အပိုင်း ၂
Viewers 10k

" ဗိုက်အရမ်းဆာတယ် ဗိုက်အရမ်းဆာတယ် ဗိုက်အရမ်းဆာတယ်..."
အသံက ပို၍စူးရှပြင်းထန်လာပြီး ဖန်သားကိုလက်ဖြင့်ကုတ်ခြစ်နေသံနှင့် တူလာသည်။
" စားချင်တယ် စားချင်တယ် စားချင်တယ်..."
မမျှော်လင့်ထားသည်မှာ လူငယ်လေးက လုံးဝမရှောင်ခဲ့ပေ။
အနက်ရောင်လက်များက သူ၏ ဖြူဖျော့ပြီးသေးသွယ်သော လက်ကောက်ဝတ်ကိုရစ်ပတ်ပြီး ပျော်ရွှင်စွာဖြင့် စတင်စားသောက်ရန် ပြင်လိုက်သည်။
မကြာမီ ထိုလက်များက ကျယ်လောင်စူးရှစွာ အော်ဟစ်တော့သည်။
" မဟုတ်ဘူး မဟုတ်ဘူး... ဒါ ဘာကြီးလဲ... ဒါ ဘာကြီးလဲ..."
သက်ရှိများတွင် ဝိညာဉ်စွမ်းအင်ရှိပြီး သေဆုံးသွားသူများတွင် ယင်စွမ်းအင်ရှိပေသည်။
ယင်စွမ်းအင်များသိပ်သည်းပြီး မကောင်းသည့်စိတ်များ စုပြုံလာပါက ကြမ်းတမ်းသည့် သရဲတစ်ကောင် ဖြစ်လာနိုင်သည်။
သို့ရာတွင် ဤသက်ရှိလူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် နက်မှောင်အေးစက်သော တစ္ဆေစွမ်းအင်ရှိနေသည်။
အလွန်နက်မှောင်၍ အေးစက်ပြီး မကောင်းဆိုးဝါးဆန်လှသည်။
သူ တည်ငြိမ်စွာဖြင့် မျက်လွှာချလိုက်သည်။ သူ့မျက်နှာထက်တွင် အခြားအမူအရာများ ရှိမနေပေ။ သူက ဤကမ္ဘာနှင့် အဝေးတွင် ရပ်တည်နေသော အသင်္ချေတည်ရှိမှုနင့်တူပြီး သူ့ရှေ့မှသရဲကို အထက်စီးမှ ကြည့်နေသည်နင့် တူပေသည်။
သူ၏ လူသားခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းအားများ မြင့်တက်လာပြီး သွားစွယ်များနှင့် ကြောက်မက်ဖွယ်လက်သည်းများကို တိတ်တဆိတ်ထုတ်ပြနေသည်နှင့်တူသည်။
" ဘာလဲ... အဲဒါဘာကြီးလဲ..."
ဓာ‌တ်လှေကားထဲမှထွက်လာသည့် မရေမတွက်နိုင်သည့် အနက်ရောင်လက်များက ရူးနှမ်းစွာပျံနေကြသည်။ အမှောင်စွမ်းအင်နှင့် နိမိတ်မကောင်းသည့်စွမ်းအင်များနှင့်အတူ‌ လေထုအပူချိန်က ပို၍ အေးစက်လာသည်။
" မင်း... မင်းက ဘာကောင်လဲ..."
အနက်ရောင်လက်များက အပူလောင်ခံရသည့်သဖွယ် တရှူးရှူးတရှဲရှဲအသံများထွက်လာပြီး နောက်အမြန်ဆုတ်သွားသည်။
သူတို့ မထင်ထားခဲ့သည်မှာ အစောပိုင်းက လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ရပ်နေခဲ့သောလူငယ်လေးက သူ့လက်ကောက်ဝတ်ကို ရုတ်ချည်းလှည့်လိုက်ပြီး သူ့လက်များထဲမှတစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်ကိုပင်။
" ပူတယ်... အရမ်းပူတယ်..."
စူးခနဲ အသံများ ပေါ်ထွက်လာသည်။
" အေးတယ် အရမ်းအေးတယ်... ငါ့ကိုလွှတ်စမ်း..."
