အပိုင်း ၁
Viewers 10k

နွေရာသီအလယ် နေ့လယ်ခင်းတစ်ခုတွင် လမ်းမပေါ်၌ မည်သူမှ မရှိသလောက်နီးပါးဖြစ်သည်။
လမ်းထောင့်ရှိ နို့လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အမျိုးသမီးဝန်ထမ်းတစ်ယောက်က ဆိုင်ပြတင်းပေါက်၏ကောင်တာရှေ့တွင်ထိုင်ပြီး ငိုက်မျည်းနေသည်။
" ပုလဲနို့လက်ဖက်ရည်တစ်ခွက်ပေးပါ..."
" အာ..."
ထိုအသံကိုကြားသည့်အခါ အမျိုးသမီးဝန်ထမ်းက ခေါင်းအမြန်မော့လိုက်ပြီး သူ့အကျင့်အတိုင်း ပြောလိုက်သည်။
" ဟုတ်ကဲ့ ဘယ်ဟာနဲ့များ..."
သူမစကားလုံးများ ရပ်တန့်သွားရသည်။
ပူပြင်းတောက်လောင်နေပြီး လေပြည်လေညှင်းများကလည်း တစ်ချက်မှ မတိုက်ခတ်နေပေ။ မြေပြင်ကလည်း အပူရှိန်ကြောင့် အက်ကွဲသွားတော့မည်ဟု ထင်ရသည်။
လူငယ်လေးတစ်ယောက်က အမိုးအကာမပါသည့် နေရောင်အောက်တွင် ရပ်နေသည်မှာ နွေရာသီ၏အပူကို မခံစားရသကဲ့သို့ပင်ဖြစ်သည်။ သူ့မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ခေါင်းငုံ့ကာ ပြတင်းပေါက်ထဲကို ကြည့်နေသည်။
သူ့အသားအရည်က အလွန်ဖြူဖျော့ပြီး ခန္ဓာကိုယ်ကလည်း ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ မျက်လုံးနှင့် ဆံပင်အရောင်က ပိုဖျော့သည့်ဘက်ကိုသွားပြီး နေရောင်အောက်တွင် ပယင်းရောင်တောက်ပနေသည်ဟု ထင်ရသည်။ သူ၏ အလွန်အမင်းဖြူဖျော့နေသည့် အသားအရည်က နှဖူးပြင်နှင့် နှာဖျားတွင် ချွေးစေးများကျနေခြင်းမရှိသဖြင့် နေရောင်အောက်တွင် ရပ်နေသည်ဟုပင် မထင်ရပေ။
တစ်ဖက်လူက သူ့ကို ပြန်မဖြေသေးသ၍ ယဲ့ကျားက ယဉ်ကျေးစွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်သည်။
" ဟဲလို..."
အမျိုးသမီးဝန်ထမ်းက စိတ်နှင့်လူနှင့်ကပ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" အိုး အိုး... ကျွန်မ လုပ်ပေးပါ့မယ်..."
သူမ လျင်မြန်စွာဖြင့် ဘေးနားမှ ‌စက္ကူခွက်တစ်ခွက်ကိုယူပြီး မေးလိုက်သည်။
" ပုံမှန်အပူချိန်ပဲလား ရေခဲနဲ့လား..."
" အပူပဲပေးပါ..."
ယဲ့ကျားက ပိုက်ဆံနှစ်ရွက်ကို ကောင်တာပေါ် တင်ပေးလိုက်သည်။
ဒီလောက်ပူတဲ့နေ့ကြီးမှာ နို့လက်ဖက်ရည်အပူ သောက်မလို့လား...
ပြီးတော့ ဒီခေတ်ကြီးမှာ ဖုန်းနဲ့ငွေမချေတဲ့ လူငယ်တွေ ရှိနေသေးတာလား...
အမျိုးသမီးဝန်ထမ်းက သူမစိတ်ထဲတွင် ရေရွတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ အလုပ်စလုပ်တော့သည်။
.....
ငါးမိနစ်ခန့်ကြာသောအခါ...
ယဲ့ကျားက နို့လက်ဖက်ရည်အပူတစ်ခွက်ကိုယူပြီး အနီးနားမှ အထပ်မြင့်အဆောက်အဦးရှိရာသို့ ဦးတည်လာသည်။
လူနှစ်ယောက်က အဆောက်အဦး၏အောက်မှ အရိပ်ထဲတွင် ရပ်နေကြသည်။ သူတို့က ခေါင်းငုံ့နေပြီး တစ်စုံတစ်ရာကို ဆွေးနွေးနေကြပုံပေါ်သည်။
ကျောက်သုန်က ဘေးနားတွင်လာရပ်သည့် ယဲ့ကျားကိုကြည့်လိုက်သည်။ သူ့အကြည့်များက ယဲ့ကျား၏လက်ထဲမှ နို့လက်ဖက်ရည်အပေါ် ရောက်သွားပြီး ရယ်မောကာ စနောက်လိုက်သည်။
" ဒီလောက်ချိုတဲ့ဟာတွေကို အမြဲသောက်နေတာ မငြီးငွေ့သေးဘူးလား..."
