Chapter 26
Viewers 4k

🥘Chapter 26



“ကံမကောင်းလိုက်တာ...” 


လုံလင်က တင်းမာသောမျက်နှာဖြင့် သူ၏ စေ့စပ်ထားသူ အောင်းရီကို ခေါ်ဆောင်၍ နဂါးတိုင်းပြည်သို့ ပြန်သွားခဲ့သည်။ သူက သုံးထောင်စားတော်ဆက်ရှိ အစားအသောက်များက အရမ်းကောင်းသည်လို့ ကြားဖူးပြီး သူမကို မြည်းစမ်းကြည့်ရန် ထိုနေရာကို ခေါ်သွားခဲ့ခြင်းဖြစ်သည်။ 


သို့သော် သူက သုံးထောင်စားတော်ဆက်တွင် ဒီလို အခြေအနေမျိုး ကြုံတွေ့ရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ... 


သူက အောင်းရီကို သုံးထောင်စားတော်ဆက်ပိုင်ရှင်က ဘာလုပ်ခဲ့မှန်း မသိသော်လည်း သူမက လုံးဝတောင့်တင်းနေပြီး မလှုပ်ရှားနိုင်တော့ပေ... 


နဂါးတိုင်းပြည်ရှိ အိမ်သို့ ပြန်လာပြီးနောက် လုံလင်က သူ၏ စေ့စပ်ထားသူကို ဆရာဝန်ထံ အပ်နှံခဲ့ပြီး သူ့ညီအစ်ကိုများနှင့် စစ်သည်တော်များကို အတူတကွ လိုက်ပါစေ၍ သုံးထောင် စားတော်ဆက်သို့ ဦးတည်သွားလိုက်သည်။ 


သူက ထိုဖြစ်ရပ်အတွက် ပြန်လည်တောင်းယူရန် ရည်ရွယ်ထားခြင်းပေ... 


ထိုအချိန်တွင် တုလင်လင်က သုံးထောင်စားတော်ဆက်မှ မှင်တက်ကာ ယိုင်တိယိုင်တိုင် ထွက်လာပြီး ဝိညာဉ်တိုင်းပြည်ရောက်သည့်အထိ  မြူခိုးများကြားမှ လမ်းလျှောက်သွားသည်။ ထို့နောက်မှသာ သူက သတိပြန်ဝင်လာပြီး လစာမြင့်သည့် အလုပ်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဖြစ်ကြောင်း သတိပြုမိသွားသည်။ 


သူ့မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုဖြင့် ပြည့်သွား၏။ 


ငယ်စဉ်ကတည်းကပင် တုလင်လင်က သူစိမ်းများနှင့် ထိတွေ့ဆက်ဆံမှုကို ငြင်းပယ်လေ့ရှိပြီး သူအသက်ကြီးလာသည်နှင့်အမျှ သူစိမ်းများအပေါ် ကြောက်လန့်မှုက တစ်ဖြည်းဖြည်းတိုးလာသည်။ ဤအခြေအနေက သူ့အတွက် ဘယ်လိုအလုပ်မျိုးကိုမှ ရှာတွေ့ရန် မဖြစ်နိုင်ပေ။ 


ကံကောင်းထောက်မစွာ သူ့တွင် ဘဝအတွက် မြင့်မားသောတောင်းဆိုမှုများ မရှိခဲ့ပါ။ သူ့တွင် စားစရာရှိသရွေ့ ရောင့်ရဲတတ်၏။ ထို့ကြောင့် သူ့တွင် ပြန်စရာနေရာမှာ ထွက်ခွာသွားသော မိခင်မှ ထားခဲ့သည့် လိုဏ်ဂူတစ်လုံးသာရှိပြီး ထိုဂူပတ်လည်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးခြင်းဖြင့် သူ့ကိုယ်သူ ကြာရှည်မရပ်တည်နိုင်ပေ။ 


သူ့တစ်သက်လုံး ဒီအတိုင်းနေရမည်လို့ သူထင်ခဲ့သော်လည်း ဘယ်သူက သူအခုအလုပ်တစ်ခု ရလာလိမ့်မယ်...အဲ့အလုပ်က လစဉ် လစာ တစ်သောင်းကျော် ပေးတဲ့အလုပ်ဖြစ်နေမယ်လို့ စိတ်ကူးမိမှာလဲ... 


