အပိုင်း ၅
Viewers 10k

Chapter 5
အကာကွယ်က ပေါက်ကွဲထွက်သွားပြီး သလင်းကျောက်အစအနများ ပြန့်ကျဲလာသည်။ ၎င်းတို့က လေထဲတွင် ခဏတာ ပေါလောပေါ်နေပြီးနောက် အလင်းအစက်အပြောက်များကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။
အခုချိန်က အခွင့်အရေးပဲ...
မှောင်မဲအေးစက်ပြီး အရိပ်များဖြင့် လှုပ်ခါနေသော ဘတ်စ်ကားပေါ်တွင် လူငယ်လေး၏ ပိန်ပါးပါးခန္ဓာကိုယ်က တွန့်ဆုတ်ခြင်းမရှိပဲ ဆာလောင်မှုသရဲရှိရာသို့ ချီတက်လာသည်။
သရဲက စိတ်လှုပ်ရှားစွာဖြင့် အားပါးတရပြုံးလိုက်ပြီး သွားချွန်ချွန်များဖြင့် ပါးစပ်ကြီးကို ဟထားသည်မှာ တံခါးဝသို့ရောက်လာမည့် အစား‌အစာကို မျှော်နေသကဲ့သို့ ဖြစ်သည်။
ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
ရက်စက်ကြမ်းတမ်းလှသော တစ္ဆေစွမ်းအင်က ဘတ်စ်ကားအတွင်းပိုင်းထဲတွင် ပေါက်ကွဲလာသည်။ ရင်းနှီးနေသောအားကြောင့် သရဲက လန့်သွားသည်။
သူ၏ ခန္ဓာကိုယ် ရုတ်ချည်းအေးခဲသွားသည်။
အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားခဲ့သည့် မှတ်ဉာဏ်များ ရုတ်ချည်း ပြန်လည်ထွက်ပေါ်လာသကဲ့သို့ဖြစ်သည်။
နေပါဦး... အဲဒါက...
ဆာလောင်မှုသရဲ အာရုံပြန့်သွားချိန်တွင် လူငယ်လေးက ပြုံးလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ သူ့လက်ကို ပါးစပ်ကြီးရှိရာ ဆန့်ထုတ်လိုက်သည်။
အမှန်တွင် ဂိမ်းထဲရှိလက်နက်တိုင်းက ဤသရဲ၏ အရေပြားကို မထိုးဖောက်နိုင်သော်လည်း သူတို့တွင် အားနည်းချက်မရှိခြင်း မဟုတ်ပေ။ ချွန်ထက်နေသည့်သွားများဖြင့်ပါးစပ်က သူတို့၏ စွမ်းအားအကြီးဆုံးလက်နက် မဟုတ်ရုံသာမက သူတို့၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်သည်။
သူတို့က သားကောင်၏ ရန်စခြင်းခံလိုက်ရသည်နှင့် ပါးစပ်ကို အကျယ်ဆုံးဟထားကြသည်။
၎င်းက သူတို့၏ အားအနည်းဆုံးအချိန်ဖြစ်သည်။
ယဲ့ကျားက သူနှင့် လက်မအနည်းငယ်ခန့်သာ ကွာဝေးတော့သည့် ဖြူဖျော့နေသောမျက်နှာကို ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်မှ အပြုံးများက ပိုနက်ရှိုင်းသွားပြီး ရင်းနှီးဖော်ရွေစွာဖြင့် နှုတ်ဆက်လိုက်သည်။
" မတွေ့ရတာကြာပြီနော်..."
နောက်အခိုက်အတန့်တွင် သူ့လက်ထဲမှ အမှောင်စွမ်းအင်က ရုပ်ပိုင်းဆိုင်ရာ အသွင်တစ်ခု ယူလာသည်။
ဧရာမဓားကောက်ကြီးက တစ်ဖက်မှသရဲ၏ ဝမ်းဗိုက်ကို ဖောက်ထွက်ပြီး ဆုတ်ဖြဲသွားသည်။
" အားးးး..."
