Chapter 39
သုံးချီမြောက် သောက်စားပြီးချိန်တွင် ကာရာအိုကေဆိုင်သွားမည့် အစီအစဥ်ကို ဖျက်ပစ်လိုက်ရ၏။
သူတို့ ကိုယ့်လမ်း ကိုယ်ပြန်ကြချိန်တွင် အတန်းခေါင်းဆောင်က တရင်းတနှီးဖြင့် မဲ့တုန်၏ ပုခုံးကို ဖက်ထားခဲ့ပြီး အရက်မူးနေသောအသံဖြင့် အမြီးအမောက်မတည့်သော စကားများကို ပြောနေခဲ့သည်။
"မဲ့တုန် အာ၊ငါ မင်းကို တကယ်ပဲ ကျေးဇူးတင်တယ်။ငါက အတော်လေး သုံးစားမရတဲ့ကောင်ပါပဲ။ငါတို့ ကျောင်းမှာတုန်းက ငါ မင်းကို လုံးဝမယှဥ်နိုင်ခဲ့ဘူး၊ မင်းသိလား။အဆင့်တွေနဲ့ ပတ်သက်ပြီး ငါ မင်းကို ဘယ်တော့မှ မပြိုင်နိုင်ခဲ့ဘူး။ဒါကြောင့် ငါက အတန်းခေါင်းဆောင် မဖြစ်ခဲ့ရဘူး။ငါကပဲ ဒီရာထူးကို အရမ်းလိုချင်နေလို့လား မသိဘူး။မင်းက ဒီအခွင့်အရေးကို ပေါ့ပေါ့ပါးပါးနဲ့ ဘေးကို ပစ်ထုတ်လိုက်တယ်လေ။မင်း မလိုချင်လို့ ပစ်လိုက်တဲ့ တစ်စုံတစ်ရာကို ငါ ကောက်ယူထားခဲ့တယ်။အဲ့ဒီတုန်းက ငါ တော်တော် မရင့်ကျက်ခဲ့တာပဲ။မင်းက အသားလွတ် ကြွားဝါနေတယ်လို့ ငါ ထင်နေခဲ့တာ။ဒါပေမဲ့ အခုတော့ ပြောင်းလဲသွားပြီ။ငါ ရင့်ကျက်လာခဲ့ပြီ။ငါက မင်းကို ဘယ်တော့မှ လိုက်ယှဥ်လို့ မရဘူး။မင်းက ငါ့ဆီ တစ်စုံတစ်ခု ပေးလာတဲ့အခါမှသာ ငါက အဲ့ဒါကို ကောင်းကောင်း ဆုပ်ကိုင်နိုင်ခွင့် ရှိခဲ့တာပဲ။"
မဲ့တုန် သူ့နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် တုံ့ပြန်လိုက်သည်။
"ဒါကို မပြောနဲ့တော့။ မင်း ကောင်းကောင်း ကြိုးစားခဲ့တာပဲ။အတန်းထဲက လူတိုင်းကို ဂရုစိုက်ပေးတယ်။ဘွဲ့ရပြီးတာတောင်မှ ပြန်လည်တွေ့ဆုံပွဲတွေ ကျင်းပပေးနေသေးတယ်။ဒီလိုအရာတွေက ငါ ဘယ်တော့မှ မလုပ်နိုင်တာတွေပဲလေ။"
အတန်းခေါင်းဆောင်က ခေါင်းခါလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် အခြားသူတွေ အကြောင်းတော့ ငါမသိဘူး။ဒါပေမဲ့ အထက်တန်းကျောင်းမှာ ငါက မင်းကို ဘာကြောင့် သိပ်စကားမပြောခဲ့တာလဲ မင်း သိလား။"
မဲ့တုန်က "အမ်း" ဟု ရေရွတ်လိုက်ပြီး မေးသည်။
"ဘာကြောင့်လဲ"
အတန်းခေါင်းဆောင်က ရယ်လိုက်သည်။
