Chapter 147
Viewers 19k

👾Chapter 147

အပြိုင်ကမ္ဘာ -1



(ဒါက သူ့အမေ မသေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ)


အင်ပါယာရှိ လူများသည် နေ့ရက်တစ်ရက်အား စောင့်ဆိုင်းနေကြခြင်းဖြစ်၏။ 


မွေးဖွားချိန်ကတည်းက တော်ဝင်မိသားစု၏ ကောင်းမွန်စွာ ကာကွယ်ခြင်းကို ခံခဲ့ရသည့် သူတို့၏ မင်းသားလေးသည် ဘုရင်မ၏ ဆန္ဒအလျောက် သာမန်လူတစ်ဦးကဲ့သို့ ကြီးပြင်းခဲ့ရသည်။ မင်းသားသည် ဆယ့်ရှစ်နှစ်ပြည့် သက်ပြည့်အခမ်းအနား မတိုင်ခင်အထိ လူထုအရှေ့သို့ ထွက်လာမည် မဟုတ်ကြောင်းကိုလည်း သိခဲ့ရ၏။ 


မင်းသားသည် ယခုနှစ်၌ ဆယ့်ခုနစ်နှစ် ပြည့်မည်ဖြစ်သည်။ 


သူက မည်သူနှင့် တူမည်နည်း … မည်သည့်နေရာ၌ ရှိနေမည်နည်း … 


ထိုမေးခွန်းများအား မည်သူမှ အဖြေမပေးနိုင်ချေ။ 


လွန်ခဲ့သော တစ်နှစ်ခန့်က ထိုသူသည် အိုမီဂါဖြစ်ကြောင်း အားလုံး သိခဲ့ကြသည်။ သူတို့က ထိုသူသည် အလွန်ကျက်သရေရှိ၍ ကြင်နာတတ်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြ၏။ 


အဆုံးသတ်တွင် တော်ဝင်မိသားစု၏ ထူးချွန်သော မျိုးရိုးဗီဇသည် လျှော့တွက်၍ မရချေ။ 


ယခုအခါ သူတို့သည် တစ်နှစ်ပင် မရှိတော့သည့် အချိန်အတွင်း မင်းသားလေးအား တွေ့ရတော့မည် ဖြစ်၏။ 


အားလုံးက ထိုနေ့ကို မျှော်လင့်နေကြလေသည်။ 


လင်းဟန်သည် အဝတ်လဲပြီးနောက် အချက်အလက်များကို ကွန်ပြူတာ၌ သိမ်းဆည်းခဲ့သည်။ ထို့နောက် ကွန်ပြူတာအား ကိုင်ကာ ဓာတ်ခွဲခန်းသို့ ထွက်လာခဲ့လေသည်။ 


သူက စစ်တက္ကသိုလ်သို့ ဆယ့်ခြောက်နှစ်အရွယ်၌ ဝင်ရောက်ခဲ့သည်။ ထို့နောက် ဒုတိယနှစ်သို့ ရောက်ချိန်တွင် သူ၏ အစွမ်းအစကို အားကိုး၍ အထူးချွန်ဆုံး မက်ခါ သုတေသနဌာနသို့ ဝင်ရောက်ခဲ့၏။ အရေးအကြီးဆုံးမှာ သူသည် လှပ၍သိမ်မွေ့သော အိုမီဂါတစ်ဦး ဖြစ်နေခြင်းပင်။ 


အယ်လ်ဖာ အမြောက်အများသည် သူ့အကြောင်း စဉ်းစားခဲ့ကြသည်။ သို့သော် သူကမူ ဓာတ်ခွဲခန်းအတွင်း၌သာ သူ၏ အတန်းဖော်များနှင့်အတူ အချိန်ကုန်ဆုံးနေခဲ့၏။ 


အချိန်မှာ အတော်လေး နောက်ကျနေပြီဖြစ်သည်။ သူ၏ သူငယ်ချင်း ရှန်းရှိုးနန်သည် အကျင့်ပါနေသည့်အတိုင်း မေးလာခဲ့၏။ 

“နောက်ကျနေပြီ … မင်းဒီနေ့ရော အိမ်ပြန်မှာလား …” 


