Chapter 38
Viewers 4k

Chapter 38




၂၀၂၄၊ ဖေဖော်ဝါရီ ၃ရက် ၊နေသာတယ် 



ဒီနေ့ ကျောင်းအုပ်ကြီးနဲ့ ဆုံခဲ့တော့မှ မနက်ဖြန် ရောက်ရင် ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲ ရှိတာကို ငါ သိခဲ့ရတယ်။သတ္တိလေးတွေကို ဆင့်ခေါ်ပြီးတော့ ငါ groupထဲမှာ စာပြန်လိုက်တယ်။ငါ လာခဲ့မယ်ဆိုတော့ အတန်းဖော်တွေ အများကြီးက အံ့ဩနေလိုက်ကြတာ။အတန်းခေါင်းဆောင်က ငါ့မှာ တွဲနေတဲ့သူ ရှိရင် ကောင်မလေးကို ခေါ်လာဖို့ အကြံပေးတယ်။အခြားသူတွေလဲ သူတို့တွဲနေတဲ့ သူတွေကို ခေါ်လာခဲ့မယ်တဲ့။ 



ဒါက အမြဲတမ်း တစ်မျိုးကြီး ခံစားရတယ်။ဘွဲ့ရတယ်ဆိုတာ နယ်နိမိတ်မျဥ်းတစ်ခုကို ဖြတ်ကျော်တာမျိုးပဲ။အဲ့ဒီမျဥ်းကို ဖြတ်ကျော်လိုက်တာက ဘဝမှာ ရေတွေပြည့်နေတဲ့ ကုန်းတန်းလေးတစ်ခုကို ကူးဖြတ်လိုက်ရသလို ၊အတိတ်က လူတွေ၊အတွေ့အကြုံတွေကို နှုတ်ဆက်ခွဲခွာရတာ လို့ ငါတွေးထားခဲ့တယ်။ဒါပေမဲ့ အမှန်တကယ်တော့ အရင်က ငါ သူတို့နဲ့ ရင်းနှီးခဲ့တာလည်း မဟုတ်ဘူး။ဒါဆို နှစ်ပေါင်းများစွာ ဝေးကွာနေရတဲ့ သူငယ်ချင်းဟောင်းတွေ ပြန်ဆုံသလိုမျိုး ချစ်သူရည်းစားအကြောင်းတွေကို ဘာကြောင့်များ ပြောပြနေရမှာလဲ။သူငယ်ချင်းတွေနဲ့ ပေါင်းသင်းရတဲ့အလုပ်ကို ငါ နားမလည်ပါဘူး၊ပြီးတော့ အဲ့ဒီနားမလည်မှုကပဲ ငါ့ကို ပျောက်ဆုံးနေသလို ကြောက်ရွံ့စိုးထိတ်နေအောင် လုပ်နေတယ်။ 



ဘယ်လို ဆက်လုပ်ရမလဲ မသိလို့ ငါ အကြာကြီး ရပ်တန့်နေခဲ့တယ်။ 



သူက အဆက်မပြတ် update လုပ်ထားတဲ့ အီလက်ထရွန်နစ် ပစ္စည်းတစ်ခုလိုပဲ၊သူ့မှာ ငါမသိသေးတဲ့ အရည်အချင်းတွေ ရှိသေးတာကို ငါ့ဘာသာ အဆက်မပြတ် ပြန်ပြီး ရှာဖွေကြည့်နေရတယ်။သူ ထွက်ပေါ်လာတဲ့အချိန်တိုင်း ပြီးပြည့်စုံတဲ့ အခြေအနေနဲ့ပဲ။ဒါကို မင်းက သူ့အနေနဲ့ ပြီးပြည့်စုံပြီးသားပါလို့ တွေးလိုက်ရင် သူက ပိုများတဲ့ အားသာချက်တွေ ၊ကောင်းကွက်တွေကို အဆင့်မြှင့်တင်လိုက်ပါရော။ 



