အပိုင်း ၆
Viewers 10k

Chapter 6
နှစ်နာရီခန့် ကြာသောအခါ...
ယဲ့ကျားက လူနာဝတ်စုံဖြင့် ခုတင်ပေါ်ထိုင်ပြီး ဂျယ်လီစားနေသည်။
ချန်စဲကျစ်က ဘေးနားရှိ ဆေးရုံခုတင်ပေါ်မှ တဖြည်းဖြည်းချင်းထလာပြီး ညည်းညူလိုက်သည်။
" အား ကျွတ် ကျွတ် ..."
" နိုးလာပြီလား..."
ယဲ့ကျားက ဂျယ်လီစားနေခြင်းကို ရပ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
" ဘယ်လိုနေသေးလဲ..."
" လည်ပင်းနာနေတယ်..."
ချန်စဲကျစ် ပြန်ဖြေလိုက်သည်။
ထိုသို့ဖြစ်အောင်ပြုလုပ်လိုက်သော တရားခံ၏ မျက်နှာအမူအရာက မပြောင်းလဲပေ။
" အဆင်ပြေပါတယ်... သရဲတစ်ကောင်ကိုတွေ့ပြီးရင် တစ်ကြိယ်လုံးနာကျင်ကိုက်ခဲနေတာ ဖြစ်နေကျပါပဲ..."
ချန်စဲကျစ်က ခက်ခက်ခဲခဲဖြင့် ထလာသည်။ လည်ပင်းကို ပွတ်နေလျက် အားနည်းဖျော့တော့စွာဖြင့် မေးလိုက်သည်။
" အဲ့တော့ ဘာဖြစ်ခဲ့တာလဲ..."
ယဲ့ကျား ပြန်မဖြေမီမှာပင် လူနာဆောင်တံခါးကို အားပြင်းပြင်းဖြင့် တွန်းဖွင့်လိုက်သံကို ကြားလိုက်ရသည်။
ထောက်ပံ့ပို့ဆောင်ရေးဌာနခေါင်းဆောင် လျှိုကျောက်ချန်က ဝုန်းခနဲဝင်လာသည်။ သူ့ခေါင်းပေါ်မှ ကွင်းပြင်ကြီးက လွန်ခဲ့သည့် ရက်အနည်းငယ်ကထက် ပိုတောက်ပနေသည်ဟု ထင်ရသည်။ သူ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" ပြဿနာတွေက ရှုပ်လာပြီ... ဒီတစ်ခါရော ဖြစ်ပြန်ပြီ ..."
ချန်စဲကျစ် အံ့အားသင့်သွားသည်။
" ဘာဖြစ်တာလဲဟင်..."
လျှိုကျောက်ချန် အတိုချုပ်ရှင်းပြလိုက်သည်။
" အထူးစုံစမ်းစစ်ဆေးရေးရလဒ်တွေက မထွက်သေးပေမယ့် ခုနကရလာတဲ့ ယင်စွမ်းအင်တွေမှာ အရင်တစ်ခါ အဆောက်အဦးကြီးက ရလာတဲ့ ယင်စွမ်းအင်တွေပါနေတယ်.. မင်းက်ို အရင်က တိုက်ခိုက်ခဲ့တဲ့ စွမ်းအားကြီးသရဲက အနံ့ကိုမှတ်မိသွားပြီးတော့ မင်းတို့နောက် လိုက်လာတာဖြစ်မယ်..."
" ကျွန်တော်သဘောပေါက်ပါပြီ... အစ်ကိုယဲ့က ကျွန်တော့်ကြောင့် ဒီကိစ္စထဲ ပါသွားတာပေါ့..."
ချန်စဲကျစ်က အပြစ်မကင်းဟန်ဖြင့် ခေါင်းငုံ့ထားလိုက်သည်။
ထိုအချိန်တွင် သူပြောနေသည့် အဓိကဇာတ်လိုက်ကြီးက သူ့စားပွဲပေါ်မှ ဂျယ်လီထုပ်ကို လက်ညှိုးထိုးပြလိုက်သည်။
" မင်း အဲဒါစားမှာလား..."
ချန်စဲကျစ် : “……..”
သူ့ကိုယ်သူ အပြစ်တင််စိတ်က အလဟဿ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
သူ မကျေမနပ်ဖြစ်သွားပြီး ဂျယ်လီထုပ်ကို ကမ်းပေးလိုက်သည်။
" မစားဘူး..."
