🥰 Chapter 95 ✅
ယုဟန်က ဘေးနားတွင်ရပ်နေပြီး ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဖြစ်နေသည်။ သူတို့၏ဆိုင်ခန်း၌ လူများစွာ စုဝေးနေသည်ကို သူဌေးလင်မယားက အဝေးမှတွေ့လိုက်ရသည်။ လူအုပ်အလယ်၌ဝတ်စုံအပြည့်နှင့်သားရေဖိနပ်ဝတ်ထားသော ငယ်ရွယ်ချောမောသည့်အမျိုးသားက ဝှီးလ်ချဲလ်ပေါ်တွင် ထိုင်နေတာကိုတွေ့လိုက်ရသည်။ ထိုသူ၏ ဘေး၌လည်း အလွန်လှပသော မိန်းကလေးတစ်ယောက်ရှိနေသည်။ ထိုကဲ့သို့လူအများကြီးကို တွေ့လိုက်ရသောအခါ ရိုးသားသောသူဌေးလင်မယားက ကြောက်လန့်သွားသည် ။
ဟဲရှန့်က ထိုသူနှစ်ယောက်ရောက်လာသည်ကို တွေ့သောအခါ တတ်နိုင်သမျှညင်သာစွာပြောလိုက်သည် ။
" မင်္ဂလာပါ... ခင်ဗျားတို့က ဒီဆိုင်ခန်းရဲ့ပိုင်ရှင်တွေလား..."
နှစ်ယောက်လုံးက ချက်ချင်းခေါင်းညိတ်ပြပြီး ယုဟန်ကိုကြည့်လိုက်သည်။
' ဒီကလေးက သူပဲ တာဝန်ယူလိုက်မယ်လို့ပြောတာမဟုတ်ဘူးလား... ငါတို့က ဘာလို့ပိုက်ဆံအတွက် စာချုပ်မှာ လက်မှတ်ထိုးဖို့လာနေရသေးတာလဲ... အဲ့ဒါက ဘာလို့ရိုးရိုးရှင်းရှင်း ငွေလွှဲတာနဲ့မတူရတာလဲ...'
ဟဲရှန့်က ထိုလူနှစ်ယောက်သည် ပိုင်ရှင်အစစ်ဖြစ်ကြောင်းကို အတည်ပြုပြီးနောက် သူက စကားစမြည်ပြောပြီး အချိန်မဖြုန်းချင်တော့ပေ။ချက်ချင်းပဲတစ်ဖက်သို့လှည့်ကာ အနောက်က ကိုယ်ရံတော်ကိုပြောလိုက်သည် ။
" သူတို့ကို ခေါ်ထုတ်လာခဲ့..."
ကိုယ်ရံတော်တစ်ချို့က တစ်ခါတည်းထွက်သွားပြီး ကားထဲမှလူအချို့ကိုခေါ်လာသည်။ ထိုလူများ၏ခန္ဓာကိုယ်ပေါ်တွင် အသေးအဖွဲဒဏ်ရာတစ်ချို့ရထားသည်။ ပိုင်ရှင်နှစ်ယောက်က ထိုလူများကို တွေ့လိုက်ရသောအခါ သူတို့ပိုပြီးထိတ်လန့်ရ
သွားသည်။ ရာဇဝတ်သားများကို ထိုမျှမြန်မြန်နှင့် ဖမ်းမိလိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။
ပိုင်ရှင်ကပြောလိုက်သည် ။
" ဟုတ်တယ်..သူတို့ပဲ... ရုတ်တရက် အထဲဝင်လာပြီး ဆိုင်ခန်းကို ဖျက်ဆီးသွားတာသူတို့ပဲ..."