ဒီနေ့ ကျောင်းအုပ်ကြီးရဲ့ရှေ့မှာ သူ အဲ့ဒီ စကားနှစ်ခွန်းကို ပြောခဲ့တုန်းက ငါ ဘယ်လိုခံစားနေရလဲဆိုတာ ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး။ငါ့နောက်မှ ရှိနေတဲ့ တစ်စုံတစ်ယောက်က ငါ့ကို တစ်ချိန်လုံး ဂရုတစိုက်ရှိနေတယ်လို့ အဆက်မပြတ် သတိပေးနေသလိုပဲ။အွန်လိုင်းပေါ်မှာ တစ်ခါက ငါတွေ့ခဲ့ဖူးတဲ့ trust fall challenge လုပ်သလိုမျိုး၊ငါ့မျက်လုံးတွေကို မှိတ်ပြီး နောက်ဘက်ကို လှန်ချလိုက်ရင် သူက ငါ့ကို သေချာပေါက် ဖမ်းထားပေးမယ်ဆိုတာ ငါ အပြည့်အဝ ယုံကြည်တယ်။





T_T ဘုရားရေ။နောက်ဆုံးမှာ ငါက ဘယ်လိုဖြစ်ပြီး သူ့လို လူမျိုးနဲ့ ဆုံတွေ့နိုင်ခဲ့ရတာလဲ။ကမ္ဘာပေါ်က ဂိမ်းမှာ ငါက ဇာတ်လိုက် ဖြစ်နေတာများလား။ အဲ့လိုဆိုရင်တော့ ငါက တစ်လျှောက်လုံး မတရား ကံကောင်းတာပေါ့။ပြီးတော့ သူက ငါ unlocked လုပ်လိုက်တဲ့ တန်ဖိုးအရှိဆုံးနဲ့ အရှားပါးဆုံး ၊ ဖုံးကွယ်ထားတဲ့ အထူးသီးသန့်ထုတ် ဇာတ်ကောင်တစ်ခုပဲ ဖြစ်မယ်။ 






ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ရန်အတွက် မဲ့တုန် စိတ်လှုပ်ရှားနေမိသည်။ 



သူက အခြားသူများအပေါ် စိတ်ဝင်တစားမရှိတတ်သည်က အလေ့အကျင့် ဖြစ်နေခဲ့သည်။အချိန်တွေ ကုန်ဆုံးသွားပြီး သူတို့အချင်းချင်း မတွေ့ဖြစ်သည်က နှစ်နှစ်နီးပါးပင် ရှိနေခဲ့ပြီ ဖြစ်၏။ထို့ကြောင်း အတန်းဖော်အားလုံးက ခင်မင်ရင်းနှီးမှုများဖြင့် ဖက်လဲတကင်း ဖြစ်နေကြလိမ့်မည်။ မဲ့တုန်ကတော့ မသက်မသာ ခံစားနေရသည်။မနက်ကတည်းက သူ မှန်ရှေ့တွင် အဝတ်အစား အစုံပေါင်းများစွာကို တစ်ထည်ပြီး တစ်ထည် လဲဝတ်ကြည့်နေခဲ့သည်။အန်တီက မနက်စာ စားရန် သူ့ကို နှစ်ကြိမ်တိုင်အောင် လာသတိပေးသည်အထိ သူ့မှာ ဘာဝတ်ရမည်ကို ဆုံးဖြတ်၍ မရသေးပေ။





ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲသည် နေ့လည်တွင် ဖြစ်သော်လည်း တစ်မနက်ခင်းလုံး မဲ့တုန်မှာ ဇီဇာကြောင်နေရင်းဖြင့် အိမ်တွင် အချိန်ကုန်ခဲ့သည်။ 



အိမ်ပြင် မထွက်ခင်တွင် ခြံဝန်းအပြင်တွင် စောင့်နေသော သူ့ကောင်လေးဆီသို့ video call ခေါ်လိုက်ပြီး သူ ဘယ်လိုနေလဲ ဟု မေးမြန်းလိုက်သည် 



ယန်ရှုမင်လည်း ကူကယ်ရာမဲ့ ဖြစ်သွားတော့သည်။ 



"သခင်ငယ်လေးရေ၊ မင်း blind date သွားမလို့လား။" 



မဲ့တုန်လည်း ကသိကအောက်ဖြင့် အခြား အဝတ်အစားများကို တွန်းထုတ်ပစ်ပြီး အိမ်ထဲမှ အမြန်ပြေးထွက်၍ ယန်ရှုမင်၏ ကားအတွင်းသို့ ဝင်လိုက်သည်။





