အပိုင်း ၁၀
Viewers 10k

Chapter 10
ယဲ့ကျား၏ လက်နက်ပေါ်လာသည်ကိုမည်သူမှ သတိမပြုမိခဲ့‌ချေ။ ယခုအခါတိုက်ခိုက်မှုများ အားလုံးရပ်တန့်သွားလေသည်။
ထူးခြားသည့် တိတ်ဆိတ်မှု တစ်ခုကသူ့ရှေ့မှ ကျဉ်းမြောင်းသော နေရာကို လွှမ်းခြုံလာလေသည်။
ရုတ်တရက် တိုးညှင်းသော စူးစူးရှရှအသံထွက်ပေါ်လာလေသည်။ ယင်းအသံက အလွန်နူးညံ့ပြီး လေနှင့် အတူ လွင့်မျောသွား‌တော့မည်ပုံ ပေါ်နေလေသည်။ သို့သော် ပုန်းလျှိူးနေသည့်အသံကလူတိုင်းကို ထိတ်လန့်စေနိုင်သည်။
“မင်းပဲ...”
ယဲ့ကျား ထိုကဲ့သို့ အဖွင့်အခြေအနေကို‌ မမျှော်လင့်ခဲ့ပေ။
သူ အံ့အားသင့်ထားပြီး မျက်ခုံးများ မြှောက်တက် သွားလေသည်။
သူက နာမည်ကြီး‌‌ နေတာလား...
မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ကပ်ပါးကောင်တွေ‌တောင် သူ့ကို သိတယ်...
“မင်းက လူသားတစ်ယောက်ပဲလေ…”
ကပ်ပါးကောင်၏ အသံတွင် ပြင်းထန်သော မုန်းတီးစိတ်များ ရောယှက် နေပေသည်။
“ဒါ‌တောင် မင်းက ငါတို့မျိုးစိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ...”
ယဲ့ကျား : “…….”
ခဏလောက် စောင့်ပါဦး...မင်း ဘာပြောလိုက်တာ...
“မင်း‌ကြောင့်သာ မဟုတ်ရင် သူ ငါတို့ဆီ လာမှာ မဟုတ်ဘူး...မင်းကြောင့်သာမဟုတ်ရင် ငါ အိမ်သာခန်းထဲပုန်းပြီးအသက်ရှင်ဖို့အတွက် ဒီရွံ့စရာကောင်းပြီး အားနည်းတဲ့ ဝိညာဉ်တွေကို အားကိုးတကြီး စား‌နေစရာ မလိုဘူး... ”
အမုန်းတရားက နက်ရှိုင်း‌တိုးညှင်းသော အသံကို ကျယ်လောင်သော စူးစူးရှရှအသံ ဖြစ်လာစေလေသည်။ ယင်းအသံက သူ၏ ဆံပင်များကို ထောင်လာစေသည်။
ကြမ်းပြင်နှင့် မျက်နှာကျက်များ တုန်ခါနေလေသည်။ ပြင်းထန်သော စိတ်ဆိုးစိတ်ယုတ်များကြောင့် နံရံများမှ ရွံ့စရာကောင်းသော အကျိအချွဲများ ပန်းထွက်လာပြီး ၎င်းတို့ ကြမ်းပြင်နှင့် ထိတွေ့သွားသောအခါ တရှဲရှဲ အသံများ မြည်လာလေသည်။
ယဲ့ကျား အံ့ဩမှင်သက် သွားလေသည်။
“...”
ဒါက ဘာလဲ...
တစ်ဖက်လူက သူ့စကားကို နားထောင်ဖို့မဖြစ်နိုင်ပေမဲ့ သူ အဲအကြောင်းတွေနဲ့ပတ်သက်ပြီး ဘာမှ မသိဘူး...
