အပိုင်း ၄
Viewers 10k

Chapter 4
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် သူ့ဘေးနားမှလူများက ကားတစ်စီးပြီးတစ်စီးပေါ် တက်သွားကြသည်။
သူ့ခေါင်းပေါ်မှ နေလုံးကြီးက တဖြည်းဖြည်းမြင့်တက်လာပြီး နောက်ဆုံးတွင် အနောက်အရပ်သို့ရောက်ရှိကာ နေဝင်တော့မည့်ပုံဖြစ်လာသည်။
ဘတ်စ်ကားမှတ်တိုင်တွင် လူအနည်းငယ်သာကျန်ရှိလေလေ ယဲ့ကျား၏ ဘေးပတ်ပတ်လည်မှ လေထုဖိအားက နည်းလာလေဖြစ်သည်။
လက်မဲလေးက ကြောက်လန့်တကြားဖြင့် တဖြည်းဖြည်းကျုံ့ထားသည်မှာ ဘောလုံးတစ်လုံးအရွယ် ဖြစ်လာသည်။
နောက်ဆုံးတွင် ဘတ်စ်ကားတစ်စီးက လမ်းထောင့်မှကွေ့ပြီး သူတို့ဘက်ကို မောင်းလာသည်။ နံပါတ် ၁၄၈ဟူသောစာလုံးကို ခပ်လှမ်းလှမ်းမှပင် မြင်နေရသည်။
" အဲ့တစ်စီးပဲ..."
လက်မဲလေးက ချက်ချင်းပြန်တက်ကြွသွားပြီး စတင်လှုပ်ယမ်းနေသည်။
ယဲ့ကျားက သူ့ကို အေးစက်စက်အမူအရာဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် ဘတ်စ်ကားက သူ့ရှေ့တွင်ရပ်လိုက်ပြီး ခေါက်တံခါးက တဖြည်းဖြည့်းပွင့်လာသည်။
ယဲ့ကျား ဘတ်စ်ကားပေါ် တက်လိုက်သည်။ အိတ်ထဲသို့လက်နှိုက်ပြီး ငွေနှစ်ပြားထည့်တော့မည်အချိန်တွင် မနီးမဝေးမှ အံ့အားသင့်နေသည့်အသံတစ်သံ ကြားလိုက်ရသည်။
" အစ်ကိုယဲ့လား..."
ငွေပြားများ လှိမ့်သွား၍ တချွင်ချွင်အသံထွက်လာသည်။
ယဲ့ကျား ခေါင်းမော့လိုက်ပြီး အသံလာရာဘက်ကို တအံ့တဩကြည့်လိုက်သည်။
နေ့ခင်းအချိန်ဖြစ်သော်လည်း ဘတ်စ်ကားပေါ်တွင် လူရှင်းနေသည်။ ထောင့်နေရာများတွင် ခေါင်းငုံ့ထိုင်နေသည့် လူအနည်းငယ်ရှိပြီး ဘတ်စ်ကားလှုပ်လိုက်ချိန်တိုင်းတွင် ဘေးဘယ်ညာယမ်းနေသည်။
ဘတ်စ်ကားအလယ်ရှိ ပြတင်းပေါက်နားတွင်ထိုင်နေသော ရင်းနှီးသည့်မျက်နှာတစ်ခုကို ယဲ့ကျားမြင်လိုက်သည်။
ချန်စဲကျစ်က စိတ်လှုပ်ရှားစွာဖြင့် သူ့ကို လက်ဝှေ့ယမ်းပြနေသည်။
" အစ်ကိုယဲ့... တကယ်ပဲ အစ်ကိုယဲ့ပါလား..."
ယဲ့ကျား : “………”
ချီးပဲ ... သူက ဘာလို့ ဒီနေရာရောက်နေတာလဲ...
လက်မဲလေးက သူ့နားကပ်ပြီး တီးတိုးပြောလာသည်။
" ဘောစ့်သူ့ကို သိလို့လား..."
