အပိုင်း၉၄
Viewers 8k

🥰 Chapter 94 ✅


' သူက ငါ့ကို တိုက်ရိုက်ပေးလိုက်ရင်ရနေတာကို ဒီလိုလုပ်လိုက်တယ် '


တကယ်တမ်းတွင် ဆိုင်ခန်းဘယ်လောက်အတိုင်းအတာအထိ ပျက်စီးသွားလဲဆိုတာကို ယုဟန်လည်း ကောင်းကောင်းသိသည်။ သူသာ တကယ်တမ်းတွက်ချက်ကြည့်လျှင် ဆုံးရှုံးမှုကထိုမျှလောက်မကျသင့်ပေ။ ထိုသိုဆိုချင် ယုဟန်အတွက်တစ်ပြားတစ်ချပ်မှ ရတော့မည်မဟုတ်ပေ။


ထို့ကြောင့်ယုဟန်က ဒေါသတကြီးပြောလိုက်သည် ။


" မစ္စတာယောင် ... ခင်ဗျားရဲ့စီးပွားရေးကိစ္စတွေကို ပစ်ထားပြီး ဒီလိုအသေးအဖွဲကိစ္စတွေအတွက် ကိုယ်တိုင်လာတာတန်ရဲ့လား..."


မင်လျိုရီသည် ယုဟန်၏ထူးဆန်းသော စကားများကို နားထောင်ပြီး ဆိုလိုရင်းကိုကောင်းကောင်းနားလည်ပုံမရပေ။ 


'တန်ရဲ့လား'ဆိုတာက ဘာအဓိပ္ပါယ်လဲ။ သူပဲ ငါ့ကို ဒီအထိလာဖို့ ဆက်သွယ်ခဲ့တာမဟုတ်ဘူးလား... အခု ငါဒီကိုရောက်လာတော့လည်း သူကအဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ... တကယ့်တေလေဂျပိုးသာသာကောင်ပဲ'


မင်လျိုရီက အေးစက်စွာပြောလိုက်သည် ။


" အပျက်အစီးတွေရှိနေတယ်ဆိုမှတော့ ကျွန်မတို့ ဒါတွေကို ပြန်ပြင်ဖို့ပညာရှင်တွေလိုအပ်တယ်လေ... လျော်ကြေးကို တစ်ခါတည်းတွက်ချက်ပြီး ပေးခဲ့မှာမို့လို့ အဲ့ဒါက တစ်ခြားသူတွေအတွက် မလိုအပ်တဲ့ ပြဿနာလည်း ဖြစ်စေမှာ မဟုတ်ဘူး..."


ယုဟန်က မင်လျိုရီ၏စကားများကိုကြားပြီး သူမကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။ အတိတ်တွင် မင်လျိုရီက သူမကိုယ်သူမအတွက် ပိုက်ဆံသုံးရမည်ထက် ဗိုက်ပဲအဆာခံမည့်သူဖြစ်သည်။ ယခုတွင်တော့ သူမက ထိုကဲ့သို့ငွေပမာဏလောက်လေးကိုပင် မပေးချင်တော့ပေ ။ 


ချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ပြီးမှ မင်လျိုရီက ဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ...


ယုဟန်က မကျေနပ်သောလေသံဖြင့် ပြောလိုက်သည် ။ 


" လျိုရီ... မင်းအရင်ကဒီလိုမဟုတ်ပါဘူး... မင်းက အရမ်းရက်ရောတဲ့သူလေ... မင်းက ချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ပြီးမှ ဘယ်လိုလုပ်အရမ်းတွက်ချက်တတ်သွားတာလဲ... ငွေတွေအာဏာတွေနဲ့ နေရတဲ့ဘဝကမလွယ်ဘူးပဲ... ဟုတ်တယ်မလား... အဲ့ဒါက ငါတို့အရင်တုန်းကလောက် လွတ်လပ်ပြီးပျော်ရွှင်မှုတွေမရှိဘူးလေ..."


ယုဟန် စကားကိုကြားပြီး မင်လျိုရီသူ၏ပါးစပ်ကိုအသေပိတ်ထားလိုက်ချင်မိသွားသည်။


' ဒီကောင်ကတော့... သူစကားပြောနေတဲ့သူက ဘယ်သူလို့ထင်နေလဲမသိဘူး... ဇာတ်လိုက်က ဒီမှာရှိနေတာတောင် သူကဒီလိုပေါ်ပေါ်ထင်ထင် ရန်စရဲတယ်ပေါ့... ဒီလူကသေချင်နေတာလား...'


