အပိုင်း ၃
Viewers 10k

Chapter 3
ခဏအကြာတွင် လက်မဲလေးက စာရွက်ပါးလေးအသွင်ပြောင်းပြီး ရေခဲသေတ္တာအကြားမှထွက်လာကာ ယဲ့ကျား၏အရှေ့သို့ရွေ့လာသည်။ ၎င်းက အလွန်အကျူးလှုပ်ယမ်းနေသည်။
" ကျွန်တော့်ကိုမြင်ရလား... ကျွန်တော်ကို မမြင်ဘူးဆိုတာ မယုံနိုင်ဘူးနော်... ဟဲလို... သူငယ်ချင်းလေး..."
ယဲ့ကျား ဖန်ခွက်ကို တင်းကြပ်စွာ ကိုင်ထားလိုက်သည်။ “………”
ကြည့်ရတာ ထင်ယောင်ထင်မှားတော့ မဟုတ်ဘူးပဲ...
သူ့စွမ်းရည်တွေ ကျလာတာများလား... သူ ဖျက်ဆီးပစ်ရမယ့်ဟာတွေက သူ့ဘေးနားမှာ လာတောင်ကနေသေး‌တယ်...
" မြင်... မြင်ရပါတယ်..."
အန္တရာယ်ကို အာရုံခံမိသကဲ့သို့ လက်မဲလေးက လှုပ်ယမ်းနေသည်ကို ရပ်လိုက်သည်။
" ကျွန်တော့်စွမ်းအင်တွေ အားလုံးနီးပါးက ကုန်သလောက်ဖြစ်သွားတာ အဲဒါရဲ့ ကျေးဇူးကြောင့် အသိစိတ်ပြန်ဝင်လာတာ ဒါပေမဲ့..."
" ကျွန်တော်... ခင်ဗျားနဲ့ မီတာ တစ်ရာထက်ပိုပြီး ဝေးဝေးနေလို့မရဘူး..."
လက်မဲလေးက ကျုံ့ဝင်နေသည်မှာ ဘောလုံးတစ်လုံးအဖြစ် ပြောင်းသွားတော့မည်ဟုပင် ထင်ရသည်။
" အနှေးနဲ့ အမြန် သိသွားမှာပဲဆိုတော့ အခုတည်းက ရှင်းအောင်လုပ်ထားတာ ပိုကောင်းမယ်ထင်လို့ပါ... ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် မမှတ်မိတော့ပေမယ့် ခင်ဗျားရဲ့ကိုယ်ပေါ်က အနံ့နဲ့ ကျွန်တော်ရင်းနှီးနေတယ်... ခင်ဗျားလည်း ပိုပြီးသန်မာလာချင်တယ်မလား... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အကျိုးပြုပြီး နေလို့ရတယ်လေ... ဘာလို့လဲဆိုတော့ သရဲတစ်ယောက်အနေနဲ့ ကျွန်တော် ခင်ဗျားကို အများကြီး ကူညီပေးလို့ရတယ်လေ... ဟို ကျွန်တော် ပြန်ကောင်းလာဖို့ အသက်စွမ်းအင်လေး နည်းနည်းပြန်ပေးရုံပါပဲ..."
သူ ပို၍စကားပြောလေ ပို၍စိတ်လှုပ်ရှားလာလေဖြစ်သည်။ သူ ပို၍ လှုပ်ယမ်းလာသည်မှာ လှပသောအနာဂတ်ကို မြင်ပြီးနေသကဲ့သို့ ဖြစ်နေသည်။
ယဲ့ကျား : “……….”
ဒီသရဲလေးက အရမ်းနားငြီးတာပဲ...
သူ့မျက်ခုံးနှစ်ခုအကြားမှနေရာကို ဖိလိုက်ပြီးနောက် ဖန်ခွက်ကို ဇောက်ထိုးလှည့်ပြီး အဆက်မပြတ်လှုပ်ယမ်းနေသည့် လက်မဲလေးအပေါ်မှ အုပ်လိုက်သည်။
လက်မဲလေး : ဘာလို့လဲ “……..”
