အပိုင်း ၇
Viewers 10k

Chapter 7
ယဲ့ကျား ကလေးမလေးကို လူနာဆောင်အပြင်သို့ ခေါ်လာလေသည်။
ညဘက်တွင် ဆေးရုံက အလွန်တိတ်ဆိတ်နေပေသည်။ ကြိုဆိုလက်ခံသည့်စားပွဲတွင် ထိုင်‌နေသော တာ၀န်ကျသူနာပြုမှလွဲ၍ ကော်ရစ်တာတစ်လျှောက် မည်သူမှမရှိချေ။
ယဲ့ကျား၏ ချောမောသည့်မျက်နှာနှင့်ချိုမြိန်သော စကားပြောစွမ်းရည်ကြောင့် တာ၀န်ကျသူနာပြုဆီမှ စွင်းကျားလဲ့၏အချက်အလက်များကို အလွယ်တကူရရှိနိုင်ခဲ့သည်။ စွင်းကျားလဲ့၏ မိသားစုက ယနေ့ လွှဲပြောင်းမှုဆိုင်ရာ လုပ်ငန်းစဉ်အချို့ကို ကိုင်တွယ်ခဲ့ပြီး သူ့ကို ပို၍ဈေးကြီးသော ပုဂ္ဂလိကဆေးရုံထံသို့လွှဲပြောင်းပေးခဲ့လေသည်။
သူနာပြုနှင့် ယဲ့ကျား စကားစမြည်ပြောနေစဉ် လက်မဲလေး သူ့ခန္ဓာကိုယ်ကို ပြန်ဖြည်လိုက်ပြီး ယဲ့ကျားပခုံးပေါ်ရှိ အ၀တ်တစ်လျှောက် တွားသွားနေလေသည်။ကိစ္စတစ်ခုလုံးပြီး‌အောင် နားထောင်ပြီးနောက် လက်မဲလေး ယဲ့ကျား၏ကော်လံကို ကိုင်ကာ အသံတိုးတိုးလေး မေးလိုက်သည်။
“‌‌ ‌ဘော့စ် အခုဘာလုပ်မှာလဲ...”
ယခု အလွန်နောက်ကျနေပြီ ဖြစ်ပြီးလူသားများ၏ အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်က မလည်ပတ်တော့ပေ။
လက်မဲလေး ဘယ်ညာရစ်ပတ်တွားသွားနေလေသည်။
“ဘာဖြစ်လို့ ကျွန်တော်တို့ မနက်ဖြန်ကို မစောင့်ကြရမှာလဲ..."
ယဲ့ကျား လက်မဲလေးကို တစ်ချက်ကြည့်လိုက်ပြီး အဖြေပြန်မပေးချေ။
သူ အလိုအ‌လျောက်အရောင်းစက်ဆီသို့လျှောက်သွားလိုက်ပြီး သူ့အိတ်ကပ်ထဲမှအကြွေစေ့တစ်စေ့ကို ထုတ်လိုက်သည်။အကြွေစေ့ကို စက်အတွင်းသို့ ထည့်လိုက်ပြီးနောက် တချွင်ချွင်မြည်သံနှင့်အတူသကြားလုံးတစ်ထုပ် ပြုတ်ကျလာလေသည်။
ယဲ့ကျား သကြားလုံးထုပ်ကို သူ့လက်ထဲတွင် စက္ကန့်အနည်းငယ်ကြာ ကိုင်ထားပြီးနောက် တစ္ဆေစွမ်းအင် အရိပ်အယောင်တစ်ခုက အထုပ်ပတ်၀န်းကျင်တွင် ဖြည်းညှင်းစွာ စုဝေးလာလေသည်။
ထို့နောက် ချက်ချင်းဆိုသလို ခါးကိုကွေးညွတ်လိုက်ကာ ကလေးမ‌လေးလက်ထဲ သကြားလုံးထုပ် ထည့်ပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
“ဗိုက်ဆာ‌နေပြီလား...ဒါလေးတွေ စား ထားနော်...”