သရဲက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခြေတံလက်တံများက တွန့်လိမ်လာပြီး ဘတ်စ်ကားကိုပင် ဆုတ်ဖြဲလုနီးပါး ဖြစ်လာသည်။ ခန္ဓာကိုယ်အရောင်က တဖြည်းဖြည်း လွင့်ပြယ်သွားသည်မှာ အတွင်းမှ စုပ်ယူခံလိုက်ရသည်နှင့် တူလာသည်။
ယဲ့ကျား၏လက်ကောက်ဝတ်က တစ်ချက်လှုပ်ရှားသွားပြီး ဓားကောက်ကြီးက သရဲ၏ခန္ဓာကိုယ်ကို ထက်ဝက်ခန့် ပိုင်းဖြတ်လိုက်သည်။ အဖြူရောင်‌‌ဓားသွားက လေထဲဖြတ်သွားချိန်တွင် ဓားသွား၏ အေးစက်စက်အရောင်ကလည်း ဘတ်စ်ကားနံရံကို ပိုင်းဖြတ်သွားလေသည်။
မူလက သန့်ရှင်းသပ်ရပ်နေခဲ့သည့် ဘတ်စ်ကားအတွင်းပိုင်းမှာ အရောင်ချွတ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားပြီး ဆွေးမြေ့ကာ သံချေးတက်နေသည့် နံရံများ ထွက်ပေါ်လာသည်။
ဤဘတ်စ်ကားမှာ အချိန်အတော်ကြာ အသုံးပြုခဲ့ပုံမရသည့် ဗလာကျင်းနေသည့် ဘတ်စ်ကားကြီးဖြစ်သည်။ စုတ်ပြတ်ဟောင်းနွမ်းကာ အချို့နေရာတွင် အပိုင်းပိုင်းအစစ ဖြစ်နေ၍ အချိန်မရွေးပြိုကျလာတော့မည်ဟုပင် ထင်ရသည်။
ပြတင်းပေါက်အပြင်ဘက်မှ မြူခိုးများက လွင့်စင်သွားသည်။
" ကဲ... နှုတ်ဆက်လိုက်ပါတယ်..."
ယဲ့ကျားက မြေပြင်ပေါ်ရှိ သရဲခန္ဓာကိုယ်မှ အကြွင်းအကျန်များကို ငုံ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
လက်ဖမိုးကို သရဲ၏သွားချွန်ချွန်များဖြင့် ထိသွားခဲ့၍ သွေးများက လက်ချောင်းများပေါ်မှ တတောက်တောက်စီးကျနေသည်။ သူ့ထက်ထဲမှ ဧရာမဓားကောက်ကြီးက ခြေရာလက်ရာဖြင့်မရှိပဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူ့ရှေ့မှ ဆာလောင်မှုသရဲ၏ အကြွင်းအကျန်များက တဖြည်းဖြည်း ကြည်လင်လာသည်။ ထူထဲသော အမှောင်သရဲစွမ်းအင်က သူ့ဒဏ်ရာများမှ လျင်မြန်စွာ ခမ်းခြောက်သွားသည်။
သရဲက အော်ဟစ်ဟိန်းဟောက်နေဆဲဖြစ်သော်လည်း သူ့အသံထဲမှ အားနည်းမှုကို ဖုံးကွယ်ထား၍ မရပေ။
လက်မဲလေးက ယဲ့ကျား၏ပခုံးပေါ် အမြန်ပြန်တက်လာသည်။ အင်္ကျီကော်လံကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အော်ဟစ်နေသည်။
" အားးး... ကြောက်လို့ သေပြီထင်တာ..."
" မင်း ဘာတွေ အော်နေတာလဲ... ပါးစပ်က သူ့မျက်နှာမှာ မဟုတ်ဘူးလေ...'
ယဲ့ကျားက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
လက်မဲလေး : “…..”
Fuck...
