Chapter 66
Viewers 5k

🌌 Chapter 66



ယခုအကြိမ်မတိုင်မီ လု​မော့၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက စုစု​ပေါင်းသုံးကြိမ်​ ပေါ်လာခဲ့ဖူး​လေသည်။


သူက အလွန်​​ရေပန်းစား​ကျော်ကြားသည့် အမျိုးသားဇာ့ဂ်တစ်​ယောက်မဟုတ်၍ ဖြစ်နိုင်​ပေသည်။ သူက စုန့်ကျန်းရှူးကဲ့သို့ ထိခိုက်ဒဏ်ရာရ​နေသည့် အမျိုးသမီးဇာ့ဂ်တိုင်း၏ နှလုံးသားကို ​နွေး​ထွေးမှု မ​ပေးနိုင်သလို ကျင့်ချီကဲ့သို့ အချိန်ကြာမြင့်စွာ ထင်ရှား​ကျော်ကြားသူလည်း မဟုတ်​ချေ။ 


သို့သော်ငြား သူက အငြင်းပွားဖွယ်အများဆုံးနှင့် လူ​ပြောအများဆုံး အမျိုးသားဇာ့ဂ်ဖြစ်သည်မှာ သံသယဝင်စရာမလိုပင်။


သူကိုကြိုက်​သောဇာ့ဂ်များက သူက နိုင်ထက်စီးနင်းလုပ်တတ်ပြီး ​ပြောင်းလဲလွယ်ကာ အကျိုးအ​ကြောင်းလည်း မညီညွတ်မှန်းကို ရှာ​တွေ့သွားကြသည်။ သူ၏​ဒေါသက အလွန်ဆိုးဝါးကာ သူတို့ သူ့(လု​မော့)ကို တွေ့သည့်အချိန်တိုင်း အလွန်မနှစ်မြို့ကြ​သော်လည်း မ​မျှော်လင့်စွာပင် အလွန်ရယ်မောရသည့်အဖြစ်သို့ တစ်မဟုတ်ချင်း​ ပြောင်းလဲသွား​လေ့ရှိသည်ပင်။


တစ်ဖက်တွင် သူ့ကို မုန်းတီးရသည့် အ​ကြောင်းပြချက်များက အလွန်​တရာ များပြားလှသည်။ ဤအမျိုးသားဇာ့ဂ်၏ ​​ခေါင်းမှ​ခြေဖျားအထိ​က ဇာ့ဂ်အမျိုးသားများ၏ အပြစ်၊အနာအဆာ၊ ချို့ယွင်းချက်အားလုံးကို သရုပ်ထင်ဟပ်​နေ​၏။ လု​မော့က A အဆင့်အမျိုးသားဇာ့ဂ်ဖြစ်​နေလျှင်ပင် သူက သူတို့ကို ရွံရှာစက်ဆုပ်​နေ​သေးသည်။


ရယ်စရာကောင်းသည်မှာ သူ၏ပရိသတ်များဖြစ်စေ ၊သူ့အား ရှုံ့ချပုတ်ခတ်သူများဖြစ်စေ သူ၏တိုက်ခိုက်စွမ်းအားက အခြားအမျိုးသားဇာ့ဂ်များ၏ ပရိသတ်များနှင့် သွားပုတ်​လေလွင့်​ပြောသူများထက် အဆ​ပေါင်းများစွာ သာလွန်​နေသည်ပင်။ ကြယ်ကွန်ယက်​ပေါ်တွင် 'လု​မော့' ဟူသည့်စကားလုံးများ​ ပေါ်လာသည့်အချိန်တိုင်း 10 မိနစ်အတွင်းမှာပင် သွေးစွန်းသည့် စစ်​မြေပြင်ကြီးတစ်ခုအဖြစ်သို့ ​ပြောင်းလဲသွားလိမ့်မည်သာ ဖြစ်သည်။


တစ်ကြိမ်က လု​မော့၏ ပရိသတ်တစ်​ယောက်ဖြစ်သည့် အထီးကျန်တစ်ကိုယ်တည်းသမား ဇာ့ဂ်တစ်​ယောက်က စကားစစ်ထိုးပွဲတွင် ရန်ဘက်အများအပြားကို တိုက်ခိုက်ခဲ့ပြီး ​မြေပြင်​​ပေါ်တွင် မြဲမြံတည်တံ့စွာ ရပ်နိုင်ခဲ့​ပေသည်။ အိမ်​​ထောင်မရှိသူများ၏ တစ်ကိုယ်​​တော်​နေ့တွင် သူက လု​မော့အားရှုံ့ချ​ပြောဆိုသူများထဲက ရည်းစားမရှိသည့်တစ်ကိုယ်တည်းသမားတိုင်းနှင့် ကျွမ်းကျင်စွာ ငြင်းခုံခဲ့ပြီး သူ့ငြင်းခုံမှုများကလည်း ကျိုးကြောင်းညီညွတ် နေ​သေးသည်။


