ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၅၆)
ကောင့်မြို့စားကာဒယ်လ် အိမ်တော်တွင် လူအများအပြား စုဝေးနေကြသည်။
လေဒီငယ်လေးများနှင့် မင်းဆွေစိုးမျိုး ကတော်များကို အတူယှဥ်တွဲ စုဝေးနေကြသည်ကို မြင်ရသည်က သိပ်မထူးဆန်းပေ။သို့သော် ယနေ့ စုဝေးနေကြသည့် အကြောင်းကို နားလည်နိုင်ပေသည်။
ယနေ့သည် အမဲလိုက်ပြိုင်ပွဲတွင် ယှဥ်ပြိုင်ကြမည့် အမျိုးသားများအတွက် လက်ကိုင်ပဝါများကို ပန်းထိုးပေးသည့် နေ့ဖြစ်သည်။
နှလုံးသားထဲတွင် ရည်ရွယ်ထားသူ ရှိနေသော လေဒီလေးများက ထိုသူတို့ကို လက်ဆောင်ပေးရန် လက်ကိုင်ပဝါပေါ်တွင် ပန်းထိုးနေကြသည်။ထို့အတူ အိမ်ထောင်သည် အမျိုးသမီးများကလည်း ခင်ပွန်းဖြစ်သူ၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန် ကြိုးစားရန် ပန်းထိုးနေကြလေသည်။
ကောင့်မြို့စားကတော်ကာဒယ်လ် တစ်ဦးတည်းကသာ လွန်ခဲ့သော ရက်ကတည်းကက လက်ကိုင်ပဝါတစ်ထည်ကို ပန်းထိုးပြီးသားဖြစ်၍ သက်တောင့်သက်သာ အမူအရာဖြင့် လက်ဖက်ရည် သောက်လျက်ရှိလေသည်။ကောင့်မြို့စားကတော်ကာဒယ်လ်က အားကြိုးမာန်တက် ပန်းထိုးနေကြသော အမျိုးသမီးများကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
သူမ ဒါကို ထုတ်ပြောလိုက်ရင် အသည်းအသန် ဖြစ်သွားကြလောက်တယ်။အခုလို တည်ငြိမ်နေတဲ့ အခိုက်အတန့်လေးက အကောင်းဆုံး
တော့ မဟုတ်ဘူးမလား။
ကောင့်မြို့စားကတော်ကာဒယ်လ်က နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"တွေးကြည့်မိမှပဲ ..."
သူမက နှေးကွေးစွာ ဆက်ပြောသည်။
"မကြာခင် မြို့စားကြီးကတော်လဲ ရောက်လာလိမ့်မယ်။"
"ရှင်!"
"ရှင် ဘာတွေ ပြောနေတာလဲ။"
ပန်းထိုးရာတွင် အာရုံစိုက်နေသော သူများက ခေါင်းထောင်လာပြီး အော်ဟစ်လိုက်ကြသည်။
"ဘ ...ဘယ်သူ လာမှာ"
"မြို့စားကြီးကတော် လား"
လူတိုင်း တုန်ယင်သွားကြသည်။
အိုဖီလီယာသာ သူမတို့နှင့် အတူ ရှိနေပါက လူဆယ်ယောက်တွင် သုံးယောက်က အရိုက်ခံရနိုင်ချေ ရှိသည်။ကျန် ခုနစ်ယောက်ကတော့ ကျိန်စာအတိုက်ခံရလိမ့်မည်။
သူမက အိုဖီလီယာကို ဘာလို့ ဖိတ်လိုက်ရတာလဲ။
သူမတို့ သိထားသည်မှာ ကောင့်မြို့စားကတော်ကာဒယ်လ်သည် အိုဖီလီယာနှင့် အစေးမကပ်ဟူ၍။
"ဒီနေ့ သတင်းကို တွေ့ပြီးတဲ့ သူတိုင်း သိမှာပါ၊ကျွန်မက မြို့စားကြီးကတော်ကို နည်းနည်း အကြွေးတင်သွားတယ် ဆိုတာ။"
ထိုအခါ လူတိုင်းက နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။
"ကျွန်မ တွေ့လိုက်တယ်။ မြို့စားကြီးကတော်က ကြေးစားစစ်သားတွေကို ရိုက်ပစ်လိုက်တာ။"
"ဒါက အမှန်ပဲ၊ ဒါပေမဲ့ ..."
လေဒီတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့က မှော်နက်ကြောင့် ရှုံးနိမ့်သွားတာလေ။မှော်နက်က နည်းနည်းတော့ ...ဒီလိုမျိုးပေါ့။"
"မှန်တာပေါ့ရှင်၊ မှော်နက်လို့ ရှင်ပြောတာ မဟုတ်လား။မှော်နက်က အန္တရာယ်များတယ်လေ၊မဟုတ်ဘူးလား။"
"ဟုတ်တယ်၊ကျွန်မတော့ ကြောက်မိတယ်။"
လူတိုင်းက ကောင့်မြို့စားကတော်ကာဒယ်လ်၏ဖိတ်ကြားမှုကို ပယ်ဖျက်စေချင်ကြသည့် ပုံပေါ်သည်။သို့သော်လည်း ကောင့်မြို့စားကတော်ကာဒယ်လ်က ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ သူမက ကျွန်မနဲ့ ကျွန်မရဲ့မိသားစုကို ကယ်တင်ပေးခဲ့တာက အမှန်တရားပဲလေ။သူမက ဘယ်နည်းလမ်းကိုပဲ သုံးသုံး အရေးမပါပါဘူး။"
ကောင့်မြို့စားကတော်က လက်ကို ဝှေ့ယမ်း၍ ပြုံးလိုက်သည်။
"ပြီးတော့ မြို့စားကြီးကတော်က အများကြီး ပြောင်းလဲသွားပါပြီ။သူမနဲ့ လူချင်းတွေ့တဲ့အခါ အားလုံး အံ့ဩသွားပါလိမ့်မယ်။"
သူမ ထိုသို့ ပြောလိုက်သော်လည်း မည်သူကမှ တုံ့ပြန်မလာပေ။
၎င်းမှာ သူမတို့က ကောင့်မြို့စားကတော်၏စကားများကို လက်မခံသေးဘဲ အိုဖီလီယာ အမှန်တကယ် ပြောင်းလဲသွားသည်ကို စောင့်ကြည့်ချင်ကြသည်ဟု ဆိုလိုနေသည်။
*
"ကြိုဆိုပါတယ်ရှင့်၊ မြို့စားကြီးကတော်နဲ့ လေဒီဂျက်စမင်။"
ကောင့်မြို့စားကတော်ကာဒယ်လ်သည် အိုဖီလီယာနှင့် ဂျက်စမင်ကို ကြိုဆိုရန် ဆန္ဒရှိခဲ့သည်။တစ်ချိန်တည်းတွင် သူမက အိုဖီလီယာကို မျက်စိတစ်ဖက် မှိတ်ပြရန်လည်း မမေ့ပေ။အိုဖီလီယာက တောက်ပစွာ ပြုံးလိုက်သည်။ကောင့်မြို့စားကတော်ကာဒယ်လ်က သူမ၏ ဘက်သို့ လုံးလုံးလျားလျား ရောက်ရှိလာသောကြောင့် ဖြစ်သည်။
တစ်ယောက်ပြီး တစ်ယောက် ဒီလိုမျိုး တိုးလာဦးမှာပဲ။
ဟိုး ဟိုး ဟိုး
အရာအားလုံးက အစီအစဥ်တကျ ပဲဟေ့။
အိုဖီလီယာသည် တက်ကြွနေသော ခြေလှမ်းများဖြင့် ကောင့်မြို့စားကတော်ကာဒယ်လ် ခေါ်ဆောင်ရာနောက်သို့ လိုက်လာခဲ့သည်။သူမ အခန်းထဲသို့ ဝင်လိုက်ချိန်တွင် လေထုက အနည်းငယ် ထူးဆန်းသွားသည်။
"..."