အချိန်အကြာကြီး စိုးရိမ်ပူပန်စွာ စောင့်နေပြီး‌ အဆုံးတွင် ကယ်ဆယ်ရေး ရောက်ရှိလာပြီဖြစ်သည်။
တာယာဘီးများက လမ်းပေါ်တွင် လည်ပတ်နေပြီး ကျွိခနဲ ရပ်လိုက်လေသည်။ ကားတံခါးပွင့်လာသည်နှင့် လျှိုကျောက်ချန် ကားဆီသို့ မြန်နိုင်သမျှ မြန်မြန် တဟုန်ထိုး ပြေးသွားလိုက်သည်။
တိုက်ခိုက်ရေး၀န်ထမ်း အဆင့်မြင့်လေလေ သန်မာလေလေဖြစ်ပြီး အရေအတွက်လည်း နည်းလေလေဖြစ်သည်။Mမြို့က ကြီးမားသောမဟုတ်သောကြောင့် အမြင့်ဆုံးအဆင့် တိုက်ခိုက်ရေးအဖွဲ့က ဒီအဆင့်မျှသာ ရှိသည်။
ယခု တိုက်ခိုက်ရေးအဖွဲ့၏ ခေါင်းဆောင်က လင်းချန် ဖြစ်သည်။ သူက အရပ်ရှည်ပြီး သန်မာသော ခန္ဓာကိုယ်နှင့် အသားမည်း‌သည့် သက်လတ်ပိုင်းတစ်ဦး ဖြစ်ပြီး အဖွဲ့အတွင်း၌ သူတစ်ယောက်သာ စီအဆင့် ဖြစ်လေသည်။
လင်းချန် ကားပေါ်မှ ဆင်းလိုက်သည်နှင့် တဟုန်ထိုး ပြေးလာသော လျှိုကျောက်ချန်ဆီ ပြေးသွားလိုက်သည်။
လျှိုကျောက်ချန် သူ၏ ခေါင်းပြောင်ပေါ်မှ ချွေးများကိုပင် မသုတ်တော့ပေ။သတင်းအချက်အလက်များကိုသာ ‌အ‌မြောက်သဖွယ် မျှဝေနေ‌ပေသည်။
“မင်းတို့ နောက်ဆုံးတော့ ရောက်လာကြပြီပေါ... အထဲမှာ အက်စ် အဆင့် တိုက်ခိုက်ရေး ၀န်ထမ်းငါးယောက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနက ၀န်ထမ်းတစ်ယောက် ရှိတယ်...အစတုန်းက ငါတို့ ဒါက ဝိညာဉ် လွင့်မျောနေတဲ့ သာမာန်ဖြစ်စဉ်လို့ တွေးခဲ့ ကြပေမဲ့…”
လင်းချန် လျှိုကျောက်ချန်ညွှန်ပြ‌‌ နေသောနေရာ ကို လှမ်းကြည့်လိုက်သည်။
သူ ထိုနေရာမှ အခြေအနေကို မြင်လိုက်သောအခါ ကူရာမဲ့စွာ အံ့ဩသွားသည်။
“ဒါက...”
ထူထပ်သိပ်သည်း‌သည့် အနက်ရောင်မြူများက စာသင်ဆောင်ကို ၀န်းရံထားပေသည်။ ညဘက်တွင် ထိုစာသင်ဆောင်၏ ပုံစံက ပို၍မှုန်ဝါးလာကာ တွေ့မြင်ရန်ခက်ခဲလသည်။ ယင်းက ကြောက်စရာကောင်းသော သားရဲကြီးတစ်ကောင်ကအမှောင်ထဲတွင် သူ၏ ပါးစပ်များကို ဖွင့်ဟလျက် သားကောင်ကိုစားရန် စောင့်နေသည်နှင့် တူလေသည်။
လင်းချန် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး ‌ခေါင်းကို ငုံ့ကာ လျှိုကျောက်ချန်ကမ်းပေး‌သော စိစစ်ချက် အစီရင်ခံစာကို ဖတ်လိုက်သည်။
သူ အစီရင်ခံစာကို ဖတ်လေလေ ‌သူ့ကျောတွင် ချွေးများ ရွှဲလာလေလေ ဖြစ်သည်။
ပစ္စည်းကိရိယာများက သူတို့ရင်ဆိုင်နေရသည်မှာ မည်သည့်ရန်သူ အမျိုးအစား ဖြစ်ကြောင်း စစ်ဆေးဆုံးဖြတ်ရန် စွမ်းရည် မရှိ‌သောကြောင့် ကြောက်စရာကောင်းပြီး ရေရာခြင်းမရှိသည့် အစီရင်ခံစာကိုသာ ပေးနိုင်လေသည်။
သူ အထဲထိသွားပြီး စစ်ဆေးစရာ မလိုကြောင်း လင်းချန်သိသည်။ အကယ်၍ သူ အထဲ၀င်သွားမည်ဆိုလျှင်လည်း လူများကို မကယ်တင်နိုင်ပေ။
သူ အစီရင်ခံစာကို အောက်ကိုချပြီးအသက်ပြင်းပြင်း ရှုလိုက်သည်။
“ငါ အထက်ကို သတင်းပို့‌ပေးမယ်... သူတို့ ဒါကိုဖြေရှင်းဖို့ အေအဆင့်အဖွဲ့ကို လွှတ်ပေးရင် လွှတ်ပေးမှာပေါ့... ကျောင်း၀န်းကျင်ကို ချိတ်ပိတ်ထားဖို့ မင်းမှာ တာ၀န်ရှိတယ်...အဲလိုလုပ်‌ပြီးရင် မင်းသိတဲ့ သက်ဆိုင်ရာဌာနတွေအားလုံးကို ဆက်သွယ်လိုက်ပါ...”
