အပိုင်း ၈
Viewers 10k

Chapter 8
သူ့နောက်မှ သွေးနီရောင် နေရာတစ်ခုကအရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားပြီး ဖြူဖျော့ ခိုင်ခံ့သည့် နံရံတစ်ခုသာ ကျန်တော့‌လေသည်။ ‌သွေးနီရောင်နေရာလပ်တစ်ခု မည်သည့်အခါမှ မရှိခဲ့သလိုပင် ဖြစ်သည်။
ယဲ့ကျား ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်‌သည်။
သူ့ရှေ့မှ ကော်ရစ်တာက ဗလာဖြစ်နေပြီးစားပွဲပေါ်တွင် ထိုင်နေသည့် တာ၀န်ကျသူနာပြုလည်း မရှိချေ။ မီးရောင်များက မှုန်ဝါးနေပြီး အပြင်ဘက်မှ အမှောင်ထုကြီးနှင့် ယှဉ်ကြည့်လျှင် အလွန်အားနည်းနေပုံ ပေါ်လေသည်။ အေးစက်နေသောလေအေးများအလယ်တွင် အသက်စွမ်းအင်၏ အရိပ်အယောင်ကို ရှာ မတွေ့ပေ။
ပိုးသတ်ဆေးနံ့က လျစ်လျူရှုရန်ခက်ခဲသော အပုပ်နံ့နှင့် ရောနှောနေလေသည်။
တစ်ခုခုတော့ လွဲနေပြီ...
လူအများ မကြာခဏသေဆုံးနေသည့်ဆေးရုံဖြစ်သောကြောင့် ဤနေရာတွင် ယင်စွမ်းအင်က အလွန်ပြင်းထန်လေသည်။
ထိုကဲ့သို့ ပြင်းထန်သော ယင်စွမ်းအင်ကသာမန် အရပ်သား တစ်ယောက်ကိုရက်စက်‌သော သရဲတစ်ကောင်ဖြစ်စေရန် လုံလောက်လေသည်။
ယဲ့ကျား သူ့မျက်ခုံးကို တွန့်လိုက်သောအခါ သူ့မျက်ခုံးကြားတွင် အရေးကြောင်းတစ်ခု ပေါ်လာပြီးသူ၏ တောက်ပနေသော မျက်လုံးများထဲတွင် ထူးခြားသော အရောင်တစ်ခု ဖျတ်ခနဲ ပေါ်လာလေသည်။
ထိုအချိန်တွင် လက်မဲလေး ယဲ့ကျား၏‌ ကော်လံအောက်မှ တွားသွားထွက်လာပြီး သူ၏ သေးငယ်သော လက်ချောင်းမျာကို အချင်းချင်း ရစ်ပတ်လိုက်ကာယဲ့ကျား၏ နား နားကပ်ပြီး သံသယရှိစွာ တီးတိုးပြောလိုက်လေသည်။
“ဒီနေရာက အရမ်းထူးဆန်းတယ်...”
ယဲ့ကျား သူနှင့်အနီးဆုံး တံခါးဆီသို့လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်လေသည်။
ထိုအခါ မမျှော်လင့်ထားသည်များဖြစ်ပေါ်လာလေသည်။ အခန်းထဲတွင် လူများအုံနေသည်။
အခန်းတစ်ခုလုံး လူများနှင့် ပြည့်နှက်နေသည်။
အမျိုးသား၊အမျိုးသမီး၊လူငယ်၊လူအိုကြီး စသည့် လူများဖြင့် ပြည့်နှက်နေလေသည်။ သူတို့ထဲမှ အချို့က ရပ်နေကြပြီး အချို့က ထိုင်နေကြကာ အချို့ကလှဲလျောင်းနေလေသည်။ ထူးဆန်းသည်မှာ သူတို့အားလုံးက လူနာ၀တ်စုံများ‌ ၀တ်ထားခြင်း ဖြစ်သည်။
တံခါး ပွင့်လာချိန်တွင် သူတို့အားလုံးယဲ့ကျားကို ကြည့်လိုက်ကြသည်။
“‌ ဟေ့...”
ခေါင်းပြတ်နေသည့် လူအိုကြီးက ဒေါသတကြီး အော်လိုက်သည်။
“မင်းဒါကို ဘယ်လိုရိုက်ရမလဲ သိလား...”
ယဲ့ကျား : “………”
“တစ်ဆိတ်‌‌လောက်ပါ...”
