👾Chapter 148
သူက မက်ခါသော့ကို ယူလိုက်သည်။ Q SERIES မက်ခါများသည် လူတစ်ဦးထဲအတွက် ရည်ရွယ်ထားသည်ဖြစ်ရာ ၎င်းတို့၏ စက်ခန်းမှာလည်း ကြီးမားခြင်းမရှိကြချေ။ လင်းဟန်သည် ဟယ့်ယွင်ထင်အား ဦးစွာ စက်ခန်းထဲသို့ ဝင်ရောက်စေ၏။ ထို့နောက်မှသာ သူက အနောက်မှ တက်ပြီး မက်ခါတံခါးကို ပိတ်လိုက်သည်။
လင်းဟန် မည်မျှ ထက်မြက်သည်ဖြစ်စေ၊ သူသည် ဆယ့်ခုနစ်နှစ်သာ ရှိသေး၏။ ထို့အပြင် သူသည် ကောင်းမွန်စွာ ပျိုးထောင်ခံရပြီး ကြီးပြင်းလာခြင်းဖြစ်သည်။ သူက မက်ခါများအား လေ့လာရခြင်းကို လူများနှင့် ဆက်ဆံရခြင်းထက် ပို၍နှစ်သက်၏။ စောစောက မျက်လုံးချင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကသိကအောက် နိုင်မှုသည် ယခုထက်တိုင် ရှိနေဆဲဖြစ်၏။ သူတို့နှစ်ဦးလုံး စကားမပြောမိကြချေ။
ကောင်လေးက ခေါင်းကုတ်လိုက်သည်။ သူက ဗိုလ်မှူးတစ်ဦးအား လျစ်လျူမရှုသင့်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူက ဦးစွာ စကားစရန် ဆုံးဖြတ်လိုက်သည်။
သူက လက်ကိုဆန့်တန်းကာ မျက်ဝန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးလျက် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“လင်းဟန် … မက်ခါ သုတေသနဌာနက ဒုတိယနှစ် ကျောင်းသားပါ …”
လင်းဟန်သည် အနည်းငယ် စိုးရိမ်နေ၏။ သူ၏ စိတ်ဖတ်စွမ်းရည် ဆက်ခံမှုအား လွန်ခဲ့သည့် ရက်အနည်းငယ်က အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ သူက ထိုစွမ်းရည်နှင့် အသားမကျသေးရာ ယနေ့၌ လက်အိတ်များကို ဝတ်ဆင်ရန် မေ့သွားခဲ့၏။
အမှန်စင်စစ် သူသည် တစ်ဖက်လူထံမှ မည်သည့်တုံ့ပြန်မှုကိုမှ မရမည်ကို စိုးရိမ်နေခြင်းဖြစ်၏။
လေထုသည် တစ်စက္ကန့်ကြာ တောင့်တင်းသွားခဲ့သည်။ မကြာခင်မှာပင် တစ်ဖက်လူက သူ၏ လက်ကို ဆန့်ထုတ်လာ၏။
ကံကောင်းလို့ … သိပ်ပြီးရှက်စရာ မကောင်းတော့ဘူး …
လင်းဟန်သည် တစ်ဖက်လူ၏ စကားသံကို ကြားလိုက်ရ၏။
“ဟယ့်ယွင်ထင်ပါ …”
နောက်တစ်စက္ကန့်၌ သူ၏လက်သည် ညှင်သာစွာ ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။
[သူက မနှစ်က မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ တွေ့ခဲ့တဲ့ အိုမီဂါလား … ]
【သူက သေးသေးလေးပဲ】
【ဒါပေမယ့် သူက အရမ်းလှတယ် … 】