တစ်ချိန်က အလွန်ဘဝင်မြင့်နေသော လူမိုက်များက ယခုတွင် ငိုချင်နေသော်လည်း မျက်ရည်က ထွက်မလာပေ။ သူတို့အား ဖော်ထုတ်ပြီးနောက် ကိုယ်ရံတော်များက ထိုသူတို့ကို တစ်ဖန်ကားထဲသို့ ပြန်ပစ်ထည့်ပြီး ရဲစခန်းသို့ခေါ်သွားကြသည်။ ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတွင် တိတ်တဆိတ်အပြစ်ပေးလို့မဖြစ်ပေ။ ဟဲ့ရှန်က tablet computerကို ကိုင်ထားသည်။ သူက ဥပဒေဌာနကိုစာချုပ်ထုတ်ပြီး ပို့လိုက်ပြီဖြစ်သည်။
ပိုင်ရှင်လင်မယားက စာချုပ်ကိုသေချာဖတ်ကြည့်နေသည်။ သူတို့ကအမှားမရှိသည်ကို အတည်ပြုပြီးနောက် လက်မှတ်ထိုးပေးလိုက်သည်။ သူတို့ လက်မှတ်ထိုးပြီးပြီးချင်းမှာပဲ ပိုင်ရှင်၏ဖုန်းက အသံမြည်လာသည်။ မက်ဆေ့ထဲတွင် အပျက်အစီးနှင့်စိတ်ထိခိုက်မှုအတွက် လျော်ကြေးအားလုံးကို ပေးချေထားသည် ။
ထိုအချိန်တွင်ဟဲရှန့်က ယုဟန်ကိုကြည့်ကာ သာမန်ကာလျှံကာ ပြောလိုက်သည် ။
" မစ္စတာယုလည်း ဒီကာလအတွင်းမှာ အလုပ်ဆင်းလို့ အဆင်ပြေမှာမဟုတ်လို့ ယောင်အဖွဲ့အစည်းက သူ့လစာအတွက် တာဝန်ယူပေးပါမယ်... ဆိုင်ခန်းကို ပြန်လည်ပြင်ဆင်ပြီး စီးပွားရေးပြန်စတာနဲ့ မစ္စတာယုက ယောင်အဖွဲ့အစည်းရဲ့ဘဏ္ဍာရေးဌာနမှာ ရက်အလိုက်တွက်ပြီး ပိုက်ဆံသွားထုတ်လို့ရပါတယ်"
ဘေးတွင်ရပ်နေသော ယုဟန်က သူ့ကိုယ်သူအတွက် အားနာနေမိသည်။ သူက ထင်ထင်ရှားရှားကို ငွေညစ်ဖို့လုပ်ချင်ခဲ့သော်လည်း ထိုသူတို့ကပညာရှင်ဆန်စွာ သူ့ကိုအခွင့်အရေးပေးလာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ပိုက်ဆံများအားလုံးက ဆိုင်ရှင်သူဌေး၏ ဘဏ်အကောင့်ထဲသို့ လွှဲလိုက်သည့်အတွက် သူတစ်ပြားတစ်ချပ်မှ မရတော့ဘူးဟု တွေးခဲ့မိသည်။ သို့သော်လည်း ဟဲရှန့်ပြောစကားကို သူကြားလိုက်ရသောအခါ အံ့အားသင့်မိသွားသည်။
" ဟင် ..ကျွန်တော်ရောလား..."
ယုဟန်က မင်လျိုရီ၏ရည်းစားဟောင်းတစ်ယောက်အနေဖြင့် ရှက်နေတာမျိုးမရှိပေ။ သူတို့ကသာ သူ့ကိုပိုက်ဆံပေးနေသ၍ သူ့အတွက်အားလုံးအဆင်ပြေသည်။ အစက မင်လျိုရီကိုဖိအားပေးရမည်ဟု တွေးထားသော်လည်း ယခုကိစ္စဖြစ်ပြီးနောက် သူသည် သူတို့နှင့် လုံးဝမယှဉ်နိုင်သည်ကို နားလည်လိုက်သည်။ သူက အရင်ကအတွေးများ အားလုံးကို ဖယ်ထုတ်လိုက်သည်။
'တရားနည်းလမ်းကျကျနဲ့ ပိုက်ဆံရတာက ပိုမကောင်းဘူးလား...'
ထို့အပြင် သူကဆက်ပြီးပိုက်ဆံရမည်ဖြစ်သောကြောင့် ယုဟန်က ဘာမှထပ်တွေးမနေတော့ပေ။
ဆိုင်ခန်းအနားရှိ တစ်ခြားသောပိုင်ရှင်များကလည်း အပေါက်ဝနားတွင် ပွက်လောရိုက်နေသည်ကို အစကတည်းက လာကြည့်နေကြသည်။ ဆိုင်ကိုဖျက်ဆီးသွားသောသူများ အဖမ်းခံလိုက်ရသည်ကို တွေ့သောအခါ သူတို့ကအားပေးကြပြီး အနာဂတ်တွင် မည်သူမှ ထပ်လာမနှောင့်ယှက်နိုင်တော့သည်ကို ယုံကြည်သွားသည်။ ယခုအဖြစ်အပျက်က ထိုကဲ့သို့ ပြဿနာရှာတတ်သောသူများကို သတိပေးလိုက်ခြင်းဖြစ်သည်။ သူတို့က ယုဟန်၏ဆိုင်ခန်းကို ပစ်မှတ်ထားသည်ဆိုသော်လည်း သူတို့အားလုံးက တစ်လမ်းထဲတွင် ရှိနေသော ဆိုင်ခန်းတွေပဲဖြစ်သည် ။ ဆိုင်ခန်းပိုင်ရှင်တစ်ယောက်က အံ့အားသင့်စွာပြောလာ၏ ။
" အားလုံး သေချာကြည့်ကြစမ်းပါအုန်း... အဲ့ဒါက မင်လျိုရီ မဟုတ်ဘူးလား..."
