အပိုင်း၉၇
Viewers 8k

🥰 Chapter 97 ✅


တီဗီရှိုးပြီးသွားသည့်နောက် မင်လျိုရီက မတ်တပ်ထကာ အကြောဆန့်လိုက်သည်။ သူမက ယောင်ကျိကျိုး ဘာလုပ်နေသလဲဆိုတာကို တစ်ချက်ကြည့်ဖို့ သွားရှာလိုက်သော်လည်း အိပ်ခန်းထဲ၌ရော စာကြည့်ခန်းထဲ၌ပါ သူ့ကိုမတွေ့ရပေ။ သူမ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ ယောင်ကျိကျိုး ပျောက်သွားပုံရသည်။ 


မင်လျိုရီက ချက်ချင်းပဲ ရှောင်ဖန်းကိုရှာကာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည် ။ 


" ကျွန်မယောက်ျား အပြင်ထွက်သွားတာလား "


မင်လျိုရီက ရုတ်တရက် သူမလက်ကိုလာဆွဲချိန်၌ ရှောင်ဖန်းက အလုပ်လုပ်နေခြင်းဖြစ်သည်။ သူမ အနည်းငယ်နားမလည်နိုင်ဖြစ်သွားပြီး တစ်ခုခုဖြစ်နေတာပဲဟု တွေးလိုက်မိသည်။ မဟုတ်လျှင် သခင်မလေးက ဒီလောက် ပြာပြာသလဲလဲဖြစ်နေမည် မဟုတ်ပေ။ သို့သော် ပြန်တွေးကြည့်လိုက်တော့လည်း ဘာမှအရေးတကြီးဖြစ်နိုင်စရာမဟုတ်ဟု တွေးမိသည် ။ 


' သူမက သခင်လေးကို မတွေ့လို့ စိတ်ပူနေတာပဲ ဖြစ်ရမယ်  '


ရှောင်ဖန်းက အပြုံးဖြင့် ပြောလိုက်သည် ။ 


" သခင်မလေး ၊ သခင်လေးက အားကစားလုပ်တဲ့အခန်းမှာ ရှိပါတယ်  "


'သခင်မလေးက တော်တော်တွယ်ကပ်တာပဲ... ခဏလေးပဲရှိသေးတာတောင် သူမက သခင်လေးကို ဒီလောက်တောင်ပဲ လွမ်းနေပြီလား...'


မင်လျိုရီချက်ချင်းပဲ မျက်နှာလန်းသွားသည်။ ယောင်ကျိကျိုး တစ်ယောက်တည်းအပြင်ထွက်သွားတာလားဟု သူမတွေးမိခဲ့သည်။ သူမ ချက်ချင်းပဲ အားကစားအခန်းဆီသို့ ထွက်သွားသည်။


အားကစားအခန်း၌ ကျောက်ချမ်း၏ညွှန်ကြားပေးမှုဖြင့် ယောင်ကျိကျိုးက ဗိုက်ကြွက်သားလေ့ကျင့်ရေးစက်ကို အသုံးပြုနေသည်။ သူ့အင်္ကျီတစ်ထည်လုံးကလည်း ချွေးများဖြင့်ရွှဲနေသည်။ 


အင်္ကျီအောက်ရှိ သူ၏ကြွက်သားများကို ထိုးဖောက်မြင်နေရသည် ။ ယောင်ကျိကျိုး ဤကဲသို့ အားကစားလုပ်နေရသည့် အကြောင်းပြချက်မှာ သူ့မိန်းမက သူ့ကြွက်သားတွေကို သဘောကျတာ သူသိနေသောကြောင့်ဖြစ်သည် ။ သူ့ခန္ဓာကိုယ်က ပိုသက်သာလာတာနှင့် သူသေချာလေ့ကျင်နိုင်လောက်သည် ။ 


ကျောက်ချမ်းက သခင်မလေးဝင်လာတာကို မြင်သောအခါ ယောင်ကျိကျိုးဆီသို့ အလျင်အမြန်ပဝါကို ကမ်းပေးလိုက်သည်။ သို့သော်လည်း ယောင်ကျိကျိုးက မင်လျိုရီ၏အသံကို ကြားလိုက်ရသောကြောင့် သူက နောက်ဆုံးလေ့ကျင့်ခန်းကို ဆက်လုပ်နေဆဲဖြစ်သည်။ 