တုလင်လင်က လူအများနဲ့ ထိတွေ့ဆက်ဆံမှုနည်းပါးသော်လည်း သူက အွန်လိုင်းပေါ် တက်ခြင်းကို နှစ်သက်တယ်...ဒါကြောင့် သူက ဒီ Orc(သားရဲ) ကမ္ဘာမှာ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ လစဉ် လစာ တစ်သောင်းကျော်ရှိတဲ့ အလုပ်တစ်ခုက ဘယ်လောက် ရှားပါးတယ်ဆိုတာ သူသိသည်... 


သူက ဖျတ်လတ်တက်ကြွနေရုံသာမက သူ့စိတ်ထဲရှိ ပျော်ရွှင်မှုကို မျိုသိပ်မထားနိုင်ပေ။ 


အရည်အချင်းရှိပြီး ထက်မြက်သောသားရဲက ကောင်းမွန်သောကုသမှုဖြင့် အလုပ်တစ်ခုရှာရန် အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည်။ 


ဒါတောင် ထူးထူးခြားခြား ဘာမှမလုပ်ဘဲ ဒီအလုပ်ကို သူ မထင်မှတ်ပဲ ရသွားခဲ့တယ်... သူ ဘယ်လိုမှ အံ့သြမဆုံးနိုင်တော့ဘူး... 


ဟုတ်ပါတယ်... တုလင်လင်က သူ့မှာ ထူးထူးခြားခြား အရည်အချင်းမရှိဘူးဆိုတာကို ကောင်းကောင်းသိပြီး ဘော့စ်ပိုင်က ကြင်နာတတ်တဲ့သူမို့ သူ့ကို ဒီအလုပ်ပေးတယ်ဆိုတာ သူသိတယ်... 


ယခု သုံးထောင်စားတော်ဆက်က နေ့တိုင်း လာရောက်စားသုံးတဲ့လူတွေကြောင့် ဒီလို လူသိများပြီး ရေပန်းစားလာတာ... ဘော့စ်ပိုင်က ဒီလို လစာမြင့်မြင့်နဲ့ ဒီနေရာမှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းကို ကြော်ငြာခဲ့မယ်ဆိုရင် လူပေါင်း မရေမတွက်နိုင်အောင် လာလျှောက် ကြလိမ့်မယ်လို့ သူယုံတယ်...

ဒါပေမယ့် ဘော့စ်ပိုင်က ဒီလိုမလုပ်ခဲ့ပါဘူး... အဲ့အစား သူက တုလင်းလင်းထံ တိုက်ရိုက် ချဉ်းကပ်ပြီး သူ့ကို လုံးဝယုံကြည်ကြောင်း ပြခဲ့တာ... 


“ငါ ကောင်းကောင်းလုပ်ရမယ်...” 


တုလင်လင်က သူ့ကိုယ်သူ သစ္စာပြုလိုက်သည်။ 


ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးနောက် သူ ပို၍ပင် ပျော်ရွှင်လာ၏။ သူက သူ့အဖွား နေထိုင်သည့် နေရာသို့ သွားပြီး ဤသတင်းကောင်းကို မျှဝေရန် မစောင့်နိုင်တော့ပေ။ 


သို့သော် သူ့အဖွားကို တွေ့လိုက်ရချိန်တွင် သူ့ခံစားချက်ကောင်းများက ဒေါသအဖြစ်သို့ ပြောင်းသွားလေသည်။ 