"မနာလိုဖြစ်နေလို့လေ၊ အဟုတ်ပဲ။ကျောင်းတက်ခါစ ပထမနှစ်ကို မှတ်မိသေးလား။ငါတို့အားလုံးက မင်းကို ဆင်းရဲပြီး ညစ်ပတ်တယ်လို့ ထင်ကြတာလေ။အဲ့ဒီအချိန်မှာ လူတိုင်းက ရုတ်တရက်ကြီး ဖော်ဖော်ရွေရွေ ဖြစ်လာကြတာ မဟုတ်လား။မင်းက အမြဲတမ်း တသီးတသန့် အဖက်မလုပ်သလို နေတယ်၊ပညာရေးမှာ ထူးချွန်တယ်၊ပြီးတော့ စကားများများ မပြောဘူး။မင်းက ငါတို့ထက် နေရာတိုင်းမှာ ပိုသာနေတယ်ဆိုပြီး ငါတို့က မနာလိုဖြစ်နေခဲ့တယ်လေ။မင်းက ဆင်းရဲတယ်ဆိုတာ ငါတို့ သိလိုက်တော့ စိတ်ခံစားချက်တွေ ပိုကောင်းသွားခဲ့တာ။ဒါပေမဲ့ နောက်တော့ အထင်လွဲနေတာတွေ ရှင်းသွားတဲ့အခါမှာ ပိုပြီး မမျှတသလို ခံစားလာရရော။မင်းက ဘာလို့ အဲ့လောက်အထိ ချမ်းသာနေရတာလဲ ဆိုပြီးတော့လေ အာ။"
မဲ့တုန် မွန်းကြပ်သွားပြီး ဘာပြောရမည်ကို မသိပေ။
အတန်းခေါင်းဆောင်က သူ့ပုခုံးကို ပုတ်လိုက်သည်။
"ငါ အများကြီး သောက်လိုက်မိတော့ ငါ့စိတ်က သိပ်တော့ မကြည်လင်နေဘူး။ဒါပေမဲ့ ငါ ပြောသမျှ အကုန်လုံးက ရင်ထဲက လာတာတွေပဲ။မင်းကို ဒီအကြောင်းတွေ ထုတ်ပြောနိုင်ခဲ့ပြီ ဆိုထဲက ငါတို့အားလုံး ကြီးပြင်းလာခဲ့လို့ပဲ၊ ဟုတ်တယ်မလား။အတိတ်က အသေးအဖွဲကိစ္စတွေ အကြောင်းကို ငါတို့ အေးဆေးပြောနေနိုင်ပြီ၊ဘာလို့လဲဆိုတော့ အရင်က ငါတို့ အရမ်းကလေးဆန်ခဲ့တယ်ဆိုတာ အခုမှ သဘောပေါက်လာမိလို့ပဲ။မင်းက လူကောင်းတစ်ယောက်ပါ၊မဲ့ဇီ။ ငါတို့တွေနဲ့ မကြာခဏ အဆက်အသွယ်လေးတော့ လုပ်ပါ၊အဆင်ပြေမလား။"
မဲ့တုန်က ခေါင်းကို အသည်းအသန် ငြိမ့်ပြလိုက်သည်။
"အမ်း၊ မကြာခဏ အဆက်အသွယ် လုပ်ရအောင်။"
သူတို့ လူစုခွဲပြီးနောက်တွင် မဲ့တုန်သည် ခဏကြာအောင် ရပ်နေမိဆဲ ဖြစ်သည်။အတန်းဖော်တွေနဲ့ လမ်းခွဲပြီးမှပဲ သူ ယန်ရှုမင်ကို သတိရတော့သည်။ဘေးဘီကို လှည့်ကြည်လိုက်လျှင် ယန်ရှုမင်က သူ့နောက်ဖက်တွင် တိတ်တိတ်လေး ရပ်နေခဲ့သည်ကို တွေ့လိုက်ရသည်။ဤအချိန်တွင် မဲ့တုန်၏ နှလုံးသားလေးမှာ ဘာကြောင့် ပျော်မှန်းမသိ အပျော်များနှင့် ပြည့်နေပြီး စကားပင် သေချာ မပြောနိုင်တော့ပေ။သူက ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး မပြန်သေးဘဲ ကျန်နေသေးသော အတန်းဖော်များ မြင်သွားနိုင်သည်ကိုပင် ဂရုမစိုက်တော့ဘဲ ယန်ရှုမင်၏ ရင်ခွင်ထဲသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ယန်ရှုမင်က သောက်ထားသဖြင့် အသံအနည်းငယ် အက်ရှနေသည်။
"ဟမ်"
မဲ့တုန် စကားပြန်ပြောဘဲ သူ့ကိုသာ အတော်ကြာသည်အထိ ဖက်တွယ်ထားလိုက်သည်။ထို့နောက် တစ်ခုခုကို သတိရသွားပြီး
"အို့ မဖြစ်ဘူး။ခင်ဗျား ကားမောင်းလို့ မရဘူး။ဒါကို မေ့နေတာ။ကျွန်တော် ခင်ဗျား သောက်နေတာကို တားလိုက်သင့်တယ်။"