ယဲ့ကျား သူ့ကိုလျစ်လျူရှု့ထားသည်။
လက်ကိုင်ကိုကိုင်၍ ချန်စဲကျစ်အနား တဖြည်းဖြည်းလျှောက်သွားလိုက်သည်။
ချန်စဲကျစ်က ယဲ့ကျားအတွက် နေရာဖယ်ပေးလိုက်ပြီးနောက် စကားမရပ်မနား ပြောတော့သည်။
" ကျွန်တော်တို့ဗျူရိုရဲ့ ဆေးဌာနက အဲ့လောက်ဝေးမှန်းမသိဘူး... ပြန်တာ အရမ်းနောက်ကျမှာ ည ၁၁နာရီ ၁၂နာရီမှ ပြန်ရောက်မယ်ထင်တာနဲ ဒီနေ့မှ သွားဖို့ ဆုံးဖြတ်လိုက်ကာ... ဘာပဲဖြစ်ဖြစ် ဌာနခေါင်းဆောင်က ကျွန်တော့်ကို ခွင့်သုံးရက် ပေးထားတာလေ..."
" သုံးရက်တောင်လား..."
ယဲ့ကျား အံ့အားသင့်သွားသည်။
ချန်စဲကျစ်က ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်တယ်... ကျွန်တော်တို့ခေါင်းဆောင်က သူ့လက်အောက်ငယ်သားတွေကို တွေးပေးသားပဲနော်..."
“………” နေ့တစ်ဝက်ထက်ပို၍ ခွင့်မရဖူးသော ယဲ့ကျားမှာ ငြိမ်ကျသွားရသည်။
ချန်စဲကျစ်က မေ့လွယ်သူဖြစ်သည်။
" အစ်ကိုယဲ့ရော ဟိုနေ့က အဲ့အဆောက်အဦးက ပြန်လာတည်းက နေထိုင်မကောင်းဖြစ်တာမျိုး ရှိသေးလား... စစ်ဆေးကြည့်ရင်တော့ ကောင်းမယ်နော်... အိမ်မက်ဆိုးထဲ ပိတ်မိတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး... အဲ့အဆောက်အဦးထဲက အငြှိုးကြီးတဲ့ ဝိညာဉ်က သာမန်လူတွေကို သက်ရောက်နိုင်တဲ့အထိ သန်မာတာပဲ ဖြစ်ရမယ်... ကျွန်တော် ပြန်ရောက်တည်းက ကောင်းကောင်းအိပ်လို့မရဘူး..."
သူပြောသည့် အငြှိုးကြီးသောဝိညာဉ်က ယခုချိန်တွင် ယဲ့ကျား၏ပခုံးပေါ်ထိုင်ပြီး ဆော့ကစားနေပေသည်။
ယဲ့ကျား အသက်ပြင်းပြင်းရှုပြီး သူ့ကို ဖြတ်ပြောလိုက်သည်။
" ဘတ်စ်ကားပေါ်က ဆင်းလိုက်..."
ချန်စဲကျစ် အံ့အားသင့်သွားသည်။
" ဟမ်... ဘာလို့လဲ..."
" မင်း ဘတ်စ်ကားမှားစီးလာတယ်... ဆေးဌာနကိုရောက်တဲ့ ဘတ်စ်က နံပါတ် ၄၈..."
ယဲ့ကျားက လိုရင်းတိုရှင်း ပြောလိုက်သည်။
ချန်စဲကျစ် အေးခဲသွားသည်။
" ဟုတ်လား ကျွန်တော် Mမြို့ကို ရောက်တာသိပ်မကြာသေးတော့ မသိသေးဘူးဖြစ်နေတာ..."
သူ ခေါင်းငုံ့လိုက်ပြီး ဌာနမှပေးသည့် လမ်းညွှန်စာရွက်ကို ကြည့်လိုက်သည်။ ဘတ်စ်ကားက တိတ်ဆိတ်နေ၍ အင်ဂျင်သံနှင့် တံခါးအဖွင့်အပိတ်လုပ်သံကိုသာ ကြားနေရသည်။
" အိုး ဟုတ်သားပဲ... နံပါတ် ၄၈ စီးရမှာ... ကျွန်တော်လည်း တော်တော်တုံးတာပဲ... ဒီလိုမျိုးမှားရတယ်လို့... တကယ်တော့ Mမြို့မှာ နေတည်းက ကားနံပါတ် ၁၅၈ကို မကြားဖူးဘူး..."