သူ တံခါးကို ပြန်ပိတ်လိုက်သည်။
ကော်ရစ်တာပေါ်သို့ ပြန်ရောက်လာသောအခါလက်မဲလေး ထိတ်လန့်တကြား ပြောလာလေသည်။
“ကျွန်‌တော်အ‌မေ ဒုတိယဦးလေးရဲ့ ယောက္ခထီးပဲ...ဘာလို့ သူတို့အားလုံး သရဲတွေ ဖြစ်နေကြတာလဲ...”
ယဲ့ကျား လက်မဲလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြောစရာစကား ကင်းမဲ့သွားလေသည်။
သရဲတစ်‌ကောင်အနေနဲ့ မင်းဒီလို ပြောရဲတာ မရှက်ဘူးလား..
ထိုအချိန်တွင် သူတို့ရှေ့တည့်တည့် ကော်ရစ်တာ အဆုံးမှ တရွတ်တိုက်သွားနေသည့် ခြေသံများ ထွက်လာလေသည်။
မှုန်ဝါးပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးရောင်အောက်တွင် ခွဲစိတ်ခန်း၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ခြေထောက်‌ ထော့နဲ့ထော့နဲ့နှင့် လျှောက်လာလေသည်။ သွေးများက သူ့အ၀တ်အစားများပေါ်မှတစ်ဆင့် အောက်သို့ တစ်စက်စက် ကျနေသောကြောင့် ကြမ်းပြင်ပေါ်တွင် သွေးစီးကြောင်းရာ ပေါ်လာလေသည်။ သွေးများ သူ့အပေါ်တွင် စွန်းထင်းနေသည်က အင်မတန် ကြောက်စရာကောင်းသောမြင်ကွင်းဖြစ်လေသည်။
သူ့လက်ထဲတွင် လူပုံ မပေါ်သေးသည့်အနက်ရောင် ပုံသဏ္ဍာန်တစ်ခုကို ကိုင်ထားပြီး ယင်းက သူ လမ်းလျှောက်နေရင်းပင်ပုံသဏ္ဍာန်ပြောင်းသွားလေသည်။
သူ့နောက်တွင် ရှည်လျားလှသော အရိပ်များ လိုက်ပါနေလေသည်။ အသက်ကြီးမှ သေဆုံးခြင်း၊ ရောဂါကြောင့် သေဆုံးခြင်း၊ မတော် တဆကြောင့် သေဆုံးခြင်းစသည့် သေဆုံးခြင်းများစွာနှင့် လူအုပ်ကြီးက အင်မတန် သက်၀င်လှုပ်ရှားနေပေသည်။
“အို...”
လက်မဲလေးစိတ်အားထက်သန်စွာဖြင့်ယဲ့ကျားကို ကြည့်လိုက်သည်။
“ကျွန်‌တော်ရော အဲ့ထဲ ၀င်ပါလို့ရလား...”
“ဘာလဲ...မင်း ပျင်းနေ‌လို့လား...”
ယဲ့ကျား စိတ်မပါစွာ ပြောလိုက်သည်။
“အို...ငါ ‌ဒီဆေးရုံနဲ့ နှစ်ဘလောက် လောက် ဝေးတဲ့နေရာမှာ နို့လက်ဖက်ရည်ဆိုင် ရှိတယ်လို့ ကြားတယ်...သူတို့ရဲ့ လက်ဖက်စိမ်း ဘာ ဘယ်လ် လက်ဖက်ရည်က ကောင်းတယ်ဆိုပဲ...”
လက်မဲလေး : “………”
သားရဲကြီး...
လက်မဲလေး ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး...မဟုတ်ဘူး...ကျွန်တော် အခု အရမ်း အလုပ်များနေတာ...”
ယဲ့ကျား သူ့ရှေ့မှ သရဲများကို စိုက်ကြည့်‌နေပြီး မျက်လုံးများ မှေးစင်းကာ စဉ်းစားနေလေသည်။
သူ ရုတ်တရက် လက်‌မြှောက်လိုက်ပြီးသူ့ပခုံးပေါ်မှ လက်မဲလေးကို ဆွဲယူလိုက်ကာ မျက်ခုံးများ တွန့်လာပြီး မေးလိုက်သည်။
“ဒါနဲ့ မင်းပြောတာ ဒီနေရာက ထူးဆန်း နေတယ်ဆို...ဘယ်လို ထူးဆန်းနေတာလဲ...”