ကြင်နာတတ်ပြီး ချစ်စဖွယ်ကောင်းသည့်အပြင် သူ့အပေါ် အရမ်းချစ်သည့် အဘွားဖြစ်သူက နေပူပူတွင် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်၍ အခြောက်ခံထားသော မုန်လာဥနီကို ကိုက်ကာ သစ်ပင်အိမ်အပြင်ဘက်တွင် ထိုင်နေသည်။ 


သူ့အဖွားနောက်ဘက်ရှိ သစ်ပင်အိမ်က ရွှေ‌ရောင်ပြောင်းအမိုးတန်းများရှိသည့်  သူ့အဖေ၏ အိမ်သာ မဟုတ်ပါက တုလင်လင်က သူ့အဖေ ဒေဝါလီခံပြီး လမ်းဘေးမှာ တောင်းစားနေရသည်လို့ တွေးမိလိမ့်မည်။ 


သို့သော်လည်း ဤသည်က ကိစ္စမရှိပါ။ သူက အဖွားလက်မှ ညှိုးနွမ်းနေသော မုန်လာဥနီကို အမြန်ယူရန် အပြေးသွားလိုက်ပြီး ဆို့နင့်သောအသံဖြင့် ခေါ်လိုက်သည်။ 


“အဖွား...” 


သူ့အဖွားက ဖုန်များ တင်ကျန်နေသည့် မျက်နှာဖြင့် ခေါင်းကို မော့ကြည့်လိုက်ရင်း တုန်လှုပ်သွားသည်။ သူမက တုလင်လင်၏ မျက်နှာကို တစ်ကြိမ်မျှသာ ရှင်းရှင်း လင်းလင်းမြင်လိုက်ပြီး သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်သွား၏။ သူမက တုန်ယင်နေသောအသံဖြင့် အံ့ဩစွာ ပြောလိုက်သည်။ 


“တုလင်လင်လေးလား...”


“အဖွား... ဘာတွေ... အဖွားဘာတွေဖြစ်ခဲ့တာလဲဟင်...” 


သူမ၏ နှုတ်ခမ်းများ တုန်ခါသွားပြီး သူမက တိုက်ရိုက်ပြန်မဖြေခဲ့ပေ။ ယင်းအစား သူမက ငိုသံကို ထိန်းထားသော်လည်း ထပ်မထိန်းနိုင်တော့ဘဲ မြေးနှင့် အဖွား နှစ်ယောက်လုံး ထိန်းမနိုင်သိမ်းမရ ပွေ့ဖက်၍ ငိုကြလေတော့သည်။ 


ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သူတို့ကြားရပြီး သစ်ပင်အိမ်မှ လူတစ်ယောက် ထွက်လာသည်။ သူက ပိန်ပါးပြီး တုလင်လင်နှင့် ဆင်တူမှုအချို့ရှိ၏။ 


တံခါးနားက လူများကို သတိထားမိပြီး တုလင်လင်က မျက်ရည်များကို သုတ်လိုက်ကာ ဒေါသတကြီးနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။ 


“အဖေ...ဘာဖြစ်လို့ အဖွားကို ဒီလိုဆက်ဆံရတာလဲ...” 


သူ့ဖခင်၏ မျက်နှာတွင် ရှက်ဖွယ်အရိပ်အမြွက်ပေါ်လာပြီး သူက အသံတိုးတိုးဖြင့် မပီမသပြောလိုက်သည်။ 


“တုလင်လင်...မင်း အခြေအနေကို နားမလည်ဘူးလား...” 


“ကျွန်တော်က ဘာနားလည်ရမှာလဲ...ဘာပဲဖြစ်ဖြစ် အဖေ အဖွားကို ဒီလို မဆက်ဆံသင့်ဘူး...” 