လင်းဟန်သည် ကျောင်းတက်ရက်များ၌ တက္ကသိုလ်တွင် နေထိုင်လေ့ရှိပြီး အားလပ်ရက် တစ်ရက်ကိုမူ အိမ်၌ အချိန်ဖြုန်းလေ့ရှိ၏။ ရက်သတ္တပါတ် အသစ်စချိန်၌ သီးသန့် လေသင်္ဘောတစ်စင်းသည် သူ့အား ကျောင်းသို့ လိုက်ပို့လေ့ရှိသည်။ 


ကျောင်းရှိ အချို့သော ကျောင်းသားများသည် သာမန်မဟုတ်သော မိသားစုများထံမှ ဆင်းသက်လာကြခြင်းဖြစ်၏။ သူတို့က လင်းဟန်၌ ယာဉ်ပျံရှိနေသည့်အပေါ် အံ့အားသင့်ခြင်း မရှိကြချေ။ သူတို့က သူ့အား အခွင့်ထူးခံ မိသားစုတစ်ခုမှ အိုမီဂါအဖြစ်သာ သတ်မှတ်ထားကြ၏။ 


လင်းဟန်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ 

: "အင်း … မေမေ ငါ့ကို စောင့်နေမှာ … "


"ကောင်းပြီလေ … " 

ရှန်ရှိုးနန် ခေါင်းညိတ်လိုက်သည်။ 

"ဒါဆို ငါမင်းနဲ့အတူတူ လမ်းလျှောက်မယ် …."


သူတို့နှစ်ဦးက စကားတပြောပြောဖြင့် လမ်းလျှောက်လာခဲ့ကြသည်။ အားလပ်ရက်ဖြစ်ရာ ကျောင်းဝန်းတစ်ခုလုံး စည်ကားနေပြီး ငယ်ရွယ်ပျိုမျစ်သော မျက်နှာများဖြင့် ပြည့်နှက်နေ၏။ ၎င်းက ပေါ့ပါးလှသည့် ပတ်ဝန်းကျင်တစ်ခုအား ပုံဖော်လျက်ရှိသည်။ အမျိုးမျိုးသော အလင်းရောင်များက သူတို့အား လွှမ်းခြုံထား၏။ လင်းဟန်၏ မျက်နှာထက်ရှိ အပြုံးသည် မီးရောင်ကြောင့် ပို၍ နွေးထွေးပုံပေါ်လာခဲ့သည်။ 


"စကားမစပ် … သဘက်ခါကျရင် စခန်းက လူတစ်ယောက်ယောက်က မက်ခါကို လာစမ်းသပ်မှာနော် ...."


"ဒီတစ်ခါလာပြီး စမ်းသပ်မှာက အရင်က ပိုင်းလော့ နှစ်ယောက်အပြင် နောက်တစ်ယောက် ပါသေးတယ်တဲ့ … " 

ရှန်ရှိုးနန်က ပြောလိုက်သည်။ 


"အဲဒါက ဗိုလ်မှူး ဖြစ်သွားတဲ့ ဟယ့် မျိုးရိုးလေ … ဟယ့်ယွင်ထင် ..."


လင်းဟန်က ထိုအမည်ကို ကြားလိုက်၏။ သူက အလေးအနက်မထားပဲ ခေါင်းညိတ်လိုက်သည်။ 

“အင်း …” 


“ငါသေချာမသိပေမယ့် တခြားအဖွဲ့တွေက ငါတို့ကို အားကျနေကြတယ် … အဲဒီ့လူက ဒဏ္ဏာရီလာပုံရိပ်လေ … သူက ကျောင်းတက်တုန်းက အဲဒီ့စစ်ဆေးမှုကို လွယ်လွယ် ဖြတ်ကျော်သွားခဲ့တာတဲ့ … စာစစ်က သူ့အသက်ကိုတောင် သံသယဝင်ခဲ့တယ်ဆိုပဲ …” 


ရှန်ရှိုးနန်သည် လင်းဟန်၏ အမူအရာမှတဆင့် ထိုကိစ္စအပေါ် သိချင်စိတ်မရှိကြောင်း နားလည်လိုက်၏။ ထို့ကြောင့် သူက စကားလွှဲလိုက်သည်။ သို့သော် အားလုံး ပြောနေကြသည့် ကိစ္စအပေါ် သူသည်လည်း စိတ်ဝင်စားနေမိဆဲပင်။ 