လက်မဲလေး အကြိမ်အနည်းငယ်လောက် တုန်ရီသွားပြီး ပြန်‌ဖြေလိုက်သည်။
“ဒီ‌နေရာမှာ ယင်စွမ်းအင်တွေ ရှိတယ်...ဒါက အရမ်းပြင်းထန်နေပေမဲ့ အရမ်းလည်း လတ်ဆတ်နေတယ်...ဒီနေရာမှာစုရုံးနေတာ မကြာသေးဘူး...ဒီလောက်များတဲ့ ယင်စွမ်းအင်‌တွေက အချိန်တိုလေးအတွင်း စုရုံး‌နေတာလေ...မထူးဆန်းဘူးလား...”
လက်မဲလေးက မသန်မာသော်လည်း သူကသရဲတစ်ကောင် ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် လူသားများထက်စာလျှင် ယင်စွမ်းအင်ကို ပို၍ ခံစားနိုင်လေသည်။
ထိုစကားကို ကြားလိုက်သောအခါယဲ့ကျား အနည်းငယ်ထိတ်လန့်သွားမိသည်။ ထို့နောက် ရုတ်တရက် တစ်ခုခုကို ပြန်တွေးလိုက်မိပြီး ခေါင်းငုံ့ကာ သူ့ဘေးမှ ကလေးမလေးကို ကြည့်လိုက်လေသည်။
ကလေးမလေးက သူ့လက်ကို နာခံစွာဆုပ်ကိုင်ထားပြီး ခေါင်းကို အနည်းငယ်ငုံ့ထားလေသည်။ သူ၏ ဖြူဖျော့သော မျက်နှာသေးသေးလေးက ကော်ရစ်တာမီးရောင်အောက်တွင် အနည်းငယ်ကြည်လင် တောက်ပနေလေသည်။သူ့မျက်လုံးများကို စည်းနှောင်ထားသောအ၀တ်စကို မဖယ်ရှားရသေးသောကြောင့်သူ့ပတ်၀န်းကျင်မှ အရာအားလုံးကို လုံး၀သတိမပြုမိပေ။
ယဲ့ကျား၏ မျက်ခုံးများ တွန့်လာပြီးယင်စွမ်းအင် အပြင်းထန်ဆုံးနေရာသို့လျှောက်သွားလိုက်သည်။
သူ နီးကပ်လာသည်နှင့်အမျှ မီးရောင်များက ပို၍ပို၍ မှိန်မှိန်လာပြီးလုံး၀ပိတ်သွား‌တော့မည့် သကဲ့သို့ ဖြစ်နေလေသည်။
သရဲများ ပိုမိုများပြားလာသော်လည်းအများစုက အန္တရာယ် မပေးနိုင်သောဝိညာဉ်များသာ ဖြစ်သည်။ အကယ်၍၎င်းတို့၌ စိတ်ဆိုးစိတ်ယုတ်များ ကျန်ရှိသေးမည်ဆိုလျှင်လည်း ယင်းတို့က လက်တွေ့ကမ္ဘာကို မသက်ရောက်‌ နိုင်ပေ။
အချို့က အချိန်ကြာလာသည်နှင့်အမျှပျောက်ကွယ်သွားကြပြီး မြူမှုန်များအဖြစ် ပြောင်းသွားကြလေသည်။ သူတို့ကျန်ရစ်ခဲ့သမျှက အဖြူရောင်စီးကြောင်း များသာ ဖြစ်သော်လည်း ယင်းတို့က အလိုအ‌လျောက်နေရာတစ်ခု ဆီသို့ တဖြည်းဖြည်း လွင့်မျောနေကြ ပေသည်။
သူတို့ ပိုသွားလေလေ ထိုနေရာမှ သရဲများပိုများလာလေ ဖြစ်သည်။ လေထုက အလွှာလိုက်အလွှာလိုက် သိပ်သည်းလာသည်ကားဆန်ပြုတ်သဖွယ်ထူထဲသိပ်သည်း နေလေသည်။
ယဲ့ကျား ဆက်သွားနေဆဲဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ကို မမြင်နိုင်သော အလွှာတစ်ခုနှင့် လွှမ်းခြုံထားပြီး သူ့ခွန်အားကို မသုံးသော်လည်း သူ၏ တည်ရှိမှုကြောင့် သူ့ပတ်၀န်းကျင်မှ သရဲများကအလိုအလျောက် ဖယ်ရှားသွားကြလေသည်။
မှောင်မည်းနေသော ကော်ရစ်တာတွင်အရပ်ရှည်ပြီး ဖြောင့်မတ်သည့် လူငယ်တစ်ယောက်က ဓားသွားကဲ့သို့ စူးရှသော မျက်လုံးများနှင့် သူ့ရှေ့မှ ထူထပ်နေသော သရဲအုပ်ကြီးကို ဖြတ်ကျော်သွားလေသည်။