" မင်း နားမလည်ပါဘူး..."
ယဲ့ကျားက ပခုံးတွန့်လိုက်ပြီး ဖြစ်ကတတ်ဆန်းပြန်ဖြေလိုက်သည်။
" ဒါက နို့လက်ဖက်ရည်ဆိုင်တွေရဲ့ စီးပွားရေးကို ကြိုလေ့လာထားတာလို့ခေါ်တယ်..."
သူတို့အနားတွင်ရပ်နေသော ချန်စဲကျစ်က ထိုစကားကို ကြားသည့်အခါ ခေါင်းမော့ပြီး သူတို့ကို မှင်သက်သွားဟန်ဖြင့် ကြည့်နေသည်။
" ဘာ..."
ကျောက်သုန် ရယ်လိုက်သည်။
" မင်း မသိသေးဘူးထင်တယ်... ဒီက ငါတို့ရဲ့ သခင်လေးယဲ့က ပင်စင်ယူပြီးရင် နို့လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ အိမ်မက်မက်နေတာ.. သူက အနာဂတ်အတွက် အစီအစဉ်တွေတောင် ကြိုချထားပြီးပြီလေ..."
ချန်စဲကျစ် : “………”
နေပါဦး... သူက အခုမှ အလွန်ဆုံးရှိလှ အသက်နှစ်ဆယ်ကျော်လေးမလား...
သည်းမခံနိုင်တော့၍ မေးလိုက်မိသည်။
" ဒါပေမဲ့ ဒါက နောက်ထပ် နှစ်လေးဆယ်ကျော်လောက်မှမလား..."
ယဲ့ကျားက သူ့အမူအရာကိုပြောင်းလဲခြင်းမရှိပဲ မေးလိုက်သည်။
" အစိုးရက လူပျင်းတွေကို မထောက်ပံ့ပေးဘူးလေ... ဝန်ထမ်းလျှော့ချချိန်ရောက်ရင် ပထမဆုံး အထုတ်ခံရမှာငါပဲ..."
သူ နို့လက်ဖက်ရည်တစ်ငုံ ထပ်သောက်လိုက်သည်။
" ဒါမျိုးက ကြိုတင်ပြီး အစီအစဉ်ဆွဲတယ်လို့ခေါ်တယ် ..."
ကျောက်သုန် : “……”
ချန်စဲကျစ် : “…….”
ဒီလူက အလုပ်ဖြုတ်ခံရဖို့ကို ဘာလို့ တရားနည်းလမ်းကျကျနဲ့ စောင့်နေတာပါလိမ့်...
ယဲ့ကျားက အဓိကအကြောင်းအရာကို မေးလိုက်သည်။
" ဒီနေရာကို စစ်ဆေးတာ ဘယ်လိုလဲ..."
" သိပ်မကောင်းဘူး..."
ချန်စဲကျစ်က ခေါင်းငုံ့လိုက်ပြီး အမှောင်ထဲကို တစ်ချက်ကြည့်ပြီး သူ့လက်ထဲမှ လျှပ်စစ်လှိုင်းဖြင့် စုံစမ်းစစ်ဆေးသည့် ခြေရာခံကိရိယာလေးကိုကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
" အသုံးဝင်တဲ့ ဒေတာက မရှိသလောက်နီးပါးပဲ..."
ကျောက်သုန် မျက်မှောင်ကြုတ်လိုက်သည်။
" အပြင်ဘက်က စစ်ဆေး‌ရတာ နှေးလွန်းတယ် ကြည့်ရတာ ငါတို့ အထဲကိုသွားရမယ့်ပုံပဲ..."