လမ်းတလျှောက်လုံး မဲ့တုန်၏ စိတ်မှာ အတွေးမပြတ်သလို ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်နေတော့သည်။ 



"သူတို့က ကျွန်တော့်ကို စကား လာမပြောလောက်ဘူးမလား။အရင်ကလည်း ကျွန်တော်တို့ စကားတစ်ခါမှ မပြောဖူးတာ။ဒါကြောင့် ကျွန်တော့်ဘာသာ အစားအသောက်ကို တိတ်တိတ်လေးပဲ စားနေလိုက်မယ်။ဗိုက်ဝပြီဆိုတာနဲ့ ပြန်ဖို့ အကြောင်း ရှာလိုက်မယ်။သူတို့က ညစာစားပြီးရင် ကာရာအိုကေဆိုင်ကို သွားကြဦးမယ်လို့ ကျွန်တော် ကြားတယ်။ကျွန်တော် ... ကျွန်တော်မှ မသွားချင်တာ။ကျွန်တော် အမှန်တကယ်ပဲ မသွားချင်ဘူးလေ။ဘယ်သူ့ကိုမှလည်း ကျွန်တော် သိတာမဟုတ်ဘူး။သီချင်းဆိုရတာက အစာစားရတာထက် ပိုပြီး ကသိကအောက် ဖြစ်နေရမှာပဲ။" 



ယန်ရှုမင် တိတ်ဆိတ်စွာဖြင့် နားထောင်ပေးနေခဲ့သည်။ 



မဲ့တုန်က ဆက်ပြောသည်။ 



"ကျွန်တော် အဲ့ဒီကို မသွားတော့ဘူးဆိုရင်ရော မကောင်းသလို ဖြစ်သွားမလား။သူတို့ကတော့ ကျွန်တော်က သူတို့နဲ့ အပြင်ထွက်ပြီး အချိန်မဖြုန်းချင်လို့ ဆိုပြီး ထင်သွားလောက်မယ်။ဒါပေမဲ့ ကျွန်တော်ကြားတာက လူတိုင်းက သူတို့ရဲ့ချစ်သူကောင်လေး၊ကောင်မလေးတွေ ခေါ်လာပြီး ကျန်တဲ့လူတွေနဲ့ မိတ်ဆက်ပေးကြမှာတဲ့။အဲ့ဒီမှာ လူတွေ အများကြီး ရှိနေလောက်တယ်။ကျွန်တော်လည်း မသိတော့ဘူး။ဒီလိုလုပ်တာက သူတို့အတွက် ကသိကအောက် မဖြစ်ကြဘူးပေါ့၊ဟုတ်လား။"





သို့သော် ကားအတွင်း၌ ဘယ်သူကမှ တုံ့ပြန်မလာသဖြင့် နောက်ဆုံးတော့ မဲ့တုန် သဘောပေါက်သွားပြီး တိုးတိုးလေး ပြောသည်။ 



"ကျွန်တော် စကားအများကြီး ပြောနေမိတာလား။" 



ယန်ရှုမင်က မီးနီသည်အထိ စောင့်နေခဲ့ပြီး သူ့ဖုန်းကို ဆွဲထုတ်ကာ သူအသံသွင်းနေသည်ကို မဲ့တုန်၏ရှေ့တွင် ပြလိုက်သည်။မဲ့တုန် ကြည့်လိုက်ချိန်တွင်လည်း ဖုန်းက ဆက်လက်၍ အသံသွင်းနေဆဲ ဖြစ်သည်။ 



"... ဘာတွေ ဖြစ်နေတာလဲ။"





ယန်ရှုမင်က ပြောသည်။ 



"ကိုယ်တို့ ကာရာအိုကေဆိုင် ရောက်တဲ့အခါမှာ မင်းရဲ့မိန့်ခွန်းကို မိုက်ခရိုဖုန်းနဲ့ ကိုယ် ဖွင့်ပြလိုက်မယ်။ဒါဆို သူတို့လည်း မင်းက ခပ်တန်းတန်းနေတာ မဟုတ်ဘဲ စိတ်လှုပ်ရှားနေလို့ဆိုတာ သိသွားမှာပေါ့။"





