အပိုင်း ၁၁
Viewers 10k

Chapter 11
ထို ပြောင်းလဲမှုကို မည်သည့်ကပ်ပါးကောင်မှ သတိမထားမိခဲ့ချေ။
သူတို့ ဆက်လက်လှောင်ရယ်နေကြလေသည်။
အရိုးများ တစ်ချောင်းနှင့် တစ်ချောင်းပွတ်တိုက်နေသံ ထွက်ပေါ်လာသည်။
ကောင်လေး၏ပိန်ပါးပါးပုံစံက တဖြည်းဖြည်း ပြောင်းလဲလာလေသည်။သူ၏ ခြေလက်များ ဆန့်ထွက်လာကာအရပ် ရှည်လာလေသည်။
ကောင်လေး၏ ခန္ဓာကိုယ် ပြောင်းလဲလာသည်နှင့် အမျှ ပြင်းထန်သည့် ဖိနှိပ်စွမ်းအားများ ပျံ့နှံ လာလေသည်။
လှောင်ရယ်သံများ တဖြည်းဖြည်း တိုးညှင်းလာပြီး နောက်ဆုံးတွင် လုံး၀တိတ်ကျသွားပြီး ထိတ်လန့်စရာ တိတ်ဆိတ်မှုများသာ ကျန်တော့သည်။
ထိုလူက အလင်း‌ရောင်ကို ဆန့်ကျင်လျက်ရပ်နေပြီး အမှောင်ထဲတွင် သူ့မျက်လုံးများက ကြေးနီရောင် တောက်နေလေသည်။
မျက်လုံးများထဲတွင် ရက်စက်ကြမ်းတမ်း‌သော သွေးဆာမှုများနှင့် ပြည့်နှက်နေပြီး သွေးပင်လယ်သဖွယ် ဖြစ်နေလေသည်။
သူ့အသံက နူးညံ့ပြီး ကွဲအက်နေကာ ချမ်းစိမ့်စိမ့် ‌အငွေ့အသက်များ ပါ၀င်နေလေသည်။
“အာ...ဒါဆို ကောင်းတာပေါ့...”
ကပ်ပါးကောင်များအားလုံး သူတို့ရှေ့မှထူးဆန်းသည့် တည်ရှိမှုကို ကြည့်နေပြီးဖြစ်ပျက်နေသည်များကို နားလည်အောင် ကြိုးစားနေကြသည်။ အကြောက်တတ်ဆုံးကပ်ပါးကောင်တစ်ကောင်သာလျှင် မသိစိတ်အရ သူ၏ ပိုင်နက်ထဲတွင် ပုန်းအောင်းနေခဲ့သည်။
ပိုင်နက် မဖွင့်မီ အဝေးတစ်နေရာမှ လာသကဲ့သို့ဖြစ်နေသည့် တစ်ဖက်လူ၏ အသံကို ကြားလိုက်ရလေသည်။ ထိုအသံကပေါ့ပေါ့ပါးပါး ရှိနေကာ ထူးခြားမှုမရှိချေ။
“အဲဒါဆို ငါမင်းကို စားလိုက်ရင် ငါ့ကောကောရဲ့ အစိတ်အပိုင်းတစ်ခုကို ပြန်ယူနိုင်မှာပေါ့...ဟုတ်တယ်မလား...”
ယာယီတစ္ဆေပိုင်နက်၏ သက်ရောက်မှုများမှေးမှိန်လျော့ပါး လာပြီဖြစ်သည်။
သက်ရောက်မှုများက တဖြည်းဖြည်းပျောက်ကွယ်သွားကြလေသည်။ နံရံနှင့် ကြမ်းပြင်ပေါ်ရှိ သွေးကြောများနှင့်အကျိအချွဲများက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး နဂိုသန့်ရှင်း‌ချောမွေ့သော မျက်နှာပြင်သို့ ပြန်လည်ရောက်ရှိလာပေသည်။
ဖူးရောင်နေသည့် ခရမ်းပြာရောင်‌ခေါင်းကလေထဲတွင် လွင့်မျောနေပြီး ၎င်း၏ချွန်ထက်သော လက်သည်းများဖြင့်ကြမ်းပြင်ကို ကုတ်ခြစ်နေသောကြောင့် ကြမ်းပြင်ပေါ်တွင် အဖြူရောင်အမှတ်များ ကျန်ခဲ့လေသည်။
ကပ်ပါးကောင် သူ၏ ပုပ်ပွပြီး ငေါထွက်နေသော မျက်လုံးများဖြင့် လူငယ်လေးကိုစိုက်ကြည့် နေလေသည်။ ထို့နောက်လည်ချောင်း ထဲမှ ထူးခြားသော ရယ်သံတစ်သံထွက်လာသည်။
“မင်း ငါ့ကို သွားခွင့်မပြုဘူးဆိုတာ ငါသိတာပေါ့...ငါ မင်းအကြောင်း ကြားဖူးတယ်...မင်းက ဂိမ်းထဲက တာ၀န်တွေကို ဘယ်တော့မှ အပြီးမသတ်ဘဲ ထားမသွားဘူး...”