လျှိုကျောက်ချန်၏ အမူအရာက တင်းမာခက်ထန်နေသည်။
" အဲ့စွမ်းအားကြီးသရဲက မင်းနောက် လိုက်လာမှာစိုးလို့ အထက်လူကြီးတွေက ထိပ်ဆုံးထပ်က လူနာဆောင်ကို ပြောင်းခိုင်းထားပြီး တိုက်ခိုက်ရေးဝန်ထမ်းတစ်ယောက်ကို ကာကွယ်ခိုင်းထားတယ်..."
သူ့အကြည့်များက တစ်ဖက်မှ ယဲ့ကျားအပေါ် ရောက်သွားသည်။
" မင်းကတော့..."
ဒုတိယမြောက်ဂျယ်လီထုပ်ကို ဖောက်နေသော ယဲ့ကျား၏ လှုပ်ရှားမှုက အနည်းငယ်တောင့်တင်းသွားသည်။ သူ့စိတ်ထဲ ခံစားချက်မကောင်းဖြစ်လာသည်။
ထင်တဲ့အတိုင်းပဲ...
" ဗျူရိုက ရန်ပုံငွေတွေက အကန့်အသတ်ရှိတယ်... မင်းကတော့ အထွေထွေကုသဆောင်ကိုပြောင်းပြီး ဆေးစစ်ရမယ် နှစ်ရက်နေလို့ ဘာမှမဖြစ်ဘူးဆို ရုံးပြန်တက်..."
ယဲ့ကျား : "ဆရာ ဒါ ခွဲခြားဆက်ဆံတာပဲနော်..."
နားရက်လေး‌နည်းနည်းလောက် ရမယ်ထင်ထားတာလေ... နောက်ဆုံးတော့ နှစ်ရက်တည်းတဲ့လား...
နှမျောစရာကြီး...
" ခွဲခြားဆက်ဆံတာတဲ့လား..."
လျှိုကျောက်ချန် သရော်လိုက်သည်။
" ဒီရက်ပိုင်း ဗျူရိုထဲမှာ စာရွက်စာတမ်းတွေ အပြုံလိုက်ကြီးရှိတယ်နော်... မင်း အဲဒါတွေကို အခုပဲ လာစီချင်လား..."
ယဲ့ကျား : “……..”
သူ ဂျယ်လီထုပ်ကို ချထားပြီး ခါးမတ်မတ်ထိုင်လိုက်သည်။
" ခေါင်းဆောင်လျှိုက ကြင်နာတတ်ပြီး စဉ်းစားပေးတတ်လို့ ကျွန်တော် အရမ်း ကျေးဇူးတင်ရပါတယ်... ကျွန်တော် ဘယ်လောက်တောင် ကျေးဇူးတင်တယ်ဆိုတာ စကားနဲ့တောင် ဖော်ပြလို့ မရပါဘူး..."
လျှိုကျောက်ချန် : " ကိုယ့်ဘာကိုယ် ဂျယ်လီစားနေစမ်းပါ..."
မိနစ် ၂၀အကြာတွင် ခေါင်းဆောင်နှင့် တိုက်ခိုက်ရေးဌာနဝန်ထမ်းက အလွန်စွန့်စားခဲ့ရသည့် ချန်စဲကျစ်ကို ထိပ်ဆုံးထပ်မှ လူနာဆောင်သို့ လိုက်ပို့သည်။
ယဲ့ကျားကမူ သူနာပြုတစ်ယောက်၏ အကူအညီဖြင့် အထွေထွေကုသဆောင်သို့ ပြောင်းလာခဲ့ရသည်။
လူနာဆောင်ထဲတွင် ခုတင်လေးလုံးရှိသော်လည်း ကံကောင်းသည်မှာ အခြားသုံးခုတင်က လွတ်နေသည်။
ယဲ့ကျားက ပြတင်းပေါက်နှင့်နီးသည့်ခုတင်ကို ရွေးလိုက်သည်။
သူ ထိုင်ချလိုက်သည်နှင့် ပြတင်းပေါက်မှ တဒေါက်ဒေါက်ခေါက်သံ ကြားလိုက်ရသည်။
ယဲ့ကျား လှည့်ကြည့်လိုက်သောအခါ အပြင်ဘက်မှ လက်မဲလေးက သူ့ကို သုတ်သုတ်ပျာပျာဖြင့် လက်ယပ်ပြနေသည်။ “…….”