ဝိညာဉ်များနှင့် ပြည့်နှက်နေသော ကော်ရစ်တာတွင် ပင်လယ်ပြင်ကို ခွဲခြမ်းလိုက်သကဲ့သို့ ရှင်းလင်းသောလမ်းကြောင်းတစ်ခု ပေါ်လာကာ သူလျှောက်ပြီးသွားသည့် နေရာမှ လမ်းကြောင်းက လျင်မြန်စွာ ပိတ်သွားလေသည်။ ထို့ကြောင့်ပင် သရဲများကသူတို့ရှေ့မှ လူကို မသိစိတ်မှ ကြောက်ရွံနေခြင်းဖြစ်သည်။
မကြာမီပင် ယဲ့ကျား ယင်စွမ်းအင် အပြင်းထန်ဆုံး နေရာသို့ ရောက်လာလေသည်။
ထိုနေရာကို မမြင်ရစေရန် တံခါးက လျှို့ဝှက်ကာကွယ်ပေးထား‌လေသည်။
ပတ်၀န်းကျင်မှ လေထုက ဝိုးတိုးဝါးတားနှင့် ထူထပ်သိပ်သည်း‌နေပြီး ‌အကွာအဝေးတစ်ခုမှ မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ‌လေသည်။ ယဲ့ကျား တံခါးဆီသို့ရောက်သည်နှင့် အေးစက်စက် အအေးဓာတ်က အရေပြားအတွင်းထိ စိမ့်၀င် လာပြီး သူက အခြားမတူ ညီသော လောကတစ်ခုသို့ ရောက်ရှိသွားပုံ ပေါ်နေလေသည်။
ယဲ့ကျား တံခါး‌ ရှေ့သို့ ရောက်သည်နှင့်တံခါးကို ဖွင့်လိုက်လေသည်။
တံခါးအတွင်းရှိ လေထုသည် မှုန်ဝါး ပိတ်မှောင်‌နေပြီး မနှစ်မြို့ဖွယ် ချဉ်စူးစူးအနံ့များ လေထုထဲတွင် စိမ့်၀င်ပျံ့နှံ့နေလေသည်။
အလင်းရောင်ဖျော့ဖျော့အောက်တွင် အခန်းအလယ်ရှိ ကုတင်ပေါ်၌ ငြိမ်သက်စွာ လှဲလျောင်းနေသော ကလေးမလေးတစ်ဦးကို တွေ့လိုက်ရလေသည်။
ထိုကလေးမလေးက စွင်းကျားလဲ့ဖြစ်‌လေသည်။
ယဲ့ကျား သူ့နားသို့ ဖြည်းညှင်းစွာချဉ်းကပ်လာပြီး ကုတင်ဘေးတွင်ရပ်လိုက်သည်။ ထို့နောက် သူ ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသော စွင်းကျားလဲ့ကို ငုံ့ကြည့်လိုက်လေသည်။
သူ့အမူအရာက တည်ငြိမ်အေးချမ်းနေပြီးအိပ်ပျော်နေသကဲ့သို့ပင် ဖြစ်သည်။
ယဲ့ကျား၏ မျက်ခုံးများ ပို၍တွန့်လာလာသည်။
သူ့အကြည့်များက ကုတင်‌ခြေရင်းဆီသို့ ရောက်သွားပြီး စွင်းကျားလဲ့ ခြုံထားသော စောင်ကို ဆွဲလှန်လိုက်လေသည်။
ကလေးမလေးက မလှုပ်မရပ် အိပ်ပျော်နေဆဲဖြစ်သည်။ သူ အချိန်အကြာကြီးအိပ်ပျော်နေခဲ့သောကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှ ၀တ်စုံက ကြေမွနေပြီး သူ၏လျော့ရဲနေသော ဘောင်းဘီအဆုံးရှိ ပိန်ပါးသော ခြေချင်း၀တ်တွင် မည်သူမဆိုမြင်နိုင်သော ညိုမဲဒဏ်ရာအချို့ ရှိနေလေသည်။
ယဲ့ကျား အောက်သို့ကိုင်းလိုက်ပြီး စွင်းကျားလဲ့၏ ဘောင်းဘီကို လှိမ့်လိုက်သည်။
ထိုအခါ ကလေးမလေး၏ ဘယ်ဘက်ခြေထောက်၌ အကျည်းတန်‌သောညိုမဲလက်ရာတစ်ခု ရှိနေလေသည်။ထိုလက်ရာက ခြေထောက်ပေါ်တွင်တင်းကြပ်စွာ ရှိနေပြီး သူ့အရေပြားပေါ်မှညိုမဲကွက်က အရေပြားအတွင်းသို့အနည်းငယ်ချိုင့်၀င်နေကာ ဖြူဖျော့ဖျော့အသားအရေနှင့် ညိုမဲကွက်ကြား ကွာခြားမှုက သိသာလွန်းသောကြောင့် အလွန် ကြောက်စရာကောင်းနေလေသည်။
သေချာပါတယ်...