စွင်းကျားလဲ့ သူ့ကို မဝံ့မရဲ ကျေးဇူးတင်လိုက်သည်။
ယဲ့ကျား ကလေးမလေး၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။
“ခဏနေကျရင် အစ်ကိုကြီး သမီးမျက်လုံးတွေကို စည်းပေးမယ်နော်...အစ်ကိုကြီး လက်ကို ကိုင်ထားပြီး မလွှတ်နဲ့...သမီးအဲလို လုပ်‌ပေးနိုင်တယ်မလား...”
စွင်းကျားလဲ့ သကြားလုံးထုပ်ကို ကိုင်ကာခေါင်းငြိမ့်လိုက်သည်။
“ဟုတ်...သ...သမီး အဲလိုလုပ်ပေးနိုင်ပါတယ်...”
ယဲ့ကျား ပြုံးလိုက်ပြီး သူမ၏ခေါင်းကိုပွတ်သပ်လိုက်သည်။
“လိမ္မာလိုက်တဲ့ ကလေးလေး...”
ယဲ့ကျား သူ့လက်ကို ပြန်ရုတ်လိုက်ပြီးလက်‌ချောင်းထိပ်လေးများ ဖျတ်ခနဲတောက်ပသွားလေသည်။ ထို့နောက်သူ့အ၀တ်အစားများမှ အ၀တ်တစ်ပိုင်းကို ဆွဲဆုတ်လိုက်ကာ ထိုအ၀တ်ပိုင်းဖြင့်စွင်းကျားလဲ့၏မျက်လုံးများကို အုပ်ပေးလိုက်သည်။
သူ အကုန်ပြင်ဆင်ပြီးနောက် လက်မဲလေးဖြည်းညှင်းစွာ တွားသွားထွက်လာသည်။
“‌ဘော့စ် ကလေးမလေးရဲ့ အာရုံငါးပါးကို ပိတ်ဆို့နေတာလား ...ဘာလို့လဲ...”
သို့‌သော် နောက်တစ်ခဏတွင် လက်မဲလေးတစ်စုံတစ်ခုကို သဘောပေါက်သွားပြီးအံ့အားသင့်စွာ ပြောလိုက်သည်။
“ဒါက မဖြစ်နိုင်တာ...”
ယဲ့ကျား သူ့ကို ဖျတ်ခနဲ ငုံ့ကြည့်လိုက်သည်။
“မင်း အခုမှ သဘောပေါက်တာလား...”
လက်မဲလေး ပြောစရာစကား ကင်းမဲ့သွားလေသည်။
တစ္ဆေပိုင်နက်တွင် အချိန် သို့မဟုတ် နေရာကန့်သတ်ချက်များ မရှိပေ။ ဖြစ်ပျက်သမျှအရာအားလုံးကို ဖန်တီးသူက ထိန်းချုပ်ပြီး ဖန်တီးသူ ပိုသန်မာလေ ပိုင်နက်ကိုပိုချဲ့ထွင်နိုင်လေ ဖြစ်သည်။
ဒါပေမဲ့ လူသားတစ်ယောက်ဖြစ်တဲ့ ယဲ့ကျားက ပိုင်နက်ကို ဖန်တီးနိုင်ပြီး အဲလောက် ‌ချဲ့ထွင်နိုင်မယ်လို့ သူ ဘယ်လိုလုပ် ထင်ခဲ့မှာလဲ...
အဲလိုလုပ်နိုင်တဲ့ အကြောင်းရင်းက ဒီလူမကောင်းဆိုးဝါး ဖြစ်နေလို့ ဖြစ်မယ်...
ယဲ့ကျား လက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်များက ဓားသွားသဖွယ်ရိပ်ခနဲ ရိပ်ခနဲ တောက်ပနေကာ လက်ကိုအောက်သို့ ဖြည်းညှင်းစွာ ဆွဲချလိုက်လေသည်။
ထို့နောက် သူ့ရှေ့တွင် နေရာလပ်တစ်ခုပေါ်လာပြီး လေအေးများနှင့် စူးရှရှသွေးနံ့များက ထို‌နေရာလပ်မှ ချက်ချင်း ထွက်လာလေသည်။ ယဲ့ကျား ကလေးမလေးကို‌ဦးဆောင်ကာ နေရာလပ်အတွင်းသို့ ၀င်သွားလိုက်ပြီး သူတို့နှစ်ယောက်၏ ပုံရိပ်များ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
နေရာလပ်ပိတ်သွားပြီးနောက်ကော်ရစ်တာတစ်လျှောက် မည်သူမှ မရှိတော့ချေ။
.....
