Chapter 151
Viewers 19k

👾Chapter 151




တော်ဝင်နန်းတော်၏ ဓလေ့ထုံးတမ်းများအရ သက်ပြည့်အခမ်းအနား၌ တော်ဝင်သွေးဆက်ခံသူများသည် ဆာဘွဲ့ပေးအပ်၍ ချီးမြှင့်ခံရလေ့ရှိသည်။ အဆိုပါ ဓလေ့ထုံးတမ်းများသည် အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ပြီး အထူးလေ့ကျင့်ပေးခြင်းမျိုး မရှိတော့သည့်တိုင် တော်ဝင်မိသားစုသည်  စစ်သားများအနက် အထူးချွန်ဆုံး သူရဲကောင်းများကို ရွေးချယ်နိုင်ဆဲဖြစ်သည်။ 


သူရဲကောင်းသည် မိမိအား ရွေးချယ်ခဲ့သူကို ခစားရသည်။ ထိုသူ့အား တစ်ဘဝလုံး သစ္စာရှိစွာဖြင့် စောင့်ရှောက်ရပေလိမ့်မည်။ 


“သားရဲ့အဖေက သားဒါကို ကျော်ပစ်ချင်ရင်လည်း အဆင်ပြေတယ်လို့ပြောတယ် …” လင်းဟန်၏ မိခင်က ပြောလိုက်သည်။ “ဒါပေမယ့် ဟန်ဟန့်သဘောအတိုင်းလုပ်နော် …” 

လင်းဟန်၏ မျက်ဝန်းများသည် အေးစက်စက် လက်ဖြာသွား၏။


“မေမေ …” သူက အမျိုးသမီးပြသလာသည့် စာရင်းထဲရှိ အမည်တစ်ခုကို မတွန့်မဆုတ် ရွေးချယ်လိုက်သည်။ 


“ကျွန်တော် သူ့ကို ရွေးချင်တယ် …” 


မင်းသား၏ အချက်အလက်များသည် မပေါက်ကြားသေးချေ။ သို့သော် ထိုသူ၏ သက်ပြည့်အခမ်းအနား၌ သူရဲကောင်းရွေးချယ်မည်ဟူသည့် သတင်းသည် ပျံ့နှံ့လျက်ရှိသည်။ 


ဤသို့ဖြင့် မင်းသား၏ အချက်အလက်များကို မခန့်မှန်းနိုင်ကြသူများသည် မင်းသား၏ သူရဲကောင်းဖြစ်လာမည့်သူအား စတင်မှန်းဆကြတော့၏။ 


မင်းသားသည် အသက်ပြည့်ခါစ ရှိသေးသည်ဖြစ်ရာ သူ၏ သူရဲကောင်းမှာလည်း အလွန်အိုမင်း၍ မဖြစ်ချေ။ သို့သော် ထိုသူသည် အလွန့်အလွန်ကောင်းမွန်သည့် စစ်သည်တော် ဖြစ်ရပေမည်။ 


အားလုံးက တစ်ဦးထဲကိုသာ တွေးမိကြ၏။ 


စခန်းရှိ အလွန်ငယ်ရွယ်၍ တောက်ပလွန်းသော တစ်စုံတစ်ဦး … 


ဖိုရမ်၏ ဦးတည်ချက်က ပြောင်းလဲသွားလေသည်။ 


“ပြီးသွားပြီ … ငါ အပြီးထိကြည့်နိုင်စွမ်းတောင်မရှိတော့ဘူး …” 


“ဒါဆို ဒီတစ်လပြီးရင် ဘာဖြစ်မှာလဲ … သူတို့ကြားမှာ ဘာမှဆက်မဖြစ်တော့ဘူးလား …” 


“မဟုတ်လောက်ပါဘူး … တစ်ခုခုဆက်ဖြစ်လာဦးမှာပါ … ငါတို့ မသိနိုင်တဲ့နေရာမျိုးမှာပေါ့ …”


“ပြီးတော့ ဗိုလ်ချုပ်ဟယ့်က အရမ်းအေးတာ … တစ်ခုခု ဆက်ဖြစ်နိုင်ပါဦးမလား …” 


“ငါ့စိတ်ထင် သူက သူရဲကောင်းဖြစ်ဖို့ ထိုက်တန်တယ် …” 