လင်းဟန်၏ လက်ဖဝါးသည် တုံ့ဆိုင်းသွား၏။
“…”
"ခင်ဗျား --"
သူက ခင်ဗျား ကျွန်တော့်ကို မနှစ်က တွေ့ခဲ့တာလား ဟူ၍ မေးတော့မည့် အချိန်၌ ဟယ့်ယွင်ထင်၏ စိတ်တွင်းမှ စကားသံကို ကြားနေရခြင်းဖြစ်ကြောင်း သတိရသွား၏။ ထို့ကြောင့် သူက ထိုစကားလုံးများကို အစာအိမ်ထဲသို့သာ ပြန်မျိုချလိုက်ရသည်။
ကျွန်တော်က သေးသေးလေးမဟုတ်ပါဘူးနော် …
ကျွန်တော် လူကြီးဖြစ်တော့မှာပါ …
လင်းဟန်က တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
သူက အနည်းငယ် စိတ်လှုပ်ရှားနေ၏။ လင်းဟန်သည် လက်ကိုပြန်ရုတ်ကာ နှာခေါင်းကို ပွတ်လိုက်မိသည်။ ထို့ကြောင့် သူက တစ်ဖက်လူ၏ အနည်းငယ် နီစွေးသွားသော နားရွက်များကို သတိမပြုမိခဲ့ချေ။
“အိုး … မင်္ဂလာပါ …”
လင်းဟန်သည် ခပ်တောင့်တောင့် နှုတ်ဆက်လိုက်၏။
သူက ရှက်စရာ အခြေအနေမှ ရှောင်ရှားရန် လုပ်ရမည့်ကိစ္စကို အစပျိုးလိုက်သည်။ လင်းဟန်သည် မက်ခါ၏ အင်ဂျင်အား စက်နှိုးပေးလိုက်၏။ ထို့နောက် သူက မတ်တပ်ရပ်ကာ ဟယ့်ယွင်ထင်အား ရှင်းပြလိုက်သည်။
“ဗိုလ်မှူးဟယ့် … …… ဒီလောက်ပါပဲ …”
ဟယ့်ယွင်ထင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် မက်ခါအား စတင်၍ စစ်ဆေးတော့သည်။
ဖြစ်စဉ်တစ်ခုလုံးသည် ချောမွေ့နေ၏။ လင်းဟန်က ဟယ့်ယွင်ထင် မက်ခါအား ထိန်းချုပ်နေသည်ကို ကြည့်နေခဲ့သည်။ ကြိီးမားသော သံကိုယ်ထည်ကြီးသည် လေထဲသို့ မြောက်တက်လာကာ ဟိန်းသံအား ထုတ်လွှတ်လာသည်ကို သူခံစားလိုက်ရ၏။
သူက မက်ခါနှင့် ထိတွေ့လိုက်သည်နှင့် မှော်ဆန်ဆန် ပြောင်းလဲသွားသည့် သူ့အရှေ့ရှိလူကို ကြည့်နေခဲ့သည်။
ဟယ့်ယွင်ထင်ကဲ့သို့ လွယ်ကူစွာ မောင်းနှင်နိုင်ရန်အတွက် တစ်စုံတစ်ဦးသည် မက်ခါများနှင့် ရင်းနှီးကျွမ်းဝင်မှု၊ ပြင်းထန်သော လေ့ကျင့်ရေး၊ မိမိကိုယ်ကိုယ် ယုံကြည်မှုတို့ လိုအပ်၏။
ဟယ့်ယွင်ထင်သည် ဤမက်ခါအား ပထမဆုံးအကြိမ် စစ်ဆေးခြင်းဖြစ်၏။ သူက အချက်အလက် အမျိုးမျိုးကို စစ်ဆေးသွားသည်အား လင်းဟန် ကြည့်နေမိသည်။ ထိုသူက လက်နက်တိုက်ကို ဖွင့်ကာ တုံ့ဆိုင်းခြင်းမရှိ စွမ်းအင်ဖြည့်တင်းလိုက်သည်။ ၎င်းက သာမန်စစ်ဆေးမှုတစ်ခုသာ ဖြစ်သည့်တိုင် လင်းဟန်၏ နှလုံးသားကမူ ထိုသူအား ကြည့်နေရင်း လျင်မြန်စွာ ခုန်ပေါက်လာခဲ့၏။
၎င်းက သူ နှစ်ပေါင်းများစွာ အလိုရှိခဲ့သည့် အရာဖြစ်သည်။