ကပ်ပါးကောင်၏ အမူအရာက ရုတ်တရက် ရက်စက်လာလေသည်။
“မင်း မင်းရဲ့ အဖွဲ့သားတွေနဲ့ အတူတူပြန်သွားလို့ရမယ် မထင်နဲ့...”
သူ့ခန္ဓာကိုယ်အောက်မှ အကျိအချွဲများရုတ်တရက် ‌ပွက်ပွက်ဆူလာပြီး ယဲ့ကျား၏ အရှေ့မှ ချက်ချင်း ပျောက်ကွယ် သွားလေသည်။
FUCK...
ယဲ့ကျား စိတ်ထဲကျိန်ဆဲလိုက်သည်။
ဂိမ်းအတွင်းရှိ ကပ်ပါးကောင်က ကောက်ကျစ် သောမြေခွေး ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ ကပ်ပါးကောင် သူနှင့်စကားပြောနေစဉ်အတွင်း ကျန်ရှိနေသည့် စွမ်းအားများကိုတိတ်တဆိတ် စုစည်းပြီး လုံး၀ပျောက်ကွယ်မသွားသေးသည့် ယာယီပိုင်နက်ကိုအသုံးပြုကာ လွတ်မြောက်သွားခြင်းဖြစ်သည်။
ပိုင်နက်က ကျုံ့‌နေသောကြောင့် ကပ်ပါးကောင် ဤစာသင်ဆောင်အတွင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
သို့သော် ကပ်ပါးကောင်၏ ရည်ရွယ်ချက်က လွတ်မြောက်ရန် မဟုတ်ကြောင်း သိသာသည်။ ယင်းက ချေမှုန်းမခံရမီ လူအချို့ကို ယင်းနှင့်အတူ ဆွဲချသွားရန်ဖြစ်သည်။
ယခုအချိန်က ဆုံးရှုံးမှုများအတွက် ၀မ်းနည်းနေရမည့် အချိန် မဟုတ်ပေ။
အေးစက်‌သော အလင်းရောင်တစ်ခုတောက်ပလာပြီး သူ့ခြေထောက်အောက်မှကြမ်းပြင် ပြိုကျသွားလေသည်။ ဖြတ်တောက် ခံလိုက်ရသည့်နေရာက တို့ဟူးကိုဓားထက်ထက်နှင့် လှီးလိုက်သကဲ့သို့ ချောမွေ့ သေသပ်နေလေသည်။
ယဲ့ကျား အောက်ကို ခုန်ဆင်းလိုက်သည်။
သူ အောက်ထပ်သို့ ရောက်သည်နှင့်တစ္ဆေစွမ်းအင် အများဆုံးစုစည်းနေသည့် နေရာသို့ မရပ်မနား တဟုန်ထိုး ပြေးသွားလိုက်သည်။
ဟာရီကိန်း မုန်တိုင်းသကဲ့သို့ အရှိန်နှင့်ပြေးနေသောကြောင့် ဖုန်ထလာပြီး အပျက်အစီးများ လွင့်မျောလာလေသည်။
ဖုန်မှုန့်များ အလယ်တွင် ရှိနေသော ယဲ့ကျား မျက်လုံးများ အနည်းငယ် မှေးစင်း သွားလေသည်။
သူ့ရှေ့မှ ပြေးနေသည့် ကပ်ပါးကောင် ရပ်တန့်သွားသည်ကို သူ ခံစားမိ၏။
သူတို့ကြားတွင် နံရံနှစ်ခုသာ ခြားလေသည်။
ကော်ရစ်တာအဆုံးရှိ စာသင်ခန်း၌...