သူပြောတာ ဟုတ်သားပဲ ပြန်ပြောစရာစကားတောင် ရှာမတွေ့တော့ဘူး...
ဘတ်စ်ကား၏ထောင့်မှ တဖြည်းဖြည်းစုဝေး လွတ်မြောက်လာသော တစ္ဆေစွမ်းအင်က ယဲ့ကျားရှိရာသို့ တစ်ဟုန်ထိုး လာနေသည်။
‌အတွင်းမှ ကြောက်မက်ဖွယ်တည်ရှိမှုအချို့က လူငယ်လေးကို အားနည်းသည်ဟု ထင်မြင်သွားပုံရသည်။ ၎င်းက ‌ဆာလောင်ပြီး လောဘကြီးစွာဖြင့် သူ့ဘေးနားမှစွမ်းအင်များကို စုဝေးကာ သွေးကြောများထဲအထိ စုပ်ယူပြီး လူငယ်လေးကို ပူးကပ်ရန် ပြင်နေသည်။
ဖြူ ဖျော့ဖျော့ လက်ဖမိုးမှ အနီရောင်ဒဏ်ရာကြီးက သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ ပြန်လည်ကောင်းမွန်လာသည်။ နောက်ဆုံးတွင် ပန်းရောင်ဖျော့ဖျော့ အမာရွတ်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအချိန်တွင် လက်မဲလေးက ရုတ်တရက် တောင့်တင်းသွားသည်။
တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံဖြင့် လူငယ်လေးကို သူ့အလိုလိုကြည့်လိုက်မိသည်။
အပြင်ဘက်ရှိ အေးစက်စိုစွတ်သော မြူခိုးများက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ တောက်ပသောနေရောင်ခြည်က ပြတင်းပေါက်အပြင်ဘက်တွင် ဖြာကျလာသည်။
လူငယ်လေး၏ မျက်နှာက ဖြူဖျော့နေပြီး ပါးပြင်ပေါ်မှ သန့်ရှင်းသပ်ရပ်သော ဆံပင်များကို နေရောင်အောက်တွင် ရှင်းလင်းစွာ မြင်နေရသည်။ သူ မျက်လွှာချထားပြီး သူ့အမူအရာက တည်ငြိမ်နေသည်မှာ နူးညံ့ညင်သာမှု၏ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခု ပေးနေသည်။ သူ့ခန္ဓာကိုယ်နှင့် အနံ့က သာမန်လူသားများနှင့် မကွာခြားလှပေ။
လက်မဲလေးက ယဲ့ကျားကို မသေချာမရေရာစွာဖြင့် ကြည့်နေသည်။
ခုနက သူ စိတ်ထင်သွားတာများလား...
ဘာလို့ ဒီလူသားဆီက အနံ့က နည်းနည်း...
ကြောက်စရာကောင်းတယ်ပဲ ပြောရမလား...
ဘတ်စ်ကားက ယခုချိန်တွင် မူလသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ ၎င်းက မြူနှင်းထဲတွင် မိနစ်အနည်းငယ်ကြာသာ သွားလိုက်ရသော်လည်း ပြတင်းပေါက်အပြင်ဘက်မှ မြို့မြင်ကွင်းက ပျောက်သွားပြီး သစ်တောများက နေရာယူထားသည်။
ယဲ့ကျားက မြေပြင်ပေါ်မှ ဆာလောင်မှုသရဲကိုကြည့်ပြီး သူ့အမူအရာက တဖြည်းဖြည်း ပိုမိုရှုပ်ထွေးလာသည်။
" ဘာကြီးလဲ... ဘာကြီးလဲ..."
လက်မဲလေး၏ အာရုံက တစ်နေရာရောက်သွားပြန်သည်။ သူ ယဲ့ကျား၏ ကော်လံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
" သဲလွန်စတစ်ခုခု ရှာတွေ့လား..."