ယဲ့ကျား မျက်လွှာချလိုက်သည်။ သူရှေ့မှလူနှစ်ယောက်က ကိရိယာပေါ်မှ စစ်ဆေးချက်များကို ဆန်းစစ်နေသည်အားကြည့်ပြီး နို့လက်ဖက်ရည်တစ်ငုံ ထပ်သောက်လိုက်သည်။
‌လတ်ဆတ်နူးညံ့သော နို့ရနံ့နှင့် လန်းဆန်းသောလက်ဖက်ရည်ရနံ့တို့ကို လှပစွာ ရောမွှေထားပေသည်။ ၎င်းက အနည်းငယ်ပူသော်လည်း ပြဿနာမရှိပေ။
ယခုလတွင် ယဲ့ကျား သဘာဝလွန်ကိစ္စရပ်များ စုံစမ်းဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရိုတွင် အလုပ်လုပ်ကိုင်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်။
( T/N - Paranormal Investigation and Management Bureauကို မြန်မာလို စာအရှည်ကြီးနဲ့ ခဏခဏရေးရင် မျက်စိနောက်မှာစိုးလို့ နောက်ပိုင်းမှာ PIAMBလို့ပဲ ရေးပါ့မယ် )
PIAMBက သူ့နာမည်အတိုင်း သဘာဝလွန်ဖြစ်ရပ်များကို စီမံရသည့် အစိုးရ၏လျှို့ဝှက်ဌာနတစ်ခုဖြစ်သည်။
ရံဖန်ရံခါတွင် ထူးဆန်းသည့်အသံများပြုလုပ်ပြီး ကိုယ်ထင်ပြတတ်သည့် လှည့်လည်သွားလာနေသော ဝိညာဉ်များကို အများအားဖြင့် ဤဌာနက ကိုင်တွယ်ရသည်။ စွမ်းအားကြီးသောသရဲနှင့် နတ်ဆိုးဝိညာဉ်များက တစ်ခါတစ်ရံမှသာ ပေါ်လာတတ်ပြီး ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရရန် အခွင့်အရေးက ထီပေါက်နိုင်မည့် ဖြစ်နိုင်ချေနှင့်ပင် နှိုင်းယှဉ်၍ရသည်။
ဤဗျူရို၏တာဝန်က လူအများမသိမီ သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းပေးရခြင်းဖြစ်ပြီး သိပ္ပံနည်းလမ်းကျကျဖြေရှင်းချက် ထုတ်ပေးရခြင်းဖြစ်သည်။ သို့မှသာ သာမန်လူများက သူတို့၏နေ့စဉ်ဘဝတွင် ပုန်းကွယ်နေသည့် အမှောင်လောကဟူသောတည်ရှိမှုမျိုးကို မသိရှိကြမည်ဖြစ်သည်။ ယဉ်ကျေးစွာပြောရမည်ဆိုပါက အရပ်သားများကို ကာကွယ်ပေးရန်ဖြစ်သည်။ သို့ရာတွင် ယဲ့ကျားကမူ ဤကိစ္စနှင့်ပတ်သက်၍ အမြင်တစ်မျိုးဖြစ်သည်။
ဗျူရိုတွင် အရည်အချင်းရှိသည့်လူများ ရှိကြသော်လည်း သူတို့အားအလုံးက အခြေခံအားဖြင့် အဓိက ဌာနချုပ်ကိုသာ အာရုံစိုက်ကြသည်။
ယဲ့ကျားအလုပ်လုပ်သည့် ထောက်ပံ့ပို့ဆောင်ရေးဌာနတွင်မူ သာမန်လူများဖြင့်သာပြည့်နေသည်။ ထိုလူများက စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ရခြင်း၊ ကွင်းဆင်းလေ့လာရသည့်တာဝန်များအတွက် တစ်ကြိမ်နှစ်ကြိမ်ခန့် အပြင်ထွက်ရခြင်း၊ စစ်မြေပြင်နေရာကို သန့်ရှင်းရခြင်းနှင့် ဒေတာများစုဆောင်းခြင်းစသည့် အမျိုးမျိုးအထွေထွေကိစ္စရပ်များကိုသာ ဆောင်ရွက်ရသည်။
အတိုချုပ်ပြောရလျှင် ၎င်းတို့က အစေခံအစုအဝေးကြီးသာဖြစ်သည်။
" ဒီလို ရာသီဥတုပူတဲ့နေ့မှာ ကွင်းဆင်းလေ့လာရတာ ငါတို့ တော်တော်လေး ကံဆိုးတာပဲ..."
ကျောက်သုန်က သူ့နှဖူးမှ ချွေးစများကို သုတ်လိုက်သည်။ သူ့စိတ်ထဲ ဖျတ်လတ်တက်ကြွနေခြင်း မရှိတော့ပေ။
" အထဲမှ လေအေးပေးစက်လေးရှိရင်ကောင်းမယ်..."
သူ့ဘေးတွင် ရပ်နေသည့်ယဲ့ကျားကိုကြည့်ကာ မနာလိုဟန်ဖြင့် သက်ပြင်းချလိုက်သည်။
" မင်းလိုမျိုး အပူကို မကြောက်ရင်လည်းကောင်းသား..."