သူတို့က ရပ်နားစခန်းသို့ လမ်းလျှောက်သွားခဲ့ကြသည်။ ထိုနေရာ၌ သူ့အား လာကြိုသည့် မက်ခါသည် ဆိုက်ကပ်ထား၏။ ရှန်ရှိုးနန်သည် လင်းဟန် လေသင်္ဘောပေါ်သို့ တက်သွားသည်ကို ကြည့်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။ 


လေသင်္ဘောသည် ၎င်း၏ သီးသန့်လမ်းအတိုင်း မောင်းနှင်သွားခဲ့၏။ 


လင်းဟန်သည် လူထုအား သူ၏ပုံရိပ်ကို ချမပြရသေးသည်ဖြစ်ရာ မိခင်၏ မျိုးရိုးကိုသာ အသုံးပြုနေခဲ့၏။ ဝမ်ကျောက်ကောသည်လည်း ထိုအချက်ကို များစွာ ဂရုမစိုက်ခဲ့ချေ။ 


လေသင်္ဘောသည် တော်ဝင်နန်းတော်၏ ရပ်နားစခန်း၌ ဆိုက်ကပ်သွားခဲ့သည်။ လင်းဟန်သည် ယာဉ်ထဲမှထွက်ကာ အလွန်လှပသည့် ရေပန်းကို ကျော်ဖြတ်၍ လျှောက်လာ၏။ ထို့နောက် စင်္ကြံလမ်းအတိုင်း ဖြတ်လာပြီး တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်။ 


“မေမေ …”


သူက သူ့အရှေ့ရှိ လူအား ခေါ်လိုက်၏။


အမျိုးသမီးသည် အသံကို ကြားသည်နှင့် လက်အိတ်များကို ချွတ်လိုက်သည်။ သူမက ဆံနွယ်များကို နောက်ပို့လိုက်ရင်း ပန်းကန်ပြားအသေးတစ်ချပ်အား လင်းဟန်ထံသို့ ကမ်းပေးလိုက်သည်။ 


“ဟန်ဟန် … ဒါလေးစားကြည့် …” 


ပန်းကန်ပြားပေါ်ရှိ စားစရာများသည် ပန်းပွင့်သေးသေးလေးများဖြင့် အလှဆင်ထားလေသည်။ 


လင်းဟန်သည် ရှက်သွေးဖြာသွား၏။ 


အားလုံးက ဘုရင်မအား သိပ္ပံပညာရပ်တွင် ထူးချွန်သည့် အိုမီဂါတစ်ဦးအဖြစ် သိကြ၏။ သူမသည် လူထုရှေ့တွင် ထွက်ပေါ်မလာသည့်တိုင် သူမ လုပ်နိုင်သမျှ ပံ့ပိုးနေဆဲဖြစ်သည်။ သူမနှင့် ဧကရာဇ်ကြားတွင် ချိုမြိန်သော ဆက်ဆံရေးရှိပြီး သူတို့၏ ကလေးအား ကောင်းစွာ စောင့်ရှောက်ကြ၏။ 


သို့သော် ဘုရင်မသည် အားလပ်ချိန်တိုင်း ချက်ပြုတ်ခြင်းဖြင့် အချိန်ဖြုန်းလေ့ရှိကြောင်း မည်သူမှ မသိကြချေ။ ထို့အပြင် သူမ၏ အစားအစာများသည် ပုံပန်းလှသည့်တိုင် လက်ခံနိုင်ဖွယ် မရှိသည့် အရသာကို ပိုင်ဆိုင်ထားလေသည်။ 


ဉပမာအားဖြင့် လင်းဟန်အရှေ့ရှိ အချိုပွဲ၌ တူးနံ့တစ်မျိုး ရနေလေသည်။ 


“ထားလိုက်ပါ ...” 