၎င်းက သူ့ခန္ဓာကိုပြောင်းပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း မအောင်မြင်လိုက်ပေ။
ဖန်သားနှင့် သူ့ခန္ဓာကိုယ် ရိုက်မိ၍ ' တင် တင် တင် ' အသံထွက်လာသော်လည်း ဖန်ခွက်က ထိုးဖောက်မရနိုင်သည့် သံမဏိနံရံကြီးသဖွယ် ဖြစ်နေသည်။ အတွင်းမှ ထွက်ပြေး၍ မရရုံသာမက ခွက်ကလည်း မရွေ့သွားပေ။
လက်မဲလေး ထိတ်ထိတ်ပျာပျာဖြစ်လာသည်။
" ခင်ဗျား ဘာ ... ဘာလုပ်လိုက်တာလဲ ကျွန်တော် ဘာလို့ ထွက်မရတာလဲ..."
" မင်း အရင်က ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိဘူးလို့ ပြောတယ်လေ..."
ယဲ့ကျား သမ်းဝေလိုက်သည်။
အိပ်ရေးမဝသောကြောင့် သူ့မျက်ဝန်းများက အသက်မဲ့နေသကဲ့သို့ ထင်ရသည်။ သူ မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။
" ရပါတယ် မင်းမှတ်မိအောင် ငါကူညီပေးမယ်..."
အမှောင်စွမ်းအင်များက သူ့လက်ထဲ တဖြည်းဖြည်း စုဝေးလာသည်။
အခန်းအပူချိန်က တစ်ခဏတွင်းချင်း ကျဆင်းသွားသည်။ ထူးဆန်းသည့် အရိပ်တစ်ခုက တစ်ခန်းလုံးကို လွှမ်းခြုံသွားပြီး အန္တရာယ်ရှိသော အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ယဲ့ကျား ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" နောက်ဆုံးတစ်ခေါက်က ငါ့အမှားပါ... ဒီတစ်ခါတော့ အဲ့လိုထပ်မဖြစ်တော့ဘူး..."
လက်မဲလေးက သူ့အလိုလိုနောက်ဆုံးလိုက်ပြီး ပါးလွှာသော စက္ကူတစ်ရွက်အသွင် ပြောင်းလိုက်သည်။ အနောက်ဘက်မှ ဖန်နံရံနှင့် သူ့ကိုယ်သူဖိကပ်ထားပြီး ကြောက်လန့်တကြား အော်နေသည်။
" နေပါဦး နေပါဦး နေပါဦး နေပါဦး...စကားပြောကြမယ်လေ စကားပြောကြမယ်လို့... မ... မ မလာနဲ့..."
ယဲ့ကျား၏လက်ထဲမှ အမှောင်စွမ်းအင်က ရုပ်ပိုင်းဆိုင်ရာအသွင်တစ်ခု ဖြစ်လာသည်။
၎င်းက ဓားကောက်ဖြစ်သည်။
၎င်း၏ သွယ်လျသောလက်ကိုင်ကို အရိုးဖြင့်ပြုလုပ်ထားပြီး တစ်ဖက်အစွန်းကမူ လခြမ်းကွေးပုံစံ ဖြစ်လုနီးပါး ဓားသွားဖြစ်သည်။ ဓားသွားက လရောင်၏ အသွင်သဏ္ဍာန်နှင့် တူပေသည်။ တောက်ပဖြူဖွေးလွန်းနေပြီး ၎င်းမှထွက်ပေါ်နေသည့် အေးစက်စက်သွေးစွမ်းအင်ကို အဝေးတွင် ရပ်နေလျှင်ပင် ခံစား၍ ရနိုင်ပေသည်။
နေပါဦး ဓားကောက်ကြီးလား...
" အဲဒါ ခင်ဗျားလား..."