လက်မဲလေးက ပြတင်းပေါက်အကြားမှ တိုးဝင်လာပြီးနောက် အထဲသို့ရောက်လာ၍ အောင်နိုင်သူသဖွယ် လှုပ်ခါလိုက်သည်။
" တွေ့လား ကျွန်တော်ပြောတာမှန်တယ်... အဲ့မိန်းကလေးရဲ့ မှတ်ဉာဏ်ထဲက နောက်ဆုံးနေရာက ဘတ်စ်ကားပဲ... အခုတော့ တရားခံအစစ်ကို ရှာတွေ့ပြီမလား ဘာလို့..."
သို့ရာတွင် မမျှော်လင့်ထားသည်မှာ ယဲ့ကျားက ခေါင်းခါပြလိုက်သည်။
" တရားခံအစစ်က သူ မဟုတ်ဘူး..."
လက်မဲလေး အေးစက်တောင့်တင်းသွားသည်။
" ဟင်..."
ယဲ့ကျား သမ်းဝေလိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် ခုတင်ကို မှီနေလိုက်သည်။
" သူက ဆာလောင်မှုသရဲတစ်ကောင် ဖြစ်နေရုံပဲ... သူ့ရဲ့ သတ်ဖြတ်ချင်စိတ်က စားချင်သောက်ချင်စိတ်အပေါ် မူတည်တာ... သူက သားကောင်ကို နှိပ်စက်တယ်ဆိုပေမယ့် အရေခွံခွာပြီး ခန္ဓာကိုယ်ကို မစားပဲ ထားခဲ့မှာ မဟုတ်ဘူး..."
လက်မဲလေးက စိတ်ပျက်အားငယ်သွားသည်။
" ကျွန်တော် သိပါပြီ..."
ယဲ့ကျား မျက်လုံးများ မှိတ်ထားလိုက်သည်။
အမှန်တွင် သူ ထိုသရဲကို မြင်ချိန်တည်းက သဘောပေါက်လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း လက်မဲလေးက သူ့ကိုလိမ်နေသည်ဟု သူ မထင်မိပေ။
သူ့ဘဝကို ယဲ့ကျားက ထိန်းချုပ်နေပြီဖြစ်၍ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော သရဲတစ်ကောင်ဘက်မှ လိုက်ပေးမည်မဟုတ်ပေ။
သူက နေရာအမှန်ကို ရှာတွေ့ခဲ့သော်လည်း တရားခံအစစ်ကို ရှာမတွေ့ခဲ့ရုံသာဖြစ်သည်။
ထို့အပြင် သူ အာရုံစိုက်စရာဖြစ်နေသော ကိစ္စတစ်ခုရှိသည်။ ဆာလောင်မှုသရဲက မြူခိုးများထဲ ဝင်ရောက်ပြီးမှ ဘတ်စ်ကားပေါ် တက်လာခြင်းဖြစ်သည်။
သူက ခရီးသည်တစ်ယောက်သာ ဖြစ်သည်။
သို့ဖြစ်၍ လူ့အရေခွံခွာရသည်ကို နှစ်သက်သောစွမ်းအားကြီးသရဲကလည်း ခရီးသည်များထဲမှတစ်ယောက် ဖြစ်နိုင်သည်။
ယခုချိန်တွင် ယဲ့ကျား၏အာရုံက ပြောင်းလဲသွားသည်။
စွမ်းအားကြီးသရဲတွေကိုသယ်လာတဲ့ ဘတ်စ်ကားက မြို့လယ်ခေါင်မှာ ဘာလို့ပေါ်လာရတာလဲ...
ပိုပြီးအရေးကြီးတာက သူ ဘယ်ကိုဦးတည်နေတာလဲ...
ယဲ့ကျား မျက်လုံးမှိတ်ထားပြီး အတွေးထဲနစ်မျောနေစဉ် ခြေထောက်အနားမှ ပုံမှန်မဟုတ်သည့် အထိအတွေ့တစ်ခုကို ရုတ်ချည်း ခံစားလိုက်ရသည်။
သူ့မျက်လုံးများ ပွင့်လာသည်။
လက်မဲလေးက ခုတင်ပေါ် ခက်ခက်ခဲခဲတက်လာသည်။ ရုတ်တရက် တစ်ခုခုကို မှတ်မိသွားဟန်ဖြင့် သွေးမျက်ရည်များကျလာပြီး မကျေမနပ်ဖြင့် ပြောတော့သည်။
" ခင်ဗျား တော်တော်ရက်စက်ပါလား..."