ယဲ့ကျားက ခေါင်းအရှုပ်ခံပြီး သူ့ကို ပြန်မဖြေပေ။
သူ သမ်းဝေလိုက်ပြီး လက်ထဲမှ နို့လက်ဖက်ရည်ကို ကုန်အောင်သောက်ကာ ခွက်ကို အနားမှ အမှိုက်ပုံးထဲထည့်လိုက်သည်။
" မြန်မြန်လုပ်ပြီး ပြန်ကြတာပေါ့..."
စက္ကူခွက်က ဗလာကျင်းနေသောအမှိုက်ပုံး၏အောက်ခြေနှင့်ထိမိ၍ ထောက်ခနဲ အသံထွက်လာသည်။
လေထုက ပူပြင်းတောက်လောင်နေသည့်နေကြောင့် ပူလွန်းနေ၍ ထိုအဆောက်အဦး၏ဘေးရှိ လျှပ်စစ်စတိုးဆိုင်ထဲမှ တီဗွီမှ ထုတ်လွှင့်နေသည့်သတင်းကို မရှင်းမလင်းဖြင့်သာ ကြားနေရသည်။ ဂရုတစိုက်နားမထောင်ပါကသတင်းကြေညာသူပြောနေသည်ကို မသိနိုင်ပေ။
( အခုနောက်ပိုင်း မြို့ထဲမှ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ပျောက်ဆုံးမှုတွေ ဖြစ်နေပါတယ်... တာဝန်ရှိသူတွေကတော့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီး စုံစမ်းစစ်ဆေးနေကြပါတယ်...)
သူတို့သုံးယောက်က ပစ္စည်းကိရိယာသေတ္တာတစ်ဘူးကိုင်ပြီး အဆောက်အဦးထဲ ဝင်လာကြသည်။
အဆောက်အဦး၏ အတွင်းပိုင်းက မှောင်မည်းပြီး အုံ့ဆိုင်းနေသည်။
အပြင်ဘက်မှ ‌ပူပြင်းလှသောနေရောင်ခြည်၊ တောက်ပသောအလင်းရောင်နှင့် ယှဉ်ကြည့်လိုက်ပါက အဆောက်အဦးအတွင်းပိုင်းက ပို၍မှောင်နေသော်လည်း အပူချိန်က ထပ်တူနီးပါးဖြစ်သည်။
လေထုထဲတွင် စိုစိစိ အောက်သိုးသိုးအနံ့များဖြင့် ပြည့်နေသည်မှာ အဆောက်အဦးဟောင်းများ၏ ပုံစံအတိုင်း ဖြစ်သည်။ သို့ဖြစ်၍ အသက်ရှုရခက်စေသည်။
ကျောက်သုန်က သူ့မျက်နှာကိုသုတ်ပြီး ဒေါသထွက်စွာဖြင့် ကျိန်ဆဲလိုက်သည်။
ဘာ လေအေးပေးစက်မှ မရှိဘူး..
ချန်စဲကျစ်က သူ့လက်ထဲမှ ခြေရာခံစက်ကိုသာ ဂရုတစိုက်ကြည့်နေသည်။ ၎င်းက ဗျူရိုမှ တီထွင်ထားသည့် ထုတ်ကုန်ဖြစ်ပြီး သဘာဝလွန်စွမ်းအင်ကို ခြေရာခံနိုင်သည်။ သို့ရာတွင် ယခုချိန်တွင် မျက်နှာပြင်ပေါ်မှလိုင်းက ငြိမ်နေဆဲဖြစ်သည်။ အဆောက်အဦးအပြင်ဘက်တွင် စစ်ဆေးကြည့်ခဲ့စဉ်ကနှင့် ကွာခြားခြင်းမရှိပေ။
သူ ခေါင်းခါလိုက်ပြီး လက်လျှော့ရန် ကြိုးစားလိုက်သည်။
" အပေါ်ထပ်ကို တက်ကြည့်ရအောင်..."
