အပိုင်း ၉
Viewers 10k

Chapter 9
"ဟမ်...”
“ဟုတ်ပါတယ်...ကျွန်‌တော် အိပ်ပျော်နေပေမဲ့ကျွန်တော်နှလုံးသားထဲမှာ အလုပ်တွေရှိနေသေးတယ်လေ...”
ယဲ့ကျား ကိုယ့်ကိုကိုယ် တွန်းအားပေးကာဆက်ပြောလိုက်သည်။
“ပြည်သူ့၀န်ထမ်း တစ်ယောက်အနေနဲ့ ကျွန်တော့်ဘ၀ကို ပြည်သူတွေအတွက် အလုပ်အကျွေးပြုပေးဖို့ မြှုပ်နှံထားသင့်တယ်မလား..."
ထိုအချိန်တွင် ကျောက်သုန်‌အလောတကြီးပြေးလာပြီး သူတို့၏ စကားဝိုင်းကို နှောင့်ယှက်လိုက်လေသည်။
သူ လျှိုကျောက်ချန်ဆီသို့ အမောတကောအစီရင်ခံလိုက်လေသည်။
“‌ ဘော့စ် ကျွန်တော်တို့ ပြင်ဆင်ပြီးပြီ...”
လျှိုကျောက်ချန်၏ အာရုံက ကျောက်သုန်ဆီသို့ ‌လုံး၀ပြောင်းသွားလေသည်။
သူ မျက်မှောင်ကြုတ်လိုက်သည်။
“ပြင်ဆင်မှုတွေ ပြီးပြီဆိုတော့ တိုက်ခိုက်ရေး ဌာနခွဲ အထဲကို၀င်ဖို့ အဆင်သင့်ဖြစ်ပြီလား...”
“ဒါက စီအဆင့် တာ၀န်ဖြစ်ပြီး အားလုံးပုံမှန်ပါပဲ...”
‌ကျောက်သုန် သူ့လက်ထဲမှဖိုင်ကိုတစ်ချက်ငုံ့ကြည့်လိုက်သည်။
“အို ဟုတ်သားပဲ...တိုက်ခိုက်ရေးဌာနခွဲကရှာဖွေစူးစမ်းမှုကရတဲ့ အချက်အလက်တွေကို စုဆောင်းဖို့ လူတစ်ယောက် လိုသေးတယ်လို့ ပြောတယ်...”
ထိုအခါ လျှိုကျောက်ချန် သူ့ဘေးတွင်ရပ်နေသော လူကို သတိရသွားပုံ‌ပေါ်ပြီး လူနာ၀တ်စုံ ၀တ်ဆင်ထားဆဲဖြစ်သည့် ယဲ့ကျားကို လှည့်ကြည့်လိုက်လေသည်။
“မင်းရဲ့ဘ၀ကို ပြည်သူ့‌ တွေအတွက်အလုပ်အကျွေး ပြုပေးဖို့ မြှုပ်နှံထားတယ်လို့ပြောခဲ့တယ်‌နော်...”
လျှိုကျောက်ချန်၏ မျက်နှာအမူအရာ အေးစက် သွားသည်။
“အင်္ကျီလဲပြီး သွားတော့...”
ယဲ့ကျား : “……..”
FUCK...
သူ ကျောက်တုံးကိုယူပြီး သူ့ခြေထောက်သူ ထုထည့်လိုက်သကဲ့သို့ ဖြစ်‌နေလေသည်။
သူ့မျက်နှာ‌‌ပေါ်တွင် ခုခံလိုမှုများနှင့် ပြည့်နှက်‌ နေလေသည်။
“ဒါပေမဲ့ ကျွန်‌တော် နေမကောင်း ဖြစ်နေတုန်းလေ...”
သို့သော် လျှိုကျောက်ချန်က အကြင်နာတရား ကင်းမဲ့လေသည်။
“ငါတို့ ဒီလတ်တလော လူအင်အားနည်းနေတယ်...လူသစ်တွေ နဲ့ကျောက်သုန်က အပြင်ဘက်ကနေ မတည်ငြိမ်တဲ့ ဒေတာ‌တွေကို စစ်ဆေးပေးနေရမှာ...ဒီနေရာမှာ မင်းကလွဲပြီး တခြားလူတွေ မသွားနိုင်ဘူး...”