လင်းချန် စကားပြော၍မပြီးခင်တွင်ပင် လျှိုကျောက်ချန် ဒေါသတကြီး ကြားဖြတ်ပြောလိုက်‌ လေသည်။
“ဒါဆို ငါ့လူတွေကရော...”
လင်းချန် ခက်ထန်သော အမူအရာနှင့် ပြောလိုက်သည်။
“သူတို့ အသက်ရှင်ဖို့ အခွင့်အလမ်း အရမ်း နည်းတယ်...‌‌‌‌‌‌တိုက်ခိုက်ရေး၀န်ထမ်း‌တွေတောင် အသက်ရှင်ဖို့ များပြားတဲ့ တိုက်ခိုက်ရေး အတွေ့ အကြုံတွေ လိုအပ်‌သေးတယ်...ထောက်ပံ့ပို့ဆောင်ရေးဌာနက သာမာန် ၀န်ထမ်းလေးဆို ကံအရမ်းကောင်းမှ လွတ်မြောက်နိုင်လိမ့်မယ်...”
လင်းချန် သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။
“ဒါ‌ပေမဲ့ ငါကတော့ အဲ၀န်ထမ်းကို ဘုရား တောင် မကယ်နိုင်မှာ စိုးရိမ်မိတယ်...”
........
စာသင်ဆောင် အတွင်း၌...
ဘုရားပင် မကယ်နိုင်သည့် ထောက်ပံ့ပို့ဆောင်ရေး၀န်ထမ်း‌လေး သေးငယ်သောနေရာလေးတွင် တစ်‌ယောက်တည်း ရပ်နေလေသည်။ ရွံ့ရှာစရာကောင်းသည့်အရည်များက နံရံများ ၊ မျက်နှာကျက်များနှင့် ဘေစင်မှ စိမ့်ထွက်လာသောကြောင့် ကြမ်းပြင်၏ အပေါ်ယံက ထူထဲနက်မှောင်သော အချွဲများနှင့် ပြည့်နေလေသည်။
လက်တံများကလည်း သူ့ကို နေရာပေါင်းစုံမှ တိုက်ခိုက်နေကြလေသည်။
တိုက်ခိုက်မှုများက ပြင်းထန်ရူးသွပ်နေပြီး တစ်ဖက်လူကို အသက်ရူရန် အချိန်ပင် မပေး ချေ။
“ခဏ...ခဏ...ခဏ‌နေဦး...အရင်ဆုံးစိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပါဦး...”
ယဲ့ကျား ကိုယ့်ကိုကိုယ် ကာကွယ်နေစဉ်ကပ်ပါးကောင်နှင့် သာမာန်အတိုင်း ဆက်သွယ် နေလေသည်။
“မင်း အဲဒါ ဘာကို ဆိုလိုတာလဲ...”
ဓားသွားတစ်ချက်က တိတ်ဆိတ်စွာ ရွေ့လျားသွားပြီး လေကို ချောမွေ့စွာဖြတ်လိုက်ပြီး တိုက်ခိုက်မှုတိုင်းကို တားဆီးထားလေသည်
ယဲ့ကျား ဇွဲကောင်းကောင်းနှင့် ဆက်မေးလိုက်သည်။
“သူက ငါ့ကြောင့် လာခဲ့တယ််ဆိုတာ ဘာအဓိပ္ပာယ်လဲ...သူကရော ဘယ်သူလဲ...”