ဤနေရာမှ ဓာတ်လှေကားကလည်း အလွန်ဟောင်းနွမ်းနေသည်မှာ သိသာပေသည်။ သံချေးတက်နေသည့်အရာများက နံရံများတစ်လျှောက်ပြည့်နေပြီး ကြော်ငြာစက္ကူများကလည်း တစ်ရွက်အပေါ် တစ်ရွက် ထပ်နေသည်။ ဓာတ်လှေကားက အပေါ်သို့ တဖြည်းဖြည်းတက်သွားချိန်တွင် ၎င်းကို ဆွဲထားသည့် စတီးကြိုးက ကြောက်စရာကောင်းလောက်အောင် ကျွီခနဲအသံမြည်သွားသည်မှာ အချိန်မရွေး ပြုတ်ကျတော့မည့်ဟုပေါ်သည်။
အထပ်နံပါတ်က တဖြည်းဖြည်းတိုးသွားသည်ကိုကြည့်ပြီး ယဲ့ကျားမေးလိုက်သည်။
" ဒီတစ်ခါ ဘယ်နေရာကိုသွားရမှာလဲ..."
ချန်စဲကျစ် အံ့အားသင့်သွားသည်။
" မဟုတ်လောက်ပါဘူးနော်... အစ်ကိုယဲ့ ဒီနေရာကိုမလာခင် အစီရင်ခံစာ မဖတ်လာဘူးလား..."
ယဲ့ကျားက ဖြည်းညင်းစွာပြန်ဖြေလိုက်သည်။
" အရမ်းရှည်လို့လေ..."
ချန်စဲကျစ် : “……..”
သူ့လုပ်ဖော်ကိုင်ဖက်တွေက အလုပ်အပေါ်မလေးစားတာကို သူကောင်းကောင်းနားလည်ပေမယ့်... ဒါကြီးကတော့ သည်းခံနေဖို့ နည်းနည်းများသွားပြီထင်တယ်...
သူ သက်ပြင်းချလိုက်သည်။ သူ့ကံတရားကို လက်သင့်ခံလိုက်ပြီးနောက် တစ်ဖက်လူကို ဤတာဝန်အကြောင်း အတိုချုပ်ရှင်းပြလိုက်သည်။
မိန်းကလေးတစ်ယောက်က ဤအဆောက်အဦးထဲ ဝင်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။ အဝင်ဝမှ CCTVကင်မရာက သူမ ဝင်သွားသည်ကိုသာ မှတ်တမ်းယူထားခဲ့ပြီး ပြန်ထွက်လာသည်ကို မတွေ့ရတော့ပေ။ တစ်ပတ်အကြာတွင်မှ အနီးအနားတွင် နေထိုင်သူများက အပုပ်နံ့ရသည်ဟူ၍ ရဲကိုအကြောင်းကြားမှသာ သူမအလောင်းကို အခန်း ၄၀၄တွင် ရှာတွေ့ခဲ့သည်။ ခန္ဓာကိုယ်မှ အရေပြားများက အခွာခံထားရပြီး အစာအိမ်ကလည်း ပုပ်ပွမှုကြောင့် ဖောင်းကားနေသည်။ သို့ရာတွင် ထူးဆန်းသည်မှာ သူမက အိပ်ရာပေါ်တွင် အေးချမ်းစွာ လှဲလျောင်းနေပြီး ရုန်းကန်ထားခြင်း ချည်နှောင်ခံထားရခြင်းစသည့် လက္ခဏာများလည်း မတွေ့ရပေ။
ချန်စဲကျစ် ခေါင်းကုတ်လိုက်သည်။
" မြို့ထဲမှာ အခုနောက်ပိုင်း ဒီလို လူပျောက်တဲ့ကိစ္စမျိုးတွေ ခပ်ဆင်ဆင်ဖြစ်နေတော့ အထက်လူကြီးတွေက ဒီကိစ္စကို အရေးကြီးတယ်လို့ သတ်မှတ်လိုက်ပြီး စစ်ဆေးဖို့အတွက် အထူးအဖွဲ့တစ်ဖွဲ့ကို လွှတ်လိုက်တာ... သူတို့ အခင်းဖြစ်နေရာကို စစ်ဆေးလိုက်ပေမယ့် တစ်ခုခုမှားနေတာမျိုး မတွေ့ရဘူး အဲဒါကြောင့်မို့ ဒီမိန်းကလေးရဲ့ ဝိညာဉ်ကိုပဲ တိုက်ရိုက်လွှတ်ပေးလိုက်ဖို့ ကူညီလိုက်တာ..."
ဝိညာဉ်ကို လွှတ်ပေးသည်ဟု ပြောသော်လည်း အမှန်တွင် ၎င်းက သတ်ဖြတ်ခြင်းနှင့် ပိုတူသည်။ ဤကဲ့သို့ အချည်းနှီးသေဆုံးသွားခဲ့ရသော တစ်စုံတစ်ယောက်၏ ဝိညာဉ်မျိုးက အနာဂတ်တွင် ‌ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင် ဖြစ်လာစေနိုင်သည်။ သို့ဖြစ်၍ အဖွဲ့အစည်းက လက်ဦးမှုရယူပြီး အမြစ်ဖြတ်ပစ်လိုခြင်းဖြစ်သည်။
" ဒါဆိုရင် ငါတို့ ဒီတစ်ခါ ရောက်လာရတာက..."
