🥰 Chapter 99 ✅
ယောင်ကျိကျိုးက ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။
အဲ့ဒါကအအေးမိရုံလေးပဲကို သူမဘယ်လိုလုပ်သေနိုင်မှာလဲ...
မနေ့ကသူမကို သူသတိပေးခဲ့သော်လည်း သူမကနားမထောင်ခဲ့သောကြောင့် သူလည်းဘာမှမတတ်နိုင်ပေ ။ သို့သော်လည်း သူမဘယ်လောက်ခံစားနေရမလဲဆိုတာကို သူတွေးမိလျှင် ယောင်ကျိကျိုး စိုးရိမ်လာသည်။ အထူးသဖြင့် မင်လျိုရီက တစ်ချိန်တည်းမှာပူလိုက်အေးလိုက်ဖြစ်နေတာကို ပြောလာချိန်၌ သူအလွန်ပူပန်သွားရသည်။
ယောင်ကျိကျိုးက သူ့လက်များကိုဆန့်ထုတ်ကာ ပြောလိုက်သည်။
" ဒီကိုလာခဲ့... ကိုယ်မင်းကို ဖက်ထားပေးမယ်... "
မင်လျိုရီက ခေါင်းမော့လိုက်သောအခါ ယောင်ကျိကျိုးက နားကြပ်တပ်ထားပြီး တစ်ခုခုနားထောင်နေပုံရသည်။ သူမက သိချင်စိတ်ဖြင့် ရှေ့တိုးသွားသော်လည်း ဘာသီချင်းသံမှမရှိပေ။
သခင်မလေးက နေမကောင်းဖြစ်နေလျှင် ကလေးဆန်တတ်တာကို ယောင်ကျိကျိုးသိသည်။ သူက စိတ်ရှည်လက်ရှည်ဖြင့် မေးလိုက်သည်။
" မင်းကိုယ်နဲ့အတူတူနားထောင်ချင်လို့လား "
မင်လျိုရီက ယောင်ကျိကျိုး၏ပုခုံးတွင် မှီလျက် ခေါင်းညိတ်လိုက်သည်။ ယောင်ကျိကျိုးက နားကြပ်ကိုဖြုတ်ကာ မင်လျိုရီ၏နား၌ တပ်ပေးလိုက်သည်။ မင်လျိုရီက နှစ်မိနစ်ကြာနားထောင်ပြီးနောက် ယောင်ကျိကျိုးကို ပြန်ကမ်းပေးလာသည်။ သီချင်းများအားလုံးက အင်္ဂလိပ်သီချင်းတွေချည်းပဲဖြစ်သည်။ သူမစကားလုံးတိုင်းကိုကြားနေရသော်လည်း သူမတစ်လုံးမှ နားမလည်သည့်အတွက်ဘာမှမကြားရသည့်အတိုင်းပင် ။
မင်လျိုရီက ယောင်ကျိကျိုး၏ရင်ခွင်ထဲတွင် ဆက်လှဲမနေတော့ဘဲ အိပ်ယာပေါ်ရှိ သူမ၏နေရာသို့သာပြန်ရောက်သွားသည်။ သူမက အနည်းငယ်စူးစမ်းချင်စိတ်ဖြင့် နားထောင်ချင်သော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ အဆုံး၌ သူမကိုယ်သူမ အနည်းငယ် လုံလောက်မှုမရှိသလို ခံစားလိုက်ရသည်။ ယောင်ကျိကျိုးက မင်လျိုရီတစ်ခုခုဖြစ်နေတာကို သတိမထားမိဘဲ သူမကထိုကဲ့သို့သီချင်းတွေကိုသာ မကြိုက်ဘူးဟုထင်သွားသည်။
သူက မင်လျိုရီကို ထိကာပြောလိုက်သည် ။
" မင်းဗိုက်ဆာနေပြီလား... ကိုယ်ရှောင်ဖန်းကို ခေါ်ပြီး မနက်စာယူလာခိုင်းလိုက်ရတော့မလား "
မင်လျိုရီက ကိုယ့်ကိုယ်ကိုယ်မပြည့်ဝသလိုခံစားချက်ထဲ၌ နစ်မြုပ်နေဆဲဖြစ်သည် ။