အခန်းထဲတွင် စေးကပ်ကာ ရွံ့စရာကောင်းသည့် အကျိအချွဲများနှင့် တဖြည်းဖြည်းပြည့်နှက်လာလေသည်။ သတိလစ်နေသော လူငါးယောက်ကို နံရံပေါ်တွင် ချိတ်ဆွဲထားသဖြင့် ၎င်းတို့ အကျိအချွဲများကြား နစ်မြုပ်လုနီးပါး ဖြစ်နေလေသည်။သိသိသာသာ ကျန်ရစ်နေသည်မှာသူတို့၏ ဖြူဖျော့နေသော မျက်နှာများသာ ဖြစ်ပြီး ၎င်းတို့ကြောင့် သူတို့ အသက်ရှင်နေ‌သေးခြင်း ဖြစ်သည်။
ကြမ်းပြင်ပေါ်ရှိ အကျိအချွဲများကြား ဂယက်ထလာပြီး ပုပ်ပွနေသည့် ခေါင်းတစ်လုံး ပေါ်လာလေသည်။ ခေါင်းကပါးစပ်ပွင့်လာပြီး လည်ချောင်းအတွင်းမှသေးငယ်ရှည်လျားသော ပြွန်တစ်ခုထွက်လာကာ သူနှင့် အနီးဆုံးဖြစ်သည့် ကျောက်ကွမ်းချန်၏ ပါးစပ်အတွင်း၀င်သွားလေသည်။
ပြွန်တစ်လျှောက် ထူးဆန်းသော အဖုတစ်ဖု ထွက်လာကာ ကပ်ပါး‌ကောင်ရွေ့လျားရာသို့ လိုက်ရွေ့လျားနေလေသည်။
ကျောက်ကွမ်းချန် သတိလစ်နေသေးသော်လည်း နာကျင်မှုများကြား ရုန်းကန်နေလေသည်။ သူ၏ ပါးပြင်များကသာမာန် မျက်လုံးဖြင့်ပင် မြင်နိုင်လောက်သည့်အထိ နစ်မြှုပ်သွားလေသည်။
စက္ကန့်ပိုင်းအတွင်း ကျယ်‌လောင်သောအသံတစ်သံထွက်လာကာ နောက်မှ နံရံကွဲအက်သွားလေသည်။ ဖုန်မှုန့်များပျံ့နှံ့နေပြီး ဖြူဖျော့ဖျော့ ပြွန်က နှစ်ပိုင်းကွဲသွားလေသည်။
ပြွန်အတွင်းမှ အနက်ရောင်‌သွေးများပန်းထွက်လာပြီး ကပ်ပါးကောင်သည်လည်း နားအူမတတ် အော်ဟစ်ငိုကြွေးလာလေသည်။ သူ၏ ငိုကြွေးသံက စာသင်ခန်းတစ်ခုလုံးကို တုန်ခါလာစေပြီး ကြားရသူတိုင်းကို စိတ်မသက်မသာခံစားရစေလေသည်။
ဓားသွားက ပြွန်တင်မက နံရံပေါ်မှ အကျိအချွဲများကိုပင် ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
နံရံ‌တွင် ချိတ်ဆွဲခံထားရသည့် ကျောက်ကွမ်းချန်၏ လေးလံသော ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျလာလေသည်။
နာကျင်တယ်...‌အေးတယ်...ရွံ့စရာကောင်းတယ်...