သူ အဲဒါကို ၀င်ဖို့ စီစဉ်ထားတာ ဟုတ်ပေမဲ့ သူ့နည်းလမ်းကို သိကြတဲ့ တိုက်ခိုက်ရေးဌာနခွဲက ၀န်ထမ်းတွေနဲ့ မ၀င်ချင်ပါဘူ...
ယဲ့ကျား ဆက်လက် ရုန်းကန်နေသည်။
“မ…”
လျှိုကျောက်ချန် ပြောလိုက်သည်။
“ငါ ဒီည မင်းကို အချိန်ပိုခေါ်လိုက်တာပဲ...”
သူ အံကြိတ်လိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ဒါကြောင့် ဒီလ မင်းရဲ့ စွမ်းဆောင်ရည် အတွက် ဘောနပ်စ် ရလိမ့်မယ်...”
ယဲ့ကျား : “......”
သူ၏ စိတ်များ ချက်ချင်း တက်ကြွလာကာ မေးလိုက်သည်။
“ကျွန်‌တော် ဘယ်ကို သွားရမှာလဲ...”
ထိုဖြစ်စဉ် တစ်ခုလုံးကို ကြည့်နေသည့်ကျောက်သုန် : အဲလောက် လက်တွေ့ဆန်ဖို့ မလိုပါဘူး..
.........
မိနစ်နှစ်ဆယ်အကြာတွင် တိုက်ခိုက်ရေး ၀န်ထမ်းငါးယောက်နှင့် ထောက်ပံ့ပို့ဆောင်ရေး ၀န်ထမ်းတစ်ယောက် ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ယဲ့ကျား သူ့ဘေးမှ တိုက်ခိုက်ရေး ၀န်ထမ်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
“ဒါနဲ့ မင်းတို့ ဒီည ကျောင်းမှာဘာတာ၀န် လုပ်ရမှာလဲ...”
“တာ၀န်က ကြီးတော့ မကြီးပါဘူး...
လွန်ခဲ့တဲ့နှစ်ရက်အတွင်း ကျောင်းရဲ့ အထပ်တစ်ထပ်မှာ ကျောင်းသားငါးယောက် အိမ်မက်ဆိုးထဲကို ဆွဲခေါ်ခံရပြီး တစ်ယောက်က သတိပြန်မ၀င်သေးဘူး...ငါ ဒါကို ဝိညာဉ်လွင့်မျောသွားတယ်လို့ ထင်တာပဲ...”
တိုက်ခိုက်ရေး၀န်ထမ်း ပြောပြီးနောက် သူ့ကို အံ့ဩတကြီး ကြည့်လာလေသည်။
“တာ၀န်က ရိုးရှင်းပါတယ်...ဒါ‌ပေမဲ့ မင်းဒီကို ဘာမှမသိဘဲ ရောက်လာတာလား...”
“မိနစ်ပိုင်းအတွင်း စီစဉ်မှုလေ...”
ယဲ့ကျား ကူရာမဲ့စွာ ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။
“လိုအပ်တဲ့အဖွဲ့၀င် လာဖြည့်‌တာ...”
၀န်ထမ်း စာနာစွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။
“ဟား...ဟား... ငါရောပဲ...”
သူ သူ့ယူနီဖောင်းပေါ်မှ အမှတ်အသားကိုညွှန်ပြလိုက်လေသည်။
“တိုက်ခိုက်ရေးဌာနခွဲ အက်စ်အဆင့် အဖွဲ့၀င်”
“တခြားလူ‌တွေအားလုံး တာ၀န်ကိုယ်စီရှိနေပြီး ဘယ်သူမှမကျန်တော့လို့ ငါ့ကို လွှတ်လိုက်တာလေ...”
“ကျောက်ကွမ်းချန်...ဒါနဲ့ မင်းက..."
သူ လက်ကို ယဲ့ကျားဆီသို့ ဆန့်ထုတ်လိုက်သည်။
“ယဲ့ကျား...”
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ပြီးနောက် ကျောက်ကွမ်းချန် ဂုဏ်ယူစွာဖြင့်ယဲ့ကျား၏ ပခုံးကို ပုတ်လိုက်သည်။
“စိတ်မပူနဲ့ သူငယ်ချင်း...မင်းဘာမှ စိတ်ပူစရာ မလိုဘူး...အထဲရောက်ရင် ငါ မင်းကိုကာကွယ်ပေးမယ်...ဘာမှ မဖြစ်ဘူး...”