ယန်ရှုမင်က ဂရုမစိုက်သလို ရယ်လိုက်သည်။
"ကိုယ်က ဒီမှာ ရှိနေတာ ဘာကြောင့်လို့ မင်းတွေးမိလဲ၊ ကိုယ့်ရည်းစားလေး ။"
မဲ့တုန် ပြန်ဖြေဖို့ကို အချိန်ခဏယူလိုက်သည်။
"အာ ကျွန်တော် အရက်သောက်တာကို တားဖို့ မဟုတ်လား။"
ယန်ရှုမင်က တုံ့ပြန်သည်။
"ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲတွေမှာ အရက်သောက်တယ်ဆိုတာ မလွဲမသွေကိစ္စပဲ။ကိုယ်က မင်း မငြင်းပယ်နိုင်မှာကို ကြောက်တာ။"
မဲ့တုန်ဆိုသော လူသည် ကလေးဘဝမှ အရွယ်ရောက်သည်အထိ အပျော်အပါးကိစ္စကို အလွန် ကန့်သတ်တားမြစ်ထားခဲ့သည်။သူ့အချိန်အများစုကို စာလေ့လာခြင်းဖြင့်သာ ကုန်ဆုံးတတ်သည်။စာလုပ်ရသည်ကို အထူးတလည် နှစ်သက်၍ မဟုတ်သော်လည်း၊စာလေ့လာခြင်းမှာ ကျောင်းသားတိုင်း လုပ်သင့်သည့် အလုပ်ဟု သူက ယုံကြည်ထား၍ ဖြစ်သည်။သူ့မှာ သူငယ်ချင်းလည်း မရှိရာ ဈေးဝယ်စင်တာ သွားခြင်း၊ရုပ်ရှင်ကြည့်ခြင်းနှင့် တစ်ယောက်တည်း ဗီဒီယိုဂိမ်းကစားခြင်းတို့ကိုပင် မလုပ်ဖူးပေ။အထက်တန်း ဂျူနီယာနှစ်တွင် ကောင်လေးအများစုမှာ ရုပ်ပြဇာတ်လမ်းစာအုပ်များနှင့် သိုင်းဝတ္ထုများကို လက်က မချတမ်း ဖြစ်နေချိန်တွင် မဲ့တုန်ကတော့ ၎င်းတို့အပေါ် လုံးဝစိတ်မဝင်စားချေ။
ထို့ကြောင့် ငယ်ရွယ်စဥ်အချိန်တွင် လူတော်တော်များများက အတော်လေး ပြီးပြည့်စုံသော စိတ်ကူးယဥ်ဇာတ်ကောင်များကိုသာ တွေ့ကြုံခဲ့ရသဖြင့်၊အသက်ကြီးလာသောအခါ အပြင်လောကရှိ အစစ်အမှန် လူသားများကြောင့် သူတို့မှာ ထပ်တလဲလဲ စိတ်ပျက်ဝမ်းနည်းခဲ့ရသည်။သို့သော် မဲ့တုန်သည် ထိုသို့ အတွေ့အကြုံမျိုး မရှိခဲ့ပေ။မူကြိုကျောင်းသားဘဝတွင် လူသားများ၏ အစစ်အမှန်သဘောထားများကို ပထမဆုံးအဖြစ် မတော်တဆ သိရှိခဲ့ရသည်။သို့သော် သူ တက္ကသိုလ်တွင် ယန်ရှုမင်နှင့် ပြန်မဆုံတွေ့ခင် အထိသာဖြစ်သည်။
ယန်ရှုမင်က အတိအကျဆို ဘယ်လို လူမျိုးပါလိမ့်။
မဲ့တုန် သုံးသော စကားလုံးများက ယန်ရှုမင်ကို အမွှန်းတင် ချီးကျူးနေခြင်းသာ ဖြစ်သည်။ရင့်ကျက်သည်၊တည်ငြိမ်သည်၊တစ်ဖက်သားအပေါ် စဥ်းစားပေးတတ်သည် စသဖြင့်။ထိုစကားလုံးများကို သုံးစွဲဖော်ပြသည့် အချိန်တိုင်း ဤမျှနှင့် လုံလောက်မှု မရှိသေးဟု အမြဲခံစားရသည်။
ယန်ရှုမင်သည် အရက်သောက်ထားသည့်ပုံစံ လုံးဝ မပေါက်ပေ။