​​ထေ့လုံးငေါ့လုံးများမှ မိသားစုဝင်များကို ဆဲ​ရေး​စော်ကားခြင်းအထိ၊ ယဥ်ယဥ်​ကျေး​ကျေး ​ရရေးသားချက်များမှ ​ဒေါသထွက်​နေသည့် ကြမ်းကြမ်းတမ်းတမ်း​ရေးသားချက်များအထိ ​နောက်ဆုံးတွင် ​ပြောစရာစကားမဲ့ပြီး တိတ်ဆိတ်သွားကြ​ရခြင်းနှင့်သာ အဆုံးသတ်သွားရ​ပေပေသည်။ ရှုံ့ချပုတ်ခတ်သူများအားလုံး တိတ်ဆိတ်သွားကြရလေသည်။


ဤဥပမာ​သေး​သေးသေလေးကြောင့် လု​မော့ထွက်​ပေါ်လာချိန်တိုင်းတွင် ဖရိုဖရဲနှင့် ​သွေးထွက်သံယိုမှုများ ဖြစ်လိမ့်မည်က ထင်ရှား​နေ​ပေသည်။


အခန်းပွင့်သွားသည့်အခိုက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို တိတ်​လေး​စောင့်ဆိုင်းနေကြသည့် ဇာ့ဂ်များက တဟုန်ထိုး အလုအယက် ပြေးဝင်ကြ​တော့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မြင်လိုက်သည်နှင့်ချက်ချင်းပင် ပရိသတ်များဖြစ်စေ ရှုံ့ချ​ဝေဖန်သူများဖြစ်​စေ ကြည့်ရှုသူ​များအားလုံး ကြက်​သေ​သေသွားကြသည်။ 


ဟမ်...ဒါက ဘယ်သူကြီးလဲ...


အာ...ဒါကြီးက ငါတို့​​မျှော်လင့်ထားတာနဲ့ လုံးဝကိုကွာခြား​နေတာ မလား...


[အာ ဟားဟားဟား...ငါအရင်တုန်းက လု​မော့က ရုပ်ဆိုးတယ်လို့ ပြော​ပြော​နေတုန်းကကျ မင်းတို့ဦး​နှောက်မရှိတဲ့ပရိသတ်တွေက 'ဘယ်အဆင့်မြင့်တဲ့ အမျိုးသားဇာ့ဂ်က ရုပ်မဆိုးလို့လဲ' တို့ 'မင်းတို့ စုန့်ကျန်းရှူးဖန်​တွေက ရုပ်ရည်ပဲ ဂရုစိုက်ကြတဲ့​ကောင်​တွေ' တို့​ပြောကြတယ်​လေ...ခု​ရော ဘယ်လိုတုန်း...]


[သူက အပြင်မှာ ရုပ်ဆိုး​လောက်တယ်လို့​ တွေးခဲ့တာ 

ကြည့်ရတာ သူက ဒီတစ်​လျှောက်လုံး ချောသွားစေမယ့်  effect ​​တွေသုံးထားတာပဲ...]


[သူက A အဆင့်အမျိုးသားဇာ့ဂ်ဆိုတာကို ငါမယုံနိုင်ဘူး...အဲဒါတွေအကုန်လုံးက အရင်ကတည်းက ကြိုပြင်ထားကြတာမလား...]


---------


လုမော့အား ​​​လှောင်​ပြောင်သ​ရော်​နေကြသည့် မှတ်ချက်များကြားတွင် မဆုတ်မနစ်ဇွဲ​ကောင်းသည့်မှတ်ချက်အနည်းစုက ပျံ့ကြဲသွားကြသည်။


[အဲ့လိုဆိုရင်​တောင် ငါသူ့ကို အမြဲချစ်​နေဦးမှာ...]


၎င်းက ရင်ထဲထိသွား​စေသည့် စိတ်ခံစားချက်ဟုပင် ​​​ပြောနိုင်​ပေသည်။


ဇာ့ဂ်အများစုက​ သေချာပေါက် အ​ခြေအ​နေဖွံ့ဖြိုးမှု​အ​ပေါ်ကို အာရုံစိုက်ထားကြသည်ပင်။ ပရိသတ်နှင့်ဝေဖန်သူများ၏တိုက်ပွဲကို​ ဘေးဖယ်လိုက်ပြီး​သသည့်နောက်တွင်၎င်းက အလွန်အမင်း ပြင်းထန်​လေးနက်သည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်၏။


ပြီး​တော့ ဒါက အင်ပါယာမြို့​တော်မှာ ဖြစ်​နေတာ​လေ...ဘယ်သူက ဒါကို တာဝန်ယူမှာလဲလို့...


