🥘Chapter- 28
“ဟွားကော် (တရုတ်နိုင်ငံ) ရှိ ရိုးရာစားဖွယ် ဖက်ထုပ်များက ရှေးခေတ် နာမည်ကြီး သမားတော် များထံမှ ဆင်းသက်လာခဲ့ပြီး ယခုအခါ နိုင်ငံရှိ အိမ်တိုင်းလိုလို၌ တွေ့ရှိနိုင်ပြီဖြစ်သည်။ အဆိုပါ ဖက်ထုပ်ငယ်များက ဟွားကော်ရှိ လူတို့၏ နေ့စဉ်ဘဝနှင့် နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ထားသည်။
ဓလေ့ထုံးစံများ၊ စိတ်ကူးယဉ်ဆန်သောတန်ဖိုးများနှင့် နီးကပ်စွာဆက်နွယ်နေသည့်အပြင် ဖက်ထုပ်၏ အရသာက သဘာဝအတိုင်း ထူးခြားသည်။
အရသာရှိသော အသားများကို မုန့်ညက်ပါးပါးလေးဖြင့် ဖုံးအုပ်ထားပြီး ပွက်ပွက်ဆူနေသော ရေထဲတွင် အပေါ်မှအောက်သို့ နစ်မြှုပ်စေလိုက်သည်။ နှင်းကဲ့သို့ ဖွေးဖွေးဖြူသော မုန့်သားက တဖြည်းဖြည်းအရောင်ပြောင်းလာပြီး အတွင်းဘက်ရှိ အသားများက အရောင်ရင့်ရင့်ရလာချိန်တွင် ထွက်ပေါ်လာသောရေနွေးငွေ့က ဖက်ထုပ်များ၏ နှစ်သက်ဖွယ်ရနံ့ကို လေထဲသို့ သယ်ဆောင်လာ၏။
ဖက်ထုပ်ဖောင်းဖောင်းများကို အစွန်းအထင်းမရှိသော အဖြူပန်းကန်ပြားပေါ်တွင် စောင်း၍ တင်ထားလိုက်သော်လည်း ယင်းက ၎င်းတို့၏ အသွင်အပြင်နှင့် ရနံ့ကို လျော့မသွားပေ။
ဤဖက်ထုတ်များက မနေ့ကတည်းက ချက်ပြုတ်ထားသည့် အကျန်များသာ။ သုံးထောင် စားတော်ဆက်က ဆိုင်မဖွင့်သေးသော်လည်း တုလင်းလင်းက အလုပ်စလုပ်နေပြီး။ ပိုင်ရှန်းကျစ်က ဖက်ထုပ်နှစ်ပန်းကန်ကို အထူးပြင်ဆင်ထားပြီး နှစ်ယောက်စလုံးအတွက် နေ့လည်စာအဖြစ် ခင်းကျင်းထား၏။
“အင်း...အရသာရှိလိုက်တာ...အရမ်း အရသာရှိတာပဲ...”
နှင်းဖြူကဲ့သို့ ယုန်နားရွက်က အပူဒဏ်ကြောင့် အနည်းငယ် ထောင်လာပြီး ဖက်ထုပ်ကို စားရင်း တုလင်လင်၏ မျက်လုံးဝိုင်းဝိုင်းများ မှိတ်သွားသည်။ သူက အပူဒဏ်ကို မခံနိုင်သော်လည်း စားသောက်ခြင်းကို ရပ်တန့်ရန် တွန့်ဆုတ်နေပြီး ဗလုံဗထွေးအသံများ ရေရွတ်ရင်း ဆက်၍ စားနေ၏။
“ဖြည်းဖြည်းစားပါ...မင်းလျှာကို ပူလောင်စေပြီးတော့ နောက်ရက်မှာ ဘာကိုမှ အရသာမခံ လိုက်ရဘဲ ဖြစ်နေမယ်...”