ယဲ့ကျား ‌ဖျော့တော့စွာ ပြုံးလိုက်လေသည်။ သူ၏ ဖြူဖျော့နေသော အသားအရေက ညဘက်တွင် တောက်ပနေပုံ ပေါ်နေပြီး သူ၏ မှေးစင်းထားသော ပယင်းရောင်မျက်လုံးထဲတွင် စစ်မှန်သောအကြည့်များ ရှိနေလေသည်။
“‌ ကျေးဇူးပဲ သူငယ်ချင်း...”
ကျောင်းသားများ၏ ဆူညံသည့်ကစား‌နေ‌‌ သောအသံများ မရှိသောကြောင့်ကျောင်း၀င်းကြီးက အလွန်တိတ်ဆိတ်နေပေသည်။
စာသင်ဆောင်အတွင်းသို့ ‌၀င်လာသောအခါ ၀င်ပေါက်မှ မီးရောင်များ ပျောက်ကွယ် သွားသည်။ သူတို့ အခြားနေရာတစ်ခု ၀င်ရောက်သွားကဲ့သို့ပင် ဖြစ်‌နေသည်။ ညနက်‌တွင် ကော်ရစ်တာအလွတ်ပေါ်ရှိ မီးသီးမှ ‌အလင်းရောင် ‌မှိန်မှိန်သာ ရှိနေလေသည်။
အဖွဲ့က အခင်းဖြစ်ပွားရာ တတိယအထပ်ဆီသို့ တည့်တည့်သွားလိုက်သည်။
ယဲ့ကျား အဖွဲ့၏ ‌နောက်ဆုံးတွင် ရပ်နေပြီးအဖွဲ့နှင့် မနီးလွန်းမဝေးလွန်းသော အကွာအဝေးကို ထိန်းသိမ်းထားပြီး သူ့‌ရှေ့မှ ကော်ရစ်တာကို စူးစမ်းနေလေသည်။
သူ ၀င်လာပြီးကတည်းက တိုက်ခိုက်ရေးဌာနခွဲရှိ ၀န်ထမ်းများ သတိမပြုမိစေရန်ကပ်ပါးကောင်ကို သီးခြားကိုင်တွယ်သည်က အကောင်းဆုံးဖြစ်လေသည်။
‌အဆုံးတွင် သူကသာ ကပ်ပါးကောင် ပုန်းအောင်းနေသည့် နေရာကို တိတိကျကျသိသူဖြစ်ပြီး ဤသတ္တဝါကို ကိုင်တွယ်ရာတွင်လည်း ကျင့်သားရနေသူ ဖြစ်သည်။ ထို့ကြောင့် ၎င်းက သူ့အတွက်စိန်ခေါ်မှုကြီး မဟုတ်ချေ။
သူ အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးသည့်အချိန်တွင် လက်မဲလေးကိုထပ်ပြမည်ဖြစ်ပြီး တိုက်ခိုက်ရေး၀န်ထမ်းများကို သူတို့ အန္တရာယ်ကို သုတ်သင်‌ပြီးပြီဟု တွေးစေကာ တာ၀န်ပြီးမြောက်ကြောင်းကြေညာလိုက်မည်ဖြစ်သည်။ ယင်းကကမ္ဘာနှစ်ခုလုံးအတွက် အကောင်းဆုံးဖြစ်ပြီး လူတိုင်းကို ပျော်ရွှင်စေမည်ဖြစ်သည်။
နောက်တစ်ကြိမ် အပြစ်လွှဲချခံရမည်ကိုမသိသော လက်မည်းလေး : “ဟပ်ချိုး...”
ဘာဖြစ်လို့ ရုတ်တရက်ကြီး အန္တရာယ်ရှိနေပြီလို့ ခံစားလာရတာလဲ...
သူ ထိတ်လန့်စရာကောင်းသည့်ပတ်၀န်းကျင်ကို ကြည့်လိုက်ပြီး ယဲ့ကျား၏ ကော်လံအောက်သို့ ပြန် ကျုံ့၀င်လိုက်လေသည်။
ဒါက ဒီအတိုင်း ထင်ယောင်ထင်မှားဖြစ်တာဖြစ်မယ်...