မင်လျိုရီက ယုဟန်ကို အရူးတစ်ယောက်လိုကြည့်လိုက်သည် ။ 


သူမက သူ့ကိုလျော်ကြေးငွေအပို ပေးကမ်းနိုင်သော်လည်း အခုအခြေအနေကြောင့်မဖြစ်နိုင်တော့ပေ ။ 


ယောင်ကျိကျိုးက နှာခေါင်းရှုံ့ကာ စိတ်မရှည်ဘဲ ပြောလိုက်သည် ။ 


" ငါတို့ကိုလှည့်စားဖို့ ကြိုးစားမနေနဲ့... မင်းဆက်ပြီး အဓိပ္ပါယ်မရှိတာတွေ ပြောနေမယ်ဆိုရင် ငါမင်းကို တစ်ပြားတစ်ချပ်တောင် ရခွင့်ပေးမှာမဟုတ်ဘူး..."


ယုဟန်က ယောင်ကျိကျိုး၏သည်းခံနိုင်စွမ်းကို ထိပါးမိသွားသည့်ပုံပင်။  ယောင်ကျိကျိုး၏မျက်နှာက မည်းမှောင်လာပြီး သူ့ခန္ဓာကိုယ်က အန္တရာယ်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူ၏ တည်ရှိမှူက ရုတ်တရက် ထိတ်လန့်ဖို့ကောင်းလာသည်။ ယုဟန်၏မျက်နှာက ဖြူဖျော့သွားသည်။ သူက ဘာမှဆက်မပြောဘဲ အချိန်အတော်ကြာကြာထိုနေရာတွင်ရပ်နေပြီး ကြောက်လန့်သွားပုံရသည် ။


ဆိုင်ခန်း၏ဆုံးရှုံးမှုက မကြာခင်မှာပဲ တွက်ချက်လို့ ပြီးစီးသွားသည်။ ဆိုင်ခန်း​၏နေရာကသိပ်မကျယ်သလို ထိုင်ခုံနှင့်စားပွဲအချို့သာရှိသည်။ ဆုံးရှုံးမှုအားလုံးကို ပေါင်းလိုက်လျှင် ယွမ်လေးသောင်းမျှသာ ကျသင့်သည်။ တင်သွင်းထားသောစားသောက်ကုန်နှင့် ဆိုင်ပိတ်ထားရသော ရက်များအတွက် စီးပွားရေးအမြတ်ကို ထည့်သွင်းလျှင်တောင်မှ အများဆုံးယွမ်ရှစ်သောင်းပဲ ကျသင့်လိမ့်မည်။ ဟဲရှန့်က အားလုံးရှေ့မှာပဲ ပမာဏကိုစာရင်းထုတ်ပြလိုက်သည် ။


ယောင်ကျိကျိုးက ခေါင်းညိတ်ကာအေးစက်စွာပြောလိုက်သည် ။


" နောက်ထပ်ယွမ်တစ်သိန်းကို မင်းရဲ့စိတ်ထိခိုက်မှုအတွက် လျော်ကြေးထပ်ပေးလိုက်မယ်..."


ဟဲရှန့်က ထိုစကားကိုကြားသောအခါ သူ့မှာသံသယမရှိပေ။ ထိုပမာဏက မဆိုသလောက်သာဖြစ်သည်။ ကုမ္ပဏီတစ်ခုလုံးက ထိုမျှလောက်ငွေပမာဏကို တစ်မိနစ်အတွင်း ရှာနိုင်သည်ကိုသူတို့သိသည်။ ထို့အပြင် ယောင်ကျိကျိုးကဥက္ကဋ္ဌဖြစ်ပြီး ဘဏ္ဍာငွေများအားလုံးကို ကိုင်တွယ်နိုင်သည့်အာဏာရှိသည် ။ သို့သော်လည်း သူကလုပ်ငန်းစဥ်များကိုတော့ လိုက်နာရန်လိုအပ်သည် ။ 


ဟဲရှန့်က ယုဟန်ဘက်သို့လှည့်ကာ အေးတိအေးစက် ပြောလိုက်သည် ။ 


"လုပ်ထုံးအရ ကုမ္ပဏီရဲ့ဥပဒေဌာနက ခင်ဗျားကို စာချုပ်ပေးပါလိမ့်မယ်... လျော်ကြေးငွေကိုတော့ စီစဥ်ထားတဲ့ ဘဏ်အကောင့်ကနေပဲ လွှဲပေးလိုက်မယ်... မစ္စတာယုကပဲ ဆိုင်ပိုင်ရှင်တွေကို သတိပေးလိုက်ပါ... သူတို့ကိုယ်တိုင်လာပြီး စာချုပ်မှာ လက်မှတ်ထိုးပေးဖို့ လိုအပ်ပါတယ်..."