သူရဲ့ မှန်းဆချက်များကို အခုအတည်ပြုပြီးပြီ...
ယဲ့ကျား ပြုံးလိုက်သည်။ သူ စွင်းကျားလဲ့ကို စောင်ပြန်ခြုံပေးလိုက်ကာ ‌စောင်အောက်ကို သေချာ ထည့်ပေးလိုက်လေသည်။
လက်မဲလေး ယဲ့ကျားပခုံးပေါ်မှ ချောင်းကြည့်လိုက်သည်။
“အဲဒါဘာလဲ...‌ဘော့စ် ဘာတွေ့တာလဲ..."
“ကပ်ပါး‌ကောင်ပဲ...”
ယဲ့ကျား သူ့နှာရိုးကို လက်‌ချောင်းများဖြင့်ညှပ်လိုက်လေသည်။
တိတိကျကျပြောရလျှင် ကပ်ပါးကောင်က ရက်စက်သော သရဲ မဟုတ်ချေ။
ယင်းကလက်တွေ့ကမ္ဘာ‌တွင်မတည်ရှိချေ။ဂိမ်းမှ အထူးထုတ်လုပ်ထားသောအရာတစ်ခု ဖြစ်လေသည်။ ထိုသရဲများက ပုံမှန်အားဖြင့် တစ္ဆေစွမ်းအင်များ စုစည်းနေသည့် မှောင်မိုက်သောနေရာများတွင် ပုန်း‌အောင်းနေလေ့ရှိပြီး ရွံ့တောများကြား ပုန်းအောင်းနေသော မျှော့များသဖွယ် အားနည်းသူများကို တိုက်ခိုက်ရန်အခွင့်အရေးကို စောင့်နေကြသူများဖြစ်သည်။ ၎င်းတို့ အမှတ်အသားလုပ်ခြင်းခံရသော ကစားသမားများက တဖြည်းဖြည်း အားနည်းလာကြမည်ဖြစ်ပြီးတစ်ချိန်တည်းမှာပင် ကပ်ပါးကောင်၏ အမှတ်အသားကို သယ်ဆောင်ထားသော ကစားသမားက အခြားမကောင်းဆိုး၀ါးဝိညာဉ်များကိုလည်း ဆွဲဆောင်နိုင်လေသည်။ သူတို့ ပင်ပန်းနွမ်းနယ်လာပြီး အကြောက်တရားနှင့် နာကျင်မှုများလွှမ်းမိုးလာလျှင် ကပ်ပါးကောင်က သူတို့ကို လုံး၀ဝါးမျိုနိုင်ပြီ ဖြစ်လေသည်။
တိုတိုပြောရလျှင် ကပ်ပါးကောင်များကပုန်းအောင်းနေထိုင်ပြီး အားနည်းသူများကို အနိုင်ကျင့်သည့် ရွံ့စရာ သတ္တဝါများဖြစ်သည်။
ကပ်ပါးကောင်တစ်ကောင်၏ ခွန်အားက မမြင့်မားသော်လည်း တစ်ခါတစ်ရံတွင် အဆင့်မြင့်ပြီး ရက်စက်သောသရဲများထက် ကိုင်တွယ်ရ ပိုခက်လေသည်။
ယဲ့ကျား သူ လူသစ်ဘ၀က ဤကပ်ပါးကောင်များနှင့် ပတ်သက်ခဲ့သည့် သူ၏အတွေ့အကြုံကို ပြန်သတိမရချင်ပေ။
သူ ယင်းကို အတွေးနှင့်ပင် သည်းမခံနိုင်ချေ။
ဒါပေမဲ့ စွင်းကျားလဲ့ ကပ်ပါးကောင်ရဲ့အမှတ်အသားပြုခံရပြီး‌ရင် ဘာဖြစ်လို့ သူ့ဝိညာဉ်က ထွက်သွားရတာလဲ...