-------------


အိချီ၏အသက်ရှုသံများက ​လေးလံပြီး မြန်ဆန်​နေလျက် ​ကြောက်ရွံ့မှုနှင့် ဖိအားများ​ကြောင့် ရင်ဘက်က မြင့်ချည်နိမ့်ချည် လှုပ်ရှား​နေသည်။


ပြတင်း​ပေါက်အပြင်က ​ကောင်းကင်နှင့်​မြေကြီးအား ကွန်ယက်တစ်ခုနှင့် ဖုံးထားပြီး အခန်းထဲမှ တစ်ခုတည်း​သော ထွက်​ပေါက်ကိုမူ ဇာ့ဂ်နှစ်​ယောက်က ပိတ်ထား​လေသည်။ သူ့အတွက် လွတ်​​မြောက်လမ်း မရှိသည်ကို အိချိီနားလည်​ပေသည်။


သူ အရှုံးမ​ပေးလိုက်နိုင်ရုံသာ ဖြစ်​ပေသည်။


လက်​လျှော့လိုက်ခြင်းက အလွန်လွယ်ကူလှပသည်။ လွန်ခဲ့​သော ​ဆယ်စုနှစ် သူ့အ​ဖေ၏လက်ထဲတွင် သူ့အမျိုးသမီးဖခင် သေဆုံးသွားချိန်တုန်းကပင် ဤ​​မျှော်လင့်ချက်မရှိ ကံဆိုးလွန်းလှသည့် ဘဝအား လက်​လျှော့ချင်ခဲ့​ဖူးလေသည်။


သို့​သော် ထိုအချိန်တုန်းကဖြစ်​စေ အခုပင်ဖြစ်​စေ သူ လက်မ​လျှော့လိုက်နိုင်သည့် အရာများရှိ၏။


သူ၏ညီငယ်ဖြစ်သူက ရိုးရှင်းလှသည့်စိတ်ထားရှိကာ စိတ်ဓာတ်က ​ပျော့ညံ့အားနည်းလှ​သော်လည်း သူ့တွင်ထူးခြားဆန်းကျယ်သည့်မျိုးနွယ်၏ ​သွေးစွမ်းရည်ရှိ​နေ​သည်။


ထိုကဲ့သို့ တင်းမာ​နေသည့်အ​ခြအ​နေတွင် အိချိ၏စိတ်များက အတိတ်ကဖြစ်ရပ်တစ်ခုကို မသင့်လျော်စွာ သတိရသွားသည်။ 


သူ၏အမျိုးသမီးဖခင်​ သေဆုံးသွားပြီး​နောက် တစ်လခန့်အကြာ မုန်တိုင်းထန်​နေသည့် ညတစ်ညတွင် သူ၏အ​ဖေက သူ့အား အိမ်မှနှင်ချခဲ့​လေသည်။ 


သူ၏ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ကာ  ​ဟောင်းနွမ်းစုတ်ပြတ်​နေသည့်အိမ်သို့ ပြန်လာခဲ့​ပေသည်။ ၎င်းအား အိမ်ဟုပင် မ​ခေါ်ဆိုနိုင်ပေ။ သစ်သားနှင့်မိုးကာအင်္ကျီများဖြင့် ကာရံထားသည့် တဲ​လေးတစ်ခုသာလျှင် ဖြစ်သည်။ ထိုတဲ​လေးက ​နွေရာသီတွင် ​မ​အေးမြဘဲ ​​​​ဆောင်းရာသီတွင်လည်း ​နွေး​​ထွေးမ​နေ​သော်လည်း အနည်းဆုံး​​ သူ့အား မိုးဒဏ်မှ ကာကွယ်​ပေးနိုင်​ပေသည်။ 


သူ၏စိုရွှဲသည့်အဝတ်များက တစ်ခုတည်း ကျန်သည့် ​​မွေ့ရာ​လေးအား စိုစွတ်သွား​စေမည်လားကို ဂရုစိုက်မ​နေ​တော့ဘဲ ကျဥ်းကျပ်လှသည့် ရွက်ဖျင်တဲ​လေးအတွင်း လှဲချလိုက်သည်။


သူ၏​ခြေ​ထောက်တွင် ဒဏ်ရာ​သေး​သေး​လေး တစ်ခုရှိပြီး လတ်လတ်ဆတ်ဆတ် ​သွေးနံ့များက လေထဲ ပြည့်နှက်သွား​လေသည်။


အမျိုးသမီးဇာ့ဂ်တစ်​ယောက်အတွက် ၎င်းက ​​နောက်တစ်ရက်တွင် ​သက်သာ​ပျောက်ကင်းသွားမည့်ဒဒဏ်ရာအ​သေးအဖွဲ​​လေး တစ်ခုမျှသာ ဖြစ်၏။ အိချိီအားပို၍ စိုးရိမ်ပူပန်​စေသည်မှာ အခြားတစ်ခု ဖြစ်​ပေသည်။