ထပ်တလဲလဲ မေးမြန်းမှုများက ကပ်ပါးကောင်ကို ပို၍ စိတ်ပျက် လာစေပြီး‌ ဒေါသတကြီး ပြောလိုက်သည်။
“ငါ မင်းရဲ့ အရေပြားကို ဖြည်းဖြည်းချင်း ဆွဲခွာမယ်...မင်းရဲ့ အသားတွေကို ဆုတ်ဖြဲ ပစ်မယ်...မင်းရဲ့ အရိုးတွေကို ကြိတ်ချေ ပစ်မယ်...မင်းရဲ့အထဲက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အားရပါးရ စားပစ်ပြီး မင်းရဲ့သွေးကို သောက်မယ်...ပြီးရင် မင်းရဲ့ ဝိညာဉ်ကိုလည်း အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်ဟေ့...”
ယဲ့ကျားခြေထောက်အောက်ရှိ ရွံ့စရာကောင်းပြီး ပုပ်စော်နံသည့် အရည်များ စတင်ဆူပွက်လာလေသည်။
“မင်းကို သတ်ပေးဖို့ တောင်းဆိုလာတဲ့အထိ နာကျင်မှုမှာ ရုန်းကန်နေစေ ချင်တယ်...”
ယဲ့ကျား ရင်နာသွားလေသည်။
ဆယ်သွယ်မှု လုပ်ဖို့ လုံး၀မဖြစ်နိုင်ဘူး…
သူ အာရုံထွေပြားနေစဉ် တစ်ဖက်လူ၏ လက်တံများက သူ့လက်ကောက်၀တ်ကို လာရိုက်လေသည်။
လက်တံက ယဲ့ကျား၏ ‌အရေပြားနှင့်ထိတွေ့မိသောအခါ ပုံသဏ္ဍာန်ချက်ချင်းပြောင်းသွားလေသည်။
၎င်းလက်တံက စေးကပ်စိုစွတ်နေသောကြောက်စရာကောင်းပြီး ဆန်းကျယ်သည့် လက်တစ်ဖက်အဖြစ် ပြောင်းသွားလေသည်။ ထိုလက်ကရေထဲတွင် အကြာကြီးနစ်မြှပ်နေသည့် လူသေတစ်ယောက်၏ လက်နှင့် တူလေသည်။
ထို ကြောက်စရာကောင်းသော လက်က ယဲ့ကျား၏ လက်ကောက်၀တ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီးနောက် ရှဲခနဲ အသံထွက်လာ‌‌ပြီး ချက်ချင်းဆိုသလို ထိတွေ့ခံရသည့်အရေပြားက မီးသွေးသဖွယ် မည်းမှောင်လာလေသည်။
ကျဉ်းမြောင်းသော အိမ်သာခန်းထဲတွင်ကွဲအက်နေပြီး ရူးသွပ်စွာ ရယ်နေသည့် အသံ ထွက်ပေါ်လာလေသည်။
“ဟား...ဟား...ဟား..ဟား...ငါ ဒီလောက် နာမည်ကြီး အေ့စ်ကို တကယ်ကြီး ဖမ်းမိ လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
ကပ်ပါးကောင်က ဝိညာဉ်အပေါ်တွင် အမှတ် အသားပြုခြင်း ဖြစ်သည်။
သူတို့ အမှတ်အသားပြုခံထားရသည့်သားကောင်‌များက ကြာကြာလွတ်မြောက်နိုင်မည် မဟုတ်ပေ။
ကပ်ပါးကောင်က ကင်ဆာရောဂါသဖွယ် သူတို့နောက်သို့ လိုက်ပါနေမည် ဖြစ်ပြီးသားကောင်ဆီသို့ အဆိုးမြင်စိတ်ခံစားချက်များထည့်သွင်းပေးကာ သူတို့ကို ဖြည်းဖြည်းချင်း စုပ်ယူ ခြောက်ကပ်သွားစေမည် ဖြစ်သည်။
ယင်းကြောင့် သူတို့ ဤနာမည်ရလာခြင်းဖြစ်သည်။
“ဟား...ဟား...ဟား...”