လေထဲမှ အခြားလက်များက ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိ၍ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ သို့ရာတွင် လူငယ်လေးကိုင်ထားသော အနက်ရောင်လက်က ပေါ်လာစဉ်ကကဲ့သို့ လွယ်ကူစွာ မရုန်းထွက်နိုင်ပေ။
ထိုလူငယ်လေးနှင့် ထိထားသည့်နေရာမှ အရိုးထဲထိအေးစိမ့်သွားစေနိုင်သည့်စွမ်းအင်တစ်မျိုးကို ခံစားနေရသည်။ ၎င်းနှင့်အတူ အလိုအလျောက်ခြောက်ခြားစိတ်တစ်မျိုးကိုပါ ယူဆောင်လာသည်မှာ မကြာမီနိုးထလာတော့မည့် သားရဲကောင်ကြီးရှေ့တွင် ရပ်နေရသကဲ့သို့ ဖြစ်နေသည်။ တစ်ဖက်လူ၏ ခပ်ဖျော့ဖျော့အသက်ရှုသံတစ်ချက်နှင့်ပင် သူ့ကို တုန်ယင်လာစေသည်။
မည်သို့ပင်ဖြစ်စေ သူ့ရှေ့မှတည်ရှိမှုက လူသားတစ်ယောက် လုံးဝမဟုတ်ပေ။
သို့သော် ထိုလူက အသက်မှန်မှန်ရှုပြီး နှလုံးခုန်သံများကိုလည်း သူ့ထံမှ ကြားနေရသည်။ သက်ရှိဖြစ်ကြောင်း ခြေရာလက်ရာများက ပုံမှန်အတိုင်းပင်ဖြစ်သည်။
ထိုလူထံမှ ထုတ်လွှတ်နေသည့် စိတ်ခံစားချက်အချို့ကို အာရုံခံမိနေသောကြောင့် သူကြောက်လန့်နေရခြင်းဖြစ်သည်။ ၎င်းက သူနှင့် ရင်းနှီးနေသော ခံစားချက်ဖြစ်သည့် "ဆာလောင်မှု" ဖြစ်သည်။
" မကောင်း‌ဆိုးဝါးကြီး... မကောင်း‌ဆိုးဝါးကြီး မကောင်း‌ဆိုးဝါးကြီး..."
သူ အော်ဟစ်လိုက်သည်။
မရေမတွက်နိုင်သောအနက်ရောင်လက်များက ပို၍ကသုတ်ကရိုက် ပျံသန်းလာကုန်သည်။ စူးရှရှအသံများတွင် များပြားသော အော်ဟစ်ကျိန်ဆိမှုများနှင့် ခြိမ်းခြောက်မှုများ ရောယှက်နေသည်။
ထိုဆူညံသံများကြောင့် ယဲ့ကျားခေါင်းကိုက်လာသည်။
လက်ချောင်းများဖြင့် ဆိတ်ဆွဲလိုက်သည့်အခါ ထိုအနက်ရောင်လက်က တောင့်တင်းသွားပြီး ငြိမ်ကျသွားသည်။ ၎င်းကို မမြင်နိုင်သည့်အားတစ်ခုဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်သွားသည်။
လူငယ်လေး၏ ပတ်ပတ်လည်မှ မှောင်မိုက်နေသည့် မြူခိုးများက သိပ်သည်းမှုအနည်းငယ် လျော့ကျသွားသည်မှာ တစ်စိတ်တစ်ပိုင်းကို ဝါးမျိုခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
" အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့... ငါက လူသားလေ... တကယ့်လူသားစစ်စစ်ကြီး..."
ယဲ့ကျား၏အသံက ပျင်းရိပျင်းတွဲဖြစ်နေဆဲပင်။
မကောင်းဆိုးဝါးဝိညာဉ် : “……….”
သရဲတွေတောင် မင်းပြောတာမယုံဘူးကွ...
နောက်တစ်စက္ကန့်တွင် ၎င်း၏လက်ကို ခြိမ်းခြောက်ဟန်ဖြင့် တင်းကြပ်စွာကိုင်ထားသည်ကို ခံစားလိုက်ရသည်။ မကောင်းဆိုးဝါးဝိညာဉ်က ချက်ချင်း အညံ့ခံလိုက်သည်။
" မင်းက လူသားပါ... တကယ့်လူသားစစ်စစ်ပါ..."