​​တောထဲတွင် ​သွေးနံ့က ဆာ​လောင်​နေသည့် သားရဲတိရစ္ဆာန်များကို ဆွဲ​​ဆောင်နိုင်ပြီး ပင်လယ်ထဲတွင် ငါးမန်းများအား သွေးရူး​သွေးတန်းဖြစ်အောင် သွေး​​​ဆောင်ဖြား​ယောင်းနိုင်​ပေသည်။ သို့သော် ဤ​နေရာတွင်မူ ​လောဘကြီးသည့် ဓားပြများအား ဆွဲ​​ဆောင်လိမ့်မည်ပင်။ 


ရွာသွန်း​နေသည့်မိုးများအလယ်တွင် အိချိ အလွန်တိုး​ဖျော့လှသည့် 'ပုချိ' ဟူသည့်အသံတစ်သံအား ကြားလိုက်ရပြီး ​ရေများပြည့်​နေသည့် ဘွတ်ဖိနပ်အသံအား ထင်ထင်ရှားရှား ကြားလိုက်ရသည်။


သံ​ချေးတက်​နေသည့် ဓား​မြှောင်တစ်​ချောင်းက သူ၏မိုးကာတဲ​လေးအား ညင်သာစွာ ခွဲလိုက်​သည်။


အပြင်ဘက်တွင် သူ့အားစိုက်ကြည့်​နေ​သော ဇာ့ဂ်တစ်​ယောက် ရှိ​​​ပေသည်။


အိချီ သူ့မျက်လုံးများကို ပိတ်ကာ အနားယူဟန်​ဆောင်​နေသော်လည်း သူ့လက်က လက်နက်တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။


ယ​နေ့တွင် သူ အဖိုးတန်ပြီးရှားပါးသည့် သားရဲတစ်ကောင်အား အမဲလိုက်နိုင်ခဲ့ပြီး ​စျေးကောင်း​ကောင်းနှနှင့်​ ရောင်းချနိုင်ခဲ့​လေသည်။ ဆင်းရဲသားရပ်ကွက်တွင်မူ ဤပိုက်ဆံပမာဏက မျက်စိဖမ်းစားဖွယ်ဖြစ်ရာ အာရုံအချို့ကို ဆွဲ​ဆောင်မိသည်မှာ အံသြစရာမရှိ​ပေ။


သူ့​ခြေ​ထောက်မှ အမာရွတ်များက ဤ​လောဘသမားများကို ရုန်းကန်တိုက်ခိုက်ခဲ့ရသည့် ရလဒ်များပင် ဖြစ်​ပေသည်။


သို့​သော်ငြား သူ့အပိုင်ပစ္စည်းဥစ္စာများများကို ဘယ်​သောအခါမှ အလွယ်တကူ လုယူခွင့်ပြုလိမ့်မည် မဟုတ်​​ပေ။


အိချိီက ဆက်လက်ငြိမ်သက်​နေဆဲ ဖြစ်သည်ကို မြင်လိုက်၍ စူးစမ်း​နေသည့်ဇာ့ဂ်က ​​​နောက်ဆုံးတွင်ဆုံးဖြတ်ချက် ချလိုက်သည်။ အန္တရာယ်ကြီးသည့်သားရဲတစ်​ကောင်ကဲ့သို့ သူ့အဝတ်ကို ညင်သာစွာမကာ ခိုး​ကြောင်ခိုးဝှက်နှင့် အိချိီ၏ မိုးကာတဲ​လေးထဲသို့ ဝင်လိုက်သည်။


တဖြည်းဖြည်း အနားသို့ နီးကပ်လာပြီး...


အိချိီ အကွာအ​​ဝေးကို မှန်းဆလိုက်သည်။ ကျူး​ကျော်သူက သူ့နယ်နိမိတ်ထဲသို့ တစ်ကြိမ်ဝင်လိုက်သည်နင်နှင့် သူ၏ဓား​မြှောင်က ထိုသူ၏လည်ပင်းထဲသို့ တစ်ခဏချင်း ထိုး​ဖောက်သွားလိမ့်မည်ပင်။


တစ်လှမ်းမျှ နီးလာရုံနှင့်ပင်...


"မင်း ဘယ်သူလဲ..."


အိချီ လှုပ်ရှား​​တော့မည့်အခိုက် အံ့သြနေ​သော်လည်း နူးညံ့​နေသည့် အသံ​လေးတစ်သံက သူ့လှုပ်ရှားမှုများကို ​​နှောင့်ယှက်လိုက်သည်။


မိုး​ရေထဲတွင် ​သေးသွယ်သည့် ဇာ့ဂ်​ငယ်​လေးတစ်​ယောက်က မတ်တတ်ရပ်​နေပြီး သည်းထန်လှသည့် မိုး​ကြောင့် တစ်ကိုယ်လုံး ရွှဲရွှဲစို​နေ​လေသည်။ သူက မိုးကာတဲ​လေးတွင်းမှ အားလုံးကို အလွန်အံ့သြတကြီးနှင့် ကြည့်​နေခဲ့​လေသည်။

"မင်း...မင်း ဘာလုပ်​နေတာလဲ..."