မရေမတွက်နိုင်‌သည့် ဆိုးရွား‌သောအာရုံခံစားမှုများစွာက သူ၏အားနည်းနေသော ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်နေလေသည်။ သူ့ပါးစပ်နှင့် နှာခေါင်းထဲတွင်လည်းပုပ်စော်နံ့များဖြင့် ပြည့်နှက်နေပြီး ရာပေါင်း များစွာသော လောက် ကောင်များကို ဝါးမျိုထားသကဲ့သို့ ဖြစ်နေ သည်။ထိုစက်ဆုပ်စရာ အခြေအနေများကကျောက်ကွမ်းချန်ကို သတိလစ်နေသောအနေအထားမှ ဆွဲခေါ်လာခဲ့သည်။
ကျောက်ကွမ်းချန်၏ မျက်တောင်မွှေးများက ခဲများပြည့်နှက်နေသကဲ့သို့ လေးလံနေပြီး သူ ၎င်းကို မ မနိုင်ချေ။
နောက်ဆုံး၌ ကျောက်ကွမ်းချန် သူ၏ မျက်တောင်များကို ခက်ခက်ခဲခဲ မလိုက်နိုင်ပြီး ‌သေးငယ်သော အမြင်ကျဉ်းကျဉ်းလေးမှတစ်ဆင့် ရှေ့ကို ကြည့်လိုက်လေသည်။
သူ့‌ရှေ့မှ မြင်ကွင်းက အိမ်မက်ဆိုးများ၌သာ ရှိ‌နိုင်သည့် မြင်ကွင်းဖြစ်သည်။ သူ အထိန်းအကွပ်မဲ့စွာ စတင်တုန်ရီလာလေသည်။
လေထုထဲရှိ ထူထပ်သော အမှောင်စိတ်ဆိုးစိတ်ယုတ်များက ထိတွေ့ကိုင်တွယ်၍ ရသည့်ဒြပ်ထုကြီးအဖြစ် စုစည်းလာပြီး ကျောက်ကွမ်းချန်ရှေ့တွင် ခြေလက်များတွန့်လိမ်နေပြီး ပုပ်စော်နံ့သည့် ‌မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာလေသည်။ သူနှင့် ကပ်လျက် ရှိနေသည့် မကောင်းဆိုးဝါး ခန္ဓာကိုယ်မှ ထွက်လာသောအနံ့အသက် များကို ရှင်းရှင်း လင်းလင်း အနံ့ရနေလေသည်။
ကြောက်စရာကောင်းသည့် မြင်ကွင်းအလယ်တွင် ပြင်းထန်သည့် ဖိအားများကြောင့် ပုံမှန်မဟုတ်သော ကြီးမားသည့် အပေါက် တစ်ပေါက် ဖြစ်လာပြီး အခန်းအတွင်းသို့ အလင်းရောင်ဖျော့ဖျော့ ၀င်ရောက်လာပေသည်။ ထို့နောက် လေထဲရှိဖုန်မှုန့်များနှင့် အခိုးအငွေ့များကြားတွင် လူတစ်ယောက်ပုံရိပ် ဝါးတားတား ပေါ်လာလေသည်။
ဒါက အိမ်မက်လား...
ကျောက်ကွမ်းချန် အနည်းငယ် တွေဝေမှင်သက်သွားလေသည်။
သူ ကွဲအက်အက် အသံကိုကြားလိုက်ရသည်။ ထိုအသံတွင် သူ့ဘ၀၌ တစ်ခါမှ မကြားဖူးသည့် ရက်စက်ကြမ်းကြုတ်မှုများ ပါ၀င်နေလေသည်။အသံတစ်ချက်စီတိုင်းတွင် အဆိပ်များပါဝင်နေသကဲ့သို့ ဖြစ်နေပြီး အသံကအဝေးတစ်နေရာမှ လာနေသယောင် ထင်ရလေသည်။
ကျောက်ကွမ်းချန်၏ နားများ မြည်ဟည်းလာပြီး ထိုမြည်ဟည်းသံများကြားမှ စကားလုံးအချို့ကို ကြားနေရလေသည်။
“မင်း ထပ်ပြီး...”
ထိုအသံက ရယ်‌မောလိုက်သည်။
“ငါ မင်းကို ...အတူဆွဲချ...”
သူရှေ့မှ မကောင်းဆိုးဝါး၏ ခြေလက်များတွန့်လိမ်ဆန့်ထွက်လာကာ စိတ်ကူး၍ပင် မရသည့် ပုံသဏ္ဍာန်သို့ ပြောင်းသွားပြီးလူသဏ္ဍာန်ပုံရိပ်ဆီသို့ ပြေးသွားလေသည်။
လခြမ်းကွေးသဏ္ဍာန် ဓားသွား ဖျတ်ခနဲ‌လင်းလက်လာပြီး လေကိုဖြတ်‌တောက်လိုက်လေသည်။ တိတ်ဆိတ်အေးစက်သော အလှတရားနှင့် ဓားသွားက သူ့လမ်းကြောင်းပေါ်တွင်ရှိသော အရာအားလုံးကို ငြိမ်သက်သွားစေလေသည်။ထိုဓားသွား ‌လင်းလက်လာသည့် အခိုက်အတန့်တွင် ကျောက်ကွမ်းချန်၏ရှေ့မှမည်းမှောင်နေသောအခန်းက ဖျတ်ခနဲ လင်းလက်လာလေသည်။
ထိုလင်းလက်မှုက စက္ကန့်ပိုင်းအတွင်းပြန်ပျောက်ကွယ်သွားကာ အခန်းထဲတွင်အမှောင်ထုနှင့် ဖုန်မှုန့်များ တစ်ဖန် ပြန်လွှမ်းခြုံလာသည်။
နောက်တစ်ခဏအတွင်း လူမဆန်သော‌ အော်သံတစ်သံက အခန်းထဲတွင် ပျံ့နှံ့လာလေသည်။ ယင်းအသံက အရာအားလုံးကို တုန်ခါစေပြီး ကျောက်ကွမ်းချန်ပင် တစ်ဖန်သတိလစ်လုနီးပါး ဖြစ်သွားသည်။
ကျောက်ကွမ်းချန်၏အသိစိတ်က ထိန်းမရသိမ်းမရ လွတ်ထွက်သွား‌တော့မည့်ပုံပေါ်နေပြီး သူ ကြိုးစားရုန်းကန်နေလေသည်။
ထိုအချိန် သူ မကျေမချမ်း ဟိန်းဟောက်လိုက်သံကို ကြားလိုက်ရ‌သည်။
“‌ အေ့စ်...”