ထိုအခါမှသာ ယဲ့ကျား တိတ်ဆိတ်စွာဖြင့် သက်ပြင်းချလိုက်သံကို ကြားလိုက်ရသည်။
" မင်းသိလား... တိုက်ခိုက်ရေးဌာနခွဲက လူတွေရဲ့လစာက ထောက်ပံ့ပို့ဆောင်ရေးဌာနကလူတွေထက် ခြောက်ဆလောက်များတယ်..."
လက်မဲလေး : “…….”
ယဲ့ကျား : " ပြီးတော့ အကျိုးခံစားခွင့်တွေလည်း ပိုများတယ်..."
လက်မဲလေး : “………….”
ယဲ့ကျား : " ငါက ထောက်ပံ့ပို့ဆောင်ရေးက လစာပဲရပြီးတော့ တိုက်ခိုက်ရေးဌာနခွဲက အလုပ်ကို လုပ်လိုက်ရတာ အရမ်းပင်ပန်းနေပြီ..."
လက်မဲလေး : “…………………….”
ယဲ့ကျား : " နားရက် လိုချင်တယ်..."
လက်မဲလေး အချိန်အတန်ကြာ ငြိမ်ကျသွားတော့သည်။
ခုနကဟာ စိတ်ထင်တာပဲ ဖြစ်မှာပါ...
ထိုအချိန်တွင် အပြည့်အဝပျောက်ကွယ်သွားရတော့မည့် ဆာလောင်မှုသရဲက သူ့စကားများကြောင့် လှုံ့ဆော်ခံလိုက်ရသည့်ပုံပေါ်သည်။ သူ ရုန်းကန်နေပြီး မျက်နှာအစိတ်အပိုင်းများ မရှိသော မျက်နှာကြီးဖြင့် ယဲ့ကျားကိုလှမ်းကြည့်လာသည်။
" အေ့စ်... မင်းပဲကိုး... ဟားဟားဟားဟားဟား... ဂိမ်းထဲက ထွက်သွားပြီးတာနဲ့ မင်း ဘာကိုမှ မစိုးရိမ်ရတော့ဘူးလို့ ထင်နေတာလား... မုန်းတီးမှုအဆင့်သတ်မှတ်ချက်ဘုတ်ပေါ်က မင်းနာမည်က မင်းသေတဲ့အထိ ပျောက်သွားမှာမဟုတ်ဘူး ဟားဟား... ဟားဟားဟား..."
ယဲ့ကျား၏ မျက်လုံးများ နက်မှောင်သွားသည်။
မုန်းတီးမှုအဆင့်သတ်မှတ်ချက်ဘုတ်လား...
ဒါဆိုရင် လက်မဲလေးပြောတာ အမှန်တွေများလား..."
" ကင်းက မင်းကိုရှာလိမ့်မယ်..."
ဆာလောင်မှုသရဲက မုန်းတီးစရာကောင်းစွာဖြင့် ရယ်လိုက်သည်။
" အဲ့လိုကိစ္စမျိုးလုပ်ပြီးတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရပဲ ထွက်သွားလို့မရဘူး..."
ယဲ့ကျား : ဘာကြီး...
နေပါဦး...
ငါ ဘာလုပ်မိလို့လဲ...
သို့ရာတွင် သူ မေးမြန်းရန် အခွင့်အရေးမရမီ ဆာလောင်မှုသရဲက ပျောက်ကွယ်သွားသည်။
ယဲ့ကျား အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် လက်မဲလေးကို သူ့ပခုံးပေါ်မှ ဆွဲချပြီး ခါလိုက်သည်။
" ငါ ဘာလုပ်ထားမိလို့လဲ... သူ ပြောသွားတာကို မင်းသိလား..."
လက်မဲလေးက တွန့်ဆုတ်စွာဖြင့် ပြန်ဖြေလိုက်သည်။
" ကျွန်... ကျွန်တော် မသိပါဘူး..."
ယဲ့ကျားက သူ့ကို ခပ်ပြင်းပြင်းခါလိုက်သည်။
" နေပါဦး နေပါဦး နေပါဦး နေပါဦး..."