သူ့အသားအရည်က ပုံမှန်ထက် အနည်းငယ် ပို၍ နီမြန်းနေရုံမျှ ဖြစ်သည်။သူက ခိုင်ခိုင်မတ်မတ် ရပ်နေသည့်အပြင် လမ်းလျှောက်သည့်အခါ၌ မျဥ်းဖြောင့်ကဲ့သို့ ဖြောင့်တန်းလျက်၊စကားပြောသောအခါတွင်လည်း ပုံမှန်အတိုင်း ကြည်လင်နေမြဲ ဖြစ်သည်။
မဲ့တုန်က အငှားယာဥ်မောင်း ခေါ်ထားခဲ့သည်။အငှားယာဥ်မောင်း ရောက်လာမည့် အချိန်ကို သူတို့နှစ်ယောက် ကားထဲတွင် ထိုင်၍ စောင့်နေရင်း မဲ့တုန်သည် ယန်ရှုမင်၏ ထူးခြားနေမှုကို မမျှော်လင့်ဘဲ ခံစားမိလိုက်သည်။သူ့မျက်လုံးများကို မှိတ်ထားရင်း ကားနောက်ခုံကို မှီထားခဲ့သည်။သူ့ညာလက်က မဲ့တုန်၏လက်ချောင်းများဖြင့် သွယ်ယှက်နေပြီး သူတို့၏ပေါင်များက အချင်းချင်း တင်းတင်းကြပ်ကြပ် ထိကပ်နေမိကြသည်။
မဲ့တုန်သည် သူ့နှလုံးသားထဲတွင် ပူနွေးမှုများ တလိမ့်လိမ့် တက်လာသည်ကို ခံစားနေရသည်။သူ၏ဘယ်ဖက်ခြေထောက်ကို ညာဖက်သို့ နည်းနည်းရွေ့ရန် သူ မသိမသာ ကြိုးစားလိုက်သည်။သို့သော် ယန်ရှုမင်က အမြန်ပဲ ပို၍ တိုးကပ်လာခဲ့သည်။မျက်လုံးများ လုံးဝမဖွင့်ပဲ အနားယူနေသော သူကို ကြည့်လိုက်ရင်း မဲ့တုန်သည် မတ်မတ်ထိုင်လိုက်ပြီး လက်တွဲထားသည်ကို ဖြုတ်ချင်သည့်အလား သူ့ ဘယ်ဘက် လက်ကောက်ဝတ်ကို တွန့်လိမ်နေမိသည်။
ယန်ရှုမင်က အသံခပ်အက်အက်ဖြင့် မေးသည်။
"ဘာဖြစ်လို့လဲ"
မဲ့တုန်က လည်ချောင်းရှင်းလိုက်သည်။
"အို့ ဘာမှမဟုတ်ပါဘူး အာ။ကျွန်တော် ဖုန်းကို တစ်ချက်ကြည့်ချင်လို့။ဘာဖြစ်လို့ အငှားယာဥ်မောင်းက အခုချိန်ထိ ရောက်မလာသေးတာလဲ မသိဘူး။"
ယန်ရှုမင်က ပြောသည်။
"မင်းရဲ့ နောက်လက်တစ်ဖက်ကို သုံးလို့မရဘူးလား။"
မဲ့တုန် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ဖုန်းကို လက်တစ်ဖက်ထဲနဲ့ ကိုင်ဖို့က သိပ်အဆင်မပြေလို့လေ။"
ယန်ရှုမင် : "ဒါဆို မကြည့်နဲ့။ စောင့်နေ။"
မဲ့တုန် ပြုံးချင်သည်ကို ဖိနှိပ်ထားပြီး မေးလိုက်သည်။
"ယန်ရှုမင်၊ ခင်ဗျား နည်းနည်းတော့ မူးနေပြီ မဟုတ်လား။"
ယန်ရှုမင်က မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုမျက်လုံးများသည် ငါးမျှားချိတ်သဖွယ် မဲ့တုန်၏စိတ်အာရုံကို ချက်ချင်း ဖမ်းမိသွားခဲ့သည်။
"မင်း ဘာကြောင့် ဒီလို ပြောတာလဲ။"
မဲ့တုန်က တင်းကြပ်စွာ ဆုပ်ကိုင်ထားသော သူတို့၏လက်များကို မြှောက်ပြ၍
"ခင်ဗျားက အတော်လေး တွယ်ကပ်နေတယ်လေ။"
ယန်ရှုမင်က သူ့မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