သူမသည် လင်းဟန်၏ အမူအရာကို တွေ့လိုသဖြင့် စနောက်လိုက်ခြင်းသာ ဖြစ်သည်။ သူမက ပန်းကန်အား ပြန်လည်ယူလိုက်၏။ 

“စတာ … ”


ဘုရင်မသည် အချိုမုန့်တစ်ခုကို ကောက်ယူလိုက်သည်။ သူမ မျက်နှာထက်ရှိ တောက်ပသောအပြုံးသည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကအတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။ 

“မင်းအဖေအတွက် ထားလိုက်ပါ …”


လင်းဟန် : “…………”


သူက မကြာခင် ပြန်လာတော့မည့် သူ၏ ဖခင်အား ကိုယ်ချင်းစာသွားခဲ့၏။ 


တစ်နေ့လုံး တော်ဝင်ဆန်စွာ နေထိုင်ခဲ့သည့် မည်သည်ကိုမှ ဂရုစိုက်ရန် မလိုအပ်သော ဧကရာဇ်သည် ဤသို့သော အရာများအား စားနေရကြောင်း မည်သူသိမည်နည်း။ 


အမျိုးသမီးက သူမ၏ မုန့်ဖုတ်ပညာအပေါ် ကျေနပ်နေဟန်ဖြင့် ပန်းကန်အား အဝေးသို့ ပို့လိုက်၏။ ထို့နောက် ဖန်သားပြင်အား ထပ်မံဖွင့်ကာ နောက်နှစ်ရက်အတွင်း ပြုလုပ်မည့် မုန့်များကို စတင်ကြည့်ရှုနေလေသည်။ 


လင်းဟန်သည် သူမအနီးတွင် ထိုင်လိုက်ရင်း အပြီးမသတ်ရသေးသည့် အချက်အလက်များအား စစ်ဆေးနေခဲ့သည်။ 


"စကားမစပ် … " 

ခဏအကြာ၌ တစ်ဖက်လူက စကားစလာ၏။ 

 "ဟန်ဟန် … သားအဲဒါနဲ့ အသားကျသွားပြီလား … "


သူက ကြောင်အသွား၏။ ထို့နောက် မိခင်၏ဆိုလိုရင်းကို နားလည်လိုက်သည်။ 


သူ၏ မိခင်၌ စိတ်ဖတ်နိုင်သော စွမ်းရည်ရှိကြောင်း သူသိထား၏။ သူသည်လည်း ထိုစွမ်းရည်ကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အမွေရရှိခဲ့သည်။ 


သင်သည် တစ်စုံတစ်ဦး၏ လက်ကို ထိလိုက်ရုံဖြင့် သူတို့၏ အတွေးများအား ကြားနိုင်ပေလိမ့်မည်။ 


"အဆင်ပြေပါတယ် ..." 

လင်းဟန်က ပြောသည်။ 

"အဆင်ပြေပါတယ် … မေမေ ..."


သူသည် မူလက လူများ၏ အတွေးများကို ကြားနေရခြင်းနှင့် အသားမကျချေ။ ထို့ကြောင့် အချိန်တိုင်း လက်အိတ်များ ဝတ်ဆင်ထားခဲ့သည်။ 


သို့သော် သူ့အနီးရှိ လူများက အလွန်သဘောကောင်းကြသည်။ ဤသို့ဖြင့် သူသည်လည်း ထိုအစွမ်းအပေါ် နှစ်သက်လာကာ သူ၏ ကျောင်းတက်ရက်များကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတော့၏။ 


"ဘာပဲဖြစ်ဖြစ် မေမေ့ကို ပြောလို့ရတယ်နော် ..." 

အမျိုးသမီး၏ မျက်ဝန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးကာ နူးညံ့စွာ ဆို၏။ 

"သား ဘာကိုမှ စိုးရိမ်စရာမလိုဘူး ..."


"ဟုတ်ကဲ့ … " 

လင်းဟန်သည် သူမကိုကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ 


လင်းဟန်က သူ၏ မိခင်သည် သူက အိုမီဂါဖြစ်နေသည့်အတွက် ပိုင်းလော့ စစ်ဆေးရေး၌ မပါဝင်မည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိလေသည်။ 

“ဒါပေမယ့် ကျွန်တော်က သုတေသနအဖွဲ့ကိုလည်း သဘောကျပါတယ် …” 


ဒါ့ကြောင့် ကျွန်တော့်အတွက် စိတ်မပူပါနဲ့ …


"ကောင်းပါပြီ ..." 

တစ်ဖက်လူက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးသည်။ 


"ဟန်ဟန်က လိုချင်တာ အားလုံးလုပ်နိုင်တယ် ..."