လက်မဲလေးက မူးဝေလာ၍ အော်ပြောလိုက်သည်။
" ဒီ... ဒီလိုပါ ကျွန်တော်လည်း သူများဆီက ကြားခဲ့တာ..."
" ဘာကိုကြားတာလဲ..."
လက်မဲလေးက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
" ကြည့်... ကြည့်ရတာ ဘော့စ်က ကင်းကို ကစားလို့ဝသွားတော့ ကန်ထုတ်လိုက်တာတဲ့ အဲ့လိုမျိုး ပြောနေကြတာပဲ..."
ယဲ့ကျား : “………”
နေပါဦး ဘာတွေလဲဟ...
.....
လှိုင်းထန်နေသော သွေးပင်လယ်ကြီးထဲတွင်...
သွေးများက အနက်ရောင်ကြမ်းပြင်ပေါ် စိမ့်ဝင်သွားပြီး ကတ္တိီပါနီရောင်မြစ်တစ်စင်းအဖြစ် တဖြည်းဖြည်းစီးဆင်းသွားသည်။ ဆုတ်ဖြဲခံထားရသည့် ခြေလက်များ အရိုးပုံကြီးများနှင့်အတူ အဖြူအနီရောင်များ ရောယှက်နေကာ သွေးစွန်းနေသော မရဏတိုင်းပြည်တစ်ခု ဖြစ်လာသည်။
ဤနေရာက ပိုင်နက်တစ်ခုဖြစ်သည်။
စိတ်မကူးနိုင်လောက်အောင် ကြီးမားလှသော ဧရာမပိုင်နက်ကြီးကို ဖန်တီးနိုင်ထားသောပိုင်ရှင်က မည်မျှစွမ်းအားကြီးသည်ကို တစ်ဦးတစ်ယောက်မှ မသိကြပေ။
အားလုံး၏ အလယ်ဗဟိုရှ်ိ အရိုးများဖြင့် ပြုလုပ်ထားသော ဧရာမ ပလ္လင်ကြီးတွင် မျက်လုံးများမှိတ်ထားသည့် အမျိုးသားတစ်ယောက် ထိုင်နေသည်။
သူ၏ မျက်တောင်များ လှုပ်ရှားသွားသည်။
တစ်စုံတစ်ရာကို အာရုံခံမိသကဲ့သို့ ထိုအမျိုးသားက မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။
သူ့မျက်ဝန်းများက အနီရင့်ရောင်ဖြစ်၍ သွေးပင်လယ်၏အရောင်နှင့် အလားသဏ္ဍာန်တူနေသည်။
သူ အရပ်မျက်နှာတစ်ခုကိုကြည့်ပြီး မျက်လုံးသူငယ်အိမ် အနည်းငယ် ကျုံ့သွားသည်။ သွေးအေးသတ္တဝါတစ်ကောင်က နောက်ဆုံးတွင် သူ၏သားကောင်ကို တွေ့သွားသကဲ့သို့ သူ့မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးနေရာမှ ရေခဲတမျှအေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
နောက်ဆုံးတော့...
နောက်တစ်စက္ကန့်တွင် သွေးနံ့ပြင်းပြင်းကို ယူဆောင်လာသည့် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ သူ့ဘေးနားတွင် ပြန့်ကျဲနေသော အရိုးခြောက်များက တကျွီကျွီအသံများ မြည်လာသည်။
အရိုးများဖြင့်ပြုလုပ်ထားသည့်ပလ္လင်ပေါ်မှ အမျိုးသား၏ပုံရိပ်က တဖြည်းဖြည်း အရောင်မှိန်လာပြီး နောက်ဆုံး၌ အစအနပင် ရှာမရတော့ပဲ ပျောက်ကွယ်သွားသည်။
.........
" မင်း ဘာပြောလိုက်တာလဲ..."