မဲ့တုန်က အသံသွင်းနေသည်ကို လှမ်းပိတ်လိုက်ပြီး အကြိမ်အနည်းငယ်ခန့် အသက်ဝဝ ရှုပြီးနောက် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ 



"အဆင်ပြေသွားမှာပါ။ ကျွန်တော်က သူငယ်ချင်းတွေကို ပေါင်းသင်းတဲ့နေရာမှ မတော်ဘူး ဆိုရင်တောင်မှ ကျွန်တော့်ဘေးမှာ ခင်ဗျားရှိနေတာပဲ။ကျွန်တော် မကြောက်တော့ပါဘူး။" 



ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲကို လူတစ်ဦးလျှင် ပျမ်းမျှ ယွမ်တစ်ရာခန့် ကုန်ကျသော စားသောက်ဆိုင်တွင် ကျင်းပရန် စီစဥ်ထားသည်။ထိုဆိုင်က မဲ့တုန်တို့အိမ်နှင့် အနည်းငယ် ဝေးပြီး မဲ့တုန် အဆင်သင့် ပြင်ဆင်သည်က ကြာသွားသဖြင့် သူတို့ အနည်းငယ် နောက်ကျသွားခဲ့သည်။ 



သူတို့ သီးသန့်အခန်းထဲ ဝင်လာချိန်တွင် ထိုနေရာ၌ လူအပြည့် ဖြစ်လုနီးပါးပင်။မဲ့တုန်သည် တံခါးဝတွင် ရပ်နေရင်း အစချီရမည့် စကားကို ပြန်လေ့ကျင့်နေသော်လည်း ဘာမှ မပြောလိုက်ရသည်နှင့်သာ အဆုံးသတ်သွားသည်။





အတန်းခေါင်းဆောင်က အရင် ထရပ်လိုက်ပြီး နွေးထွေးစွာဖြင့် 



"အာ ၊မဲ့တုန် လာပြီပဲ။ ငါတို့ အခုပဲ မင်းအကြောင်း ပြောနေကြတာ။မင်း လာလိမ့်မယ်လို့ ငါတို့ ဘယ်သူမှ မထင်ထားကြဘူးလေ။မင်း လာခဲ့တာကို နောင်တရနေမလားလို့ ငါတို့က သိချင် ..."





သူက မဲ့တုန်၏ အနောက်တွင် သိမ်မွေ့သော အပြုံးတစ်ပွင့်နှင့် ရပ်နေသော အမျိုးသားကို မြင်လိုက်သဖြင့် ပြောလက်စ စကားက ရပ်တန့်သွားသည်။တစ်ခဏမျှ ရှုပ်ထွေးသွားပြီးနောက် သူက ပြောသည်။ 



"စီနီယာ၊ စီနီယာယန်၊ မင်းလား။ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။မင်းလည်း ညစာစားပွဲကို လာတာပဲလား။"





မဲ့တုန်က ဘာမှမပြောဘဲ တိတ်တဆိတ်နှင့် ထိုင်ဖို့နေရာ ရှာလိုက်သည်။ယန်ရှုမင်ကလည်း ဘာမှ မတုံ့ပြန်ခဲ့ပေ။





လေထုထဲတွင်လည်း တိတ်ဆိတ်သွားသဖြင့် မဲ့တုန် ကြည့်လိုက်စဥ် ယန်ရှုမင်နှင့် အကြည့်ချင်း ဆုံမိသွားသည်။သူ့မျက်လုံးများမှာ မဲ့တုန်ဆီသို့သာ စူးစိုက်ကြည့်နေပြီး စိတ်ဓါတ်ခွန်အားတွေ အပြည့်အလျှံထုတ်လွှတ်ပေးနေသကဲ့သို့ပင်။မဲ့တုန်လည်း ချက်ချင်းပင် ကျောကို မတ်လိုက်ပြီး ပြောသည်။ 



"တောင်းပန်ပါတယ်။ ငါနေတဲ့နေရာက ဒီနဲ့ နည်းနည်းဝေးလို့ ငါ နောက်ကျသွားတယ်။ယန်ရှုမင်က ငါနဲ့အတူ လာခဲ့တာပါ။မင်းတို့ စိတ်မရှိဘူးလို့ ငါ မျှော်လင့်ပါတယ်။"