ဤသည်ကို ကြားပြီး တုလင်လင်က အရှိန်ကို လျှော့ချလိုက်ကာ ဖက်ထုပ်တစ်ပန်းကန်ကို အကုန်စားလိုက်ပြီး အားရကျေနပ်စွာ ပြောလိုက်၏။
“ဒါက အရမ်းအရသာရှိတာပဲ...မနေ့က အွန်လိုင်းမှာ တွေ့လိုက်တုန်းက ကြည့်လိုက်တာနဲ့ အရသာရှိမှန်းသိတာ...ဒါပေမယ့် ဒီနေ့စားလိုက်ရတော့ ပိုကောင်းမှန်း သိလိုက်ရပြီး...”
“အွန်လိုင်းပေါ်လား...”
ပိုင်ရှန်းကျစ်က ထိုအချက်ကို ဆုပ်ကိုင်မိလိုက်၏။
“ဟုတ်တယ်လေ...မနေ့တုန်းက သုံးထောင်စားတော်ဆက်မှာ ဖက်ထုပ်စားတဲ့အကြောင်း လူတစ်ယောက်က ပို့စ်တင်ပြီး ပုံတွေကိုတောင် မျှဝေခဲ့တယ်လေ...အွန်လိုင်းမှာ လူတော်တော်များများက လာစမ်းကြည့်ချင်တယ်လို့ ပြောကြတယ်...”
ပိုင်ရှန်းကျစ်က
“...ငါ ဘာလို့ အဲ့ဒါနဲ့ ပတ်သက်ပြီး ခံစားချက် မကောင်းရတာလဲမသိ...”
နာရီဝက်အကြာတွင် သူ၏ ကြိုသိမှုအာရုံက အမှန်တကယ် ဖြစ်ပေါ်လာ၏။ သုံးထောင် စားတော်ဆက်အိမ်သို့ လာရောက်သူအရေအတွက် သိသိသာသာ တိုးလာပြီး သူတို့ အသီးသီး ဆိုင်ထဲသို့ ဝင်သွားချိန်တွင် ပထမဆုံး ပြောသည့်စကားကတော့...
“ဖက်ထုပ် စားချင်လို့ပါ...”
ဖောက်သည်များကို ကြိုဆိုရန် တာဝန်ရှိသည့် တုလင်လင်က ထပ်ခါတလဲလဲ ပြောနေရ၏။
“တောင်းပန်ပါတယ်ခင်ဗျ...ကျွန်တော်တို့ အခု ဖက်ထုပ်မရောင်းပါဘူး...”
“တောင်းပန်ပါတယ်...ဆရာ...ကျွန်တော်တို့ ဒီမှာ ဖက်ထုပ်မရောင်းပါဘူး..”
လူအများစုက စိတ်ပျက်နေကြသော်လည်း ၎င်းတို့က ခရီးစဥ်ပြုလုပ်ပြီးဖြစ်သောကြောင့် မီနူးမှ အခြားဟင်းလျာများကို မှာယူရန်ကိုသာ ရွေးချယ်နိုင်ကြ၏။ သို့သော် အချို့ဇွဲကောင်းသော ပုဂ္ဂိုလ်များလည်း ရှိ၏။
“မင်းက...ငါ့ကို ဘာလို့မရောင်းတာလဲ...မင်းက ငါ့ကို ခွဲခြားဆက်ဆံတာလားပြောစမ်း... ရှင်းရှင်းပြောရမယ်ဆို မနေ့က တစ်ယောက်ယောက် ဒီမှာဖက်ထုပ်စားတဲ့ သက်သေအဖြစ်နဲ့ အွန်လိုင်းမှာ ပုံတွေတင်ထားတယ်လေ...ဘာကြောင့် ငါ့ကို မရောင်းတာလဲ... ငါက တန်လူမျိုးစုကမို့ ငါစားဖို့ မထိုက်တန်ဘူးလို့ မင်းထင်နေတာလား...”