 -


နောက်တစ်ပတ်အစတွင် လင်းဟန်သည် ကျောင်းသို့ ပြန်သွားခဲ့သည်။ စစ်တက္ကသိုလ်သည် ယနေ့၌ ထူးထူးခြားခြား ပို၍ စည်ကားနေ၏။ 


အဘယ့်ကြောင့်ဆိုသော် သူတို့၏ သုတေသနအဖွဲ့သည် သုတေသန တက္ကသိုလ်နှင့် လက်တွဲရမည်ဖြစ်ပြီး ပရော်ဖက်ဆာများထံမှ လမ်းညွှန်မှုရရှိမည်ဖြစ်၏။ အမှန်စင်စစ် တော်ဝင်စစ်တပ် တစ်ခုလုံးတွင် မက်ခါမောင်းနှင်ရာ၌ အထူးချွန်ဆုံးဖြစ်သော၊ စစ်တပ်အတွင်း အရာရောက်ဆုံးဖြစ်သော ဗိုလ်မှူးများလည်း ရောက်လာမည်ဖြစ်ရာ အဆိုပါ ဌာနသည် လူသိများနေခဲ့သည်။ 


အဆောက်အဦး အပြင်ဘက်၌ မက်ခါသုတေသနအတွက် ပြုလုပ်ထားသည့် ဧရိယာရှိ၏။ ထိုနေရာသည် မက်ခါ ရပ်နားစခန်း ပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ယခုထိတိုင် အပြီးမသတ်သေးချေ။ 


ပုံမှန်အားဖြင့် ထိုနေရာ၌ မေဂျာရှိ ကျောင်းသားများသာ ရှိနေတတ်၏။ သို့သော် ယနေ့၌မူ ဌာနအားလုံးမှ ကျောင်းသားများသည် ထိုနေရာသို့ ရောက်နေကြသည်။ 


လင်းဟန်က မြင်ကွင်းကို ကြည့်ရင်း ရှန်းရှိုးနန်ပြောခဲ့သည့် စခန်းမှတစ်စုံတစ်ဦးသည် မက်ခါအား လာရောက်စစ်ဆေးမည် ဟူသော အချက်ကို သတိရသွားခဲ့သည်။ 


စခန်းသို့ ဝင်ရောက်၍ ဆာဂျင်တစ်ဦး အဖြစ် အင်ပါယာအား ကာကွယ်နိုင်ခြင်းသည် ကျောင်းသားအားလုံး၏ အိပ်မက်ဖြစ်၏။ 


အလွန်ခက်ခဲလှသည့် စစ်ဆေးမှုသည် သူတို့အတွက် အခြေခိုင်လာစေလိမ့်မည်။ 


လင်းဟန်သည် အပြင်ဘက်တွင် စုစည်းနေကြသော လူများကို ကြည့်လိုက်၏။ 


သူတို့ တကယ်ပဲ အဲဒီ့လောက် စိတ်လှုပ်ရှားနေဖို့ လိုရဲ့လား … 


သူက စိတ်မလှုပ်ရှားသည့်တိုင် အခြားလူများကမူ စိတ်လှုပ်ရှားနေကြ၏။ 


ကျောင်းသားများက စတင်၍ တီးတိုး ပြောဆိုလာကြသည်။ 


“အဲဒီ့ ဗိုလ်မှူး ရောက်လာမှာ မဟုတ်လား …” 


“အဲဒါဗိုလ်မှူးအဖြစ် တိုက်ရိုက် ရာထူးတိုးခံလိုက်ရတဲ့ ဟယ့်ယွင်ထင် မဟုတ်လား …” 


“ဒါဆိုသူက ငါတို့ စီနီယာပေါ့ … ငါအခုထဲက စိတ်လှုပ်ရှားနေပြီ …” 


“ငါ့အစ်ကို ပြောတာတော့ သူက ကျောင်းမှာကတည်းက သန်မာတာတဲ့ …” 


“သူက နံပါတ်သုံး လေ့ကျင့်ခန်းမမှာ လေ့ကျင့်ခဲ့တာလေ … စိတ်စွမ်းအား စမ်းသပ်မှုမှာလည်း ဖန်ခွက်ကို အတုန်လှုပ်စေခဲ့ဆုံးလူတဲ့ …” 


“အား … အဲဒါက ငါအမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ အယ်လ်ဖာပဲ …” 


“နေပါဦးဟ … သူ့အကျင့်က သိပ်မကောင်းဘူးလို့ ငါကြားတယ်နော် …” 