ယဲ့ကျားက ချန်စဲကျစ်၏လက်ထဲမှ ခြေရာခံစက်ကို ကြည့်လိုက်သည်။
" အကြွင်းအကျန်စွမ်းအင်တွေကို စုဆောင်းဖို့ပါ... အဲဒါကို ပြန်ယူသွားပြီးတော့ ခွဲခြမ်းစိတ်ဖြာလို့ ရမရ ကြည့်ဖို့..."
ချန်စဲကျစ် ပြန်ဖြေလိုက်သည်။
ထိုအခိုက်အတန့်တွင် "ဒင်" ဟူသော အသံတစ်သံကို ကြားလိုက်ရသည်။
ဓာတ်လှေကားက တစ်ချက်လှုပ်ခါပြီး ရပ်တန့်သွားသည်။ တံခါးက ခဏညပ်နေသော်လည်း နောက်ဆုံးတွင် နှစ်ဖက်လုံးမှ ပွင့်သွားသည်။
အခန်း ၄၀၄၏တံခါးကို တင်းကြပ်စွာပိတ်ထားသည်။ တံခါးပေါ်မှ အဝါရောင်တိတ်ကို မဖယ်ရသေးပေ။ တံခါးတစ်ချပ်ဖြင့် ပိုင်းခြားထားသော်လည်း ချဉ်စူးစူးအနံ့ကို ပိုးသတ်ဆေးရနံ့များဖြင့် ဖုံးကွယ်ထား၍ မရပေ။
ချန်စဲကျစ်စိတ်ထဲတွင် အနည်းငယ် ရွံရှာစက်ဆုပ်လာသည်။
သူ သတ္တိမွေးလိုက်သည်။
" သွား... သွားကြတာပေါ့..."
အခန်း ၄၀၄ထဲမှ ပရိဘောဂအများစုကို ရှင်းလင်းလိုက်ပြီဖြစ်သည်။ မြေပြင်ပေါ်တွင် လူပုံစံ မျဉ်းကြောင်းရေးဆွဲထားသည်။ အပုပ်နံ့က ဤနေရာတွင် ပိုပြင်းနေသည်။
ယဲ့ကျား မျက်လွှာချပြီး နံရံတွင် ပျင်းရိပျင်းတွဲ မှီနေလိုက်သည်။ အခြားလူနှစ်ယောက် အလုပ်ရှုပ်နေသည်ကို သူ ရပ်ကြည့်နေလိုက်သည်။
ကျောက်သုန်က လက်အိတ်စွပ်လိုက်ပြီး သူသွားလေရာသယ်သွားသည့် မှတ်စုစာအုပ်ကိုဖွင့်၍ စတင်ရေးမှတ်နေစဉ် ချန်စဲကျစ်က ခြေရာခံစက်ဖြင့် အခန်းထဲမှနေရာများကို တစ်လက်မမှမကျန်အောင် စစ်ဆေးနေပြီး အတက်အကျများကို ရှာဖွေနေသည်။
၎င်းက အမှန်ပင် ထူးဆန်းသောကိစ္စဖြစ်သည်။
ဝိညာဉ်တစ်ကောင်လွတ်မြောက်သွားသည်နှင့် အကြွင်းအကျန်စွမ်းအင်က အမြဲတစေ ကျန်ရှိနေခဲ့မြဲဖြစ်သည်။ ခံပြင်းမှုပိုများလေ စွမ်းအင် ပိုကျန်ခဲ့လေဖြစ်သည်။ နည်းလမ်းကကျကျပြောရမည်‌ဆိုလျှင် ထိုမိန်းကလေးက အကြောင်းမဲ့သေဆုံးသွားခဲ့ရခြင်းဖြစ်၍ ဤမျှသန့်စင်မနေသင့်ပေ။
ချန်စဲကျစ် တံခါးအနားရောက်သည့်အခါ အတက်အကျစွမ်းအင်အချို့က ခြေရာခံစက်အပေါ် တွင် ရုတ်တရက် ပေါ်လာသည်။
၎င်းက အနည်းငယ်မျှသာဖြစ်သော်လည်း လိုင်းက တစ်ကြိမ်မြင့်တက်သွားသည်မှာ ရှင်းလင်းလှပေသည်။
ဝမ်းသာအားရဖြင့် စွမ်းအင်အတက်အကျဖြစ်နေသည့်ဘက်ကို လျှောက်သွားလိုက်ပြီး အချက်အလက်များစုစည်းရန် အကောင်းဆုံး ထောင့်နေရာကို ရှာဖွေလိုက်သည်။
ခဏအကြာတွင် သူကိုယ်တိုင်ပင် မသိလိုက်ပဲ အခန်းထဲမှ ထွက်လာသည်။