ဤအခိုက်အတန့်တွင် သစ်ပင်အိမ်မှ တခြားလူတစ်ယောက် ထွက်လာသည်။ ထိုသူမှာ အဘွားနှင့် မြေးကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်နေသည့် ညှို့အားပြင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက မနှစ်မြို့ဖွယ်လေသံဖြင့် ပြောလိုက်သည်။ 


“အိုး...ငါ့တံခါးရှေ့ ပြဿနာဖြစ်စေတာ အခြားတစ်ယောက်လို့ ထင်နေတာ... လက်စသတ်တော့ တုလင်လင်...မင်းကိုး...ဘာလဲ မင်းအဖွားကို သတိရလို့ သူမဆီလာလည်တာလား...” 


အမျိုးသမီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် တုလင်လင်၏ လက်များက အနည်းငယ် တုန်ခါ လာပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု ပေါ်လာသည်။ သူက ကြောက်ရွံ့မှုကို ဖိနှိမ်လိုက်ပြီး ပြောလိုက်သည်။ 


“မင်း... မင်းက ငါ့အဖွားမဟုတ်ဘူး...ငါက ငါ့အဖွားကို တွေ့ဖို့ လာတာ...” 


အမျိုးသမီးက အမှုမထားသလိုပုံဖြင့် သူမဆံပင်ကြိုးတစ်ချောင်းကို လိမ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ 


“အိုး... အဘွားကြီးဆီ လာလည်ပြန်ပြီလား...တုလင်လင်...မင်းသတိထားရမယ်.. မင်းအဖွားက ရူးသွားပြီးလေ...သူမက လူတွေကို သတိမပေးဘဲ နာကျင်အောင်လုပ်နိုင်တယ်လေ..” 


တုလင်လင်၏ ကျောဘက်ရှိ တုန်ရီနေသော အဘွားအိုက ထိုစကားကို ကြားပြီး သူ့အဝတ်များကို အမြန်ဆွဲလိုက်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ 


“မဟုတ်ပါဘူး…မရူးဘူး...မ...ရူးပါဘူးဆို...” 


သူက နောက်ပြန်ဆုတ်သွားပြီး အဖွား၏ လက်ကို ဆုပ်ကိုင်၍ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် တုလင်လင်က ထိုအမျိုးသမီးကို စိုက်ကြည့်၍ ပြန်ပြောလိုက်၏။ 


“မင်းကမှ တကယ်ရူးနေတာ... ငါ့အဖွားက အကုန်လုံးကောင်းပြီးသား...မင်းဘာလို့ သူ့ကို ဒီလို ဆက်ဆံနေတာလဲ...” 


သူက တစ်ဖန် သူ့အဖေဘက်သို့ လှည့်ကြည့်လိုက်သော် သူက သူ့မျက်လုံးနှင့် အကြည့်မဆုံစေဘဲ ရှောင်သွားသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်မှ မိန်းမကြီးက ကျေနပ်စွာ ရယ်မောလိုက်ပြီး အားရပါးရ ပြောလိုက်သည်။ 


“ဟီးဟီးဟီး... မင်းအဖွားက ရူးသွပ်နေလို့ အိမ်မှာ အမြဲတမ်း ကမောက်ကမ ဖြစ်နေတာ... ပြီးတော့ ငါ့ကိုတောင် ဒဏ်ရာရစေတယ်လေ...ဒါကြောင့် ငါတို့က သူ့ကို အပြင်မှာနေခိုင်းတာ... ဟုတ်တယ်မဟုတ်လား...ချစ်လေး...” 


“ဟုတ်တာပေါ့...” 


သူ့အဖေက ပြန်ဖြေ၏။ 


တုလင်လင်က သူဘာကြားမိသလဲဆိုသည်ကို မယုံနိုင်ချေ။ အမျိုးသမီးက အမြဲတမ်း မလိုတမာ စိတ်ရှိသောကြောင့် သူမက သူ့အဖွားပေါ် ဆက်ဆံမှုသည်  သူ့အတွက် အံ့သြစရာမဟုတ်ပေ။ 


သို့သော်... သူ့အဖွားရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ သူ့အဖေက သူမအပေါ် ဒီလို ဆက်ဆံတာကို သဘောတူတယ်ပေါ့...ဒါက သူကလေးဘဝတုန်းက သူနဲ့ နေရာတိုင်းမှာ တူတူ ကစားပေးခဲ့တဲ့ သူ့အဖေဖြစ်တယ်တဲ့လား... 