စကားပြောနေစဉ် ချန်စဲကျစ်က မတ်တပ်ရပ်ပြီး ကားဒရိုင်ဘာကို အော်ပြောလိုက်သည်။
" ကားဆရာကြီးရေ အားတော့နာပါတယ် နောက်မှတ်တိုင်မှာ ရပ်ပေးလို့ရမလား..."
ယဲ့ကျားက သူ လမ်းလျှောက်၍ရအောင် ဖယ်ပေးလိုက်သည်။ ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်ကို မတော်တဆကြည့်လိုက်မိပြီး ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။
အစောပိုင်းက သာ‌ယာနေခဲ့သည့်ရာသီဥတုက မည်သည့်အချိန်ကမှန်းမသိ ပျောက်ကွယ်သွားပြီး ကျယ်ဝန်းလှသောလမ်းကြီးက မြူထူထပ်စွာကျလာပြီး ပြတင်းပေါက်များဘေးတွင် တလှိမ့်လှိမ့် မြင်နေရပေသည်။ ၎င်းက အေးစက်၍ မှောင်မိုက်နေကာ ခြောက်ခြားစေသည်။
ဘတ်စ်ကားက လှုပ်ခါနေသော်လည်း အတွင်းပိုင်းတွင်မူ လုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်။
ဘတ်စ်ကားတစ်ခုလုံးတွင် ဆိတ်ငြိမ်မှုဖြင့် လွှမ်းခြုံထား၍ ကြက်သီးထစရာ အခြေအ‌နေကြီးဖြစ်နေသည်။
ယဲ့ကျား၏ နှလုံးသားတိမ်မြုပ်သွားသည်။
အခုမှ ဘတ်စ်ကားပေါ်က ဆင်းမယ်ဆို နောက်ကျလွန်းသွားပြီထင်တယ်...
တစ်ဖက်သို့လှည့်ပြီး မည်သည့်အရာကိုမှ သတိပြုမိပုံမပေါ်သည့် ချန်စဲကျစ်ကို ပြောလိုက်သည်။
" ဟေး..."
နောက်အခိုက်အတန့်တွင် ဘတ်စ်ကားရပ်သွားသည်။
ယဲ့ကျား၏စကားများ တစ်ဝက်တစ်ပျက် ရပ်တန့်သွားရသည်။
ဒီဘတ်စ်ကားက ပုံမှန်အချိန်အတိုင်း ဘာလို့ မဖြစ်ရတာလဲ...
ချက်ချင်းပင် ကျွီခနဲအသံဖြင့် တံခါးပွင့်သွားသည်။
ချန်စဲကျစ်က ကျေးဇူးတင်စကား ပြောလိုက်သည်။
" ကျေးဇူးပါ ကားဆရာကြီး..."
စကားဆုံးသည်နှင့် တံခါးဘက်ကို ဦးတည်သွားလိုက်သည်။
တံခါးနားမရောက်မီတွင် တဝီဝီအသံများကို ကြားလိုက်ရသည်။ ဘတ်စ်ကားပေါ်မှမီးများက တဖျတ်ဖျတ်ဖြစ်သွားပြီး လေးလံသည့် တစ်စုံတစ်ရာဖြင့် အတွန်းခံလိုက်ရသကဲ့သို့ ကားတစ်စီးလုံး တစ်ဖက်ကိုစောင်းသွားသည်။
တစ်စုံတစ်ရာက ဘတ်စ်ကားပေါ် တက်လာသကဲ့သို့ပင်။
ချန်စဲကျစ်၏ ပခုံးပေါ်မှ ကျော်ကြည့်လိုက်သည့်အခါ ဘတ်စ်ကားကို တစ်ဖက်စောင်းသွားအောင် ပြုလုပ်လိုက်သည့် ဧရာမပုံရိပ်ကြီးကို မြင်လိုက်ရသည်။
မမျှော်လင့်ထားသည်မှာ ၎င်းက အလွန်ပိန်ပါးသည့် လူတစ်ယောက်ဖြစ်သည်။
သူက အရပ်နှစ်မီတာခန့်ရှည်ပြီး ခြေလက်များက ဝါးလုံးများသဖွယ် သေးသွယ်လှ၍ သူ့အရိုးများကို ပါးလွှာသည့် အရေပြားတစ်လွှာ ပတ်ထားသကဲ့သို့ ထင်ရသည်။
သူ့နောက်မှ မြူထူထူများက ထို ပိန်သွယ်သွယ် ခြေလက်များကို ဝါးမျိုတော့မတတ်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကို စာရွက်တစ်ရွက်သဖွယ် ပါးလွှာအောင် ပြုလုပ်နေသည်။ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် သူ့ပုံစံက ပို၍ခြောက်ခြားဖွယ်ရာကောင်းကာ ထူးဆန်းနေပေသည်။
ယဲ့ကျား : “………”
ချီးပဲ သူ့အသိပါလား...