-------


​မြေ​ပြင်တွင် ​ဆောင့်​ကြောင့်ထိုင်​နေသည့် အမျိုးသမီးဇာ့ဂ်တွင် အထင်ကြီးစရာ​ကောင်းသည့် သွင်ပြင်လက္ခဏာရှိ​လေသည်။ ဇာ့ဂ်ငယ်လေး၏ စကားကိုကြားလိုက်သည့်​နောက် သူ့​ခေါင်းကိုဖြည်းညင်းစွာ လှည့်လာခဲ့ပြီး သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် ဝင်းလက်​နေ​ပေသည်။


ဇာ့ဂ်ငယ်​​လေးက အန္တရာယ်ကို ရှင်းရှင်းလင်းလင်းအာရုံခံမိလိုက်ပြီး ​​ကြောက်ရွံ့စွာဖြင့် ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။

"ငါ..."


သို့​​သော် ​နောက်တစ်စက္ကန့်တွင် ​ အမျိုးသမီးဇာ့ဂ်က သူ့ကို ​လှောင်ပြုံးပြုံးပြလိုက်ပြီး သူ့လက်ထဲက ဓါး​မြှောင်ကို​မြှောက်ကာ ​မြေပြင်တွင် အိပ်​နေဆဲဖြစ်သည့် အမျိုးသမီးဇာ့ဂ်(အိချီ)ထံ ပြင်းထန်စွာ ထိုးချလိုက်သည်ကို သူ မြင်လိုက်သည်။


"ကိုကို …"


ဇာ့ဂ်ငယ်​လေးက ​ရှေ့သို့ပစ်ဝင်လိုက်ပြီး ဓားပြ၏ ​ခြေ​ထောက်ကို တင်းကျပ်စွာဖက်ကာ ပြင်းပြင်းထန်ထန်ကိုက်ချလိုက်သည်။ 


လှုပ်ရှားလိုက်သည်က အလွန်မြန်ဆန်လှ၍ ဇာ့ဂ်ငယ်​လေးတစ်ယောက် အထူးသဖြင့် ဥမှ​ပေါက်ခါစ A အဆင့် ဇာ့ဂ်တစ်​ယောက် လုပ်နိုင်သည့်အရာဟုပင် မထင်ရ​​​ချေ။


ဇာ့ဂ်ငယ်​လေးမဟုတ်ဘဲ အဆိပ်ရှိသည့် ​မြွေတစ်​ကောင်က ကိုက်လိုက်သကဲ့သို့ ဓားပြက စိတ်မချမ်း​မြေ့စရာ​ကောင်း​အောင် ​အော်ဟစ်လိုက်​ကာ ​မြေ​ပေါ်သို့ ပစ်လှဲကျသွားပြီး တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်ယင်လာ​လေသည်။


ဇာ့ဂ်ငယ်​လေးက ​မြေ​ပြင်တွင် မှင်သက်စွာ ထိုင်​နေသည်။ မည်သည့်အရာများ ဖြစ်ပျက်သွားကြောင်း သူနားမလည်​သော်လည်း အမျိုးသမီးဇာ့ဂ်၏သနားစရာ​ကောင်းသည့် အ​ခြေအ​နေက သူ့အား ကြောက်လန့်သွား​စေသည်။


သူက အိချိီ၏​ရင်ခွင်ထဲ အလိုလိုတိုးဝင်လိုက်ပြီး အိချီကိုအသာအယာ တွန်းလိုက်​လေသည်။

"ကိုကို ကိုကို..."


သူက ရှိုက်ကြီးတငင်ငို​နေကာ  တစ်ကိုယ်လုံး တုန်ယင်​နေ​ပေသည်။ 


သက်ပြင်းချသံတစ်ခုက သူ့​ခေါင်းထက်မှ ထွက်​ပေါ်လာပြီး သန်မာသည့် လက်​မောင်းတစ်ဖက်က သူ့အား​ ပွေ့ဖက်လိုက်သည်။ ဇာ့ဂ်ငယ်လေးက ​ခေါင်းကို​မော့လိုက်ရာ ပယင်း​ရောင်မျက်ဝန်းတစ်စုံနှင့် ဆုံသွားသည်။


ထိုမျက်ဝန်းများက သူ့ကိုကြည့်​နေသည့်အခါတွင် အမြဲတမ်း​ အေးစက်ပြီး အထင်​သေး​နေ​ခဲ့သော်လည်း ယခုအခါတွင် ရှုပ်​ထွေးသည့် ခံစားချက်အရိပ်အ​ယောင်များ​ ပေါ်​နေ​ပေသည်။


အိချီ သူ့ညီငယ်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"မင်း ဘာလို့ပြန်လာခဲ့တာလဲ...မင်းကို အ​​ဝေးမှာ​နေဖို့ ငါ မ​ပြောခဲ့ဘူးလား..."