တူလင်လင်မှာ မျှော်လင့်ချက် မရှိတော့ပေ။ သူက သူ့အဖေကို စိုက်ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်၏။ 


“ကျွန်တော်...အဖွားကို ကျွန်တော်နဲ့ ခေါ်သွားတော့မယ်...အခုကစပြီး ကျွန်တော်ဒီကို ထပ်မလာတော့ဘူး...ကျွန်တော်တို့ အဖေနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်ပစ်ကြတာပေါ့...” 


သူ့အဖေက လုံးဝမလှုပ်ဘဲ ဒီတိုင်းရပ်နေပြီး သူ့နောက်ရှိ အမျိုးသမီးက ရယ်လိုက်၏။ 


“အဲ့လိုလား...အံ့သြစရာကောင်းလိုက်တာနော်...မင်းတို့လို ဝန်ထုပ်ဝန်ပိုးနှစ်ယောက်မရှိရင် ငါတို့ဘဝတွေက ပိုပြီး ကောင်းလာဦးမှာ...ဒါပေမယ့် မင်းအဆက်အဆံဖြတ်လိုက်ပြီဆို ကတည်းက ငါတို့ကို လာထပ်မရှာနဲ့နော်...” 


“လုံးဝအသေအချာပဲ” 


တုလင်းလင်းက စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်၏။ 


“အာ... ဒါဆို အရမ်းကောင်းတာပဲ...နှုတ်ဆက်ပါတယ်နော်...” 


နောက်ဆုံးတွင် ဖခင်ဖြစ်သူအား ခါးသီးစွာ တစ်ချက်ကြည့်ပြီးနောက် တုလင်လင်သည် အချဉ်သီးတစ်လုံးကို ထုတ်၍ သူ့အဖွား၏ လက်ထဲသို့ ထည့်လိုက်သည်။  သူမကို ဖေးမလိုက်ပြီး သူတို့နှစ်ဦးက အာကာအက်ကွဲကြောင်းတစ်ခုဆီသို့ ဦးတည်သွားလိုက်ကြသည်။


...............................


“ထွက်သွား...ထွက်သွားကြ... ဒါက ကိုယ်ရေးကိုယ်တာမကျေပွဲတစ်ခုပဲ...မြန်မြန် ထွက်သွားကြစမ်း” 


အပြင်၌ ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ရသောကြောင့် ပိုင်ရှန်းကျစ် ထွက်လာလိုက်သောအခါ ဆိုင်တွင်ရှိသည့် ဖောက်သည်များ အားလုံးနီးပါးက မောင်းထုတ်ခြင်းခံနေရသည်ကိုတွေ့လိုက်ရသည်။ လူတစ်ဒါဇင်လောက်က ဝင်ပေါက်ကို ပိတ်ဆို့ပြီး သူ့ကို စိုက်ကြည့်နေ၏။ 


ခေါင်းဆောင်က မကြာသေးမီက သုံးထောင်စားတော်ဆက်အိမ်တွင် ပြဿနာဖြစ်စေခဲ့သည့် အမျိုးသားပင်။


ပိုင်ရှန်းကျစ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။ 


“မင်းတို့ ဘာတွေလုပ်နေကြတာလဲ...” 


လုံလင်က မထီမဲ့မြင်ပြုသော အပြုံးဖြင့် ပြန်ဖြေလိုက်၏။ 


“သူဌေး...မင်းက နဂါးနဲ့ တော်ဝင်မျိုးနွယ်စုတွေကို ဆန့်ကျင်ရတာ အရမ်းလွယ်တယ်လို့ ထင်နေတာလား..." 