တုလင်လင်က ပြန်ဖြေလိုက်၏။
“အဲ့လို မဟုတ်ဘူးခင်ဗျ...မနေ့က...ဘာဖြစ်လဲဆိုတော့...”
နှောင့်ယှက်နေသော တန်မျိုးနွယ်လူ-
“ငါ...ဂရုမစိုက်ပါဘူးကွ...ဒီနေ့ ငါ ဒီမှာ ဖက်ထုပ်စားရမှကို ဖြစ်မှာ...ခွင့်မပြုရင် ငါရဲ့ မူရင်းပုံစံကို ဒီမှာပဲ ပြောင်းလိုက်မှာနော်...”
ပတ်ဝန်းကျင်ရှိ ဖောက်သည်များ၏ အမူအရာများ ပြောင်းလဲသွားကာ တန်မျိုးနွယ်လူ ပုံစံပြောင်းလိုက်ပါက ၎င်းတို့၏ စားသောက်မှုကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သွားကြပြီး လူတိုင်းက ၎င်းတို့၏ အစားအစာများကို အပြီးသတ်ရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်ကြသည်။
လူသိများသည့်အတိုင်း တန်မျိုးနွယ်စုက အုပ်စုလိုက်နေသည့် မျိုးစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ ထူးခြားသော နှစ်သက်မှုများကြောင့် ၎င်းတို့၏ နေထိုင်မှုပတ်ဝန်းကျင်က မကြာခဏ စကားလုံးများဖြင့် ဖော်ပြရန်ခက်ခဲသည်။ ထို့အပြင် တန်မျိုးနွယ်စုက သဘာဝအားဖြင့် ပျင်းရိပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို သန့်ရှင်းရန် အခက်အခဲများ ရှိတတ်သောကြောင့် အများစုမှာ တစ်နှစ်လျှင် အကြိမ်အနည်းငယ် မိုးရွာခြင်းမှလွဲ၍ စိုစွတ်မှု မရှိသလောက်ပင်။
ထို့ကြောင့် တန်မျိုးနွယ်စုပေါ်လာတိုင်း အခြားမျိုးနွယ်ဝင်များက တတ်နိုင်သမျှ ၎င်းတို့ကို ရှောင်ရှားရန် ကြိုးစားကြ၏။ တန်မျိုးနွယ်စုက လူသားအသွင်ဖြင့် နေချိန်တွင် အရာများကို စီမံခန့်ခွဲနိုင်သော်လည်း ၎င်းတို့ပြောင်းလဲသွားချိန်တွင် ၎င်းတို့၏ ခန္ဓာကိုယ်က ထူးခြားသော အနံ့ကို ထုတ်လွှတ်တတ်၏။
၎င်းတို့၏ မူလပုံစံသို့ ပြောင်းလဲပြီးနောက် ၎င်းတို့ထံမှ ထွက်ပေါ်လာသော “အညစ်အကြေးအနံ့” က ၎င်းတို့၏ ပင်ကိုယ်စရိုက်ကို ဖော်ပြ၏။
ဤတန်မျိုးနွယ်စုလူက ၎င်း၏ နံ့စော်ပြင်းထန်သော စကားလုံးများဖြင့် ခြိမ်းခြောက်နေချိန်တွင် အခြားစားသုံးသူများက ချက်ချင်း ထုပ်ပိုးပြီး ထွက်ခွာချင်ကြကုန်၏။ ၎င်းကို ထိပ်တိုက် ရင်ဆိုင်နေသည့် တုလင်လင်တောင်မှ ဘာပြောရမှန်းမသိ။
လူစုလူဝေး၏ တုံ့ပြန်မှုက တန်မျိုးနွယ်လူကို အလွန်ဝမ်းသာသွားစေ၏။ သူက ဤနည်းဗျူဟာကို စားသောက်ဆိုင် ဒါဇင်ပေါင်းများစွာတွင် အောင်မြင်စွာ အသုံးပြုခဲ့သည်။ အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍ ပြင်းထန်သော ကြေငြာချက်ထုတ်ထားသ၍ စားသောက်ဆိုင်က သူ၏ တောင်းဆို ချက်များကို ချက်ခြင်းဖြည့်ဆည်းပြီး သူ့အား လေးစားစွာ လွှတ်လိုက်မည်ဖြစ်သည်။
သူက ပိုက်ဆံမပေးရင်တောင် ဘယ်သူမှ ဘာမှ ပြောရဲကြတာမဟုတ်ဘူး...