ဤဇာ့ဂ်ငယ်လေးက အမည်အရသာ သူ့ညီဖြစ်​နေ​သော်လည်း သူက​ ဤဇာ့ဂ်ငယ်လေးအား မနှစ်သက်ပေ။


သူတို့၏အမျိုးသမီးအဖေက ဤဇာ့ဂ်ငယ်​လေးအား ​ခေါ်​ဆောင်လာကတည်းက သူတို့အ​ဖေ၏ သ​ဘောထားက ပို၍ဆိုးဝါးလာ​ခဲ့လေသည်။


သူတို့၏အမျိုးသမီးအ​ဖေထွက်သွားပြီး​​​နောက် အိချိီက သူ့အား စိတ်မရှည်စွာ နှင်ထုတ်ခဲ့ပြီး သူ့မြင်ကွင်းထဲသို့​ ​ပေါ်လာခွင့်မပြုခဲ့​ပေ။


ဇာ့ဂ်ငယ်လေးက အသက်ပြင်းပြင်းရှုလိုက်ကာ အငိုရပ်ရန် ခက်ခက်ခဲခဲ ကြိုးစား​နေရှာသည်။ သူက မရှင်းမရှင်းနှင့်​ ပြောလိုက်သည်။

"ကျွန်​တော် ​တောင်းပန်ပါတယ်...ကျွန်​​​တော် အနီးနားမှာ ပုပုန်း​နေခဲ့တာ ကျွန်​တော် ကိုကို့ကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး...ကျွန်​တော် ​သေချာ​ပေါက်ထွက်သွားမှာပါ..."


သူက ​​ကြောက်လန့်မှုဖြင့် တုန်ယင်​နေလျက် အိချိ၏​ပွေ့ဖက်မှုထဲသို့ ခွေဝင်​ချင်နေ​သော်လည်း အိချီမ​ပျော်မရွှင် ဖြစ်သွားမည်ကိုလည်း ​ကြောက်ရွံ့​နေ​ပေသည်။ သူ့ခမျာ လှုပ်​ပင် မလှုပ်ရဲရှာ​​ချေ။


အိချိိီက ဇာ့ဂ်ငယ်လေး၏ ​​မေး​စေ့ကို ဆုပ်ကိုင်ကာ နူးညံ့စွာ​ ပြောလိုက်သည်။

"မင်းပါးစပ်ကိုဟလိုက်..."


ဇာ့ဂ်ငယ်​လေးက နာနာခံခံနှင့် ပါးစပ်ကိုဟလိုက်ပြီး ​ဖောက်ထွင်းမြင်​နေရသည့် အကြည်ရောင် ချွဲများရှိသည့် သွားများကို ထုတ်​ဖော်ပြလိုက်သည်။


"ကိုကို...ကျွန်​တော် ဘာဖြစ်နေလို့လဲဟင်..."


အိချီ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ​မြေ​ပေါ်တွင်အသက်ရှု တဖြည်းဖြည်း ရပ်သွားသော အမျိုးသမီးဇာ့ဂ်ကို ကြည့်လိုက်သည်။ သူ့အကြည့်များက ထိုး​ဖောက်သိမြင်​နေသည့် ခံစားချက်များနှင့် ပြည့်နှက်​နေသည်။


"ဘာမှမဟုတ်ဘူး...မင်းတံ​တွေး​တွေက နည်းနည်းညစ်ပတ်​နေရုံတင်..."


ပထမဆုံးအနေနှင့် လက်ဆန့်လိုက်ကာ သူစက်ဆုပ်ရွံရှာခဲ့သည့် A အဆင့် ဇာ့ဂ်ငယ်​လေးတစ်​ယောက်ဖြစ်သည့် သူ့ညီ​လေးအား စိတ်လိုလက်ရ ဖက်လိုက်​လေသည်။


ဤအခိုက်အတန့်မှစ၍ သူ့ကိုယ်ပိုင်ဘဝ၏ အဓိပ္ပါယ်ကို အိချီ နားလည်သွား​လေသည်။ 


ဤကဲ့သို့ ဆိုးရွားစုတ်ပြတ်သော ကမ္ဘာကြီးတွင် သူက ‌ေ-သာက်အဓိပ္ပါယ်မရှိသည့် ဇာ့ဂ်အဖြစ် ဘဝတစ်ခု ရှိခဲ့သည်။ သူ့တွင် အင်အားကြီးကြီးမားမား မရှိသလို သူက အဖိုးတန်သည့် အမျိုးသမီးဇာ့ဂ်တစ်​ယောက်လည်း မဟုတ်​ချေ။ သူက ဤကမ္ဘာကြီးထဲတွင် ​ခွေးဝဲစားတစ်​ကောင်ကဲ့သို့ ကျန်ရှိ​နေပြိး တစ်ရက်ပြီးတစ်ရက် အသက်ရှင်နိုင်ရန် အရှက်မရှိစွာ အရင်းအမြစ်များ​ပေါ် မှီခို​နေရ​ပေသည်။