“သူ့အကျင့်ကောင်းကောင်း မကောင်းကောင်း ဘာထူးဆန်းလို့လဲ … ငါတို့က ဒီကပဲကြည့်နေလို့ရတာ …” 


“ရုတ်တရက် မက်ခါ သုတေသနဌာနကိုတောင် အားကျလာသလိုပဲ …” 


“အားကျစရာမရှိပါဘူး … ငါ့မှာသာ အဲဒီ့လို ဦးနှောက်မျိုးရှိကြည့် … ငါလည်း အဲဒီ့ကို သွားမှာပဲ … ဒါပေမယ့် အဲဒါက အရမ်းခက်ခဲလွန်းတယ် …” 


“ပြောကာမှ … သူတို့မှာ အသစ်ရောက်လာတဲ့ အိုမီဂါတစ်ဦး ရှိတယ်မဟုတ်လား …” 


“လိုက်ယှဉ်မနေနဲ့ … သူက အရွယ်မရောက်ခင်ကတည်းက ငါတို့ထက် ပိုတော်နေပြီ …” 


လင်းဟန်သည် ထိုသူများ၏ စကားဝိုင်းအကြောင်း မသိခဲ့ချေ။ သူက ရှန်ရှိုးနန်၏ အနောက်မှ စမ်းသပ်စစ်ဆေးမည့် နေရာသို့ လိုက်လာခဲ့သည်။ 


လက်ရှိ မက်ခါများအား သုတေသနဌာနနှင့် စခန်းတို့ ပူးပေါင်းထုတ်လုပ်မည် ဖြစ်သောကြောင့် စခန်းမှလူများက လာရောက် စစ်ဆေးကြခြင်းဖြစ်၏။ လုပ်ဆောင်ချက်အမျိုးမျိုးကို ထပ်မံထည့်သွင်းထားသည့်အပြင် ထိန်းချုပ်မှုကိုလည်း ပြောင်းလဲထားလေသည်။ ပိုင်းလော့သည် စိတ်စွမ်းအားဗဟိုချက်နှင့် လိုအပ်သလို ဆက်သွယ်နိုင်၏။ ထိုသို့သော မက်ခါများသည် လူတစ်ဦးထက်ပို၍ မောင်းနှင်နိုင်ရန် တီတွင်ထားခြင်းဖြစ်သည်။ 


ဟယ့်ယွင်ထင်သည် စခန်းသို့ ဝင်ရောက်ပြီးချိန်၌ သူ၏ အစွမ်းကို ပြသခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူက ဤနေရာသို့ မက်ခါများအား စစ်ဆေးရန် စေလွှတ်ခံရခြင်းပင်။ 


အပြင်ဘက်၌ အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။ စခန်းမှ တစ်စုံတစ်ဦး ရောက်လာပုံရ၏။ 


လင်းဟန်သည် ဖော်မြူလာအား တွက်ချက်နေစဉ် ရှန်ရှိုးနန်၏ တံတောင်ဖြင့် တို့ခြင်း ခံလိုက်ရသည်။ 

“အဲဒီ့မှာ …” 


သူက ခေါင်းညိတ်လိုက်ပြီးနောက် ကိရိယာအား ဘေးဖယ်ထားလိုက်သည်။ 


သူတို့အုပ်စုရှိ ဆရာသည် စခန်းရှိ တာဝန်ရှိသူနှင့် စကားပြောနေ၏။ ရှန်းရှိုးနန်သည် ၎င်းအခွင့်အရေးကို အသုံးချကာ လင်းဟန်အား တီးတိုးပြောလိုက်သည်။ 

“ဟယ့်ယွင်ထင်က အရမ်းကြည့်ကောင်းတာပဲ …” 


လင်းဟန်သည် ခေါင်းမော့၍ သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်၏။ 


မနီးမဝေး၌ ယူနီဖောင်းဝတ် စစ်သား အမြောက်အများ ရှိနေကြ၏။ သူတို့အနက် တစ်ဦးသည် သတိအကြီးဆုံးဖြစ်သည်။ ထိုသူက အားလုံးပြောနေကြသည့် ဗိုလ်မှူးဟယ့် ဖြစ်နိုင်၏။ 


