည်။
"ဒါပေမဲ့ မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ်။"
"ဟုတ်လား"
"မင်းက မြို့စားကြီးရိုင်ဇန်အိမ်တော်ရဲ့ သခင်မပဲလေ၊ ဒီလိုမျိုး နာမည်ကျော်ကြားသင့်ပါတယ်။"
ငတုံးမြို့စားကြီး ရိုင်ဇန်ရဲ့ သခင်မ။ထိုစကားကို မကြာခဏကြားနေရသော်လည်း ထူးဆန်းစွာဖြင့် ယခုမှ ကျွန်မ အနည်းငယ် ခံစားချက် ပိုကောင်းလာသလိုပင်။ကျွန်မအကြောင်း မြှောက်ပင့်ရေးသားထားသည့် သတင်းကြောင့် ဖြစ်မည်လား။
မည်သို့ပင် ဖြစ်စေ ကျွန်မ အနည်းငယ် စားမြုံ့ပြန်ချင်သေးသည်။
ဆိုဗက်စ်စတာက ကျွန်မ၏ဆံပင်ကို ပွတ်သပ်ပေးခြင်းကြောင့် မဟုတ်ပေ။လုံးဝ မဟုတ်ပါ။
"ဒါနဲ့ နောက်တစ်ပတ်မှာ အမဲလိုက်ပြိုင်ပွဲ ရှိတယ်။မင်း ဒီပွဲကို တက်ရောက်မယ်လို့ ကိုယ် မျှော်လင့်တယ်။"
ဆိုဗက်စ်စတာက နက်ခ်တိုင်ကို စည်းနေရင်း ခေါင်းငြိမ့်လိုက်သည်။
"ကိုယ် မင်းကို ပြောပြီးပြီ မဟုတ်လား။"
ဆိုဗက်စ်စတာက အပေါ်ထပ်အင်္ကျီကို ဝတ်လိုက်ပြီး ခါးကိုဆန့်၍ အဝတ်အစားများကို ခါလိုက်သည်။
"ကိုယ် ဘယ်လောက် တော်တယ်ဆိုတာ မင်းကို ပြသပေးမယ်။"
မနက်ခင်း နေရောင်ခြည်က ပို၍ တောက်ပလာပြန်သည်။
ထိုအခိုက်အတန့်တွင် အလွန် တောက်ပလွန်းသောကြောင့် ကျွန်မ သူ့ကို သေချာ မကြည့်နိုင်ခဲ့ပေ။
ဒါက တကယ်ကို နေရောင်ကြောင့်ပါ။
ငါ ရှက်နေလို့ မဟုတ်ဘူးနော်။
*
ကိုယ်လက် သန့်စင်၊အဝတ်အစား လဲ၍ မနက်စာ စားပြီးချိန်တွင် ဧည့်သည်တစ်ယောက် လာခဲ့သည်။
ဂျက်စမင် ဖြစ်ပါ၏။
"မဒမ်၊ကျွန်မ ရောက်ပါပြီ။"
ယခု ဂျက်စမင်သည် စာဖြင့် အကြောင်းမကြားတော့ဘဲ ကျွန်မဆီ တန်းလာခဲ့သည်။မနေ့က အဖြစ်အပျက်များကြောင့် သူမက ပိုရင်းနှီးလာပြီဟု တွေးနေသည့်ပုံရ၏။ ကျွန်မကလည်း စိတ်ထဲ မထားသောကြောင့် သူမကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။
"ထိုင်ဦး၊ကျွန်မ လက်ဖက်ရည် သောက်ဦးမယ်။"
"ကျွန်မတို့ နောက်မှပဲ လက်ဖက်ရည် သောက်လို့ရမလား။ကျွန်မ သတင်းကောင်းတစ်ခုကြောင့် လာခဲ့တာပါ။ကျွန်မဆို့ အခု အပြင်ထွက်ဖို့ လိုတယ်လို့ ကျွန်မ ခန့်မှန်းမိပါတယ်။"
"သတင်းကောင်းလား။"
ကျွန်မ ခေါင်းကို စောင်းငဲ့ ကြည့်လိုက်သည်။
"ဟုတ်ကဲ့၊ကျွန်မ ကောင့်မြို့စားကတော်ကာဒယ်လ်ဆီက စာတစ်စောင် ရထားပါတယ်။လာမဲ့ အမဲလိုက်ပြိုင်ပွဲအတွက် လက်ကိုင်ပဝါ အတူတူ လုပ်ကြရအောင်တဲ့။ကျွန်မတို့ တတ်နိုင်သလောက်တဲ့။"