မည်သည့်ဇာ့ဂ်ကမှ သူ့ကို မလိုအပ်ဘဲ ကမ္ဘာကြီးကလည်း သူ့အား မကြိုဆိုချေ။


သို့​​သော်...


သို့​သော်ငြားလည်း...


အိချီ သူ့​မေး​စေ့အား သူ့ညီငယ်​လေး၏​ခေါင်း​ပေါ်သို့ တင်လိုက်ပြီး လက်ဆန့်ကာ ဇာ့ဂ်ငယ်လေး၏​​​ကျော​ပြင်​လေးကို ဖွဖွပုတ်​လိုက်​လေသည်။

"မ​ကြောက်နဲ့​...မ​​ကြောက်နဲ့​​​နော်...ကိုကိုက မင်းကို ဘာမှ ဖြစ်ခွင့်​ပေးမှာ မဟုတ်ဘူး..."


အိချိီ၏ မျက်ဝန်းများက နူးညံ့သွားသည်။


အနည်းဆုံး​​ သူ့ကာကွယ်မှုအား ရှာ​ဖွေ​နေပြီး သူ့အ​​တောင်များ​အောက်မှ ခိုနားရာ​လေးအား ​တောင်းခံ​နေသည့် ဇာ့ဂ်ငယ်လေးတစ်​ယောက် ရှိ​နေ​သေး​ပေသည်။


-----------------------


အိချိီ လု​မော့ဘက်သို့ မျက်နှာကို လှည့်လိုက်သည်။

"လူကြီးမင်းပိုင်လျှို ကျွန်​​တော်တို့ သဘောတူညီမှုတစ်ခု လုပ်ရင်​ရော ဘယ်လိုလဲ..."


လု​မော့က အသင့်ပင် သ​ဘောတူလိုက်သည်။

"ငါ နား​တွေအကုန် စွင့်ထားတယ်..."


အိချိီ ပြုံးလိုက်သည်။

"ကျွန်​​​တော်နဲ့ ဆွေး​နွေးညှိနှိုင်းဖို့ သူတို့မကြာခင်​ရောက်လာကြလိမ့်မယ်...ပြီးရင်​တော့ ကျွန်​​တော်...ဒီအမျိုးသားဇာ့ဂ်နဲ့အတူတူ  အ​ဆောက်အဦး​ပေါ်က ခုန်ချလိုက်မယ်..."


"မင်း ဘာ​​ပြောလိုက်တာလဲ…"


အမျိုးသားဇာ့ဂ်၏မျက်နှာက ဖြူ​ဖျော့သွားပြီး လွတ်​မြောက်ရန် အပြင်းအထန် ရုန်းကန်လိုက်သည်။ သို့သော် သူ မည်မျှကြိုးစားပါ​စေ အိချိီ၏ဖမ်းဆုပ်ထားမှုမှ မလွတ်​မြောက်နိုင်​ပေ။ ​​​ချွေးသီး​ချွေး​ပေါက်များကျဆင်းလျက် ​အော်ဟစ်လိုက်သည်။

"မင်း ဘယ်လိုလုပ်ပြီး အဲ့လိုအရာကို​ ပြောရဲရတာလဲ..ငါက အမျိုးသားဇာ့ဂ်တစ်ယာက်ကွ..."


"ပါးစပ်ပိတ်ထားစမ်း…"

အိချီက အားကို ပိုတိုးလိုက်ရာ ဓားသွားက အမျိုးသားဇာ့ဂ်၏လည်ပင်းအား  ရှရာတစ်ခု ထားခဲ့​လေသည်။ ချက်ချင်းပင် အမျိုးသားဇာ့ဂ်က တိတ်ဆိတ်သွားပြီး စကားတစ်လုံးပင် မ​ပြော​ရဲ​​တော့​ချေ။


လု​မော့ သူ့အား ​လေး​လေးနက်နက် ကြည့်လိုက်သည်။

"ပြီးရင်ရော..."


"အဲဒါမပြောခင် ဒီအမျိုးသားဇာ့ဂ်က ဒီနှစ်အားလုံးမှာ သူ စု​ဆောင်းထားတဲ့​ငွေ​တွေကို ဘယ်မှာ ဝှက်ထားလဲဆိုတာ​ ငါမင်းကို ​​ပြောပြမယ်..."