“ဘယ်သူသိနိုင်မှာလဲ … တခြားစစ်သည်တွေလည်း ရှိသေးတာပဲလေ … ဧကရာဇ်က အရှင့်သားအတွက် ပိုပြီးစိတ်ချရတဲ့ အသက်ကြီးကြိီးသူရဲကောင်းတစ်ယောက်ကို ရွေးတာလည်း ဖြစ်နိုင်တာပဲ …” 


“ငါတော့ ရှုပ်ကုန်ပြီ … မင်းသားလေးကို ဗိုလ်မှူးနဲ့လည်း တွဲစေချင်တယ် … ဒါပေမယ့် သူသာ မင်းသားရဲ့ သူရဲကောင်းဖြစ်လာရင် ရှောင်လင်း ဝမ်းနည်းရမယ်ထင်တယ် …” 


“ဟုတ်တယ် … တခြားတော့မဟုတ်ပေမယ့် အဲဒီ့လိုသာဆို သူ ရှောင်လင်းနဲ့ အချိန်ဖြုန်းပေးနိုင်မှာ မဟုတ်တော့ဘူး …”


“ရှောင်လင်း ဝမ်းနည်းမှာကို ငါမကြည့်ရက်ဘူး …” 


“သူ ငိုရင် ငါလည်းလိုက်ငိုမိလိမ့်မယ် …” 


အဆုံးသတ်တွင် လင်းဟန်သည်လည်း ထိုလျှို့ဝှက်ချက်ကို ထိန်းထားရန် လိုအပ်၏။ ထို့ကြောင့် ရှန်ရှိုးနန်ထံမှ မကြာခဏဆိုသလို ဖိုရမ်ရှိ သတင်းများကို ကြားလာရသည့်တိုင် သူက မည်သို့မှ ပြန်မပြောပဲ စိတ်ထိန်းထားခဲ့သည်။ 


ဟယ့်ယွင်ထင်သည် လတ်တလောတွင် အလွန်အလုပ်များနေ၏။ သူက လဝက်ကြာသည်အထိ ကျောင်းသို့ ရောက်မလာခဲ့ချေ။ 


သူ မလာလေလေ၊ လင်းဟန်က ပို၍ စိုးရိမ်လာလေပင်။ 


သူက လူထုရှေ့၌ ထုတ်ဖော်ခံရမည်ကို မကြောက်ရွံ့ချေ။ သို့သော် ဟယ့်ယွင်ထင် ထိုသတင်းအား ကြားပြီးသည့်နောက် မည်သို့တွေးမည်ကို စိုးရိမ်နေခဲ့၏။ 


သူက အရွယ်မရောက်မချင်း သာမန်လူအဖြစ် နေထိုင်ရန် ရွေးချယ်ခဲ့မိသည်ကိုပင် နောင်တရချင်လာသည်။ 


လူငယ်လေးသည် အချစ်၏ အဓိပ္ပာယ်အစစ်အမှန်ကို နားမလည်သေးသော်လည်း တစ်ဖက်လူအား သွားခွင့်ပေးရန် တွန့်ဆုတ်လျက်ရှိ၏။ 


သို့သော် ဟယ့်ယွင်ထင်သည် သူ့ထံသို့ ရောက်မလာခဲ့ချေ။ 


သူ၏ သက်ပြည့်အခမ်းအနားသည် တဖြည်းဖြည်းနီးကပ်လာ၏။ လင်းဟန်၏ စိုးရိမ်မှုသည်လည်း တိုးပွားလာရသည်။ 


သူရဲကောင်းအဖြစ် ရွေးချယ်ခံရခြင်းသည် သူကောင်းပြုခံရခြင်းဖြစ်ကြောင်း အားလုံးက တွေးထင်ကြသည်။ သို့သော် လင်းဟန်၏ အတွေးများမှာ ကွဲပြား၏။ 