အမှန်တကယ်တွင် သာမာန်လူတစ်ယောက်ကကပ်ပါးကောင်နှင့် ပတ်သက်မိသည်ကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
“ဒါဆို ဒါက ကပ်ပါးကောင်ပေါ့...”
လက်မဲလေး အသက်ရှုရှိုက်လိုက်လေသည်။
ယဲ့ကျား အနည်းငယ် အံ့သြသွားပြီး လက်မဲလေးကို ကြည့်လိုက်လေသည်။
“ဘာလဲ...မင်းသူတို့ကို သိတာလား...”
“အားလုံး မသိပါဘူး...”
လက်မဲလေး သူ့လက်ချောင်းများကို ကစားကာ ပြောလိုက်လေသည်။
“ကျွန်တော် အဲအကြောင်း ကြားဖူးရုံပဲ... တကယ်တော့ သူတို့က မျိုးသုဉ်းလုနီးပါးဖြစ်နေပြီလေ...သူတို့က ဒီနေ့ခေတ်မှာတွေ့ဖို့ မလွယ်တော့ဘူး...”
ဤတစ်ကြိမ်တွင် ယဲ့ကျား အလွန်အံ့ဩသွားလေသည်။
ကပ်ပါးကောင်ကဲ့သို့ မကောင်းဆိုးဝါးသရဲများက အလွန်မသန်မာသော်လည်း သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းက ထိပ်တန်းဖြစ်ပြီး အုပ်စုဖွဲ့နေထိုင်ရခြင်းကို နှစ်သက်သူများ ဖြစ်သည်။ ဂိမ်းအတွင်းတွင် သူတို့က ပိုးဟပ်များသကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာ တည်ရှိမှုများဖြစ်ပြီး သူတို့ကို လုံး၀ချေမှုန်းပစ်ရန် မ‌ဖြစ်နိုင်ချေ။
ဒါကို ဘယ်လိုဖြစ်ပြီး မျိုးသုဉ်းလုနီးပါးဖြစ်သွားတာလဲ...
“ဘာဖြစ်သွားလို့လဲ...”
ယဲ့ကျား မေးလိုက်သည်။
“ကင်းက သူတို့ရဲ့ အသိုက်ကို ဖျက်ဆီးလိုက်တာလေ...”
လက်မဲလေး ပြန်ဖြေလိုက်လေသည်။
ဂိမ်းတွင် မကြာခဏဆိုသလို မတူညီသောမကောင်းဆိုးဝါးများနှင့် သရဲများအကြားပဋိပက္ခများနှင့် ပြိုင်ဆိုင်မှုများ ရှိကြသော်လည်း အတွင်းပိုင်းထိ သတ်ဖြတ်မှုကို မကြားဖူးပေ။ ယင်းက အသန်မာဆုံးသူသာ ရှင်သန်နိုင်သည့် ကူး မွေးမြူ‌ရေးနှင့်ဆင်တူလေသည်။
(ကူး မွေးမြူရေးက များပြားလှစွာသောအဆိပ်ရှိသတ္တဝါများကို အလုံပိတ် အခန်းအတွင်း ထည့်ထားပြီး တစ်‌ကောင်တည်းရှင်ကျန်သည့်အထိ အချင်းချင်းသတ်ဖြတ်စေသော မွေးမြူရေးဖြစ်သည်။)
အကြောင်းရင်းက မထူးခြားသောကြောင့် ယဲ့ကျား ထပ်မမေးတော့ချေ။
ဤလုပ်ရပ်အတွက် အကြောင်းပြချက်ကခိုင်လုံခြင်း မရှိသော်လည်း ကင်းကကောင်းသည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်လေသည်။
ဒါက ‌တော်တော်လေး စိတ်ကျေနပ်စရာကောင်းပါတယ်...
ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့လည်ပင်းကို တစ်ချက်အညောင်းဆန့်လိုက်လေသည်။
သူ၏ ရှည်လျားသော မျက်တောင်များအောက်မှ ‌တောက်ပသော မျက်လုံးအစုံအနည်းငယ် ကျဉ်းမြောင်းသွားလေသည်။သူ၏ မျက်လုံးများက အနည်းငယ်အေးစက်လာပြီး လူမဆန်သော အကြည့်တစ်ခု ပေါ်လာလေသည်။
အခု ပုဒ်စာက အဆုံးထိ ရောက်နေပြီဆိုတော့ သူ ဂရုစိုက်နေရမယ်...
နောက်ဆုံးတွင် သူက ပြည်သူ့၀န်ထမ်းတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်
အဲအလုပ်ကဘာလဲ...
လူတွေကို အစွမ်းကုန် အလုပ်အကျွေးပြုဖို့ပဲ...
ထို့ကြောင့် သူ ဤကပ်ပါးကောင်များကိုလုံး၀ရှင်းပစ်ရန် စိတ်ကူးမရှိ‌ပေ။
ယဲ့ကျား ဒူးထောက်လိုက်ကာ စွင်းကျားလဲ့၏ မျက်လုံးပေါ်တွင် စည်းနှောင်ထားသော အ၀တ်ကို ဖြည်ပေးလိုက်လေသည်။
ကလေးမလေး၏ မျက်တောင်များ အနည်း ငယ် တုန်ရီနေပြီးနောက် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။
ယဲ့ကျား အချိန်မဖြုန်းချင်၍ တည့်တိုးမေးလိုက်လေသည်။
“သမီး ‌မူးလဲကျသွားတဲ့ နေရာကို မှတ်မိ လား...”
“ဟုတ်...‌‌ ကျောင်းမှာပါ...”
"ကျောင်းရဲ့ ဘယ်နားမှာလဲ...သမီးမှတ်မိလား...”
စွင်းကျားလဲ့ မှတ်မိရန် ကြိုးစားနေပုံရပြီမျက်‌တောင်များ အကြိမ်အနည်းငယ် လောက် ခတ်‌နေလေသည်။
“သ...သမီး အိမ်သာ သွားနေတာ...ဒါပေမဲ့ အိမ်သာထဲ ရောက်တာနဲ့ တစ်ခုခု ထူးခြားနေသလို ခံစားလိုက်ရတယ်...ပြီးတာနဲ့ မူးနောက်သွားပြီး အရာအားလုံး မှောင်မည်းသွားတာပဲ...”
အိမ်သာလား...
အိမ်သာက ကပ်ပါးကောင်တွေပုန်းအောင်း ရ တာ ကြိုက်တဲ့ နေရာတစ်ခုပဲ...
ထို့နောက် ယဲ့ကျား စွင်းကျားလဲ့၏ ကျောင်းလိပ်စာကို မေးလိုက်ပြီး ကံကောင်းစွာနှင့် ကျောင်းက ‌စွန်းကျားလဲ့ကို တွေ့ရှိခဲ့သော ဆေးရုံနှင့် အလွန်နီးလေသည်။ စွင်းကျားလဲ့ မူးလဲသွားပြီးနောက် ဆရာမက သူ့ကို အနီးဆုံးဆေးရုံသို့ ပို့ပေးလိုက်ခြင်း ဖြစ်နိုင်သည်။
“ကျွန်တော်တို့ စထွက်လာတဲ့နေရာကို ပြန်သွားရမယ်လို့ မထင်ထားခဲ့ဘူး...”
လက်မဲလေး တိုးတိုး‌ပြောလိုက်သည်။
ယဲ့ကျား သူ့ကို တစ်ချက်ကြည့်လိုက်ပြီးလက်မဲလေးက သူ၏ကော်လံအောက်သို့ ပြန်၀င်သွားလေသည်။
စွင်းကျားလဲ့ မရင်းနှီးသည့် ပတ်၀န်းကျင်ကို မဝံ့မရဲ ပတ်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ဆေးရုံကုတင်ပေါ်၌ လဲနေသော သူ့ကိုယ်သူ ပြန်တွေ့လိုက်ရ‌လေသည်။
သူ့ခန္ဓာကိုယ်က အနည်းငယ်တော့တင်းသွားပြီး ကူရာမဲ့စွာ တုန်ရီလာလေသည်။
သူ အားခဲလိုက်ကာ သတိထားပြီးမေးလိုက်သည်။
“‌ ကောကော သမီး သေပြီလား...”