အတန်းခေါင်းဆောင်ကတော့ အလွန်ဂုဏ်ယူဝမ်းမြောက်နေခဲ့သည်။ 



ဘယ်သူကရော ယန်ရှုမင်နဲ့ မသိချင်ဘဲ ရှိပါ့မလား။





သူသည် ပါးစပ်က နားရွက်ချိတ်လုမတတ် ပြုံးလိုက်ရင်း မဲ့တုန်နှင့် ယန်ရှုမင် အတူထိုင်ရန်အတွက် ထိုင်ခုံများ အလျင်အမြန် စီစဥ်ပေးတော့သည်။





မဲ့တုန်က ယန်ရှုမင်ကို မိတ်ဆက်ပေးပြီးမှသာ ယန်ရှုမင်က စကားစပြောသည်။ 



"အနှောင့်အယှက်ပေးမိလို့ အားနာပါတယ်။"





"လုံးဝ အနှောင့်အယှက် မဟုတ်ပါဘူး။စီနီယာ ငါတို့အားလုံး မင်းကို သိပါတယ်။ငါတို့က တစ်ကျောင်းထဲ အတူတူတက်ခဲ့ကြတာပဲ။ထမင်းတစ်နပ် အတူ စားတယ်ဆိုတာ သဘာဝကျပါတယ်။" 



တစ်စုံတစ်ယောက်က ထိုသို့ တုံ့ပြန်လိုက်ပြီး သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။ 



ညစာစားပွဲတွင် ပထမတစ်ကြော စကားစမြည် ပြောခဲ့ကြပြီး ယခုမှ အသစ်ရောက်လာသူတွေ ရှိလာသဖြင့် စကားအကြောင်းအရာက မဲ့တုန်ဘက်သို့ ရောက်လာသည်။ 



"ရွှယ်ပါ့၊ ငါတို့အားလုံးက မင်း မလာလောက်ဘူးလို့ ထင်နေကြတာ။မင်း လာပေးလို့ ငါတို့ ဝမ်းသာပါတယ်။ မင်းက အတန်းဖော်တွေကို သူငယ်ချင်းအဖြစ် မယူဆထားဘူးလို့ ငါတို့ ထင်နေခဲ့ကြတာ။"





ရိုးသားစွာ ပြောရလျှင် အခုစကားပြောနေသော ကောင်လေး၏ နာမည်ကို မဲ့တုန် မမှတ်မိပါ။သူ အရင်ကတော့ အတန်းဖော်ဖြစ်ခဲ့တဲ့ ထိုကောင်လေးကို သိလောက်သည်။ဘွဲ့ရခဲ့ပြီးနောက်တွင် မဲ့တုန်သည် နောက်ထပ် မသက်ဆိုင်တော့ဟု ယူဆ၍ အရင်က မှတ်ဥာဏ်များကို အလိုအလျောက် ရှင်းလင်းပစ်ခဲ့ပြီး ဖြစ်သည်။တစ်နှစ်ခွဲခန့် ကြာခဲ့ပြီ ဖြစ်ရာ သူ ဒါကို ချက်ချင်း မမှတ်မိနိုင်ပေ။ 



မဲ့တုန်က သူ့လည်ချောင်းကို ရှင်းလိုက်သည်။ 



"ငါ group ထဲက စာကို စောစော မတွေ့ခဲ့လို့ပါ။မဟုတ်ရင်တော့ ငါ အရင်ထဲက တက်ရောက်ဖို့ ကြိုပြီး စာရင်းသွင်းထားမိမှာပါ။အမှန်တော့ ငါက ပေါင်းသင်းဆက်ဆံရေးမှာ သိပ်မကောင်းဘူးလေ။ အဲ့ဒါကြောင့် ..."