လက်မဲလေးက ထိတ်လန့်တကြား အော်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ဓားကောက်ဖြင့် ခုတ်ပိုင်းလိုက်သည်။
၎င်းက အေးအေးလူလူဖြင့် လေကိုဖြတ်သွားခြင်းဖြစ်သည်။ ဓားသွားကျဆင်းလာချိန်တွင် ဤက ခွက်ကို လုံးဝမထိသွားပေ။ တိတ်ဆိတ်လျင်မြန်စွာဖြင့် လက်မဲလေးရှိရာသို့သာ ပျံသန်းသွားသည်။
ထို့နောက် ရုတ်တရက် သူ့ရှေ့တွင် ရပ်သွားလေသည်။
ယဲ့ကျား မျက်လုံးများ မှေးကျဉ်းလိုက်သည်။
" မင်း ငါ့ကိုသိလို့လား..."
လက်မဲလေးက ကြောက်ကြောက်လန့်လန့်နှင့် ဓားသွားနှင့်ဝေးအောင် ‌ခွက်၏ထောင့်တွင် ပြေးကပ်နေပြီး သနားစဖွယ်ကောင်းစွာဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
" အေ့စ်... ခင်ဗျားက အေ့စ်လေ..."
ယဲ့ကျား လန့်သွားသည်။
ခဏအကြာတွင် ဓားကောက်က အနက်ရောင်မီးခိုးများအဖြစ် ပြန်လည်အသွင်ပြောင်းသွားပြီး လေထဲတွင် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
သူ ထိုနာမည်ကို မကြားခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
အေ့စ်... အဆုံးမဲ့စီးဆင်းမှုလွတ်မြောက်ဂိမ်းကို ရှင်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသောလူ... ကစားသမားအဆင့်သတ်မှတ်ချက်ဘုတ်ပေါ်မှာ ဘယ်သူကမှ မကျော်နိုင်ခဲ့တဲ့ သရဖူမဲ့ဘုရင်...
ဂိမ်းထဲမှထွက်လာသည်နှင့် ထိုနာမည်ကို ထပ်မကြားရတော့ဟု ယဲ့ကျားထင်ခဲ့မိသည်။
" ခင်... ခင်ဗျားက မုန်းတီးမှုအဆင့်သတ်မှတ်ချက်ဘုတ်ပေါ်မှာ ထိပ်ဆုံးနံပါတ်တစ်နေရာမှာ ရှိတာလေ...အခု ခင်ဗျားအကြောင်း သတင်းအချက်အလက်တွေပေးမယ်ဆိုရင် အမှတ် သန်းရှစ်ဆယ်တောင် ပေးမှာတဲ့..."
ယဲ့ကျား : “……..”
ဘာလဲဟ... ဘာတွေဖြစ်နေတာလဲ...
မုန်းတီးမှုအဆင့်သတ်မှတ်ချက်ဘုတ်မှာ နံပါတ်တစ်တဲ့လား...
ဂိမ်းထဲတွင် အလင်းနှင့်အမှောင် ကစားသမားအဆင့်သတ်မှတ်ချက်ဘုတ်များရှိသည်။ အလင်းဘက်က အမှတ်အဆင့်သတ်မှတ်ချက်ဘုတ်ဖြစ်ပြီး အမှောင်ဘက်က မုန်းတီးမှု အဆင့်သတ်မှတ်ချက်ဘုတ်ဖြစ်သည်။ ကစားသမားများအကြား မုန်းတီးမှုတန်ဖိုးပိုမြင့်လေ စာရင်းတွင် သူတို့၏အဆင့် ပိုမြင့်လာလေဖြစ်ပြီး သရဲများက ကစားသမား၏အသက်နှင့် အလဲအလှယ်လုပ်ရန် ၎င်းတို့၏ စွမ်းအားနှင့် အမှတ်များကို လဲလှယ်ကြလေဖြစ်သည်။
အကယ်၍ နှစ်ရာပေါင်းများစွာကျင့်ကြံခဲ့သော သရဲတစ်ကောင်ကို စော်ကားမိပြီး အမြစ်ဖြတ် ဖယ်ရှားခြင်းမပြုခဲ့ပါက မိမိနာမည်က ထိုစာရင်းပေါ်တွင် ပေါ်လာသည်ကိုသာ စောင့်ဆိုင်းပြီး ဆုကိုရယူချင်သည့် အခြားသရဲများ၏ နောက်မှလိုက်ခြင်း ခံရပေမည်။
ယဲ့ကျား၏မှတ်ဉာဏ်တွင်မူ သူက ထိုမျှအထိ အဆင့်မြင့်မြင့် မရောက်ခဲ့ဖူးပေ။
အများဆုံး နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်အထိသာ ရောက်ခဲ့ဖူးသည်။
ယဲ့ကျားက နာမည်ကြီးသော်လည်း သိုသိုသိပ်သိပ်သာ နေခဲ့ပြီး အခြားသရဲများ ကစားသမားများနှင့် ရောနှောနေသည်က အလွန်ရှားပါးသည်။ ရန်ငြှိုးရှိခဲ့လျှင်ပင် ထိုနေရာ၌ ချက်ချင်းဖြေရှင်းပစ်၍ အခြေအနေက ထိုထက်ပိုဆိုးလာခြင်း မရှိခဲ့ပေ။
ထို့အပြင် ပို၍အရေးကြီးသောအရာမှာ...