' မနက်အစောပိုင်းမှာတင် အဲ့လိုရှုပ်ထွေးတဲ့ အင်္ဂလိပ်သီချင်းတွေကို နားထောင်ရတာ မပင်ပန်းဘူးလား... သူက နည်းနည်းလေးမှကို ပေါ့ပေါ့ပါးပါးမရှိဘူးပဲ... တစ်ခါတစ်လေ ပေါ့ပေါ့ပါးပါးမနေတတ်တာက အရမ်းမဆိုးလွန်းဘူးလား'
မင်လျိုရီက နှုတ်ခမ်းစူကာ သူမ၏နူးညံ့ညင်သာသောအသံတွင် အနည်းငယ်ချွဲနေသည့် အရိပ်ယောင်တို့ပါဝင်နေသည်။
" ကျွန်မ ဗိုက်မဆာပါဘူး... ကျွန်မရဲ့ဗိုက်ကလည်းသိပ်ပြီး မသက်သာဘူးလေ... ကျွန်မ စားချင်စိတ်မရှိဘူး "
လူတစ်ယောက်အအေးမိပြီးနောက်တွင် အစာစားချင်စိတ်က ပိုဆိုးလာပြီး မသက်မသာဖြစ်လိမ့်မည်ကို ယောင်ကျိကျိုးသိသည်။ သို့သော်လည်း ခဏအကြာတွင်တော့ သူမတစ်ခုခုစားဖို့လိုအပ်သည်။ သူမ ဗိုက်ဟောင်းလောင်းဖြင့်နေလို့မရသလို ဆက်ပြီး ဗိုက်အဆာခံနေလို့လည်းမဖြစ်ပေ။ယောင်ကျိကျိုးက သူမ၏နောက်ကျောကိုပုတ်ပေးလိုက်ပြီး သူ့မျက်နှာပေါ်တွင်လည်း အချစ်များဖြင့်ပြည့်နှက်နေပြီး သူ့မိန်းမကို အမှန်တကယ် သက်သာလာဖို့ မျှော်လင့်နေပုံရသည်။
" ဒါဆို မင်းနည်းနည်းထပ်အိပ်လိုက်အုန်းလေ... အခုက စောသေးတယ်"
မင်လျိုရီကခေါင်းမော့ကာ နံရံပေါ်ရှိနာရီကိုကြည့်လိုက်သည်။ မနက်ခြောက်နာရီတောင် မထိုးသေးပေ ။ နွေရာသီ၌ကောင်းကင်က အစောကတည်းကပင် တောက်ပနေသည်။ သူမ နိုးနိုးချင်းက ရှစ်နာရီ၊ကိုးနာရီလောက်ပင် ရှိတော့မည်ဟုထင်ပြီး အချိန်ကို သတိမထားမိလိုက်ပေ။
ယောင်ကျိကျိုးက အစောကတည်းကပင် အလုပ်လုပ်နေသည်။ သူကတကယ်ကြိုးစားသည်။ မင်လျိုရီက သူမပြန်သက်သာလာလျှင် ကောင်းကောင်းကြိုးစားတော့မည်ဟုတွေးရင်း မျက်လုံးမှိတ်လိုက်သည်။
သို့သော်လည်း ထိုအချိန်ကျလျှင် ဟဲယန်ဖုန့်က အတန်းသစ်စတော့မည်ဖြစ်ပြီး သူမကိုသင်ပြပေးဖို့ အချိန်မရှိတော့ပေ။ သူမ ဆရာအသစ်ရှာပြီး သူမကိုယ်သူမ တိုးတက်အောင်လုပ်ဖို့လိုသည် ။
သူမ၏ကိုယ်ပိုင်သက်မွေးလုပ်ငန်းအကြောင်းတွေးမိပြီး မင်လျိုရီက ဆက်အိပ်ချင်မနေတော့ပေ။ သူမက ယောင်ကျိကျိုးကိုလှည့်ကြည့်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။
" ယောင်ကျိကျိုး... ရှင်အခု အလုပ်များနေလား "
ယောင်ကျိကျိုးက နားကြပ်တပ်ထားသော်လည်း အသံသိပ်မကျယ်ထားပေ။ သူက မင်လျိုရီ၏ အသံကို သူအချိန်မရွေးကြားနေရပြီး သူပြန်တုံ့ပြန်နိုင်ရန် ဖြစ်သည်။ သူမစကားကိုကြားတာနှင့် ယောင်ကျိကျိုးက သူ့နားကြပ်ကိုဖြုတ်လိုက်သည်။