မိန်းကလေးတစ်ယောက်က ရယ်မောလိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။ 



"ရတယ်၊ရတယ်။ငါတို့ နားလည်တယ်။လူတွေနဲ့ ပြောဆိုဆက်ဆံရမှာကို စိုးရိမ်ပူပန်တဲ့ social anxiety မဟုတ်လား။အထက်တန်းကျောင်းမှာတုန်းကတော့ ငါတို့ ဒီအသုံးအနှုန်းကို မသိခဲ့ဘူး။မင်းက တသီးတသန့်နေတတ်ပြီး ငါတို့ကို စကားမပြောချင်ဘူးလို့ ထင်နေခဲ့တာ။နောက်ပိုင်းမှာ social anxiety ဆိုတဲ့ အသုံးအနှုန်း ခေတ်စားလာမှ မင်းနဲ့ ကွက်တိကျနေတာကို သိရတာပဲ။" 



မဲ့တုန် အနည်းငယ် ရှက်သွား၏။ 



"မဲ့တုန်၊မင်း နန်ကျင်းတက္ကသိုလ် တက်နေတာမဟုတ်လား၊အို့ ၊ စီနီယာယန်ကလည်း နန်ကျင်းတက္ကသိုလ်မှာပဲဆို။ ကောင်းလိုက်တာ။မင်းတို့အချင်းချင်း ကြည့်ရှုပေးလို့ ရတာပဲ။ငါ ကတော့ မတူပါဘူးကွာ။တောင်ပိုင်းကနေ မြောက်ပိုင်းကို ပျံသန်းသွားရတာ။ပထမဆောင်းရာသီမှာထဲက ငါ ခဲတော့မလိုပဲ။ငါက တကယ်ကို အရူးပဲ။ အရင်က ငါ့မှာ လေကာအင်္ကျီဆိုတာ တစ်ထည်မှ ရှိခဲ့တာ မဟုတ်ဘူး။ဆောင်းတွင်းတစ်ခုလုံး အသားကပ် အတွင်းခံဝမ်းဆက် အရှည်တစ်စုံဝတ်ပြီး ဖြတ်သန်းနေကြပဲ။ဒါပေမဲ့ ကောလိပ်မှာ ပထမဆုံးဆောင်းရာသီကို ဖြတ်သန်းရရော ငါ့မှာ အရမ်းအေးလွန်းလို့ တစ်ညလုံး အဖျားတက်နေခဲ့ရတာ။အဲ့ဒီအခါမှ ငါလည်း အပြေးအလွှားနဲ့ လေကာအင်္ကျီတစ်ထည်နှင့် ချည်သားဘောင်းဘီရှည်တွေ ထွက်ဝယ်ရတော့တယ်။" 



စားပွဲတစ်ခုလုံး ရယ်သံများ ဖုံးလွှမ်းသွားသည်။ မဲ့တုန်လည်း လိုက်၍ ရယ်နေခဲ့ပါသည်။





ညစာစားခြင်းက ထင်ထားတာထက် ပိုကြာခဲ့ပြီး၊ ကျောင်းအုပ်ကြီးနှင့် အတန်းပိုင်ဆရာတို့က မတက်ရောက်ခဲ့ကြပေ။လူတိုင်းအတွက် အချိန်ကောင်းလေးများ ဖြစ်ခဲ့ကြသည်။အစတွင် သူတို့က ထိန်းထိန်းသိမ်းသိမ်းရှိဟန်ဖြင့် အအေးဖျော်ရည်များသာ သောက်ကြသည်။စကားဝိုင်းက တဖြည်းဖြည်း အရှိန်ရလာသည်နှင့် ဘီယာ မှာယူသံများ ထွက်ပေါ်လာပြီး ၊ယောကျ်ားလေးများနှင့် မိန်းကလေး အနည်းငယ်က ထွေနေကြပြီ ဖြစ်သည်။ မဲ့တုန်သည် ဘီယာ ထပ်မသောက်ရဲသဖြင့် လက်ဖက်ရည်ခွက်ကို နာခံစွာကိုင်ရင်း လက်ဖက်ရည် တစ်ခွက်ပြီး တစ်ခွက် သောက်နေခဲ့သည်။ 



ကောင်မလေးနှင့်အတူလာသော ကောင်လေးတစ်ယောက်ကို သူ့ကောင်မလေးက ဘီယာနှစ်ပုလင်းထက် ပိုမသောက်ရန် ပြောနေသည်။ 



လူတိုင်းက သူ့ကို မယားကြောက်ဟု စနောက်နေကြပြီး ထိုကောင်လေးက မလုံမလဲဖြင့် ရေတစ်ခွက် သောက်လိုက်ပြီးနောက် လည်ချောင်းကို ရှင်းပြီး အော်ပြောတော့သည်။ 