ယဲ့ကျားက စိတ်ကျေနပ်သွားပုံဖြင့် ကိုင်ထားသည်ကို လျှော့ပေးလိုက်သည်။
သူ လှမ်းကြည့်လိုက်သောအခါ ကြမ်းပြင်တွင် သတိလစ်မေ့မျောနေသည့် ချန်စဲကျစ်ကို မြင်လိုက်ရသည်။ တစ်ဖက်လူ၏ မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ ခန္ဓာကိုယ်တစ်ပိုင်းကို ဓာတ်လှေကားထဲ ဆွဲခေါ်ခံထားရပြီး အမှောင်ထုထဲ နစ်မြုပ်နေသည့် သူ့ခန္ဓာကိုယ်တစ်ပိုင်းမှ မည်းနက်နေသည့် အမှုန်အမွှားများ ထွက်ပေါ်လာသည်။ မီတာအနည်းငယ်အကွာမှပင် သေခြင်းတရား၏ အေးစက်စက်လေထုက ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာခံစားနိုင်ပေသည်။
ဓာတ်လှေကားအတွင်းမှ နေရာက လူသားကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။
ယခုအခါတွင် ၎င်းက လက်တွေ့ကမ္ဘာနှင့်ထပ်နေပြီး မကောင်းသည့်စိတ်များဖြင့် ဖန်တီးထားသော အမှောင်ပိုင်နက်တစ်ခုဖြစ်သည်။ ဘီအဆင့်အထက် သရဲများသာ ၎င်းကိုဖန်တီးနိုင်သည်။
အကယ်၍ ချန်စဲကျစ်က ထိုနေရာသို့ ဆွဲခေါ်ခံလိုက်ရပါက အရိုးပင်ကျန်တော့မည်မဟုတ်ပေ။
ယဲ့ကျား အတွေးထဲ နစ်မြုပ်သွားသည်။
အပြင်လောကတွင် သူ ယခင်က ဘီအဆင့်သရဲတစ်ကောင်ကို မတွေ့ခဲ့ဖူးပေ။
ထို့အပြင်...
ယဲ့ကျား ခေါင်းငုံ့လိုက်ပြီး သူဆုပ်ကိုင်ထားရာမှ ရုန်းကန်နေဆဲဖြစ်သည့် အနက်ရောင်လက်အသေးလေးကို ကြည့်လိုက်သည်။ သူ၏ အရောင်ဖျော့ဖျော့မျက်ဝန်းများ အနည်းငယ် မှေးကျဉ်းသွားပေသည်။
၎င်းက အစောပိုင်းတွင် သူ ဓာတ်လှေကားထဲ၌ ခံစားခဲ့ရသော ပုံမှန်မဟုတ်သည့် စွမ်းအင်အတက်အကျများ ဖြစ်နေရသည့် အကြောင်းရင်းဖြစ်နိုင်သည်။
သို့ရာတွင် သာမန်ဘီအဆင့်သရဲတစ်ကောင်နှင့်ယှဉ်ပါက ဤတစ်ကောင်က အားနည်းလွန်းနေသည်။
သို့သော် ၎င်းက အဓိကအချက်မဟုတ်သေးပေ။
ယဲ့ကျား သူကိုင်ထားသည့်လက်ကို လှုပ်လိုက်သည်။
" ငါ့လုပ်ဖော်ကိုင်ဖက်ကို ပြန်ခေါ်လာခဲ့..."