သူ့အသိစိတ် လွတ်ထွက်မသွားမီ သူ့ရှေ့တွင် ကြည်လင်‌တောက်ပသော မျက်လုံးအစုံကို မြင်လိုက်ရပြီး ထိုမြင်ကွင်းကသူ့နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း ဆွဲထင်သွားလေသည်။
ထို့‌နောက် သူ ချက်ချင်း ပြန်သတိလစ်သွားသည်။
“‌ ဘုတ်...ဘုတ်...”
ပုပ်ပွပြီး ရွံ့စရာကောင်းသည့် ခြေတံလက်တံများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းတို့က တဖြည်းဖြည်းထွင်းဖောက်မြင်ရသည့်ပုံစံ ပြောင်းသွားပြီး အရောင်က တဖြည်းဖြည်း ဖျော့တော့လာကာ ပျောက်ကွယ်သွားလေသည်။
ထို့နောက် လေဆင်နှာမောင်းသဖွယ် မမြင်ရသည့်အားတစ်ခုက တံခါးဆီသို့ တိုး၀င်လာလေသည်။
ယဲ့ကျား၏ ပုံရိပ် အနည်းငယ်တုန်ခါနေလေသည်။
သူ၏ အသားအ‌ရေကလည်း ကြည့်မကောင်းတော့ပေ။
လက်မဲလေး ယဲ့ကျား၏ ပခုံးကို ဆုပ်ကိုင်ထားကာ ယဲ့ကျားကို စိုးရိမ်လာသောကြောင့်ဂရုတစိုက် ကြည့်လိုက်လေသည်။
လူငယ်လေး၏ မျက်ခုံးများက တွန့်နေပြီး သူ၏ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်မှာ သွေးပင် မလျှောက်‌‌တော့ချေ။ သူ၏ အလွန်ဖြူဖျော့နေသော အသားအရေက နုနယ်နေပြီး ကြွေကဲ့သို့ အားနည်းနည်းစိုက်ရုံနှင့် ကွဲကြေသွားမည်ပုံ ပေါ်နေလေသည်။
လက်မဲလေး အံ့ဩမှင်သက်သွားလေသည်။
သူ ယဲ့ကျား၏ ယခုလို ပုံစံကို သူတစ်ခါမှ မမြင်ဖူးချေ။
သူ တွန့်ဆုတ်နေပြီး‌နောက် အားခဲကာ မေးလိုက်လေသည်။
“ဟမ်...‌‌ ဘော့စ်...”
သူ‌ မေး၍ မပြီးခင်တွင် ယဲ့ကျား ရုတ်တရက်ကြီး လက်မြှောက်လာပြီး နံရံကို ကိုင်လိုက်ကာ လေချဉ်တက်‌လိုက်လေသည်။
လက်မဲလေး : “……..”
ယဲ့ကျား ‌နောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။
“သူ့အရသာက ‌တော်‌တော် ဆိုး၀ါးတာပဲ...”
ဒီတစ်ကောင်ထဲမဟုတ်ဘူး...ကပ်ပါးကောင်တွေ အားလုံးက ဒီအရသာပဲ...
စေးကပ် ပုပ်စော်နံ့ပြီး တော်တော်ရွံ့စရာကောင်းတယ်...