အငယ်ဆုံး ဗိုလ်မှူးသည် လင်းဟန်နှင့် မီတာအနည်းငယ် အကွာ၌ ရှိနေသည်။ သူ၏ နောက်ကျောသည် ဖြောင့်တန်းနေ၏။ သူက အပြာရင့်ရောင် စစ်ဝတ်စုံသည် သပ်ရပ်စွာရှိနေပြီး ခေါက်ရိုးရာတစ်ခုပင် မရှိနေချေ။ 


စစ်ဦးထုပ်၏ အောက်ခြေမှ ငွေဖြူရောင် ဆံစများ တစ်စွန်းတစ်စ ထွက်ပေါ်နေ၏။ 


မည်သို့ပင် ဖြစ်စေ၊ ထိုဦးထုပ်သည် သူ၏ မျက်ဝန်းများကိုမူ ဖုံးကွယ်ထားလေသည်။ လင်းဟန်ဘက်မှ ထိုသူ၏ ဖြောင့်စင်းသော နှာတံရှည်နှင့် ပါးလျအေးစက်သည့် နှုတ်ခမ်းများကို တွေ့နေရ၏။ 


မည်သို့ပင်ဖြစ်စေ၊ သူက အလွန်သူရဲကောင်းဆန်သည့် အငွေ့အသက်အား ပေးစွမ်းနေဆဲပင်။


လင်းဟန်သည် ရှန်ရှိုးနန်အား တီးတိုးပြောလိုက်သည်။ 

“အင်း … နည်းနည်းတော့ ချောတယ် …” 


“ဒါပေမယ့် သူ့ကို ဘယ်သူမှ မထိရဲဘူး …” 


လင်းဟန်က ပြန်မဖြေခဲ့ချေ။ 


ကောင်လေးများက သူတို့၏ အသံကို သူတို့နှစ်ဦးသာ ကြားနိုင်သည်ဟု ထင်နေကြ၏။ ပြင်းထန်သည့် လေ့ကျင့်မှုအား ရင်ဆိုင်ခဲ့သော ဗိုလ်မှူးသည်လည်း သူတို့အပေါ် အာရုံစိုက်လျက်ရှိနေကြောင်း မသိကြချေ။ 


သူက အသံကို ကြားနိုင်သည့်အပြင် နှုတ်ခမ်းလှုပ်ရှားပုံကိုလည်း ဖတ်တတ်၏။ 


ထို့ကြောင့် ဟယ့်ယွင်ထင်သည် ခေါင်းအသာငဲ့ကာ သူတို့အား ကြည့်လိုက်လေသည်။ 


သူက သူ့အကြောင်း ပြောနေကြသည်ကို များစွာ ကြားခဲ့ဖူးသည်။ သို့သော် မည်သည့်အခါကမှ စိတ်တွင်းသို့ မသယ်ဆောင်ခဲ့ချေ။ ဤတစ်ကြိမ်တွင်လည်း သူက အကြည့်ကို ရုတ်သိမ်းရန် ပြင်လိုက်၏။ သို့သော် သူက ရှန်ရှိုးနန်၏ နံဘေးရှိ လူအား အမှတ်တမဲ့ တွေ့လိုက်လေသည်။ 


လင်းဟန်က ဗိုလ်မှူး သူ့အား ကြည့်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူက အကြည့်ကို မရုတ်သိမ်းနိုင်ခင် တစ်ဖက်လူထံ မိသွားခဲ့၏။ 


တစ်ဖက်လူ၏ မျက်ဝန်းပြာများသည် အေးစက်လျက်ရှိသည်။ လင်းဟန်သည် အမိခံလိုက်ရသည့်နောက် ချက်ချင်း အထိတ်တလန့် အကြည့်လွှဲခြင်းမပြုခဲ့ချေ။ သူက တစ်ဖက်လူအား နှစ်စက္ကန့်ကြာ စိုက်ကြည့်နေခဲ့၏။ 


ထိုမျှ အေးစက်သည့်လူ၌ လှပသော မျက်ဝန်းများ ရှိနေ၏။ 


လင်းဟန်က မျက်တောင်ခတ်ကာ တွေးလိုက်မိသည်။ 


ရှန်ရှိုးနန်သည် သူ့နားနားသို့ကပ်ကာ တစ်စုံတစ်ခုအား တီးတိုးပြောလိုက်၏။ ထိုအခါမှသာ လင်းဟန် သတိပြန်ဝင်လာခဲ့သည်။ 