သာမန်လူသားများက ထိုပိုင်နက်ထဲတွင် ကြာကြာမနေနိုင်ကြပေ။ အကယ်၍ ခန္ဓာကိုယ်အစိတ်အပိုင်းအသေးလေးတစ်ခုပင် အတွင်းထဲရောက်သွားပါက အသက်စွမ်းအင်က ဆက်တိုက်စုပ်ယူခံရပေလိမ့်မည်။
ထိုအနက်ရောင်လက်က ခဏတာ တုန်ယင်သွားသော်လည်း ကျိုးနွံစွာဖြင့် နာခံလိုက်သည်။
ခဏအကြာတွင် ပိန်သွယ်ပြီး မီးခိုးရောင်ဖျော့ဖျော့လက်များစွာက ဓာတ်လှေကားထဲမှ ဆန့်ထွက်လာသည်။ ၎င်းက ချန်စဲကျစ်၏ခြေလက်များနှင့် ခန္ဓာကိုယ်ကို အမှောင်ထုထဲမှ တဖြည်းဖြည်းချင်း ဆွဲထုတ်ပေးနေပြီး ကြမ်းပေါ်သို့ ဒုန်းခနဲပစ်ချလိုက်သည်။
ယဲ့ကျား : “………”
သူ့ပုံစံကလည်း အမှိုက်ပစ်လိုက်သလိုပဲ...
ခဏနေလို့ ချန်စဲကျစ်နိုးလာရင်တော့ သူ့ခန္ဓာကိုယ်က ရက်နည်းနည်းလောက်အထိ နာနေတော့မှာပဲ...
" အရမ်းအေးတယ်... အရမ်းပူတယ်..."
အနက်ရောင်လက်က စောဒကတက်လိုက်ပြီး ယဲ့ကျ၏ ဆုပ်ကိုင်ထားမှုကြောင့် တွန့်လိမ်နေသည်။
" အခု လွှတ်ပေးလို့ရပြီမလား... မြန်မြန်လွှတ်ပေး..."
ယဲ့ကျား သူ့ကို တစ်ချက်ကြည့်လိုက်သည်။
" အဲ့လိုလုပ်လို့မရဘူး..."
အထိန်းအကွပ်မဲ့နေတဲ့ ဘီအဆင့် သရဲတစ်ကောင်ကို ဒီဧရိယာတစ်ဝိုက်မှာ လုပ်ချင်ရာလုပ်ခွင့်ပြုလိုက်ရမယ်တဲ့လား... သူ သေလုမျောပါးဖြစ်တဲ့အထိ အချိန်ပိုမလုပ်ချင်ဘူး...
လူငယ်လေးက မျက်လွှာချလိုက်သည်။ သူ့အသားအရည်ဖြစ်စေ၊ မျက်ဝန်းများဖြစ်စေ တစ်ကိုယ်လုံးက ဖြူဖျော့နေလွန်း၍ အရောင်အသွေးမရှိဟုပင် ထင်ရပေသည်။ သူ့ပုံက နက်မှောင်နေသည့်စင်္ကြန်လမ်းဖြင့် မလိုက်မဖက်ဖြစ်နေသည်။
သူ ပြုံးလိုက်သည်။
" ဒါပေမဲ့ မြန်မြန်ပြီးသွားအောင်တော့ လုပ်ပေးလို့ရပါတယ်..."
ခဏအကြာတွင် သူ၏လက်ချောင်းသွယ်သွယ်များကို လှုပ်ရှားလိုက်သည့်အခါ လျှပ်စစ်မီးပွားကဲ့သို့ ငွေဖြူရောင်အလင်းက လက်ခနဲဖြစ်သွားသည်။
" ဝှစ်..."
လေထဲတွင် ဓါးဖြင့် တစ်စုံတစ်ရာကို ပိုင်းဖြတ်လိုက်သည့်အသံ ထွက်ပေါ်လာသည်။
အော်ဟစ်ရုန်းကန်ခွင့်ပင် မရလိုက်ပဲ အမှောင်ထုကြီးက ရုတ်ချည်းပျောက်ကွယ်သွားသည်။ ဤကမ္ဘာမှ တိုက်ရိုက်ရှင်းထုတ်လိုက်သည်နှင့်ပင် တူသည်။
ဓာတ်လှေကားထဲမှ အမှောင်ထုက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ၎င်း၏ အိုမင်းဟောင်းနွမ်းနေပြီး ညစ်ပတ်နေသည့် သတ္တုနံရံများပေါ်လာသည်။
လေထုထဲမှ အေးစက်မှုက အနည်းငယ်လွင့်ပြယ်သွားသည်။
နေရောင်ခြည်က ဝေဝါးနေသည့် မှန်ပြတင်းပေါက်များမှ တဖြည်းဖြည်းချင်းစီဝင်လာပြီး စင်္ကြန်လမ်းကို ပုံမှန်အလင်းရောင် ပြန်ရလာစေသည်။
ဓာတ်လှေကားတံခါးက အကြိမ်အနည်းငယ်ခန့် ညပ်နေပြီးမှ တဖြည်းဖြည်း ပြန်ပိတ်သွားသည်။
.....