လက်မဲ‌လေး ယဲ့ကျား၏ ကော်လံကိုကြောက်လန့်တကြား ဆုပ်ကိုင်ထားပြီးပတ်၀န်းကျင်ကို ဂရုတစိုက် ကြည့်နေလေသည်။
အမှန်တကယ် တစ္ဆေပိုင်နက်သည် ဖန်တီးသူ၏ အတွင်းစိတ်ကမ္ဘာကို ပြသနေခြင်းဖြစ်သည်။
ရှင်းလင်းစွာပင် ယဲ့ကျားက တစ္ဆေပိုင်နက်အတွင်းမှ သူ၏အတွင်းစိတ်သဏ္ဍာန်ကိုထုတ်ဖော်မပြလိုသောကြောင့် မြင်နိုင်မည့် အရာများကို တမင်ကန့်သတ်ထားလေသည်။
မြင်နိုင်သမျှ အရာအားလုံးက အနီရောင်တောက်တောက်သာ ဖြစ်သည်။
ဘေးတစ်ဖက်တစ်ချက်ရှိ နံရံများပေါ်တွင် အနီရောင်များ အထပ်ထပ် စွန်းထင်းနေသည်မှာ လတ်ဆတ်သည့်သွေးများ အလွှာလိုက် အလွှာလိုက် စိမ့်ထွက်ကျဆင်းနေသည့်ပုံ ပေါ်လေသည်။
လက်မဲလေး တည်ငြိမ်လာပြီး ယဲ့ကျား‌ဆွဲခေါ်လာသည့် ကလေးမလေးကို ကြည့်လိုက်သည်။
ကလေးမလေး၏ မျက်လုံးများ အ၀တ်ဖြင့် စည်းနှောင်ခံထားရပြီး ပါးစပ်ထဲတွင် သကြားလုံးများနှင့် ပြည့်နေလေသည်။ သူ၏ အာရုံငါးပါးပိတ်ဆို့ခံထားရသဖြင့် သွေးပင်လယ်ကြီးကို လုံး၀သတိမပြုမိပေ။
လက်မဲလေး ကူရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဘော့စ်က ကလေးတွေအပေါ် အရမ်းကောင်းလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး...”
ဒါပေမဲ့ သူဖာသာ တိုးတိုးလေး ဆက်ရေရွတ်လိုက်တယ်....
“တခြားလူတွေအပေါ် ဆက်ဆံပုံနဲ့ နှိုင်းယှဉ်ရင် ဒါက မမျှမတ ဆက်ဆံမှုပဲ...”
ယဲ့ကျား၏ မျက်နှာအမူအရာ ပြောင်းလဲမသွားပေ။ သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါက လုပ်ဖို့ လိုအပ်တဲ့ဟာ လုပ်ရုံပဲ...”
ဒါကို သရဲတောင် မယုံနိုင်ဘူး...
လက်မဲလေး စိတ်ထဲ ရေရွတ်လိုက်လေသည်။
အာရုံငါးပါးကို ပိတ်ဆို့နိုင်တဲ့ နည်းလမ်း‌‌တွေ အများကြီးပဲ...အဲဒါကို မင်းကအဲနည်းလမ်းတွေထဲက အနူးညံ့ဆုံး နဲ့ အပင်ပန်းဆုံး နည်းလမ်းကို သုံးနေတာလေ...
သို့သော် လက်မဲလေး ထိုအတွေးများကိုထုတ်မပြောဝံ့ချေ။ သူ ယဲ့ကျား၏ ပခုံးပေါ်တွင် တိတ်ဆိတ်စွာ တိုးဝှေ့နေကာ ခရီးစဉ်အဆုံးကို စောင့်နေလေသည်။
ယဲ့ကျား သူ့လက်ကို ဆုပ်ကိုင်ထားသည့်ကလေးမလေးကို ငုံ့ကြည့်လိုက်ပြီးသူ့မျက်လုံးထဲတွင် ထူးခြားသည့် ခံစားချက် တစ်ခု ဖျတ်ခနဲ ပေါ်လာလေသည်။
တကယ်တော့ လူတွေ သူ့ကို အဲလိုပြောကြတာ ပထမဆုံး မဟုတ်ပါဘူး...