သူတစ်ဖက်သို့လှည့်လာပြီး အခြားလက်ချောင်းများနှင့် ယှဉ်ပါက အရောင်ဖျော့ပြီး သေးကွေးလာသည့် လက်သန်းလေးကို ပြလိုက်သည်။
" ဝူး ဝူး ဝူး ဝူး ~ ကြည့်ပါဦး အရောင်တွေ မညီတော့ဘူး... ဟိုတစ်ခါ ခင်ဗျားဆီက ရိုက်ခံရတည်းက ဒဏ်ရာရသွားတာ ခုထိ ပြန်မကျက်သေးတော့ ကျွန်တော့် မျက်နှာပြင်ဧရိယာရဲ့ ၅ရာခိုင်နှုန်းလောက်ပျောက်သွားပြန်ပြီ... ပြီးတော့ ကျွန်တော့်ကို ပြန်တိုက်ခွင့်လည်းမပြုဘူးလေ... ကျွန်တော့်ထက်ပိုပြီး သနားစရာကောင်းတဲ့ သရဲရှိတော့မှာ မဟုတ်ဘူး... ဒါ အရှက်ခွဲခံရတာပဲ ဝူး ဝူး ဝူး ~~~..."
သူ ဆက်လက်ပြီး ငိုကြွေးနေသည်။
ထိုဆူညံသံများကြောင့် ယဲ့ကျား ခေါင်းကိုက်လာသည်။
လက်တစ်ဖက်မြှောက်ပြီး သူ့စောင်ပေါ်မှ လက်မဲလေးကို ကိုင်လိုက်သည်။
လက်မဲလေးက အိ'ခနဲ အသံထွက်သွားပြီး တစ်ခဏတွင်းချင်း ငြိမ်ကျသွားသည်။
သရဲတွေက အကျင့်မကောင်းတဲ့အပြင် ရက်စက်တယ်လို့ ဘယ်သူပြောလဲ... လူသားတွေက သူတို့ထက်ပိုဆိုးပြီး ပိုကြောက်ဖို့ကောင်းတယ် ဟင့်...
လက်မဲလေးက မျက်ရည်မကျပဲ ငိုကြွေးနေမိသည်။
သို့သော် ခဏအကြာတွင် အလွန်မွှေးပျံ့သောယင်စွမ်းအင်က ၎င်း၏ခန္ဓာကိုယ်ထဲ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။ ၎င်းက ဤလူသား၏ ခန္ဓာကိုယ်မှ နောက်ဆုံးအကြိမ် အရသာခံခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် ဓားကဲ့သို့သော တစ္ဆေစွမ်းအင်နှင့် ကွဲပြားနေသည်။ သူ့ခန္ဓာကိုယ်က စုပ်ယူနိုင်သည့် ပမာဏကို အာရုံစိုက်ပေးနေပြီး သူ့လက်သန်းလေး နဂိုမူလအနေအထားအတိုင်း ပြန်ရောက်သွားအောင် စက္ကန့်အနည်းငယ်သာ ကြာလိုက်သည်။
ယဲ့ကျား ကိုင်ထားသည်ကို လွှတ်ပေးလိုက်သည်။
လက်မဲလေးက သူ့ရှေ့မှလူသားကို ထိတ်လန့်တကြားကြည့်နေသည်။ ၎င်း၏ဝိညာဉ်ကပင် အကြီးအကျယ်ထိတ်လန့်သွားပုံပေါ်သည်။
သူ ဒီလူကို အထင်လွဲမိတာများလား...
သူက တကယ်တော့ လူကောင်းတစ်ယောက်ပါလား...
လက်မဲလေး၏ မျက်လုံးက မျက်ရည်ဝဲလာပြီး သူ့အသံက အနည်းငယ် တုန်ယင်လာသည်။
" ခင်ဗျား..."
ယဲ့ကျားက မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။
" မင်း ထပ်နားငြီးရင် သေပြီပဲ..."
လက်မဲလေး : “……”
သူ့ မျက်လုံးများမှိတ်ထားလိုက်ပြီး ပြန်လှဲလိုက်ကာ ပျင်းရိပျင်းတွဲဖြင့် အမိန့်ပေးလိုက်သည်။
" ဒီကနေ နှစ်လမ်းလောက်သွားမယ်ဆိုရင် နို့လက်ဖက်ရည်ဆိုင်ရှိတယ်... ငါ ငှက်ပျောပူရှိန်းလက်ဖက်စိမ်းသောက်မယ် သကြားတစ်ဝက်ပဲထည့် အ‌ပူနော်... မြန်မြန်သွား..."