ကပ်ပါးကောင်၏ အသံက ၀မ်းသာအားရ ဖြစ်နေပြီး ရက်စက်စွာ ပျော်မြူးနေလေသည်။
“သူ ဒီလောက်ကြာအောင် ရှာနေတဲ့လူက ငါရဲ့စားစရာဖြစ်လာပြီး နာကျင်မှုတွေ၊ကြောက် လန့်မှုတွေနဲ့ သေသွားလိမ့်မယ်လို့ သူ တွေးမိမှာ မဟုတ်ဘူ...”
နောက်တစ်ခဏတွင် ထိုရယ်မြူးနေသံကရုတ်တရက် ရပ်သွားလေသည်။
“ဒါ...ဒါက...”
လက်မဲလေး ယဲ့ကျား၏ ကော်လံအောက်မှ တွားသွား ထွက်လာလေသည်။
သူနှင့် ကျွမ်း၀င်နေသည့် မြင်ကွင်းကို ကြည့်လိုက်ပြီး စာနာစွာ သက်ပြင်းချလိုက်သည်။
“ဘော့စ် အဲဒါကို ဘော့စ်ဆီရောက်လာခွင့် မပေးနဲ့နော်...ကျွန်တော်လည်း ဒါမျိုး ကြုံရတာ ပထမအကြိမ်ပဲ...”
ယဲ့ကျား သူ့ပခုံးပေါ်မှ လက်မဲလေးကိုပြုံးကာ ဆုပ်ကိုင်လိုက်ပြီး ပြန်မလွှတ်မီ ယင်းကို ကျွိခနဲ ထပ်ညစ်လိုက်သည်။
ကပ်ပါးကောင် သူ အန္တရာယ်နှင့် ရင်ဆိုင်ရ‌ တော့မည်ကို ရုတ်တရက် ခံစားမိလိုက်သည်။
သူ၏ နောက်လက်တံကို ချက်ချင်း ဓားသွားသဏ္ဍာန် ပြောင်းလိုက်ပြီး ယဲ့ကျား၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်ထားသည့် လက်တံအား ရက်စက်စွာ ခုတ်ထည့်လိုက်သည်။
(သူ့ရဲ့လက်တံကို သူ့ဘာသာ ဖြတ်ပစ်တာပါ)
လူသေတစ်ယောက်နှင့် တူသောလက်ကချက်ချင်းဆိုသလို ပုံသဏ္ဍာန် ပျက်ပြားသွားပြီး အနက်ရောင်အကျိအချွဲ အိုင်အဖြစ် ပြောင်းသွားလေသည်။
လူငယ်လေး၏ ဖြူဖျော့နေသော အရေပြားပေါ်တွင် ကျန်ရှိနေသည့် အကျိအချွဲများက ပင်လယ်အတွင်းသို့ ကျဆင်းသွားသော ရေစက်များသဖွယ် တဖြည်းဖြည်း ပျောက်ကွယ်လာပြီး သန့်ရှင်း‌နေသော အရေပြားသာ ကျန်‌တော့သည်။
ယဲ့ကျား မျက်လုံးများကို မှေးစင်းလိုက်ပြီးသူ၏ တောက်ပသော မျက်လုံးများက မုန်တိုင်းတိုက်ခတ်ရန် ပြင်ဆင်နေသည့်မီးခိုးရောင်ကောင်းကင်သဖွယ် ဖြစ်နေလေသည်။
သူ ရုတ်တရက် စကားထပြောလာသည်။
“မင်းသိလား...သရဲတိုင်းက မတူညီတဲ့အရသာ‌တွေ ရှိတယ်...တချို့က စားစရာနဲ့တူတယ်...တချို့ကစားလို့ကောင်းပြီး တချို့က စားမကောင်းဘူး... စာအုပ်အဟောင်းက ဖုန်မှုန့်တွေလိုမျိုး ရေစိုနေတဲ့ တဘတ်‌တွေလိုမျိုး ထူးဆန်းတဲ့အရသာရှိတဲ့ သရဲတွေ‌တောင် ရှိသေး...”
သူ မျက်လုံးကိုပင့်လိုက်ပြီး သူ့‌ရှေ့ကနေတဖြည်းဖြည်း နောက်ဆုတ် နေသည့် အမှောင် ရိပ်ကို ကြည့်လိုက်သည်။
“မင်းရဲ့ အရသာကရော…”
ယဲ့ကျား မျက်ခုံးများကို တွန့်လိုက်သည်။
“ပက်ကျိပုပ်လို အရသာလား...”