_____
ထိုအချိန်က သူက ကစားသမားသတ်မှတ်ချက်ဇယားတွင် ထိပ်ဆုံးနေရာကို ခြေကုပ်ရယူထားသည့်အေ့စ် မဟုတ်သေးချေ။
ထိုအချိန်က သူဂိမ်းအတွင်းသို့ ၀င်ရောက်ခါစသာ ရှိသေးသည်။ သူဂိမ်း၏ ရက်စက်မှုများ နှင့်သွေးထွက်သံယိုသဘာ၀များကို နားလည်ခဲ့သော်လည်း ဖြူစင်မှုများနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွင်း နေထိုင်ခဲ့စဉ်ရရှိခဲ့သော တရားမျှတမှုများကို လုံး၀မစွန့်လွှတ်ရသေးပေ။
၎င်းက တက္ကသိုလ် နယ်မြေတွင်းအုပ်စုပြိုင်ပွဲတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ကစားသမားများအားလုံး အနက်ရောင်အားကစားကွင်းအတွင်း ရပ်နေကြပြီးစက်မှ ထွက်ပေါ်‌နေသော အမျိုးသမီး၏ စည်းမျဉ်းစည်းကမ်းများ ဖြည်းညှင်းစွာ ဖတ်ပြနေသည့်အသံကို ထိတ်လန့်စွာ နားထောင်နေကြလေသည်။
စည်းမျဉ်းများက အလွန်ရိုးရှင်းပြီးစကားလုံး သုံးလုံးဖြင့် အကျဉ်းချုပ်နိုင်‌လေသည်။
တူတူပုန်းတမ်း(Hide And Seek)
..........
ယင်းက အပြင်လောက တူတူပုန်းတမ်း ကစားနည်းနှင့် မတူချေ။ ဂိမ်းအတွင်းမှရှာဖွေသူက သရဲအစစ်ဖြစ်ပြီး ဂိမ်းအတွင်းသရဲသတ်ခြင်း ခံရသည့် ကစားသမားများက ရက်စက်သည့် သရဲတစ္ဆေများ ဖြစ်လာကြကာ သူတို့၏ အဖော်ကစားသမားများကို လိုက်လံရှာ‌ဖွေရန် အမဲလိုက်အဖွဲ့ထဲသို့ ရောက်ရှိသွားလေသည်။
သူတို့ ဂိမ်းစတင်ရန် စောင့်ဆိုင်းနေစဉ် လူအုပ်အတွင်းမှ ကစားသမားတစ်ယောက်က ယဲ့ကျား၏ အာရုံများကိုဆွဲဆောင်နိုင်ခဲ့သည်။
ထိုက‌စားသမားက အသက်ဆယ့်သုံး ဆယ့်လေးသာ ရှိ‌ပုံပေါ်သည့် ကောင်လေးတစ်ယောက်ဖြစ်‌လေသည်။
ကောင်လေးက တခြား သူ့အသက်အရွယ်ကလေးများနှင့် နှိုင်းယှဉ်လျှင် အရပ်ပုပြီး အတော်ပိန်ပါးလေသည်။ သူက အမြဲလိုလိုခေါင်းကို ငုံ့ထားပြီး ကြည့်ရသည်မှာ လေးလံမှုန်မှိုင်းနေပြီး သာမာန်မျှသာဖြစ်သည်။
ထိုအချိန် ယဲ့ကျား၏ ယာယီအသင်း‌ဖော်က သူ့အကြည့်ကို သတိထားမိပြီး ထိုနေရာကို လှမ်းကြည့် လိုက်လေသည်။ ထို့နောက် ခေါင်းကိုခါရမ်းကာ လှောင်ပြောင်လိုက်သည်။
“ဟမ် ဒီတစ်ယောက်က ကလေးပဲ ရှိသေး တာပဲ...ဒီကလေးက ဂိမ်းမှာ လုံး၀ မရှင်သန်နိုင်ဘူးဆိုတာ သေချာတယ်...”