လက်မဲလေး : “………”
မင်းဖင်ကြီးကို သွားပါလား...
ဒီ လူယုတ်မာက သူ့ကို သေအောင်အလုပ်ခိုင်းချင်နေတာပဲ...
.....
ယဲ့ကျား အိပ်ငိုက်နေသည်။
သူ တစ်ညလုံးမအိပ်ပဲ စာရွက်စာတမ်းများကို ကိုင်တွယ်နေရပြီး ဘတ်စ်ကား မတော်တဆမှုကိစ္စကိုလည်း ဖြေရှင်းနေရသည်။
နေ့စဉ်စစ်ဆေးချက်ပြီးသည့်နောက်တွင် ခေါင်းအုံးနှင့်ခေါင်းထိသည်နှင့် အိပ်မောကျသွားတော့သည်။
သူ့မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးနေရာမှ မေ့လျော့နေခဲ့သော မြင်ကွင်းတစ်ခုက အခွင့်အရေးယူပြီး အိမ်မက်ထဲ ကျူးကျော်ဝင်ရောက်လာသည်။
ဤမြင်ကွင်းက ဖရိုဖရဲဖြစ်ပြီး ကမောက်ကမဆန်လွန်းသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ကိုးယို့ကားယားနိုင်သော သတ္တဝါများက ထာဝရညမြင်ကွင်းတွင် လှည့်လည်သွားလာနေပုံရသည်။ သူတို့၏ ပါးစပ်များ ကျယ်ကျယ်ဟလာပြီး လောဘကြီးသောမဲ့ပြုံးများ ပေါ်လာသည်။
စူးရှရှ အော်သံတစ်သံ နားထဲရောက်လာသည်။ ဖြူဖျော့ပြီး သွေးသံတရဲရဲဖြစ်နေသည့် မျက်နှာကြီးက သူ့ဘက်လှည့်ပြီး သနားစဖွယ်ကောင်းစွာဖြင့် အော်ဟစ်နေသည်။
" ကယ်ပါဦး ကယ်ပါဦး..."
…….
အမှောင်ထုထဲတွင် ယဲ့ကျား မျက်လုံးများပွင့်လာသည်။
သူ့အထက်မှ ဝေဝါးနေသည့် မျက်နှာကျက်ကြီးကိုစိုက်ကြည့်နေရင်း အသက်ရှုသံက အနည်းငယ် မြန်ဆန်နေသည်။
ထိုမှတ်ဉာဏ်များအကြောင်း သူ အိမ်မက်မမက်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
သူ့စိတ်ထဲမှ မြင်ကွင်းက ဤတစ်ကြိမ်တွင် ထင်ရှားစွာပေါ်လာပြီး သူ့စိတ်ထဲမှ မထွက်သွားတော့ပေ။
ထိုအချိန်တွင် ငိုသံသေးသေးလေးတစ်သံ သူ့နားထဲရောက်လာသည်။
" ကယ်ပါဦး ကယ်ပါ‌ဦး..."
ယဲ့ကျား လန့်သွားပြီး အသံလာရာဘက်ကို အမြန်လှည့်ကြည့်လိုက်သည်။
ကလေးမလေးတစ်ယောက်က အခန်းထောင့်တွင် တုန်ယင်စွာဖြင့် တုန်တုန်ရီရီလေးထိုင်နေသည်။ သူမက လူနာဝတ်စုံဝတ်ထားပြီး ခြေဗလာဖြစ်သည်။ ချိုင့်ဝင်နေသည့် မျက်လုံးများရှိပြီး မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့်ပြည့်ကာ ရေရွတ်နေသည်။
" မေမေ ဖေဖေ ဘယ်ရောက်နေကြတာလဲ... မေမေ ... မေမေ... သမီးကို ကယ်ပါဦး...*
အဝေးရှိ စင်္ကြန်လမ်းမှ အလင်းရောင်က သူမ ခန္ဓာကိုယ်ကိုဖြတ်ကာ ‌ကြမ်းပြင်ပေါ် ကျဆင်းလာသည်။
သူမခြေထောက်အောက်တွင် အရိပ်မရှိပေ။
အခုမှသေသွားတဲ့ ဝိညာဉ်လား... ဒါမျိုးတွေက ဆေးရုံတွေမှာတော့ မြင်နေကျပဲ...
ဒါပေမဲ့... အနံ့က မဟုတ်သေးပါဘူး...