သူက ဆိုင်အနီးတစ်ဝိုက်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဟန်ဖြင့် ပြောလိုက်၏။ 


“လုပ်ကြစမ်း... ငါ့လူတို့...ဒီနေရာကို ဖျက်ဆီးပစ်လိုက်ကြစမ်း...” 


သူ့နောက်ရှိ ပုဇွန်တပ်သားများနှင့် ကဏန်းဗိုလ်ချုပ်များက သူတို့၏ အမိန့်ကို နာခံပြီး စားပွဲများနှင့် ကုလားထိုင်များဆီ ဦးတည်၍ သွားလိုက်ကြသည်။ ထိုအချိန်တွင် လုံလင်က သူ့ညီအကိုနှစ်ယောက်နှင့်အတူ ပိုင်ရှန်းကျစ်ထံ ချဉ်းကပ်ပြီး ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်၏။ 


“မင်းက ငါတို့ သုံးယောက်ပေါင်းအားကို အောင်မြင်မယ်လို့...ငါ မယုံဘူး...” 


ဆယ်စက္ကန့်အကြာတွင် ပိုင်ရှန်းကျစ်က သူ့ဆိုင်၌ ထူးထူးဆန်းဆန်းမြင်ကွင်းတစ်ခုကို တွေ့လိုက် ရသည်။ 


အမျိုးသားအချို့က ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် တောင့်တင်းနေပြီး အချို့က လက်ကို မြင့်မြင့်တင်ထားကြသည်...အချို့က လေထဲမှာ ခုန်နေ၏...အချို့က တစ်ဝက်လောက် ငုတ်တုတ် ထိုင်နေသလို တို့လို့တန်းလန်းဖြစ်နေသည်...အချို့ ကြမ်းတမ်းသော မျက်နှာအမူအရာပြနေပြီး...အချို့က အချင်းချင်း..

 ပွေ့ဖက်နေကြတာလား....


ပိုင်ရှန်းကျစ်က လူနှစ်ယောက်ကို လှည့်ပတ်ကြည့်ပြီး စားပွဲကိုဖျက်ဆီးတဲ့လူနှစ်ယောက်က ဘာကြောင့် အချင်းချင်းပွေ့ဖက်နေတာလဲဆိုပြီး လုံးလုံးလျားလျား အံ့ဩသွားမိ၏။ ဤသည်က အမှန်တကယ် နားလည်ရခက်သည်။ 


ပိုင်ရှန်းကျစ်က လာရောက်နှောင့်ယှက်သူထံ ပြန်လှည့်လိုက်ပြီး ထိုသူ၏ ခေါင်းကို ညင်သာစွာ ပုတ်၍ ပြောလိုက်၏။ 


“ကျွန်တော်က ငြိမ်းချမ်းရေးကို နှစ်သက်ပြီး အကြမ်းဖက်မှုနှင့် တိုက်ပွဲတွေကို မကြိုက်တဲ့သူပါ... ဒါပေမယ့် ဒါက ငါကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မဆိုလိုဘူးနော်...ဒါက မင်းအတွက် ပြစ်ဒဏ်ဘဲ...မင်း အနာဂတ်မှာ ထပ်ပြီး ဒုက္ခပေးဦးမှာလား...အဲ့လိုဆိုရင်တော့ မလှုပ်နဲ့... ဒုက္ခမပေးတော့ဘူး ဆိုရင်တော့..မင်းရဲ့ ဘယ်ဘက်မျက်လုံးကို....အကြိမ်သုံးဆယ်လှည့်ပြ...” 


လုံလင်က ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွား၏။ 


အကြိမ်သုံးဆယ်တဲ့လား... ပိုင်ရှန်းကျစ်က သူတို့မျက်လုံးတွေကို လှည့်ခိုင်းနေ  တာလား...မဖြစ်နိုင်လိုက်တာ... 