ဤဂိမ်းသည် ကိုးနာရီလောက်ကြာမြင့်မည်ဖြစ်ပြီး စည်းမျဉ်းများက အသက်ပို၍ရှည်‌လာလေလေ ပို၍ခက်ခဲလာလေလေ ဖြစ်စေရန် ပြုလုပ်ထားလေသည်။ကလေးတစ်ယောက်အတွက် ထိုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနှင့် ခံနိုင်ရည်ရှိရန်မဖြစ်နိုင်ပေ။
အခြားကစားသမားတစ်ယောက်က နှုတ်ခမ်းများ တွန့်လာပြီး အထင်သေးစွာ ပြောလိုက်သည်။
“ကောင်းပြီ...ငါ အဲကလေး နာရီ၀က် လောက် ရှင်မယ်လို့ လောင်းတယ်...”
ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။သူဘာမှ ၀င်မပြောချေ။ အကြည့်များကိုသာ ရုတ်လိုက်လေသည်။
သူ၏ယာယီအသင်းဖော်က သူ့ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
“ဒီဂိမ်းက အဲလိုပဲလေ...ရှင်သန်ဖို့ အသင့်တော်ဆုံး နည်းလမ်းကို မင်း မကြာခင် ကျင့်သုံးလာမှာပါ...”
မကြာမီ ဂိမ်းစတင်လာလေသည်။
အချိန်ကြာလာသည် နှင့်အမျှ အခက်အခဲများက ဆင့်ပွားတိုးတက်လာသည်မှာ အံ့ဩစရာ မရှိတော့ပေ။ အချိန်ကြာလာလေလေ အသက်ရူရ ခက်ခဲလာလေလေဖြစ်သည်။
လူခြောက်ယောက်အသင်းဖြစ်သော ယဲ့ကျား၏ အသင်းတွင် အသင်း၀င်သုံးယောက်ကျရှုံးသွားကာ ကျန်ရှိနေသေးသည့်အသင်း၀င် သုံးယောက်သည်လည်း သူတို့၏ အသက်များအကြိမ်ကြိမ် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည့်အတွက် ပင်ပန်းနွမ်းနယ်နေလေသည်။
ကျောင်းကော်ရစ်တာများက မှုန်မှိုင်းမည်း‌မှောင်နေကာ ကော်ရစ်တာအပေါ်မှမီးသီးများ တကျစ်ကျစ် မြည်နေလေပြီးတစ္ဆေစွမ်းအင်များ တိုက်စားထားမှုကြောင့် ဆွေးမြေ့ယိုယွင်းနေသော ဘေးနံရံများကို သာမာန်မျက်စိဖြင့်ပင် မြင်နိုင်လေသည်။ သုသာန်တစပြင်ပမာ တိတ်ဆိတ်နေသည့် ကော်ရစ်တာက လူတိုင်းကို ကျောချမ်းစေလေသည်။
ကော်ရစ်တာအဆုံး အမှောင်ထုထဲတွင်ထူထဲနက်မှောင်နေသော ဆံနွယ်များကနံရံ၊ကြမ်းပြင်နှင့် မျက်နှာကျက်များတစ်လျှောက် မြွေများသဖွယ် လျှောတိုက်တွန့်လိမ်နေပြီး ရှေ့မှ ကမန်းကတန်း ပြေးလွှားနေသော သူတို့သုံးယောက်ကိုလိုက်ရှာနေလေသည်။
ယခုအချိန်တွင် သူတို့၏ထောက်ကူပစ္စည်း များအားလုံးကိုအသုံးပြုခဲ့ပြီးဖြစ်သောကြောင့်ပြေးရုံသာ တတ်နိုင်တော့လေသည်။
ထိုအချိန်တွင် ယဲ့ကျား ဘေးဖက်ရှိ လှေကားပေါ်တွင် ရပ်နေသော ပိန်ပါးသည့်ပုံရိပ်တစ်ခုကို တွေ့လိုက်လေသည်။