ယဲ့ကျား မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
" အမှတ်ပေါင်း သန်း၈၀တောင်လား..."
သူ ခဏတာ အလေးအနက်တွေးလိုက်ပြီးနောက် မေးလိုက်သည်။
" အဲဒါကို တရုတ်ယွမ်နဲ့ လဲလို့ရလား..."
လက်မဲလေး : “………..”
အာရုံစိုက်တဲ့ကိစ္စ မှားနေပြီလို့ မထင်ဘူးလား...
ဂရုတစိုက် လေ့လာသုံးသပ်ပြီးသည့်နောက်တွင် ယဲ့ကျား နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။
မုန်းတီးမှုအဆင့်သတ်မှတ်ချက်ဘုတ်ပေါ်မှ ဆုများက တစ်စုံတစ်ယောက်က ရင်းနှီးဖော်ရွေသည့် ရည်ရွယ်ချက်ဖြင့် ပေးခြင်းမဟုတ်ပေ။ ၎င်းကို ငွေအဖြစ်ပြောင်းမည်ဆိုပါက ပြဿနာကြီးသွားပေလိမ့်မည်။ ထိုအကြောင်းများကြောင့်သာ မဟုတ်ပါက သူကိုယ်တိုင် ထိုဆုကို ယူလိုက်မည်ဖြစ်သည်။
ကမ်းကုန်အောင် အခြေအနေဆိုးရွားနေသည့် သူ့လစာနှင့် ဘောနက်စ်များမှ အာရုံပြောင်းလိုက်ပြီးသည့်‌နောက်တွင် မေးလိုက်သည်။
" ဘယ်သူက ပို့စ်တင်လိုက်တာလဲ..."
" ဘယ်သူ ရှိဦးမယ်တဲ့လဲ... သေချာပေါက် ကင်း ကပဲပေါ့..."
လက်မဲလေးက သဘာဝကျကျ ပြန်ဖြေလိုက်သည်။
ကင်းတဲ့လား... အဲဒါဘယ်သူတုန်း...
ယဲ့ကျား ပို၍စိတ်ရှုပ်ထွေးလာသည်။
သရဲတွေကြားထဲမှာကို အဆင့်တွေက အများကြီးရှိပါတယ် ဒါပေမဲ့ ကင်းဆိုတာက ဘာလဲ တစ်ခါမှ မကြားဖူးဘူး...
အနည်းဆုံးတော့ သူ ဂိမ်းထဲရှိနေတုန်းမှာ ကင်းက ရှိမနေခဲ့ဘူးလေ...
" အဲ့ကင်းအပြင် ဘယ်သူက ငါ့အတွက် ဆုကြေးထုတ်ထားသေးလဲ..."
ယဲ့ကျား မေးလိုက်သည်။
လက်မဲလေးက ‌ပြန်ဖြေသည်။
" သူပဲလေ..."
" ဘာ..."
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
သူ ဂိမ်းကို မရှင်းလင်းရသေးမီက ထောင်နှင့်ချီသောသရဲများက သူ့ကို ဆုကြေးမထုတ်လျှင်ပင် အနည်းဆုံး သရဲအကောင်တစ်ရာခန့် ရှိပေသည်။
ဘာလို့ အခုမှ အရမ်းနည်းသွားရတာလဲ...