ပိုင်ရှန်းကျစ်က စိတ်ပျက်ဟန်ဆောင်ပြီး ထပ်ပြောလိုက်၏။ 


“အာ...ကြည့်ရတာ မင်းက ထပ်ပြီး ဒုက္ခပေးဖို့ စီစဉ်နေပုံရတယ်...ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ မင်းကို လွယ်လွယ်နဲ့ ခွင့်မလွှတ်နိုင်ဘူး...နဂါးတွေနဲ့ လုပ်နိုင်တဲ့ ဘာဟင်းပွဲရှိမလဲ စဉ်းစား ကြည့်ရအောင်...နဂါးကြွက်သားမျှင်ခေါက်ဆွဲလား...နဂါးအသားက ဘယ်လိုအရသာရှိလဲ သိချင်သား...ပေါင်းတာလား ဒါမှမဟုတ် မွှေကြော်လား...ဒါပေမယ့် မင်းတို့နဂါးသုံးကောင်က တော်တော်ကြီးတော့ အသားအများကြီးရမှာပဲ...တစ်ခုစီကို နည်းနည်းချင်းလုပ်ပြီး နောက်ဆုံး ဘယ်အရသာကအကောင်းဆုံးလဲဆိုတာကို ငါမှန်းကြည့်မယ်” 


“...ဒါပေမယ့် မင်းတို့သုံးယောက်က တော်တော်ကြီးတယ်...ဒါကြောင့် ထိန်းသိမ်းဖို့က အဆင်မပြေဘူး...နဂါးအသားက မလတ်ဆတ်ရင်တောင်မှ အရသာတော့ ကောင်းနိုင်တယ် မဟုတ်လား...”


အတိအကျပင်... 


လုံလင်နှင့် သူ၏ ညီအကို နှစ်ယောက်တို့က မျက်လုံးများကို အရူးအမူး လှည့်လိုက်ကြ၏။

ပိုင်ရှန်းကျစ်က သတိမထားမိသလို ဟန်ဆောင်လိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။ 


“စိတ်မပူပါနဲ့...မင်းတို့ရဲ့ နဂါးကိုယ်လုံးတွေက အတော်လေးကြီးတော့ ငါ တစ်ကြိမ်ကို အသားအပိုင်းအစလေးတွေ လှီးလိုက်မယ်လေ...မင်းတို့ သေတော့မသေနိုင်ဘူး မဟုတ်လား... ဒီနည်းနဲ့ဆိုရင်တော့ နဂါးအသားရဲ့ လတ်ဆတ်မှုကို ငါအာမခံလို့ရပြီး...” 


လုံလင်နှင့် သူ့အစ်ကိုများက ပို၍ ကြောက်လန့်သွားပြီး သူတို့၏ မျက်လုံးများကို ဂနာမငြိမ်စွာ လှည့်လိုက်ကြ၏။ သူတို့က သူတို့၏ အကာအကွယ်များကို မလျှော့ချရဲဘဲ နဂါးအသားစားချင်နေ သော စားသောက်ဆိုင်ပိုင်ရှင်ကို ကြောက်လန့်နေစဉ် သူက ရုတ်တရက် ဓားကိုထုတ်ပြီး အသားကို ဖြတ်ပြလိုက်သည်။ 


သူတို့ကို ခဏလောက် လှည့်စားပြီး သူတို့ တကယ်ထိတ်လန့်သွားသည်ကို တွေ့လိုက်ရသောအခါ ပိုင်ရှန်းကျစ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ 


“ကောင်းပြီလေ...မင်းတို့မျက်လုံးတွေ ဘယ်နှစ်ခါ လှိမ့်ထားလဲ စဉ်းစားကြည့်ကြ.. ဒီတစ်ခါတော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်...” 