လူတိုင်းက တီးတိုးစကားပြောနေကြသည်။စကားပြောနေရင်းဖြင့် အိုဖီလီယာကို ကြည့်နေကြသေးသည်။
လူတိုင်းက ငါ့ကို မုန်းနေကြသလိုပဲ၊ ငါ အထင်မှားနေတာလား။
သို့သော် သူမ အထင်မမှားပေ။အိုဖီလီယာ၏ နေရာက ထိုသူများနှင့် ခပ်ဝေးဝေးတွင် ရှိနေသောကြောင့်ပင်။အိုဖီလီယာ စုတ်တစ်ချက် သပ်လိုက်မိသည်။
လူတိုင်း၏ အာဃာတများက ညတွင်းချင်း ပြောင်းလဲသွားမည်ဟု သူမ ဘယ်တော့မှ မတွေးထားပေ။သို့သော် တစ်ခုခု ပြောင်းလဲနေသည်ဟု သူမ တွေးမိသည်။
ဘာက ပြောင်းလဲသွားတာလဲ။သူမတို့က သူမကို ကြောက်နေဆဲ။သူမတို့က ကြောက်ရွံ့နေကြဆဲပင် ဖြစ်သည်။
သူတို့က ငါ့ရဲ့ မှော်နက်စွမ်းအားကို ကြောက်နေကြတာလား။
လူတိုင်း၏ မျက်လုံးများက သူမ၏ လက်ချောင်းထိပ်များအပေါ် ရောက်နေသည်ကို မြင်လျှင် သူမ၏စွမ်းအားများကို တတ်နိုင်သလောက် ဖုံးကွယ်ထားသင့်သည်ဟု အိုဖီလီယာ တွေးလိုက်မိသည်။အထက်တန်းလွှာ အမျိုးသမီးများက မှော်နက်ကို ကြောက်ရွံ့ကြလေသည်။
ဒါပေမဲ့ ဒါက အပြင်ပန်းကို ထုတ်ပြတဲ့ စိတ်သဘောထား တစ်ခုပဲလေ။
သူမ ရရှိခဲ့သော စာများထဲမှ တစ်ဝက်နီးပါးမှာ အထက်တန်းလွှာ အမျိုးသမီးများမှ ပို့လာခဲ့ခြင်း ဖြစ်သည်ဟု အိုဖီလီယာ မှတ်မိပါသည်။အစပိုင်းတွင် သူမတို့၏ တောင်းဆိုမှုများကို ထုတ်ဖော်ပြသရန် အဆင်မပြေကြသောကြောင့် စာပါ အကြောင်းအရာ အများစုမှာ ဖိတ်ကြားလာခြင်းများသာ ဖြစ်လေသည်။
'ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ လက်ဖက်ရည်ပါတီကို တက်ရောက်ချီးမြှင့်ပေးပါ၊ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ ညစာစားပွဲကို ကြွရောက်ပေးပါ' စသဖြင့်။
အိုဖီလီယာသည် ထိုဖိတ်ကြားမှုများကို ကောင်းစွာ အသုံးချရန် ရည်ရွယ်ထားသည်။
ငါ လူတစ်ယောက်ပြီး တစ်ယောက်နဲ့ ဒီလို နီးစပ်လာအောင် လုပ်နိုင်ရင် ငါ့ရဲ့ဂုဏ်သတင်းက တိုးတက်လာမှာပဲ။
ဒါဆို ဧကရာဇ်က ငါ့ကို ပိုပြီး သဘောကျလာမှာ။
ငါ့ကို သူက သဘောကျတယ်ဆိုတာ သိတာပေါ့။ငါတို့ ပထမဆုံး တွေ့ခဲ့တုန်းကကိုပဲ ပြန်တွေးကြည့်လေ။
အိုဖီလီယာသည် ဧကရာဇ်၏ နှစ်သက်သဘောကျမှု ပိုမို ရရှိလာအောင် လုပ်ပြီး ကယ်လီယန် ဘာတစ်ခုမှ လုပ်မလာနိုင်စေရန် စီစဥ်ထားသည်။
ထိုသို့ ပြုလုပ်ရန် ပထမဦးဆုံးအနေဖြင့်
"အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်။"
သူမ ရှေ့တွင် ရှိသော အမျိုးသမီးများထံမှ အမြင်ကောင်းတစ်ခု ရယူနိုင်ရန် အရေးကြီးသည်။
"ဒီလိုမျိုး တစ်စုတစ်စည်းထဲ တွေ့ဆုံခွင့်ရတာ အရမ်းကောင်းပါတယ်။"
ယခုမှာ သာမန် တွေ့ဆုံမှုမျိုး ဖြစ်သော်လည်း အိုဖီလီယာက အလွန်ကောင်းသည်ဟု ပြောလာခဲ့သည်။ထို့ကြောင့် လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အကယ်၍ မူလအိုဖီလီယာသာ ဖြစ်ပါမူ 'ဒီနေရာက ဈေးလား၊ဘာလို့ လူတွေ ဒီလောက်များနေရတာလဲ။နင်တို့က ငါ့ကို စိတ်အနှောင့်အယှက် ပေးနေကြတာလား'ဟု အော်ဟစ်နေသည်ကို ကြားရလိမ့်မည်။
အိုဖီလီယာ၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် လူတိုင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
"အခု ကျွန်မလဲ ကျွန်မဘာသာ ပန်းထိုးဖို့ လာခဲ့တာပါ။ဖိတ်ကြားပေးတဲ့ အတွက် ကောင့်မြို့စားကတော်ကို ကျေးဇူးတင်ပါတယ်။"
ဘုရားရေ
လူတိုင်းက သူတို့၏နားများကို ဆွဲလိုက်ကြသည်။အိုဖီလီယာ ရိုင်ဇန်က ကျေးဇူးတင်ကြောင်း ပြောသည်ဟူ၍။
မနက်ဖြန် နေက အနောက်အရပ်မှ ထွက်လာမည်လော။ထိုစကားကို အမှန်ပင် ကြားလိုက်ရသည်ဟု သူမတို့ မယုံကြည်နိုင်ကြပေ။
အမှန်တော့ အိုဖီလီယာ ပြောသမျှအားလုံးသည် အခြေခံ နှုတ်ဆက်သည့် စကားမျှသာ ဖြစ်၏။သို့သော် အရေးကြီးသည်က ထိုစကား ပြောသူမှာ အိုဖီလီယာ ဖြစ်နေသောကြောင့်တည်း။
မူလ အိုဖီလီယာ ဆိုလျှင် 'နင်တို့က ငါ့ကို ပန်းထိုးစေချင်တယ် ဟုတ်လား။ဟဲ့၊ နင်တို့ ရူးနေကြတာလား။နင်တို့ခေါင်းတွေ ဘာဖြစ်သွားပြီလဲ'ဟု အော်ဟစ်ပြီး သူမတို့ကို ကျိန်စာတိုက်ပစ်လိမ့်မည်၊
သို့သော် ထိုသို့ ပြောင်းလဲသွားမည်ဟု သူမတို့ မယုံနိုင်ခဲ့ပါ။
သူမတို့ အမှန်တကယ် မယုံနိုင်သေးပေ။
ကောင့်မြို့စားကတော် ပြောခဲ့သလို အိုဖီလီယာက အမှန်တကယ် ပြောင်းလဲသွားတာလား။
အမှန်သာ ဖြစ်မည်ဆိုပါက ကောင်းသော ကိစ္စဖြစ်သည်။အထက်တန်းလွှာ အသိုင်းအဝိုင်းကို အကြီးအကျယ် အကျိုးသက်ရောက်စေမည်မှာ သေချာ၏။လက်ရှိတွင် အထက်တန်းလွှာ အသိုင်းအဝိုင်းကို မြို့စားမင်းကြီးကတော်နှင့် ကောင့်မြို့စားကတော်ဖလဲရ်တို့က ကြီးစိုးနေကြသည်။အကယ်၍ အိုဖီလီယာကသာ ပြောင်ယလဲသွားပြီး လူဆိုင်းက သူမကို သဘောကျလာလျှင် အခြေအနေက ဦးတည်ချက်ပြောင်းသွားလိမ့်မည်။