အဓိပ္ပါယ်မရှိတာ...
" ဒါ ဒါပေမဲ့ အဲဒါက သတင်းအချက်အလက်အတွက် ဆုကြေးပဲရှိသေးတယ်..."
သူက ယဲ့ကျားကို သစ္စာဖောက်သည်ဟု အထင်ခံရမည်စိုး၍ လက်မဲလေးက သူ၏သစ္စာရှိမှုကို ဖော်ပြလိုက်သည်။
" ဘော့စ် ကျွန်တော့်ကို ယုံမှရမယ်... အခု ကျွန်တော့်ရဲ့ ဝိညာဉ်ခန္ဓာကိုယ်က ခင်ဗျားနဲ့ ချည်နှောင်ထားပြီး... ကျွန်တော့်ကို အကြိမ် ၈၀၀ လောက် သေခိုင်းရင်တောင် ကျွန်တော် ဘော့စ်ကို သစ္စာမဖောက်ရဲပါဘူး..."
“……….” သတင်းအချက်အလက်အတွက်ပဲ တဲ့လား... အသက်ကို မယူခိုင်းဘူးလား..."
ယဲ့ကျား အော်ရယ်မိမတတ်ဖြစ်သွားသည်။
ဂိမ်းထဲမှာ အဲ့လိုသရဲတွေ ရှိသေးတာလား...
ဟာသကြီးလိုပဲ...
သရဲများက ကိုယ်ကျင့်သိက္ခာမရှိသူများ ဖြစ်သည်။ ယဲ့ကျားက ဤအကောင်လေးပြောသည်များကို ယုံကြည်ရန် စိတ်ကူးမရှိခဲ့ပေ။
ယဲ့ကျား ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။
သူ စကားလမ်းကြောင်းပြောင်းလိုက်ပေသည်။
" အဲ့တော့ မင်းက ဂိမ်းထဲက ထွက်လာတယ်ပေါ့လေ..."
" ဟုတ်... ဟုတ်ပါတယ်..."
လက်မဲလေးက သူ့ကိုယ်ကို ဖန်သားပေါ်ကပ်ထားပြီး တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။
ယဲ့ကျား မျက်လုံးများ မှေးကျဉ်းလိုက်သည်။
" ဘယ်လိုထွက်ခဲ့တာလဲ..."
လက်မဲလေးက ကျုံ့ဝင်သွားပြန်သည်။
" ကျွန်... ကျွန်တော်လည်းမသိဘူး... တစ်နေ့မှာ ရုတ်တရက် တံခါးတစ်ချပ်ပေါ်လာလို့ အဲ့က ထွက်လာမိတာပဲ..."
သူ့စကားကိုကြားပြီးနောက် ယဲ့ကျား ရုတ်တရက် ခံစားချက်မကောင်းတော့၍ မေးလိုက်သည်။
" မင်းနဲ့အတူ ဘယ်သူတွေ ထွက်လာသေးလဲ..."
" ကျွန်တော်လည်း မသိဘူး... တံခါးက အဲ့နေရာမှာ ရှိနေရုံပဲ... အဲ့တံခါးနားက ဖြတ်သွားတဲ့သူတိုင်းတော့ ဝင်မိမယ်ထင်တယ်..."
လက်မဲလေးက ခေါင်းခါလိုက်သည်။
ယဲ့ကျား လန့်သွားရသည်။
နံရံပါးလေးကိုကျော်လွန်၍ တစ်ဖက်အခန်းမှ မနက်ခင်းသတင်းကြေညာသံကို ဝိုးတဝါးကြားနိုင်ပေသည်။
( အခုနောက်ပိုင်း မြို့ထဲမှာ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ပျောက်ဆုံးမှုတွေ ဖြစ်နေပါတယ်... တာဝန်ရှိသူတွေကတော့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီး စုံစမ်းစစ်ဆေးနေကြပါတယ်...)