လက်ရှိအခိုက်အတန့်ရှိ စစ်ဆေးမှုသည် လေသင်္ဘောများနှင့် မတူချေ။ လေသင်္ဘောများသည် သွားလာရေးအတွက်သာ အသုံးပြု၏။ မက်ခါများကမူ အင်ပါယာ၏ အကောင်းဆုံးနှင့် အချွန်မြဆုံး လက်နက်ဖြစ်သည်။ အသန်မာဆုံး လူများကသာ ၎င်းမက်ခါများ၏ စွမ်းရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်ပေလိ့မ်မည်။
အတိတ်က လင်းဟန်သည် ဆရာများ မက်ခါအား စစ်ဆေးရန် စမ်းသပ်မောင်းနှင်သည်ကို တွေ့ခဲ့ဖူး၏။ သို့သော် သူတို့သည် သုတေသန ပညာရှင်များသာဖြစ်ရာ လက်နက်များကို ဆွဲမထုတ်ခဲ့ကြချေ။ ဟယ့်ယွင်ထင်ကမူ စစ်ဆေးနေသည်နှင့် မတူပဲ စစ်ပွဲအား ရင်ဆိုင်နေခြင်းနှင့် ပို၍တူ၏။
သူက သူ့အရှေ့တွင် စစ်သားတစ်ဦး မက်ခါမောင်းနှင်သည်ကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ …
အတန်ကြာမျှော်လင့်ခဲ့ရသော စိတ်ဆန္ဒတစ်ခု မီးထတောက်လာသကဲ့သို့ ထိတ်လန့်စရာ ကောင်း၏။
လင်းဟန် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။
သူက ပိုင်းလော့အစစ်အမှန်တစ်ဦး မည်မျှ ဖြစ်လာချင်ကြောင်း သူ့ကိုယ်သူသာ အသိဆုံးဖြစ်သည်။
သူ့အရှေ့ရှိ ဗိုလ်မှူးသည် အလွန်ငယ်ရွယ်သေး၏။ သို့သော် ထိုသူသည် မနှစ်က မက်ခါစစ်ဆေးမှု၌ အောင်မြင်ခဲ့ပြီး မစ်ရှင်များစွာအား ပါဝင်ခဲ့လေသည်။ သူ ဤမျှကျွမ်းကျင်နေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
လင်းဟန်သည် ရုတ်တရက် အလွန်အားကျလာသည်။
သူက အာကာသထဲသို့ သွားဖူးမှာပဲ … ငါ့လိုမျိုး မက်ခါတွေကို ထိရုံထိနေပြီး တစ်ရက်ကျရင် ကြယ်စုဝေးနဲ့ နီးနီးသွားနိုင်မယ်လို့ စိတ်ကူးယဉ်နေစရာမလိုဘူး …
သူက ထိုသို့တွေးနေစဉ်မှာပင် တစ်ဖက်လူထံမှ ခေါ်သံကြားလိုက်ရသည်။
"လင်းဟန် … "
ဟယ့်ယွင်ထင်သည် သူ့အမည်အား တွန့်ဆုတ်စွာ ခေါ်လိုက်၏။
လင်းဟန် အသိပြန်ဝင်လာ၏။
“ဘာများဖြစ်လို့လဲ … ဗိုလ်မှူး …”
တစ်ဖက်လူက စစ်ဦးထုပ်ကို ချွတ်ကာ ဘေးတွင် ချထားလိုက်သည်။ လင်းဟန်က ထိုသူ၏ မျက်နှာအား အတားအဆီးမရှိ တွေ့လိုက်ရ၏။
ဒီတော့ ဗိုလ်မှူး ဦးထုပ်ချွတ်ထားရင် ဒီလိုမျိုးဖြစ်နေတာပေါ့ …
သူ၏ မျက်ဝန်းများက မိုးပြာရောင်ဖြစ်သည်။ သူ့မျက်နှာထက်၌ မည်သည့် အမူအရာမှ ရှိမနေချေ။ လင်းဟန်က သူ့အတွေးများသည် မှားယွင်းနေခဲ့ကြောင်း နားလည်လိုက်၏။ ဗိုလ်မှူးသည် ထင်သလောက် ခက်ထန်နေခြင်း မရှိချေ။