မူလကိုယ်က ဤနေရာတွင်ကြီးပျင်းလာခဲ့သောကြောင့် အနီးနားရှိပိုင်ရှင်တချို့က သူမကိုမှတ်မိနေသည်။ မင်လျိုရီက ယခုတွင်ပြောင်းလဲသွားသော်လည်း သူမက ထိုပတ်ဝန်းကျင်တွင် ဆယ်နှစ်ကျော်လောက် ကျင်လည်ဖူးသူဖြစ်သည်။ မင်လျိုရီနှင့်ယုဟန်တို့က ထိုအနီးနားရှိဆိုင်များတွင် စားသောက်ဖူးသောကြောင့် ဆိုင်ရှင်တစ်ချို့က သူမကိုမှတ်မိနေခြင်းဖြစ်သည် ။
" မင်လျိုရီက ပိုကောင်းတဲ့ဘဝကို ရှာတွေ့သွားပြီပဲ..."
" သူမက အရွယ်ရောက်လာပြီ... ငါက သူမကို အမြဲတမ်း ကလေးလေးလို့ပဲ မြင်နေတာ..."
သူမဘေးရှိ အခြားမိန်းမတစ်ယောက်က မကျေမနပ်ဖြစ်နေသည်။ သူမ၏သမီးက မင်လျိုရီနှင့် ရွယ်တူလောက်ပဲဖြစ်ပြီး သူမ၏သမီးကို မင်လျိုရီထက်ပိုပြီး ဆွဲဆောင်မှုရှိသည်ဟုထင်နေခြင်းဖြစ်သည်။
ဒါပေမဲ့ သူ့သမီးက တင်တောင်းမခံရတာတောင် မင်လျိုရီက ဘယ်လိုလုပ် အဲ့ဒီလောက်ကံကောင်းပြီး သူဌေးမိသားစုနဲ့ လက်ထပ်နိုင်သွားတာလဲ...
သူမကဖရုံစေ့များကိုဝါးရင်း နှိမ်ချပြောနေသည့်အသံဖြင့် ပြောလာသည်။
" အဲ့ဒါကကံကောင်းတာတော့ မဟုတ်လောက်ဘူး... သူ့ယောက်ျားကဝှီးလ်ချဲလ်ပေါ်မှာထိုင်နေတာ နင်တို့ မတွေ့ဘူးလား... မင်လျိုရီသာတစ်ခုခုဖြစ်ရင် သူမကို ဂရုစိုက်ပေးဖို့ အဲ့ဒီလူကတတ်နိုင်ပါ့မလား... "
သူတို့က ဆယ်စုနှစ်တစ်စုစာလောက် အိမ်နီးချင်းများဖြစ်လာသည့်အတွက် ထိုအမျိုးသမီးကဘယ်လိုလူမျိုးလဲဆိုတာကို လူတိုင်းသိကြသည်။ သူမက ထင်ထင်ရှားရှားကို မင်လျိုရီ၏ကံကောင်းမှုကို မနာလိုနေခြင်းဖြစ်သည်။ တစ်ယောက်ယောက်၏ စီးပွားရေးက ထိုအမျိုးသမီးထက် သာသွားတာနှင့် သူတို့နောက်တွင် သူမကကျိန်ဆဲနေလိမ့်မည်။
တစ်ချို့သောဆိုင်ရှင်များက သည်းမခံနိုင်ဘဲပြန်ပက်တော့သည် ။
" သူတို့အိမ်မှာကိုယ်ရံတော်တွေနဲ အခိုင်းအစေတွေမှ အများကြီးပဲ... သူမကိုဂရုစိုက်ဖို့ သူ့ယောက်ျားဖြစ်နေမှ ရမှာမို့လို့လား..."