အဲဒီ့လူသာ အလိုမရှိခဲ့ရင် … 


လင်းဟန်က သူထိုသူ့အား တွန်းအားမပေးသင့်ဟု ခံစားလိုက်ရသည်။


နောက်ထပ် သုံးရက်အကြာ၌ လင်းဟန်သည် အခွင့်အရေးရခဲ့သည်။ 


သူတို့အဖွဲ့သည် သုတေသနအဖွဲ့အစည်းနှင့် ပူးပေါင်းလိုက်ကြသည်။ ထိုနေ့သည် မက်ခါအသစ်များကို ထိန်းသိမ်းပြုပြင်ရေးသို့ ပို့ဆောင်သည့် နေ့ဖြစ်၏။ သုတေသန အဖွဲ့အစည်းသည် အလုပ်များလာချိန်တိုင်း ကျောင်းသားများအား အကူအညီတောင်းလေ့ရှိသည်။ မက်ခါများ၌ ပြင်းထန်သည့် ချို့ယွင်းမှုများ မရှိသရွေ့ သင်တန်းနည်းပြသည် ကျောင်းသားများကို အလုပ်သင်အဖြစ် သူ့နောက်သို့ လိုက်ခွင့်ပြုလေ့ရှိ၏။


လင်းဟန်သည် ထိုနယ်ပယ်၌ ပါရမီရှိပြီး ထူးချွန်သည့် ကျောင်းသားဖြစ်၏။ ထို့ကြောင့် သူ၏ စခန်းသို့ အတူတကွလိုက်ပါချင်ကြောင်း တောင်းဆိုမှုကို ဆရာများက အလွယ်တကူ လက်ခံခဲ့သည်။ 


သူက အများသုံးယာဉ်ထဲမှ ထွက်ကာ စခန်းထဲသို့ ဝင်လိုက်၏။ လင်းဟန်သည် သူအတန်ကြာ မတွေ့ခဲ့ရသူအား အကြည့်တစ်ချက်နှင့် မှတ်မိလိုက်သည်။ 


ထိုသူသည် လေ့ကျင့်ရေးကွင်းပြင်ရှေ့၌ မတ်တပ်ရပ်နေသည်။ သူ၏ စိုစွတ်နေသော လေ့ကျင့်ရေးဝတ်စုံက ဤနေရာ၌ ရှိနေသည်မှာ ကြာပြီဖြစ်ကြောင်း အခြားလူများကို ပြောပြနေသကဲ့သို့ရှိ၏။


လင်းဟန်၏ ဆရာသည် သူ့အကြည့်နောက်သို့ လိုက်ပါကြည့်ကာ ပြောလိုက်သည်။


 â€œá€™á€„်းတိုအ နောက်ဆုံးတစ်ခေါက်တုန်းက အတူတူစစ်ခဲ့ကြတယ် မဟုတ်လား … ရှောင်လင်း … ဒီတစ်ခါမင်း တာဝန်ယူလိုက်ပါ …” 


လူငယ်လေးသည် အမြန်ခေါင်းညိတ်လိုက်သည်။ သူက လေ့ကျင့်ရေးဆင်းနေသည့် လူများဘက်သို့ တစ်ချက်ကြည့်ကာ မက်ခါပေါ်သို့ ခပ်သွက်သွက် တက်လိုက်၏။ 


သူက ဟယ့်ယွင်ထင်သည် သူ့အား ချက်ချင်းမြင်သွားရန် မျှော်လင့်မိ၏။ သို့သော် တစ်ချိန်ထဲမှာပင် ခဏကြာမှသာ မြင်ရန်လည်း မျှော်လင့်မိပြန်သည်။ အလွန်ရှုပ်ထွေးလှ၏။ 


လင်းဟန်သည် စိတ်လှုပ်ရှားနေ၏။ သူက စိတ်ကို စုစည်းကာ ဆရာ၏ ညွှန်ကြားချက်အတိုင်း မက်ခါအား တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ရန် ကြိုးစားလိုက်သည်။ 


ဤမက်ခါသည် ဟယ့်ယွင်ထင်နှင့်အတူ စစ်ဆေးခဲ့သည့် မက်ခါနှင့်မတူချေ။ လက်ရှိတစ်ခုသည် စစ်ပွဲအလီလီအား ဖြတ်ကျော်ခဲ့သည့် မက်ခါဖြစ်၏။ 