ယုဟန်အတွက် ယခုနှစ်များတစ်လျှောက်လုံး တစ်စုံတစ်ယောက်ဆီမှ မစ္စတာယု ဟုခေါ်သည်ကိုပထမဆုံးကြားဖူးခြင်းဖြစ်သည်။ သို့သော်လည်း ယောင်ကျိကျိုးက သူ့ကိုပါးစပ်ပိတ်နေရန် ပြောထားသည့်အတွက် သူဘာမှမပြောရဲပေ။ သူသာဒီသူဌေးကြီးကို ဒေါသထွက်စေလျှင် သူပိုက်ဆံသာမရရုံမက ဘယ်သူမှတောင်မသိလိုက်ဘဲ ရုတ်တရက်သူပျောက်ကွယ်သွားနိုင်သည်။ ယုဟန်လည်း မတတ်နိုင်တော့ဘဲ အနည်းငယ်ချောင်းဟန့်ကာ စကားပြောချင်နေသည့် ဆန္ဒကိုထုတ်ပြလိုက်သည် ။ ယောင်ကျိကျိုးက ယုဟန်ကို စကားပြောနိုင်ကြောင်း လက်ဟန်ပြလာသည်။ 


ယုဟန်၌ ရည်မှန်းချက်ကြီးကြီးမားမား မရှိပေ။ သူက လဲကျသွားသည့်အခါ ဒီအတိုင်း လှဲနေတတ်သည့်သူမျိုးသာဖြစ်သည်။ သို့သော်လည်း ဆိုင်ရှင်ကိုမနေ့က သူကတိပေးထားတာနှင့်ပတ်သက်ပြီး သူ့အနည်းငယ် အရှက်ရသွားသည်။ ဒီကိစ္စအတွက် သူအပြည့်အဝတာဝန်ယူပါမည်ဟု သူပြောခဲ့သည်။ သို့သော် ယနေ့တွင်တော့ သူကဆိုင်ရှင်ကိုသွားရှာပြီး စာချုပ်

အကြောင်းပြောရတော့မည်။ ဒါကတကယ်ကို ရှက်ဖို့ကောင်းသည်။ အကယ်၍ ဆိုင်ပိုင်ရှင်သာမလာလျှင် သူလည်း ပိုက်ဆံရနိုင်တော့မည်မဟုတ်ပေ။ 


သူက သူ့ကိုယ်သူအတွက်တောင် တာဝန်မယူနိုင်ဘူးမလား... ယုဟန်လည်း စိတ်မပါလက်မပါနှင့် ဖုန်းထုတ်လိုက်ပြီး ဆိုင်ပိုင်ရှင်ကိုဆက်သွယ်လိုက်သည် ။


" အစ်ကို... ခင်ဗျား မရီးနဲ့ထွက်လာလို့ရမလား... လျော်ကြေးအတွက် တာဝန်ရှိတဲ့သူက ပိုက်ဆံကို အစ်ကို့ဆီပဲ တိုက်ရိုက်ပေးလို့ရမယ်ပြောတယ်..."


ယုဟန်ဖုန်းချလိုက်သောအခါ မင်လျိုရီသည်ယောင်ကျိကျိုးကို တီးတိုးပြောနေကြောင်းတွေ့လိုက်ရသည်။ အခုလေးတင် မောက်မာနေသော ယောင်ကျိကျိုး​၏အမူအယာက ရုတ်တရက်ကြီး နူးညံ့သွားသည်။ 


' ဒီလူချမ်းသာတွေက တကယ်ပဲ သူတို့အလိုကျ မျက်နှာပြောင်းနိုင်တာပဲ... သူတို့က တကယ်အပြောင်းအလဲလွယ်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိဘူး... နောက်ပိုင်းငါတစ်ယောက်ယောက်ကို ဆန့်ကျင်မိရင် ဘယ်သူမှတောင်သတိမထားမိဘဲ သေသွားလောက်တယ်ဆိုတော့ ... ငါသတိရှိရှိနေတာက ပိုကောင်းလိမ့်မယ်'



🥰