တန်မျိုးနွယ်လူက စားသောက်ဆိုင်ရှိ အခြားစားသုံးသူများကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
ဒါဆို...ပုံမှန်ရေချိုးပြီး အနံ့မထွက်တာက ဘာလုပ်ရမှာလဲ...
သူတို့က ဤနေရာမှာ စိတ်ရှည်ရှည်ဖြင့် တန်းစီပြီး နာခံမှုရှိရှိ စောင့်ရတာပဲ။ သူ့ကိုယ်ပိုင် အနံ့ရှိသော်လည်း ၎င်းက ငွေကုန်သက်သာပြီး စားသောက်ဆိုင်တိုင်းတွင် အလွန်လေးစားဖွယ် ကောင်းသော ဝန်ဆောင်မှုကို ခံစားနိုင်စေခဲ့၏။
သူက ထိုလူများအားလုံးကို နှိမ့်ချတဲ့ အကြည့်နဲ့ ကြည့်လိုက်တဲ့အခါ ထိုလူတို့ကလည်း သူ့ကို နှိမ့်ချတဲ့အကြည့်နဲ့ ကြည့်ပြန်နေကြတယ်...
ဟွန့်...သူက ဆိုင်ရှင်ထံမှ အထူးဝန်ဆောင်မှု ခံယူပြီး တစ်ကြိမ် အလကား စားပြီးတာနဲ့...ဒီလူတွေက သူ့အပေါ် အမြင်ပြောင်းသွားမှာ...
“ဒါက...ဆရာ...ဒါက စားသောက်ဆိုင်ပါခင်ဗျ”
“ဟမ့်...ငါ့ကို အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့...မင်းရဲ့ သူဌေးကို ဒီကို ခေါ်လိုက်စမ်း...”
“ကျွန်တော်က သုံးထောင်စားတော်ဆက်ပိုင်ရှင်ပါ...ဘာကူညီပေးရမလဲ...”
ပိုင်ရှန်းကျစ်က ထွက်လာပြီး လမ်းတွင် မောက်မာစွာ ရပ်နေသည့်သူကို ကြည့်၍ မေးလိုက်၏။
တန်မျိုးနွယ်လူက ခေါင်းကို မော့လိုက်ပြီး ပြောလိုက်၏။
“ဒါဆို မင်းက သူဌေးပေါ့...ငါ ဖက်ထုပ်စားချင်တယ်... အခုချက်ချင်း ငါ့အတွက် တစ်ပန်းကန် ချက်ပြုတ်ပေးစမ်း မဟုတ်ရင် ငါ့ရဲ့ မူရင်းပုံစံကို ပြောင်းပြီး မင်းစားသောက်ဆိုင်ရဲ့ နေရာတိုင်းကို ငါ့အနံ့နဲ့ ဖြည့်ပေးလိုက်မယ်...”
“အော့...”
စားသုံးသူအချို့က ဤခြိမ်းခြောက်မှုကို ကြားသောအခါတွင် ပျို့တက်လာ၏။ ပိုင်ရှန်းကျစ်က ဘာလုပ်ရမှန်းသိပြီ။ သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“တောင်းပန်ပါတယ်...ငါတို့ စားသောက်ဆိုင်မှာ ဖက်ထုပ်မရပါဘူး...ကျေးဇူးပြုပြီး ထွက်သွားပေးပါ။”
တန်မျိုးနွယ်လူက ဒေါသထွက်သွားပြီး ထပ်ပြောလိုက်၏။
“ဖက်ထုပ်မရဘူး...ဟုတ်လား...ဒါဆို ငါအသွင်ပြောင်းလိုက်တော့မယ်...”
