🥰 Chapter 96 ✅
တစ်စုံတစ်ယောက်က သူမကိုထိုကဲ့သို့ ပြန်လည်ချေပလာသောအခါ သူမဒေါသတထောင်းထောင်းထွက်သွားသည်။
သူမက မင်လျိုရီကို ပြောနေတာ အသိသာကြီးလေ ... ဒါကို ဘယ်လိုလုပ် ဒီအလုပ်များတဲ့သူတွေရဲ့ကိစ္စဖြစ်သွားရတာလဲ... သူတို့ရဲ့အနာဂတ်မှာအခက်ခဲတွေ့ရင် မင်လျိုရီကကူညီပေးမှာမို့လို့လား... အဆုံးကျရင် သူတို့က ကိုယ့်အားကိုယ်ကိုးရမှာပဲမဟုတ်လား... ပြီးတော့ သူတို့က သူမဆီကနေ ကပ်စားချင်ရင်တောင် သူတို့က လုပ်နိုင်မှာမို့လို့လား...
မိန်းမကြီးက ချက်ချင်းပဲ မကျေမနပ်ပြောလာသည်။
" ဒါဆို အစေခံကအလုပ်အကျွေးပြုတာနဲ့ ချစ်သူက ဂရုစိုက်ပေးတာကတူလို့လား "
အခြားသူများက ဆက်ပြီးရန်တွေ့ချင်နေကြသည်။ မင်လျိုရီက မျက်မှောင်ကျုံ့သွားသည်။ သူမက ထိုစကားများကို ယောင်ကျိကျိုးကြားသွားမည်စိုးသောကြောင့် ထိုမိန်းမကြီးကို ချက်ချင်းကြည့်လိုက်သည်။ မိန်းမကြီးလည်း မင်လျိုရီ၏အကြည့်ကို ခံစားမိပြီး သူမ၏ပါးစပ်ကို ချက်ချင်းပိတ်သွားပြီး ဘာမှထပ်မပြောရဲတော့ပေ။ အဆုံးတွင်တော့ သူမက ချမ်းသာသည့်သူတစ်ယောက် ဖြစ်နေပြီမဟုတ်ပါလား။ သူမသာ ဒေါသထွက်သွားလျှင် မိန်းမကြီးအတွက် ဖြစ်လာမည့်အကျိုးဆက်က အလွန်ကြီးနေပေလိမ့်မည်။
မင်လျိုရီက ဟဲရှန့်နှင့်အခြားသူများကို ကားထဲပြန်
ဝင်ရန်ညွှန်ကြားလိုက်သည်။ ကိစ္စများအနည်ထိုင်သွားသည်နှင့် သူမကချက်ချင်းပဲ ယောင်ကျိကျိုး ဒေါသထွက်နေသလားဆိုတာကို အကဲခတ်နေသည်။ သူ့အမူအရာ ဘာမှပြောင်းလဲသွားတာကို တွေ့ရမှသာ သူမစိတ်သက်သာရာရသွားသည်။ ယောင်ကျိကျိုးသာမက ထိုကဲ့သို့စကားမျိုးကို ကြားရသည့်မည်သူမဆို စိတ်ချမ်းသာကြမည်မဟုတ်ပေ ။
ယောင်ကျိကျိုး၏အမြင်က ကင်းမဲ့နေသော်လည်း သူ့အကြားအာရုံက ပိုအကင်းပါးလာသည့်အတွက်ကြောင့် လူအုပ်ကြီး၏တီးတိုးစကားများကို သူသေချာပေါက်ကြားလိုက်ရသည်။ ထို့နောက် သူကမကြားသလိုသာ ဟန်ဆောင်နေသော်လည်း သူ့ဘေးရှိမင်လျိုရီကိုအာရုံခံမိသောအခါ သူ့အမူအရာက မည်းမှောင်လာသည်။ မည်သူကမှ ထိုကဲ့သို့ပါးစပ်ပေါက်ဆိုးသည့်စကားများကို ကြားချင်မည်မဟုတ်ပေ။ အထူးသဖြင့် မာနကြီးသောအထက်တန်းလွှာ သခင်လေး ယောင်ကျိကျိုးဆိုလျှင် ပိုဆိုးသည် ။
မင်လျိုရီက တစ်ခုခုကိုတွေးနေပုံရသည်။ သူမက အိတ်ကိုဖွင့်ကာ လှန်လှောရှာဖွေနေပြီး ခဏအကြာတွင် သစ်သီးအနှစ်ထည့်ထားသောဘူးလေးကို ထုတ်လိုက်သည်။ ၎င်းက အထူးပြင်ဆင်ထားခြင်းဖြစ်ပြီး အရာသာကလည်း အလွန်ကောင်းသည်။ သူမက ဝိညာဥ်စမ်းချောင်းရေကိုပါထည့်ခဲ့သောကြောင့် စားလိုက်ရသည့်မည်သူမဆို လန်းဆန်းပြီး စိတ်ခံစားချက်လည်း ပိုကောင်းလာလိမ့်မည်။