"မဟုတ်သေးဘူး။ငါ့မှာ တွဲနေတဲ့သူရှိလို့ မင်းတို့က မနာလို ဖြစ်နေကြတာ မဟုတ်လား။" 



မဲတုန်လည်း ယန်ရှုမင်ကို မသိမသာ ကြည့်လိုက်မိသည်။ယန်ရှုမင်က ထိုင်ခုံကို မှီရင်း လက်ပိုက်၍ ထိုင်နေပြီး အနည်းငယ် ပျင်းရိနေသည့် ပုံပင်။မဲ့တုန်လည်း ယန်ရှုမင်နှင့် နီးအောင် ကိုယ်ကို ကိုင်းလိုက်ပြီး တီးတိုးပြောသည်။ 



"ခင်ဗျား ပျင်းနေပြီလား။" 



ပတ်ဝန်းကျင်က ဆူညံနေသဖြင့် မဲ့တုန် ပြောသည်ကို ယန်ရှုမင် မကြားပါ။ဒါကြောင့် ရှေ့ကို ကိုင်းပြီး မေးလိုက်သည်။ 



"ဘာလဲ" 



မဲ့တုန်က သူ့နားနားသို့ ကပ်ပြောသည်။ 



"ခင်ဗျား ပျင်းနေပြီလားလို့။"





ယန်ရှုမင် မတုံ့ပြန်လိုက်ရသေးခင် အတန်းခေါင်းဆောင်က ဘီယာတစ်ပုလင်းကို ကိုင်၍ ယိုင်တိုင်ယိုင်တိုင်ဖြင့် သူတို့အနား ရောက်လာခဲ့သည်။အတော်လေးထွေနေသည့်ပုံဖြင့် မျက်နှာက နီရဲကာ၊စကားသံကလည်း ဗလုံးဗထွေးနှင့် ဖြစ်နေသည်။သူက မဲ့တုန်၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို ပေါ့ပေါပါးပါးပဲ တင်လိုက်ပြီး သူတို့ဘေးသို့ ငုံ့ကိုင်းလိုက်သည်။ 



"မင်းတို့ နှစ်ယောက် ဘာလျှို့ဝှက်ချက်တွေကိုများ တီးတိုး ပြောနေကြတာပါလိမ့်။ငါတို့ကိုကျတော့ ဘာဖြစ်လို့ မပြောပြတာလဲ။ဟေ့ ၊လင်ရွှမ်း၊ မဲ့ဇီနဲ့ ယန်ကောတို့အတွက် ဘီယာ ၂ပုလင်း ယူလာခဲ့ပေး။အောင်မြင်တဲ့ ပုဂ္ဂိုလ် ၂ယောက်က ဒီနေရာမှာ ထိုင်နေတာကို မင်းတို့က ဘာဖြစ်လို့ အရက်သွားမတိုက်ကြတာလဲ။" 



ယန်ရှုမင်က မဲ့တုန်ကို သူ့လက်မောင်းများအတွင်းသို့ မသိမသာ ဆွဲထည့်လိုက်သည်။ 



"ဆောရီးပဲ၊ မဲ့တုန်က အယ်လ်ကိုဟောနဲ့ မတည့်လို့။"





အခြားတစ်ယောက်ကို အရက်သောက်ဖို့ တိုက်တွန်းတတ်သော ရိုးရာက အမြစ်ဖြတ်ဖို့ရာ ခက်လှသည်။လူတွေ အရက်မူးနေချိန်တွင် သူတို့၏ ကျိုးကြောင်းဆင်ခြင်နိုင်မှု အများစုမှာ ပျောက်ဆုံးသွားရသည်။အတန်းခေါင်းဆောင်က ကမ်းပေးလာသော ဘီယာပုလင်းမှာလေထဲ၌ တိုးလို့တန်းလန်းပင်။ သူက အတင်းဇွတ်ပြောသည်။ 



"သူ မသောက်ရင်တောင် ယန်ကောက သောက်လို့ မရဘူးလား။ယန်ကော ၊မင်းလည်း ဒီနေရာကို ရောက်လာခဲ့တာပဲ။ချုပ်တည်းထားစရာ မလိုပါဘူး။" 