ယဲ့ကျား ဂိမ်းထဲတွင် များစွာဖြတ်ကျော်ပြီးသော်လည်း ဤမကောင်းဆိုးဝါးသရဲကို မျက်နှာအမူအရာပြောင်းလဲခြင်းမရှိ စားနိုင်လောက်သည့်အထိ မသန်မာသေးပေ။
လက်မဲလေး : “………”
ငါ ခဏလောက် မျက်စိကန်းသွားတာဖြစ်မယ်...
အခန်းထဲမှ အကျိအချွဲများက ကပ်ပါးကောင်နှင့်အတူ ပျောက်ကွယ်သွားခြင်းမရှိသော်လည်း ၎င်းတို့က ယခင်လိုပျစ်ချွဲစေးကပ် မနေ‌‌တော့ပေ။ နံရံပေါ်တွင်တင်းတင်းကြပ်ကြပ် ချိတ်ဆွဲခံထားရသည့် လူလေးယောက်က တစ်ယောက်ပြီး တစ်ယောက် အနက်ရောင် အကျိအချွဲအိုင်ထဲသို့ ပြုတ်ကျလာကြသည်။
ယဲ့ကျား ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ပြီး အချိန်ကို ခန့်မှန်းလိုက်သည်။
စာသင်ဆောင်ကို လွှမ်းမိုးထားတဲ့ ယာယီတစ္ဆေပိုင်နက် ပျောက်သွားတာ နည်းနည်းကြာ‌ နေပြီ...စစ်ကူ‌တွေ ဒီနေရာသို့မကြာခင် ရောက်လာသင့်တယ်...
သူ သတိနေဆဲဖြစ်သည့် လူငါးယောက်ဆီသို့ လျှောက်သွားလိုက်ကာ ကြမ်းပြင်ပေါ်ရှိ အကျိအချွဲများကို ရွံ့ရှာစွာ ကြည့်လိုက်လေသည်။ အဆုံးတွင် သူ သက်ပြင်းချလိုက်ပြီး ယင်းတို့ကို ကြိတ်မှိတ်သည်းခံလိုက်ကာ ကျောက်ကွမ်းချန်၏ အပေါ်မှအဖွဲ့ခေါင်းဆောင်ကို ဘေးသို့ ဖယ်လိုက်ပြီး သူတို့နှစ်ယောက်ကြားတွင် လှဲနေလိုက်သည်။
ယဲ့ကျား သူ့‌ပခုံးပေါ်တွင် ထိုင်နေဆဲဖြစ်သည့် လက်မဲလေးကို ပုတ်လိုက်သည်။
“မင်းဘာလုပ်ရမယ်ဆိုတာ သိတယ်မလား...”
အရင်က လုပ်ဖူးတာကြောင့် ဒီတစ်ခါကျွမ်းကျင် နေသင့်တယ်...
လက်မဲလေး : “……..”
ငါ သေချာပေါက် မျက်စိကန်းခဲ့တာပဲ...
.......
“အံ့ဩစရာပဲ…”
လင်းချန် အခန်းထဲမှ အရှုပ်အထွေးများကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ သူ့မျက်နှာ‌ပေါ်ရှိ ထိတ်လန့်အံ့ဩနေသောအမူအရာကို ဖုံးကွယ်မထားနိုင်ပေ။ သူတီးတိုး ရေရွတ်လိုက်သည်။
“ဒါက မယုံနိုင်စရာပဲ...”
အဖွဲ့ငယ်လေးရှိ တိုက်ခိုက်ရေး၀န်ထမ်းများက ယခုကဲ့သို့ အန္တရာယ်များသော အခြေ‌အနေတွင် ရှင်သန်နိုင်လိမ့်မည်ဟုမည်သူမှ မထင်ခဲ့ကြပေ။ ‌အဖွဲ့နှင့်အတူပါလာ‌သော ထောက်ပံ့ပို့ဆောင်ရေး၀န်ထမ်းပင်လျှင် ဒဏ်ရာအနာတရမရှိချေ။ ဤဖြစ်ရပ်ကို အံ့ဩစရာဖြစ်ရပ်ဟု ခေါ်ရုံမှတစ်ပါး အခြားရှင်းပြရန်နည်းလမ်း မရှိပေ။
ထိုအချိန်တွင် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ လျှိုကျောက်ချန်နှင့် ကျောက်သုန်အလျင်အမြန် ရှေ့တက်လာပြီး လင်းချန်နှင့် တွေ့သောအခါ လျှိုကျောက်ချန် စိုးရိမ်တကြီး မေးလိုက်‌လေသည်။
“ဘယ်...ဘယ်လိုလဲ...သူ အဆင်ပြေလား...”
