🥰 Chapter 100✅
ဒါကို ကြားပြီးနောက် ယောင်ကျိကျိုးက ပိုလို့ပင် ခေါင်းရှုပ်သွားသည်။
'သူမက ငါ့ကို ချီးမွမ်းမယ်လို့ပြောတာ မဟုတ်ဘူးလား... ဒါကဘယ်လိုလုပ် စျေးဆိုင်ပိုင်ရှင်နှုတ်ဆက်တဲ့ပုံစံ ဖြစ်သွားရတာလဲ '
ယောင်ကျိကျိုးက မင်လျိုရီကို နားမလည်နိုင်သလိုကြည့်လိုက်သည်။ မင်လျိုရီက လက်ဆန့်ကာ ယောင်ကျိကျိုး၏ ခေါင်းအနောက်ကို မြင်နိုင်အောင် သူ့ခန္ဓာကိုယ်ကို ဟိုလှည့်ဒီလှည့်လုပ်နေ၏ ။ မင်လျိုရီက အလေးအနက်အမူအရာဖြင့် ဆက်ပြောလိုက်သည် ။
" ရှင့်ရဲ့ခေါင်းနောက်ပိုင်းက မထင်ထားလောက်အောင်လှပတာပဲ "
ယောင်ကျိကျိုးပြောစရာစကားမဲ့သွားသည်။
' ဒါကို ချီးမွမ်းတယ်လို့ခေါ်တာလား... အဲ့ဒါက ဘယ်လိုလုပ် အရူးတစ်ယောက်ပြောတဲ့ပုံစံပေါက်နေရတာလဲ... သူမအရမ်းစိတ်လှုပ်ရှားနေလို့ စကားလုံးကောင်းကောင်းမထွက်တာပဲနေမှာပါ '
မင်လျိုရီက ရုတ်တရက် ယောင်ကျိကျိုး၏ လက်ဖဝါးကို ကြည့်ကာအကြံရသွားပြန်သည်။ သူမက ဆက်ပြောလိုက်သည် ။
" ရှင့်ရဲ့လက်ချောင်းလေးတွေကလည်း အရမ်း လှတာပဲ... လက်ဆစ်တွေကထင်ရှားပြီး ဖြူဖြူသွယ်သွယ်လေးတွေ... ဒီလိုမျိုးပြီးပြည့်စုံတဲ့လက်တွေ ရှိနေတာကတရားဝင်ရဲ့လား"
ယောင်ကျိကျိုးနားထောင်လေလေ ပို၍ ခေါင်းရှုပ်လာလေလေပင် ။
'ဒါက တကယ်ချီးကျူးနေတာလား... အဲ့ဒါက ဘာလို့ငါ့ကိုပိုပြီးစိတ်ရှုပ်သွားစေရတာလဲ... ပြီးတော့ သူမက ငါ့ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည် ၊ ကြည့်ကောင်းတဲ့ပုံစံကို ချီးမွမ်းသင့်တာမဟုတ်ဘူးလား... ငါ့လက်တွေက ဘာလုပ်လို့ရမှာမို့လို့လဲ။ သူမသာ အနာဂတ်မှာတစ်ယောက်ယောက်ကို ဒီလိုမျိုးသွားချီးကျူးမယ်ဆိုရင် သူမအရိုက်တောင်ခံရလောက်တယ် '
မင်လျိုရီ ဆက်ပြောမှာကို စောင့်မနေတော့ဘဲ ယောင်ကျိကျိုးက သူမကိုစကားဖြတ်ပြောလိုက်သည် ။
" မင်းက လူတွေကိုချီးကျူးတဲ့အခါ အရမ်းထူးဆန်းတာပဲ... အဲ့ဒါက တကယ်ပဲချီးမွမ်းနေတာဟုတ်ရဲ့လား... မသိရင် တစ်စုံတစ်ယောက်ကို ထုရိုက်နေသလိုပဲလို့ ကိုယ့်ကိုခံစားရစေတယ်"
မင်လျိုရီလည်း ယောင်ကျိကျိုး၏စကားများကြောင့် ခေါင်းရှုပ်သွားသည်။
' ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါမကြာသေးခင်ကမှ ဒီအကြောင်းအရာနဲ့ပက်သက်ပြီးဖတ်ထားတာ။ အဲ့ဒီ အင်တာနက်အသုံးပြုသူတွေပြောတာတော့ ချစ်သူမိန်းကလေးကစိတ်ကောက်သွားရင် ဒီလိုပြောလိုက်တာနဲ့ သူတို့ရဲ့ချစ်သူကောင်မလေးတွေက သေချာပေါက်ပျော်ရွှင်သွားမှာပဲတဲ့... အဲ့ဒါက ဘာများမှားနေလို့လဲ '