ယန်ရှုမင်လည်း မတတ်နိုင်ဘဲ ဘီယာကို ယူလိုက်ရပြီး တစ်ကျိုက်ထဲနှင့် ပုလင်းတစ်ဝက်အထိ မော့သောက်လိုက်သည်။ 



မဲ့တုန်က ကြားဝင်စွက်ဖက် လိုက်ချင်သော်လည်း တွန့်ဆုတ်နေပြီး ဘာပြောရမည်ကို သေချာ မသိပေ။ သူက စားပွဲခင်းအောက်တွင် ယန်ရှုမင်၏ လက်ကို မသိမသာ ဖျစ်ညှစ်လိုက်သည်။ 



"ခင်ဗျား သောက်နိုင် ... အဆင်ပြေပါ့မလား။"





ယန်ရှုမင်က တုံ့ပြန်သည့် အနေဖြင့် မသိမသာ ခေါင်းငြိမ့်ပြသည်။ 





ယောကျ်ားလေးအချို့က ယန်ရှုမင်နှင့်အတူ စကားပြောကြရင်း အရက်ကို တစ်ခွက်ပြီး တစ်ခွက် သောက်နေကြသည်။သူတို့ အထက်တန်းဒုတိယနှစ်ကတည်းက ယန်ရှုမင်၏အကြောင်းကို ဆရာများက ပြောနေကြတာကို အမြဲတမ်း ကြားခဲ့ကြသည်။စီနီယာနှစ်တွင် ယန်ရှုမင်က ကောလိပ်ဝင်ခွင့် စာမေးပွဲ၌ အထင်ကရဖြစ်သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။သူတို့က ယန်ရှုမင်၏ လက်ရှိမေဂျာနှင့် အနာဂတ်တွင် လုပ်ကိုင်မည့် အလုပ်ကိစ္စများအကြောင်းကို အတောမသတ်နိုင်အောင် ပြောဆိုနေခဲ့ကြသည်။ 



တဖြည်းဖြည်းနှင့် ပြောနေသည့်အကြောင်းအရာက အချစ်ရေးဘက်ကို ရောက်သွားခဲ့သည်။သူတို့ အားလုံးက ငယ်ရွယ်သော ကလေးတစ်အုပ်သာ ဖြစ်ကြရာ အချစ်ရေးနှင့် ပတ်သက်သော အတင်းအဖျင်းစကားများကို အတော် သဘောတွေ့ကြသည်။အထူးသဖြင့် ယန်ရှုမင်ကဲ့သို့ လူမျိုး၏ အကြောင်းကို ဖြစ်သည်။ယန်ရှုမင်ကလည်း ထိုကိစ္စနှင့် ပတ်သက်လျှင် ဘယ်တော့မှ မလိမ်တတ်ပေ။ 



"ငါက single မဟုတ်ဘူး။" 



အတန်းခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး အပြုံးလေးဖြင့် ဟာသလုပ်လိုက်သည်။ 



"Single မဟုတ်ဘူးပေါ့ အာ။ယန်ကောတစ်ယောက် ငါတို့အတန်းထဲက တစ်စုံတစ်ယောက်အတွက် ဒီကို လာခဲ့တယ်လို့ ငါ ထင်ထားတာ။ငါ အောင်သွယ်လုပ်ပေးလိုက်ရင် ကောင်းမလားလို့ တွေးနေသေးတယ်။" 



ယန်ရှုမင်က ခေါင်းငြိမ့်သည်။ 



"ငါက မဲ့တုန်အတွက် ဒီနေရာကို အတူတူ လိုက်လာခဲ့တာ။" 



ညစာစားပွဲရှိ မည်သူကမှ ယန်ရှုမင်၏ စကားနောက်ကွယ်ရှိ ဆိုလိုရင်းကို မဖမ်းဆုပ်နိုင်ခဲ့ပေ။သူတို့အားလုံးက အဖြောင့်ကောင်များ ဖြစ်ကြသည်။ထို့ကြောင့် သွယ်ဝိုက်ပြောသည့်စကားကို နားလည်ဖို့ရာ သူတို့အတွက် အနည်းငယ် ခက်ခဲ၏။ 



++++++++