နောက်တစ်ခဏတွင် စွင်းကျားလဲ့ သူ့ခေါင်းပေါ်သို့ လေးလံသောအရာတစ်ခုကျလာသကဲ့သို့ ခံစားလိုက်ရလေသည်။ ထို့နောက် လူငယ်လေး၏ တည်ငြိမ်အေးချမ်းသော အသံတစ်သံက သူ့ခေါင်းထက်မှ ထွက်ပေါ်လာလေသည်။ အကြောင်းရင်းအချို့ကြောင့် ထိုအသံကလူများကို ယုံကြည်စိတ်ချစေပြီး ပူ‌ပင်သောကများ ပပျောက်စေလေသည်။
“စိတ်မပူနဲ့...သမီး မသေပါဘူး...”
......
စွင်းကျားလဲ့ကိုတည်ငြိမ်စေပြီးနောက်ယဲ့ကျားယခင်နည်းလမ်းကို အသုံးထပ်ပြုလိုက်ပြီး ဆေးရုံမှ ထွက်လာလေသည်။
နာရီများစွာ ကြာသောခရီးက နှစ်မိနစ်သာကြာမြင့်ပြီး သူတို့၏ ခရီးပန်းတိုင်ကိုချက်ချင်းနီးပါး ရောက်ရှိသွားလေသည်။
ယဲ့ကျား နေရာလပ်မှ ထွက်လာပြီးနောက်သူ့ရှေ့တွင် မျက်စိကန်းလုမတတ်လင်းထိန်နေသော အလင်းရောင်များက သူ့ကို စောင့်ကြိုနေလေသည်။
ဗလာဖြစ်နေသင့်သော ကျောင်းရှေ့တွင်အနက်ရောင်ကားများစွာ ရှိနေသည်။ကားရှေ့မီးများကို ဖွင့်ထားသောကြောင့်ကျောင်းရှေ့၀င်ပေါက်က လင်းထိန် နေပြီး များပြားလှသော လူများကကာကွယ်‌ရေးကိရိယာများကဲ့သို့သောခြေရာခံစက်များကို ကိုင်‌ဆောင်ထားကာ ပတ်၀န်းကျင်ကို ဂရုတစိုက်လှည့်ပတ်နေပြီး အချက်အလက်များ စုဆောင်းနေလေသည်။
ကားပေါ်တွင် ရင်းနှီးနေသော စာလုံးများရိုက်နှိပ်ထားလေသည်:PIAMB
သဘာ၀လွန်ဆိုင်ရာကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရို(PIAMB)
ယဲ့ကျား : “……..”
ဒါက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး...
ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်သံသူ့‌နောက်မှ ထွက်လာလေသည်။
"ယဲ့ကျားလား...”
ယဲ့ကျား : “……….”
သေစမ်း...
ဒါက တကယ့်ကို တိုက်ဆိုင်တာပဲ ဖြစ်မှာပါ...
သူ အသက်ကို ပြင်းပြင်းရူလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်လေသည်။
သူ လှည့်ကြည့်လိုက်သောအခါ လျှိုကျောက်ချန်က သူ့ကို မျက်မှောင်ကြုတ်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။ သူ၏ခေါင်းပြောင်ပြောင်ပေါ်တွင် စူးရှတောက်ပသည့်အလင်းရောင်များ ရောင်ပြန်ဟပ်နေလေသည်။
“မင်း ဆေးရုံမှာ ရှိနေသင့်တာလေ...ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ...”
သူ ယဲ့ကျားကို အပေါ်အောက် အနှံ့ကြည့် လိုက်ပြီးနောက် မျက်ခုံးများက ပို၍တွန့်သွားလေသည်။
“မင်းက လူနာ၀တ်စုံ ၀တ်ထားသေးတာပဲ...”
“………”
ယဲ့ကျား အချိန်ခဏလောက် တိတ်ဆိတ်သွားပြီး ကိုယ့်ကိုကိုယ် တွန်းအားပေးကာ ပြန်ပြောလိုက်လေသည်။
“ကျွန်‌တော် အိပ်ရင်းလမ်းလျှောက်လာတာ...”