သူမက ဘူးလေးကိုယောင်ကျိကျိုးဆီသို့တိုးပေးပြီး ညင်သာစွာပြောလိုက်သည် ။
" ရှင်သတိရနေပြီပဲဆိုတော့ ရှင့်ဘာသာပဲစားလိုက်တော့နော်.... ကျွန်မ ဒီသစ်သီးအနှစ်ကို လုပ်လာတယ်... ဒါက ရှင်သတိမေ့နေတုန်းက ကျွန်မကျွေးနေကျလေ... စားလိုက်ဦး... အဲ့ဒါက အရသာဆင်တူရဲ့လား"
ထိုအချိန်တွင် ယောင်ကျိကျိုး၏မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူက သစ်သီးအနှစ်ကို ဇွန်းနှင့်အပြည့်စားလိုက်သည် ။
အရသာက သူ့ကိုပြန်လည်လန်းဆန်းသွားစေပြီး စိတ်ပြေလျော့သွားစေသည် ။ မင်လျိုရီ၏သစ်သီးအနှစ်များက အကောင်းဆုံးဆိုတာကိုတော့ သူဝန်ခံရမည်။ နောက်ဆုံးတစ်ခေါက်၌ မြောင်လွေ့မင်က ဒါကို တောင်းဆိုခဲ့တာ အံသြစရာမရှိတော့ပေ။
ယောင်ကျိကျိုးလည်း သိချင်စိတ်ဖြင့်မေးကြည့်လိုက်သည် ။
" ဒီသစ်သီးအနှစ်က တကယ်မဆိုးဘူးပဲ... မင်းဘာထပ်ထည့်ထားတာလဲ... အဲ့အရသာကအရမ်းထူးကဲတယ်..."
သစ်သီးအနှစ်ထုတ်ကိုဝိညာဥ်စမ်းချောင်းရေဖြင့် ပြုလုပ်ထားကြောင်း မင်လျိုရီထုတ်မပြောနိုင်ပေ။ အစပိုင်းတွင် ယောင်ကျိကျိုး ပြန်လည်သတိရလာပြီးနောက်ပိုင်း၌ မင်လျိုရီကဆက်လုပ်ရန်အစီစဥ်မရှိသော်လည်း ဒုတိယတစ်ကြိမ်ပြန်တွေးကြည့်လိုက်ချိန်၌ ဒါကို ထပ်စားလျှင် ယောင်ကျိကျိုးက ပို၍ မြန်မြန်သက်သာလာနိုင်လောက်သည်။ မင်လျိုရီက ထိုသို့တွေးမိပြီး ဒီနေ့မနက်မှ စတင်ပြုလုပ်ခြင်း ဖြစ်သည်။
သူမက အဆန်းတကြယ်ပြောလိုက်သည် ။
" ကျွန်မ ရှင့်ကို မပြောပြနိုင်ဘူး... ဒါပေမဲ့ ဒါက ရှင့်ကို ပြန်သက်သာလာအောင် လုပ်ပေးလိမ့်မယ်... "
ယောင်ကျိကျိုးက ထိုစကားကြားပြီး အံ့အားသင့်သွား၏။
ဘယ်လိုအရာမျိုးကများ သူ့ကို ပြန်သက်သာလာအောင်လုပ်ပေးနိုင်မှာလဲ... ပြီးတော့ မင်လျိုရီကလည်း ယုံကြည်ချက်ရှိနေသလိုပဲ... မြောင်လွေ့မင်လို အံ့မခန်းဆရာဝန်တောင် အမြန်သက်သာလာပါလိမ့်မယ်လို့ အာမမခံရဲဘူး...
ယောင်ကျိကျိုးကပြုံးကာ သူ့ကိုယ်သူပြန်ရေရွတ်နေမိသည် ။
" ကိုယ်တကယ်ပဲ ပိုကောင်းလာနိုင်တာလား "
မင်လျိုရီက ကြားသောအခါ သူမ၏မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သေချာပေါက် သူပြန်သက်သာလာနိုင်တာပေါ့... မူလဇာတ်ကြောင်းထဲမှာတောင် ဝိညာဥ်စမ်းချောင်းရေရဲ့အကူအညီမပါဘဲ ယောင်ကျိကျိုးက သူ့ဘာသာ တဖြည်းဖြည်း ပြန်လည်သက်သာလာခဲ့တာပဲလေ... သူပြန်သက်သာလာဖို့ဆိုတာ အချိန်တစ်ခုပဲလိုတာ...