ကောင်လေး၏ မျက်နှာက အလွန်ဖြူဖျော့နေ‌သောကြောင့် မှောင်မည်းနေသော ကော်ရစ်တာတွင် အလွန်ထိတ်လန့်စရာမြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ သူ ခေါင်းမော့လာပြီး သူတို့သုံးယောက်ကို မဟူရာမျက်လုံးတစ်စုံနှင့် ကြည့်လာလေသည်။
သူတို့၏ နောက်မှ ရက်စက်သည့် သရဲက တဖြည်းဖြည်း နီးကပ်လာသော်လည်း ကောင်လေးက ထွက်ပြေးရန် ရည်ရွယ်ထားပုံ မပေါ်ပေ။ ကောင်လေးက ထိတ်လန့်ပြီး ကြောင်အနေသည့်ပုံ ပေါ်နေကာ ထိုနေရာတွင် မလှုပ်မရပ် ရပ်နေပြီးသူ့နား နီးကပ်လာသည့် အန္တရာယ်ကိုကြည့်နေလေသည်။
ယဲ့ကျား အံကြိတ်လိုက်ကာ သည်းမခံနိုင်‌တော့ပုံ ပေါ်လာလေသည်။ သူလက်မြှောက်လိုက်ပြီး ကောင်လေး၏ ပိန်ပါးသော လက်မောင်းကို ဆွဲယူလိုက်သည်။
“မင်း ဘာလုပ်နေတာလဲ...‌‌ ပြေးလေ...”
ကောင်လေးက သူထိုသို့လုပ်လာမည်ကိုမျှော်လင့်ထားပုံမ‌ပေါ်ပေ။ သူ ခေါင်းကိုတွေဝေမှင်သက်စွာ မော့ထားမိပြီး တစ်ဖက်လူ ဆွဲ‌နေသည်ကို ခံနေရလေသည်။
သူတို့ လျင်မြန်စွာပြေးလွှားနေကြကာထောင့်များစွာကို ချိုးပြီးနောက် အသက်ထွက်လုနီးပါး အခြေအနေတွင် ဘေးကင်းဇုန်ကို တွေ့လိုက်ရလေသည်။
နက်မှောင်နေသော ဆံနွယ်များက ဝိုင်းအုံလာသော်လည်း ယင်းတို့ကို တံခါးက ပိတ်ဆို့ထားလေသည်။
စာသင်ခန်းအတွင်းတွင် ပြင်းထန်သောအသက်ရှုသံများသာ ကြားနေရလေသည်။
ဘေးကင်းဇုန်က ဆယ်မိနစ်သာ ခံလေသည်။ထိုအချိန်က မကြာမြင့်သော်လည်းသူတို့ကို အနည်းဆုံး အနားယူရန် အခွင့်အရေး ပေးထားခြင်းဖြစ်သည်။
ယဲ့ကျား ဒူးကွေးညွတ်ကာ အသက်ရူနေရစဉ် သူ၏ အသင်းဖော်က သူ့ကို တည့်တည့်ကြည့်ကာ ထေ့ငေါ့ပြက်ရယ်ပြုလာလေသည်။
“ငါ မင်းဒီလို လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး...ဘာလဲ...မင်းရဲ့နှလုံးသားက နူးညံ့လာတာလား...”
သူ လှောင်ရယ်လိုက်သည်။
“ဒီ‌ကောင်လေးကို ကယ်လို့ ဘာအကျိုးရှိမှာလဲ...နောက်ထပ် ၀န်ထုပ်၀န်ပိုးတစ်ခုရှိလာရုံပဲ ရှိတယ်...မင်း ဂိမ်းစည်းမျဉ်းတွေကို နားမလည်ဘူးလား...စာနာတတ်တာနဲ့ ကြင်နာတတ်တာက ဒီနေရာမှာ အသုံးမ၀င်ဘူး...”
ယဲ့ကျား ဘာမှ ပြန်မဖြေပေ။
သူ မျက်လုံးများကို အောက်သို့ စိုက်လိုက်ပြီး သူ ဘေးကင်းဇုန်သို့ ဆွဲခေါ်လာသော ကောင်လေးကို ကြည့်လိုက်ကာ လေးနက်စွာ ပြောလိုက်လေသည်။
“‌ နောက်တစ်ခါ အန္တရာယ်ကြုံရင် ပြေးဖို့သတိရပါ...”