အချိန်မည်မျှကုန်ဆုံးသွားသည်ကို မသိလိုက်ပေ။
တစ်ယောက်ယောက်က သူ့ကိုလှုပ်နှိုးနေသည်ဟု ချန်စဲကျစ် ခံစားလိုက်ရသည်။
" ဟေး ထတော့..."
မျက်ခွံများအနည်းငယ် တုန်ယင်သွားပြီးနောက် တဖြည်းဖြည်း မျက်လုံးပွင့်လာသည်။ ကျောက်သုန်၏ စိုးရိမ်ပူပန်နေသည့်မျက်နှာက သူနှင့် အလွန်နီးကပ်နေသည်။
" ဘာဖြစ်တာလဲ... မင်း ဘာလို့ ဒီမှာလှဲနေတာလဲ..."
တစ်ခဏတွင်းချင်းတွင် အစောပိုင်းမှမှတ်ဉာဏ်များက သူ့ခေါင်းထဲ ဒီရေသဖွယ် ဝင်ရောက်လာသည်။ အပူချိန် ရုတ်ချည်းကျဆင်းသွားခြင်း၊ တခြားကမ္ဘာမှ ရောက်လာသည်နှင့်တူသော ဓာတ်လှေကား၊ အတွင်းမှ ထွက်လာသည့် မရေမတွက်နိုင်သော အနက်ရောင်လက်များ...
" အားးး..."
ချန်စဲကျစ် အော်ဟစ်လိုက်သည်။
ကျောက်သုန် လန့်သွားရသည်။ သူ အနည်းငယ်နောက်ဆုတ်ပြီး နားရွက်ကို အုပ်ထားလိုက်သည်။
" ဘာဖြစ်တာတုန်း..."
ချန်စဲကျစ် ကြမ်းပေါ်မှ ထခုန်လိုက်သော်လည်း စူးရှသည့်နာကျင်မှုကြောင့် ‌ပြန်လဲကျသွားသည်။ သူ့စိတ်ထဲတွင် ကားတိုက်ခံထားရသကဲ့သို့ ခံစားနေရသည်။
အံကြိတ်ပြီး အသက်အောင့်လိုက်ကာ မအော်မိအောင် ထိန်းထားရသည်။
ယဲ့ကျားက နောက်ကျမှ ရောက်လာသည်။
" ဘာဖြစ်တာလဲ..."
ချန်စဲကျစ်က အလန့်တကြားဖြစ်သွားပြီး ဓာတ်လှေကားဘက်ကို လှည့်ကြည့်လိုက်သည်။ ဓာတ်လှေကားတံခါးက ပိတ်နေပြီး အရာအားလုံးပုံမှန်ဖြစ်နေသည်။
သူ ဓာတ်လှေကားကို လက်ညှိုးထိုးပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" လက်... လက်တွေ... လက်အများကြီး ထွက်လာတာ..."
ကျောက်သုန် ခေါင်းကုတ်လိုက်သည်။
" ဘယ်မှာလဲ အိမ်မက်ထဲမှာ တွေ့ခဲ့တာလား..."