ထိုအချိန်တွင် ရှေ့ဆုံးမှ လျှောက်နေသော အဖွဲ့ခေါင်းဆောင် ရပ်တန့်သွားသည်။
သူ့ခါးတွင် ပတ်ထားသော အိတ်ထဲမှဘောလုံး‌လေးတစ်လုံးကို ထုတ်လိုက်ပြီး သူ့လက်ချောင်းများကြား ညှပ်ထားလိုက်သည်။
ယဲ့ကျား ရုတ်တရက်ကြီး ဆိုးရွားသည့် ခံစားချက် ရလာသည်။
သူမေးလိုက်သည်။
“အဲဒါ ဘာလဲ...”
သူ ရုတ်တရက်ကြီး မေးလိုက်ခြင်း ဖြစ်သောကြောင့် အဖွဲ့၀င်များအားလုံး သူ့ကို လှည့်ကြည့် လာကြလေသည်။
အဖွဲ့ခေါင်းဆောင် စိတ်မရှည်သောကြောင့်မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“ဒါက ဗျူရိုက လုပ်ထားတဲ့နောက်ဆုံးပေါ် စက်...လျှောက်သွားနေတဲ့ သရဲတွေကို ‌နှင်ထုတ်နိုင်တဲ့အတွက် ခြေရာခံစက်နဲ့ တစ်ခန်း၀င် တစ်ခန်းထွက် လိုက်ရှာစရာ မလို‌တော့ဘူး...အိမ်ပြန်ပြီး စောစောအိပ်လို့ရတယ်...”
ယဲ့ကျား၏ စိတ်ထဲတွင် ကျယ်လောင်သော အချက်ပေးသံတစ်သံ မြည်လာလေသည်။
"ဟေ့…”
အဖွဲ့ခေါင်းဆောင် ယဲ့ကျားကို စိိတ်မရှည်စွာ စိုက်ကြည့်နေလေသည်။
ထောက်ပံ့ပို့ဆောင်ရေး၀န်ထမ်း တစ်ယောက်က ဒါကို သိပြီး ဘာလုပ်နိုင်မှာလဲ...
အဖွဲ့ခေါင်းဆောင် တစ်ဖက်လူ စကားပြောလာသည်ကို မစောင့်‌တော့ပေ ။ သူ ဘောလုံးလေးကို အမှုန့်ဖြစ်အောင် ဖိချေလိုက်လေသည်။
"ပီ...ပီ...ပီ...ပီ...ပီ...”
ကျောင်းဝင်ပေါက်တွင် စောင့်နေသော စောင့်ကြည့်ထောက်လှမ်းရေးကားပေါ်တွင် စူးရှသော အချက်ပေးသံများ မြည် လာလေသည်။ ကျောက်သုန် ချက်ချင်း ထရပ်လိုက်ပြီး ဖန်သားပြင် ပေါ်မှ အနီရောင်အစက်‌အပြောက်များကို စိုက်ကြည့်လိုက်ကာ ထိတ်လန့်သွားလေသည်။
သူ ထိတ်လန့်လွန်းသောကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာသူ့‌နောက်မှ ထိုင်ခုံ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကိုပင် သတိမထားမိချေ။
အခြားဖန်သားပြင်များသည်လည်း အလားတူ ဖြစ်ပျက်နေလေသည်။
ယင်စွမ်းအင်များ တဟုန်ထိုး မြှင့်တက်လာကာ စက္ကန့်ပိုင်းအတွင်း အာရုံခံကိရိယာကိုပင် ပေါက်ကွဲသွားစေလေသည်။
ကျောက်သုန် သူ့မျက်လုံးသူပင် မယုံကြည်နိုင်တော့ချေ။
ဘာ...ဘာတွေ ဖြစ်နေတာလဲ...
သူ ပြင်ပအချက်အလက်များစောင့်ကြည့်ထောက်လှမ်းရေး ဌာနတွင် ခုနစ်နှစ် နီးပါးအလုပ်လုပ်ခဲ့သော်လည်း ယခုလို ဖြစ်စဉ်မျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။
အဖွဲ့ငယ်တစ်ဖွဲ့က ဖြေရှင်းနိုင်သည့် ဖြစ်စဉ်သည် သူတို့၀န်ထမ်းများ ၀င်ရောက်ပြီး တစ်ခဏအတွင်း အလွန်ဆိုးဝါးပြီးအန္တရာယ်များသော ဖြစ်စဉ်သို့ ပြောင်းသွားလေသည်။
စာသင်ဆောင်အတွင်း၌...