ယဲ့ကျား၏မျက်လုံးများ မည်းနက်သွားသည်။
မျက်လွှာချလိုက်ပြီး ပြောင်းပြန်လှန်ထားသည့် ဖန်ခွက်ထဲတွင် ပိတ်မိနေသော လက်မဲလေးကို ကြည့်လိုက်သည်။ သူ့လေသံက ပျော့ပျောင်းသွားသည်။
" ဒီအကြောင်းပြောပြပေးတာ ကျေးဇူးတင်ပါတယ်..."
သို့ရာတွင် လက်မဲလေးက စိတ်အေးလက်အေး သက်ပြင်းမချမီမှာပင် ဓားကောက်က တစ်ကြိမ်ထပ်ပေါ်လာပြန်သည်။
ယဲ့ကျားက သူ့ကိုငုံ့ကြည့်ပြီး မျက်လုံးများမှေးကျဉ်းလိုက်သည်။
" အခု မင်းအလုပ်ပြီးသွားပြီ..."
လက်မဲလေး : “……….”
ဘယ်သူက မကောင်းဆိုးဝါးသရဲပါလိမ့်..
ဓားသွားက ချဉ်းကပ်လာသည်ကို မြင်သည့်အခါ သူ နောက်တစ်ကြိမ် အော်လိုက်ပြန်သည်။
" နေပါဦး နေပါဦး နေပါဦး နေပါဦး... ကျွန်တော် ပြောပြစရာတစ်ခု ရှိသေးတယ်..."
" ခင်ဗျား အဲ့အဆောက်အဦးကိုသွားပြီး ဟိုကောင်မလေးရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ရှာတယ်မလား..."
လက်မဲလေးက အသက်တစ်ရှိုက်စာမျှအချိန်ပေးရန် အမူအရာပြလိုက်သည်။
" ကျွန်တော် ဗိုက်အရမ်းဆာတာနဲ့ ကျန်နေတဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို စားလိုက်မိတယ်... ဒါပေမဲ့ အထဲမှာ ညစ်ညမ်းမှုတွေပါလာမယ် မထင်ထားဘူး... အဲဒါကြောင့်မို့ မကောင်းတဲ့စိတ်နဲ့ သွေးဆောင်ခံရပြီး အသိစိတ်ပျောက်သွားတာ... သူ့ရဲ့ ကျန်နေတဲ့ မှတ်ဉာဏ်တွေ ကျွန်တော့်ဆီမှာ ရှိသေးတယ်..."
ယဲ့ကျား၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
" ဟမ်..."
" ကျွန်တော် သူ့ရဲ့မှတ်ဉာဏ်ထဲက နောက်ဆုံးနေရာကို ခေါ်သွားပေးလို့ရတယ်..."
လက်မဲလေးက တစ်ချက်တုန်ယင်သွားပြီး ရိုရိုသေသေ စကားပြောလာသည်။
" ကျေးဇူးပြုပြီး သနားပေးပါ... ကျွန်တော်က အရမ်းအသုံးဝင်ပါတယ်..."
ဓားကောက်ကြီး ပျောက်သွားသည်။
ယဲ့ကျား အတွေးထဲ နစ်မျောသွားသည်။
သူ့ရဲ့မှတ်ဉာဏ်ထဲက နောက်ဆုံးနေရာတဲ့လား...
အဲ့နေရာမှာ လှုံ့ဆော်ပေးတဲ့လူရှိခဲ့တာ ဖြစ်လိမ့်မယ်...
တစ်ဖက်သို့လှည့်ပြီး သူ့ခါးနားအထိ ရောက်လုနီးပါးဖြစ်နေသည့် စာရွက်အပုံကြီးကို ကြည့်လိုက်သည်။ ညနက်သည်အထိ အလုပ်လုပ်ရန်လိုသည်ကို တွေးမိသောအခါ ခေါင်းကိုက်လာရသည်။
လူတစ်ယောက်ပျောက်ဆုံးသည့်ကိစ္စက ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ ရောက်လာပါက စာရွက်စာတမ်း ၁၂၈ ခု အဖြစ် ပြောင်းလဲသွားပေသည်။
အကယ်၍ အမည်မသိ သရဲတစ်ကောင်ကို စိတ်လွတ်ကိုယ်လွတ်နေခွင့်ပြုထားမိပါက စာတရွက်စာတမ်းပေါင်းများစွာ ဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြစ်ပါက လူနှစ်ယောက်ပျောက်လျှင် စာရွက်စာတမ်းပေါင်း ၂၅၆ခု၊ လူသုံးယောက်ပျောက်လျှင် ၃၈၄ခု...