" ကျွီ....."
ဘတ်စ်ကားက တစ်ဖက်သို့စောင်းသွားသည်။ သတ္တုများ တစ်ခုနှင့်တစ်ခု ထိခတ်မိသည့် ပြင်းထန်သောအသံ ထွက်ပေါ်လာပြီး နားစည်များကိုပင် ဖောက်ထွက်သွားတော့မည်ဟု ထင်ရသည်။
သစ်ကိုင်းခြောက်နှင့်တူသော လက်ချောင်းသွယ်သွယ်ငါးချောင်းက ဘတ်စ်ကား၏ဘေးဘက်ကို တဖြည်းဖြည်းဆုပ်ကိုင်ထားပြီး ပင့်ကူကဲ့သို့ ခန္ဓာကိုယ် အချိုးအစားမကျမနနှင့် အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးလူက ကျဉ်းမြောင်းလှသည့် တံခါးကြားထဲမှ ဝင်လာသည်။
ဘတ်စ်ကားအတွင်းမှ အပူချိန်က ရုတ်တရက်ကျဆင်းသွားသည်။ မှောင်မိုက်ပြီး အုံ့ဆိုင်းနေသောလေထုက သူတို့၏ အသွေးအသားများထဲအထိ စိမ့်ဝင်လာပေသည်။
ယဲ့ကျား မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
၎င်းက ဆာလောင်နေတတ်သည့် သရဲမျိုးဖြစ်သည်။ ဂိမ်းထဲတွင်မူ ၎င်းတို့ကို မကောင်းသည့်စိတ်ဖြင့် အာဟာရဖြည့်တင်းပေးရလေသည်။
သူတို့က လောဘကြီးပြီး ရက်စက်တတ်ကာ မည်သည့်အခါမှ ရောင့်ရဲခြင်းမရှိပဲ သားကောင်များကိုမစားမီ နှိပ်စက်ရခြင်းကိုသဘောကျနှစ်ခြိုက်ကြသည်။ သားကောင်များ အကြောက်လန့်ဆုံး စိတ်ဓာတ်အကျဆုံး ဖြစ်နေချိန်တွင်မှ စားတတ်ကြသည်။ ပို၍ဆိုးသည်မှာ သူတို့၏အရေပြားက အလွမ်အမင်းမာကြောပြီး ထိုးဖောက်မလွယ်ပေ။ သို့ဖြစ်၍ လက်တွေ့တွင် သူတို့က အားနည်းချက်မရှိပေ။
ထို့အပြင် သူက ဤသရဲမျိုးကို သိနေခဲဲ့သည်။
သူက ယဲ့ကျားဂိမ်းထဲရောက်ရောက်ချင်း ရင်ဆိုင်ခဲ့ရသော သရဲတစ်ကောင်ဖြစ်သည်။
သူက ဘီအဆင့်သာရှိသော်လည်း ယဲ့ကျားက ထိုအချိန်က အတွေ့အကြုံမရှိသူဖြစ်၍ အတော်လေးအထိအခိုက်များခဲ့ပြီး အသက်ရှင်ရန် မနည်းကြိုးစားခဲ့ရသည်။
သို့ရာတွင် တစ်ဖက်က သူ့မျက်နှာကို မှတ်မိမည်မဟုတ်၍ ယဲ့ကျား စိတ်မပူပန်နေတော့ပေ။
ဂိမ်းထဲတွင်မူ ကစားသမားများက ပြင်ပကမ္ဘာမှ အသွင်အစစ်ဖြင့် ဝင်ရောက်ကစားရခြင်း မရှိပေ။ ယခုချိန်ရောက်မှ ထိုစည်းကမ်းကို အလွန်ကျေးဇူးတင်မိသည်ဟု ယဲ့ကျားဝန်ခံရပေမည်။ ထိုသို့မဟုတ်ပါက များပြားလှသည့် သရဲများက သူ့အိမ်တံခါးကို နေ့တိုင်းလာခေါက်နေကြလိမ့်မည်။
ထို့အပြင် သူ့အနံ့က ဖုံးကွယ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုလုပ်ရန် အလွန်ခက်ခဲလှသည်။
အထူးသဖြင့် အနံ့နှင့် အရသာကို ခံစားလွယ်သည့် ဆာလောင်နေသည့် သရဲများနှင့်ဆိုပါက ပိုဆိုးပေသည်။
သို့ဖြစ်၍ တစ်ဖက်က သူ့ကိုမှတ်မိမည် ဟုတ်မဟုတ်ကို ယဲ့ကျားမသေချာပေ။