အမှုန်များ လွင့်စင်ပပျောက်သွားပြီးနောက် ယဲ့ကျား သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ယခင်မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခု သူ့ရှေ့မှ မြင်ကွင်းက လုံး၀ ကွာပြားနေလေသည်။
သူ့ပတ်၀န်းကျင်မှ အမှောင်ထုက ကော်ရစ်တာတစ်ခုလုံးကို ရစ်ပတ်၀ါးမျိုနေသည့် သတ္တဝါကြီးသဖွယ် ဖြစ်နေလေသည်။ သူ့ခေါင်းပေါ်ရှိ အလင်းရောင်က ခက်ခက်ခဲခဲ အေးစက်မှေးမှိန်စွာ တောက်ပနေသော်လည်း ‌သေးငယ်သောဧရိယာလေးကိုသာ လင်းထိန်စေပေသည်။
စိမ်းပြာရောင် နံရံများတစ်လျှောက် တွယ်ကပ်နေသော အနက်ရောင် ‌အာရုံကြောများနှင့် သွေးကြောများက တဒိန်းဒိန်းခုန်နေကာ ချွဲပျစ်သော အရည်များ တပွက်ပွက်ထနေပြီး ယင်းအရည်များက ပုတ်စော်နံ နေလေသည်။
ယဲ့ကျား တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
ကပ်ပါးကောင်များကို ကိုင်တွယ်ရခက်သည့် ‌နောက်ထပ်အကြောင်းရင်းမှာ ၎င်းတို့က ပြင်ပမှ တစ်စုံတစ်ရာ၏ နှိုးဆွခြင်းခံရသောအခါ ယာယီတစ္ဆေပိုင်နက်တစ်ခုကို အလိုအလျောက်ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။
ကပ်ပါးကောင်များက စီအဆင့်သာ ရှိသော် လည်း သူတို့၏ ယာယီတစ္ဆေပိုင်နက်က အေအဆင့် သို့မဟုတ် အေအဆင့်ထက်ပင် မြင့်နိုင်လေသည်။
ထို့ကြောင့် အတွင်းပိုင်း ပတ်၀န်းကျင်တစ်ခုလုံး ဖန်တီးသူ၏ ‌ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ‌သွားလျှင် အထဲတွင် ဆယ်ယောက်ရှိပါက ကိုးယောက်သေနိုင်လေသည်။
ယဲ့ကျားဘေးမှ အဖွဲ့၀င်များအားလုံး ပျောက်ကွယ်သွားသောကြောင့် သူတစ်ယောက်တည်း ကော်ရစ်တာပေါ်တွင် ရှိ‌နေလေသည်။
ထို တိုက်ခိုက်ရေး၀န်ထမ်းများအားလုံးအားနည်းလွန်းသောကြောင့် ပိုင်နက်ကိုအသက်သွင်းပြီးနောက် သူတို့ကို အရန်အစားအစာများအဖြစ် ယူဆနိုင်‌ချေရှိသည်။ သို့သော် ကပ်ပါးကောင်များ၏ စားသောက်မှုပုံစံအရ ယခု သူတို့အသက်ရှင်‌နိုင်‌သေးချေ အလွန်မြင့်မားလေသည်။
ဒါပေမဲ့ သူတို့ ဘယ်ကို ပျောက်သွားမှန်းသူမသိဘူး...
ယဲ့ကျား သူ့ တည်ရှိ‌နေမှုကို သတိပြုမိပြီး သိသိသာသာ ရန်လိုနေသော ပတ်၀န်းကျင်ကို ပတ်ကြည့်လိုက်ပြီး ကူရာမဲ့စွာ သက်ပြင်း ထပ်ချလိုက်သည်။
သူ့ကို တကယ်လစာတိုးပေးဖို့ လိုပြီ...
စာသင်ဆောင်ရှေ့၌...
“ဘာ‌တွေ ဖြစ်နေတာလဲ...”