လက်မဲလေး : “……….”
Fuck...
လက်မဲလေး ရုတ်တရက် ထိုနေ့က အဖြစ်အပျက်ကို သတိရသွားလေသည်။ ထိုအချိန်က သူ ယဲ့ကျား၏ အသက်စွမ်းအင်ကို စုပ်ယူရန် ကြိုးပမ်းခဲ့သော်လည်း သူ ရခဲ့သည်က သိပ်သည်းသော တစ္ဆေစွမ်းအင်များနှင့် အမှောင်ထုကြီးသာ ဖြစ်လေသည်။
သူ ယင်းမှ မလွတ်မြောက်‌နိုင်ပေ။ သူ့ဆွဲငင်ခံ‌နေရသည်ကိုသာ ခံစားမိပြီး တစ်ဖက်လူက သူ၏ တစ္ဆေစွမ်းအင် ဖြည်းဖြည်းချင်း စုပ်ယူနေသည်ကို ကြည့်နေရလေသည်။
ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်သော်လည်း ယခု အားလုံးကိုနားလည်‌နေပြီဖြစ်သည်
လက်မဲလေး ယဲ့ကျား၏ ပခုံးပေါ်တွင်တုန်ရီနေပြီး စိတ်ထဲတွင် အော်ဟစ်ငိုကြွေးနေလေသည်။
ကူညီကြပါဦး...ဒီလူက သရဲတွေကို စားနိုင်တယ်...
ကပ်ပါးကောင် ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ထွက်ပြေးလိုက်‌‌လေသည်။
သို့သော် သူ မလွတ်မြောက်မီ ချွန်ထက်သော ငွေရောင်ဓားသွားတစ်ခုက သူ့ရှေ့ကိုကျလာပြီး လွတ်မြောက်ရန်လမ်းကြောင်းကို ပိတ်ဆို့ထားလေသည်။လခြမ်းသဏ္ဍာန်ရှိသော ဓားသွားတစ်ခုက အေးစက်စွာ ၀င်းလက်နေပြီး အရာအားလုံးဖြတ်တောက်နိုင်သည့်ပုံ ပေါ်‌နေလေသည်။
ကစားသမားများတွင် ကိုယ်ပိုင်လက်နက်များ မရှိကြချေ။
ဂိမ်းအတွင်း၌ သူတို့ စုဆောင်းထား‌သော အမှတ်များကို အသုံးပြု၍ လက်နက်များကို ရွေးချယ်ရပြီး ထိုလက်နက်များ၌သက်တမ်းကုန်ဆုံးရက်လည်း ရှိလေသည်။
အေ့စ်က ခြွင်းချက် ဖြစ်သည်။
ရွှေနှင့် ကျောက်စိမ်းကိုပင် ဖြတ်တောက် နိုင်သည့် ဆန်းကြယ်သော တံစဉ်းက မည်သည့်နေရာမှ ပေါ်ထွက်လာကြောင်း မည်သူမှ မသိကြပေ။ အချို့က ဂိမ်းအတွင်း လျှို့ဝှက်တာ၀န်၏ ဆုလာဒ်တစ်ခုအနေဖြင့် ယင်းကို ရရှိလာသည်ဟု ထင်မြင်ကြပြီး အချို့က ဂိမ်းစနစ်အတွင်းရှိ ဗိုင်းရပ်စ်ကြောင့် ရရှိလာသည်ဟု ထင်မြင်ကြလေသည်။ ထို့ကြောင့် မနာလို‌ သော ကစားသမားအချို့က သူ၏ လက်နက်နှင့် အမှတ်များကို ခိုးယူရန် ချောင်းမြောင်း တိုက်ခိုက်ခဲ့သည့် အချိန်မျိုး ရှိခဲ့လေသည်။
ထိုအချိန်က ဘာဖြစ်သွားမှန်း မည်သူမှ မသိချေ။
ကစားသမားအဆင့်သတ်မှတ်ချက်ဇယားရှိ အေ့စ်၏ အမှတ်များ ညတွင်းချင်း ဆယ်ဆတိုးလာသည်ကိုသာ အခြားသူများမြင်ခဲ့ရပြီး အေ့စ်ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားသူများကို ဘယ်သောအခါမှ မတွေ့ရတော့‌ချေ။
ယခုအချိန်တွင် ထိုဆန်းကြယ်သောတံစဉ်းနှင့် ထိပ်တိုက်ရင်ဆိုင်‌ နေရသည့် ကပ်ပါးကောင် သဘောပေါက်သွားလေသည်။
ဒါက လက်နက်မှ မဟုတ်တာ...ဒါကအရမ်းအေးစက်၊ အရမ်းသန့်စင်ပြီးကြောက်စရာကောင်းတဲ့ တစ္ဆေစွမ်းအင်နဲ့တူတယ်... အထူးသဖြင့် ဒီဟာက တစ်ဖက်လူရဲ့ ဝိညာဉ်ကို ချဲ့ပေးနိုင်တာပဲ...