ချန်စဲကျစ် အံ့အားသင့်သွားသည်။
ရုတ်တရက် အစောပိုင်းက သူလျစ်လျူရှု့ထားခဲ့မိသည့် အသေးစိတ်အကြောင်းအရာများက သူ့ခေါင်းထဲရောက်လာသည်။
ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေတဲ့ကား၊ လှုပ်ရှားမှုမရှိတဲ့ ခရီးသည်တွေ၊ ပြတင်းပေါက်အပြင်ဘက်က မှောင်မည်းပြီးတော့ ရုတ်တရက် ထူလာတဲ့မြူခိုးတွေ...
ချန်စဲကျစ်၏မျက်လုံးများ တစ်ခဏတွင်းချင်းပြူးကျယ်သွားသည်။ သူ တိတ်ဆိတ်စွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။
ကျိန်ဆဲသည့် စကားလုံး အလုံးပေါင်း၈၀၀ခန့် သူ့ခေါင်းထဲ ရောက်လာသည်။
...Fuck နှစ်ရက်ဆက်တိုက်ကြီးလားဟ...
သူ့ ကံကလည်း ဘယ်လိုဖြစ်နေတာလဲ...
ချန်စဲကျစ် ခြေထောက်များ ပျော့ခွေလာသည်။
သို့ရာတွင် သူက အတွေ့အကြုံအချို့ရှိသူဖြစ်လာ၍ ဤတစ်ကြိမ်တွင် သတိမလစ်သွားအောင် ထိန်းထားနိုင်ခဲ့သည်။
သူ၏ လေ့ကျင့်ရေးသင်ခန်းစာများမှ အကြောင်းအရာများ စိတ်ထဲရောက်လာသည်။
ချန်စဲကျစ်က အသံတိုးတိုးဖြင့် သူ့ဘေးနားတွင်ရပ်နေသူကို တုန်ယင်စွာပြောလိုက်သည်။
" အ... အစ် အစ်ကိုယဲ့... စိတ် စိတ်မပူပါနဲ့... ကျွန်တော် အရေးပေါ်ဆက်သွယ်ရေးကိရိယာကို နှိပ်..နှိပ်ထားလိုက်ပြီ... တိုက်ခိုက်ရေးဌာနခွဲက ကျွန်တော်တို့ကို သိပ်မကြာခင် လာ... လာခေါ်လိမ့်မယ်... မိနစ်နည်းနည်းလောက်တော့ တောင့်ခံထားရမယ်ထင်တယ်..."
ဗျူရိုတွင် အလုပ်လုပ်နေကြသူများက သာမန်လူများထက်ပို၍ သဘာဝလွန်ဖြစ်ရပ်များနှင့် ထိတွေ့ရခြင်း ပိုများ၍ သာမန်ပြည်သူများထက်ပိုပြီး သရဲများကို ဆွဲဆောင်မိတတ်ကြသည်။ သူတို့က သရဲများကို ကိုင်တွယ်ရန် စွမ်းရည်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိ၍ အရေးပေါ်ဆက်သွယ်ရေးကိရိယာကို တပ်ဆင်ထားရသည်။
အသက်အန္တရာယ် ခြိမ်းခြောက်ခံရသည်နှင့် ထိုကိရိယာကို နှိပ်လိုက်ပါက သူတို့၏ နောက်ဆုံးတည်နေရာ ကိုဩဒိနိတ်ကို အနီးအနားမှ တိုက်ခိုက်ရေးဝန်ထမ်း၏ ဆက်သွယ်ရေးကိရိယာသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
သာမန်လူတစ်ယောက်ဖြစ်သော ယဲ့ကျားတွင်လည်း ထိုကိရိယာရှိသော်လည်း တစ်ကြိမ်တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။
ချန်စဲကျစ်၏စကားကို ကြားသည့်အခါ ယဲ့ကျား တိတ်တဆိတ်ဖြင့် လက်ပြန်ရုတ်လိုက်သည်။
နှမျောစရာပဲ... စက္ကန့်နည်းနည်းလောက်သာ သတိမလွတ်သွားဘူးဆိုရင် သူ့ဘေးကလူကို သတိ‌မေ့သွားအောင် လုပ်လိုက်ပြီ...