ယဲ့ကျား မျက်လုံးများ အနည်းငယ်မှေးကျဉ်းလိုက်သည်။
ဒါ အသက်ရှင်နေတဲ့ဝိညာဉ်ပဲ...
ပြီးတော့ စွမ်းအားကြီးဝိညာဉ်ရဲ့ အနံ့နဲ့ သက်ရှိဝိညာဉ်ပေါ့...
........
အမှောင်ထုအတွင်း၌ ကလေးမလေးတစ်ယောက် ငိုရှိုက်နေပြီး မျက်ရည်စက်များက သူ၏ ဒူးခေါင်းပေါ်သို့ လှိမ့်ဆင်းကျနေလေသည်။
သူ ကျောင်းတက်နေစဉ် ရုတ်တရက် မူးလဲသွားသည်ကိုသာ သတိရတော့သည်။ သူ သတိပြန်ရလာ‌သောအခါ ကြောက်စရာကောင်းသည့် နေရာသို့ ရောက်ရှိနေကြောင်း တွေ့ရှိခဲ့ရပေသည်။
ဒါကအေးတယ်...အရမ်းအေးတယ်...
သူ ကူရာမဲ့စွာဖြင့် ရူးသွပ်နေသကဲ့သို့ ခေါင်းမှ ခြေထောက်ထိ တုန်ရီနေလေသည်။
အဝေးတစ်နေရာမှ လာ‌သော ထူးဆန်းသည့် တီးတိုးပြောသံများကို သူအမြဲကြားနေရသည်။ သူ နားရွက်ကို အုပ်ထားရန်ကြိုးပမ်းခဲ့‌သော်လည်း လက်‌ချောင်းများကြား စိမ့်၀င်လာသော ထိုအသံများကို မတားနိုင်ချေ။
အရမ်း ကြောက်စရာကောင်းတယ်…
‌ဖေဖေ မေမေ သမီး မေမေတို့ကို လွမ်းတယ်...
မေမေတို့ ဘယ်မှာလဲ...
ကလေးမလေး တုန်ရီစွာနှင့် သူ၏ပိန်ပါးသောခန္ဓာကိုယ်ကို ‌ကွေးကောက်ထားကာ သူ့နောက်မှ ‌နံရံကို မလှုပ်မရပ် မှီထားလေသည်။ ဤကား သူ့ကို လုံခြုံမှုအနည်းငယ်ပေးနိုင်မည်ဟု သူခံစားရသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ရုတ်တရက် သူ့ခေါင်းပေါ်မှ အသံတစ်သံကြားလိုက်ရလေသည်။
“ဘာလဲ...လမ်းပျောက်နေတာလား...”
သူ ကြောက်ရွံ့မှုကြောင့် တွန့်တက်သွားပြီးမျက်ရည်ကျနေသော မျက်လုံးများဖြင့် အသံကြားရာဆီသို့ မော့ကြည့် လိုက်လေသည်။
ထိုအခါ မလှမ်းမကမ်းတွင် အရပ်ရှည်ရှည်နှင့် လူငယ်တစ်ဦး ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ ထိုလူငယ်က လူနာ၀တ်စုံ ၀တ်ဆင်ထားပြီး အသားအရေက အလွန်ဖြူဖျော့နေသည်။ သူ၏ပယင်းရောင်မျက်လုံးများက မှေးစင်း‌နေပြီး အနည်းငယ်ပျင်းရိနေသည့်ပုံ ပေါက်နေလေသည်။
သူ ခါးကိုင်းလာသည်။
“သမီးနာမည် ဘယ်လိုခေါ်လဲ...”
သူ့အသံက တည်ငြိမ်ရှင်းလင်းနေပြီးလူများကို ရှင်းမပြနိုင်‌‌သော လုံခြုံသည့်ခံစားချက် ပေးစွမ်းလေသည်။
ကလေးမလေး ကြို့ထိုး‌ကာ မဝံ့မရဲပြန်ဖြေလိုက်သည်။
“သ...သမီးနာမည် စွင်း...စွင်းကျားလဲ့ပါ...”
“အသက်‌‌ရော ဘယ်လောက်ရှိပြီလဲ...”
“ရှစ်နှစ်‌လောက် ရှိပါပြီ...”