ယဲ့ကျား မယုံကြည်နိုင်စွာဖြင့် ထပ်မေးလိုက်သည်။
သူ့လက်ထဲမှ လက်မဲလေးက တုန်ယင်လာသည်။
" ကျွန်... ကျွန်တော် အဲဒါပဲ ကြားခဲ့တာပါ... ဒါ အကုန်ပါပဲ... တခြားသရဲတွေကလည်း အဲ့လိုပြောနေကြတာပဲ မှန်လား မှားလား ကျွန်တော် မသိပါဘူး..."
ယဲ့ကျား : “………”
သရဲတွေက အမြဲတမ်း အဲ့လိုပဲ အတင်းပြောနေကျလား...
သူ စက္ကန့်အနည်းငယ်ခန့် အလေးအနက်တွေးနေပြီးနောက် ပြောလိုက်သည်။
" မင်းတို့ရဲ့ ကင်းအကြောင်း ပြောပြပါဦး..."
" ကင်းက ကင်းလေ..."
လက်မဲလေးက တစ်ဖက်သို့လှည့်လိုက်သည်။
ဂိမ်းထဲမှသရဲများနှင့် လက်တွေ့လောကမှသရဲများက ကွာခြားကြောင်း သိသင့်ပေသည်။
လက်တွေ့လောကတွင်မူ ကြမ်းတမ်းရက်စက်သော သရဲများက ခံပြင်းမှုများကြောင့် သေဆုံးသွားခဲ့ရသူမိ၏ ဝိညာဉ်များဖြစ်ကာ သေမျိုးကမ္ဘာနှင့် မရဏလောကတွင် လှည့်လည်သွားလာနေကြသူများဖြစ်သည်။ ဂိမ်းထဲတွင်မူ ဤသရဲအမျိုးအစားများက အရေအတွက်အနည်းငယ်သာရှိသည်။ အများစုမှာမူ ယခုတွေ့ဆုံခဲ့ရသည့် ဆာလောင်မှုသရဲများဖြစ်သည်။ သူတို့က မကောင်းသည့်စိတ်နှင့် သရဲစွမ်းအင်များကြောင့် ဖြစ်ပေါ်လာခဲ့ရသော မကောင်းဆိုးဝါးများသာဖြစ်သည်။ သူတို့ကို ဂိမ်းထဲမှ ယင်စွမ်းအင်ပမာဏများစွာဖြင့် အာဟာရဖြည့်တင်းပေးပြီး ကစားသမားများကိုသတ်ဖြတ်၍ အင်အားကြီးလာကာ အချင်းချင်း ပြန်လည်ဝါးမျိုစားသောက်ကြသည်။
လက်မဲလေးမှာ မကြာသေးမီကမှ မွေးဖွားလာ၍ ခန္ဓာကိုယ်အပြည့်အစုံပင် မရှိသေးပေ။
ထိုအကြောင်းများကြောင့် သူအသိစိတ်ရရှိလာချိန်တည်းက တည်ရှိနေခဲ့သောကင်းက သူ့အတွက် ကမ္ဘာကြီးတစ်ခုသဖွယ်ဖြစ်နေသည်။
သို့ဖြစ်၍ ယဲ့ကျား မေးခွန်းပြောင်းလိုက်သည်။
" မင်းပြောတဲ့ ကင်းက ဘယ်အဆင့်ကလဲ..."
" အဲဒါ... ကျွန်တော် မသိဘူး..."
လက်မဲလေးက ယဲ့ကျား၏ အမူအရာကို ဂရုတစိုက်ကြည့်နေပြီး အသံတိုးတိုးလေးဖြင့် ထပ်ပြောလိုက်သည်။
" ‌ဒါ... ဒါပေမဲ့ သူက အက်စ်အဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်မယ်ထင်တယ်..."