အိုဖီလီယာက မြို့စားကြီးကတော်ဖြစ်ပြီး မြို့စားကြီးရိုင်ဇန်မိသားစုမှာ ပြိုင်ဖက်မရှိအောင် ဩဇာအာဏာကြီးမားသော မိသားစုဖြစ်သည်။
ထို့ကြောင့် သည်နေရာရှိ လူတိုင်းက ရွေးချယ်မှု ပြုလုပ်ရပေမည်။အိုဖီလီယာဘက်သို့ ပြေးကပ်ရန် ၊သို့မဟုတ် သူမတို့ လုပ်နေကျအတိုင်း အိုဖီလီယာကို လျစ်လျူရှုရန်။
ပထမလမ်းကို ရွေးချယ်သော အမျိုးသမီးများက ပြုံးပြီး အိုဖီလီယာကို နှုတ်ဆက်ကြသည်။ဒုတိယလမ်းကို စွေးချယ်သူများကမူ အိုဖီလီယာကို နှုတ်မဆက်ဘဲ မသိကျိုးကျွံ ပြုနေကြလေသည်။
အိုဖီလီယာကလည်း သူမကို နှုတ်မဆက်သည့် လူများ၏မျက်နှာကို သဲသဲကွဲကွဲ မှတ်မိသည်။
သူမတို့က ဖလဲရ်ရဲ့ ဘက်တော်သားတွေပဲ။
သူမအနေဖြင့် ဖလဲရ်အား တွယ်ကပ်နေသူများကို လောဘတကြီးဖြင့် သူမဘက်သို့ ဆွဲခေါ်လိမ့်မည် မဟုတ်ပေ။နောက်မှ သူမတို့ နောင်တရလာလိမ့်မည်။
ငါတို့ ဘာကြောင့် သူမနဲ့ ရင်းနှီးအောင် မလုပ်ခဲ့ရတာလဲ။
ဟိုး ဟိုး ဟိုး
မသိမသာ ပြုံးလိုက်ပြီး အိုဖီလီယာက အပ်တစ်ချောင်းနှင့် လက်ကိုင်ပဝါတစ်ထည်ကို ကောက်ယူလိုက်သည်။
ထိုအချိန်တွင်
"ဒါနဲ့လေ မြို့စားကြီးကတော်က ပန်းထိုးတဲ့နေရာမှာ မတော်ဘူး မဟုတ်ပါလား။"
တစ်စုံတစ်ယောက်က သူမကို စကားပြောလာသည်။
မည်သူမှန်း သိချင်နေချိန်တွင် ဂျက်စမင်က တီးတိုးကပ်ပြော၏။
"သူမက အောလစ်ဗ် ဘက်ခ်ကာရဲ့ သူငယ်ချင်း အန်ဂျလာ ရစ်ချယ် ပါ။မားကွစ်မြို့စား ရစ်ချယ်ရဲ့ လူသိများတဲ့ သမီးပါ။"
အစကတည်းက သူမသည် လူများ၏နာမည်နှင့် မျက်နှာကို မတွဲမိဟု ဂျက်စမင်ကို ကြိုပြောထားခဲ့သည်။ထို့ကြောင့် ဂျက်စမင်က သူမကို ဤသို့ ပြောပြပေးလေသည်။
အိုဖီလီယာ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို သူမက ဘာလို့ ကျွန်မကို တိုက်ခိုက်ချင်နေရတာလဲ။"
"အရင်တုန်းက အောလစ်ဗ် ဘက်ခ်ကာကို မဒမ် ရိုက်ခဲ့တာကြောင့်ပါ။"
"အဟား၊ ဒါကြောင့်လား။"
အတိတ်က အိုဖီလီယာမှာ အလွန်အံ့ဩဖို့ကောင်းသည်။သူမ ရိုက်ခဲ့ဖူးသူထက် မရိုက်ခဲ့ဖူးသူကို ရှာရန် ပို၍ ခက်ခဲသည်။အနည်းငယ် နောက်ကျသွားသော်လည်း ထိုအချိန်က အိုဖီလီယာ လုပ်ခဲ့သည့် ကိစ္စများကို ပြန်လည်ပြင်ဆင်ရလိမ့်မည်။