“အလျင်မလိုပါနဲ့...”
လူငယ်လေးအသံ သူ့နောက်မှ ထွက်လာလေသည်။ ယင်းအသံက နူးညံ့နေပြီးအနည်းငယ် ပျင်းရိနေပုံကာ မကောင်းဆိုးဝါး တစ်ကောင်၏ စရိုက်လက္ခဏာများပါ၀င်နေလေသည်။
“စကား‌ပြောကြရအောင်...”
ကပ်ပါးကောင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။
ယာယီပိုင်နက်၏ သက်ရောက်မှုများလျော့ပါးလာကာ ထိန်းချုပ်နိုင်သည့် ဧရိယာသည်လည်း တဖြည်းဖြည်းကျုံ့လာသည်။ သို့သော် တစ်ဖက်လူထံမှ လာသော မမြင်ရသည့် ဖိအားတစ်ခုက သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြရန်တွန်းအား‌ ပေးခဲ့သည်။
ပုပ်ပွဖူးရောင်နေသော ခေါင်းတွင် အနက်ရောင်လက်တံ ရှစ်ခုရှိနေပြီး လက်တံတစ်ချောင်းချင်းစီ၏ ထိပ်ဖျားတွင် လူသေနှင့်တူ‌သော လက်များ ရှိနေလေသည်။အသားအရေက နူးအိချွဲပျစ်‌မည်းမှောင်နေကာ ရွံ့စရာကောင်းသည့် အနံ့ဆိုးများက ယင်းမှ ထွက်နေပြီးကြမ်းပြင်နှင့် ထိမိသောအခါ တရှဲရှဲ မြည်သံများ ထွက်ပေါ်လာလေသည်။
ကပ်ပါးကောင် သူ မလွတ်မြောက်နိုင်ကြောင်း နားလည်သွားပြီးနောက် ရုန်းကန်နေခြင်းကို ရပ်လိုက်ပြီး ယဲ့ကျားဘက်သို့ ခေါင်းကို လှည့်လိုက်ကာ ထူးဆန်းသော ရယ်သံနှင့် ပြောလိုက်သည်။
“ဟီး...ဟီး...ဟီး...ဟီး...ဘာပြောချင်တာလဲ...”
“မင်း အခု 'သူ'လို့ ပြောသွားတယ်လေ...သူက မင်းရဲ့အသိုက်တစ်ခုလုံးနီးပါးကို ဖျက်ဆီးခဲ့တဲ့သူလား...”
ယဲ့ကျား လက်မဲလေးပြောခဲ့သည့် စကားများကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်ကာ ဖြည့်ပြောလိုက်သည်။
“တစ်နည်းအားဖြင့် မင်းရဲ့ကင်း(King) လား...”
“ကင်း...ဟား...ဟား...ဟား...ကင်း...” ကပ်ပါးကောင် ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခု ကြားလိုက် ရသကဲ့သို့ဖြစ်သွားကာ အသံအက်အက်ကြီးနှင့် ရယ်မောလိုက်သည်။
“သူက ဘယ်လိုလုပ် ငါရဲ့ ကင်းဖြစ်မှာ လဲ...သူ့ကို ဂိမ်းက အသိအမှတ်ပြုထားလို့ ငါတို့အားလုံး သူ့လက်အောက်ဝင်မယ်လို့ မထင်နဲ့...သူက ကင်းမဟုတ်ဘူး... လုံး၀ မဟုတ်ဘူး...”
ယဲ့ကျား ဆက်လက် စူးစမ်းလိုက်သည်။
“ဒါဆို သူက ဘယ်သူလဲ..”