ကလေးမလေး၏ မျက်လုံးများက မျက်ရည်များနှင့် စိုဆွတ်နေဆဲပင်ဖြစ်သည်။ သူ နှာရူတ်နေကာ အသံတိုးတိုးလေးနှင့် ပြန်ဖြေလာလေသည်။
ယဲ့ကျား မသိမသာဖြင့် မျက်လုံးများမှေးစင်းသွားလေသည်။
ဝေးကွာနေစဉ် ခံစားချက်က မပြင်းထန်သော်လည်း ကလေးမလေးနား နီးလာသောအခါ သူ့ဝိညာဉ်မှ ထွက်လာသော တစ္ဆေစွမ်းအင်များကို လုံး၀အနံ့ရ‌နေလေသည်။ တစ္ဆေစွမ်းအင်က သူ့ဝိညာဉ်ထဲတွင် နက်နက်ရှိုင်းရှိုင်းစိမ့်၀င်နေခြင်းဖြစ်သည်။
အဓိကခန္ဓာကိုယ်မှ ဝိညာဉ်ကွဲထွက်လာလျှင် သုံးရက်အတွင်း အဓိကခန္ဓာကိုယ်ဆီ ပြန်မ၀င်ပါက ၀င်၍မရတော့ချေ။
အကယ်၍ သူ့ကို တစ်ယောက်တည်းထားခဲ့ပါက သေချာပေါက် သေသွားမည်ဖြစ်ပြီး သူ့၀ိညာဉ်အတွင်းမှ တစ္ဆေစွမ်းအင်များက သူ့ကို ရက်စက်သည့်သရဲအဖြစ် ပြောင်းသွားစေလိမ့်မည်ဖြစ်သည်။
ပြီးနောက် ဤဆေးရုံက ဗျူရိုနှင့် အနီးကပ် အလုပ်လုပ်နေသည့် ဆေးရုံတစ်ရုံ ဖြစ်သည်။ အကယ်၍ ဤနေရာတွင်တစ်ခုခု မှားယွင်းသွားခဲ့လျှင် ၀န်ထမ်းများ၏ ဆေးဘက်ဆိုင်ရာ အာမခံငွေကို ပြန်မပေးနိုင်သည့်အပြင် ကွင်းဆက်တုံ့ပြန်မှုများနှင့် ဆိုးရွားသည့်အကျိုးဆက်များကိုပါ ယူဆောင်လာမည် ဖြစ်သည်
ကြည့်ရတာ သူ တစ်ယောက်တည်းထွက်သွားလို့ မရဘူးနဲ့တူတယ်...
ယဲ့ကျား သက်ပြင်းချလိုက်သည်။
ဟား... ဆေးခွင့်မှာ အချိန်ပို လုပ်နေရတယ်လို့...
အဖွဲ့အစည်းကျွန်တစ်ယောက်ရဲ့ ဘ၀ကအရမ်း သနား‌စရာ‌ကောင်းတာပဲ...
မေးခွန်းနှစ်ခု ဖြေပြီးနောက် စွင်းကျားလဲ့၏ စိတ်ခံစားချက် သိသိသာသာ တည်ငြိမ်လာလေသည်။
သူ ယဲ့ကျားကို ကြည့်လိုက်ပြီး ဂရုတစိုက်မေးလိုက်သည်။
“အစ်ကိုကြီး သမီးကိုမြင်ရတာလား...”
သူ သတိပြန်ရလာ‌သောအခါ မည်မျှပင်ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေကာမူဆရာ၀န်များနှင့် သူနာပြုများအားလုံး သူ့ကို သတိမထားမိကြပေ။ သူတို့၏ အ၀တ်များကို ဆွဲရန် ကြိုးပမ်းခဲ့သော်လည်း သူ့လက်ချောင်းများက သူတို့ခန္ဓာကိုယ်နှင့် အ၀တ်တစ်လျှောက် ဖြတ်သန်းသွားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရ‌လေသည်။
သူ ငယ်သေးပေမဲ့ ဒါက ဘာအဓိပ္ပာယ်လည်း နားလည်ပါတယ်...
သူ မျက်ရည်များကို ထိန်းကာ ဆို့နင့်စွာ မေးလိုက်သည်။
“သမီး သေ...‌‌ သေပြီမလား...”
ယဲ့ကျား အောက်ငုံ့ကြည့်ကာ လက်ဆန့်လိုက်သည်။
“လာ...”
လူငယ်၏ လက်ချောင်းများက ဖြူဖျော့နေပြီး သေးသွယ်သော လက်ဆစ်များရှိလေသည်။ ပြတင်းပေါက်အပြင်မှ ၀င်လာသော လရောင်အောက်တွင် လက်က တောက်ပနေလေသည်။
“ထိကြည့်လိုက်...”