ဗိုလ်မှူးသည် သူ့အားမကြည့်နေတော့ပဲ အခြားတစ်စုံတစ်ဦးနှင့် စကားပြောနေ၏။ လင်းဟန်သည် သူ့စကားများကို မကြားနိုင်သည့်တိုင် စကားလုံးတစ်လုံးချင်းစီက ပြတ်သားစွာ ထွက်ပေါ်လာမည်ဟု ခန့်မှန်းမိလိုက်သည်။ ထိုသူ၏ မျက်ဝန်းထဲ၌ စိတ်ရှည်မှု များများစားစား မရှိချေ။ လင်းဟန်က ထိုသူသည် စကားပြောရသည်ကို မနှစ်သက်သူတစ်ဦးဟု မှတ်ချက်ချလိုက်၏။ 


“ဟေး … ရှောင်လင်း …” 

လင်းဟန် အတွေးများနေစဉ် သူ၏ ဆရာက သူ့အား လှမ်းခေါ်လေသည်။ 

“ဒီကိုလာခဲ့ …” 


လင်းဟန်သည် ထိုနေရာသို့ ချက်ချင်း လျှောက်သွားလိုက်၏။ 


သူက ငယ်ရွယ်နေသည့်တိုင် သန်မာသည့် စွမ်းဆောင်ရည် ရှိလေသည်။ ဆရာသည် သူ့အား ဦးစွာ စမ်းသပ်စေလို၏။ 

“မင်းက ဒီ Q series မော်ဒယ်အသစ်နဲ့ ရင်းနှီးပြီးသားမဟုတ်လား …” 


လင်းဟန်သည် ခေါင်းညိတ်ကာ အာရုံစိုက်ရန် လိုအပ်သည့် ပြဿနာများကို တစ်ခုချင်း ရွတ်ပြလိုက်သည်။ 


ဆရာက သူ့အား ကြည့်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ 

“ဒါဆို မင်း ဗိုလ်ချုပ်ဟယ့်ကို ခေါ်ပြီး အရင်ဆုံး စစ်ဆေးဖို့ပြင်ပါ …” 


“ဆရာ …” 

လင်းဟန်သည် ခဏတွေးကာ ပြောလိုက်သည်။ 

“ကျွန်တော်တို့ စိတ်ဆက်သွယ်ရေးစနစ်ကိုလည်း စစ်ဆေးဖို့ လိုတယ်မဟုတ်လား …” 


၎င်းက ပို၍ လေးနက်သည့် စစ်ဆေးမှုဖြစ်သည်။ 


အဆုံးသတ်တွင် ၎င်းသည် အလွန်အရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်၏။ တစ်ခုချင်း ရှင်းပြရမည့် အချက်များစွာ ပါဝင်သည်။ လင်းဟန်သည် ထိုအရာကို သတိကြီးကြီး အတည်ပြုရန် လိုအပ်နေဆဲပင်။ 


ဆရာက လင်းဟန်သည် သူ့ကိုယ်သူ ယုံကြည်ချက် မရှိဟု ထင်မှတ်သွားခဲ့သည်။ 

“ဖြစ်တယ် … မင်း လုပ်စဉ်အတိုင်း လုပ်ရုံပဲ … ဗိုလ်မှူးမှာ အရမ်းသန်မာတဲ့ စိတ်စွမ်းအားရှိတယ် … မင်းနဲ့ ကောင်းကောင်း ပူးပေါင်းနိုင်လိမ့်မယ် …” 


လင်းဟန်သည် ခွင့်ပြုချက် ရပြီးသည်နှင့် အေးစက်စက် ရှိနေသည့် ဗိုလ်မှူးထံသို့ လျှောက်သွားလိုက်သည်။ 


သူက သူ၏ ဖြစ်တည်မှုကို လူထုအား ချမပြရသေးသည်ဖြစ်ရာ စစ်သားများထံမှ အရိုအသေပေးမှုကို မရခဲ့ချေ။ သူက ဗိုလ်မှူးအား အလေးပြုလိုက်ရင်း အပြုံးဖြင့် ပြောလိုက်သည်။ 

“ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ …” 


တစ်ဖက်လူက မည်သို့မှ မဖြေပဲ တိတ်ဆိတ်စွာ လိုက်ပါလာလေသည်။ 




👾