ကပ်ပါးကောင်၏ ရုပ်ဆိုးပြီး ကြောက်စရာ ကောင်းသည့် ခေါင်းက ရုတ်တရက် တုန်ရီလာပြီး မသိစိတ်က တုန်လှုပ်ခြောက်ခြား လာလေသည်။
"သူက အရူးတစ်ယောက်ပဲ...”
ထိုလူ သူတို့အသိုက်တွင် ပေါ်လာတဲ့အချိန်ကို သူ မှတ်မိ‌‌နေသေးသည်
ထိုအချိန်၌ ထိုလူက အသားအရေဖြူဖျော့နေပြီး ကျဉ်းမြောင်းသော ပခုံးများနှင့် ဆယ်ကျော်သက် တစ်ယောက်သာ ဖြစ်သည်။ သူက အရမ်းနုနယ်နေပုံပေါ်ကာ သူ့‌နောက်မှ ဝါးတားတားအမှောင်ထုက သူ့ကို ချက်ချင်း ဝါးမျိုတော့မည်သကဲ့သို့ ဖြစ်နေလေသည်။
ကောင်လေးက နက်ရှိုင်းလှ‌သောမဟူရာမျက်၀န်းတစ်စုံနှင့် အသိုက်ထဲတွင်ရပ်နေပြီး တစ်ခုခု ပျောက်ဆုံးနေသည်ပုံ ပေါ်လေသည်။
ကောင်လေး တိုးညှင်းစွာ မေးလာခဲ့သည်။
"ငါ့ ကောကောကို မြင်မိလား...သူ ပျောက်သွားပြီ... သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူး...”
ဂူအတွင်းမှ ကျယ်လောင်‌သော လှောင်ရယ်သံများ ထွက်ပေါ်လာလေသည်။ သူလည်း အခြားသော ကပ်ပါးကောင်များနည်းတူ ကောင်လေးကို လှောင်ရယ်ခဲ့သည်။
သို့သော် ကောင်လေးက ထိုလှောင်ရယ်သံများကို လုံး၀မကြားသကဲ့သို့ပင်သူတို့ထံတွင် မရှိသည့် တည်ရှိမှုကို လှည့်ပတ်ရှာနေလေသည်။
ထိုကဲ့သို့ ဖြစ်ပွားနေစဉ်...
“မင်း‌ ကောကောလား...”
ကွဲအက်နေသော အသံတစ်သံ ထွက်လာလေသည်။
“ငါ သူ့ကို တွေ့မိတယ်...”
ကောင်လေး အနည်းငယ် ထိတ်လန့်သွားပြီး မျက်၀န်းက အရောင်တောက်လာပြီး အသံကြားရာဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
“ငါ သူ့ကို ‌မြည်းကြည့်ဖူးတယ်...သူကအရမ်း အရသာရှိတာပဲ...သူ့သွေးနဲ့အကြောက်တရားက အရမ်း‌မွှေးတယ်...ငါ ဒီလို အရသာရှိတဲ့ ကစားသမားမျိုးကိုအရင်က တစ်ခါမှ မမြည်းဖူးဘူး...”
တရှူးရှူးအသံတွင် စိတ်ကျေနပ်မှုများနှင့် စိတ်ဆိုးစိတ်ယုတ်များ ရှိနေလေသည်။
“အာ...အဲဒါကို ထပ်မြည်းကြည့်ချင်‌သေးတယ်...”
ထိုကပ်ပါးကောင်က ရုတ်တရက် အကြောင်းပြချက်မရှိ အလိုလို တုန်ရီလာလေသည်။
ဒီကောင်လေးဆီက ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ခံစားချက်ကို အာရုံခံမိနေတာလဲ...ဒီလို ခံစားချက်ကို အေအဆင့်နဲ့ အေအဆင့်ထက်မြင့်တဲ့ သရဲတွေဆီကပဲ ခံစားဖူးတာ...
နောက်တစ်ခဏအတွင်း ကောင်လေး၏ နက်ရှိုင်းသော မျက်လုံးများအတွင်းတွင် နီမြန်းလာသော လက္ခဏာများ ပေါ်လာလေသည်။
အနီရောင်က လျင်မြန်စွာ ပေါ်ပေါက်လာပြီး ကောင်လေး၏ မျက်လုံးထဲမှ အမှောင်ထုကို ဝါးမျိုလိုက်လေသည်။