ဘီအဆင့်ထက်မြင့်သည့် ကြမ်းတမ်းသောသရဲများမှစ၍ အဆင့်တစ်ခုအကြား ကွာခြားချက်မှာ အဆုံးမဲ့ ရွံ့နွံတစ်ခုစီနှင့် တူသည်။
အက်စ်အဆင့်‌သရဲများက ဂိမ်းထဲတွင် အလွန်ရှားပါးလေသည်။
ယဲ့ကျား မျက်မှောင်ကြုတ်လိုက်မိပြီး သူစော်ကားခဲ့မိသော အက်စ်အဆင့်သရဲများအကြောင်း စတင်တွေးတောလိုက်သည်။ သို့ရာတွင် ခဏအကြာတွေးပြီးသည်အထိ မည်သူမှ မဟုတ်ပေ။
ယဲ့ကျား၏အသက်ကို သူတို့လိုချင်သည်မှာလည်း နားလည်ပေးနိုင်စရာဖြစ်သည်။
ဒါပေမဲ့ သတင်းအချက်အလက်တစ်မျိုးတည်းအတွက် ဆုကြေးတဲ့လား ထူးဆန်းလွန်းတယ်...
သူ စဉ်းစားနေစဉ်မှာပင် ချဉ်းကပ်လာသော ကားအင်ဂျင်သံကို ကြားလိုက်ရသည်။
တစ်ယောက်ယောက် လာနေပြီ...
ယဲ့ကျား အတွေးထဲနစ်မျောနေရာမှ ပြန်ရောက်ရှိလာသည်။
သူ့လက်ပေါ်မှ လက်မဲလေးကိုကြည့်လိုက်ပြီး အဓိပ္ပါယ်ပါပါဖြင့် မျက်လုံးများ မှေးကျဉ်းလိုက်သည်။
" ‌ဆိုကာမှ မင်းရဲ့ အခြေအနေ ပြန်ကောင်းလာမယ်ဆိုရင် မင်းကအများဆုံး စီအဆင့်သရဲဖြစ်သွားမှာ ဟုတ်တယ်မလား..."
လက်မဲလေးက ရုတ်တရက် သတိအနေအထားဖြစ်သွားသည်။
" ဘာလုပ်မလို့လဲဟင်..."
ယဲ့ကျားပြုံးလိုက်ပြီး သူ့အမူအရာက ဖြူစင်ရိုးသားနေသည်။
" ဘာမှမဟုတ်ပါဘူး... ငါ့ကို ကူညီပေးစရာကိစ္စလေးတွေ ရှိလို့ပါ..."
.....
ကျောက်ကွမ်းချန်က တိုက်ခိုက်ရေးအဖွဲ့ခွဲ၏ Fအဆင့် အဖွဲ့ဝင်ဖြစ်သည်။
ချန်စဲကျစ် အချက်ပြလိုက်စဉ်က သူက အနီးဆုံးနေရာတွင် ရှိနေခဲ့၍ ကယ်တင်ရန်မစ်ရှင်အတွက် ချက်ချင်းရောက်လာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သူ မစ်ရှင်လက်ခံရရှိပြီး အချိန်တိုအတွင်းမှာပင် ထောက်ပံ့ပို့ဆောင်ရေးဌာနဝန်ထမ်း၏ အချက်ပြမှုက ရုတ်ချည်းပျောက်ကွယ်သွားသည်။ ဆယ်မိနစ်အကြာတွင်မှ ကီလိုမီတာပေါင်းများစွာ ကွာဝေးသော မြို့အစွန်အဖျားနားတွင် နောက်တစ်ကြိမ် ပေါ်လာသည်။
ကျောက်ကွမ်းချန် ထိုနေရာသို့ ချက်ချင်းကားမောင်းထွက်လာခဲ့သည်။
တောအလယ်ခေါင်တွင် ဘတ်စ်ကားဟောင်းကြီးတစ်စင်းက ရေမြောင်းထဲ တစ်ဝက်မြုပ်နေသည်။ ၎င်း၏ ကိုယ်ထည်ပေါ် ရိုက်နှိပ်ထားသည့် ကြော်ငြာများက သံချေးတက်နေပြီး ထိုကြော်ငြာပေါ်မှ မင်းသမီး၏ မျက်နှာကသာ ကျန်ရစ်နေသည်။
တိုက်ခိုက်ရေးအဖွဲ့ခွဲမှ အဖွဲ့ဝင်များတွင် ကိုယ်ပိုင် ပြိုင်ဘက်ကင်းစွမ်းရည်များ ရှိကြသော်လည်း သူတို့က သရဲစွမ်းအင်ကို ခံစားလွယ်ကြသည်။