"ကိုယ်က မူးမနေဘူးဆိုရင်ရော၊ကိုယ်က မင်းကို တွယ်ကပ်နေလို့ မရဘူးလား။"
မဲ့တုန်က တစ်ခဏတော့ တွေးနေမိသည်။
"အဲ့လို မဟုတ်ဘူးပေါ့၊ခင်ဗျားက များသောအားဖြင့် ဒါမျိုးကို ထုတ်မပြတတ်ဘူးလေ။ခင်ဗျား အမြဲတမ်း ချုပ်တည်းထားနေကျ မဟုတ်လား။"
မမျှော်လင့်ဘဲ ယန်ရှုမင်က ရိုးသားဖြောင့်မတ်စွာဖြင့် ဝန်ခံလိုက်သည်။
"အမ်း"
မဲ့တုန် သိချင်သွားသည်။
"ဘာကြောင့်လဲ"
ခဏကြာသည်အထိ ယန်ရှုမင် တိတ်ဆိတ်သွားသည်။
"အကြောင်းပြချက် မရှိဘူး။"
မဲ့တုန် လုံးဝ နားမလည်ခဲ့ပေ။
"ဒါဆို ဘာဖြစ်လို့လဲ"
မျက်လုံး မှိတ်ထားသောသူသည် ရုတ်တရက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး ဖြစ်ပေါ်လာသော စိတ်ဆန္ဒအချို့ကို အတင်းအကြပ် ဖိနှိပ်ထားချင်သည့်နှယ်။သူက အသံနိမ့်နိမ့်ဖြင့် "အမ်" ဟု ရေရွတ်လိုက်သည်။မဲ့တုန်သည် ထိုကိစ္စများနှင့် ပတ်သက်လျှင် နလပိန်းတုံးပါရမီအပြည့်ရှိသည်။သူက ယန်ရှုမင် အရက်မူးလျှင် ဖြစ်လာမည့် အခြေအနေကို ထပ်ပြီး စပ်စုချင်နေခဲ့သည်။သို့သော် သူ ဘာမှမပြောလိုက်ရခင် သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲခံလိုက်ရသည်။
ယန်ရှုမင်က သူ့ကိုမေးသည်။
"အငှားယာဥ်မောင်း ရောက်လာဖို့ ဘယ်လောက်ကြာမှာလဲ။"
မဲ့တုန် ဖုန်းကို ဖွင့်လိုက်သည်။
"ဆယ်မိနစ် လောက်"
ထို့နောက်တွင် အယ်လ်ကိုဟောရနံ့ သင်းနေသည့် အနမ်းတစ်ခု ရောက်ရှိလာခဲ့သည်။မဲ့တုန်သည် ထိုအနမ်းကြောင့် သတိလက်လွတ် ဖြစ်သွားပြီး ညာဘက် ကားတံခါးပေါက်ရှိရာသို့ ဖိချခံလိုက်ရကာ သူ့ခေါင်းအနောက်ဖက်ကလည်း ကားမှန်ပေါ် ဖိကပ်မိနေသည်။ယန်ရှုမင်သည် လူကြီးလူကောင်းဆန် မနေတော့ပေ။သူ၏ ဘယ်လက်ဖြင့် မဲ့တုန်၏မေးရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အဆင်အပြေဆုံး အနေအထားဖြင့် အနမ်းကို လက်ခံနိုင်ရန် မရမက လုပ်လာသည်။မဲ့တုန်မှာ အလန့်တကြား ဖြစ်သွားပြီး ထိုအနမ်းမှ ရုန်းထွက်ဖို့ သူ့အလိုလို ကြိုးစားမိတော့သည်။
သူ့မှာ ရုန်းကန်နေခဲ့ရပြီး နာကျင်မှုကြောင့် ငိုသံ တိုးတိုးလေးပင် ထွက်လာတော့သည်။