မက်ခါ၌ ပြဿနာကြီးကြီးမားမား မရှိချေ။ လင်းဟန်သည် အသေးအမွှား ချို့ယွင်းချက်များကို လျင်မြန်စွာ ပြင်ဆင်လိုက်၏။ မကြာခင်မှာပင် မက်ခါသည် ပုံမှန်အတိုင်း လည်ပတ်လာတော့သည်။ 


သူက ဟယ့်ယွင်ထင်သူ့အား စောစောက မြင်တွေ့ခြင်းရှိမရှိ မသေချာချေ။ သို့သော် သူက မြန်မြန်ထွက်မသွားချင်ပဲ ဖြစ်နေ၏။ 


လင်းဟန်သည် မက်ခါ၏ ရုပ်မြင် ဖန်သားပြင်ကို ဖွင့်ကာ လေ့ကျင့်ရေးကို ကြည့်ရန် ပြင်လိုက်၏။ သို့သော် သူမြင်ချင်သည့်သူအား မြင်တွေ့ရသည်အထိ မြင်ကွင်းမှာ ကျယ်ပြန့်ခြင်းမရှိချေ။ 


ဒီတိုင်း စောင့်နေတာ ကောင်းမလား … သူ့ဆီသွားတာကောင်းမလား … 


လင်းဟန်၏ ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာ၏။ 


သူက ထိုမေးခွန်းအား တွေးပင်မတွေးပဲ ရှောင်တိမ်းလိုက်သည်။ 


ဉပမာအားဖြင့် သူသည် ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းအား ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိခြင်းမှ ရှောင်နေမိသည်။


သူက အဖြေလိုချင်နေတာလား … တစ်ဖက်လူကို တွေးနေမယ့်အစား အတွေးတွေအားလုံး ထုတ်ပြောလာတာ လိုချင်တာလား … 


ဘာလို့ ကျွန်တော် ရှောင်ဖို့ကြိုးစားတိုင်း ကျွန်တော့်ဆီရောက်လာပြီး ဖမ်းဆွဲထားရတာလဲ … 


လင်းဟန်တွင် ဟယ့်ယွင်ထင်၏ ပြဿနာနှင့် တစ်ထပ်တည်းတူညီသည့် ပြဿနာတစ်ခု ရှိလာခဲ့သည်။ 


သူ ငါ့ကို သဘောကျလား … 


ညနေသို့ ရောက်နေပြီဖြစ်ရာ မကြာခင် လေ့ကျင့်ရေး ပြီးဆုံးလိမ့်မည်ဟု လင်းဟန် တွေးလိုက်၏။ သူက အဖြေမထွက်မချင်း ပျင်းရိလာသည်အထိ မက်ခါအား စစ်ဆေးနေခဲ့သည်။ 


ဤမက်ခါသည် အလွန်သာမန်ဆန်လှသည်။ ၎င်းက သူ၏ မက်ခါ မဖြစ်နိုင်ချေ။ 


စက်ခန်းသည် တစ်ယောက်စာနေရာသာ ရှိပြီး စက်ခုံသည်လည်း အိုဟောင်းနေ၏။ စနစ်သစ်၏ ကိရိယာများကိုပင် တပ်ဆင်ထားခြင်း မရှိချေ။ 


မက်ခါပိုင်ရှင်သည် စက်အသစ်တစ်လုံး အမြန်တပ်ဆင်သင့်၏။ 


လင်းဟန်သည် မက်ခါ၏ ချို့ယွင်းချက်များကို တစ်ခုပြီးတစ်ခု ချရေးလိုက်သည်။ သူက ယာဉ်မောင်း၏ ထိုင်ခုံ၌ ထိုင်နေခဲ့သည်။ သို့သော် မနီးမဝေးရှိ လေ့ကျင့်ရေးကမူ အပြီးမသတ်သေးချေ။ 


ဒီတော့ သူက အကြာကြီး လေ့ကျင့်ရေးဆင်းရတာပေါ့ … 


သူ ငါ့ကို လာတွေ့ချိန် ဘယ်လိုများ ရပါလိမ့် … 


လင်းဟန်သည် မှောင်စပျိုးလာသည့် ညကောင်းကင်အား ငေးကြည့်နေခဲ့သည်။ ထိုအချိန်မှာပင် စက်ခန်းအား ဖွင့်လိုက်သည့် အသံကြားလိုက်ရ၏။ 