ထို့နောက် သူက လုံလင်၏ အိတ်ကပ်အတွင်းမှ ဆက်သွယ်ရေးစက်တစ်ခုကို ထုတ်ယူပြီး  လုံလင့်မျက်လုံးများကို အသုံးပြု၍ ၎င်းကို သော့ဖွင့်လိုက်ကာ ခေါ်ဆိုမှုမှတ်တမ်းတွင် “အမေ” ဟု အမည်တပ်ထားသော နံပါတ်တစ်ခုကို ရှာဖွေခေါ်ဆိုလိုက်၏။ အခြေအနေကို စာကြောင်း အနည်းငယ်ဖြင့် ရှင်းပြပြီးနောက် သူက ဖုန်းကို ချလိုက်ပြီး သူ့ရှေ့တွင် ကြောက်လန့်နေသည့် နဂါးညီနောင်သုံးပါးကို ပြောလိုက်၏။ 


“မင်းတို့ အမေကို ငါခေါ်ပြီးပြီး....မကြာခင်မှာ သူမက မင်းတို့ကို ခေါ်ဖို့ လာမယ်။ မင်းတို့ စိတ်ချလက်ချနေလို့ရပြီး...” 


သို့သော် နဂါးညီနောင်သုံးပါး၏ အမူအရာမှာ ပို၍ပင် ကြောက်ရွံ့လာသည်။ 


စိတ်ချနေပါတဲ့လား...ဟုတ်တာပေါ့...မှန်တယ်လေ...


သူတို့မိခင်က သူတို့၏ တော်ဝင်အဆင့်အတန်းကို အသုံးပြုပြီး အပြင်တွင် မောက်မာရိုင်းပြမှုကို ရွှံ့ရှာမုန်းတီးသည့် ဒေါသကြီးသော မီးနဂါးတစ်ကောင်ဖြစ်သည်။ 


ယခုတော့...သူတို့က ပြဿနာရှာနေတုန်း သူမဆီမှာ အမိခံလိုက်ရပြီး သေတဲ့အထိ အရိုက်ခံရမှာကို ​​ကြောက်နေမိပြီ... 


ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ သူတို့အမေ၏ ဆူပူခြင်းကို ခံရသည့် မြင်ကွင်းများက သူတို့စိတ်ထဲတွင် ပေါ်လာပြီး မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ 


ပိုင်ရှန်းကျစ်က တဖိတ်ဖိတ်တောက်နေသည့် မျက်ရည်များကို သတိပြုမိပြီး သက်ပြင်းချလိုက်ရင်း ပြောလိုက်၏။ 


“တကယ်တော့ အမေဆိုတာ အစားထိုးလို့မရတဲ့ အရာပဲ....နဂါးကလန်မှာလည်း ဒီလိုသတ်မှတ်ထားတယ်ထင်တယ်....သူတို့အမေအကြောင်း တွေးလိုက်ရုံနဲ့ မျက်ရည်ကျ နိုင်တာပဲ...တကယ်ကို ရင်ထဲထိသွားတာပဲနော်...စိတ်ချလက်ချနေကြ...ငါ မင်းတို့ကို မင်းတို့ အမေလက်ထဲ သေသေချာချာ လုံလုံခြုံခြုံ အပ်ပေးလိုက်မယ်...” 


သူတို့ သုံးယောက်က အံ့ဩစွာ ပြောလိုက်ကြ၏။ 


“မဟုတ်ဘူးနော်...အဲ့အစား ငါတို့ကို အခုပဲ ရိုက်လိုက်ပါလားကွာ.... ဒါမှ ငါတို့ အရိုက်ခံရ သက်သာသွားမှာ...ဟင့်...ဟင့်...ဟင့်...” 


သို့သော် သူတို့၏ အတွင်းစိတ်ရှိ အတွေးများကို ပိုင်ရှန်းကျစ်က မကြားရစေရန် ကံစီရင်ထားပြီးဖြစ်၏။



🥘