လင်းဟန်က မျက်တောင်ခတ်လိုက်သည်။
ဟယ့်ယွင်ထင်၏ မျက်ဝန်းများထဲရှိ လူငယ်လေးသည်လည်း မျက်တောင်ခတ်လိုက်၏။
ထို့နောက် ဟယ့်ယွင်ထင်သည်လည်း မျက်တောင်ခတ်လိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး …”
ဗိုလ်မှူးက အကြည့်ကို ရုတ်သိမ်းလိုက်သည်။ လင်းဟန်သည် တစ်စုံတစ်ခုကို မေးချင်သော်လည်း မမေးပဲထားလိုက်ရသကဲ့သို့ အနည်းငယ် ပွင့်ဟနေသော ထိုသူ၏ နှုတ်ခမ်းများထံသို့ အကြည့်ရောက်သွား၏။
“ဘာများဖြစ်လို့လဲ …”
လင်းဟန်က ဆက်မေးလိုက်သည်။
“စနစ်က တစ်ခုခု ချို့ယွင်းနေလို့လား … ဒါမှမဟုတ် …”
သူက သူ၏ စိတ်ပူမှုကို အဆက်မပြတ် စကားပြောခြင်းဖြင့် ဖုံးလိုက်၏၊ လင်းဟန်သည် စက်ခုံအား ထိရန် ကိုယ်ကိုရှေ့သို့ ကိုင်းလိုက်သည်။ သူ၏ လက်ချောင်းထိပ်များသည် ဟယ့်ယွင်ထင်၏ လက်ခုံပေါ်သို့ ခပ်ဖွဖွ ဖြတ်ပြေးသွား၏။
【စောစောက သူဝမ်းနည်းသွားသလိုပဲ ... 】
[သူ စိတ်အခြေအနေ ကောင်းလာဖို့ ဘာလုပ်ရပါ့မလဲ … ]
"အာ ……"
လင်းဟန်၏ နှုတ်ခမ်းအစုံသည် ပွင့်ဟသွား၏။ သို့သော် မည်သည့်စကားသံမှ ထွက်မလာခဲ့ချေ။
သူက ခံစားချက်အနည်းငယ်အား တစ်ဖက်လူထံတွင် အမိခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။
“စနစ်က အမှားအယွင်းမရှိပါဘူး …”
ဟယ့်ယွင်ထင်က ပြောလိုက်သည်။
"အိုး … "
လင်းဟန်က ခေါင်းညိတ်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။
"ကောင်းပါတယ် ..."
"ဗိုလ်မှူး … ဆက်လုပ်ပါ ..."
သူက ခပ်တိုးတိုး ပြောလိုက်၏။
အမှန်စင်စစ် သူသည် ဟယ့်ယွင်ထင်အား အနည်းငယ် ကြောက်နေမိသည်။ သူက စိတ်ဖတ်နိုင်သူဖြစ်သည့်တိုင် တကယ်တမ်း ရှက်ရွံ့နေရသူမှာလည်း သူသာ ဖြစ်နေ၏။
တစ်ဖက်လူ၏ အတွေးကို သိနေသည့်တိုင် ထုတ်ပြော၍မရသည့် ခံစားချက်သည် မကောင်းမွန်ချေ။ လင်းဟန်က စိတ်ကိုစုစည်းကာ ဟယ့်ယွင်ထင်၏ ‘သူ မပျော်မရွှင်ဖြစ်သွားတယ်’ ဟူသောအတွေးကို လှည့်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။
လင်းဟန်သည် ခေါင်းမော့ကာ ဟယ့်ယွင်ထင်အား ပြုံးပြလိုက်၏။
သူပြုံးလိုက်ချိန်တွင် သူ၏ မိခင်ကဲ့သို့ပင် မျက်ဝန်းများပါ ကွေးညွှတ်သွားလေ့ရှိသည်။
ထိုအပြုံးက တစ်ဖက်လူအား သက်ရောက်စေခဲ့ပုံပေါ်၏။ ဟယ့်ယွင်ထင်သည် မည်သို့မှ ဆက်မပြောတော့ပဲ မက်ခါကိုသာ ထပ်မံစစ်ဆေးလိုက်သည်။