လင်းချန် ဤဖြစ်ရပ်ကို မယုံကြည်နိုင်သေးပုံ ပေါ်ပြီး ခေါင်းငြိမ့်လိုက်သည်။
“အင်း...”
ထောက်ပံ့ပို့ဆောင်ရေးဌာနမှ နှစ်ယောက်သား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“ဒါ...ဒါက အရမ်းကောင်းတယ်...”
လျှိုကျောက်ချန် နှာရှုပ်လိုက်ပြီး ပလုံးပထွေး ပြောလိုက်သည်။
“သူက အချိန်ပိုဆင်းရတဲ့အခါတိုင်း အလုပ်ပြေးရတာနဲ့ အပျင်းထူရတာ ကြိုက်ပေမဲ့ သူက ငါတို့ဌာနအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတုန်းပဲ...”
ကျောက်သုန် သူ့မျက်လုံးထောင့်များကိုသုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဟုတ်ပါတယ်...အကိုယဲ့က လူကောင်းပါ... သူ့လောက် သစ္စာရှိတဲ့ လူကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး….”
လျှိုကျောက်ချန် သက်ပြင်းချလိုက်သည်။
“သူရဲ့ အစီရင်ခံစာက အခုထိမပြီးသေးဘူး...”
မျက်လုံးမှိတ်ထားပြီး ဖြည်းညှင်းစွာအသက်ရှူနေသည့် ယဲ့ကျား : “………”
သူ အခု တကယ်သတိလစ်သွားရင် ကောင်းမယ်...
အနည်းဆုံးတော့ သေလောက်အောင် ဒေါသထွက်နေဖို့ မလိုတော့ဘူး...
ရက်စက်သည့် သရဲကို လိုက်ဖမ်းနေသည့် တိုက်ခိုက်ရေး၀န်ထမ်းများ အသက်အမောတကောရူလိုက် ပြန်ရောက်လာလေသည်။
“ ခေါင်း...ခေါင်းဆောင် စွမ်းအားကြီးတစ္ဆေ လွတ်သွားပြီ…”
လင်းချန် သူတို့ ယခုကဲ့သို့ လုပ်ဆောင်နိုင်သော စွမ်းအားကြီးတစ္ဆေကိုဖမ်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် လက်ဝှေ့ယမ်းလိုက်သည်။
“ဒဏ်ရာရတဲ့သူ‌တွေကို အရင်သယ်သွား လိုက်...ဒီကိစ္စကို ‌နောက်မှ ဆက်ပြော မယ်...”
“ဟုတ်...”
သတိလစ်နေသော အဖွဲ့၀င်များကိုကြမ်းပြင်ပေါ်ရှိ အကျိအချွဲများကြားမှ ဂရုတစိုက် ထုတ်လိုက်ပြီး ထမ်းစင်ပေါ်သို့ တင်လိုက်သည်။ လင်းချန် တံခါး၀တွင်ရပ်နေပြီး တစ်ယောက်ပြီး တစ်ယောက် သယ်ထုတ်‌နေသည်ကို စောင့်ကြည့်နေလေသည်။
လျှိုကျောက်ချန် မျက်‌မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင်သောကြောင့် မေးလိုက်လေသည်။
“‌ခေါင်းဆောင်လင်း တစ္ဆေ ဘာဖြစ်လို့ထွက်ပြေးသွားလဲ သိလား...”
အခု သူ့ဘက်က အားသာနေတာ သိသာတယ်...သူ့ကို တိုက်ခိုက်နိုင်တဲ့ လူလည်းမရှိဘဲနဲ့ ဘာဖြစ်လို့ ထွက်ပြေးသွားတာလဲ...
လင်းချန်သည်လည်း ထိုမေးခွန်းကို ဖြေရန်အခက်အခဲ ရှိလေသည်။ သူ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“ငါလည်း မသိဘူး...‌ထောင်ချောက်ထဲအဖမ်းခံရမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်...”
ထိုအချိန်တွင် ထမ်းစင်‌ပေါ်၌ လှဲလျောင်းနေသော တိုက်ခိုက်ရေး၀န်ထမ်းတစ်ယောက် သတိပြန်ရ‌လာလေသည်။
သူ လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်ပြီး လင်းချန်၏ အ၀တ်အနားကို ဆုပ်ကိုင်လိုက်သည်။
“မဟုတ်ဘူး...အဲလို မဟုတ်ပါဘူး...”