အိချိီက အမျိုးသားဇာ့ဂ်အား ​​လှောင်​ပြောင်သ​ရော်စွာကြည့်လိုက်သည်။

"ဒီဇာ့ဂ်​ကောင်က တကယ်ကို ဝက်တစ်ကောင်လို တုံးအတာ...သူ့လျှို့ဝှက်ချက်ကို လုံးဝ ပြီးပြည့်စုံအောင် မှန်းဆဖို့ တစ်နှစ်ပဲ အချိန်ယူလိုက်ရတယ်...သူက ငါဘာမှမသိဘူး လို့ တကယ်ကြီး ထင်​နေတာ​လေ... ဟား..."


အမျိုးသားဇာ့ဂ်၏ မျက်လုံးများက ဦးတည်ချက်​ပျောက်ဆုံးသွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"ငါက အမျိုးသားဇာ့ဂ်တစ်​ယောက်ပဲ...ငါက အမျိုးသားဇာ့ဂ်တစ်​ယောက်..."


"ဟုတ်တယ်..."

အိချိီက သက်ပြင်းချလိုက်သည်။

"နဂိုအတိုင်း မင်းက သ​ဘောတူညီချက်ကို ဖြည့်ဆည်း​ပေးခဲ့ရင် ငါကလည်း ဘာမှလုပ်မှာမဟုတ်ပါဘူး..."


​ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ခံရလျှင်ပင် အမျိုးသားဇာ့ဂ်များကို အလွယ်တကူ သတ်ပစ်နိုင်သည့်စွမ်းရည်များရှိ​နေလျှင်ပင် များပြား​သော အမျိုးသမီးဇာ့ဂ်များက ခုခံကာကွယ်သည်ထက် သေရန်ကို ပိုလိုလားကြ​ပေသည်။


လု​မော့က ခိုင်ခိုင်မာမာပင် သ​ဘောတူလိုက်သည်။

"အ​​ပေးအယူကို သ​ဘောတူတယ်..."


အိချိီက တခဏမျှ ရပ်တန့်သွားပြီး​​​နောက် ရယ်​မောလိုက်သည်။

"ကျွန်​​တော် ပြောလို့​တောင် မ​ပြီးသေးဘူး​လေ လူကြီးမင်းက သ​ဘောတူလိုက်ပြီလား..."


လု​မော့က လက်ပိုက်ကာ သူ့​မေးကို​ မော့ထားလိုက်သည်။

"မင်းဘာပဲ​ပြော​ပြော ငါလုပ်နိုင်တယ်..."


မည်သူမှ သူ့စကားများကို သံသယဝင်လိမ့်မည်မဟုတ်​ပေ။ ​တောက်ပ​သော​နေ​ရောင်​အောက်တွင် မတ်တတ်ရပ်နေသော သူ့​ကိုယ်ပေါ်တွင် အ​မှောင်ထုအရိပ်အ​ယောင် တစ်စွန်းတစ်စမျှပင် မရှိ​နေချေ။


၎င်းက ကမ္ဘာမြေပေါ်တွင် မတည်ရှိသည့်အလား အိချီ တစ်ခါမှမမြင်ဖူးသော မြင်ကွင်းပင် ဖြစ်ပေသည်။


အဆိပ်ရှိသောဇာ့ဂ်များ သောင်းကျန်းမှုကြောင့်နွယ်ပင်များရစ်ပတ်ပြီး ကျိုးပဲ့ပျက်စီးနေသည့် ရှေးဟောင်းရဲတိုက်ကြီးတစ်ခုကဲ့သို့ ထောင့်တိုင်းမှ ဆွေးမြေ့ယိုယွင်းနေသည့် စိုထိုင်းထိုင်း အနံ့များ ထုတ်လွှတ်နေသည်။


ထို့နောက် တစ်နေ့တွင် တစ်စုံတစ်ယောက်က ပုဆိန်တစ်လက်ကိုဆွဲကိုင်၍ နွယ်ပင်များကို အားပြင်းပြင်းဖြင့် ဖြတ်တောက်ပြီး သံချေးတက်နေသော ဂိတ်တံခါးကို တွန်းဖွင့်လိုက်ရာ နွေးထွေးလှသည့် နေရောင်ခြည်လေးက ရဲတိုက်ထဲသို့ ချဥ်းနင်းဝင်ရောက်လာခဲ့ပေသည်။


"ကောင်းတယ်..."

အိချီက အသက်ပြင်းပြင်းရှူလိုက်သည်။

"အဲ့ဒီ ပဟေဠိဆန်တဲ့ ကျွန်တော့် ညီလေးကို ကာကွယ်ပေးနေသရွေ့ နေရာအတိအကျကို ကျွန်တော် ပြောပြမယ်..."



🌌🌌🌌