မင်လျိုရီက ယောင်ကျိကျိုးရှိရာသို့ လျှောက်လာသည်။ သူမက ပဝါကိုယူပြီး ယောင်ကျိကျိုး၏ ခန္ဓာကိုယ်မှ ချွေးများကိုကူသုတ်ပေးလိုက်သည်။ သို့သော်လည်း အနည်းငယ်အခက်တွေ့သွားပုံရသည်။ ပုဝါက ယောင်ကျိကျိုး၏ခန္ဓာကိုယ်ကိုထိတော့မည့်အချိန်တွင် သူကချက်ချင်းပဲ မင်လျိုရီ၏ လက်ကို ဖမ်းဆွဲလိုက်သည်။ သူက အခုလေးတင်မှ အားကစားလုပ်ထားတာဖြစ်သည့်အတွက် သူ၏ ချွေးနံ့တော်တော်ပြင်းနေလိမ့်မည်။ 


ယောင်ကျိကျိုးက သူမအားရွံရှာသလို မခံစားစေချင်သည့်အတွက် သူကညင်သာစွာပြောလိုက်သည်။


" ချွေးနံက နည်းနည်းပြင်းတယ်... ကိုယ့်ဘာသာပဲ လုပ်လိုက်မယ်..."


အားကစားခန်းထဲ၌ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း လေအေးပေးစက်ကို ဖွင့်လိုက်ပါက ဖျားနာလွယ်သောကြောင့် သူတို့ဖွင့်လို့မရပေ။ မင်လျိုရီက ထိုနေရာတွင် ခဏရပ်နေပြီး ချွေးများထွက်လာတော့သည်။ သူမအတွက်တကယ်ကို သက်တောင့်သက်သာမဖြစ်ပေ။ သူမ ယောင်ကျိကျိုး၏ ကြွက်သားများကို မြင်နိုင်သော်လည်း သူမ ထိုနေရာတွင် ဆက်ပြီးရပ်မနေချင်တော့သောကြောင့် သူ့ကို ပြောလိုက်သည်။ 


" ကောင်းကောင်းလေ့ကျင့်နော်... အဆင်ပြေပါစေ... ကျွန်မ အရင်ဆုံးသွားနှင့်တော့မယ်..."


ထိုသို့ဆိုရင်း သူမကချက်ချင်း လှည့်ထွက်သွားသည်။ သူမ အခုလေးတင်စကားပြောလိုက်ချိန်၌ သူမ၏လည်ချောင်းက အနည်းငယ်မသက်မသာဖြစ်နေသည်ကို ခံစားမိပြီး ဘာလို့လဲဆိုတာကို သူမလည်း သေချာမသိပေ။ သို့သော်လည်း သူမက သိပ်ပြီး အာရုံမစိုက်လိုက်ပေ။ ထို့နောက် သူမအခန်းသို့ပြန်ရောက်သည်နှင့် ရေချိုးကာ လေအေးပေးစက်ဖွင့်ပြီး စောင်ပါးပါးလေးခြုံလျက် အိပ်တော့သည်။ အချိန်ဘယ်လောက်ကြာသွားလဲ သူမ မသိသော်လည်း မင်လျိုရီ လူးလိုက်လှိမ့်လိုက်ဖြင့် ကောင်းကောင်းမအိပ်လိုက်ရပေ။ 


သူမအတွက် တကယ်ကိုကြက်အိပ်ကြက်နိုးအခြေအနေဖြစ်သည်။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူမနာမည်ကို ခေါ်လာချိန်၌ ယောင်ဝါးဝါးဖြင့်နိုးလာပြီး ယောင်ကျိကျိုး၏ အလေးအနက်ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည် ။ သူမအထိတ်တလန့် ဖြစ်သွားသည်။


' ဘာဖြစ်တာလဲ '


ယောင်ကျိကျိုးက အိပ်ယာဘေးတွင်ထိုင်ကာ မင်လျိုရီနှင့် မျက်နှာချင်းဆိုင်ရှိနေပြီး စိုးရိမ်စွာမေးလာသည်။ 


" လျိုရီ... မင်းအအေးမိနေပြီ... အခုနိုးလာပြီဆိုတော့ ပြန်မအိပ်ခင် တစ်ခုခုစားပြီး ဆေးသောက်လိုက်..."