ယဲ့ကျား၏ ပခုံးပေါ်တွင် ထိုင်နေသည့် လက်မဲလေးက တဖြည်းဖြည်း ပြန်ကျုံ့ဝင်သွားသည်။ ၎င်းက တဖြည်းဖြည်းချင်း အင်္ကျီကော်လံထဲဝင်သွားကာ ၎င်း၏တည်ရှိမှုကို ဖုံးကွယ်ထားရန် ကြိုးပမ်းနေသည်။
‌ဆာလောင်မှုသရဲ၏ ဖြူဖျော့နေသည့်မျက်နှာအောက်မှ တစ်ခုခု လှုပ်ရှားလာပုံရသည်။ ၎င်းတွင် ပါးစပ်မရှိသော်လည်း အသံက အရပ်မျက်နှာအနှံ့မှ ထွက်လာပုံရသည်။
" မင်းတို့နှစ်ယောက်က ဒီမှာ မရှိသင့်ဘူးလေ..."
အသံက ချောကျိကျိ သွေးအေးသတ္တဝါ‌တစ်ကောင်၏အသံနှင့် တူနေပြီး ကြားလိုက်ရုံဖြင့် ချောက်ချားသွားစေနိုင်သည်။
ချန်စဲကျစ် ဇောချွေးများပြန်လာသည်။ သူ့ခြေထောက်များက ခေါက်ဆွဲမျှင်များသဖွယ် ပျော့ခွေလာ၍ ကြမ်းပြင်ပေါ် လဲကျမသွားရအောင် ထိုင်ခုံကို တင်းတင်းကြပ်ကြပ် ဆုပ်က်ိုင်ထားရသည်။ သူ သတ္တိမွေးပြီး အထစ်ထစ်အငေါ့ငေါဖြင့် ပြောလိုက်သည်။
" တောင်း... တောင်းပန်ပါတယ် ကျွန်တော်တို့ အခုပဲ ဆင်းသွားပါ့မယ်..."
" ရပါတယ်..."
တစ်ဖက်က ထူးထူးဆန်းဆန်းအသံဖြင့် ရယ်လိုက်သည်။ တွန့်လိမ်ကောက်ကွေးနေသည့် ခြေချောင်းလက်ချောင်းများက တဂျွတ်ဂျွတ်အသံများ မြည်လာသည်။
" ခရီးသွားနေတုန်း သရေစာလေးတွေ စားရလည်းပြဿနာမရှိပါဘူး..."
ချန်စဲကျစ် : “……..”
ဒီအကြောင်းကြီး ဆက်မပြောလို့ မရဘူးလား...
ထိုသရဲက ရှေ့သို့တိုးလာသည်။ ၎င်း၏ ကိုင်းညွတ်နေသော ခန္ဓာကိုယ်က ချက်ချင်းတန့်ထွက်လာပြီး ဘတ်စ်ကားရှေ့မှ နေရာကို အုပ်ထားလိုက်သည်။ ၎င်း၏ ခြောက်သွေ့နေသောလက်များက ရှေ့သို့ ဆန့်ထွက်လာသည်။
" အ ရမ်း မွှေး တာ ပဲ..."
သူ တရှူးရှူး တရှဲရှဲ အော်လိုက်သည်။
သူ့မျက်နှာတွင် မျက်နှာသွင်ပြင် အစိတ်အပိုင်းများ မရှိသော်လည်း တစ်ဖက်မှသရဲ၏အကြည့်က သူ့အပေါ်မှနေ၍ သူ့ဘေးတွင် ရပ်နေသူဘက် ရောက်သွားသည်ကို ချန်စဲကျစ် ရှင်းလင်းစွာ အာရုံခံမိသည်။
" ဟင်း... မင်း ရဲ့ ကိုယ် က အ နံ့..."