လျှိုကျောက်ချန် ခေါင်းပြောင်‌ပေါ်တွင် ချွေးများ ရွှဲလျက် ကားအတွင်းသို့အလောတကြီး ၀င်လာလေသည်။
အခြေအနေအမျိုးမျိုးကို ဖြတ်ကျော်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သော လျှိုကျောက်ချန် ဖန်သားပြင်ပေါ်မှ အနီရောင်အစက် အပြောက် အရေအတွက်ကို မြင်လိုက်သောအခါ ကူရာမဲ့စွာ ထိတ်လန့် အံ့ဩသွားလေသည်။
“ဒါ...ဒါက…”
ကျောက်သုန် မျက်နှာ အလွန်ဖြူဖျော့နေပြီး တိတ်ဆိတ်စွာ ခေါင်းကိုခါယမ်းလိုက်လေသည်။
ကားပြတင်းပေါက်မှ တစ်ဆင့် ‌အနက်‌‌ရောင် မြူများ ဖုံးလွှမ်းနေသော စာသင်ဆောင်ကို လှမ်းမြင်ရပြီး ထိုနေရာကထိတ်လန့်ခြောက်ခြားဖွယ်ကောင်းပြီး ဆိုးဝါးသောလေထုများလွှမ်းခြုံနေလေသည်။ ယင်းတို့က မမြင်ရသည့်လက်တံများ လေထဲတွင် ပျံ့နှံ့နေသည်နှင့် တူပြီးအပြင်ဘက်များ လူများကို ပြက်ရယ်ပြုနေသကဲ့သို့ ဖြစ်နေပေသည်။
“မြန်မြန် တပ်ကူခေါ်ပါ...”
လျှိုကျောက်ချန်၏ အသံက ပြာအက်နေ‌လေသည်။
“‌ အေအဆင့် အရေးပေါ်အခြေအနေပဲ... မြန်မြန်လုပ်... ”
.......
ကော်ရစ်တာ က မည်းမှောင်အေးစက်နေပြီး ကြမ်းပြင်နှင့်နံရံများက ထူးဆန်းစွာကွေးကောက်နေလေသည်။ ရွံ့ရှာစရာကောင်းသည့် အကျိအချွဲများက တပွက်ပွက် ပွက်နေပြီး တစိမ့်စိမ့်ထွက်နေဆဲ ဖြစ်လေသည်။
လူငယ်လေး အေးအေးဆေးဆေး လမ်းလျှောက် နေလေသည်။
ယဲ့ကျား၏ ကော်လံအောက်မှ လက်မဲလေး တိုးညှင်းစွာ သတိပေးလိုက်သည်။
"ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့ အရာ ရှိတယ်...”
သူတို့၏ မျက်လုံးထောင့်ရှိ နံရံပေါ်တွင်အနက်ရောင် မျက်လုံးတစ်စုံ ရုတ်တရက်ပေါ်လာပြီး လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားလေသည်။
ယဲ့ကျား တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်တယ်...”
“ကပ်ပါး‌‌ကောင်တွေက အမြဲတမ်း သတိရှိကြတယ်...သူတို့က တစ်ဖက်လူကို မထိန်းချုပ်နိုင်ဘူးထင်ရင် ရူးရူးမိုက်မိုက် လုပ်ရဲမှာ မဟုတ်ဘူး...”
ယဲ့ကျား ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။
“စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပြီး တစ်ဖက်လူရဲ့ ခွန်အားကို စမ်းသပ်ဖို့ တိုက်ခိုက်မှုလေးတွေ လုပ်လိမ့်မယ်...”
သူ ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက်သူရှေ့ရှိ နံရံများမှ ချွဲကျိနေသည့် လက်တံများ ရုတ်တရက် ဆန့်ထွက်လာပြီးယဲ့ကျားဆီသို့ တည့်တည့်တိုး၀င်လာလေသည်။
ယဲ့ကျား ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်သည် ။ သူ့အရှေ့မှ အနက်ရောင်လက်တံများ တဖြည်းဖြည်း ကြီးထွားလာသော်လည်း သူ့အမူအရာက လုံး၀‌တည်ငြိမ်နေဆဲဖြစ်သည်။
သူ့မျက်လုံးများ မှေးစင်းသွားပြီးလက်ချောင်းများကြားတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲ ပေါ်‌လာလေသည်။
နောက်တစ်ခဏအတွင်း တိတ်ဆိတ်စွာခြိမ်းခြောက်နေသည့် ထိုလက်တံများက သူ့ရှေ့တွင် အပိုင်းပိုင်း ကွဲထွက်သွားပြီး၎င်းတို့ ကြမ်းပြင်ပေါ်သို့ အရည်ပျော်ကာပြုတ်ကျနေသည်မှာ မြေပြင်ပေါ်သို့ မိုးရေစက်များ ကျဆင်းနေသကဲ့သို့ပင်ဖြစ်သည်။
"ငါပြောတာ ဒီလိုမျိုးလေ...”