စွင်းကျားလဲ့ သူ၏ ဖြူဖျော့နေသည့်လက်က‌လေးကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူ၏ လက်ဖဝါးပေါ်တွင်ဂရုတစိုက် တင်လိုက်‌ သောအခါ သူ့မျက်လုံးများ ဝိုင်းလာပြီး အံ့အားသင့်သွားလေသည်။
“သ...သမီး လက်ကို ထိလို့ရတယ်...”
“သမီး မြင်ပြီပေါ့...“
ယဲ့ကျား အပြုံးရေးရေးလေး ပြုံးလိုက်သည်။
"သမီးရော အစ်ကိုကြီးရော မသေသေးဘူး...ဟုတ်တယ်မလား...”
ယဲ့ကျား လက်ချောင်းများကို ကွေးညွတ်လိုက်ကာ ကလေးမလေးလက်ကို ဆွဲပြီးကြမ်းပြင်ပေါ်မှ ထူပေးလိုက်‌သည်။
“သွားရ‌အောင်...သမီးရဲ့ မေမေနဲ့ ဖေဖေတွေ့ဖို့ ခေါ်သွားပေးမယ်...”
ကလေးမလေး၏ မျက်လုံးများ ‌တောက်ပလာပြီး စိတ်အားထက်သန်စွာနှင့် ခေါင်းငြိမ့်လိုက်လေသည်။
“ဟုတ်...”
ကလေးမလေး၏ အဖြေကို ကြားသောအခါ ယဲ့ကျားပခုံးပေါ်မှ လက်မဲလေး တီးတိုးရေရွတ်လိုက်သည်။
“ဟမ်...နောက်ထပ် ရူးမိုက်တဲ့ လူသားတစ်ယောက် သူရဲ့ လှည့်စားမှုထဲ ရောက်သွားပြန်ပြီ...”
သနားစရာကောင်းလိုက်တဲ့ လူသားတွေ...ဒီလူရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာတစ်ဖက်ခြမ်းက ရက်စက်တဲ့ စိတ်ရောဂါသည်ဆိုတာ မမြင်နိုင်ကြရှာဘူး...
စွင်းကျားလဲ့ ရုတ်တရက်ပေါ်လာသော လက်မဲ‌ လေးကြောင့် အံ့သြသွားလေသည်။
“အစ်ကိုကြီး အစ်ကိုကြီးရဲ့ ပခုံးပေါ်မှာ ဘာကြီးလဲဟင်...”
“အသုံးအ‌ဆောင် တစ်ခုပါ...”
ယဲ့ကျား ပြုံးလိုက်ပြီး လက်မဲလေးကိုဆွဲယူလိုက်လေသည်။
ယဲ့ကျား၏ လက်ချောင်းများက အလွန်လျင်မြန်ပြီး စက္ကန့်ပိုင်းအတွင်း လက်မဲလေးကို ဖဲပြား သဖွယ် ချည်လိုက်သည်။
“ကြည့်‌ကောင်းလား...”
စွင်းကျားလဲ့ ယဲ့ကျားလက်ထဲမှ ဖဲပြားကိုကြည့်ကာ အံ့ဩသွားပြီး အားမာန်အပြည့်နှင့် ခေါင်းငြိမ့်လိုက်သည်။
"ကြည့်ကောင်းတယ်...”
လက်မဲလေး : “……..”
သရဲတစ်ကောင်ရဲ့ အခွင့်အရေး ဘယ်မှာလဲ...
......
စာရေးသူမှာ ပြောစရာတစ်ခု ရှိပါတယ်...
လက်မဲလေးမှာ အခမဲ့ အလုပ်လုပ်ပေးနေရရုံသာမက အစာကွင်းဆက်၏ အောက်ဆုံးတွင် ရောက်နေ၍ ထပ်ခါထပ်ခါ စွန့်စားနေရပေသည်။
" ကျွန်တော်က တကယ်တုံးတာပဲ..."
သူ့ မျက်ရည်များကို သုတ်လိုက်သည်။
" သရဲတွေက အန္တရာယ်ပြုတတ်ပြီး ရက်စက်ယုတ်မာတယ်ဆိုတာသိပေမယ့် လူသားတွေက ပိုကြောက်စရာကောင်းမယ် မထင်ထားဘူး... လက်တွေ့ကမ္ဘာကြီးမှာ ထပ်မနေချင်တော့ဘူး... ကျွန်တော် ဂိမ်းထဲပဲ ပြန်ချင်တယ် ဝူး ဝူး ဝူး ~ "
Xxxxx