ယန်ရှုမင်၏ အပြုအမူများက ချက်ချင်း ပြောင်းလဲသွားပြီး ပို၍ ညင်သာနူးညံ့လာသည်။မဲ့တုန်၏ နှုတ်ခမ်းများ သက်သာစေရန် အလို့ငှာ လျှာဖြင့် ညင်သာစွာ ပွတ်သပ်ချော့မြှူပေးသည်။မဲ့တုန်၏ မေးရိုးကို ဆုပ်ကိုင်ထားသော လက်က လည်ပင်းဆီသို့ ရောက်သွားပြီး မဲ့တုန်၏ လည်ကုပ်ပေါ်သို့ သူ့လက်ဖဝါးဖြင့် ပွတ်သပ်ပေးသည်။၎င်းက အထိန်းအကွပ် လွတ်လုဆဲဆဲဖြစ်နေသော သားရိုင်းကောင်ကြီး အဖြစ်မှ ယဥ်ပါးပြီး ကြင်နာတတ်သော စိတ်သဘောထားရှိသည့် ခွေးကြီးတစ်ကောင် အဖြစ်သို့ အသွင်ပြောင်းလဲသွားသလိုမျိုးပင်။
အနမ်းပြီးဆုံးသွားချိန်တွင် ယန်ရှုမင်က မတ်မတ်ထိုင်လိုက်ပြီး မေးခွန်းတစ်ခုကို ချန်ထားခဲ့၍ မျက်လုံးများကို မှိတ်လိုက်ကာ ထိုမတိုင်ခင်ကဲ့သို့ တည်ငြိမ်အေးချမ်းသော နေပုံထိုင်ပုံ အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။
"မင်း အခု နားလည်ပြီလား။"
မဲ့တုန်၏ မျက်နှာသည် ကြက်ဥကြော်၍ ရသည်အထိ ပူကျစ်နေခဲ့သည်။အဖြေက နောက်ကျသွားမည်ကို စိုးရိမ်သဖြင့် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောသည်။
"အ ... အင်း၊ ကျွန်တော် နားလည်ပြီ။"
ကားလေးသည် သက်တောင့်သက်သာ မရှိစွာဖြင့် တိတ်ဆိတ်၍ သွားသည်။မဲ့တုန်ကတော့ သူနှင့် မရင်းနှီးသော ယန်ရှုမင်၏ အပြုအမူကို စဥ်းစားမှတ်သားနေခဲ့သည်။
လတ်တလောတွင် အဖြေ အတိအကျ မရခဲ့သော မေးခွန်းတစ်ခုကို သူ စပြီး နားလည်လာခဲ့သည် :
ယန်ရှုမင်က အတိအကျဆို ဘယ်လို လူမျိုးပါလိမ့်။
သူ အဖြေကို စဥ်းစားမိတော့မည့် ဆဲဆဲတွင် ယန်ရှုမင်က ပြောလာသည်။
"ကိုယ် တောင်းပန်ပါတယ်"
မဲ့တုန်မှာ အမြန်ပင် အံ့ဩသွားမိသည်။
"မဟုတ်ဘူး။ မတောင်းပန်ပါနဲ့။ ခင်ဗျား ဘာဖြစ်လို့ တောင်းပန်နေတာလဲ။"
ယန်ရှုမင်က ပြုံးလိုက်သည်။
"ကိုယ် မင်းကို ခြောက်လှန့်မိသွားလား။"
မဲ့တုန် တွန့်ဆုတ်နေခဲ့သည်။
"မလုပ်မိပါဘူး။အဲ့ဒါက ရုတ်တရက်ကြီးဆိုတော့ ၊ကျွန်တော်က သတိလက်လွတ် ဖြစ်သွားတာကြောင့်ပါ။အခြားအရာကြောင့်တော့ ... မဟုတ်ပါဘူး။"
သူက အံ့ဩသွားခဲ့သည် ဆိုသော်လည်း လုံးလုံးလျားလျား အံ့ဩသွားခြင်းတော့ မဟုတ်ပေ။သူတို့ရဲ့ ခံစားချက်တွေကို အချင်းချင်း ဖွင့်ဟဝန်ခံခဲ့သည့် ပထမဆုံးည၌ အနောက်တိုင်းစားသောက်ဆိုင်၏ သန့်စင်ခန်းထဲတွင် ယန်ရှုမင်က မဲ့တုန်ကို ညင်သာမှု မရှိသော အနမ်းကို ပေးခဲ့ဖူးသည်။သို့သော်လည်း နောက်ပိုင်းတွင် တွေ့ဆုံမှုတိုင်းက ယဥ်ကျေးမှုဖြင့် ထိန်းချုပ်ထားခဲ့သဖြင့် သူတို့၏ ပထမဆုံးအနမ်းကို မဲ့တုန်မှာ မေ့လုနီးပါး ဖြစ်နေခဲ့သည်။