ဤသည်ကို ပြောပြီးနောက် တန်မျိုးနွယ်လူ၏ မျက်နှာက အဆီများနှင့် ပြည့်နှက်နေပြီး အသွင်ပြောင်းခါနီးအချိန်တွင် ရွံမုန်းစရာကောင်းတဲ့ အပြုံးကို ပြုံးပြလိုက်၏။ သို့သော် သူအသွင်မပြောင်းမီ ရှန်းကျစ်က ခြေလှမ်းကျဲကျဲဖြင့် သူ့ထံ အမြန်ချဉ်းကပ်လိုက်၏။ အသွင်ပြောင်းမှုမဖြစ်ပွားမီ လျင်မြန်သောကန်ချက်ဖြင့် တန်မျိုးနွယ်လူကို စားသောက်ဆိုင် အပြင်သို့ ကန်လိုက်၏။
သူ့ခြေထောက်ကို ပြန်ရုတ်ကာ ဖုန်ခါပြီးနောက် ပိုင်ရှန်းကျစ်က တခြားစားသုံးသူများကို တည်ငြိမ်စွာ ပြောလိုက်၏။
“ကျေးဇူးပြုပြီး...ဆက်လက်စားနိုင်ပါပြီးခင်ဗျ...”
သူက တုလင်လင်ကို မီးဖိုချောင်ထဲကို ခေါ်ပြီး မှာကြားလိုက်သည်။
“ခုနဘာဖြစ်ခဲ့လဲ မှတ်မိတယ်ဟုတ်...သူ စားသောက်ဆိုင်ကို နောက်တစ်ခေါက် ပြန်လာနိုင်သေးတယ်...သူ ဆိုင်အပြင်မှာ ပေါ်လာတာနဲ့ ငါ့ကို ချက်ချင်း ဖုန်းဆက်လိုက်...ငါတို့ သူ့ကို အဆောက်အအုံထဲ ဝင်ခွင့် မပေးနိုင်ဘူး...”
တုလင်လင်က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြသော်လည်း သူ့တွင် မေးခွန်းတစ်ခုရှိ၏။
“ဒါက မှန်ကန်တဲ့ လုပ်ဆောင်ချက်ပဲလားဟင်...ဘာပဲဖြစ်ဖြစ် သူက ဖောက်သည်ဖြစ်နေတုန်း ပဲလေ... အဲဒါက ငါတို့ စားသောက်ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ မဟုတ်ဘူးလား...”
ပိုင်ရှန်းကျစ်က သူ့ကို နှစ်သိမ့်လိုက်၏။
“စိတ်မပူပါနဲ့...သူ့ကို ငါတို့ရဲ့ စားသောက်ဆိုင်မှာ အသွင်ပြောင်းခွင့်ပေးလိုက်ရင် ငါတို့ရဲ့ လုပ်ငန်းအပေါ် အများကြီး သက်ရောက်မှုရှိလိမ့်မယ်...”
“ဒါပေမယ့် သူ့တောင်းဆိုမှုကို ကျွန်တော်တို့ လုပ်ပေးနိုင်တယ်လေ...”
တုလင်လင်က တိုးတိုးလေးပြောလိုက်၏။
ပိုင်ရှန်းကျစ်က လေးနက်သည့် လေသံဖြင့် ပြန်ဖြေလိုက်၏။
“တုလင်လင်း..ငါ မင်းကို ပြောပြမယ်...ဒီလို လူဆိုးနဲ့ ညှိနှိုင်းတာက ဘယ်တော့မှ အလုပ်မဖြစ်ဘူး။ မင်း တစ်ကြိမ် ပေးလိုက်ရင် သူ နောက်ထပ် ထပ်လိုလာလိမ့်မယ်၊ လူယုတ်မာတွေနဲ့ အပေးအယူလုပ်ရင် မင်းကို သူတို့ရဲ့ ထောင်ချောက်ထဲ ပိုကျသွားစေ လိမ့်မယ်...”