ယဲ့ကျား အဆုံးသတ် ပြောလိုက်သည်။
လေထုအတွင်းမှ ယင်စွမ်းအင်က အလွန်ထူထပ်သိပ်သည်းနေပြီး မျက်စိနှင့်ပင်မြင်နိုင်သည့် ဒြပ်ထည် ဖြစ်လုနီးပါး ဖြစ်နေလေသည်။ ၎င်းတို့ကို ထိတွေ့လိုက်ရုံနှင့်ဆိုးရွားသော ရလဒ်များ ရရှိလာနိုင်သည်။ အမှောင်စွမ်းအင် စွန်းထင်းနေသည့် ဝိညာဉ်များ ကော်ရစ်တာထောင့်များမှ ထွက်ပေါ်လာကြပြီး သူတို့၏ လက်သည်းများနှင့်သွားများကို ဖြဲကာ တဟုန်ထိုး ပြေးလာကြလေသည်။ တစ်ချိန်တည်းတွင်ပင် အက်စစ်ရည်များ ဖုံးလွှမ်းနေသည့်မရေမတွက်နိုင်သော အနက်ရောင် လက်တံများက တစ်ချက်တစ်ချက် ခိုး၀င် တိုက်ခိုက်နေကာ တစ်ဖက်တွင် ပိုင်နက်အတွင်း မသိနားမလည်စွာ လမ်းပျောက်နေသည့် လူသားများကို ဝါးမျိုရန် အခွင့်အရေး ရှာနေလေသည်။
သို့သော် လူငယ်လေးကို ထိုအရာများက မနှောင့်ယှက်နိုင်ချေ။ သူ စွမ်းကျားလဲ့ပြောခဲ့သည့် နေရာကိုသာ ‌ရှေ့ဆက်သွားနေလေသည်။
သူ ထိုနေရာသို့ နီးကပ်လာသည်နှင့်အမျှ တိုက်ခိုက်မှုများက သူ့ကို ထိုနေရာသို့နီးကပ်လာခြင်းမှ တားဆီး‌‌နေသကဲ့သို့ ပို၍ပို၍ ပြင်းထန်လာလေသည်။
ယဲ့ကျား ဆိုးရွားပြင်းထန်နေသည့် ပတ်၀န်းကျင်ကို ကိုင်တွယ်ဖြေရှင်းနေစဉ်လက်မဲလေး သူ့ကို ရှင်းပြလာလေသည်။
“‌‌ ပြောရရင် ဂိမ်းထဲက ကပ်ပါးကောင်တွေကို လူတွေအရမ်းမုန်းနေရတဲ့ အကြောင်းရင်းက ကပ်ပါးကောင်တွေက တူညီတဲ့ အဆင့်တွေအားလုံးကို ထိန်းချုပ်နိုင်လို့ပါ...သူတို့က က‌စားသမားတွေကို ကိုင်တွယ်ဖို့ ရက်စက်တဲ့သရဲတွေကိုပိုင်နက်ထဲ ဆွဲထည့်နိုင်ကြတယ်...”
အမျိုးသမီးအိမ်သာက သူ့ရှေ့တွင် ‌ရှိနေပြီဖြစ်သည်။
အိမ်သာ၏နံရံများနှင့်တံခါးကပျစ်နှစ်‌စေးကပ် နေသော အရည်များနှင့်ဖုံးအုပ်‌နေကာ မရေမတွက်နိုင်သော သွေးကြောများကမကောင်းဆိုးဝါးနှလုံးခုန်နေသကဲ့သို့ ဖောင်းကာလှုပ်ခါနေလေသည်။
ယဲ့ကျား ရှေးခေတ်ကျောင်း၀တ်စုံ၀တ်ဆင်ထားသည့် သရဲတစ်ကောင်အားချော‌မွေ့စွာ နှိမ်နင်းလိုက်ပြီးနောက် အိမ်သာတံခါးကို ကန်ဖွင့်လိုက်လေသည်။ တစ်ချိန်တည်းတွင်ပင် သူ ပျင်းရိစွာ ပြောရန်မမေ့ချေ။
“လက်တွေ့ကမ္ဘာထဲမှာ တစ္ဆေပိုင်နက်ကိုဖန်တီးခဲ့ပေမဲ့ အနီးအနားက သရဲတွေကအန္တရာယ်မပေးနိုင်တဲ့ လေလွင့်ဝိညာဉ်တွေလေ...”