လင်းဟန်သည် အခြားလူများ မက်ခါမောင်းနှင်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူက သူ့အရှေ့ရှိလူအား စိတ်ပါလက်ပါ ကြည့်နေ၏။ သူကြာကြာကြည့်နေပါက သူသည်လည်း တစ်ဖက်လူကဲ့သို့ ကြယ်စုဝေးအနီးသို့ သွားနိုင်မည်ဟု တွေးနေသကဲ့သို့ပင်။
စစ်ဆေးမှုသည် အလွန်ကျယ်ပြန့်ပြီး စိတ်စွမ်းအား ဗဟိုချက်နှင့် ဆက်သွယ်ခြင်းပင် ပါဝင်၏။ ဟယ့်ယွင်ထင်သည် မက်ခါအား လေသင်္ဘောထက် သုံးဆမြင့်သော အမြင့်အထိ မောင်းနှင်ကြည့်ခဲ့သည်။
လင်းဟန်သည် ပြတင်းမှတဆင့် ရှုခင်းကို ကြည့်နေသည်။ သူက ဤစစ်ဆေးမှုအား အနည်းငယ် ကြန့်ကြာရန် မျှော်လင့်နေမိ၏။
ဟယ့်ယွင်ထင်က အခြေခံစစ်ဆေးခြင်း အဆုံးသတ်ပြီးသွားခဲ့သည်။ လင်းဟန်သည် သုတေသနအဖွဲ့သို့ စစ်ဆေးမှုအောင်မြင်ကြောင်း စာပို့လိုက်၏။ တစ်ဖက်လူသည် လက်နက်များကို စတင်၍ စုဆောင်းလိုက်သည်။
သူက မတ်တပ်ထ၍ မေးလိုက်သည်။
“ကိုယ်တို့ စိတ်စွမ်းအား ဆက်သွယ်ခြင်းကို စစ်ဆေးကြမလား …”
၎င်းသည် လုပ်ဆောင်ချက် အသစ်ဖြစ်သည်။ ဟယ့်ယွင်ထင်သည် ၎င်းကို ပထမဆုံးအကြိမ် စစ်ဆေးမည်ဖြစ်၏။
လင်းဟန်သည် သဘောတူကြောင်း အသံပြုလိုက်ပြီးနောက် ဟယ့်ယွင်ထင်အား မည်သို့ရှင်းပြရမည်ကို တွေးလိုက်သည်။
၎င်းစနစ်တွင် ပါဝင်သည့် လုပ်ဆောင်ချက်များနှင့် ဖော်မြူလာများသည် ရှုပ်ထွေးလှသည်။ သို့သော် လင်းဟန်က တစ်ဖက်လူ နားလည်ရအလွယ်ဆုံး နည်းလမ်းကိုသုံးကာ ရှင်းပြပေးခဲ့သည်။ သူက ကြွားဝါခြင်းမပြုပဲ စနစ်၏ အသုံးပြုပုံနှင့် လက္ခဏာရပ်များအား နားထောင်သူ နားလည်ရန် ရှင်းပြပေးခဲ့၏။
လင်းဟန်သည် ဟယ့်ယွင်ထင်နှင့် သက်သောင့်သက်သာ စကားဆိုနေခဲ့သည်။ သူက ဟယ့်ယွင်ထင်အား ခက်ထန်သည်ဟု မမြင်တော့ချေ။ ထို့ကြောင့် သူက အလွန်ရှင်းလင်းစွာ စကားပြောပေးခဲ့၏။
ဟယ့်ယွင်ထင်သည် သူ့အရှေ့ရှိ ယုံကြည်ချက်အပြည့်ဖြင့် ရှင်းပြနေသည့် လူငယ်လေးကို ကြည့်နေမိသည်။ လူငယ်လေးသည် ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း အလွန်ခက်ခဲသည့် အရာများကို ကိုင်တွယ်နေပြီဖြစ်၏။ ထို့အပြင် အခြားလူများကိုလည်း နားလည်အောင် ရှင်းပြနိုင်စွမ်းရှိလေသည်။
“ဒါဆို ဗိုလ်မှူး စမ်းသပ်ချင်လား … ကျွန်တော် စနစ်ကို ဖွင့်လိုက်ပါ့မယ် …”