သရဲများပေါ်လာတတ်သည့်နေရာများတွင် ပုံမှန်မဟုတ်သည့်စွမ်းအင်အမှုန်များ ကျန်ရှိနေခဲ့တတ်၍ ထိုအမှုန်များက စိတ်ခံစားချက် မတည်ငြိမ်သူများနင့် ဝိညာဉ်အားနည်းသူမျကို သက်ရောက်တတ်ပြီး ထိုလူများကို ကြောက်မက်ဖွယ် ပုံရိပ်ယောင်များ မြင်စေနိုင်သည်။ ၎င်းကို 'အိမ်မက်ဆိုး' ဟု ခေါ်ခြင်းဖြစ်သည်။
သာမန်လူများနှင့်ယှဉ်ပါက ဗျူရိုမှလူများက ထိုစွမ်းအင်အမှုန်များကို ပို၍ ထိတွေ့ခံစားလွယ်ကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ တစ်ခါတစ်ရံ အချိန်ပိုဆင်းရခြင်းနှင့် အလုပ်ပတ်ဝန်းကျင်မှဖိအားနှင့် သက်ဆိုင်သည်ဟု ယဲ့ကျားထင်နေမိသည်။
သူ ခေါင်းခါပြီးသက်ပြင်းချလိုက်သည်။
" ငါလည်း ခေါင်းဆောင်ကို အကြိမ်ပေါင်းများစွာ ဒီအကြောင်း အကြိမ်ပေါင်းများစွာပြောတယ်... ဝန်ထမ်းတွေကို အတင်းဖိအားပေးထားက ကျင့်ဝတ်နဲ့ သွေဖယ်တာပဲ... ငါတို့တွေလည်း အနားယူဖို့ လိုတယ်လေ..."
ယဲ့ကျားက ရိုးဖြောင့်စွာဖြင့် အကြံပြုလိုက်သည်။
" ပြန်ရောက်ရင် ခေါင်းဆောင်ကို စောဒကသွားတက်လိုက်... အဲဒါဆိုရင်တော့ ရက်နည်းနည်းလောက် လစာမဲ့ခွင့်ရမှာပါ..."
ကျောက်သုန် : “……..”
ချန်စဲကျစ် : “…….”
မင်းက ဒီလိုလုပ်နေကျလား...
ကျောက်သုန် ထူပေးလိုက်၍ ချန်စဲကျစ်က ကြမ်းပေါ်မှ တဖြည်းဖြည်းထလာသည်။ နာကျင်နေသည့်ကျောပြင်ကိုပွတ်ပြီး အလွန်အမင်းပုံမှန်ဖြစ်နေသည့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အစောပိုင်းက သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော ထူးဆန်းသည့်အရာများက မီးခိုးသဖွယ် လုံးဝပျောက်ကွယ်သွား၍ အိမ်မက်ဟုပင် ထင်မိလာသည်။
သူ တကယ်ပဲ အိမ်မက်ဆိုးတွေ မက်ခဲ့တာလား...
သူ့ဘေးနားမှ ခြေရာခံစက်ကို ကြည့်လိုက်သည်။ ခြေရာခံစက်က ပျက်စီးသွား၍ မျက်နှာပြင်က မည်းမှောင်နေသည်။ မည်သည့်သတင်းအချက်အလက်ကိုမှ မစုဆောင်းနိုင်ခဲ့ပေ။
ပျာယာခတ်မှုကြောင့် ချန်စဲကျစ် ဇာက်ကလေး ပုသွားသည်။
ဒီတစ်ခေါက် ကွင်းဆင်းစစ်ဆေးတဲ့ ခရီးစဉ်က အလဟဿ ဖြစ်သွားတာပဲ...
.....