ဟယ့်ယွင်ထင်သည် လေ့ကျင့်ရေးဝတ်စုံအား ဝတ်ဆင်ထားဆဲဖြစ်သည်။ သူ၏ ဆံစများသည် ရှုပ်ပွနေ၏။ 

သူ့ပါးပြင်ထက်၌ ချွေးအချို့ပင်ရှိနေသေးသည်။ 


လင်းဟန်သည် အပြင်ဘက်၌ မှောင်မဲနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ 


သူက ခေါင်းကုတ်ကာ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ 


သို့သော် သူဘာမှမပြောနိုင်ခင် ဟယ့်ယွင်ထင်သည် တံခါးကို ပြန်ပိတ်လိုက်သည်။ “ခဏစောင့်နော် …” 

လင်းဟန်က ယာဉ်မောင်း၏ ထိုင်ခုံတွင် တောင့်တောင့်လေး ထိုင်လျက် ကျန်နေခဲ့၏။ 


နာရီဝက်အကြာ၌ စစ်ဝတ်စုံအား လဲလှယ်ထားသည့် တစ်ဖက်လူ ပြန်ရောက်လာခဲ့သည်။ လေ့ကျင့်ရေးကြောင့် ပင်ပန်းမှုသည် သူ့မျက်နှာထက်တွင် အစရှာ၍ပင် မရတော့ချေ။ သူ၏ လက်တွင်း၌ ဆိုဒါအေးတစ်ပုလင်းသည် ဖွင့်လျက်သား ရှိနေ၏။ 


ထိုသို့သော အရာမျိုးကို စခန်း၏ အနီးတဝိုက်၌ ရောင်းချခြင်းမရှိချေ။ လင်းဟန်သည် ထိုသူ အအေးအား မည်သည့်နေရာအထိ သွားရောက်ဝယ်ခဲ့မှန်း မခန့်မှန်းနိုင်ဖြစ်သွား၏။ 


သူက ပုလင်းကို ယူလိုက်ချိန်၌ ပုလင်း၏အပြင်ဘက်ရှိ ရေစက်ကလေးများသည် ဖယ်ရှားခံလိုက်ရ၏။ ၎င်းက အအေးခန်းထဲမှ ထုတ်ယူခံခဲ့ရခြင်း မဟုတ်ပဲ ခရီးရှည်တစ်ခုအား ဖြတ်သန်းခဲ့ရပုံပေါ်သည်။ ဆိုဒါအေးသည် တစ်ဖက်လူ၏လက်တွင်း၌ ဆုပ်ကိုင်ခံခဲ့ရသဖြင့် အအေးဓာတ်ပိုလျော့သွားဟန်တူ၏။ လင်းဟန်သည် ပုလင်းပေါ်ရှိ တစ်ဖက်လူ၏ အနွေးဓာတ်ဖျော့ဖျော့ကိုပင် ခံစားမိနေသည်။  


သူက ဟယ့်ယွင်ထင်၏ အကြည့်အောက်၌ပင် ဆိုဒါအား တစ်ကျိုက်ချင်း မော့သောက်လိုက်သည်။ ဆိုဒါသည် အလွန်အေးစက်နေခြင်း မရှိတော့သဖြင့် မူလအချိုဓာတ်သည် ပို၍ပင် သိသာနေခဲ့သည်။ 


လင်းဟန်၏ နှုတ်ခမ်းထောင့်၌ ဆိုဒါအေးတစ်ချို့ စီးကျလာ၏။ သူက ၎င်းတို့အား ပွတ်သုတ်တော့မည့်အချိန်တွင် ဗိုလ်မှူး၏ လက်ချောင်းများသည် သူ၏ နှုတ်ခမ်းထောင့်အား ပွတ်သုတ်ပေးလာခဲ့သည်။ 


【ဆိုဒါကို ဘယ်လိုပဲသောက်သောက် ချစ်စရာကောင်းနေတုန်းပဲ 】


【ဘာလို့ဒါက ကပ်စေးစေးဖြစ်နေပါလိမ့် 】


[ဒါက ဒီလောက်အရသာရှိတာလား ]


လင်းဟန်သည် ဟယ့်ယွင်ထင်အား အဆိုပါ လက်ချောင်းများကို ပါးစပ်ထဲသို့ ထည့်သွင်းလျက် ဆိုဒါအေးအား အရသာခံစေလိုသည့် အတွေးပင် ဝင်လာခဲ့သည်။ 