ကောင်လေး ခေါင်းမော့လိုက်ပြီး သူ၏မဟူရာမျက်လုံးများဖြင့် ယဲ့ကျားကိုနက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနာခံစွာ ခေါင်းငြိမ့်လိုက်လေသည်။
"ငါ မင်းကို နောက်တစ်ခါ ထပ်ကယ်ပေးမှာ မဟုတ်ဘူးနော်...”
ယဲ့ကျား ကောင်လေး၏ မျက်ခုံးကြားကိုလက်ညှိုးဖြင့် ထိုးလိုက်ပြီး ထိုစကားလုံးများကို အေးစက်စက် ပြောလိုက်လေသည်။ထို့နောက် သူ လှည့်ထွက်လာပြီး ဘေးကင်းဇုန်၏တံခါးဆီသို့ လျှောက်သွားကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်လေသည်။
(ဒီနေရာမှာ စာသင်ခန်းထုံးစံအတိုင်း တံခါးနဲ့ပြတင်းပေါက် ကပ်လျက်နော်)
“ဟုတ်ကဲ့...”
ကောင်လေး၏ အသံက ထူးထူးဆန်းဆန်းကွဲအက်နေလေသည်။ သူ သူ့ကို ကျောပေးထားသော လူကို စိုက်ကြည့်နေကာသူ၏ နက်ရှိုင်းမည်းမှောင်သော မျက်၀န်းထဲတွင် အနည်းငယ် ရှက်ရွံ့နေသောအရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာလေသည်။
“‌ ကျေးဇူးတင်ပါတယ် ကောကော..."
____________
တစ္ဆေပိုင်နက်အတွင်း...
အရှေ့မှ လက်ကိုပင် ပြန်မမြင်နိုင်သည့် အမှောင်ထုအတွင်းရှိ လေအေးများကလူတစ်ယောက်၏ အသက်ရှုသံကိုပင် အေးခဲစေနိုင်ပြီး သရဲများ၊ဝိညာဉ်များ၏တီးတိုး‌ပြောဆိုနေသံများနှင့် ပြည့်နှက်နေလေသည်။
ရုတ်တရက် မှင်နက်‌ရေကန် အတွင်းသို့ ကျဆင်းသွားသည့် သွေးတစ်စက်သဖွယ်အမှောင်ထုထဲတွင် နီရဲနေသော တစ်စုံတစ်ရာက အမှောင်ထုတစ်‌လျှောက် လျင်မြန်စွာ ပျံ့နှံ့လာပြီး အမှောင်ထုအားလုံးကို ဝါးမျိုလိုက်လေသည်။
သွေးများစွန်းထင်းနေသည့် အလယ်ဗဟိုတွင် အရပ်ရှည်သော အမျိုးသားတစ်ယောက်၏ ပုံရိပ် ဖြည်းညှင်းစွာပေါ်လာလေသည်။
ပြင်းထန်ပြီး ဖိနှိပ်နိုင်သည့် အင်အားတစ်ခုက တစ္ဆေပိုင်နက်၏ နေရာတိုင်းကို အတင်းအဓမ္မ သိမ်းပိုက်ထားလေသည်။
"ကင်း...”
အရိပ်တစ်ခု ဖြည်းညှင်းစွာ အကောင်အထည်ပေါ်လာပြီး ထိုအရိပ်ကအမှောင်ထုအတွင်း ကျိုးနွံစွာ ဦးညွတ်ဂါ၀ရ ပြုလိုက်ပြီး သူ့အသံက အမှောင်ထုအတွင်း ပဲ့တင်ထပ်လာလေသည်။
“သခင် စုံစမ်းခိုင်းထားတဲ့ ကိစ္စ ရလဒ်အချို့ ရလာပါတယ်...ကျွန်တော် ဘီအဆင့် သရဲ မပျောက်သွားခင် သူ့ပါးစပ်ကတစ်ဆင့် သူ့တည်နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်...”