အမှန်တွင် မဲ့တုန်လည်း ထိုအနမ်းကို အတော်လေး သဘောကျသည်။သို့သော် သဘောကျပါသည်ဟု ပြောဖို့ရာ အရမ်းရှက်နေခဲ့သည်။
လူတစ်ယောက်က အဲ့ဒီလို ခံစားချက်ကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်ပြသလို့ ရပါ့မလဲ။
မသိမသာ ရှက်သွေးဖြာနေရင်းမှ သူက စကားအကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"အမ်း ... ခင်ဗျား ကျွန်တော့်အိမ်ကို မလိုက်တော့ဘူးလား။ကျွန်တော် ခင်ဗျားကို ဒိုင်ယာရီ ပေးချင်လို့။"
ယန်ရှုမင်က သဘောတူလိုက်သည်။
"ကောင်းပြီ"
သူတို့ အိမ်ပြန်ရောက်ချိန်တွင် နေ့လည် ၃နာရီ စွန်းစွန်း ရှိပြီ ဖြစ်သည်။ဤအချိန်မျိုးတွင် ပုံမှန်အားဖြင့် အိမ်အကူမှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ အိမ်တွင် မရှိတတ်ပေ။
မဲ့တုန်က သူ့အခန်းထဲ အမြန် ဝင်သွားပြီး မှတ်စုစာအုပ်ကို ဆွဲယူလိုက်ကာ လှေကားမှ အမြန် ပြေးဆင်းလာခဲ့သည်။ လှေကား တစ်ဝက်ခန့်အရောက်တွင် မဒမ်တုက မီးဖိုခန်းထဲမှ တွေ့လိုက်သည်ကို မဲ့တုန် လှမ်းတွေ့လိုက်သဖြင့် ထိတ်လန့်သွားကာ လှေကားထစ်များပေါ်မှ ခုန်ချမိမတတ် ဖြစ်သွားတော့သည်။ မဒမ်တုက မျက်ခုံးတစ်ဖက်ကို ပင့်၍
"မင်း ဘာဖြစ်နေတာလဲ။ တစ်ခုခုကို ဖွက်ထားတဲ့အတိုင်း အပြစ်ရှိတဲ့ ပုံစံပေါက်နေတယ် အာ။"
မဲ့တုန်၏ အကြည့်များမှာ စိတ်လှုပ်ရှားမှုကြောင့် ဟိုရောက် သည်ရောက်နှင့်။
"အာ၊ ဘာမှမဟုတ်ပါဘူး အာ။ကျွန်တော်က ဘာလို့ အပြစ်ရှိရမှာလည်း ကျွန်တော်က အပြစ်ရှိသလို မဖြစ်ပါဘူး။"
မဒမ်တုမှာ အကျယ်ကြီး အော်ရယ်မိလုနီးပါးဖြစ်သွားသည်။သူမ သားက တစ်ခါတစ်လေ အရမ်းကို ချစ်စရာကောင်းလှသည်။ဒါကြောင့် သူမက မဲ့တုန်ကို စနောက်လိုက်သည်။
"မင်း အခု ဘယ်ကို သွားမလို့ အလျင်လိုနေတာလဲ။မေမေက ဒီနေ့လည်မှာ အနားယူရင်း အိမ်အကူအန်တီနဲ့အတူ ဟင်းချက်မယ် ဆိုပြီး ဂျူတီချိန်းလာခဲ့တာ။မင်း ဘာလို့ လာပြီး မမြည်းကြည့်တာလဲ။"
မဲ့တုန်က မှတ်စုစာအုပ်ကို သူ့နောက်ကျောတွင် ဖွက်ထားလိုက်သည်။
"အမ် ... ကျွန်တော် ဗိုက်မဆာပါဘူး။ ကျွန်တော် နေ့လည်ကပဲ တွေ့ဆုံပွဲသွားပြီး နေ့လည်စာ စားလာခဲ့တာလေ။"
မဒမ်တုက သူ့ကို စိုက်ကြည့်လိုက်သည်။
"အို့ ၊ ရပါတယ်။အရသာလေး မြည်းရုံပဲ။ အခုက မေမေ့ရဲ့ ပထမဆုံး ဟင်းစချက်တာလေ။မင်းက မေမေ့ကို မျက်နှာသာလေး နည်းနည်းပေးလို့ မရဘူးလား။"
မဲ့တုန်လည်း စတင်၍ စိတ်ညစ်လာတော့သည်။