“... ဒီလိုလူတွေကို ဆက်ဆံဖို့ အကောင်းဆုံးနည်းလမ်းက ပထမဆုံးတွေ့ဆုံမှုကနေ တိကျပြီး ပြတ်သားတတ်ဖို့ပဲ...သူတို့ကို ပုံမှန်နည်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ မလိုအပ်ပါဘူး...ငါတို့က ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ လိုတာ...”
တုလင်လင်က ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်၏။
“နားလည်ပါပြီ ဘော့စ်...ကျွန်တော် အဲဒါကို မှတ်ထားလိုက်ပါ့မယ်...”
ထိုအချိန်တွင် အက်ကွဲကြောင်းကွက်လပ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ပျံသန်းနေကြတုန်း ကြီးမားသောပုံရိပ်ကြီးတစ်ခုက သူတို့ဘေးမှ ကျော်ဖြတ်သွား၏။ ခဏအကြာတွင် သူတို့၏ နှာခေါင်းထဲသို့ အနံ့ပြင်းပြင်းတစ်ခု ဝင်လာ၏။ နှစ်ယောက်သား စကားမပြောခင် အဝေးကို ပြေးသွားလိုက်ပြီး မပျော်မရွှင် ဖြစ်သွားကြ၏။
“ကံဆိုးချက်ပဲ... အဲဒါက တန်မျိုးနွယ်ပဲ...”
“အရမ်းနံစော်နေတာပဲ...ဒီ တန်မျိုးနွယ်စုက သူ့ရဲ့ မူလပုံစံနဲ့ အာကာသအက်ကွဲကြောင်းကို ဘယ်လိုဖြတ်သန်းနိုင်မလဲ...သူသွားတာ သိပ်မမြန်ဘူးဆိုရင် ငါ သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်ဦးမှာ...”
“အဲဒါကိုပြောရရင် တန်မျိုးနွယ်စုက နှေးနှေးပဲသွားတာမဟုတ်ဘူးလား...”
“သူတို့ ဒီလောက်မြန်မယ်လို့ ငါတစ်ခါမှ မထင်ထားမိဘူး...”
“ဒါဆို ဘာကြောင့်ပါလိမ့်...”
ဒီတန်မျိုးနွယ်လူက အက်ကွဲကြောင်းကွက်လပ်မှာ ဘာကြောင့် အလွန်မြန်နေရတာလဲ...
သူတို့နှင့် ဝေးဝေးတစ်နေရာ၌ တန်မျိုးနွယ်လူက နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့၏။ သူက ဒေါသတကြီးဖြင့် ကြုံးဝါးလိုက်၏။
“သုံးထောင်စားတော်ဆက်...”
တစ်ဖက်တွင် တုလင်လင်၏ စဉ်ဆက်မပြတ် ရှင်းပြချက်များနှင့် ပိုင်ရှန်းကျစ်၏ အကောင့်တွင် ဖက်ထုပ်များကို ခေတ္တမရနိုင်ကြောင်း ဖော်ပြထားသောကြောင့် သုံးထောင်စားတော်ဆက်တွင် ဖက်ထုပ်များအကြောင်း စုံစမ်းမေးမြန်းသူ အရေအတွက်မှာ လျော့နည်းသွား၏။
ပိုင်ရှန်းကျစ်က နောက်ဆုံးဟင်းကို ချက်ပြုတ်ပြီး ၎င်းကို တုလင်းလင်းအား ခင်းကျင်းရန် ကမ်းပေးပြီးနောက် ရေတစ်ငုံသောက်ဖို့ အချိန်ရသွား၏။ သို့သော် ခါတိုင်းလိုပင် ပြောလိုက်၏။
“ငါတို့မှာ ဖက်ထုပ်မရပါဘူး...”