မျက်နှာပေါ်မှ လှုပ်ရှားမှုများက ပို၍ ပြင်းထန်လာသည်။ ရင်းနှီးနေသည့် အနံ့တစ်မျိုးကို တုံ့ပြန်နေသည်နှင့် တူလာပေသည်။
သရဲက အတွေးထဲ နစ်မျောသွားမိသည်။
" အဲ့ အ နံ့ က ..."
" ကျေးဇူးပါ..."
ယဲ့ကျားက အမူအရာတစ်ချက်မှ မပြောင်းလဲပဲ သူ့စကားကို ဖြတ်ပြောလိုက်သည်။
" အဲဒါ အမျိုးသားသုံး ရေမွှေးလေ..."
သရဲ : “……”
ချန်စဲကျစ် : “…….”
ယဲ့ကျား: " မင်းကြိုက်တယ်ဆို စတိုးဆိုင်လိပ်စာ ပေးလို့ရတယ်..."
လေထဲတွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ယဲ့ကျား၏ အဖြေကို ကြားပြီးသည့်နောက် ချန်စဲကျစ်၏ အမြင်အာရုံများ မှောင်မဲသွားကာ သတိလစ်မတတ် ဖြစ်သွားသည်။
ရက်စက်ကြမ်းတမ်းသောသရဲနစ်ကောင်၏ အာရုံခံမှုကို ရံဖန်ရံခါတွင် အားပြင်းသော မကောင်းသည့်စိတ်ဖြင့် တိုက်စားခံရတတ်သည်။ ဘာမှမလုပ်မိလျှင်ပင် ထိုသရဲကို ဒေါသထွက်သွားစေနိုင်သည်။
အဲ့လို ရန်စတဲ့ လေသံကြီးနဲ့ သွားပြောမိရင်တော့ ပြောမနေနဲ့တော့...
သူ့ မျှော်လင့်ချက်များ တစ်ခဏတွင်းချင်း လွင့်ပြယ်သွားသည်။
ပြီးသွားပြီ... သူ့ဘဝကြီးတော့ ဒီနေရာမှာပဲ အဆုံးသတ်ပြီထင်တယ်...
သူ တွေးထင်ထားသည့်အတိုင်းပင် စက္ကန့်အနည်းငယ်အကြာ တိတ်ဆိတ်နေပြီးသည့်နောက် ဆာလောင်မှုသရဲထံမှ ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ထို့အပြင် သူ၏ ပိန်ကပ်နေသည့် ခြေချောင်းလက်ချောင်းများ လှုပ်ရှားလာပြီး သူ့ရှေ့မှနှစ်ယောက်ကို တိုက်ခိုက်ရန် ပြင်တော့သည်။
ယဲ့ကျားက ချန်စဲကျစ်၏ကော်လံကိုဆွဲကာ နောက်အမြန်ဆုတ်လိုက်ပြီး တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
ချန်စဲကျစ်က လည်ပင်းညှစ်ခံလိုက်ရသည်ဟု ခံစားရ၍ မျက်ဖြူတိုက်သွားသည်။ အားပြင်းပြင်းကြောင့် သူ အနောက်သို့ ဒယိမ်းဒယိုင်ရောက်လာသည်။
" ဗျူရိုကပေးထားတဲ့ ကာကွယ်ရေးကိရိယာတွေရော..."
ယဲ့ကျား သူ့နားကပ်လာပြီး တီးတိုးပြောလိုက်သည်။
"အခုပဲ အဲဒါကိုဖွင့်လိုက်..."