သူ၏ အာရုံတစ်ခုလုံးက လက်ထဲမှ ကိရိယာအပေါ်တွင်သာရှိနေ၍ တဖြည်းဖြည်းချင်းစီ ‌စင်္ကြန်ဘက်သို့ ထွက်သွားလေသည်။
ချန်စဲကျစ်က ရုတ်တရက် သူ့နေရာတွင် ကတိုက်ကရိုက် ရပ်တန့်လိုက်ပေသည်။
ခေါင်းမော့ကြည့်လိုက်သည့်အခါ ဓာတ်လှေကားတံခါးဝတွင် ရပ်နေသည်ကို မမျှော်လင့်ပဲ သိလိုက်ရပေသည်။
ချန်စဲကျစ် မှင်သက်စွာဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
မဟုတ်သေးပါဘူး... သူက ဓာတ်လှေကားရဲ့ ဆန့်ကျင်ဘက်ကို လျှောက်လာတာ သေချာကြီး မှတ်မိနေပါတယ်... ဘယ်လိုဖြစ်လို့...
စင်္ကြန်က အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေပေသည်။
အဆောက်အဦးအပြင်ဘက်မှ တောက်ပသောနေရောင်ခြည်က ဝေဝါးနေသည့် ပြတင်းပေါက်ကို မထိုးဖောက်လာနိုင်သည့်ပုံပေါ်သည်။ မည်းမှောင်နေသည့် နေရာကျဉ်းကျဉ်းကို အပေါ်ပိုင်းရှိ အလင်းရောင်ဖျော့ဖျော့ကြောင့်သာ လင်းနေခြင်းဖြစ်သည်။ တိုက်စားခံရသည့် နံရံများက ထိုအလင်းရောင်မှိန်မှိန်အောက်တွင် ကျိုးတို့ကျဲတဲ မြင်နေရသည်။
ချန်စဲကျစ် မတုန်ယင်ပဲ မနေနိုင်တော့ပေ။
နေပါဦး ဘာလို့အေးလာတာလဲ...
အောက်ထပ်မှ အပူက လွန်ခဲ့သည့် ရာစုနှစ်တည်းက ကျန်ရစ်ခဲ့ပုံရသည်။
လေတိုက်ခတ်နေခြင်း မရှိသော်လည်း အေးစိမ့်စိမ့်လေပွေတစ်ချက်က သူ့အရေပြားကိုထိုးဖောက်ပြီး အရိုးထဲ စိမ့်ဝင်လာသည်ဟု ခံစားနေရသည်။ ကျောရိုးထဲမှစိမ့်နေအောင်အေးလာ၍ သူ့စိတ်ထဲ ထိထိတ်ပျာပျာဖြစ်လာသည်။
ထို့အပြင် အလွန်တိတ်ဆိတ်လွန်းနေသည်။
ချန်စဲကျစ် ကြောက်လန့်စွာဖြင့် သူ့အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ အခန်း ၄၀၄တံခါးကို ပိတ်ထားသောကြောင့် သူနှင့်အတူ အခန်းထဲဝင်ခဲ့သူနှစ်ယောက်ကို မမြင်ရပေ။
ရုတ်တရက် သတိပေးခြင်းမရှိပဲ သူ့လက်ထဲမှ ခြေရာခံစက်က အဆက်မပြတ် တတီတီအသံများထွက်လာသည်။
စူးရှရှအသံက အေးစက်ပြီး ဗလာကျင်းနေသည့် စင်္ကြန်လမ်းထဲ ပဲ့တင်ထပ်လာသည်။ ချန်စဲကျစ် အလွန်ကြောက်လန့်နေပြီဖြစ်သည်။ သူ့လက်ထဲမှ ကိရိယာကို အလိုလိုကြည့်လိုက်သည့်အခါ မျက်နှာပြင်ပေါ်မှလိုင်းက အပေါ်သို့ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။ လိုင်းက ထိပ်ဆုံးသို့ရောက်ချိန်တွင် တုန်ယင်နေပြီး သူ့ကို စိုးရိမ်တကြီးဖြင့် သတိပေးနေသည်ဟု ထင်ရသည်။
နောက်တစ်စက္ကန့်တွင် သူ့နောက်မှ အသံတစ်သံကို ကြားလိုက်ရသည်။
" ဒင်..."