မင်လျိုရီက သူမ၏ခန္ဓာကိုယ်အနည်းငယ်နွေးနေတာကို ခံစားမိသော်လည်း သူမ၏စိတ်ဝိညာဥ်ကကောင်းနေဆဲဖြစ်သည်။ သူမ ထပြီး တစ်ခုခုစားလို့ရလောက်သည်ဟု တွေးမိလိုက်သည်။ သူမက စောင်ကိုဖယ်ကာ အိပ်ယာမှထပြီး မတ်တပ်ရပ်ဖို့လုပ်လိုက်သော်လည်း သူမ ရပ်လိုက်သည်နှင့် သူမ၏ ခြေထောက်များက အနည်းငယ်အားနည်းနေပြီး ဘာအင်အားမှ မရှိတော့သလို ခံစားလိုက်ရသည် ။ သူမ၏မြေဆွဲအားက ရုတ်တရက်ယိုင်နဲ့ကာ လဲကျသွားပြီး သူမလည်းအသံပြုလိုက်မိသည် ။


သူမအသံကိုကြားသောကြောင့် ယောင်ကျိကျိုးချက်ချင်းထိတ်လန့်သွားပြီး သူမကိုလှမ်းဖမ်းရန်ကြိုးစားလိုက်သည်။ လဲကျပြီးတစ်ဝက်လောက်တွင် သူမက ယောင်ကျိကျိုး၏ပေါင်ပေါ်၌ ထိုင်မိလျက်သားဖြစ်နေကာ သူမစိုးရိမ်သွားသည်။ 


ယောင်ကျိကျိုး၏ခြေထောက်များက အပြည့်အဝမသက်မသာသေးပေ။ ယခုလိုပြုတ်ကျပြီးထိုင်နေမိခြင်းက ပိုဆိုးသွားစေနိုင်သည်။ မင်လျိုရီက ပြန်ထရပ်ချင်သော်လည်း သူမ၏ခန္ဓာကိုယ်က အားမှမရှိသလို ထိန်းချုပ်လို့လည်းမရပေ။ သူ့ရင်ခွင်ထဲမှ သူမ၏ခန္ဓာကိုယ်က လှုပ်ရှားနေသည်ကို ယောင်ကျိကျိုး ခံစားမိသည်။ သူမ၏အသက်ရှုံက သူ့လည်ပင်းကို တိုးဝှေ့နေသည့်အတွက် သူ မသက်သာဘဲ တံတွေးမြိုချမိသွားသည်။ 


မင်လျိုရီက ယောင်ကျိကျိုး၏အပေါ်မှ တတ်နိုင်သမျှ မြန်မြန်ထချင်နေပြီး ထိုအဖြစ်ကိုသတိမထားမိပေ။ ယောင်ကျိကျိုး၏ခြေထောက်များပိုဆိုးသွားပါက သူမကိုယ်သူမခွင့်လွှတ်နိုင်မည်မဟုတ်ပေ။ ယောင်ကျိကျိုးလည်း ခံစားရတာပိုဆိုးလာသလို မင်လျိုရီကလည်း ဆက်တိုက်လှုပ်ရှားနေသည့်အတွက် သူထပ်ပြီးတောင့်မခံနိုင်တော့ပေ။ ထို့ကြောင့် သူက အက်ရှရှအသံဖြင့် ပြောလိုက်သည်။ 


" မလှုပ်နဲ့... ဒီအတိုင်းနေ..."


ယောင်ကျိကျိုးစကားကိုကြားသောအခါ မင်လျိုရီလှုပ်နေတာကို ချက်ချင်းရပ်လိုက်ပြီး သူ့ပေါင်ပေါ်တွင်သာ ဆက်ထိုင်နေလိုက်သည်။ ယောင်ကျိကျိုး၏ခန္ဓာကိုယ်က အနည်းငယ်အေးပြီးသက်တောင့်သက်သာရှိနေတာကို သူမသတိထားမိသွားသည်။ သူမလည်းမတတ်နိုင်တော့ဘဲ သူ့ရင်ခွင်ထဲတွင် ကွေးနေကာ သူမ၏မျက်နှာကို သူ့အရေပြားနှင့်ပွတ်သပ်ရင်းပြောလိုက်သည်။


" ကျွန်မ ရေနည်းနည်းသောက်ချင်တယ်..."



🥰