မင်လျိုရီက နားမလည်နိုင်စွာဖြင့် မေးလိုက်သည် ။
" ကျွန်မ ဒါကို ချီးမွမ်းလို့မရဘူးလား... ဒါပေမဲ့ အင်တာနက်ပေါ်မှာတော့ အဲ့ဒီလိုလုပ်ရမယ်လို့ပြောထားတာပဲ"
ယောင်ကျိကျိုး စိတ်လေသွားသည်။ အကယ်၍ အင်တာနက်တွင်ဖော်ပြထားသည့်အရာများကသာ အလုပ်ဖြစ်မည်ဆိုလျှင် ဒီကမ္ဘာတွင် ရန်ဖြစ်သည့်စုံတွဲဆိုတာတောင် ရှိတော့မှာမဟုတ်သလို ၊ ချော့လို့မရသည့် ချစ်သူကောင်မလေးဆိုတာမျိုးလည်း ရှိတော့မှာမဟုတ်ပေ။ ယောင်ကျိကျိုးနားထင်ကို နှိပ်လိုက်မိသည် ။ ကြည့်ရတာ မင်လျိုရီကို လူတွေကိုဘယ်လိုချီးကျူးရမလဲဆိုတာ သင်ပေးရတော့မည့်ပုံပင်။ ဒါမှသာအနာဂတ်တွင် တစ်ခြားသူတွေကို သူမစိတ်အနှောင့်အယှက်ဖြစ်စေမည်မဟုတ်တော့ပေ။
ယောင်ကျိကျိုးက ကူကယ်ရာမဲ့စွာဖြင့် သူမကိုပြောလိုက်သည် ။
" မင်းလူတွေကို ချီးမွမ်းတဲ့အခါကျရင် မင်းရိုးသားဖို့လိုတယ်... ဒီလို ..."
ယောင်ကျိကျိုးပြောလို့ပင်မပြီးသေးခင် မင်လျိုရီက ရုတ်တရက် ထရပ်ကာ သူ့မျက်လုံးများကို နူးညံ့စွာထိတွေ့လာသည်။ ယောင်ကျိကျိုး ရုတ်တရက် မသက်မသာဖြစ်သွားပြီး မသိလိုက်ဘဲ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်မိသည် ။ မင်လျိုရီက သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေပြီး ချက်ချင်း ညို့ယူဖမ်းစားခံလိုက်ရသည်။
' ဇာတ်လိုက်ဆိုတဲ့အတိုင်းပဲ... သူ့မျက်လုံးတွေက အရမ်းလှတာပဲ '
မင်လျိုရီက မရည်ရွယ်ဘဲ ရေရွတ်မိသွားသည်။
" ကြယ်လေးတွေကို လှတယ်လို့ပြောတဲ့သူတွေက ရှင့်ရဲ့မျက်လုံးကို မမြင်ဖူးသေးလို့ပဲဖြစ်ရမယ် "
ဒါကိုကြားပြီး ယောင်ကျိကျိုး အကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်မိသွားသည်။ ရုတ်တရက် သူ့မြင်ကွင်း၏ထူထပ်သောမြူခိုးများကြားထဲ၌ အလင်းရောင်လေးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ မယုံကြည်နိုင်သလို သူ့မျက်လုံးများကို ပွတ်လိုက်သောအခါ အားလုံးက တစ်ဖန်မည်းမှောင်သွားပြန်သည်။ သူ့ကိုယ်သူလှောင်ရယ်မိသည် ။
' အဲ့ဒါက တကယ်ထင်ယောင်ထင်မှားဖြစ်တာပဲ... ငါ့ရဲ့မျက်လုံးတွေက ဘယ်လိုလုပ် အမြန်ပြန်ကောင်းနိုင်မှာလဲ '
မင်လျိုရီက ယောင်ကျိကျိုး၏ အခြေအနေကိုတွေ့ပြီး နားမလည်နိုင်သလိုမေးလိုက်သည် ။
" ကျွန်မ တစ်ခုခုအမှားပြောလိုက်မိလို့လား... ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့မျက်လုံးတွေကို အဲ့လိုလုပ်လို့မရဘူး... ကျွန်မ နောက်နေတာမဟုတ်ဘူး... ရှင့်ရဲ့ မျက်လုံးတွေက တကယ်လှတယ်လို့ ကျွန်မထင်တာ..."