ခင်ဗျား ဒါကို သောက်ကြည့်ရင် သိမှာပေါ့ … အဲဒါက အရမ်းအရသာရှိတယ် … 


ဤသို့ဖြင့် အဖြေထွက်လာခဲ့သည်။ 


အာဟာရဓာတ်စာသည် အရသာမရှိချေ။ သို့သော် ဆိုဒါအေးကမူ အေးသည်ဖြစ်စေ၊ မအေးတော့သည်ဖြစ်စေ သူ့ထံမှ ရောက်လာသရွေ့ အရသာရှိလှ၏။ 


“ကိုယ် … မင်းလာမယ် မထင်ထားဘူး …” 

ဟယ့်ယွင်ထင်က ပြောလိုက်သည်။

“အကြာကြီး စောင့်လိုက်ရလား …” 


လင်းဟန်သည် သူ့အား အတန်ကြာ ပြုံးလျက်ကြည့်နေပြီးနောက် ခေါင်းယမ်းလိုက်၏။ သူ့နှုတ်ခမ်းထောင့်တွင် တစ်ဖက်လူ၏ လက်ချောင်းထက်ရှိ အနွေးဓာတ် ရှိနေဆဲပင်။ 


သူက ဆိုဒါကုန်မှသာ ဟယ့်ယွင်ထင်ထံ လာရောက်ခဲ့သည့် အကြောင်းရင်းကို သတိရသွားသည်။ 


သို့သော် ဟယ့်ယွင်ထင်၏ မျက်နှာအား ကြည့်ရင်း လင်းဟန်သည် အဖြေရရန် အလျင်မလိုတော့ချေ။ 

ထိုသူသည် ပင်ပန်းရှည်လျားသည့် လေ့ကျင့်ရေးအား နေ့စဉ်ပြလုပ်ရသည့်တိုင် စိတ်တွင်းမှပင် ညည်းညူခြင်းမပြုခဲ့ချေ။ ထို့အပြင် သူ့အား တွေ့လိုက်သည်နှင့် အဝတ်လဲကာ ဆိုဒါအေး အပြေးသွားဝယ်ပေးခဲ့သည်။ 


သူဘာလို့ ဒီလောက်ကောင်းရတာလဲ … သူ ငါ့အပေါ် ဒီလောက်ကောင်းတာတောင် ဘာလို့ ထုတ်မပြောရတာလဲ … 


လင်းဟန်သည် ခေါင်းယမ်းလျက် အတွေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် ပုလင်းကို ဘေးချကာ မတ်တပ်ရပ်လိုက်၏။ 


သူသည် ဆယ့်ခုနစ်နှစ်သာ ရှိသေးသဖြင့် ဟယ့်ယွင်ထင်ထက် များစွာ အရပ်ပုသည်။ သူက မက်ခါပေါ်၌ ထိုင်နေသည့်တိုင် ဟယ့်ယွင်ထင်နှင့် တူညီသော အရပ်အမြင့်သာ ရှိခဲ့၏။ သို့သော် လင်းဟန်သည် တစ်ဖက်လူနှင့် နီးနီးကပ်ကပ် စကားပြောလိုသဖြင့် ထိုင်ခုံပေါ်တွင် ဒူးထောက်လျက် ထိုင်ချလိုက်သည်။ ထို့နောက် ဟယ့်ယွင်ထင်အား မော့ကြည့်ကာ ပြုံးပြလိုက်၏။ 


သူသည် ယနေ့တွင် လည်ထောင်အင်္ကျီအဖြူကို ဝတ်ဆင်ထားသည်။ အင်္ကျီ၏ ကော်လံ၏ အဆုံးသတ်၌ အနက်ရောင် ဖဲပြားတပ်ဆင်ထား၏။ အင်္ကျီ၏ ဘယ်ဘက်အိတ်ကပ်ပေါ်တွင် အရောင်ဖျော့ဖျော့ ပုလဲတစ်လုံးအား ဗဟိုပြုလျက် လက်ထိုးနှင်းဆီပန်းတစ်ပွင့် ရှိနေသည်။ 