အိုဖီလီယာက အန်ဂျလာ ရစ်ချယ်ကို နူးညံ့သော အပြုံးလေးဖြင့် ကြည့်လိုက်သည်။
"ကျွန်မ တစ်ခါမှ ပန်းကောင်းကောင်း မထိုးဖူးတော့ တော်လား၊ညံ့လားတောင် မသိပါဘူး။ကျွန်မ တစ်ခါလောက် ကြိုးစားကြည့်ရင် သိလာမယ်လို့ ထင်တယ်။"
"အရင်တုန်းက ရှင်ပန်းထိုးတာ ရှုပ်ပွနေတာပဲ ဆိုတာကို ကျွန်မ မှတ်မိတယ်။ကျွန်မရဲ့ မှတ်ဥာဏ်ကို ရှင် ယုံကြည်လို့ ရပါတယ်။"
အန်ဂျလာက ပြုံးပြီး ပြောလိုက်သည်။
သူမ ထိုသို့ ပြောဆိုနေရသည့် အကြောင်းပြချက်မှာ ရိုးရှင်းသည်။သူမက အိုဖီလီယာ ရိုင်ဇန်ကို အလွန်အမင်း မုန်းတီးနေသောကြောင့် ဖြစ်သည်။သူမ၏သူငယ်ချင်း အရိုက်ခံရသည်မှာ လအနည်းငယ်သာ ကြာသေးသည်။သူမ၏ဒေါသက မလျော့ပါးသေးပေ။
သို့သော် သူမက အနည်းငယ် ပြောင်းလဲသွားသောကြောင့် အိုဖီလီယာ ရိုင်ဇန်က လူကောင်းတစ်ယောက် ဖြစ်မည်ဟု လူတိုင်းက ငြင်းခုံနေကြသည်။
ဘယ်လိုတောင် ဥာဏ်နီဥာဏ်နက်များရတာလဲ။
အိုဖီလီယာက မကောင်းသော လူတစ်ယောက် ဖြစ်သည်။ထို့ပြင် သူမက အဆုံးသတ်အထိ လူဆိုးတစ်ယောက်သာ ဖြစ်နေလိမ့်မည်။လက်ရှိတွင် အိုဖီလီယာက သူမ၏ဒေါသများကို ထိန်းချုပ်ထားခြင်းသာ ဖြစ်ပြီး လုံးလုံးလျားလျား မပြောင်းလဲခြင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် အန်ဂျလာက ရည်ရွယ်ချက် ရှိရှိဖြငိ့ အိုဖီလီယာနှင့် ရန်ဖြစ်ချင်နေခြင်း ဖြစ်၏။အိုဖီလီယာက အရင်အတိုင်း ဒေါသတကြီးနှင့် သူမကို ရိုက်နှက်လာမည်ဟု သူမ ထင်နေခဲ့သည်။
ထိုအခါ လူထုကြီး၏ အထင်အမြင်က ယခင်ထက် ပို၍ ဆိုးရွားသွားလိမ့်မည်။
ထိုသို့ ယူဆပြီး အန်ဂျလာက မျက်နှာကို မော်၍ လက်ပိုက်လိုက်သည်။
"ရှင် ဒီလို အရှုပ်အထွေးတွေ လျှောက်ထိုးနေမဲ့အစား အစေခံတစ်ယောက်ကိုပဲ ပန်းထိုးဖို့ အမိန့်မပေးလိုက်ရတာလဲ။ရှုပ်ရှုပ်ပွပွ ပန်းထိုးထားတဲ့ လက်ကိုင်ပဝါကို ရမဲ့သူအတွက် ကျွန်မဖြင့် စိတ်မကောင်းဖြစ်မိပါရဲ့။"
အန်ဂျလာက တက်ကြွစွာ ဆက်ပြောလေသည်။
"အဲ့ဒါကို ရမဲ့သူက အိမ်ရှေ့စံမင်းသားဆိုရင်တော့ သူက အဲ့ဒီ လက်ကိုင်ပဝါကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်မှာပဲ မဟုတ်ပါလား။"
TK Team
++++++++