မည်သူမှ ဓာတ်လှေကားခလုတ်ကို မနှိပ်လိုက်သော်လည်း တံခါးက တဖြည်းဖြည်းချင်း တိတ်ဆိတ်စွာပွင့်လာသည်။
ဓာတ်လှေကားအတွင်းမှ မရေမတွက်နိုင်သည့် သေးငယ်သောအနက်ရောင်လက်များစွာ ထွက်လာသည်။ လက်တစ်ဖက်စီက ရေခဲတမျှ အေးစက်နေပေသည်။ ၎င်းတို့က ချန်စဲကျစ်၏ အရေပြားကို လာထိနေပြီး သူ့ကိုယ်မှ အပူချိန်ကို စုပ်ယူနေပေသည်။
" ဟီးဟီး ..."
လက်တစ်ဖက်ပြီးတစ်ဖက် သူ့ကို လာရစ်ပတ်သည်။
ချန်စဲကျစ် သွားများပင် ရိုက်နေသည်။ သူ ရှုထုတ်လိုက်သည့်လေများက အဖြူရောင်မြူနှင်းများဖြစ်သွားပြီး သူ့နှာဖျားကို စိုစွတ်လာစေသည်။
ကြောက်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာသော်လည်း အော်ဟစ်သံက ရေခဲတုံးသဖွယ် လည်ချောင်းထဲ တစ်ဆို့နေသည်။ သူ့ပါးစပ်မှ ဗလုံးဗထွေးအသံများသာ ထွက်လာလေသည်။
ချက်ချင်းပင် ချန်စဲကျစ်က သူ့နားရွက်နားတွင် အသံသေးသေးလေးတစ်သံ ကြားလိုက်ရသည်။ ထိုအသံက ခံပြင်းမှုများကို ဖုံးကွယ်ထားပုံရပြီး တီးတိုးပြောလိုက်သည်။
" ‌ဗိုက်ဆာတယ်... ဗိုက်အရမ်းဆာတယ်... ဟီးဟီးဟီး..."
သူ့ရှေ့မှမြင်ကွင်းက လုံးဝ ရုန်းမထွက်နိုင်မည့် အိမ်မက်ဆိုးတစ်ခုနှင့် တူနေသည်။
အလွန်အကြူး ထိတ်လန့်တုန်လှုပ်သွား၍ ချန်စဲကျစ် မျက်ဆံလန်ပြီး သတိလစ်သွားတော့သည်။
ထိုအနက်ရောင်လက်များစွာက ဓာတ်လှေကားထဲမှ တရွေ့ရွေ့ထွက်လာပြီး ချန်စဲကျစ်ကို အမှောင်ထုထဲ ဆွဲခေါ်သွားသည်။ ထိုအချိန်တွင် အဝေးမှ ပျင်းရိပျင်းတွဲအသံတစ်သံက တိတ်ဆိတ်မှုကို ရုတ်ချည်းဖြိုခွင်းလိုက်သည်။
" ဟေး..."
ဖောက်ထွင်းမြင်နိုင်သည်အထိ အလွန်ဖြူဖျော့နေသည့် အသားအရည်နှင့် လူငယ်လေးက မျက်လွှာချထပြီး သူ၏အရောင်ဖျော့ဖျော့မျက်ဝန်းများကို ဖုံးကွယ်ထားသည်။ မနီးမဝေးမှ စင်္ကြန်အဝတွင်ရပ်နေပြီး ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
" အဲဒါ ငါ့ လုပ်ဖော်ကိုင်ဖက်နော်... မင်း အဲ့လိုလုပ်လို့မရဘူး..."
" အနံ့ကမွှေးတယ်... သူ့အနံ့က တော်တော်မွှေးတယ်..."
အနက်ရောင်လက်များက တီးတိုးရေရွတ်လိုက်သည်။
" ငါ သူ့ကို နောက်မှစားဖို့ ချန်ထားမလို့လေ..."
" ဒါပေမဲ့ သူရှာတွေ့သွားပြီ..."
" အဲ့တော့ အခုပဲ စားရတော့မှာပေါ့..."
နောက်အခိုက်အတန့်တွင် မရေမတွက်နိုင်သည့် လက်ပေါင်းများစွာက ဓာတ်လှေကားထဲမှ ပျံထွက်လာသည်။ နံရံနှင့် ကြမ်းပြင်များကိုဖြတ်ပြီး မနီးမဝေးတွင်ရပ်နေသော လူငယ်လေးရှိရာသို့ ဦးတည်လာသည်။
Xxx xxxx