ထိုသို့ ပြောပြီး သူမော့ကြည့်လိုက်ချိန်တွင် ငွေရောင်မျက်လုံးတစ်စုံကို တွေ့လိုက်ရ၏။ သူက မတ်မတ်ရပ်လိုက်ပြီး ပြောရန်စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေ၏။ သူက သုံးထောင်စားတော်ဆက်၏ တစ်ဦးတည်းသော ဖောက်သည်ဖြစ်သူကို ပြောလိုက်၏။
“ဖက်ထုပ်ဆိုတာ ပင်မဟင်းလျာအဖြစ် သုံးဆောင်လို့ရတဲ့ အထူးအစားအစာတစ်ခုပါ... မင်းသိချင်ရင်တော့ မစ္စတာဖုန့်....ငါ မင်းအတွက် တစ်ပန်းကန်လောက် ချက်ပြုတ်ပေး လို့ရတယ်...”
ဖုန့်ယဲ့က ငွေရောင်မျက်တောင်များကို ညင်သာစွာ ခပ်လိုက်ပြီး ဖက်ထုပ်မရှိကြောင်း ရေရွတ်ပြောဆိုနေသော တုလင်လင်နှင့် ဖောက်သည်များအား ဖက်ထုပ်မရပါကြောင်း အဆက်မပြတ် ပြောဆိုနေသော ပိုင်ရှန်းကျစ်ကို ကြည့်လိုက်၏။ ဖုန့်ယဲ့က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“ဒါပေမယ့် မင်းမှာ ဖက်ထုပ်မရှိဘူး...မဟုတ်လား...”
ပိုင်ရှန်းကျစ်ကက ပြုံးပြီး ပြန်ဖြေလိုက်၏။
“ငါတို့မှာ နည်းနည်းကျန်သေးတယ်...ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး...မင်း မြည်းစမ်းကြည့်ဖို့တော့ လုံလောက်တယ်...မင်းက ငါတို့ရဲ့ လေးစားစရာ ဧည့်သည်မို့လို့ မင်းကို ဦးစားပေးတာပါ...”
ဖုန့်ယဲ့က ခေါင်းညိတ်လိုက်၏။ နတ်ဘုရားတစ်ပါးအနေဖြင့် သူက မည်သည့်ကမ္ဘာမှာရှိပါစေ လေးစားမှုပြုခြင်းကို ခံရသည်။ အထူးပြုမူဆက်ဆံတာက သူ့အတွက်သာမန်ဖြစ်တာကြောင့် တခြားသူတွေ မတတ်နိုင်သော်လည်း သူ့အတွက် ဖက်ထုပ်များရှိနေသေးတာကို မအံ့သြဘူး။
သူက တည်ငြိမ်သော အသွင်အပြင်ဖြင့် မီးဖိုချောင်ရှိ စားပွဲတွင် ထိုင်လိုက်ပြီး ဖက်ထုပ်များကို စောင့်မျှော်နေ၏။
ပိုင်ရှန်းကျစ်က ကျန်ရှိသော ဖက်ထုပ်များကို ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် ထည့်ပြီး ရေတွက်ကြည့်သောအခါ ဆယ့်ငါးခုတိတိရှိ၏။ ဖက်ထုပ်များသည် အထူးကြီးမားခြင်း မရှိသောကြောင့် ဖုန့်ယဲ့အတွက် ၎င်းတို့က နမူနာတစ်ခုမျှသာ။