တတ်နိုင်သလောက်
"မဒမ်က ကျွန်မနဲ့ အတူလာရင် ကောင်းမယ်လို့ သူမက တွေးနေပါတယ်။ရှင်ကရော အဲ့လို မတွေးမိဘူးလား။"
ဘုရားရေ
၎င်းက တိုးတက်မှုကြီး တစ်ခု ဖြစ်သည်။
ကျွန်မ အံ့ဩသွားပြီး မျက်လုံးများပင် ပြူးကျယ်သွားသည်။သို့သော် ကျွန်မ၏ အံ့ဩမှုကို ပွင့်လင်းစွာ ထုတ်မပြချင်သဖြင့် ချောင်းတစ်ချက် ဆိုးရင်း မျက်နှာကို ပြင်လိုက်မိသည်။
"သူမက ဘာလို့ ကျွန်မဆီ စာမရေးရတာလဲ။"
"သူမက မဒမ်ကို ကြောက်နေသေးတယ်လို့ ကျွန်မ ထင်ပါတယ်။"
"ရှင်က ဒါကို တကယ် ပေါ့ပေါ့လေး ပြောနေတာပဲ။"
"လူတိုင်းက မဒမ်ကို ကြောက်တယ်ဆိုတာ အမှန်ပဲလေ။ပြီးတော့ ဒါက ပိုမကောင်းပါဘူးလား။"
ဂျက်စမင်က ထပ်ထည့်ပြောလိုက်သည်။
"မဒမ့်ကို အထင်သေးနေတာထက် စာရင်လေ။"
ကျွန်မကို ကြည့်နေသော သူမ၏မျက်လုံးများက တလက်လက် တောက်ပနေသည်။ထိုမျက်လုံးများက သူမအပေါ် ကျွန်မကို သဘောကျစေချင်လာသည့်နှယ်။ထိုကလေးမျိုးကို မည်သို့ ပြောသင့်မှန်း ကျွန်မ ကောင်းစွာ သိသည်။
"ရှင်သာ ကျွန်မ အနားမှာ ရှိရင်၊ရှင့်ကိုလဲ လူတွေက သဘောကျလာမှာပဲ။"
ကျွန်မ ဂျက်စမင်၏ပါးပြင်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။
ဂျက်စမင်၏မျက်နှာက အတန်ငယ် နီရဲသွားသည်။
"ကျွန်မလဲ အဲ့လို မျှော်လင့်ပါတယ်ရှင်။"
"ရှင်က အမြဲ ဒီအတိုင်းပဲ။"
သူမက လိုအင်ဆန္ဒများအပေါ် တည်တံ့စွာ သစ္စာစောင့်သိသော မိန်းကလေးတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ကျွန်မ ဂျက်စမင်ကို သဘောကျမိသည်။
ကျွန်မဆီက တစ်ခုခု ရနေသရွေ့ သူမ လိုချင်တာ ရှိသလောက် ကျွန်မ ဘေးနားတွင် နေပေးလိမ့်မည်။ကျွန်မတွင်လည်း ဂျက်စမင်ကို ပေးနိုင်သည့်အရာက အများအပြား ရှိသည်။ထို့ကြောင့် ကျွန်မ ဂျက်စမင်ကို ကောင်းစွာ ကိုင်တွယ်နိုင်လိမ့်မည်။
"ဒါဆို ကျွန်မတို့ သွားသင့်ပြီလား။"
ကျွန်မ ဂျက်စမင်ကို လက်ကမ်းလိုက်ပြီး ပြောသည်။
"ဒီတစ်ခါလဲ ကျွန်မ ရှင့်ကို အပြည့်အစုံ ဆင်ပေးမယ်။"
ဂျက်စမင်၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားသည်။သူမ၏ သစ္စာစောင့်သိမှု ထပ်တိုးလာစေရမည်ဟု ကျွန်မ ဆုံးဖြတ်လိုက်သည်။
TK Team
++++++++