တွက်ချက်ပြီးသောအခါ ယဲ့ကျား ထိတ်လန့်တကြားဖြင့် အသက်အောင့်ထားလိုက်မိသည်။
ဤနည်းဖြင့်ဆိုလျှင် စနေ၊ တနင်္ဂနွေ ပိတ်ရက်မဆိုနှင့် နှစ်စဉ်ရုံးပိတ်ချိန်များအားလုံး ပါသွားလိမ့်မည်။
သူ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အလုပ်ပိ မသေချင်သေးဘူး...
ယဲ့ကျား ခေါင်းငုံ့ပြီး ဖန်ခွက်လေးကို စက္ကန့်အနည်းငယ်ခန့်ကြည့်နေသည်။ အထဲမှ လက်မဲလေးက သူသေတော့မည်ဟု ထင်နေသည်။
ထို့နောက် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
" သွားကြမယ်..."
လစာမရပဲ အချိန်ပိုလုပ်ရတာ သနားဖို့ကောင်းလွန်းတယ်...
....
၎င်းက အလွန်ကျယ်လောင်ဆူညံလှသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။။
အန်တီကြီးတစ်ယောက်က အသီးအရွက်များထည့်ထားသည့် ခြင်းတစ်ခြင်းကိုင်လာပြီး အလယ်တန်းကျောင်းသားလေးများက ကျောင်းသို့သွားသည့်လမ်းတွင်ဖြစ်သည်။ သူတို့အားလုံးက ဘတ်စ်ကားဂိတ်ငယ်လေးရှေ့တွင် ရပ်နေကြသည်။
တစ်ညလုံးမအိပ်ရသေးသည့်အပြင် နားချိန်မရသောယဲ့ကျားက လူအုပ်ကြားထဲတွင် မျက်နှာသေကြီးဖြင့် ရပ်နေသည်။
သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အဲ့မိန်းကလေးရဲ့ မှတ်ဉာဏ်ထဲက နောက်ဆုံးနေရာက ဘတ်စ်ကားမှတ်တိုင်ဆိုတာ သေချာရဲ့လား..."
" ဒါပေါ့..."
အခြားလူများ မမြင်နိုင်သည့် လက်မဲလေးက ယဲ့ကျား၏ပခုံးပေါ်တွင် ထိုင်နေသည်။
" သူ တစ်နေရာရာကို သွားတာလား..."
" မဟုတ်ဘူး..."
လက်မဲလေးက ယုံကြည်ချက်အပြည့်ဖြင့် ဖြေလိုက်သည်။
" သူ အသက်ရှင်နေတုန်း နောက်ဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းက ဘတ်စ်ကားထဲမှာပဲဆိုတာ ကျွန်တော်မှတ်မိတယ်..."
" ဘယ်လမ်းကြောင်းလဲ..."
" အဲဒါ... သိဘူးလေ..."
လက်မဲလေး၏အသံက တဖြည်းဖြည်း တိုးဝင်သွားသည်။
" ဒါပေမဲ့ ဘတ်စ်ကားရောက်လာတာနဲ့ သူ့ရဲ့ မကောင်းတဲ့စိတ်တွေက တုံ့ပြန်လာလို့ ကျွန်တော် ချက်ချင်းသိလိုက်တာ..."
၎င်းက လက်ပိစိလေးနှစ်ခုအဖြစ် ခွဲဖြာထွက်သွားပြီး ယဲ့ကျားကို ဖားနေသကဲ့သို့ ပခုံးနှစ်ဖက်ကို နှိပ်ပေးနေသည်။
" စိတ်မပူပါနဲ့ သိပ်မကြာခင် ဘတ်စ်ကားရောက်လာတော့မှာ..."
ယဲ့ကျားက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။
" အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ..."
Xxxxxxxx