' သူမ မသက်မသာဖြစ်နေတာမဟုတ်ဘူးလား... ဒါမှမဟုတ်တစ်ခုခုဖြစ်နေလို့များလား '
သူက ချက်ချင်းပြန်မေးလိုက်သည်။
" ကိုယ်အလုပ်မရှုပ်ပါဘူး... ဘာဖြစ်လို့လဲ... မင်းမသက်သာလို့လား "
မင်လျိုရီက ယိုလင်လင်နှင့်ပြောဖူးသော 'ချီးမွမ်းခြင်း'အုပ်စု အကြောင်းပြန်တွေးမိပြီး ချက်ချင်း စိတ်တက်ကြွလာသည်။
ယောင်ကျိကျိုးက အခုအလုပ်မများဘူးဆိုမှတော့ စာလေ့ကျင့်ဖို့ သူ့ကိုသုံးလို့ရတာပဲ။ တခုခုဆိုရင်သူမဘာမှမသိသလိုဖြစ်မနေဘဲ ကူညီပေးလို့ရတာပေါ့။ အဲ့ဒါဆို သူတို့လည်း ဧည့်သည်အများကြီးရဲ့အာရုံကို ဆွဲဆောင်မိမှာ မဟုတ်တော့ဘူး။
လက်ရှိအချိန်က လေ့ကျင့်ရန်အကောင်းဆုံးအချိန်ဖြစ်တာကြောင့် မင်လျိုရီက ယောင်ကျိကျိုးကို ပြောလိုက်သည် ။
" ကျွန်မ အခုရှင့်ကို ချီးကျူးလို့ရမလား "
ယောင်ကျိကျိုး ခေါင်းရှုပ်သွားသည်။
'သူမက ငါ့ကို ဘာလို့ ချီးကျူးမှာလဲ... သူမက တစ်ခုခုနဲ့ပက်သက်ပြီး ကူညီဖို့လိုလို့လား... မဟုတ်ရင် သူမက အကြောင်းမရှိဘဲ ဘာလို့ ငါ့ကို ချီးကျူးမှာလဲ... ဘာကအရင်လဲဆိုတာ ငါကြည့်အုန်းမယ် '
မင်လျိုရီက ယောင်ကျိကျိုး၏ ရှုပ်ထွေးနေသော အမူအရာကိုကြည့်ကာ ပြုံးလိုက်သည်။ သူမက စကားလုံးများဖြင့် သူစိတ်ကျေနပ်အောင် ကြိုးစားနေသည့်အလားပင် ။
" ဒီလိုပါ.. လင်လင်နဲ့ ကျွန်မက ချီးမွမ်းတဲ့အုပ်စုဖွဲ့ထားတယ်... ကျွန်မက အခုနည်းနည်းလေ့ကျင့်ကြည့်ချင်လို့ အဆင်ပြေတယ်မလား "
ယောင်ကျိကျိုး ဘာများတတ်နိုင်ပါ့မလဲ ။ သူ့မိန်းမက ပြောလာပြီဖြစ်ပြီး သူမ၏အသံကလည်း အလွန်ဆွဲဆောင်မှုရှိနေသည့်အတွက် သူ မငြင်းဆိုနိုင်တော့ပေ။ ထို့အပြင် ချီးမွမ်းခံရခြင်းက အလွန်စိတ်ကျေနပ်ဖွယ်ကောင်းသည် ။ အထူးသဖြင့် သူ့မိန်းမထံမှ ဖြစ်နေသည့်အတွက် သူ့မှာငြင်းပယ်စရာအကြောင်းမရှိပေ။
သူက ချက်ချင်းပဲခေါင်းညိတ်လိုက်သည်။ မင်လျိုရီက ယောင်ကျိကျိုး၏ချောမောသော မျက်နှာကို ကြည့်ကာ အလေးအနက်ပြောလိုက်သည် ။
" လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာယောင်... ဒီနေ့က လှပတဲ့နေ့လေးတစ်နေ့ဖြစ်ပြီး ကျွန်မတို့က စီးပွားရေးလုပ်ငန်းအတွက် ဖွင့်လှစ်ထားတာဖြစ်ပါတယ်... ကြိုဆိုပါတယ်ရှင်..."
🥰