"အမ် ... ကျွန် ... ကျွန်တော် အပြင်ကို ခဏလောက် ထွက်လိုက်ဦးမယ်။ ကျွန်တော် အပြင်မှာ တစ်ခုခု မေ့ကျန်ခဲ့တယ် ထင်တာပဲ။
ဒီတစ်ကြိမ်တွင် မဒမ်တုမှာ အကျယ်ကြီး အော်ရယ်ချပစ်လိုက်တော့သည်။
"အပြင်မှာ ရှောင်ယန်ကို မေ့ကျန်ခဲ့တာမလား။သူ့ကို အထဲခဏလာဖို့ ဖိတ်လိုက်လေ။ ကောင်းကောင်းမွန်မွန် ပြုမူပါဦး။မင်းက အိမ်တံခါးဝမှာ ရှိနေပြီး သူ့ကိုကျတော့ အထဲပေးမဝင်ဘူးပေါ့။"
မဲ့တုန်သည် ဒုတိယမြောက် အတွေးပင် ထပ်မတွေးတော့ဘဲ သူ့ကောင်လေး ကိုယ်စား အမြန် ငြင်းပယ်ပေးလိုက်သည်။
"ဒီနေ့တော့ သိပ်အဆင်မပြေဘူး။ထားလိုက်ပါတော့။သူ နည်းနည်း သောက်လာခဲ့တယ်။"
မဒမ်တုလည်း ထပ်ပြီး စစ်မေးမနေတော့ဘဲ နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ၊ ဒါဆိုလည်း မင်း သွားတော့လေ။သူ အိမ်ကို အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားလားဆိုတာ သေချာအောင် လုပ်ခဲ့ဦး။"
ညနေခင်းတွင် ကောင်းကင်၌ တိမ်များ ထူထပ်လာပြီး၊အငှားယာဥ်မောင်းကလည်း ခရီးစဥ် နောက်တစ်ကြောင်းအတွက် တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းပေးနေခဲ့သည်။
မဲ့တုန်က ကားမှန်ကို တဒေါက်ဒေါက် ခေါက်လိုက်သည်။မှန်တံခါး ကျလာသည်နှင့် စာအုပ်ကို ထိုကြားထဲမှ ထိုးထည့်ပေးလိုက်သည်။ ယန်ရှုမင်က ဘာမှမပြောပေ။သို့သော်လည်း သူ့အကြည့်များက တစ်မူထူးခြားနေသည်ကို မဲ့တုန် ခံစားမိသည်။သူက ထိုသူနှင့် သင့်လျော်မည့် ဥပမာတစ်ခုကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။
အဲ့ ...အဲ့ဒါက သူ့လည်ပတ်ကြိုးစကို သခင် လာကိုင်တာ စောင့်မျှော်နေရတဲ့ အမဲလိုက်ခွေးကြီးတစ်ကောင်လိုပဲ။
သူ့ကိုယ်သူပင် မသိလိုက်ဘဲ မဲ့တုန်သည် ယန်ရှုမင်၏ ဆံပင်များဆီ လက်လှမ်းပြီး ပွတ်သပ်ပေးလိုက်မိသည်။ပြီးနောက် သူ့ကောင်လေးကို ကားမှန် နည်းနည်းလောက် ပိုချပေးရန် မျက်ရိပ်မျက်ကဲ ပြလိုက်သည်။မှန်ချပြီးချိန်တွင် မဲ့တုန်က ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ယစ်မူးရီဝေနေသော ချစ်သူကောင်လေး၏ ပါးပြင်ကို အနမ်းဖွဖွ ပေးလိုက်တော့သည်။စကားပြောလိုက်စဥ်တွင် သူ့မျက်နှာကလည်း နီရဲနေခဲ့သည်။
"အိမ်ပြန်တော့နော်၊ အိုကေလား။ဒီနေ့ ကျွန်တော်နဲ့အတူ ရှိနေပေးလို့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။"
++++++++