လေထုထဲမှ ယင်စွမ်းအင်က အနည်းငယ်ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့ရာတွင် ကျန်ရှိနေသေးသည့် ပမာဏက ချောက်ချားစရာကောင်းလောက်အောင် မြင့်လွန်းနေသည်။
ကားထဲတွင် တပ်ဆင်ထားသော ကိရိယာက အဝေးကတည်းက တတီတီမြည်လာခြင်းဖြစ်သည်။ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အမှောင်စွမ်းအင်များက အပြင်ဘက်တွင် ကျန်ရှိနေသည်။
ကျောက်ကွမ်းချန် မကြောက်လန့်ပဲ မနေနိုင်တော့ပေ။
ဒီလောက်အဆင့် သရဲဆိုရင်... သူတစ်ယောက်တည်း ကိုင်တွယ်လို့ ရပါ့မလား...
လျင်မြန်စွာအစီအရင်ခံပြီး သူ့ကိုယ်သူ ပြင်ဆင်သွားပြီးချိန်တွင် ကျောက်ကွမ်းချန်က ဘတ်စ်ကားကို သတိထား၍ ချဉ်းကပ်သွားပြီး ဂရုတစိုက်ဖြင့် အထဲသို့ဝင်သွားသည်။
အထဲမှမြင်ကွင်းကြောင့် ကျောက်ကွမ်းချန် မထိတ်လန့်ပဲမနေတော့ပေ။
ဘတ်စ်ကားထဲတွင် သတိမေ့နေသူနှစ်ယောက်ရှိသည်။ တစ်ယောက်က အလယ်လမ်းကြားတွင် လဲကျနေကာ နောက်တစ်ယောက်က ခုံပေါ်တွင် ခွေနေသည်။ သူတို့၏မျက်နှာများက ဖြူဖွေးပြီး အလွန်အားနည်းနေ၍ ယင်စွမ်းအင်များသက်ရောက်သွားကြောင်း ရှင်းလင်းလှပေသည်။
မြောက်များစွာသော အနက်ရောင်သရဲလက်များက မြေပြင်ပေါ်မှ ဆန့်ထွက်နေသည်။ ၎င်းတို့က သူတို့နှစ်ယောက်၏ ခြေကျင်းဝတ်များကိုကိုင်ကာ ခန္ဓာကိုယ်မှ အသက်စွမ်းအင်များကို စုပ်ယူနေသည်။
ကျောက်ကွမ်းချန်က သူနှင့်အတူသယ်ဆောင်လာသည့် တိုက်ခိုက်ရေးဂီယာကို ပြင်ထားလိုက်သည်။
ခဏအကြာတွင် သရဲလက်ကို ထိအောင်ပစ်နိုင်သွားသည်။
ကြောက်မက်ဖွယ်အော်ဟစ်သံကြီးဖြင့် လက်က အကြိမ်အနည်းငယ်ခန့် လှုပ်ယမ်းသွားပြီး မျက်နှာမဖြူဖျော့နေသည့် ဒုက္ခသည်နှစ်ယောက်ကို အဝေးသို့ ပစ်လိုက်ပြီး ပြတင်းပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။
အသက်ရှင်သွားနိုင်ခဲ့သည့် ကျောက်ကွမ်းချန်က ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။
၁၅မိနစ်ခန့်အကြာတွင် လူနာတင်ယာဉ်ရောက်လာသည်။
၄၅မိနစ်အကြာတွင် သတိမေ့နေသည့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ထမ်းနှစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံပို့လိုက်ရသည်။
.....