လင်းချန် အံ့ဩသွားလေသည်။ သူထမ်းစင်ကို ထမ်းထားသည့် လူများကို ရပ်ခိုင်းလိုက်ပြီး ခါးကိုင်းကာ မေးလိုက်သည်။
“မင်း ဘာပြောလိုက်တယ်...”
“ကျွန်...ကျွန်‌တော်တို့က အကယ်ခံရတာ...”
ကျောက်ကွမ်းချန်၏ အသံက အလွန်ဖျော့‌တော့နေသော်လည်း စိတ်လှုပ်ရှားနေသည်ကို မဖုံးကွယ်နိုင်ပေ။
“အခု ‌အရမ်းသန်မာတဲ့ လူ‌တစ်ယောက်ရှိနေပြီ...”
“ဘာ...”
လင်းချန် အံ့အားသင့်သွားသည်။
“ဘယ်သူလဲ”
“ကျွန်‌တော် စွမ်း...စွမ်းအားကြီးတစ္ဆေက သူ့ကို အေ့စ်လိုခေါ်တာ ကြားခဲ့တယ်...”
ကျောက်ကွမ်းချန်၏ မျက်လုံးမှ မျှော်လင့် ချက် ရောင်ခြည်များ ဖြာထွက်နေလေသည်။
“ကျွန်တော် တစ်ခါမှ ဒီလောက် စွမ်းအားကြီးပြီး ကြောက်စရာကောင်းတဲ့လူကိုမမြင်ဖူးဘူး...သူက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပဲ...”
“တ...တကယ်လား...”
လင်းချန် ထိတ်လန့်သွားလေသည်။
သူ၏ မျက်ခုံးများ အနည်းငယ်တွန့်လာသည်။ သူ၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ့အသံထဲမှ စိတ်လှုပ်ရှား‌နေမှုကို မဖုံးကွယ်နိုင်ပေ။
“မင်း‌‌ပြောတာ အမှန်တွေ ဖြစ်ပြီး မင်းပြောသလိုမျိုး သန်မာတယ်ဆိုရင် သူကျိန်းသေပေါက် အနည်းဆုံး ဘီအဆင့်ဖြစ်မယ်... စွမ်းအားအရမ်းကြီးတဲ့ အေအဆင့်‌‌ တောင်ဖြစ်နိုင်တယ်...”
“တိုက်ခိုက်ရေးဌာနခွဲက လက်ရှိမှာ လူအင်အား အရေးတကြီး လိုအပ်နေတယ်...အခု အားလုံးက အလုပ်တွေ အလွန်အကျွံ လုပ်နေကြရတာ...”
သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“Mမြို့မှာ အခုတလော ဖြစ်ပျက်နေတဲ့ဖြစ်စဉ်‌‌တွေက အရမ်းထူးဆန်းတယ်...ငါတို့ အဲလို စွမ်းအားကြီးမားတဲ့လူဆီကအကူအညီရနိုင်ရင် ငါတို့ရဲ့ အလုပ်တွေကိုတစ်၀က်လောက် လျှော့ချနိုင်မှာပဲ...”
လင်းချန်၏ အမူအရာက တင်းမာလာလေသည်။
“ငါတို့ သူ့ကိုရှာတွေ့ဖို့ အစွမ်းကုန် ကြိုးစားရမယ်...”
အခြားထမ်းစင်ပေါ်တွင် လှဲလျောင်းနေသော ယဲ့ကျား : “……..”
အာ...ဘ၀က အရမ်းခက်ခဲတာပဲ...
အခု ပုန်းလျှိုးပြီး နေသင့်ပြီ...
စာရေးသူမှာ ပြောစရာ ရှိပါတယ်...
ကြည်ညိုလေးစားနေသောကျောက်ကွမ်းချန် :
“ ငါ့ရဲ့ ကယ်တင်ရှင်က အရမ်း စွမ်းအားကြီးပြီးဆန်းကြယ်တယ်..."
သတိလစ် ဟန်ဆောင်‌ နေသော ယဲ့ကျား : “……."
အများပြည်သူရှေ့ ထွက်ရမယ်...ရှက်စရာ ကောင်းလိုက်လေခြင်း...
___________________________________