ဖုန့်ယဲ့အတွက် လအတော်ကြာ အစားအစာများကို ချက်ပြုတ်ထားသော ပိုင်ရှန်းကျစ်က သူ၏ ထူးခြားသော အကြိုက်အရသာများကို ကောင်းကောင်းနားလည်ခဲ့ပြီ။ သူက အစပ်အရသာကို ပြင်းပြင်းထန်ထန် ကြိုက်နှစ်သက်ပြီး စပ်စပ်နှင့် ချိုမြိန်သော အရသာကို နှစ်သက်သည်။ ဖုန့်ယဲ့က ကြက်သားဟင်းလျာအစပ်များကို မကြာခဏ စားသုံးခြင်းကြောင့် လွန်ခဲ့သည့်လတွင် အစပ်အစား အစာကို နှစ်သက်လာပုံ ဖြစ်နိုင်သည်။
ပိုင်ရှန်းကျစ်က ရိုးရိုးကြက်ဥခေါက်ဆွဲကို ချပေးလိုက်ပြီး ဖုန့်ယဲ့က ခေါက်ဆွဲပေါ်တွင် ငရုတ်ဆီဇွန်းကြီးတစ်ဇွန်းကို ကျိန်းသေထည့်လိုက်၏။ မီးဖိုချောင်ရှိ ဤစားပွဲတွင် သူတစ်ယောက် တည်းသာ ထမင်းစားနေသော်လည်း စားပွဲပေါ်ရှိ ငရုတ်သီးစားသုံးမှုနှုန်းက ပုံမှန်စားသောက်ဆိုင် တစ်ခု၏ စားပွဲထက် မနည်းပေ။ ဖုန့်ယဲ့က အစပ်အတွက် အာသီသပြင်းပြင်းရှိကြောင်း ထင်ရှားသည်။
ရိုးရိုးသားသားပြောရလျှင် ဖုန့်ယဲ့၏ ငွေရောင်ဆံပင်နှင့် ငွေရောင်မျက်လုံးများက အေးခဲနေပြီး အခြားသူများ၏ ချဉ်းကပ်ခြင်းကို တွန်းကန်သောအရှိန်အဝါကို ပေးစွမ်းသည်။ သူ၏ အသွင်အပြင်နှင့် အစပ်အစားအစာနှစ်ခုကြားရှိ ခြားနားချက်မှာ သိသိသာသာ အံ့သြစရာပင်။
မည်သို့ပင်ဆိုစေကာမူ ပိုင်ရှန်းကျစ်က သူ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန် ဆန္ဒရှိသည်ထက် ပို၏။ သူက ငံပြာရည်အစပ် ပန်းကန်တစ်လုံးကို ပြင်ဆင်ပြီး ဖုန့်ယဲ့ရှေ့မှာ ထား၍ ပြုံးကာ ပြောလိုက်၏။
“ကျေးဇူးပြုပြီး ကောင်းကောင်းသုံးဆောင်ပါ...မစ္စတာဖုန့်”
ဖုန့်ယဲ့က အနည်းငယ် ခေါင်းညိတ်ပြပြီး ဖက်ထုပ်ကို သပ်ရပ်စွာ ကောက်ကိုင်လိုက်ကာ ငံပြာရည်ထဲ နှစ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ သူက ကျက်သရေရှိစွာ စားပြီး မြိုချလိုက်၏။ သူ မော့ကြည့်လိုက်သောအခါ သူ့အကြည့်များက ပန်းကန်ဆေးနေသည့် ပိုင်ရှန်းကျစ်ကို တွေ့လိုက်၏။ ဖုန့်ယဲ့က အသိအမှတ်ပြုမှုဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“အရသာအရမ်းရှိတာပဲ...”
ပိုင်ရှန်းကျစ်က ပြန်ဖြေလိုက်၏။
“ဟဲ...ဟဲ...မင်းကြိုက်လို့ ဝမ်းသာပါတယ်”
ထို့နောက် သူ့ရှေ့မှ ပန်းကန်ဆေးအစကို ကောက်ကိုင်လိုက်ပြီး ပန်းကန်များကို ဆက်ဆေးရန် နောက်သို့ လှည့်လိုက်လေသည်။
🥘