ယောင်ကျိကျိုးက စိတ်လျှော့လိုက်သည်။ စောနတုန်းက ထင်ယောင်ထင်မှားဖြစ်ခြင်းသာဖြစ်ပြီး သူ့မျက်လုံးတွေက တကယ်ပဲပြန်သက်သာလာမလားဆိုတာ သူမသိချေ။ သို့သော်လည်း သူ့မိန်းမက သူ့မျက်လုံးသာမက သူ့ခြေထောက်တွေကပါ အားလုံးအဆင်ပြေသွားပါလိမ့်မည်ဟု အရင်ကပြောခဲ့ဖူးသည်။ ထိုအချိန်သို့သာရောက်လာခဲ့လျှင် သူ့မိန်းမကို သူဒီထပ်ပိုပြီး ဂရုစိုက်ပေးနိုင်လောက်သည်။
ယောင်ကျိကျိုး၏စိတ်အခြေအနေက တည်ငြိမ်သွားပြီးနောက်သူပြောလိုက်သည် ။
" တစ်ခြားသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးကို ဖော်ပြဖို့အတွက် တစ်ခြားစကားလုံးတွေရော ရှိသေးလား "
မင်လျိုရီက ဆက်ပြောလိုက်သော်လည်း ယောင်ကျိကျိုးက သူမ ပြောတာကိုမကြားရပေ။ သူက အလင်းရောင်ကို မြင်လိုက်ရတုန်းက ခံစားချက်ကို ပြန်လည်သတိရနေဆဲဖြစ်သည်။ ထိုရင်းနှီးသည့် ကြာရှည်စွာပျောက်ဆုံးနေခဲ့သောအာရုံက ယောင်ကျိကျိုးကို အဆုံးမရှိတမ်းတစေမိသည် ။
မင်လျိုရီက စကားတွေအကြာကြီးပြောနေသော်လည်း ယောင်ကျိကျိုးက တစ်လုံးတစ်လေမှမပြောလာပေ။ ယောင်ကျိကျိုးအလွန်ပင်ပန်းနေတာဖြစ်မည်ဟု သူမတွေးမိသောကြောင့် မင်လျိုရီလည်း စကားပြောနေတာကိုရပ်လိုက်ပြီး တဖြည်းဖြည်း အိပ်ပျော်သွားသည်။
အချိန်အတော်အတန်ကြာပြီးနောက် မင်လျိုရီ ဗိုက်ဆာပြီး နိုးလာသည်။ သူမ တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ ယောင်ကျိကျိုးက အိပ်ယာထဲတွင်မရှိတော့ပေ။ သူအလုပ်သွားလုပ်တာပဲ ဖြစ်မည် ။မင်လျိုရီသည် မနက်ကထက်ပိုပြီးသက်သာလာသည်။ သူမက ဆေးကြောသန့်စင်ကာ တစ်ခုခုစားဖို့ သွားရှာသည်။ ရှောင်ဖနိးက မင်လျိုရီကို တွေ့တာနှင့် မီးဖိုချောင်၌နွှေးထားသော ဆန်ပြုတ်ကိုယူလာပေးသည်။ မင်လျိုရီက ရှောင်ဖန်းပေးသော ဆန်ပြုတ်ကိုကြည့်ပြီး နှုတ်ခမ်းစူသွားသည်။
" ပြောရရင် ကျွန်မရဲ့အရသာခံမှုက တော်တော်လေးအားနည်းနေသေးတာတောင် ဒီလိုအရသာမပါတဲ့ဆန်ပြုတ်ကိုပဲ စားရအုန်းမှာလား... ကျွန်မ ဒါတွေ တကယ်မစားချင်ဘူး "
ရှောင်ဖန်းက ဒါကို မျှော်လင့်ထားပြီးသားဖြစ်သည်။ သခင်မလေးက တစ်ခါတစ်ရံ ကလေးလိုပင်။ သူမက ကလေးလို အချော့ခံရတိုင်း ပျော်ရွှင်သွားလိမ့်မည်။
ရှောင်ဖန်းက သူမယူလာသော ဆန်ပြုတ်ကိုချကာ မီးဖိုချောင်ထဲသို့ပြန်ဝင်သွားသည်။ သူမက ဆားရည်စိမ်ထားသော အသီးအရွက်များကို ရတနာကဲ့သို့ ပန်းကန်တွင်ထည့်လာပြီး ယူလာသည်။
သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မင်လျိုရီနားကပ်၍ တိုးတိုးလေးပြောလိုက်သည် ။
" သခင်လေးက သခင်မလေးမသက်သာသေးလို့ အလွတ်ဟင်းလျာတွေကိုပဲ စားသင့်တယ်လို့ပြောတယ်... ဒါကြောင့် သူက မီးဖိုချောင်ကိုလာပြီး ရိုးရိုးဆန်ပြုတ်ပဲလုပ်ပေးဖို့ပြောသွားတာ... သခင်မလေးမစားဘူးဆိုတာသိလို့ ကျွန်မ ဆားရည်စိမ်တဲ့အသီးအရွက်တွေကို တိတ်တိတ်လေးပြင်ထားတာ..."
🥰