ချန်စဲကျစ်က ခက်ခက်ခဲခဲဖြင့် အိတ်ထဲကိုလက်နှိုက်ပြီး ရှာဖွေနေသည်။
နောက်တစ်စက္ကန့်တွင် ဘန်းခနဲအသံဖြင့် မမြင်ရသော အရံအတားတစ်ခု ဖြစ်ပေါ်လာပြီး ဟမ်းစတားဘောလုံးကဲ့သို့ သူတို့နှစ်ယောက်ကို အတွင်းထဲ ထည့်ထားလိုက်သည်။ ဘတ်စ်ကားထဲမှ နေရာက ကျဉ်းမြောင်းလှ၍ ထိုသရဲကို နံရံနှင့် တိုက်သွားစေသည်။
သူ အလွန် ဒေါသထွက်လာပုံရသည်။
သူ့ဗိုက်တွင် အပေါက်ကြီးတစ်ခု ပွင့်လာသည်။ ၎င်းက ဧရာမ ပါးစပ်ပေါက်ကြီးနှင့်တူပြီး အတွင်းတွင် ငါးမန်းသွားများသဖွယ် ချွန်ထက်နေသည့်သွားများရှိသည်။
၎င်းက တဖြည်းဖြည်းကိုက်ဖြတ်နေ၍ အရံအတားက ထိုဖိအားအောက်တွင် အက်ကွဲလာသည်။
ချက်ချင်းပင် ဘတ်စ်ကားတံခါးက ဂျိန်းခနဲပိတ်သွားပြီး ကားတစ်စီးလုံး စတင်လှုပ်ရှားလာပြန်သည်။
ဘတ်တစ်ကားက မြူထဲသို့ တဖြည်းဖြည်း ရွေ့လျားသွားပြီး အမှောင်ထုထဲ ဦးတည်သွားသည်။
မကောင်းတော့ဘူး...
ယဲ့ကျား ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။
အကူအညီများက ရောက်မလာသေးပေ။
ဒါဆိုရင်တော့ စောင့်နေစရာအကြောင်းမရှိတော့ဘူး...
သရဲက ပိုအားကြီးလေ သူရယူထားနိုင်သော ပိုင်နက်က ပိုမိုကျယ်ပြန့်လေဖြစ်၍ ဤနေရာ၏ အချိန်နှင့်နေရာက အပြင်ကမ္ဘာနှင့် ကွာခြားပေသည်။ အကယ်၍ သူတို့ ကြာကြာစောင့်နေပါက ဤကိစ္စပြီးသွားလျှင် အခြေအနေကိုရှင်းပြရန် ခက်ခဲနေပေလိမ့်မည်။
တစ်ဖက်မှသရဲ၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် အရံအတားပေါ်တွင် အက်ကြောင်းများဆက်တိုက်ဖြစ်ပေါ်လာသည်။ မကြာမီ အရံအတား ပျက်စီးတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ကျားက လက်မြှောက်ပြီး သူ့အင်္ကျီကော်လံတွင် တွယ်ကပ်နေသည့် လက်မဲလေးကို အရံအတားအားဖျက်ဆီးနေသော ပိန်ကပ်ကပ်လူထံသို့ ပစ်လိုက်သည်။
လက်မဲလေး အော်ဟစ်တော့သည်။
" အားးး..."
တစ်ဖက်က ခဏတာ မလှုပ်မယှက်ဖြစ်သွားသည်။
ဤအခွင့်အရေးကိုယူပြီး ယဲ့ကျားက ချန်စဲကျစ်၏ မေ့ကြောကို ရိုက်လိုက်သည်။
ချန်စဲကျစ် ချက်ချင်း သတိမေ့သွားသည်။
" အားးး..."
လက်မဲလေးက အရပ်ရှည်ရှည်နှင့် ပိန်ကပ်ကပ်သရဲ၏ မျက်နှာပေါ် ကျသွားသည်။ သူ့မျက်နှာပေါ် ရောက်သွားချိန်တွင် အော်သံက ပို၍ သနားစဖွယ်ဖြစ်လာသည်။
ထိုလူ ဒေါသထွက်သွားပြီဖြစ်သည်။
ခန္ဓာကိုယ်က ရုတ်ချည်းဆန့်ထွက်လာပြီး ရှည်လျားသောခြေလက်များက ဘတ်စ်ကားတစ်စီးလုံးကို ဖုံးသွားတော့မည်ဟု ထင်ရသည်။ သူ့ဗိုက်မှ ပါးစပ်ပေါက်ကြီးက ပို၍ ကျယ်လာသည်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး ပေါက်ထွက်တော့မည်ဟု ထင်ရသည်။ ထို့နောက် သူ့ရှေ့မှ အကာအကွယ်ကို ကြမ်းတမ်းစွာဖြင့် ကိုက်ဖြတ်တော့သည်။
ဗုန်း...
Xxxxxxx