လင်းဟန်သည် ဒရိုင်ဘာထိုင်ခုံပေါ်၌ ထိုင်နေစဉ် ခြေထောက်သွယ်သွယ်များသည် ကြမ်းပြင်နှင့်မထိပဲ ဖြစ်နေခဲ့၏။ ထို့ကြောင့် သူ၏ အနက်ရောင်လည်သာဖိနပ်တွင် ဖုန်တစ်စက်မှ ရှိမနေခဲ့ချေ။ 


လင်းဟန်၏ မျက်ဝန်းဝိုင်းဝိုင်းများသည် ပြုံးလိုက်လျှင် လခြမ်းကွေးပမာ ကွေးညွှတ်သွားတတ်သည်။ သူ့မျက်ဝန်းအိမ်များထဲတွင် ကြယ်အလင်းရောင်များရှိနေပြီး ကလေးတစ်ဦးကဲ့သို့ အပြစ်ကင်းစင်သည့် မျက်ဝန်းတစ်စုံပိုင်ဆိုင်ထား၏။ 


“ကျွန်တော် ဆရာနဲ့လာခဲ့တာ …” 

သူက အမှန်အတိုင်းပြောလိုက်သည်။ 

“ခင်ဗျားနဲ့တွေ့ဖို့ …” 


ဟယ့်ယွင်ထင်သည် ခဏကြာ ကြောင်အသွား၏။ သူက ပြောလိုက်သည်။ 


“ကိုယ်ဒီရက်ပိုင်းမှာ သတင်းတွေကြားခဲ့တယ် …”


“ကိုယ်စိတ်ပြင်ဆင်ဖို့ လိုအပ်တာကြောင့် မင်းကိုလာမရှာခဲ့တာပါ …” 


“ပြီးတော့ ကိုယ် မစ်ရှင်တစ်ခုသွားခဲ့ရတယ်လေ …” 

သူက ခဏရပ်လိုက်၏။ 

“နောက်တစ်ပတ်မှ ကိုယ်မင်းဆီလာနိုင်လိမ့်မယ် …” 


ဟယ့်ယွင်ထင်သည် တောင်းပန်စကား မဆိုခဲ့သော်လည်း သူ့စကားထဲရှိ တောင်းပန်မှုကို လင်းဟန်ကြားနိုင်၏။ 


သူက အဘယ့်ကြောင့် မလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူက အလုပ်များနေသည့်တိုင် လင်းဟန်အား အချိန်ပေးမည်ဖြစ်ကြောင်း၊ သူ့ထံသို့ ဆိုဒါအေးတစ်ပုလင်းနှင့်အတူ ရောက်လာမည်ဖြစ်ကြောင်း သိစေခဲ့၏။ 


သတင်းများနှင့်ပတ်သက်၍ မည်သို့မှ ထည့်မပြောခဲ့ချေ။ 


လင်းဟန်သည် နှုတ်ခမ်းတင်းတင်းစေ့ကာ တစ်ဖက်လူအား မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။ သူက ထိုသူ့အား တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်ခဲ့သည်ကို နောင်တရလာသည်။ သို့သော် သူက တစ်ဖက်လူ၏ အတွေးများ မည်သို့ဖြစ်နေပါစေ၊ သူ့ဆုံးဖြတ်ချက်အား ပြန်စဉ်းစားမည်မဟုတ်ပေ။ 


ငါက တကယ့်ကို လောဘကြီးတဲ့ ကလေးပဲ …. 


လင်းဟန်သည် ခပ်ဖွဖွ နှာမှုတ်လိုက်ရင်း ‘ရပါတယ်’ ဟု ပြောလိုက်၏။ သူက သူ၏ ညံ့ဖျင်းလှသော အလိမ်အညာလေးများကို တစ်ဖက်လူအား မတွေ့သွားစေချင်ပေ။ ထို့ကြောင့် ခေါင်းကို တစ်ဖက်သို့ လှည့်နေခဲ့ပြီး အတန်ကြာသည့်တိုင် ပြန်လှည့်မလာခဲ့ချေ။


သို့သော် ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သည့် ဗိုလ်မှူးသည် အခြားတစ်ခုကို တွေးလိုက်မိ၏။ 


“စကားမစပ် …” 