ယဲ့ကျား ဟန်ဆောင်ပြီး သက်ပြင်းချလိုက်သည်။
“သနားစရာပဲ...”
ကပ်ပါးကောင်က သူ့စကားကြောင့်ဒေါသထွက်လာပုံ ပေါ်လာလေသည်။ ကျယ်လောင် သော တတွတ်တွတ်ရေရွတ်သံကို ကြားလိုက်ရပြီး အခန်း၊ ကြမ်းပြင်နှင့် အဆောက်အအုံအတွင်းပိုင်းတစ်ခုလုံး တုန်ခါလာ‌လေသည်။
နံရံများ အသက်၀င်လာခဲ့သည်။
သူတို့၏ ကိုယ်ပိုင် ခိုင်ခံ့သော ကွန်ကရစ်လက်ချောင်းများကို အသုံးပြုပြီး အ‌ဆောက်အအုံတစ်ခုလုံး လူငယ်လေးကို ချေမှုန်းရန်‌ ရွေ့လျားလာကြလေသည်။
ယဲ့ကျားအတွက်ပင် ဤအခြေအနေကကိုင်တွယ်ရန် အနည်းငယ်ခက်ခဲလေသည်။
ရုတ်တရက် လူတစ်ယောက်၏ ခါးလောက်ရှိသော အနက်ရောင်လက်တံတစ်ခု အိမ်သာထဲမှ ထွက်လာပြီး ယဲ့ကျားကို လျှပ်စီးသဖွယ် မြန်သော အရှိန်ဖြင့်တိုက်ခိုက်လာလေသည်။
လက်မဲလေး အော်လိုက်သည်။
“ဂရုစိုက်...”
မျက်နှာကျက်ပေါ်မှ ပုပ်စော်နံ့နေသောအရည်များ တစ်စက်စက် ကျနေ‌လေသည်။ ယင်းတို့ ကြမ်းပြင်‌‌ပေါ်သို့ မကျမီတွင် လေကိုဖြတ်တောက်လိုက်သည့် စူးရှ‌သော အသံတစ်သံ ကြားလိုက်ရသည်။
“ဗုန်း...”
လက်တံများ အားလုံးနီးပါး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာပြီး ဖြတ်တောက်ခံထားရသည့် အပိုင်းများက ကြမ်းပြင်ပေါ်တွင် မရပ်မနား တုန်ခါနေလေသည်။
သွေးများနှင့် ချွဲကျိနေသော အရည်များကြားတွင် လူငယ်လေးတစ်ယောက် ရပ်နေကာ သူ၏ ပိန်ပါးဖြူဖျော့‌သေးသွယ်သောလက်‌ချောင်းများဖြင့် ရှည်လျားမည်းမှောင်သော တံစဉ်းတစ်ချောင်းကို ကိုင်ထားလေသည်။ ရှည်လျားပြီးကွေးညွတ်နေသည့် ဓားသွားက လေကိုအလွယ်တကူ ဆုတ်ဖြဲခဲ့ခြင်းဖြစ်သည်။
တံစဉ်းပေါ်တွင် မည်သည့် သဲလွန်စမှ မကျန်ရစ်‌ချေ။ ၎င်းက အရာအားလုံးကိုဖြတ်တောက်ဝါးမျိုလိုက်ပုံ ပေါ်လေသည်။
ယဲ့ကျား လက်တံများ ဆန့်ထွက်လာသည့်နေရာကို တစ်ချက်ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“နေရာကောင်းပဲ...မင်းနဲ့ လိုက်ဖက်တယ်...”
.......
စာရေးသူမှာ ပြောစရာ ရှိပါတယ်...
ယဲ့ကျား : ငါအိမ်မှာ ထိုင်နေပေမဲ့ကောင်းကင် ပေါ်က ပြုတ်ကျလာတဲ့အိုးက ငါ့ကို လာရိုက်တယ်...
(မလုပ်ခဲ့သည့် အရာအတွက် နေရင်းထိုင်ရင်း အပြစ်တင်ခြင်း ခံရသည်)
_______________