သဘာဝလွန်ဆိုင်ရာကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရို (PIAMB)က မြို့တော်စင်တာနှင့် မနီးမဝေးမှ ရုံးအဆောက်အဦးတစ်ခုပေါ်တွင် တည်ရှိပေသည်။
အပေါ်ထပ်က အမြင်စွမ်းအားရှင်များအတွက်ဖြစ်ပြီး အောက်ထပ်က ဒီဇိုင်နာများဖြစ်သည်။
သူတို့၏အထပ်တွင်မူ တံခါးတွင် ချိတ်ဆွဲထားသည့်စာတမ်းက ' သန့်စင်စွမ်းအင်ကို ပြန်လည်သုံးစွဲခြင်း ' ဖြစ်သည်။ သို့ရာတွင် လူအများစုသိကြသည့်အမည်က ' အမှိုက်ပုံး ' ဖြစ်ပေသည်။
အစိုးရလျှို့ဝှက်ဌာနတစ်ခုဟု ထင်ရပါပေသည်။
အလွန်ကောင်းမွန်စွာ လျှို့ဝှက်ထားခြင်းဖြစ်သည်။
မည်းမှောင်ပြီး ပြည့်ကျပ်နေသော စင်္ကြန်လမ်း၏အဆုံးတွင် "ထောက်ပံ့ပို့ဆောင်ရေးဌာန " ဟူသည့် ဖုန်တက်နေသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။ အခန်းထဲတွင် အမျိုးမျိုးအထွေထွေသော ပစ္စည်းများဖြင့်ပြည့်နေပြီး အားလုံး၏အလည်တွင် ခုံအနည်းငယ်ဖြင့် ထောက်ပံ့ပို့ဆောင်ရေးဌာန၏ ရုံးနေရာပြုလုပ်ထားပေသည်။
ချန်စဲကျစ်က ပျက်စီးသွားသည် ခြေရာခံစက်ကို စိတ်ဓာတ်ကျစွာဖြင့် ဌာနခေါင်းဆောင်ဖြစ်သည့် လျှိုကျောက်ချန်၏လက်ထဲ ထည့်ပေးလိုက်သည်။ သူက တည်ကြည်သောမျက်နှာဖြင့် အနည်းငယ်ခေါင်းပြောင်နေသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာက အမြဲတမ်း ခက်ထန်နေသည်။ သူ့ခေါင်းပြောင်ကြီးကို လာကြည့်သူတိုင်းကို ထိုအကြည့်ဖြင့် ခြောက်လှန့်နေသည်ဟုပင် ထင်ရသည်။
" ငါသိပြီ..."
ဖြစ်ပျက်ခဲ့သည်များကို ကြားပြီးနောက် ခေါင်းဆောင်က ပြောလိုက်သည်။
" မင်း နေ့တစ်ပိုင်းခွင့်ယူပြီးတော့ ဆေးဌာနကိုသွားပြီး ဆေးစစ်လိုက်... ပြီးတာနဲ့ အိမ်ပြန်ပြီး ကောင်းကောင်းအနားယူတော့..."
သူ့စကားမဆုံးမီမှာပင် ယဲ့ကျားက လက်ထောင်လိုက်သည်။
" ခေါင်းဆောင်..."
" စဉ်းတောင် မစဉ်းစားနဲ့..."
လျှိုကျောက်ချန်က မျက်လုံးပင် လှန်မကြည့်ပဲ အေးစက်စွာ ငြင်းဆန်လိုက်သည်။
" အလုပ်သွားလုပ်တော့..."
ယဲ့ကျား : “……….”
အစိုးရကျွန် ဖြစ်ရတာလည်း မလွယ်ပါလား...
သူ အသက်မဲ့စွာဖြင့် နေရာသို့ပြန်လာသော်လည်း နောက်တစ်စက္ကန့်တွင် အံ့အားသင့်သွားရသည်။
သူ့ခုံကို ရှာမတွေ့ပေ။
အဘယ့်ကြောင့်‌ဆိုသော် အားလုံးက စာရွက်အပုံကြီးများအောက် မြုပ်နေသောကြောင့်ဖြစ်သည်။ စားပွဲအတွက် နေရာရှိသည်ဆိုရုံဖြစ်သည်။
" မနက်ဖြန် အဲဒါတွေ ရှင်းထားလိုက် မဟုတ်ရင် ဘောနပ်စ် အဖြတ်ခံရမယ်... ငါ မှတ်ထားတာ မမှားဘူးဆိုရင် မင်းရဲ့ နှစ်ကုန်ဘောနပ်စ်က ဘယ်လောက်မှတောင် မကျန်တော့ဘူးထင်တယ် ဟုတ်တယ်မလား..."
ခေါင်းဆောင်က ပြုံးပြလိုက်သည်။
" ကံကောင်းပါစေ..."
ယဲ့ကျား : “……….”
ငါ ဒီဌာနကိုဝင်ခဲ့တာ ဒီအလုပ်တွေလုပ်ဖို့ မဟုတ်ဘူးလေ...
အရင်က သဘောတူထားတဲ့ အချောင်ခိုလို့ရတဲ့အလုပ်လေး ဘယ်ရောက်သွားတာလဲ...
.....
မနက်စောစောတွင်...