"ကောင်းပါပြီ …”
လင်းဟန်သည် အခြားတစ်ဖက်သို့ လျှောက်သွားကာ ရှုပ်ထွေးသည့် စနစ်ကို ဖွင့်လိုက်၏။ သူက လက်ချောင်းများဖြင့် လျှို့ဝှက်ကုဒ်ကို ကျွမ်းကျင်စွာ ရိုက်ထည့်လိုက်သည်။
ဟယ့်ယွင်ထင်သည် အလွန်ပူးပေါင်းမှုရှိ၏။ သူက လင်းဟန်၏ ညွှန်ကြားချက်အတိုင်း တစ်ဆင့်ချင်း လုပ်ဆေင်သွားသည်။ သူက စိတ်စွမ်းအားကို သုံးကာ လေးနက်သည့် လုပ်ဆောင်ချက်များကို တစ်ခုချင်း ဆောင်ရွက်ခဲ့၏။ ပင်မစနစ်နှင့် ချိတ်ဆက်မိသွားသည့်အခါ လင်းဟန်သည် မနှောင့်ယှက်တော့ပဲ ဘေးမှသာ ကြည့်နေလိုက်သည်။ ဟယ့်ယွင်ထင်သည် သူ၏ ညွှန်ကြားမှုကို မလိုတော့ချေ။ သူက စစ်ဆေးမှုများကို ကျွမ်းကျင်စွာ ပြုလုပ်သွားတော့၏။
မက်ခါအား သုတေသနဌာနသို့ ပြန်လည်မောင်းနှင်လာချိန်၌ အားလုံးမျှော်လင့်ထားသည်ထက် ပို၍ စောနေခဲ့သည်။ ၎င်းက ခန့်မှန်းထားသော အချိန်၏ တစ်ဝက်ခန့်သာ ကုန်ခဲ့၏။
လင်းဟန်သည် အချက်အလက်များကို တစ်ခုချင်း ပေးပို့ခဲ့သည်။ သူက ရပ်နားခွင့်ရသည်နှင့် ကွန်ပြူတာကို ပိတ်ကာ ဟယ့်ယွင်ထင်အား ပြောလိုက်၏။
“ဗိုလ်မှူး … ပြီးသွားပါပြီ …”
ဟယ့်ယွင်ထင်သည် မည်သည့်စကားကိုမှ မဆိုခဲ့ချေ။ သူက မက်ခါကိုသာ မူလနေရာသို့ ပြန်လည် ဆိုက်ကပ်လိုက်၏။
မက်ခါသည် ဟိန်းသံနှင့်အတူ ဖြည်းဖြည်းချင်း ဆိုက်ကပ်သွားခဲ့သည်။ စစ်ဆေးမှုသည် အောင်မြင်ခဲ့၏။
လင်းဟန်သည် သော့ကို ယူရန် လက်လှမ်းလိုက်သည်။ ဟယ့်ယွင်ထင်က သူ့အား ဦးစွာ ကမ်းပေးလာ၏။
“ကျေးဇူးပါ … ဗိုလ်မှူး …”
သူက သော့ကို ယူကာ ကျေးဇူးစကားဆိုလိုက်သည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သူက နှစ်စက္ကန့်အကြာ၌ စကားဆိုလာ၏။
"လင်းဟန် …"
ဟယ့်ယွင်ထင်က သူ့အမည်ကို ခေါ်လိုက်သည်။
“မင်းကိုယ့်ကို ဗိုလ်မှူးလို့ ခေါ်စရာမလိုပါဘူး …”
ဒါက ကိုယ်တို့နှစ်ဦးကြားမှာ အကွာအဝေး အများကြီး ရှိနေသလိုပဲ …
ဟယ့်ယွင်ထင်၌ အခြားအတွေးမရှိချေ။ သူက ဒီအတိုင်း ပြောလိုက်ခြင်းသာဖြစ်၏။
လင်းဟန်က တစ်ဖက်လူ၏ အတွေးများကို မသိချေ။ သို့သော် သူက ခေါင်းညိတ်ကာ ကောင်းပြီ ဟုပြောလိုက်’။ ထို့နောက် အလေးအနက် မေးလိုက်သည်။
“ဒါဆို ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်သင့်လဲ …”
မေးခွန်းက လူနှစ်ဦးလုံးကို ကြောင်အသွားစေခဲ့သည်။
👾