ထိုအမျိုးသားက တည်ငြိမ်စွာ နားထောင်နေလေသည်။ သူ၏နီမြန်းနေသောမျက်လုံးများက အနည်းငယ်မှေးစင်း‌နေပြီး အစီရင်ခံနေသူကဲ့သို့ စိတ်လှုပ်ရှားမှုကို မပြသခဲ့ချေ။
“M မြို့လား...”
အရိပ်က ပြောလိုက်သည်။
“ကျွန်‌တော် အကြောင်းရင်းကို မသိသေးပေမဲ့ Mမြို့က အနာဂတ်တိုက်ခိုက်မှုတွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ထင်နေတယ်…”
အရိပ် စကား ပြော၍မပြီးခင်တွင်ပင် ဖြတ်ပြောခံလိုက်ရလေသည်။
“မင်း သူ့ကို ရှာတွေ့ပြီလား...”
သူ၏ အသံက အေးစက် တည်ငြိမ်နေပြီးထူးခြားမှု ‌ရေရေရာရာ မရှိချေ။ ယင်းကလှိုင်းပမာ ‌လှုပ်ခတ်မှုများကို သယ်ဆောင်မပေးလာချေ။
“အဲဒါက…”
အရိပ် တစ်ခဏလောက် အေးခဲသွားပြီးသူ့ခန္ဓာကိုယ်က တုန်ရီ‌နေပုံ ပေါ်လာလေသည်။
“ဒီ‌အ‌ကြောင်းနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို ဘယ်သရဲမှ အစီရင်မခံကြသေးပါဘူး...”
“ဆု‌ကြေး နှစ်ဆတိုးထုတ်လိုက်...”
ထိုအမျိုးသားက သူ့အကြည့်များကို သာမာန်ကာလျှံကာ ပြန်ရုတ်လိုက်သည်။ သူ စကားသုံးခွန်း ပြောပြီး‌နောက် သူ့နောက်မှ သွေးပင်လယ်ဆီသို့ လှည့်ထွက်သွားလေသည်။
“ဟုတ်...ဟုတ်ကဲ့...”
အရိပ် အချိန်ခဏလောက် အံ့ဩမှင်သက်သွားပြီး အလောတကြီး မေးလိုက်‌လေသည်။
“ဒါနဲ့ Mမြို့ရဲ့ အခြေအနေတွေကိုစစ်ဆေးဖို့ ဘယ်သူ့ကို လွှတ်ရမှာလဲမ‌သိဘူး...သခင်ဆီမှ အမိန့်ပေးချင်တဲ့ သရဲများ ရှိသလားခင်ဗျာ...”
သို့သော် ပြော၍မပြီးခင်တွင်ပင် အရပ်ရှည်သောအမျိုးသား၏ ပုံရိပ်ပျောက်ကွယ်သွားလေသည်။
သတိပေးခြင်းမရှိ ပေါ်လာပြီး အကြောင်း ကြားခြင်းမရှိ ပြန်ပျောက်ကွယ်သွားသည်။
အရိပ်: “……….”
သူ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဒေါသမထွက်ရဲပါဘူး.... ကံတရားကို လက်ခံလိုက်ရုံသာ တတ်နိုင်ပါတယ်...
........
တစ္ဆေပိုင်နက်အတွင်း အချိန်နှင့် နေရာက လက်တွေ့ကမ္ဘာကြီး၏ အလုပ်လုပ်ပုံနှင့် မတူ ညီပေ။ မကြာမီပင် သူတို့ အရှေ့မှလမ်း ဆုံးသွားလေသည်။
ယဲ့ကျား သူ၏ အတိတ်အား ပြန်စဥ်းစားနေသည်ကို ရပ်လိုက်သည်။
သူ ‌လက်မြှောက်လိုက်ပြီး သူ၏ ဖြူဖျော့နေသော လက်ချောင်းများကို အောက်သို့ဆွဲချလိုက်လေသည်။ ထိုအခါ သူ့ရှေ့တွင်နေရာလပ်တစ်ခု ပွင့်လာပြီး ပိုးသတ်ဆေးနံ့များ သယ်ဆောင်လာသည့် ‌လေအေးများ သူတို့ဆီ ချက်ချင်း တိုး၀င်လာလေသည်။
Xxxxx