ကောင်းကင်ကြီးက လင်းထိန်တောက်ပလာပြီဖြစ်သည်။
ယဲ့ကျားသမ်းဝေလိုက်သည်။ သူ့ရှေ့မှ တောင်တစ်လုံးတမျှ အပုံလိုက်ဖြစ်နေသည့် စာရွက်စာတမ်းများကိုကြည့်ပြီး မသေမသပ်ဖြစ်နေသည့်ဆံပင်ကို ဆွဲဖွလိုက်သည်။
ကံကောင်းသည်မှာ ဌာနခေါင်းဆောင်က သဘောထားကြီးစွာဖြင့် ထိုစာရွက်စာတမ်းများကို အိမ်သို့သယ်သွားခွင့်ပြုခဲ့သည်။ ထိုသို့မဟုတ်ပါက ဗျူရိုတွင် အချိန်ပိုဆင်းရတော့မည်ဖြစ်သည်။
ယဲ့ကျားက ဌာနတွင် အချိန်များစွာ ကုန်ဆုံးလိုသူ မဟုတ်ပေ။
အညောင်းဆန့်လိုက်ပြီးနောက် တဖြည်းဖြည်း မတ်တပ်ရပ်ကာ နှေးကွေးသော ခြေလှမ်းများဖြင့် မီးဖိုချောင်ဘက်သို့ ဦးတည်သွားလိုက်သည်။
သူ စိတ်ထင်နေသည်လား မသိသော်လည်း ယခုနောက်ပိုင်းတွင် မြို့က ပို၍ တိတ်ဆိတ်လာသည်ဟု ခံစားရပေသည်။
ယခုနောက်ပိုင်းတွင် လူပျောက်သည့်ကိစ္စရပ်များကြောင့် လူ့အဖွဲ့အစည်းတွင်းတွင် အုတ်အော်သောင်းနင်းဖြစ်နေသည်။ သို့ရာတွင် လက်ရှိ သဘာဝလွန်ဖြစ်ရပ်များကလည်း သာမန်နှင့် ကွဲလွဲနေသည်က များသည်။ ဝန်ထမ်းများ နည်းပါးလာသည့် အနေအထားဖြစ်နေ၍ အားလုံးက အနားယူချိန်ပင်မရှိပဲ အလုပ်များနေသည်။ အပျင်းအထူဆုံးဖြစ်သည့် ထောက်ပံ့ပို့ဆောင်ရေးဌာနသည်ပင် ရူးလောက်သည်အထိ အချိန်ပိုဆင်းနေကြရသည်။
ယဲ့ကျား မျက်လုံးများမှေးကျဉ်းလိုက်သည်။ ထိုအကြောင်းတွေးနေလျက်ဖြင့် ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်။
သူနှင့်ရင်းနှီးနေသော အနက်ရောင်လက်အသေးလေးများကို မြင်လိုက်ပေသည်။
၎င်းက တုန်ယင်စွာဖြင့် ရေခဲသေတ္တာတံခါးအနောက်တွင် ပုန်းနေပြီး မျက်နှာချိုသွေးပြီး ပြောလိုက်သည်။
" ဟိုင်း... ကောင်းသော မနက်ခင်းပါ..."
ယဲ့ကျား : “………”
တံခါးကို ဘန်းခနဲ ဆောင့်ပိတ်လိုက်သည်။
ထိုလက်လေးက တံခါးနှင့် ညပ်မိသွား၍ ကျွီခနဲအသံထွက်သွားပြီးနောက် ရေခဲသေတ္တာအက်ကြောင်းကြားမှ ဂရုတစိုက်ဖြင့် နောက်ပြန်ဆုတ်သွားသည်။
ယဲ့ကျား မျက်နှာသေကြီးဖြင့် တစ်ဖက်သို့လှည့်လိုက်သည်။ ရေတစ်ခွက်ကို ဖန်ခွက်ထဲလောင်းထည့်ပြီး တစ်ကျိုက်တည်း အကုန်မော့သောက်လိုက်ပေသည်။
ဟုတ်တယ်... အချိန်ပိုဆင်းရလို့ဖြစ်တာ... အချိန်ပိုတော်တော်လေး ဆင်းလိုက်ရတော့ ထင်ယောင်ထင်မှားတွေပါ မြင်ကုန်ပြီ...