သူ့အသံ၌ ပျော်ရွှင်မှုနှင့် မျှော်လင့်မှုတို့ ရောပြွန်းနေသည်။ သူက စစ်ဝတ်စုံ၏ အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကာ လင်းဟန်အရှေ့သို့ လျှောက်လာ၏။ ထို့နောက် လက်ဖဝါးကို ဖြန့်ပြလိုက်သည်။ 

“ဒါ မင်းအတွက် …” 


လင်းဟန်သည် ထိုအသံကြောင့် ခေါင်းလှည့်လာမိသည်။ 


တစ်ဖက်လူ၏ လက်ဖဝါးထဲတွင် သေးငယ်၍ သာမန်ဆန်သည့် ကျောက်တုံးလေးတစ်တုံးရှိနေ၏။ 


“ကိုယ်ဒါကို မစ်ရှင်သွားတုန်းက ရခဲ့တာ … မင်းအတွက် ယူလာခဲ့တာလေ …” 

ဟယ့်ယွင်ထင်၏ အသံထဲ၌ စိုးရိမ်မှုတို့ ပါရှိနေ၏။ သူက ပုံမှန်ထက်ပို၍ စကားပြောလာခဲ့သည်။ 


“ဒါကို ရုပ်ဆိုးတယ်မထင်ပါနဲ့ …”

ဟယ့်ယွင်ထင်သည် သူ၏လက်ဆောင်အကြောင်း ရှင်းပြလိုက်သည်။ 

“ဒါက ကြယ်တစ်လုံးပါ …” 


လင်းဟန်သည် တစ်ဖက်လူ၏ လက်ထဲရှိ ကျောက်တုံးကို ယူလိုက်၏။ 


 [သူ မကြိုက်ဘူးထင်တယ် …]


[ဒါကို နားလည်ရခက်တယ်လို့ ထင်သွားမလား]


[ဒါပေမယ့် အဲဒီ့တုန်းက El Iniho ကြယ်စု ပေါ်လာခဲ့တာ … ဒါက ကြယ်ကြွေရဲ့ အပိုင်းအစဖြစ်နေနိုင်တယ်]


[ခြောက်သွားပြီဆိုပေမယ့် ဒါက လှနေတုန်းပဲ】


သူ ကြိုက်ပါ့မလား …


ကျောက်တုံးသည် အလွန်သေးငယ်လှသည်။ လင်းဟန်သည် ဟယ့်ယွင်ထင် ပြောနေသည့် "El Inniho" အကြောင်း မသိသည့်တိုင် တစ်ဖက်လူ၏ လက်ချောင်းများကိုမူ ထိတွေ့လိုက်ဆဲပင်။ 


ဟယ့်ယွင်ထင်၏ လက်ချောင်းရှည်ရှည်များသည် အလွန်နွေးထွေးလှ၏။


******


စာရေးသူမှာ ပြောစရာရှိပါတယ် … 


သေချာစဉ်းစားကြည့်ရင် မူလရှောင်လင်းနဲ့ အပြိုင်ကမ္ဘာက ရှောင်လင်းမှာ အကျင့်စရိုက်ကွဲပြားတာကို တွေ့ရပါလိမ့်မယ် … ကြီးပြင်းလာတဲ့ပုံစံမတူတာကြောင့် မူလဇာတ်ကြောင်းမှာ ရှိတဲ့ ရှောင်လင်းက ပိုရင့်ကျက်ပြီး သိမ်မွေ့ပါတယ် … ဒါပေမယ့် အပြိုင်ကမ္ဘာက ရှောင်လင်းကတော့ သူ့အသက်အရွယ်နဲ့ ပတ်ဝန်းကျင်တွေကြောင့်  ရိုးရှင်းပြီး နူးညံ့ရုံသာမက အပူအပင်ကင်းပုံပေါ်နေတာလေ … 


(T/N - စာရေးသူက လင်းဟန်ရဲ့ အမေကို မိခင်၊ အမျိုးသမီး အစရှိတဲ့ အသုံးအနှုန်းပဲ သုံးထားပါတယ် … အရင်ပြောထားသလိုပဲ ‘lily in the valley’ ကို သဘောကျလို့ ဖြစ်မယ်ထင်တယ်)



👾