မင်လျိုရီက ယုံကြည်မှုကင်းမဲ့နေသောယောင်ကျိကျိုးကို ကြည့်ကာတိုးတိုးလေးကပ်ပြောလိုက်သည်။
" အဲ့ဒါက သေချာပေါက်အဆင်ပြေသွားမှာပါ... ပြီးတော့ ကျွန်မလည်း သစ်သီးအနှစ်ကိုစားထားတာပဲ... ကျွန်မကိုကြည့်လေ... အခုဆို ကျွန်မ တော်တော်သန်မာနေပြီ... ကျွန်မ နွားတစ်ကောင်လုံးကိုတောင် စားပစ်နိုင်တယ်... ပြီးတော့ ကျွန်မက ခေါင်းကိုက်တာ ၊ အအေးမိတာတွေလည်း မဖြစ်ဘူး..."
တစ်ချို့သောအရာများက ယုံကြည်မှုလွန်ကဲစွာ ပြောလို့မရနိုင်ပေ။ မင်လျိုရီက ထိုအကြောင်းအရာများကိုပြောနေချိန်၌ အလွန်သေချာနေခဲ့သော်လည်း ညဘက်အိမ်ပြန်ရောက်လာချိန်၌ သူမအအေးမိတော့သည်။
မင်လျိုရီက အိမ်ပြန်ရောက်သည်နှင့် အင်္ကျီအမြန်လဲပြီး ရေခဲသေတ္တာသို့ပြေးကာ ရေခဲမုန့်ထုတ်တော့သည်။ ထို့နောက်သူမက လေအေးပေးစက်ကို အမြင့်ဆုံးသို့တင်ကာ ပလုပ်ပလောင်းစားလိုက်သည်။
ယောင်ကျိကျိုးက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူမကို သတိပေးလေသည် ။
" မင်းက လေအေးပေးစက်ဖွင့်ပြီး အရမ်းအေးတဲ့အစားအသောက်တွေ စားနေတာပဲ... ဂရုစိုက်အုန်း... မင်းခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး..."
မင်လျိုရီက ရေခဲမုန့်ကိုဇွန်းအပြည့်စားပြီး ဝတ်ကျေတန်းကျေသဘောတူလိုက်သည် ။ သူမက စိတ်ထဲတွင်တော့မလိုက်နာပေ။
သူမ အရင်ကတည်းက ဒါမျိုးလုပ်နေကြဖြစ်ပြီး အခုထက်ထိလည်း ဘာမှမဖြစ်သေးပေ။ ယိုလင်လင်က သူမကို အလွန်ကြည့်လို့ကောင်းသော ရုပ်သံအစီစဥ်တစ်ခုညွှန်းပေးလိုက်သည်။ မင်လျိုရီက လေအေးပေးစက်ကို အမြင့်ဆုံးဖွင့်ထားပြီး ရေခဲမုန့်စားလိုက် အအေးသောက်လိုက်နှင့် တီဗွီကြည့်နေသည်။
သူမအခု အရမ်းပျော်နေတာကို ဘယ်လိုလုပ် ရပ်လို့ရပါ့မလဲ...
မင်လျိုရီက တီဗွီကြည့်နေရင်းဖြင့် ရေခဲမုန့်တစ်ပုံးလုံးကို စားပစ်လိုက်သည် ။
အစီစဥ်ကတောင် မပြီးသေးဘူး ၊ သူမက ဘယ်လိုလုပ် ရေခဲမုန့် အကုန်စားလို့ပြီးသွားတာလဲ။ မင်လျိုရီက ဖိနပ်စီးကာ ရေခဲသေတ္တာဆီသို့ပြေးသွားပြီး နောက်ထပ်ရေခဲမုန့်ပုံးတစ်ပုံးထုတ်လာပြန်သည်။ ထိုရေခဲမုန့်ကိုစားလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်က အေးလာသည်ကို ခံစားမိသည်။ ထိုအေးမြမှုက အထူးသဖြင့် နွေရာသီတွင် သက်တောင့်သက်သာရှိစေသည်။ ဒါကနွေရာသီ၌ ရှိသင့်သော ခံစားချက်ပဲ ဖြစ်၏ ။
🥰